ဗာနဗ—“သက်သာစေခြင်း၏သား”
သင်သည် မိတ်ဆွေတစ်ဦး၏နှစ်သိမ့်မှုကို နောက်ဆုံးရရှိခဲ့သည်မှာ အဘယ်အချိန်ကဖြစ်သနည်း။ အခြားသူတစ်ဦးအား သင်နောက်ဆုံးနှစ်သိမ့်ပေးခဲ့သည့်အချိန်ကို မှတ်မိပါသလော။ ကျွန်ုပ်တို့အားလုံးသည် တစ်ချိန်မဟုတ်တစ်ချိန်တွင် အားပေးမှုလိုအပ်ကြပြီး ယင်းကိုမေတ္တာပါစွာဖြင့်ပေးကမ်းသူအား မည်မျှကျေးဇူးတင်လေးမြတ်လိုက်လေခြင်း! နှစ်သိမ့်ပေးခြင်းတွင် အချိန်ယူ၍နားထောင်ပေးခြင်း၊ နားလည်ပေးခြင်းနှင့် ကူညီပေးခြင်းတို့ပါဝင်သည်။ ထိုသို့ပြုလုပ်ရန် သင်အသင့်ရှိပါသလော။
စံပြုထိုက်သည့်ပုံစံဖြင့် ထိုသို့သော စိတ်စေတနာတင်ပြခဲ့သူတစ်ဦးမှာ “သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်စုံ” သူဗာနဗဖြစ်သည်။ (တမန်တော် ၁၁:၂၄) ဗာနဗနှင့်ပတ်သက်၍ အဘယ်ကြောင့် ထိုသို့ဆိုနိုင်သနည်း။ ဤသို့ ချီးကျူးဖော်ပြခံထိုက်ရန် အဘယ်လုပ်ရပ်ကို သူပြုလုပ်ခဲ့ပါသနည်း။
ရက်ရောစွာကူညီသူ
သူ့အမည်ရင်းမှာ ယောသေဖြစ်သော်လည်း သူ၏အကျင့်စရိုက်နှင့်အညီ အလွန်လျော်ကန်သည့် “သက်သာစေခြင်း၏သား” ဟုအဓိပ္ပာယ်ရှိသည့် ဗာနဗဟူသောထူးခြားသည့်အမည်သစ်ကို တမန်တော်များကပေးထားကြလေသည်။a (တမန်တော် ၄:၃၆) ခရစ်ယာန်အသင်းတော်ကို များမကြာမီကသာ ဖွဲ့စည်းကာစဖြစ်သည်။ အချို့က ဗာနဗသည် အစောပိုင်းတွင် ယေရှု၏တပည့်တော်များအနက် တစ်ဦးဖြစ်ခဲ့ပေမည်ဟုယူဆကြသည်။ (လုကာ ၁၀:၁၊ ၂) ထိုသို့ ဖြစ်ခဲ့၊ မဖြစ်ခဲ့စေကာမူ ဤသူသည် နာမည်ကောင်းရရှိခဲ့သူတစ်ဦးဖြစ်သည်။
စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲပြီးနောက် မကြာမီတွင် ကုပရုကျွန်းမှ လေဝိသားတစ်ဦးဖြစ်သူ ဗာနဗသည် မြေကွက်အချို့ကို စိတ်လိုကိုယ်လျောက်ရောင်းထုတ်ပြီး အဆိုပါငွေကို တမန်တော်များအားပေးခဲ့သည်။ ထိုသို့ သူအဘယ်ကြောင့်ပြုသနည်း။ ထိုအချိန်၌ ယေရုရှလင်မြို့ရှိ ခရစ်ယာန်များထဲတွင် “လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အားဝေငှပေးကမ်း” ခဲ့ကြကြောင်းတမန်တော်ဝတ္ထု၌ မှတ်တမ်းတင်ထားသည်။ အကူအညီလိုအပ်နေကြောင်းကို ဗာနဗ တွေ့မြင်ခဲ့၍ ရက်ရောစွာကူညီပေးခဲ့ခြင်းဖြစ်မည်။ (တမန်တော် ၄:၃၄-၃၇) သူသည် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်နိုင်ခဲ့သော်လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်ရေးအတွက် မိမိ၏စည်းစိမ်ဥစ္စာနှင့် မိမိကိုယ်တိုင်ကိုပါပေးအပ်ဖို့ရန် မတွန့်တိုခဲ့ပါ။b “ဗာနဗသည် အားပေးမှုလိုအပ်သူများ၊ အခြေအနေများကိုတွေ့ရှိတိုင်း အားပေးတတ်သူဖြစ်သည့်အလျောက် အတတ်နိုင်ဆုံးအားပေးခဲ့သည်” ဟုကျမ်းပညာရှင် အက်ဖ်. အက်ဖ်. ဘရူစ်ကပြောပြသည်။ သူ၏အကြောင်းပါရှိသည့် ဒုတိယအဖြစ်အပျက်တွင် ယင်းကို အထင်အရှားတွေ့ရှိရ၏။
စီ.အီး. ၃၆ ခုနှစ်ခန့်တွင် တာရှုမြို့သား ရှောလု (နောက်ပိုင်းတွင် တမန်တော်ပေါလု) သည်ခရစ်ယာန်တစ်ဦးဖြစ်လာသောအခါ ယေရုရှလင်မြို့ရှိအသင်းတော်နှင့် ဆက်သွယ်ဖို့ကြိုးစားနေရာ “သူသည်တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းသည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။” သူ၏ဘာသာပြောင်းခြင်းသည် အသင်းတော်ကို သာ၍မွှေနှောက်ဖျက်ဆီးဖို့ လှည့်ကွက်တစ်ခုမျှမဟုတ်ဘဲ အမှန်တကယ်ဖြစ်ကြောင်း အသင်းတော်ကို သူမည်သို့လက်ခံယုံကြည်စေနိုင်မည်နည်း။ “ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ပို့ဆောင်” ပေးခဲ့လေသည်။—တမန်တော် ၉:၂၆၊ ၂၇; ဂလာတိ ၁:၁၃၊ ၁၈၊ ၁၉။
ဗာနဗသည် ရှောလုအား အဘယ်ကြောင့်ယုံကြည်ရကြောင်းကိုမူ မဖော်ပြထားချေ။ မည်သို့ဆိုစေကာမူ “သက်သာစေခြင်း၏သား” သည်သူ၏ထပ်ဆင့်နာမည်နှင့်အညီ ရှောလု၏စကားကို ဂရုစိုက်နားထောင်ပြီး မျှော်လင့်ချက်ကင်းမဲ့နေဟန်ရှိသည့် အကျပ်အတည်းမှလွတ်ရန် အကူအညီပေးခဲ့သည်။ ထို့နောက် ရှောလုသည် မိမိ၏နေရင်းမြို့ဖြစ်သောတာရှုမြို့သို ပြန်သွားခဲ့သော်လည်း ထိုသူနှစ်ဦးကြားတွင်ရင်းနှီးခင်မင်မှု ရှိလာခဲ့ကြသည်။ ယင်းသည် နောက်ပိုင်းတွင် အရေးပါသောအကျိုးဆက်ရှိစေခဲ့သည်။—တမန်တော် ၉:၃၀။
အန္တိအုတ်မြို့၌
စီ.အီး. ၄၅ ခုနှစ်ခန့်တွင် ရှုရိနယ် အန္တိအုတ်မြို့တွင် ထူးခြားစွာဖြစ်ပျက်နေကြောင်းယေရုရှလင်မြို့သို့ သတင်းရောက်လာသည်—ဂရိစကားသုံးမြို့သားများစွာတို့သည် ယုံကြည်သူများဖြစ်လာနေကြသည်။ ထိုသတင်းကိုစုံစမ်းရန်နှင့် လုပ်ငန်းကိုဖွဲ့စည်းပေးရန် အသင်းတော်က ဗာနဗကိုစေလွှတ်ခဲ့သည်။ ယင်းထက် ပို၍ပညာရှိသော ရွေးချယ်မှုမရှိချေ။ လုကာက ဤသို့ဖော်ပြသည်– “ထိုသူသည်ရောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် ဘုရားသခင်ကိုမှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော်လေ၏။ ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ဝင်စားကြ၏။”—တမန်တော် ၁၁:၂၂-၂၄။
သူပြုလုပ်ခဲ့ရာတို့မှာ ဤမျှသာမဟုတ်ပါ။ ကျမ်းပညာရှင် ဂျူဇက်ပါ ရစ်ချောတီအရ “ဗာနဗသည် လက်တွေ့သမားဖြစ်ပြီး ဤမျှအလားအလာရှိသောတိုးတက်အောင်မြင်မှုမှ ကြွယ်ဝစွာရိတ်သိမ်းခြင်း အသေအချာဖြစ်ပေါ်စေဖို့ အရေးတယူဆောင်ရွက်ဖို့လိုကြောင်း သူချက်ချင်းသိရှိခဲ့သည်။ သို့ဖြစ်၍ အဓိကလိုအပ်ရာမှာ ရိတ်သိမ်းသူများဖြစ်သည်။” ဗာနဗသည် ကုပရုကျွန်းသားဖြစ်ရာ တစ်ပါးအမျိုးသားများနှင့် ပေါင်းသင်းဆက်ဆံလေ့ရှိခဲ့ပေမည်။ အယူမှားသူများကိုဟောပြောရန် မိမိတွင်အရည်အချင်းရှိနိုင်မည်ဟု သူထင်ကောင်းထင်ခဲ့မည်။ သို့သော် သူသည် ဤစိတ်လှုပ်ရှားဖွယ်ကောင်းသည့် အားရစရာလုပ်ငန်းတွင် အခြားသူများကိုပါ ပါဝင်စေရန် တလိုတလားရှိခဲ့သည်။
ဗာနဗသည် ရှောလုကို စဉ်းစားမိ၏။ အလွန်ဖြစ်နိုင်ချေရှိသည်မှာ ရှောလုဘာသာပြောင်းခဲ့စဉ်အချိန်က ယခင်ညှဉ်းပန်းနှိပ်စက်ခဲ့သူမှာ ‘တစ်ပါးအမျိုးသားတို့ထံသို့ ယေရှု၏နာမကိုပို့ဆောင်မည့် ရွေးကောက်ခံရသောတန်ဆာဖြစ်၏’ ဟူသောအာနနိရရှိခဲ့သည့် ပရောဖက်ပြုချက်ကို ဗာနဗသိရှိခဲ့မည်ဖြစ်သည်။ (တမန်တော် ၉:၁၅) သို့ဖြင့် ဗာနဗသည် ရှောလုကိုရှာရန်—အသွားခရီးတစ်ခုတည်း မိုင် ၁၂၀ ကျော်သော—တာရှုမြို့သို့ ခရီးစတင်ခဲ့သည်။ ထိုသူနှစ်ဦးတို့သည် တစ်နှစ်ပတ်လုံးတွဲဖက်အမှုဆောင်ခဲ့ကြပြီး ထိုအချိန်အတွင်း “တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူ၍ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌အဦးခံရကြ၏။”—တမန်တော် ၁၁:၂၅၊ ၂၆။
ကလောဒိမင်းအုပ်စိုးချိန်အတွင်း ရောမအင်ပါယာတစ်ခွင်၌ အလွန်အမင်းငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်လေသည်။ ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်အရ ယေရုရှလင်တွင် “များစွာသောသူတို့သည် လိုအပ်သောအစားအစာကို မရနိုင်သောကြောင့် သေဆုံးခဲ့ကြ၏။” သို့ဖြင့် အန္တိအုတ်မြို့ရှိ တပည့်တော်တို့သည် “အသီးအသီးတတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသောညီအစ်ကိုတို့အား အကူအမပေးလိုက်မည်ဟု၊ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ထံသို့ပေးလိုက်ကြ၏။” အဆိုပါတာဝန်ဆောင်ရွက်ပြီးနောက် ယောဟန်မာကုနှင့်အတူ သူတို့နှစ်ဦးသည် အန္တိအုတ်မြို့သို့ပြန်ခဲ့ကြရာ သူတို့ကို အသင်းတော်၏ပရောဖက်နှင့် ဆရာများအဖြစ် ထည့်သွင်းရေတွက်ကြလေသည်။—တမန်တော် ၁၁:၂၉၊ ၃၀; ၁၂:၂၅; ၁၃:၁။
အထူးသာသနာပြုတာဝန်
ထို့နောက်ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပျက်လေသည်။ “ထိုသူတို့သည်သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ‘ငါခန့်ထားသောအမှုကိုဆောင်ရွက်စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့’ ဟုမိန့်တော်မူသည်။” စဉ်းစားကြည့်ပါလေ! ယေဟောဝါ၏ဝိညာဉ်တော်က သူတို့နှစ်ဦးအား အထူးတာဝန်တစ်ရပ်ကို ပေးအပ်ရန်မိန့်ဆိုခဲ့သည်။ “မိန့်တော်မူသည်အတိုင်း၊ ထိုသို့သန့်ရှင်းသောဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့သွား၍ ထိုမြို့မှသင်္ဘောနှင့်လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ရောက်ကြ၏။” ဗာနဗကို တမန်တော် သို့မဟုတ် စေလွှတ်ခံရသူဟူ၍လည်း တော်မှန်စွာခေါ်ဆိုနိုင်ပေသည်။—တမန်တော် ၁၃:၂၊ ၄; ၁၄:၁၄။
ကုပရုကျွန်းတစ်လျှောက် ခရီးလှည့်လည်၍ ကျွန်း၏ရောမပြည်နယ်ဘုရင်ခံ သေရဂိပေါလုအား ဘာသာပြောင်းစေခဲ့ပြီးနောက် သူတို့နှင့် ယောဟန်မာကု လမ်းခွဲပြီး ယေရုရှလင်မြို့သို့ ပြန်သွားခဲ့သည့်နေရာ၊ အာရှမိုင်းနားတောင်ဘက် ပင်လယ်ကမ်းရိုးတန်းရှိ ပေရဂေမြို့သို့ သူတို့ခရီးဆက်ခဲ့ကြသည်။ (တမန်တော် ၁၃:၁၃) ထိုအချိန်အထိ ဗာနဗသည် သာ၍အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် ဦးဆောင်သွားလာခဲ့ပုံရသည်။ ဤအချိန်မှစတင်ကာ ရှောလု (ယခုတွင်ပေါလုဟု အမည်တွင်သူ) သည်စတင်ဦးဆောင်လေသည်။ (တမန်တော် ၁၃:၇၊ ၁၃၊ ၁၆; ၁၅:၂ နှိုင်းယှဉ်။) ဤတိုးတက်ပြောင်းလဲမှုက ဗာနဗကို စိတ်ထိခိုက်စေခဲ့ပါသလော။ မထိခိုက်စေခဲ့ပါ၊ သူသည် ရင့်ကျက်သောခရစ်ယာန်တစ်ဦးဖြစ်ပြီး မိမိ၏တွဲဖက်ကိုလည်း တန်ခိုးပါသောနည်းဖြင့် ယေဟောဝါအသုံးပြုနေတော်မူကြောင်း နှိမ့်ချစွာအသိအမှတ်ပြုပါသည်။ သူတို့အားဖြင့် ယေဟောဝါသည် အခြားနယ်မြေများထံလည်း သတင်းကောင်းရောက်စေလိုတော်မူသည်။
အမှန်မှာ ပိသိဒိပြည် အန္တိအုတ်မြို့မှ သူတို့နှင်ထုတ်မခံရမီ ပေါလုနှင့် ဗာနဗကြောင့် တစ်ပြည်လုံး၌ ဘုရားသခင့်စကားတော်နှံ့ပြားပြီး လူအများသည် သတင်းတရားကို လက်ခံခဲ့ကြသည်။ (တမန်တော် ၁၃:၄၃၊ ၄၈-၅၂) ဣကောနိမြို့တွင် “ယုဒလူ၊ ဟေလသလူများအပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။” ယင်းကြောင့် ထိုနေရာတွင် ကြာမြင့်စွာနေရန် ပေါလုနှင့် ဗာနဗတို့သည် လှုံ့ဆော်ခံရပြီး “ဘုရားသခင်၏တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင်ဘုရားသည်လည်း . . . နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုနိုင်မည်အကြောင်း အခွင့်ပေးတော်မူ၏။” သူတို့အား ကျောက်ခဲနှင့်ပစ်မည်ဟု ကြံစည်နေကြကြောင်း ကြားသိရာတွင် သူတို့နှစ်ဦးသည် ပညာရှိရှိနှင့်ထွက်သွားကြပြီး လုကောနိပြည်၊ လုတ္တရမြို့၊ ဒေရဗေမြို့၌ သူတို့၏လုပ်ငန်းကို ဆက်ဆောင်ရွက်ကြသည်။ လုတ္တရမြို့၌ အသက်အန္တရာယ်ခြိမ်းခြောက်မှုကြုံတွေ့ခဲ့ရငြားလည်း ဗာနဗနှင့် ပေါလုတို့သည် “တပည့်တော်များ၏စိတ်နှလုံးကို မြဲမြံခိုင်ခံစေသဖြင့်၊ ယုံကြည်ခြင်း၌တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ‘ငါတို့သည်များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်’ ဟုဟောပြောပြညွှန်ကြ၏။”—တမန်တော် ၁၄:၁-၇၊ ၁၉-၂၂။
အင်တိုက်အားတိုက်ဟောပြောသူ ဤနှစ်ဦးသည် ခြိမ်းခြောက်မှုကို မကြောက်ရွံ့ခဲ့ချေ။ ယင်းအစား သူတို့သည် ပြင်းထန်သောဆန့်ကျင်မှု တွေ့ကြုံခဲ့ရပြီးဖြစ်သည့်နေရာများရှိ ခရစ်ယာန်သစ်များကို ဆောက်တည်မှုပေးရန်၊ အသင်းတော်သစ်များတွင် ဦးဆောင်ဖို့အရည်အချင်းပြည့်မီသူများကို ကူညီပေးရန် ပြန်သွားကြသည်။
အရေဖျားလှီးခြင်းအရေးကိစ္စ
စီ.အီး. ၃၃ ခုနှစ်ပင်တေကုတ္တေပွဲပြီးနောက် ၁၆ နှစ်ခန့်တွင် ဗာနဗသည် အရေဖျားလှီးခြင်းကိစ္စနှင့်ပတ်သက်သော သမိုင်းဝင်ဖြစ်ရပ်တစ်ခုတွင် ပါဝင်ခဲ့သည်။ “ယုဒပြည်မှ [ရှုရိနယ်၊ အန္တိအုတ်မြို့] သို့ ရောက်လာသောသူအချို့တို့က၊ ‘သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့မရောက်နိုင်’ ဟုညီအစ်ကိုတို့အား ဆုံးမသြဝါဒပေးကြ၏။” ဗာနဗနှင့် ပေါလုတို့သည် မိမိတို့၏အတွေ့အကြုံအရ ထိုသို့မဟုတ်ကြောင်းသိသဖြင့် ယင်းကို သူတို့ငြင်းဆိုကြသည်။ သူတို့၏အခွင့်အာဏာကို တင်းမာစွာပြမည့်အစား ယင်းကိစ္စကို ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံး၏ အကျိုးအတွက် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အဆိုပါကိစ္စကို ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့သို့ အစီရင်ခံခဲ့ကြရာ ပြဿနာဖြေရှင်းပေးနိုင်ရန် ယင်းတို့က အကူအညီဖြစ်စေခဲ့သည်။ ထို့နောက် အန္တိအုတ်မြို့ရှိ ညီအစ်ကိုများအား ၎င်းဆုံးဖြတ်ချက်ကိုပြောပြရန် တာဝန်ရသူတို့တွင် “ငါတို့သခင်ယေရှုခရစ်၏နာမတော်ကြောင့် မိမိအသက်ကိုစွန့်စားသော . . . ငါတို့ချစ်သော” သူဟုဖော်ပြခံရသူ ပေါလုနှင့် ဗာနဗတို့လည်း ပါဝင်သည်။ အုပ်ချူပ်ရေးအဖွဲ့မှစာကို ဖတ်ရွတ်၍ဟောပြောချက်များပေးခဲ့သောအခါ အသင်းတော်သည် “ထိုသက်သာခြင်း၏အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ” ၍ “မြဲမြံခိုင်ခံ့” ခဲ့ကြ၏။—တမန်တော် ၁၅:၁၊ ၂၊ ၄၊ ၂၅-၃၂။
“အချင်းချင်းမသင့်”
သူနှင့်ပတ်သက်၍ အပြုသဘောပါသောအကြောင်းအရာများကို ဤမျှကြားရပြီးနောက် ကျွန်ုပ်တို့သည် ဗာနဗ၏ပုံနမူနာကို ဘယ်တော့မျှမီနိုင်မည်မဟုတ်ဟု ထင်မိပေမည်။ သို့တိုင် “သက်သာစေခြင်း၏သား” သည်ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် မစုံလင်သူသာဖြစ်သည်။ သူနှင့် ပေါလုတို့သည် အသင်းတော်များထံ ဒုတိယ [ခရစ်ယာန်] သာသနာပြုခရီးစဉ်လှည့်ပတ်ဖို့ အစီအစဉ်ဆွဲနေစဉ် အချင်းချင်းသဘောကွဲလွဲခဲ့ကြသည်။ ဗာနဗက မိမိ၏ဝမ်းကွဲ ယောဟန်မာကုကို ခေါ်သွားဖို့ဆုံးဖြတ်သော်လည်း ပေါလုက ယောဟန်မာကုသည် ပထမ [ခရစ်ယာန်] သာသနာပြုခရီးစဉ်တွင် သူတို့ထံမှထွက်ခွာခဲ့သောကြောင့် မသင့်တော်ဟုသဘောရှိ၏။ ထိုအကြောင်းနှင့် “အချင်းချင်းမသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည်မာကုကိုခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်” စဉ်တွင် “ပေါလု . . . သည်သိလကိုရွေးချယ်ပြီးလျှင်” အခြားတစ်နေရာသို့ထွက်သွားသည်။—တမန်တော် ၁၅:၃၆-၄၀။
ဝမ်းနည်းဖွယ်ပင်! သို့ဖြစ်သည့်တိုင် အဆိုပါအဖြစ်အပျက်က ဗာနဗ၏ပင်ကိုစရိုက်ကို ကျွန်ုပ်တို့အား ထပ်ဆင့်သိရှိစေသည်။ “ဒုတိယအကြိမ် စွန့်စားပြီး မာကုကိုခေါ်သွားဖို့ ဗာနဗအသင့်ရှိခြင်းက သူ့ကိုအမြဲချီးကျူးစရာဖြစ်စေ၏” ဟုကျမ်းပညာရှင်တစ်ဦးက ပြောသည်။ အဆိုပါစာရေးဆရာ အဆိုပြုသကဲ့သို့ “မာကုအပေါ်ထားရှိသော ဗာနဗ၏ယုံကြည်စိတ်ချမှုက သူ့ကိုယ်ကို သူပြန်ယုံကြည်စိတ်ချမှုရှိစေပြီး တာဝန်သိတတ်ဖို့ လှုံ့ဆော်ပေးသည်။” ဖြစ်လာပုံမှာ မာကု၏ ခရစ်ယာန်လုပ်ငန်းတော်တွင်အသုံးဝင်မှုကို ပေါလုပင်လျှင် အသိအမှတ်ပြုရသည့်အထိ ထိုယုံကြည်စိတ်ချမှုသည် မှန်ကန်ကြောင်းထင်ရှားစေခဲ့သည်။—၂ တိမောသေ ၄:၁၁; ကောလောသဲ ၄:၁၀ နှိုင်းယှဉ်။
ဗာနဗ၏ပုံနမူနာသည် ကျွန်ုပ်တို့ကို အချိန်ယူ၍နားထောင်ပေးရန်၊ နားလည်ပေးရန်၊ စိတ်ဓာတ်ကျသူတို့ကို အားပေးရန်နှင့် အကူအညီလိုကြောင်းကျွန်ုပ်တို့တွေ့မြင်သည့်အခါတိုင်း လက်တွေ့ကျအကူအညီကိုပေးရန် တိုက်တွန်းပေးပါသည်။ သူသည် ကြင်နာမှုနှင့် သတ္တိရှိရှိဖြင့် မိမိ၏ညီအစ်ကိုများအကျိုးထမ်းဆောင်ဖို့ တလိုတလားရှိသည့်အကြောင်းအပြင် ယင်းကြောင့်ဖြစ်ပေါ်လာသော ကောင်းကျိုးများကိုယ်နှိုက်က အားပေးမှုတစ်ခုဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့၏အသင်းတော်များ၌ ဗာနဗကဲ့သို့သော ပုဂ္ဂိုလ်များရှိနေခြင်းမှာ ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ပါသည်တကား!
[အောက်ခြေမှတ်ချက်များ]
a အရည်အသွေးတစ်ခုခု “၏သား” ဟုတစ်ဦးတစ်ယောက်ကိုခေါ်ဆိုခြင်းသည် ထိုထူးခြားသောအကျင့်စရိုက်ကို အလေးအနက်ပေါ်လွင်စေသည်။ (တရားဟောရာ ၃:၁၈၊ ကဘ၊ အောက်ခြေမှတ်ချက်ရှု။) ပထမရာစုတွင် လူတစ်ဦး၏အရည်အသွေးများကို အာရုံစူးစိုက်စေရန် ထပ်ဆင့်အမည်များကိုသုံးလေ့ရှိသည်။ (မာကု ၃:၁၇ နှိုင်းယှဉ်။) ယင်းသည် လူအများ၏အသိအမှတ်ပြုခြင်းတစ်မျိုးဖြစ်သည်။
b မောရှေ၏ပညတ်ဆိုထားရာကို စဉ်းစားရာတွင်အချို့က လေဝိသားတစ်ဦးဖြစ်သူ ဗာနဗသည် မည်သို့မြေပိုင်ဆိုင်သူ ဖြစ်လာသနည်းဟုမေးမြန်းကြသည်။ (တောလည်ရာ ၁၈:၂၀) သို့ရာတွင် ထိုမြေကွက်သည် ပါလက်စတိုင်းတွင်လော၊ သို့မဟုတ် ကုပရုကျွန်းတွင်လောဟူ၍ အတိအကျမသိကြကြောင်း သတိပြုသင့်သည်။ ထို့ပြင် ယင်းသည် ယေရုရှလင်မြို့ဒေသတွင် ဗာနဗဝယ်ယူထားသော သင်္ဂြိုဟ်ရာမြေကွက်သာ ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဗာနဗသည် သူတစ်ပါးကိုကူညီပေးရန် သူပိုင်ဆိုင်ရာမြေကို ရောင်းထုတ်ခဲ့သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဗာနဗသည် “သူတော်ကောင်းဖြစ်၍ သန့် ရှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်စုံ” ၏