ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၆/၁ စာ. ၉-၁၅
  • ယေဟောဝါ—ကျွန်ုပ်တို့၏အုပ်စိုးရှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ—ကျွန်ုပ်တို့၏အုပ်စိုးရှင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သက်သေခံရန်တာဝန် ယေရှုလွှဲအပ်ခြင်း
  • ယေဟောဝါ ရွေးချယ်ခြင်း
  • သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ခြင်း
  • ပေတရုတက်ကြွစွာသက်သေခံခြင်း
  • ယေဟောဝါတိုးပွားစေတော်မူခြင်း
  • ကုသမှုတစ်ခုနှင့်ယင်း၏အကျိုးဆက်များ
  • သူတို့ မရပ်တန့်ကြ
  • ဆုတောင်းပတ္ထနာ နားညောင်းတော်မူခြင်းခံရ
  • မုသားပြောသူများကိုဖေါ်ထုတ်
  • “ပညာတတ်မဟုတ်၊ သာမန်လူတွေ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သူတို့ကို ဘာကမှ မတားဆီးနိုင်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အဘယ်သူနှင့် အဘယ်အရာ၏နာမ၌ နှစ်ခြင်းခံသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၆/၁ စာ. ၉-၁၅

ယေဟောဝါ—ကျွန်ုပ်တို့၏အုပ်စိုးရှင်

“ကျွန်ုပ်တို့ သည်လူထက်ဘုရားသခင်အား အုပ်စိုးရှင်အဖြစ်နာခံရမည်။”—တမန်တော် ၅:၂၉၊ ကဘ။

၁၊ ၂။ လူ့အမိန့်တို့သည် ဘုရားအလိုတော်နှင့်ဖီလာဆန့်ကျင် ဖြစ်လာသောအခါ တမန်တော်တို့၏ အဘယ်သဘောထားကို ယေဟောဝါသက်သေများ တင်ပြကြသနည်း။

ယေဟောဝါဘုရားသည် လူ ၁၂ ယောက်အားအထက်တရားရုံးသို့ ခေါ်ဆောင်သွားခြင်းကို ခွင့်ပြုတော်မူလိုက်သည်။ ခုနှစ်မှာ စီအီး ၃၃ ခုနှစ်ဖြစ်ပြီး ခုံရုံးမှာ ယုဒလွှတ်တော်ဖြစ်သည်။ စစ်ဆေးကြားနာခံရသူတို့မှာ ယေရှုခရစ်၏တမန်တော်များဖြစ်သည်။ နားထောင်ကြည့်ပါ။ ‘ထိုနာမတော်ကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် သင်တို့အားငါတို့အမိန့်ပေးထား၏။ သို့ရာတွင်သင်တို့သည် ယေရုရှလင်မြို့ကိုသင်တို့၏တရားဖြင့် ပြည့်စေပြီတကား’ ဟုယဇ်ပုရောဟိတ်မင်းကပြော၏။ ထိုအခါ ပေတရုနှင့်အခြားတမန်တော်တို့က “ကျွန်ုပ်တို့သည်လူထက်ဘုရားသခင်အား အုပ်စိုးရှင်အဖြစ်နာခံရမည်” ဟုပြောကြားကြ၏။ (တမန်တော် ၅:၂၇-၂၉) စင်စစ်အားဖြင့် ‘ယေဟောဝါသည်ကျွန်ုပ်တို့၏ အုပ်စိုးရှင်ဖြစ်တော်မူ၏’ ဟုသူတို့ပြောဆိုကြခြင်းဖြစ်သည်။

၂ မှန်ပါသည်။ ယေဟောဝါသည် ယေရှု၏နောက်လိုက်အစစ်တို့၏ အုပ်စိုးရှင်ဖြစ်၏။ စီအီး ၆၁ ခုနှစ်ခန့်က ရောမမြို့တွင် ‘ချစ်လှစွာသောဆေးသမားလုကာ’ ရေးသားသည့် တမန်တော်ဝတ္ထုကျမ်းစာစောင်တွင် ဤအချက်ကိုရှင်းလင်းစွာ ဖေါ်ပြထားသည်။ (ကောလောသဲ ၄:၁၄) လူ့အမိန့်တို့သည် ဘုရားအလိုတော်နှင့်ဆန့်ကျင်သောအခါ ယခုခေတ်ယေဟောဝါလူမျိုးတော်သည် တမန်တော်ဝတ္ထုမှ အဘယ်သင်ခန်းစာများရရှိနိုင်သေးသနည်း။ (ကိုယ်ပိုင်လေ့လာရာတွင် စာလုံးမဲတို့ဖြင့် အထူးဖေါ်ပြထားသော ကိုးကားကျမ်းပိုဒ်တို့ကိုဖတ်ရန်အကြံပြုပါသည်။)

သက်သေခံရန်တာဝန် ယေရှုလွှဲအပ်ခြင်း

၃။ ယေရှု၏နောက်လိုက်များ “သန့်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံခံ” ကြသောအခါ သူတို့အဘယ်အရာကို အဓိကအရေးပေးခဲ့ကြသနည်း။

၃ တမန်တော်တို့သည်ဝိညာဉ်ရေးဘက် ခွန်အားပြည့်ဝလာပြီဖြစ်၍ ဘုရားအတွက်ခိုင်မြဲစွာ ရပ်တည်နိုင်ကြလေသည်။ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ခရစ်တော်သေလွန်ခဲ့သော်လည်း ကိုယ်တော်ထမြောက်ခဲ့ပြီဖြစ်ကြောင်း သူတို့ကောင်းစွာသိမြင်သည်။ (၁:၁–၅) ယေရှုသည်ရက်ပေါင်းလေးဆယ်အတွင်း “မိမိအသက်ရှင်လျက်ရှိကြောင်း ကိုယ်ထင်ပြ” ၍နိုင်ငံတော်သမ္မာတရားတို့ကို သွန်သင်တော်မူ၏။ တပည့်တော်တို့အား “သန့်ရှင်းသောဝိညာဉ်တော်၌” ဗတ္တိဇံခံရန်အတွက် ယေရုရှလင်မြို့၌ စောင့်နေကြရန်လည်း မိန့်မှာ၏။ ထိုအချိန်ကျလျှင် ဟောပြောခြင်းကိုသူတို့ အဓိကအရေးပေးလာကြမည်။ ယနေ့ယေဟောဝါသက်သေများလည်း ထို့အတူပင်ဖြစ်သည်။—-လုကာ ၂၄:၂၇၊ ၄၉။ ယောဟန် ၂၀:၁၉–၂၁:၂၄။

၄။ ယေရှု၏နောက်လိုက်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာသောအခါ အဘယ်အရာဖြစ်ပျက်လာမည်နည်း။

၄ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံမခံရသေးမီ တမန်တော်တို့က “သခင်ဘုရား ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော” ဟုမေးလျှောက်စဉ်တွင် ရောမအုပ်စိုးမှုကိုအဆုံးတိုင်စေမည့် မြေကြီးဆိုင်ရာအုပ်ချုပ်ရေးအကြောင်းကို လွဲမှားစွာတွေးခဲ့ကြသည်။ (၁:၆–၈) စင်စစ်၌ယေရှုက မပေးပါဟုမိန့်တော်မူ၏။ အကြောင်းမှာ ‘အချိန်ကာလများကို သူတို့သိရသောအခွင့်မရှိ’ ၍ဖြစ်သည်။ ‘သူတို့အပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သည့်အခါ’ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အကြောင်း သက်သေခံခြင်းငှာ တန်ခိုးရရှိကြမည်။ မြေကြီးပေါ်ရှိနိုင်ငံအကြောင်းမဟုတ်ပေ။ သူတို့သည် ယေရုရှလင်မြို့၊ ယုဒနယ်၊ ရှမာရိနယ်မှစ၍ “မြေကြီးစွန်းတိုင်အောင်” ဟောပြောကြလိမ့်မည်။ဝိညာဉ်တော်ထောက်မမှုဖြင့် ယေဟောဝါသက်သေတို့သည် ဤနောက်ဆုံးနေ့ရက်များအတွင်း၌ ထိုသို့သောလုပ်ငန်းကို ကမ္ဘာချီအတိုင်းအတာဖြင့် လုပ်ဆောင်နေကြသည်။

၅။ ကြွသွားတော်မူသည့်နည်းတူ ယေရှုအဘယ်သို့ပြန်ကြွလာမည်နည်း။

၅ ယေရှုသည်ကောင်းကင်သို့စတက်ကြွစဉ် ထိုကမ္ဘာချီဟောပြောခြင်းတာဝန်ကို ထုတ်ဆင့်တော်မူခဲ့သည်။ တပည့်တော်တို့နှင့်ခွာ၍ အထက်သို့တက်ကြွပြီးနောက် ကောင်းကင်အုပ်စိုးရှင် ရှေ့တော်မှောက်သို့လည်းကောင်း၊ နံဝိညာဉ်လောကတွင် အမှုထမ်းဆောင်ရန်အတွက်လည်းကောင်း လိုအပ်သောအရပ်သို့ကြွမြန်းတော်မူ၏။ (၁:၉–၁၁) မိုးတိမ်တစ်ခုက တမန်တော်တို့၏မြင်ကွင်းမှယေရှုကို ဖုံးကွယ်လိုက်ပြီးနောက် ကိုယ်တော်သည်အသွေးအသားခန္ဓာကိုယ်ကို ဖျောက်လိုက်တော်မူ၏။ ကောင်းကင်တမန်နှစ်ပါးပေါ်လာပြီး ကိုယ်တော်သည် ‘ကြွသွားတော်မူသည်နည်းတူကြွလာလိမ့်မည်’ ဟုပြောဆို၏။ ထိုအတိုင်းပင်ဖြစ်ခဲ့ပြီ။ ကိုယ်တော်ကြွသွားသည်ကို တပည့်တော်များသာလျှင်မြင်တွေ့ရသကဲ့သို့ ယေဟောဝါသက်သေများသာ ကိုယ်တော်၏အရူပနည်းဖြင့် ပြန်ကြွလာသည်ကို သိမြင်ရကြသည်။

ယေဟောဝါ ရွေးချယ်ခြင်း

၆။ ယုဒရှကာရုတ်နေရာတွင် အစားထိုးရန် အဘယ်သို့ရွေးချယ်ခဲ့သနည်း။

၆ မကြာမီတမန်တော်တို့သည် ယေရုရှလင်မြို့သို့ပြန်သွားကြသည်။ (၁:၁၂–၂၆) အထက်ခန်းမ(မာကု၏မိခင်မာရိ၏နေအိမ်၌ ဖြစ်ဖွယ်ရှိသည်။) တစ်ခု၌ သစ္စာရှိတမန်တော် ၁၁ ပါးတို့သည် ယေရှု၏မိတူဖကွဲညီတော်များ၊ အခြားတပည့်တော်များနှင့် ကိုယ်တော်၏မယ်တော်မာရိတို့နှင့်အတူ ကြိုးစား၍ဆုတောင်းကြသည်။ (မာကု ၆:၃၊ ယာကုပ် ၁:၁) ယေရှုအားသစ္စာဖောက်သူယုဒအစား လူတစ်ယောက်ကိုဘုရားရွေးချယ်၍ တမန်တော်တို့၏အရေအတွက်ကို ၁၂ ပါးပြန်ဖြစ်စေချိန်တွင် တပည့်တော် ၁၂၀ ခန့်စုဝေးလျက်နေကြသည်။ သို့သော်ယုဒ၏ “ရာထူး” ကို မည်သူရရှိမည်နည်း။ (ဆာလံ ၁၀၉:၈) ရွေးချယ်ခံရသူမှာ ယေရှုဓမ္မအမှုဆောင်စဉ်ကာလအတွင်း တပည့်တော်ဖြစ်ခဲ့ပြီး ကိုယ်တော်ထမြောက်သည်ကို တွေ့မြင်ခဲ့သူဖြစ်ရပေမည်။ ထိုသူသည် ယေဟောဝါအား မိမိ၏အုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုသူလည်း ဖြစ်ရမည်မှာဆိုဖွယ်မရှိပေ။ ဆုတောင်းပြီးနောက် မဿိနှင့်ယောသပ်ဗာရှဗတို့အပေါ်မဲချကြရာ ဘုရားသခင်က မဿိအပေါ်မဲကျစေတော်မူ၏။—သု၊ ၁၆:၃၃။

၇။ (က)ယုဒသည် “မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်” သည်ဟုအဘယ်သို့ဆိုနိုင်သနည်း။ (ခ) ယုဒ အဘယ်သို့သေဆုံးသနည်း။

၇ ယုဒရှကာရုတ်သည်ယေဟောဝါကို မိမိ၏အုပ်စိုးရှင်အဖြစ် အသိအမှတ်မပြုခဲ့သည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသားတော်ကို ငွေအသပြာ ၃၀ ဖြင့်သစ္စာဖောက်ရောင်းစားခဲ့၍ဖြစ်သည်။ ယုဒသည်ထိုငွေကို ယဇ်ပုရောဟိတ်အကြီးတို့ကို ပြန်ပေးခဲ့သည်။ သို့ရာတွင်ပေတရုက ထိုသစ္စာဖောက်သည် “မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတစ်ကွက်ကိုဝယ်” သည်ဟုဆို၏။ အဘယ်သို့ဖြစ်နိုင်သနည်း။ “သွေးမြေ” ဟုခေါ်သော ထိုမြေကိုဝယ်ဖို့ငွေနှင့် ဝယ်ဖို့အကြောင်းကို ယုဒဖန်တီးပေးခဲ့၍ဖြစ်သည်။ ၄င်းမြေကွက်သည် ဟိန္နုန်ချိုင့်ဝှမ်း၏တောင်ဘက်ရှိ ညီညာသောမြေကွက်ဖြစ်ကြောင်း တွေ့ရှိသည်။ သူနှင့်ကောင်းကင်အုပ်စိုးရှင်တို့၏ ဆက်ဆံရေးလုံးဝ ပျက်ပြားသွားသဖြင့်ယုဒသည် “ကြိုးဆွဲချသေလေ၏။” (မဿဲ ၂၇:၃-၁၀) ကြိုးပြတ်၍သော်လည်းကောင်း၊ သစ်ကိုင်းကျိုးကျ၍သော်လည်းကောင်း၊ သူသည်အစောင်းအစွယ်များသော ကျောက်ပေါ်သို့ကျသွားရာ ‘ဦးစောက်ကျ၍ဝမ်းကွဲ’ သွားသည်။ ကျွန်ုပ်တို့ထဲမှတစ်ယောက်မျှ ညီအစ်ကိုအတုအယောင်မဖြစ်ပါစေနှင့်။

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ခြင်း

၈။ ယေရှု၏တပည့်တော်များ အဘယ်အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံကြသနည်း။ မည်သည့်အကျိုးခံစားရသနည်း။

၈ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းကတိတော်နှင့်ပတ်သက်၍ အဘယ်သို့ဆိုစရာရှိသနည်း။ ယေရှုတက်ကြွတော်မူပြီးနောက် ဆယ်ရက်၊ စီအီး၃၃ခုနှစ် ပင်တေကုတ္တေပွဲတော်နေ့တွင် ဖြစ်ပျက်လာသည်။ (၂:၁–၄) ထိုဗတ္တိဇံသည်မည်မျှရင်ဖိုဖွယ်ရာ ဖြစ်ရပ်ပါတကား။ မြင်ကွင်းကိုစိတ်ကူးပုံဖေါ်ကြည့်ပါ။ ‘လေပြင်းမုန်တိုင်းတိုက်ခတ်သံနှင့် တူသောအသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၍ ထိုသူတို့နေထိုင်ရာ အိမ်ကိုပြည့်စဉ်တွင်’ ထိုအထက်ခန်းတွင်တပည့်တော် ၁၂၀ ခန့်ရှိနေကြသည်။ လေတိုက်ခတ်ခြင်းမဟုတ်ဘဲ လေတိုက်ခတ်သံနှင့်တူသော အသံသာဖြစ်သည်။ “မီးနှင့်တူသော” လျှာသည်တပည့်တော်နှင့် တမန်တော်တစ်ဦးစီအပေါ်၌ တည်နေ၏။ “ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက် ဘာသာစကားအမျိုးမျိုးဖြင့် ဟောပြောကြကုန်၏။” ထိုဗတ္တိဇံဖြစ်ပွားသောအခါ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် မွေးဖွားခြင်း၊ ဘိသိက်ပေးခြင်း၊ ဝိညာဏအမွေတော်စရန်ဖြင့် တံဆိပ်ခတ်ခြင်းတို့ကို တပြိုင်တည်းခံရကြ၏။—ယောဟန် ၃:၃၊ ၅။ ၂ ကောရိန္သု ၁:၂၁၊ ၂၂။ ၁ ယောဟန် ၂:၂၀။

၉။ ဝိညာဉ်တော်ဖြင့် ပြည့်ဝကြသောတပည့်တော်များ အဘယ်အကြောင်းပြောဆိုကြသနည်း။

၉ ဤအခြင်းအရာသည် ‘ကောင်းကင်အောက်ရှိလူမျိုးတိုင်း’ မှယေရုရှလင်မြို့တွင် ရောက်ရှိနေကြသော ဂျူးများနှင့်ဂျူးဘာသာဝင်တို့ကို ဂယက်ရိုက်ခတ်လေသည်။ (၂:၅–၁၃) ထိုသူတို့သည် မိန်းမောတွေဝေကာ “ငါတို့ဇာတိဘာသာဖြင့် အသီးသီးကြားရသည်မှာအသို့နည်း” ဟုမေးကြ၏။ ထိုဘာသာစကားတို့မှာ မေဒိပြည် (ယုဒပြည်အရှေ့ဘက်)၊ ဖြုဂိပြည် (အာရှမိုင်းနားကျွန်းဆွယ်) နှင့်ရောမမြို့ (ဥရောပတိုက်) တို့မှ ဘာသာစကားများဖြစ်ရပေမည်။ တပည့်တော်များဘာသာစကားအမျိုးမျိုးဖြင့် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို” ဟောပြောကြသောအခါ ကြားနာသူအများသည် မိန်းမောတွေဝေကြသော်လည်း ကဲ့ရဲ့သူတို့က တပည့်တော်များယစ်မူးနေကြသည်ဟု စွပ်စွဲကြ၏။

ပေတရုတက်ကြွစွာသက်သေခံခြင်း

၁၀။ စီအီး၃၃ခုနှစ် ပင်တေကုတ္တေပွဲနေ့၌ဖြစ်ပျက်သောအမှုအရာက အဘယ်ပရောဖက်ပြုချက်ကို ပြည့်စုံစေသနည်း။ ခေတ်သစ်ကာလ ဆင်တူချက်ရှိသလော။

၁၀ ပေတရုကနံနက်ကိုးနာရီအချိန်သည် ယစ်မူးသည့်အချိန်မဟုတ်သေးကြောင်းဖြင့် အစချီ၍ သက်သေခံလေသည်။ (၂:၁၄–၂၁) ဤအမှုအရာကား မိမိလူမျိုးတော်အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းတော်မူမည်ဟူသော ဘုရားကတိတော်ပြည့်စုံချက်တစ်ရပ်ဖြစ်သည်။ ဘုရားသည်ပေတရုအား “နောက်ဆုံးသောနေ့ရက်များ၌” ဟူသောစကားနှင့် “သူတို့သည်ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်” ဟူသောစကားတို့ကို ဖြည့်စွက်စေခြင်းအားဖြင့် ကျွန်ုပ်တို့ခေတ်ကာလကို ညွှန်ပြရန်မှုတ်သွင်းတော်မူ၏။ (ယောလ ၂:၂၈-၃၂) ယေဟောဝါသည် မိမိ၏နေ့တော်ကြီးမတိုင်မီ ကောင်းကင်တွင်အံ့ဖွယ်သောအရာများကိုလည်းကောင်း၊ မြေကြီးပေါ်တွင် နိမိတ်လက္ခဏာများကိုလည်းကောင်း ပြတော်မူမည်။ ကိုယ်တော်.နာမတော်ကိုယုံကြည်ခြင်းဖြင့် ပတ္ထနာပြုသူတို့သာလျှင် ကယ်တင်ခြင်းခံရမည်။ ယနေ့ဘိသိက်ခံများအပေါ် အလားတူဝိညာဉ်တော် သွန်းလောင်းတော်မူခြင်းအားဖြင့် သူတို့အားဧရာမစွမ်းအားနှင့် ထိထိရောက်ရောက် “ပရောဖက်ပြု” နိုင်ရန်တတ်စွမ်းစေတော်မူ၏။

၁၁။ ယေရှုနှင့်ပတ်သက်၍ ယုဒအမျိုးသားများဘာလုပ်ခဲ့သနည်း။ ဘုရားသခင်ဘာပြုလုပ်တော်မူခဲ့သနည်း။

၁၁ ၄င်းနောက်ပေတရုက မေရှိယကိုသဲသဲကွဲကွဲထင်ရှားရအောင် ရှင်းပြသည်။ (၂:၂၂–၂၈) ဘုရားသခင်သည်ယေရှုအားအမှုကြီးများ၊ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများတို့ကို ပြုစေတော်မူခြင်းဖြင့် မေရှိယအရှင်မှန်ကန်ကြောင်း ထောက်ခံတော်မူ၏။ (ဟေဗြဲ ၂:၃၊ ၄) သို့သော်ယုဒလူတို့က ဘုရားပညတ်မလိုက်သောရောမလူမျိုးတည်းဟူသော “မတရားသောသူတို့လက်ဖြင့်” ကိုယ်တော်ကိုနှက်တိုင်၌သတ်ပစ်ခဲ့ကြသည်။ ယေရှုသည် “အနာဂတံသဉာဏ်တော်၊ အကြံတော်အားဖြင့် ဘုရားသခင်ပြဌာန်းတော်မူပြီးသည့်အလျောက် ပို့အပ်ခံရ” ခြင်းဖြင့် ဘုရားအလိုတော်ဖြစ်ကြောင်း ထင်ရှားစေသည်။ သို့သော်လည်းဘုရားသည်ယေရှုကို ရှင်ပြန်ထမြောက်စေ၍ ရုပ်ခန္ဓာကိုပုပ်ပျက်ခြင်း မကြုံတွေ့စေရန် ဖျောက်ဖျက်လိုက်တော်မူ၏။—ဆာလံ ၁၆:၈-၁၁။

၁၂။ ဒါဝိဒ်ဘာကိုကြိုမြင်ခဲ့သနည်း။ ကယ်တင်ခြင်းသည် အဘယ်အရာပေါ် မူတည်နေသနည်း။

၁၂ ပေတရုဆက်၍သက်သေခံရာတွင် မေရှိယဆိုင်ရာပရောဖက်ပြုချက်ကို ထပ်လောင်း၍ ပဓာနပြုခဲ့သည်။ (၂:၂၉–၃၆) ဒါဝိဒ်သည် သူ၏အကြီးမြတ်ဆုံးသားတော် ယေရှုမေရှိယထမြောက်ခြင်းကို ကြို၍မြင်ခဲ့ကြောင်း ပေတရုဆို၏။ ကောင်းကင်ဘုံ၌ဘုရား လက်ယာတော်ဘက်တွင် ချီးမြှင့်ခံရသောနေရာမှနေ၍ ယေရှုသည်ခမည်းတော်ထံမှရရှိသော သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူ၏။ (ဆာလံ ၁၁၀:၁) ပေတရု၏တရားနာပရိသတ်တို့သည် တပည့်တော်တို့၏ခေါင်းပေါ်တွင် မီးကဲ့သို့သောလျှာများကို တွေ့မြင်ခြင်းဖြင့်သော်လည်းကောင်း၊ သူတို့ပြောဆိုသော နိုင်ငံခြားဘာသာစကားတို့ကို ကြားနာခြင်းဖြင့်သော်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုကို ‘တွေ့မြင်ကြားသိ’ ခဲ့ကြသည်။ ထို့ပြင်ယေရှုကို အရှင်သခင်အဖြစ်၊ မေရှိယအဖြစ်၊ အသိအမှတ်ပြုလက်ခံမှသာလျှင် ကယ်တင်ခြင်းခံရမည်အကြောင်းကိုလည်း တင်ပြခဲ့သည်။—ရောမ ၁၀:၉။ ဖိလိပ္ပိ ၂:၉-၁၁။

ယေဟောဝါတိုးပွားစေတော်မူခြင်း

၁၃။ (က) ထိုက်ထိုက်တန်တန်နှစ်ခြင်းခံနိုင်ရန် ယုဒအမျိုးသားများနှင့်ဘာသာဝင်များ ဘာကိုအသိအမှတ်ပြုခဲ့ရသနည်း။ (ခ) မည်မျှနှစ်ခြင်းခံကြသနည်း။ ယေရုရှလင်မြို့၌အဘယ်အကျိုး သက်ရောက်ခဲ့ပြီနည်း။

၁၃ ပေတရု၏စကားများသည် အလွန်ထိရောက်မှုရှိခဲ့သည်။ (၂:၃၇–၄၂) ကြားနာသူတို့သည် မေရှိယအားကွပ်မျက်သည့်ကိစ္စ၌ အလိုတူအလိုပါဖြစ်ခဲ့ကြသဖြင့် စိတ်နှလုံးပူပန်ကြလေသည်။ သို့နှင့်ပေတရုကတိုက်တွန်းခဲ့သည်။ “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကိုခံရလိမ့်မည်။” ယုဒလူမျိုးနှင့်ယုဒဘာသာဝင်တို့သည် ယေဟောဝါကိုမိမိတို့၏ဘုရားအဖြစ်သော်လည်းကောင်း၊ ကိုယ်တော်.ဝိညာဉ်တော်ကို မိမိတို့လိုအပ်ကြောင်းကိုသော်လည်းကောင်း အသိအမှတ်ပြုပြီးဖြစ်သည်။ သို့သော်သူတို့အနေဖြင့် ယခုခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ (ရာထူးဌာနန္တရ သို့မဟုတ် ဆောင်ရွက်ချက်ကို အသိအမှတ်ပြုခြင်း) ၌နှစ်ခြင်းခံခြင်းငှာ နောင်တယူရန်၊ ယေရှုကိုမေရှိယအဖြစ် လက်ခံရန်လိုအပ်လာသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယုဒအမျိုးသားများနှင့် ယုဒဘာသာဝင်တို့အား သက်သေခံခြင်းအားဖြင့် ပေတရုသည်ယုံကြည်သူ ယုဒအမျိုးသားများအား ကောင်းကင်နိုင်ငံတော်သို့ဝင်နိုင်ရေးအတွက် အသိပညာနှင့်အခွင့်အခါတံခါးကို ဖွင့်ပေးရန် ယေရှုအပ်ပေးတော်မူသော ပထမဝိညာဏသော့ကို အသုံးပြုခဲ့လေသည်။ (မဿဲ ၁၆:၁၉) ထိုတစ်နေ့တည်း၌ လူ ၃၀၀၀ နှစ်ခြင်းခံကြသည်။ ယေရုရှလင်မြို့နယ်ပယ်သေးသေးတွင် ယေဟောဝါသက်သေအမြောက်အမြား ဟောပြောနေကြသည်ကို စိတ်ကူးကြည့်လိုက်ပါ။

၁၄။ ယုံကြည်သူတို့သည် အဘယ်ကြောင့်နှင့်အဘယ်နည်းအားဖြင့် “မိမိတို့ဥစ္စာပစ္စည်းများကိုဝေမျှသုံးဆောင်” ကြသနည်း။

၁၄ ရပ်ဝေးမှလာကြသူအများမှာ ယေရုရှလင်မြို့တွင်ဆက်လက်နေထိုင်ရန် ငွေကြေးမလုံလောက်ကြသော်လည်း ဘာသာသစ်အကြောင်းကို ပို၍သိလိုကြသည့်အပြင် သူတစ်ပါးအားလည်း ဟောပြောလိုကြသည်။ ထို့ကြောင့်ယေရှု၏ ကနဦးတပည့်တော်တို့သည် ယနေ့ယေဟောဝါသက်သေများပြုသကဲ့သို့ အချင်းချင်းမေတ္တာရှေ့ထား၍ ကူညီယိုင်းပင်းကြ၏။ (၂:၄၃–၄၇) ယုံကြည်သူတို့သည်ခေတ္တယာယီ “မိမိတို့ဥစ္စာပစ္စည်းများကို ဝေမျှသုံးဆောင်” ကြ၏။ အချို့ကကိုယ်ပိုင်ပစ္စည်းများကို ရောင်းချ၍ ရရှိသောငွေကြေးများကို ချို့တဲ့သူတို့အား ဝေမျှကြ၏။ ဤသို့ဖြင့်အသင်းတော်သည် ကောင်းမွန်စွာအစပြုခဲ့လေသည်။ ‘ယေဟောဝါလည်း ကယ်တင်ခြင်းသို့ရောက်သူတို့ကို နေ့စဉ်မပြတ် ထပ်သွင်းတော်မူ၏။’

ကုသမှုတစ်ခုနှင့်ယင်း၏အကျိုးဆက်များ

၁၅။ ပေတရုနှင့်ယောဟန်တို့ ဗိမာန်တော်သို့ဝင်သောအခါ ဘာဖြစ်ပျက်သနည်း။ လူအပေါင်းတို့ အဘယ်သို့တုံ့ပြန်ကြသနည်း။

၁၅ ယေဟောဝါသည်ယေရှု၏ နောက်တော်လိုက်များအား “နိမိတ်လက္ခဏာများ” ဖြင့်ထောက်မတော်မူ၏။ (၃:၁–၁၀) သို့နှင့်ပေတရုနှင့်ယောဟန်တို့သည် မွန်းလွဲပူဇော်သက္ကာနှင့်အတူ ပတ္ထနာပြုရာအချိန် မွန်းလွဲ ၃ နာရီတွင် ဗိမာန်တော်သို့ဝင်သောအခါ ဝမ်းတွင်းပါခြေဆွံ့သူတစ်ယောက်သည် တင့်တယ်အမည်ရှိသောတံခါးအနီးတွင် “အစွန့်အကြဲ” ခံနေ၏။ ပေတရုက ‘ငါ၌ရွှေငွေမရှိ။ ရှိရာကိုပေးမည်။ နာဇရက်မြို့သားယေရှုခရစ်၏ နာမတော်အားဖြင့် လှမ်းသွားလော့’ ဟုမြွက်ဆို၏။ ထိုသူသည်ချက်ချင်းပင် သန်စွမ်းလာ၏။ သူသည် “သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကိုချီးမွမ်းလျက်” ဗိမာန်တော်သို့ဝင်သွားသည့်အခါ လူအပေါင်းတို့သည် ‘အံ့သြမိန်းမောကြ၏။’ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်” ဟူသောစကားကို အချို့ပြန်၍ သတိရကြပေလိမ့်မည်။—ဟေရှာယ ၃၅:၆။

၁၆။ တမန်တော်များ ခြေဆွံ့သူကို အဘယ်သို့ကုသပေးနိုင်သော အစွမ်းရခဲ့သနည်း။

၁၆ အံ့သြသောလူထုက ဗိမာန်တော်အရှေ့ဘက်ရှိ ရှောလမုန်ကနားပြင်ခေါ်မုတ်ဆောင်၌ စုဝေးကြ၏။ ထိုနေရာတွင်ပေတရုသက်သေခံ၏။ (၃:၁၁–၁၈) ဘုရားသခင်သည် ဘုန်းထင်ရှားသော အစေခံယေရှုအားဖြင့် တမန်တော်တို့အား ထိုခြေဆွံ့သူကိုကုသပေးနိုင်သော တန်ခိုးပေးတော်မူကြောင်း သူရှင်းပြ၏။ (ဟေရှာယ ၅၂:၁၃–၅၃:၁၂) “သန့်ရှင်းဖြောင့်မတ်သောအရှင်ကို” ယုဒအမျိုးသားများငြင်းပယ်ခဲ့ကြသော်လည်း ထိုအရှင်ကို ယေဟောဝါရှင်ပြန်ထမြောက်စေတော်မူ၏။ လူထုနှင့်အရာရှိတို့သည် မိမိတို့ မေရှိယကိုကွပ်မျက်မိကြောင်း မသိကြသော်လည်း “ခရစ်တော်သည်အသေခံရမည်” ဟူသောပရောဖက်ဆိုင်ရာစကားကို ဤသို့ဖြင့်ဘုရားသခင်ပြည့်စုံစေတော်မူ၏။—ဒံယေလ ၉:၂၆။

၁၇။ (က) ယုဒအမျိုးသားများ အဘယ်သို့ပြုမူရန် လိုအပ်သနည်း။ (ခ) ကျွန်ုပ်တို့ခေတ်တွင် ‘ခရစ်တော်ကိုစေလွှတ်’ ချိန်မှစ၍ ဘာဖြစ်ပျက်လာခဲ့ပြီနည်း။

၁၇ မေရှိယကိုပြုမူခဲ့ခြင်းအတွက် ယုဒအမျိုးသားများ ဘာပြုသင့်ကြောင်းကို ပေတရုပြသခဲ့သည်။ (၃:၁၉–၂၆) သူတို့ “နောင်တရ” ဖို့လိုသည်။ ဆိုလိုသည်မှာ မိမိတို့၏အပြစ်ဒုစရိုက်အတွက် တရားသံဝေဂရရမည်။ ၄င်းပြင် “စိတ်ပြောင်းလဲ” ရန်လိုသည်။ ဆိုလိုသည်မှာ ဘာသာပြောင်း၍ ဆန့်ကျင်ဘက်လမ်းစဉ်လိုက်ရမည်။ ယေရှုကိုမေရှိယအဖြစ်ယုံကြည်ပြီး ရွေးနှုတ်ဖိုးကို လက်ခံကြပါက သူတို့သည်အပြစ်လွှတ်ခြင်းခံရသူများအဖြစ် ယေဟောဝါထံတော်မှ ကြည်သာချမ်းဧမှု ခံစားရပေလိမ့်မည်။ (ရောမ ၅:၆-၁၁) ယုဒအမျိုးသားတို့သည် သူတို့၏ဘိုးဘေးတို့နှင့် ဘုရားဖွဲ့တော်မူသော ပဋိညာဉ်နှင့်ဆိုင်သောသားများဖြစ်ကြောင်း ပေတရုသတိရစေသည်။ ဘုရားသခင်ကအာဗြဟံအား “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဘုရားသခင်သည် နောင်တရသောယုဒအမျိုးသားများကို ကယ်တင်ခြင်းငှာ မိမိ၏မေရှိယအစေခံကို ရှေးဦးစွာစေလွှတ်တော်မူ၏။ စိတ်ဝင်စားဖွယ်ကား ၁၉၁၄ ခုနှစ်တွင်ကောင်းကင်ဘုံ၌ နိုင်ငံတော်တန်ခိုးနှင့် ‘ခရစ်တော်ကိုစေလွှတ်’ လိုက်ချိန်မှစ၍ ယေဟောဝါသက်သေတို့၏ဘောင်တွင် သမ္မာတရားနှင့် သီအိုကရက်တစ်အဖွဲ့အစည်းဘက်တွင် ကြည်သာလန်းဆန်းသည့် ပြန်လည်ထူထောင်ရေးစတင်ခဲ့လေသည်။—ကမ္ဘာဦး ၁၂:၃။ ၁၈:၁၈။ ၂၂:၁၈။

သူတို့ မရပ်တန့်ကြ

၁၈။ “တိုက်တည်ဆောက်သူ” ယုဒအမျိုးသားများ အဘယ် “ကျောက်” ကိုပယ်ထားကြသနည်း။ မည်သူ၌သာကယ်တင်ခြင်းတည်သနည်း။

၁၈ ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပေတရုနှင့်ယောဟန်ကြေညာသည်ကို ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်မှူးနှင့် ဇဒ္ဒုကဲတို့သည် စိတ်ဆိုးကြသဖြင့် သူတို့ကိုဖမ်းဆီးလိုက်၏။ (၄:၁–၁၂) ဇဒ္ဒုကဲတို့သည် ရှင်ပြန်ထမြောက်ခြင်းကိုမယုံကြည်ကြချေ။ သို့သော်အခြားသူအများအပြားတို့မှာ ယုံကြည်သူများဖြစ်လာကြသည်။ အမျိုးသားသတ်သတ် ၅၀၀၀ခန့်ရှိသည်။ ယေရုရှလင်မြို့ရှိတရားလွှတ်တော်၌ စစ်ဆေးမေးမြန်းခံရစဉ်တွင် ပေတရုကထိုခြေဆွံ့သူသည် “နာဇရက်မြို့သားယေရှုခရစ်၏ နာမတော်အားဖြင့်” ကျန်းမာလာခြင်းဖြစ်ကြောင်း ထိုအရှင်ကိုသူတို့ကွပ်မျက်ခဲ့သော်လည်း ဘုရားရှင်ပြန်ထမြောက်စေကြောင်း “တိုက်တည်ဆောက်သူ” ဂျူးအမျိုးသားများ ပယ်ထားသည့်ဤ “ကျောက်” သည် “ထောင့်ချုပ်ကျောက်” ဖြစ်လာကြောင်းထွက်ဆို၏။ (ဆာလံ ၁၁၈:၂၂) “ထိုမျှမက အခြားမည်သူ၌မျှကယ်တင်ခြင်းမတည်” ဟုပေတရုဖြေကြား၏။

၁၉။ ဟောပြောခြင်းမပြုရန် အမိန့်ချမှတ်သောအခါ တမန်တော်များအဘယ်သို့ ပြန်လည်ဖြေကြားကြသနည်း။

၁၉ ထိုသို့သောပြောဆိုမှုကိုရပ်တန့်စေရန် ကြိုးစားကြသည်။ (၄:၁၃–၂၂) ကျန်းမာလာသူလည်းအတူရှိနေသဖြင့် ဤ “ထူးခြားသောနိမိတ်လက္ခဏာ” ကို သူတို့မငြင်းဆိုနိုင်ကြချေ။ သို့သော်ပေတရုနှင့်ယောဟန်တို့အား ‘မည်သည့်နေရာ၌မျှယေရှု၏နာမကိုအမှီပြု၍ မဟောပြောမသွန်သင်ရန်’ အမိန့်ချမှတ်လေ၏။ တမန်တော်များမည်သို့ဖြေကြားသနည်း။ ‘ငါတို့သည် ကြားရမြင်ရသည့်အမှုအရာအကြောင်းကို မဟောပြောဘဲမနေနိုင်။’ ယေဟောဝါကိုမိမိတို့၏ အုပ်စိုးရှင်အဖြစ်သူတို့နာခံကြ၏။

ဆုတောင်းပတ္ထနာ နားညောင်းတော်မူခြင်းခံရ

၂၀။ တပည့်တော်များ အဘယ်အတွက် ဆုတောင်းကြသနည်း။ အဘယ် အကျိုးရလဒ်ရရှိသနည်း။

၂၀ ယေဟောဝါသက်သေများ စည်းဝေးများ၌ဆုတောင်းကြသကဲ့သို့ ပြန်လွတ်လာသောတမန်တော်များ ဖြစ်ပျက်ပုံကို ပြောပြသောအခါ တပည့်တော်တို့သည် အတူဆုတောင်းကြ၏။ (၄:၂၃–၃၁) မှတ်သားစရာအချက်မှာ ဟေရုဒ်အန္တပမင်းနှင့်ပုန္တပိလတ်မင်းတို့မှစ၍ လူမျိုးခြားရောမလူမျိုးနှင့် ဣသရေလလူမျိုးတို့သည် မေရှိယကိုတညီတညွတ်တည်း အတိုက်အခံပြု၏။(ဆာလံ ၂:၁၊ ၂။ လုကာ ၂၃:၁-၁၂) ယေဟောဝါသည်တပည့်တော်တို့၏ ပတ္ထနာကိုနားညောင်း၍ သူတို့အားသန့်ရှင်းသောဝိညာဉ်နှင့် ပြည့်ဝစေတော်မူသဖြင့် သူတို့သည်ဘုရားနှုတ်ကပတ်တော်ကို ရဲရင့်စွာဟောပြောကြ၏။ သူတို့၏အုပ်စိုးရှင်ထံ နှိပ်စက်ညှဉ်းပန်းခြင်းကို အဆုံးသတ်ပေးရန် မတောင်းလျှောက်ဘဲ ညှဉ်းပန်းမှုကြားတွင် ဆက်၍ဟောပြောနိုင်ရန် ခွန်အားပေးပါရန် တောင်းလျှောက်ကြ၏။

၂၁။ ဗာနဗကား မည်သူနည်း။ သူ၌ အဘယ်အရည်အချင်းရှိသနည်း။

၂၁ ယုံကြည်သူတို့သည် ခပ်သိမ်းသောဥစ္စာပစ္စည်းတို့ကို အများပိုင်ဘုံပစ္စည်းအဖြစ် ဆက်၍ထားရှိကြရာ ချို့တဲ့သူဟူ၍တစ်ယောက်မျှမရှိချေ။ (၄:၃၂–၃၇) ထည့်ဝင်လှူဒါန်းသူတစ်ဦးကား ကုပရုပြည်သား လေဝိအနွယ်ဝင်ယောသပ်ဖြစ်သည်။ တမန်တော်တို့ကသူ့အား “သက်သာစေခြင်း၏သား” ဟုဆိုလိုသောဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ သူသည်အားပေးကူညီတတ်ပြီး ညှာတာထောက်ထားတတ်သောနှလုံးသားရှိသောကြောင့် ဖြစ်ဖွယ်ရှိသည်။ ကျွန်ုပ်တို့အားလုံးလည်းထိုကဲ့သို့သောသူ ဖြစ်လိုကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။—တမန်တော် ၁၁:၂၂-၂၄။

မုသားပြောသူများကိုဖေါ်ထုတ်

၂၂၊ ၂၃။ အာနနိနှင့်ရှဖိရေတို့၏ အပြစ်ကားအဘယ်နည်း။ သူတို့၏တွေ့ကြုံမှုမှအဘယ်သို့ အကျိုးကျေးဇူးရရှိနိုင်သနည်း။

၂၂ သို့သော်အာနနိနှင့်သူ၏ဇနီးရှဖိရေတို့သည် ယေဟောဝါကိုမိမိတို့၏အုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုခြင်းကို ရုပ်သိမ်းခဲ့ကြသည်။ (၅:၁–၁၁) သူတို့သည်လယ်တစ်ကွက်ကိုရောင်းချ၍ ရရှိသောငွေအချို့ကို သိမ်းဆည်းထားပြီး တမန်တော်တို့ကိုမူကား ရသမျှအကုန်အပ်ပါသည်ဟု လိမ်ပြော၏။ ဘုရားဝိညာဉ်တော်ပေးသည့်အသိဖြင့် သူတို့၏ဟန်ဆောင်မှုကိုပေတရုသိရှိပြီး သူတို့နှစ်ယောက်သေရလေ၏။ မရိုးမသားဖြစ်အောင် စာတန်သွေးဆောင်ခံရသူတို့အဖို့ သတိပေးချက်တစ်ရပ်ပင်ဖြစ်သည်။—သု၊ ၃:၃၂။ ၆:၁၆-၁၉။

၂၃ ဤအမှုအရာဖြစ်ပြီးနောက် စေတနာမမှန်သူတစ်ယောက်မျှ တပည့်တော်တို့နှင့် မပေါင်းဖေါ်ရဲကြတော့ချေ။ သို့သော်အခြားသူတို့မူကား ယုံကြည်သူများဖြစ်လာကြသည်။ (၅:၁၂–၁၆) ထို့ပြင်ဖျားနာသူနှင့် နတ်ဆိုးပူးကပ်နှိပ်စက်ခံရသူတို့သည် ဘုရားတန်ခိုးတော်ကိုယုံကြည်လာကြသောအခါ ‘ထိုလူနာအပေါင်းသည် ရောဂါပျောက်ကင်းသွားကြ၏။’

လူထက် ဘုရားသခင်ကိုနာခံခြင်း

၂၄၊ ၂၅။ ယုဒအမျိုးသားခေါင်းဆောင်များ တမန်တော်တို့ကိုအဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်းကြသနည်း။ သို့သော်ထိုသစ္စာရှိသူတို့က ယေဟောဝါ၏အစေခံအားလုံးအတွက် အဘယ်စံတစ်ရပ်ထားရစ်ကြသနည်း။

၂၄ ယခုယဇ်ပုရောဟိတ်မင်းနှင့်ဇဒ္ဒုကဲတို့သည် တမန်တော်အားလုံးကို ထောင်ချလိုက်ခြင်းအားဖြင့် ထူးကဲစွာတိုးပွားခြင်းကို ပိတ်ဆို့တားဆီးရန်အားထုတ်ကြသည်။ (၅:၁၇–၂၅) သို့သော်ထိုညတွင်းချင်း၌ ဘုရားကောင်းကင်တမန်က သူတို့ကိုလွှတ်လိုက်သည်။ အရုဏ်တက်ချိန်၌ သူတို့သည်ဗိမာန်တော်၌ ဟောပြောသွန်သင်လျက်နေကြ၏။ နှိပ်စက်ညှဉ်းပန်းခြင်းသည် ယေဟောဝါ၏အစေခံတို့ကိုရပ်တန့်ခြင်းငှာ မတတ်စွမ်းနိုင်ချေ။

၂၅ သို့ရာတွင်တမန်တော်များအား တရားလွှတ်တော်ရှေ့ ဆောင်သွင်းသောအခါ အတင်းအကြပ်ဖိအားပေးလာကြသည်။ (၅:၂၆–၄၂) မဟောပြောရန်အမိန့်ပေးခံရသော်လည်း သူတို့က “ကျွန်ုပ်တို့သည်လူထက်ဘုရားအား အုပ်စိုးရှင်အဖြစ်နာခံရမည်” ဟုပြန်ဆို၏။ ဤကားယေရှု၏တပည့်တော်တို့အဖို့စံတစ်ရပ်ဖြစ်သည်။ ယနေ့ယေဟောဝါသက်သေများ ထိုအတိုင်းလိုက်နာကြသည်။ ထိုဘာသာရေးခေါင်းဆောင်တို့သည် ကျမ်းတတ်ဆရာဂါမလျေလ၏သတိပေးခြင်းကို ခံယူပြီးနောက် တမန်တော်တို့ကိုကြိမ်ဒဏ်ခတ်ကာ မဟောမပြောရန်အမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။

၂၆။ တမန်တော်တို့၏ဓမ္မအမှုကို ယခုခေတ်ယေဟောဝါသက်သေတို့၏ ဓမ္မအမှုနှင့်မည်သို့နှိုင်းယှဉ်ကြည့်နိုင်သနည်း။

၂၆ တမန်တော်တို့သည် ယေရှု၏နာမတော်အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများအဖြစ် မှတ်တော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်ကြ၏။ “ဗိမာန်တော်၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း သတင်းကောင်းကိုနေ့စဉ်မပြတ် ဟောပြောသွန်သင်နေကြ၏။” မှန်ပေသည်။ သူတို့သည်တစ်အိမ်တက်ဆင်းဟောပြောသော ဓမ္မအမှုဆောင်များဖြစ်ကြသည်။ မျက်မှောက်ခေတ်ယေဟောဝါသက်သေတို့လည်း ထို့အတူဖြစ်ကြသည်။ သူတို့သည်ဘုရားသခင်ကိုနာခံ၍ “ယေဟောဝါသည်ကျွန်ုပ်တို့၏ အုပ်စိုးရှင်ဖြစ်တော်မူ၏” ဟုပြောဆိုသောကြောင့် ကိုယ်တော်.ဝိညာဉ်တော်ကိုလည်းခံရကြ၏။

သင်မည်သို့ဖြေဆိုမည်နည်း

▫ အတိတ်နှင့်မျက်မှောက်ကာလတို့တွင် ယေရှု၏နောက်လိုက်များ အဘယ်လုပ်ငန်းတာဝန်ကို ကျေပွန်ရကြမည်နည်း။

▫ စီအီး ၃၃ ခုနှစ် ပင်တေကုတ္တေပွဲတော်နေ့တွင် ဘာဖြစ်ပျက်ခဲ့သနည်း။

▫ ယေရှုအပ်နှင်းသောဝိညာဏသော့ ပထမတစ်ချောင်းကိုပေတရု အဘယ်အချိန်နှင့်အဘယ်သို့ အသုံးပြုခဲ့သနည်း။

▫ အာနနိနှင့်ရှဖိရေတို့၏တွေ့ကြုံမှုမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာယူနိုင်သနည်း။

▫ မဟောမပြောရန်အမိန့်ပေးခံရသောအခါ တမန်တော်တို့သည်ယေဟောဝါသက်သေအားလုံးအတွက် အဘယ်စံထားခဲ့ကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ