ဟောပြော၍ စေ့စပ်သေချာစွာ သက်သေခံကြလော့
၁ “ခေါင်းဆောင်နှင့် တပ်မှူးတစ်ဦး” အနေနှင့် ယေရှုသည် ရှေ့တွင်ရှိသော ဟောပြောခြင်းလုပ်ငန်းကြီးအတွက် မိမိ၏တပည့်တော်များအား ပြင်ဆင်လေ့ကျင့်ပေးခဲ့သည်။ (ဟေရှာ. ၅၅:၄၊ ကဘ; လု. ၁၀:၁-၁၂; တ. ၁:၈) တမန်တော်ပေတရုက သူတို့အား ယေရှုပေးခဲ့သည့်တာဝန်ကို ဤစကားများဖြင့် ဖော်ပြခဲ့သည်– “ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှာ၊ ဘုရားသခင်ခန့်ထားတော်မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ [“စေ့စပ်သေချာစွာ၊” ကဘ] သက်သေခံကြလော့။” (တ. ၁၀:၄၂) စေ့စပ်သေချာစွာ သက်သေခံခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။
၂ ကျွန်ုပ်တို့သည် တမန်တော်ပေါလု၏ပုံသက်သေကို သုံးသပ်ခြင်းမှ များစွာသင်ယူနိုင်သည်။ သူသည် ဧဖက်အသင်းတော်မှ အသက်ကြီးသူများနှင့် တွေ့ဆုံသည့်အခါ သူတို့ကို ဤသို့နှိုးဆော်ခဲ့သည်– “သင်တို့အကျိုးပြုစုရာ တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း ယုဒလူ၊ ဟေလသလူတို့အား [“စေ့စပ်သေချာစွာ၊” ကဘ] သက်သေခံသည်အကြောင်းအရာကို သင်တို့သိကြ၏။” စုံစမ်းခြင်းများကို ရင်ဆိုင်ရသော်လည်း ပေါလုသည် လူများနိုင်သရွေ့ များများထံ သတင်းကောင်းရောက်ရှိရန် ကြိုးစားအမှုဆောင်ခဲ့သည်။ သူသည် နားထောင်သူများအား အခြေခံသမ္မာတရားများကို ဝေမျှရုံနှင့်သာ ကျေနပ်မနေဘဲ “ဘုရားသခင်၏အလိုတော် . . . အကုန်အစင်” ဝေမျှရန် ကြိုးစားခဲ့သည်။ သူသည် ယင်းကို အထမြောက်စေရန် လုံ့လစိုက်ထုတ်ဖို့နှင့် စွန့်လွှတ်မှုများပြုလုပ်ဖို့ အသင့်ရှိခဲ့သည်။ သူ ဤသို့ထပ်ဆင့်ဖော်ပြသည်– “ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို [“စေ့စပ်သေချာစွာ၊” ကဘ] သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ။”—တ. ၂၀:၂၀၊ ၂၁၊ ၂၄၊ ၂၇။
၃ ယနေ့ ပေါလု၏ပုံသက်သေကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ (၁ ကော. ၁၁:၁) စုံစမ်းခြင်းများ ရင်ဆိုင်ရသည့်အခါ၌ပင် ထိုက်တန်သူများကို ရှာဖွေခြင်း၊ လူမျိုးစုနှင့် ဘာသာစကားအသီးသီးမှ လူတို့ထံ သတင်းကောင်းရောက်ရှိရန် ကြိုးစားခြင်းနှင့် ကျွန်ုပ်တို့တွေ့ရသည့် စိတ်ဝင်စားသူများကို ဝီရိယရှိရှိ ပြုစုပျိုးထောင်ပေးခြင်းအားဖြင့်ဖြစ်သည်။ (မ. ၁၀:၁၂၊ ၁၃) ထိုသို့ပြုရန် အချိန်၊ လုံ့လနှင့် လူတို့ကိုချစ်သည့်မေတ္တာရှိဖို့ လိုအပ်သည်။
၄ သင် အရန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နိုင်မည်လော။ မတ်နှင့် ဧပြီလသည် အရန်ရှေ့ဆောင်လုပ်ခြင်းဖြင့် စေ့စပ်သေချာစွာသက်သေခံရန် သင့်အတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်နိုင်သည်။ လွန်ခဲ့သည့်နှစ်က များစွာသောသူတို့သည် အရန်ရှေ့ဆောင်လုပ်ရန် အထူးကြိုးစားကြသည်ကို တွေ့မြင်ခဲ့ရသည်မှာ မည်မျှအားရှိစရာပါတကား!
၅ ကျန်းမာရေးပြဿနာများစွာရှိသော အသက် ၈၀ ရှိသည့် ညီအစ်မတစ်ဦးသည် ယေဟောဝါ၏အဖွဲ့အစည်းမှပေးသော အားပေးမှုကြောင့် လှုံ့ဆော်ခံခဲ့ရသည်။ သူဤသို့ရေးခဲ့သည်– “အဲဒါက ကြာမြင့်စွာကတည်းက ကျွန်မရဲ့ နှလုံးသားထဲမှာရှိခဲ့တဲ့ဆန္ဒကို နှိုးဆွပေးတယ်။ အဲဒါကြောင့် အနည်းဆုံး တစ်ခါလောက်တော့ အရန်ရှေ့ဆောင်လုပ်ရမယ်လို့ ကျွန်မခံစားရတယ်။” သူသည် မတ်လတွင် ထိုသို့ပြုရန် ဆုံးဖြတ်ခဲ့သည်။ “ဦးဆုံး ကျွန်မထိုင်ပြီး ချင့်တွက်တယ်။ သမီးရဲ့အကူအညီလိုမှာဖြစ်လို့ ကျွန်မရဲ့အစီအစဉ်ကို သူနဲ့ဆွေးနွေးတယ်။ သမီးကိုယ်တိုင် ရှေ့ဆောင်လုပ်ဖို့ လျှောက်လွှာတင်လို့ ကျွန်မအံ့သြခဲ့ရတယ်။” ထိုလအတွင်း ဤသက်ကြီးညီအစ်မသည် ဓမ္မအမှုတွင် ၅၂ နာရီအသုံးပြုခဲ့သည်။ “ကျွန်မခြေကုန်လက်ပန်းကျလာတဲ့အခါ ခွန်အားပြန်ရရှိဖို့ ယေဟောဝါထံ အကြိမ်ကြိမ်ဆုတောင်းတယ်။ လကုန်တဲ့အခါ ကျွန်မ အရမ်းပျော်ပြီး ကျေနပ်မှုခံစားရတယ်။ ကျွန်မကို အကြိမ်ကြိမ် အကူအညီပေးခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ ကျွန်မ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ချင်သေးတယ်။” သူ၏အားရဖွယ်တွေ့ကြုံမှုက စိုးရိမ်ရသော ကျန်းမာရေးပြဿနာများရှိလျက်နှင့် အမှန်တကယ် အရန်ရှေ့ဆောင်လုပ်လိုသော အခြားသူများကို အားတက်စေပေမည်။
၆ လောကီလုပ်ငန်းမှ မမျှော်လင့်ဘဲ အလုပ်ဖြုတ်ခံခဲ့ရသည့် ညီအစ်ကိုတစ်ဦးသည် အရန်ရှေ့ဆောင်လုပ်ရန် ၎င်းအခြေအနေကို အသုံးချခဲ့သည်။ ထိုလအတွင်း သူသည် ဟောပြောခြင်းလုပ်ငန်းအတွက် စိတ်ထက်သန်မှုပိုရှိလာကာ လအကုန်တွင် ကျမ်းစာသင်အံမှုအသစ်တစ်ခု စခဲ့ရသည်။ သူသည် အတွေ့အကြုံကို ပြန်ပြောင်းစဉ်းစားကာ “တကယ်အကျိုးရှိတဲ့လပဲ!” ဟုဆိုသည်။ ယေဟောဝါ၏လမ်းညွှန်မှုနှင့် အကူအညီရရှိသည့်အတွက် အလွန်ဝမ်းသာပီတိဖြစ်ခဲ့သည်! မှန်ပါသည်၊ ယေဟောဝါသည် ဓမ္မအမှုတွင် ထိုညီအစ်ကို၏ ပိုမိုကြိုးပမ်းအားထုတ်မှုကို ကြွယ်ဝစွာ ကောင်းချီးသွန်းလောင်းခဲ့ကာ ကိုယ်တော်သည် သင့်အတွက်လည်း အလားတူပြုတော်မူမည်ဖြစ်သည်။—မာလ. ၃:၁၀။
၇ အရန်ရှေ့ဆောင်လုပ်ဖို့ဟူသည် များစွာသောသူတို့အတွက် မလွယ်ကူချေ။ သို့သော်လည်း လောကီနှင့် မိသားစုတာဝန်များအပြင် ကိုယ်ပိုင်အခက်အခဲများရှိလင့်ကစား ညီအစ်ကိုညီအစ်မများစွာသည် ထိုသို့ပြုလုပ်နိုင်ခဲ့ကြပြီ။ စေ့စပ်သေချာစွာသက်သေခံရန် ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသောအချိန်နှင့် ခွန်အားအချို့ကို စွန့်လွှတ်ရလေ့ရှိသော်လည်း ရရှိမည့်ကောင်းချီးများမှာ နှိုင်းယှဉ်၍မရနိုင်ချေ။—သု. ၁၀:၂၂။
၈ မတ်နှင့် ဧပြီလတို့သည် အရန်ရှေ့ဆောင်လုပ်ရန် အကောင်းဆုံးအချိန်ဖြစ်၏။ မတ်လတွင် စနေတနင်္ဂနွေ ငါးကြိမ်ရှိသည်။ ၎င်းတို့ကို အခွင့်အရေးယူကာ ညနေပိုင်းအချိန်များကို ကောင်းစွာအသုံးပြုခြင်းက အချိန်ပြည့်အလုပ်လုပ်သူအချို့အား အရန်ရှေ့ဆောင်လုပ်စေနိုင်သည်။ ထို့အပြင် သင်သည် ဧပြီလအတွင်း အလုပ်ပိတ်ရက်များကို အသုံးပြုနိုင်သည်။ အချို့သည် ကျောင်းနှင့် လောကီအလုပ်မှ အားလပ်ရက်များရရှိနိုင်ကာ ယင်းက သတ်မှတ်နာရီ ၅၀ ပြည့်မီရန် အကူအညီဖြစ်စေနိုင်သည်။ သင်သည် မတ်နှင့် ဧပြီလအတွင်း ဓမ္မအမှုအတွက် နာရီ ၅၀ ဇယားဆွဲရန် ဤဆောင်းပါးတွင်ပါသည့် အရန်ရှေ့ဆောင်ဇယား နမူနာများမှတစ်ခုကို အသုံးပြုနိုင်မည်လော။ သင်၏ဇယားကို အခြားသူများနှင့် ဆွေးနွေးပါ; အချို့သူတို့သည် ဓမ္မအမှုတွင် သင်နှင့်အတူပါဝင်ရန် အားတက်လာမည်မှာသေချာသည်။ သင်သည် အရန်ရှေ့ဆောင်မလုပ်နိုင်လျှင် ၎င်းလများအတွက် သတ်သတ်မှတ်မှတ် ပန်းတိုင်တစ်ခုထားကာ ရှေ့ဆောင်လုပ်နိုင်သူများကို အားပေးကူညီပါ။ မတ်နှင့် ဧပြီလအတွင်း ပိုမိုအမှုဆောင်ရန် သင်၏အစီအစဉ်များကို ယခုပင်ပြုလုပ်ပါ။
၉ သတိရအောက်မေ့ပွဲကို တန်ဖိုးထားလေးမြတ်ကြောင်းပြပါ– နှစ်စဉ် သတိရအောက်မေ့ပွဲကာလအတွင်း ရွေးနုတ်ဖိုးကို ကျေးဇူးတင်ခြင်းက အရန်ရှေ့ဆောင်လုပ်ရန် “အချိန်ဝယ်ယူ” ဖို့ များစွာသောသူတို့ကို လှုံ့ဆော်ပေးသည်။ (ဧ. ၅:၁၅၊ ၁၆၊ ကဘ) မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်က မတ်လ၌ အရန်ရှေ့ဆောင် ၁၅၈ ယောက်နှင့် ဧပြီလ၌ ၉၇ ယောက်ရှိသည်။ ၎င်းနှစ်လ၏ တစ်လစီအတွက် ပျမ်းမျှမှာ ၁၂၇ ယောက်ဖြစ်သည်။ ထိုလုပ်ငန်းတော်နှစ်၏ ယခင်လများ တစ်လစီအတွင်း အရန်ရှေ့ဆောင်လုပ်ခဲ့ကြသည့် ပျမ်းမျှအရေအတွက် ၆၅ ယောက်နှင့် ၎င်းကို နှိုင်းယှဉ်ကြည့်ပါ။ ဤနှစ်သတိရအောက်မေ့ပွဲကာလသည် လယ်ကွင်းဓမ္မအမှုတွင် ပိုမိုလုပ်ဆောင်ခြင်းအားဖြင့် ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သကာကို အမှန်တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြရန် နောက်ထပ် အခွင့်ကောင်းတစ်ရပ်ဖြစ်သည်။
၁၀ ဧပြီလ ၁၆ ရက်သို့ နီးကပ်လာသည်နှင့်အမျှ သတိရအောက်မေ့ပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း ဆင်ခြင်သုံးသပ်ပါ။ ခရစ်တော်အား သေခြင်းသို့ဦးတည်ပေးသည့် ဖြစ်ရပ်များနှင့် ကိုယ်တော်ကို အလွန်စိတ်လေးစရာဖြစ်စေသည့် တွေးဆမှုများအကြောင်း စဉ်းစားပါ။ ယေရှုရှေ့၌ထားသော ဝမ်းမြောက်ခြင်းနှင့် ယင်းက ထိုသို့သောနှိပ်စက်ကလူပြုမှုကို ခံရပ်နိုင်ရန် ကိုယ်တော်အား ကူညီပေးခဲ့ပုံတို့ကိုလည်း စဉ်းစားဆင်ခြင်ပါ။ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ကြီးကြပ်ရသည့် အသင်းတော်၏ဦးခေါင်းအဖြစ် ကိုယ်တော်၏ လက်ရှိရာထူးအကြောင်း တွေးတောပါ။ (၁ ကော. ၁၁:၃; ဟေဗြဲ ၁၂:၂; ဗျာ. ၁၄:၁၄-၁၆) ထို့နောက် သင့်အခြေအနေခွင့်ပြုသရွေ့ ဟောပြောခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံး အပြည့်အဝပါဝင်ခြင်းအားဖြင့် ခရစ်တော်လုပ်ဆောင်ပေးသည့် အရာအားလုံးအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြပါ။
၁၁ စေ့စပ်သေချာစွာသက်သေခံရန် အခြားသူတို့ကို အားပေးပါ– အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခြင်းအားဖြင့် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အခြားသူတို့ကိုအားပေးရန် ကောင်းသောအနေအထားတွင် ရှိကြသည်။ သူတို့သည် လယ်ကွင်းဓမ္မအမှုတွင် ကြေညာသူများနှင့်အတူ အမှုဆောင်သည့်အချိန်နှင့် သိုးထိန်းလည်ပတ်မှုများ ပြုလုပ်သည့်အချိန်တို့တွင် ဤအထူးလှုပ်ရှားမှုတွင် အပြည့်အဝပါဝင်ရန် အခြားသူတို့ကိုကူညီဖို့ အခွင့်အရေးကောင်းများ ရရှိကြသည်။ ကျွန်ုပ်တို့အားလုံး ၎င်းကိစ္စနှင့်ပတ်သက်၍ ဆုတောင်းခြင်းဖြင့် စေ့စပ်သေချာစွာသက်သေခံရာတွင် ကျွန်ုပ်တို့၏ စည်းလုံးစွာလုံ့လစိုက်ထုတ်မှုများကို ထပ်အားဖြည့်နိုင်ကြပါစေ။
၁၂ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအားလုံးသည် မတ်နှင့် ဧပြီလအတွင်း ပိုမိုလုပ်ဆောင်ရန်အတွက် အသင်းတော်အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သော်လည်း အထူးသဖြင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဧဝံဂေလိလုပ်ငန်းအတွက် သင့်လျော်သည့်အစီအစဉ်များကို အလေးထားပြုလုပ်သင့်သည်။ သူသည် ကြေညာသူအများစုအတွက် အဆင်ပြေသည့် လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှု ကျင်းပမည့်နေရာများ၊ နေ့နှင့် အချိန်တို့ကို စီစဉ်ကာ ယင်းတို့ကို ပုံမှန်ကြေညာသင့်သည်။ သက်သေခံခြင်းပုံစံအမျိုးမျိုးတွင် အသင်းတော်သားအားလုံးပါဝင်ရန် အခွင့်အရေးရဖို့ နေ့ဘက်၌ အချိန်အမျိုးမျိုးတွင်တွေ့ဆုံရန် အစီအစဉ်များပြုလုပ်နိုင်သည်။ ၎င်းတို့၌ စီးပွားရေးရပ်ကွက်များတွင် အမှုဆောင်ခြင်း၊ လမ်းပေါ်သက်သေခံခြင်း၊ တစ်အိမ်မှတစ်အိမ်သွားရောက်ခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းနှင့် တယ်လီဖုန်းဖြင့်သက်သေခံခြင်းတို့ ပါဝင်နိုင်သည်။ ထို့အပြင် သူသည် ထိုလများအတွင်း အသုံးပြုနိုင်ရန် စာပေ၊ မဂ္ဂဇင်းနှင့် ရပ်ကွက်အလုံအလောက်ရှိဖို့ စီစဉ်သင့်သည်။
၁၃ မတ်လတွင် ကျမ်းစာသင်အံမှုများစရန် ပန်းတိုင်ဖြင့် အသိပညာ စာအုပ်ကိုဝေငှကြမည်။ အသိပညာ စာအုပ်ကို ဝေငှရန်အတွက် အကြံပြုချက်ကောင်းများကို ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်တွင် ဖော်ပြထားသည်။ ဧပြီလတွင် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို ဝေငှမည်ဖြစ်သည်။ “မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ” တွင်ဖော်ပြထားသည့် အကြံပြုထားသောတင်ဆက်နည်းများကို အသုံးပြုရန် ကြိုးစားပါ။ အားလုံးသည် စေ့စပ်သေချာစွာသက်သေခံရန် ကောင်းစွာပြင်ဆင်ဖို့ အချိန်ယူသင့်သည်။
၁၄ အသင်းတော်၏ဦးခေါင်း ခရစ်တော်ယေရှု၏ ညွှန်ကြားမှုအောက်တွင် အမှုဆောင်ကာ အခြားသူတို့အား သတင်းကောင်းဝေငှရသည့် အခွင့်ထူးကို ရရှိထားခြင်းသည် မည်မျှကောင်းချီးဖြစ်သည်တကား! မတ်နှင့် ဧပြီလများသို့ နီးလာသည်နှင့်အမျှ ဟောပြော၍ စေ့စပ်သေချာစွာ သက်သေခံလော့ဟူသော ခရစ်တော်၏အမိန့်ကိုနာခံစဉ် ထိုလများကို ကျွန်ုပ်တို့၏ အကောင်းတကာ့အကောင်းဆုံးလများ ဖြစ်စေရန် ထပ်မံကြိုးစားကြစို့။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
၂၀၀၃ မတ်နှင့် ဧပြီလတွင် အရန်ရှေ့ဆောင်လုပ်ရန် နည်းလမ်းအသွယ်သွယ်
နေ့ နာရီ
တနင်္လာ ၁ ၂ — — ၂ —
အင်္ဂါ ၁ — ၃ — — —
ဗုဒ္ဓဟူး ၁ ၂ — ၅ — —
ကြာသပတေး ၁ — ၃ — — —
သောကြာ ၁ ၂ — — — —
စနေ ၅ ၄ ၃ ၅ ၆ ၇
တနင်္ဂနွေ ၂ ၂ ၃ ၂ ၂ ၃
မတ် ၅၆ ၅၆ ၅၄ ၅၅ ၅၀ ၅၀
ဧပြီ ၅၀ ၅၀ ၅၁ ၅၃ — —
၎င်းတို့အထဲမှတစ်ခုသည် သင့်အတွက် အံဝင်ခွင်ကျဖြစ်မည်လော။