ယေဟောဝါအား ခန့်ညားကြောက်ရွံ့ခြင်း၌လိုက်လျှောက်လော့
“(အသင်းတော်သည်) ယေဟောဝါအားခန့်ညားခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ နှစ်သိမ့်အားပေးခြင်း၌လည်းကောင်း လိုက်လျှောက်သဖြင့်တိုးပွားလေ၏။”—တမန်တော် ၉:၃၁၊ ကဘ။
၁၊ ၂။ (က) ခရစ်ယာန်အသင်းတော်၏ ငြိမ်းချမ်းသာယာသော ကာလ၌ ဘာဖြစ်ပျက်ခဲ့သနည်း။ (ခ) နှိပ်စက်ညှဉ်းပန်းခြင်းကို ယေဟောဝါခွင့်ပြုစေကာမူ ကိုယ်တော်ဘာလုပ်ဆောင်တော်မူသေးသနည်း။
တ ပည့်တော်တစ်ဦး အကြီးမားဆုံးစမ်းသပ်ခြင်းရင်ဆိုင်နေရသည်။ ဘုရား၌ သူ သမာဓိစောင့်ထိန်းနိုင်မည်လော။ သေချာပေါက်စောင့်ထိန်းနိုင်သည်။ သူသည်ဖန်ဆင်းတော်မူရှင်ကို စိုးရွံ့ရိုသေသောစိတ်နှင့်အတူ ဘုရားသခင်အားကြောက်ရွံ့ခြင်း၌ လိုက်လျှောက်ပြီး ယေဟောဝါ၏သစ္စာရှိသက်သေတစ်ဦးအနေနှင့် အသေခံမည်ဖြစ်သည်။
၂ ဘုရားခန့်ညားသော ထိုသမာဓိစောင့်သိသူမှာ “ယုံကြည်ခြင်းနှင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသော” သတေဖန်ပင်ဖြစ်သည်။ (တမန်တော် ၆:၅) သူ၏သေဆုံးခြင်းကြောင့် နှိပ်စက်ခြင်းလှိုင်းတံပိုးထန်လာခဲ့သော်လည်း ယင်းနောက်ပိုင်းတွင်အသင်းတော်သည် ယုဒ၊ ဂါလိလဲ၊ ရှမာရိနယ်များတလျှောက်တွင် ငြိမ်းချမ်းသာယာ၍ ဝိညာဉ်ရေးဘက်တွင် တည်ဆောက်ခြင်းရှိခဲ့လေသည်။ ထိုမျှမက “ယေဟောဝါအားခန့်ညားခြင်း၌လည်းကောင်း လိုက်လျှောက်သဖြင့် တိုးပွားလေ၏။” (တမန်တော် ၉:၃၁) တမန်တော်အခန်းကြီး ၆ မှ ၁၂ ၌ဖေါ်ပြထားသည့်အတိုင်း ယခုခေတ်ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည်အေးအေးချမ်းချမ်းနေရသည်ဖြစ်စေ၊ နှိပ်စက်ခံရသည်ဖြစ်စေ၊ ကျွန်ုပ်တို့ကိုယေဟောဝါ ကောင်းချီးပေးတော်မူမည်ကို ယုံကြည်စိတ်ချနိုင်သည်။ ထို့ကြောင့်နှိပ်စက်ခံရသော်လည်းကောင်း၊ ညှဉ်းပန်းခြင်းမှသက်သာခွင့်ကို ဝိညာဉ်ရေးတိုးတက်ရေးအတွက် အမှုတော်မြတ်ကို ပို၍တက်ကြွစွာ ထမ်းဆောင်ရေးအတွက် အသုံးချရာတွင်သော်လည်းကောင်း၊ ဘုရားသခင်အား ရိုသေခန့်ညားခြင်း၌ အစဉ်လိုက်လျှောက်ကြပါစို့။—တရားဟောရာ ၃၂:၁၁၊ ၁၂။ ၃၃:၂၇။
အဆုံးတိုင်အောင်သစ္စာရှိခြင်း
၃။ ယေရုရှလင်မြို့တွင် အဘယ်ပြဿနာကို ဖြေရှင်းခဲ့ရသနည်း။ အဘယ်သို့အားဖြင့်နည်း။
၃ အေးချမ်းသောကာလ၌ ပြဿနာများပေါ်ပေါက်လာလျှင်ပင် ကောင်းမွန်စွာစည်းရုံးလုပ်ဆောင်လျှင် ပြေလည်သွားနိုင်သည်။ (၆:၁–၇) ယေရုရှလင်မြို့ရှိဂရိစကားပြော ယုဒအမျိုးသားတို့က နေ့စဉ်ရိက္ခာဖြန့်ဖြူးရာတွင် သူတို့ဘက်မှမုဆိုးမများသည် ဟေဗြဲစကားပြောသော ယုဒအမျိုးသားယုံကြည်သူများနှင့် နှိုင်းယှဉ်လိုက်လျှင် ဥပေက္ခာပြုခံနေရသည်ဟု တိုင်တန်းကြသည်။ သို့သော် “ထိုအမှု” ကိုဆောင်ရွက်ရန်လူခုနစ်ယောက်ကို တမန်တော်များခန့်အပ်လိုက်သောအခါ ထိုပြဿနာပြေလည်သွားသည်။ ထိုသူတို့အနက်တစ်ဦးမှာ သတေဖန်ဖြစ်သည်။
၄။ မဟုတ်မမှန်စွပ်စွဲချက်တို့ကို သတေဖန်မည်သို့ ပြန်လည်ချေပခဲ့သနည်း။
၄ သို့သော်လည်းမကြာမီပင် ဘုရားအားခန့်ညားသောသတေဖန်သည် စမ်းသပ်ခြင်းခံရလေသည်။ (၆:၈–၁၅) လူအချို့တို့သည်သတေဖန်အား အတိုက်အခံပြုကြ၏။ အချို့မှာ “လွတ်လပ်သူများ၏ တရားဇရပ်အဖွဲ့ဝင်များ” ဖြစ်၏။ ဤသူတို့မှာသုံ့ပန်းအဖြစ် ရောမလူမျိုးဖမ်းသွားခံရပြီးနောက်ပိုင်းတွင် လွတ်မြောက်လာသော ယုဒအမျိုးသားများသော်လည်းကောင်း၊ လွတ်မြောက်ပြီးနောက် ယုဒဘာသာဝင်ဖြစ်လာကြသော ကျွန်များသော်လည်းကောင်း ဖြစ်ဖွယ်ရှိသည်။ သတေဖန်ကိုအတိုက်အခံပြုသော ရန်သူတို့သည်သတေဖန်ဟောပြောစဉ် အမှီပြုသောဉာဏ်နှင့်ဝိညာဉ်တော်ကို ချေပနိုင်စွမ်းမရှိသဖြင့် သူ့အားလွှတ်တော်သို့ခေါ်သွင်းကြ၏။ ဤမုသားသက်သေတို့က ‘ယေရှုသည်ဗိမာန်တော်ကိုဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့သည့် ထုံးတမ်းစဉ်လာများကို ပြောင်းလဲစေလိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏” ဟုထွက်ဆိုကြ၏။ သို့တစေ အတိုက်အခံတို့ကသတေဖန်သည် ဒုစရိုက်သမားမဟုတ်ဘဲ တည်ငြိမ်သောကောင်းကင်တမန်၏ မျက်နှာရှိသည်ကိုတွေ့မြင်ကြသည်။ သူသည်ဘုရားစေတမန်အနေနှင့် ကိုယ်တော်၏ထောက်ခံမှုရရှိသည်။ သူတို့မျက်နှာနှင့်ကွာခြားလိုက်လေခြင်း။ သူတို့သည်စာတန်၏လက်ပါးစေများ ဖြစ်သောကြောင့် သူတို့မျက်နှာမှာ ယုတ်မာသောစိတ်ထားကြောင့် ခက်ထန်မာကျောနေသည်။
၅။ သက်သေခံနေစဉ် အဘယ်အချက်တို့ကို သတေဖန်ထောက်ပြသနည်း။
၅ ယဇ်ပုရောဟိတ်မင်းကယာဖ မေးမြန်းစစ်ကြောသောအခါ သတေဖန်သည်ကြောက်ရွံ့ခြင်းကင်းစွာ သက်သေခံ၏။ (၇:၁–၅၃) သတေဖန်ကမေရှိယရောက်လာလျှင် ပညတ်တရားနှင့်ဗိမာန်တော်ဝတ်ပြုမှုတို့ကို ဖယ်ရှားပစ်ရန်ဘုရားရည်ရွယ်ထားကြောင်း ဣသရေလလူမျိုး၏သမိုင်းကို ပြန်ပြောင်းသုံးသပ်၍ တင်ပြခဲ့သည်။ ယုဒအမျိုးသားတိုင်းက ဂုဏ်ပြုကြသောကယ်တင်ရှင်မောရှေကို ဣသရေလအမျိုးသားများပစ်ပယ်ကြသကဲ့သို့ သာ၍ကြီးကျယ်သောကယ်တင်ခြင်းကို ဆောင်ကြဉ်းလာသောအရှင်ကို ယခုသူတို့လက်မခံကြကြောင်း သတေဖန်ထောက်ပြ၏။ လူတို့ဆောက်လုပ်သောဗိမာန်များ၌ ဘုရားကျိန်းဝပ်တော်မမူကြောင်း ပြောဆိုလိုက်ခြင်းအားဖြင့် ဗိမာန်တော်နှင့် ယင်း၏ကိုးကွယ်ဝတ်ပြုမှုစနစ် အဆုံးတိုင်မည့်အကြောင်း သတေဖန်တင်ပြသည်။ သို့သော် သူ့ကိုစီရင်နေသောတရားသူကြီးတို့သည် ဘုရားအားခန့်ညားခြင်းမရှိ။ အလိုတော်ကိုလည်း သိကျွမ်းလိုခြင်းမရှိကြသဖြင့် သတေဖန်ကဤသို့ပြောဆိုခဲ့သည်။ ‘ခေါင်းမာသောသူတို့၊ သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ခုခံကြသည်။ သင်တို့ဘိုးဘေးများ မနှိပ်စက်မညှဉ်းဆဲသည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောကြားသူတို့ကို သတ်ဖြတ်ခဲ့ကြ၏။ သင်တို့သည်ထိုအရှင်ကိုအပ်နှံ၍ အသေသတ်သူများဖြစ်ကြ၏။’
၆။ (က) သတေဖန်သည် မသေခင်၌ အဘယ်ယုံကြည်အားတက်ဖွယ် အတွေ့အကြုံ တွေ့ကြုံရသနည်း။ (ခ) သတေဖန်အနေဖြင့် “သခင်ယေရှုအကျွန်ုပ်၏ဝိညာဉ်ကိုသိမ်းယူတော်မူပါ” ဟုမှန်ကန်စွာ အဘယ်သို့ဆိုနိုင်သနည်း။
၆ သတေဖန်၏အကြောက်အရွံ့ကင်းသော ဟောပြောချက်ကြောင့် သူအသတ်ခံရခြင်းဖြစ်သည်။ (၇:၅၄–၆၀) တရားသူကြီးတို့သည် ယေရှု၏သေခြင်းနှင့်ပတ်သက်၍ အပြစ်မကင်းပုံကို ဤသို့ဖေါ်ထုတ်ခံရသည့်အတွက် အမျက်ချောင်းချောင်းထွက်ကြ၏။ သို့သော်သတေဖန်သည် ‘ကောင်းကင်ဘုံသို့မျှော်ကြည့်စဉ် ဘုရားသခင့်ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားလက်ယာဘက်တွင်ရပ်နေသော ယေရှုကိုလည်းကောင်းမြင်’ ရသောအခါ သူ့ယုံကြည်ခြင်းမည်မျှခိုင်ခံ့ အားတက်ခဲ့မည်တကား။ သတေဖန်အနေဖြင့် ဘုရားအလိုတော်ကိုဆောင်ပြီးပြီဟူသော ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ရန်သူများကိုယခုရင်ဆိုင်နိုင်ပြီဖြစ်သည်။ ယေဟောဝါသက်သေတို့သည် ရူပါရုံများမမြင်ရစေကာမူ နှိပ်စက်ညှဉ်းဆဲခံရသောအခါ၌ အလားတူဘုရားပေး တည်ငြိမ်ခြင်းမျိုးရှိနိုင်ကြသည်။ သတေဖန်၏ရန်သူတို့ကသူ့အား ယေရုရှလင်မြို့ပြင်တွင် ကျောက်ခဲနှင့်စ၍ပေါက်ကြသောအခါသူက “သခင်ယေရှု အကျွန်ုပ်၏ဝိညာဉ်ကိုသိမ်းယူတော်မူပါ” ဟုလျှောက်ဆိုလေ၏။ အခြားသူတို့ကို အသက်ရှင်ရန်ထမြောက်စေနိုင်သော အခွင့်အာဏာကိုယေရှုအား ဘုရားအပ်နှင်းထားတော်မူသောကြောင့် ဤသို့တောင်းလျှောက်ခြင်းမှာ လျောက်ပတ်ပေ၏။ (ယောဟန် ၅:၂၆; ၆:၄၀; ၁၁:၂၅၊ ၂၆) သတေဖန်သည်ဒူးထောက်၍ “ယေဟောဝါ၊ ဤအပြစ်ကိုသူတို့အပေါ်တင်တော်မမူပါနှင့်” ဟုကြွေးကြော်လေ၏။ ထိုနောက်အာဇာနည်အနေနှင့် သေခြင်း၌အိပ်ပျော်လေ၏။ ထိုအချိန်မှစ၍ ယနေ့ခေတ်သစ်ကာလ၌ပင် အခြားသူအမြောက်အမြားလည်း ဤသို့ပင်ပြုခဲ့ကြသည်။
ညှဉ်းဆဲခြင်းကြောင့် သတင်းကောင်း ပျံ့နှံ့
၇။ နှိပ်စက်ညှဉ်းဆဲခြင်းမှ အဘယ်အကျိုးရလဒ်ဖြစ်ပေါ်သနည်း။
၇ သတေဖန်၏သေခြင်းကြောင့် သတင်းကောင်းပျံ့နှံ့ခြင်းအကျိုးဖြစ်ထွန်းခဲ့သည်။ (၈:၁–၄) နှိပ်စက်ခြင်းကြောင့်တမန်တော်တို့မှတပါး တပည့်တော်ရှိသမျှသည် ယုဒနှင့်ရှမာရိနယ်တစ်လျှောက် ကွဲလွင့်သွားကြသည်။ သတေဖန်သတ်မှုတွင် အလိုတူအလိုပါဖြစ်သောရှောလုသည် သားရိုင်းတိရစ္ဆာန်တစ်ကောင်ပမာ အသင်းတော်ကိုလိုက်လံဖျက်ဆီးသည်။ တစ်အိမ်ပြီးတစ်အိမ်ဝင်ကာ ယေရှု၏တပည့်တော်များကို ဆွဲထုတ်၍ထောင်ချကြသည်။ သို့သော် ကွဲလွင့်ကြသောတပည့်တော်များ ဆက်လက်ဟောပြောကြသည်နှင့်အမျှ နှိပ်စက်ခြင်းအားဖြင့် ဘုရားအားခန့်ညားသော နိုင်ငံတော်ကြွေးကြော်သူများကို ရပ်တန့်စေမည့်စာတန့်အစီအစဉ် ပျက်ပြားသွားလေသည်။ ယခုခေတ်၌လည်း နှိပ်စက်ညှဉ်းဆဲခြင်းသည် မကြာခဏသတင်းကောင်းကို ပျံ့နှံ့စေသည်။ သို့မဟုတ်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအပေါ် လူတို့အာရုံစိုက်လာစေသည်။
၈။ (က) ရှမာရိနယ်တွင် ဟောပြောခြင်းကြောင့် အဘယ်အကျိုးရလဒ်ဖြစ်ပေါ်သနည်း။ (ခ) ယေရှုအပ်နှင်းသော ဒုတိယသော့ကို ပေတရုအဘယ်သို့အသုံးပြုခဲ့သနည်း။
၈ သတင်းကောင်းဟောပြောသူ ဖိလိပ္ပုသည်ရှမာရိမြို့သို့သွား၍ “ခရစ်တော်အကြောင်းကိုဟောလေ၏။” (၈:၅–၂၅) သတင်းကောင်းကြေညာ၍ နတ်ဆိုးများကိုနှင်ထုတ်ကာ လူတို့၏အနာရောဂါပျောက်ကင်းကြသောအခါ ထိုမြို့တွင်အကြီးအကျယ်ဝမ်းမြောက်ရွှင်မြူးကြ၏။ ယေရှရုလင်မြို့ရှိတမန်တော်တို့က ပေတရုနှင့်ယောဟန်တို့ကို ရှမာရိမြို့သို့စေလွှတ်လိုက်သည်။ သူတို့ဆုတောင်း၍ နှစ်ခြင်းခံပြီးသူတို့အပေါ် လက်ကိုတင်သောအခါ တပည့်တော်များသန့်ရှင်းသောဝိညာဉ်တော်ခံရကြ၏။ နှစ်ခြင်းခံခါစမှော်ဆရာတစ်ဖြစ်လဲ ရှိမုန်ဆိုသူသည် ထိုတန်ခိုးအာဏာကိုဝယ်ယူရန်ကြိုးစားရာပေတရုက ‘သင်၏ငွေသည်သင်နှင့်အတူပျက်စီးပါစေ။ သင့်စိတ်နှလုံးသည် ဘုရားရှေ့တော်၌မဖြောင့်’ ဟုဆို၏။ သူအားနောင်တရရန်၊ အပြစ်လွှတ်ဖို့ယေဟောဝါထံဆုတောင်းရန်၊ ပြောသောအခါ သူကသူ့အတွက် ဆုတောင်းပေးကြပါဟု တမန်တော်တို့အားတောင်းပန်၏။ ဤအမှုအရာက ယေဟောဝါအား ခန့်ညားသူအားလုံး နှလုံးကိုကာကွယ်စောင့်ရှောက်ရာတွင် ဘုရားအကူအညီရရှိရေးအတွက် ဆုတောင်းရန်လှုံ့ဆော်ပေးသင့်သည်။ (သု၊ ၄:၂၃) (ဤဖြစ်ရပ်မှ “ဓမ္မဆရာအရာ သို့မဟုတ် သာသနာရာထူးရောင်းဝယ်ခြင်း” အဓိပ္ပာယ်ရသော “ဆိုင်မွန်နီ” (simony) စကားလုံးပေါ်လာခဲ့သည်) ပေတရုနှင့်ယောဟန်တို့သည် ရှမာရိကျေးရွာများစွာ၌ သက်သေခံကြ၏။ ဤသို့ဖြင့် ပေတရုသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်ရေးအတွက်အသိပညာနှင့် အခွင့်အခါတံခါးကို ဖွင့်ပေးရန် ယေရှုအပ်ပေးတော်မူသော ဒုတိယသော့ကို အသုံးပြုခဲ့လေသည်။—မဿဲ ၁၆:၁၉။
၉။ ဖိလိပ္ပုသက်သေခံသူ အဲသယောပိလူကား မည်သူနည်း။ သူအဘယ်ကြောင့်နှစ်ခြင်းခံနိုင်ခဲ့သနည်း။
၉ ထို့နောက် ဘုရားသခင့်ကောင်းကင်တမန်က ဖိလိပ္ပုအား တာဝန်အသစ်ပေးအပ်၏။ (၈:၂၆–၄၀) ယေရုရှလင်မြို့မှဂါဇမြို့သို့ သွားရာလမ်းတွင် မြင်းလှည်းတစ်စီးပေါ် “မိန်းမစိုး” တစ်ဦးစီးနင်းလိုက်ပါလာသည်။ သူသည် အဲသယောပိဘုရင်မ ကန္ဒက်၏ဘဏ္ဍာရေးမှူးချုပ်ဖြစ်၏။ သူသည် ယုဒအမျိုးသားအသင်းတော်မှ တားမြစ်ထားသော သင်းကွပ်ထားသူ မိန်းမစိုးမဟုတ်ဘဲ အရေဖျားလှီးခြင်းခံပြီးသော ယုဒဘာသာဝင်တစ်ဦးအနေနှင့် ယေရုရှလင်မြို့သို့ ကိုးကွယ်ခြင်းငှာ သွားခဲ့သူဖြစ်သည်။ (တရားဟောရာ ၂၃:၁) မိန်းမစိုးသည် ဟေရှာယကျမ်းလိပ်ဖတ်နေသည်ကို ဖိလိပ္ပုတွေ့ရသည်။ လှည်းပေါ်သို့ခေါ်တင်ပြီးနောက် ဖိလိပ္ပုသည် ဟေရှာယပရောဖက်ပြုချက်ကို ဆွေးနွေး၍ “ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။” (ဟေရှာယ ၅၃:၇၊ ၈) မကြာမီ အဲသယောပိလူက “ကြည့်ပါ။ ရေရှိပါသည်။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားသနည်း” ဟုဆို၏။ သူသည် ဘုရားသခင်ကိုသိကျွမ်းပြီး ယခုလည်းခရစ်တော်ကိုယုံကြည်သည်ဖြစ်၍ အဘယ်ဆီးတားသည့်အကြောင်းမျှ မရှိပါ။ သို့နှင့် ဖိလိပ္ပုသည် အဲသယောပိလူအား နှစ်ခြင်းပေးလေ၏။ ထိုနောက် ထိုသူသည် ဝမ်းမြောက်စွာ ခရီးဆက်သွားလေ၏။ သင့်အား နှစ်ခြင်းမခံစေခြင်းငှာ တားဆီးနေသည့်အရာ တစ်စုံတစ်ခုရှိသလော။
နှိပ်စက်ညှဉ်းဆဲသူပြောင်းလဲခြင်း
၁၀၊ ၁၁။ တာရှုမြို့သားရှောလုသည် ဒမာသက်မြို့သို့သွားရာလမ်းတွင်လည်းကောင်း၊ ထိုနောက်မကြာမီတွင်လည်းကောင်းအဘယ်သို့ကြုံတွေ့ခဲ့ရသနည်း။
၁၀ ထိုအတောအတွင်း ရှောလုသည် ယေရှု၏နောက်တော်လိုက်များအား ထောင်ချမည်၊ သတ်မည်ဟု ခြိမ်းခြောက်၍ သူတို့၏ယုံကြည်ခြင်းတရားကို စွန့်လွှတ်စေရန် နည်းလမ်းရှာကြံလေ၏။ (၉:၁–၁၈က) ယဇ်ပုရောဟိတ်မင်း (ကယာဖဖြစ်ဖွယ်ရှိမည်) ကသူ့အား “ထိုလမ်းစဉ်” သို့မဟုတ် ခရစ်တော်၏ပုံသက်သေကို အခြေခံသော ဘဝကျင့်စဉ်လိုက်သူ အမျိုးသား၊ အမျိုးသမီးတို့ကို ဖမ်းဆီး၍ ယေရုရှလင်မြို့သို့ ခေါ်ဆောင်လာရန် အာဏာအပ်နှင်းကြောင်း ဒမာသက်မြို့တရားဇရပ်များသို့ အမှာစာပါးလိုက်သည်။ သို့သော်လည်း မွန်းတည့်ချိန်ခန့် ဒမာသက်မြို့အနီးသို့ရောက်သောအခါ မိုးကောင်းကင်မှ အလင်းရောင်ခြည်တစ်ခု ရုတ်တရက်ထွန်းတောက်ပြီး “ရှောလု၊ ရှောလုအဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်း” ဟုမေးမြန်းသံထွက်ပေါ်လာ၏။ ရှောလုနှင့်လိုက်ပါသူတို့သည် “ထိုအသံ” ကိုကြားရသော်လည်း ဘာပြောသည်ကိုနားမလည်ကြ။ (တမန်တော် ၂၂:၆၊ ၉) ဘုန်းပွင့်သောယေရှု ထိုသို့ဝိုးတဝါးထင်ရှားပြလိုက်ရုံမျှနှင့် ရှောလုမျက်စိအလင်းကွယ်သွားသည်။ သို့သော် ဘုရားသခင်သည် တပည့်တော်အာနနိအားဖြင့် သူ့မျက်စိအလင်းပြန်လည်ရရှိစေ၏။
၁၁ သူနှစ်ခြင်းခံပြီးနောက် ယခင်ကသူတစ်ပါးကို ညှဉ်းဆဲခဲ့သူသည် ညှဉ်းဆဲခံ ဘဝရောက်သွားလေသည်။ (၉:၁၈ခ–၂၅) ဒမာသက်မြို့ရှိ ယုဒအမျိုးသားတို့က ရှောလုကိုသတ်လိုကြ၏။ သို့ရာတွင် တပည့်တော်တို့သည် ညဉ့်အခါသူ့အား ကြိုးဖြင့်သော်လည်းကောင်း၊ သစ်ခက်ဖြင့်သော်လည်းကောင်း ရက်ထားသောတောင်းကြီးတွင် ထည့်၍ မြို့ရိုး၌ဖောက်ထားသော အပေါက်တစ်ပေါက်မှ အောက်သို့လျှောချကြ၏။ (၂ ကောရိန္သု ၁၁:၃၂၊ ၃၃) ထိုအပေါက်မှာ မြို့ရိုးနှင့်တဆက်တည်း ဆောက်ထားသော တပည့်တော်တစ်ဦး၏နေအိမ်ပြူတင်းပေါက် ဖြစ်ကောင်းဖြစ်မည်။ ယခုကဲ့သို့ ရန်သူတို့ကို တိမ်းရှောင်၍ ဆက်လက်ဟောပြောခြင်းသည် သူရဲဘောကြောင်သောလုပ်ရပ်မဟုတ်ပေ။
၁၂။ (က) ယေရုရှလင်မြို့တွင် ရှောလုဘာတွေ့ကြုံခဲ့ရသနည်း။ (ခ) အသင်းတော်အဘယ်သို့တွေ့ကြုံဖြစ်ပျက်သနည်း။
၁၂ ယေရုရှလင်မြို့၌ ရှောလုအားယုံကြည်သူရောင်းရင်းတစ်ဦးအဖြစ် တပည့်တော်များလက်ခံလာစေရန် ဗာနဗကူညီပေးခဲ့သည်။ (၉:၂၆–၃၁) ရှောလုသည် ဂရိစကားပြောယုဒအမျိုးသားတို့နှင့် မကြောက်မရွံ့အချေအတင် ဆွေးနွေး၏။ သို့ရာတွင် ထိုသူတို့သည် သူ့ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။ ထိုအကြောင်းကိုကြားသိသောအခါ ညီအစ်ကိုတို့သည် သူ့ကိုကဲသရိမြို့သို့ ပို့ဆောင်ပြီးလျှင် ထိုမှတဖန် ကိလိကိပြည်ရှိသူ၏ဇာတိ တာရှုမြို့သို့ထွက်သွားစေ၏။ ထိုအခါအသင်းတော်သည် ယုဒ၊ ဂါလိလဲနှင့်ရှမာရိနယ်များတစ်လျှောက်တွင် “ငြိမ်းချမ်းသာယာလျက်” ဝိညာဉ်ရေးအရ “တည်ဆောက်လျက်” ရှိ၏။ အသင်းတော်သည် ‘ယေဟောဝါအားခန့်ညားခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ နှစ်သိမ့်အားပေးခြင်း၌လည်းကောင်း လျှောက်လိုက်သဖြင့်တိုးပွားလေ၏။’
လူမျိုးခြားများ ယုံကြည်သူများဖြစ်လာခြင်း
၁၃။ လုဒ္ဒမြို့နှင့်ယုပ္ပေမြို့တို့တွင် အဘယ်အံ့ဖွယ်အမှုကို ပြုလုပ်ရန်ပေတရုအား ဘုရားသခင်တန်ခိုးပေးတော်မူသနည်း။
၁၃ ထိုအချိန်၌ ပေတရုလည်းအလုပ်များနေသည်။ (၉:၃၂–၄၃) သူသည် ရှာရုန်လွင်ပြင်ရှိလုဒ္ဒမြို့ (ယခုခေတ် လော့ဒ်) တွင် လေဖြတ်ထားသူအဲနေကို ကျန်းမာစေ၏။ ဤကုသပေးမှုကြောင့်လူအများ သခင်ဘုရားထံလှည့်ဝင်ကြ၏။ ယုပ္ပေမြို့တွင် ချစ်လှစွာသောတပည့်တော်တဗိသ(ဒေါ်ကာ) သည် ဖျားနာ၍သေလေ၏။ ပေတရုရောက်လာသောအခါ ငိုကြွေးနေကြသောမုဆိုးမတို့က သူတို့ဝတ်ဆင်ထားဖွယ်ရှိသည့် ဒေါ်ကာချုပ်လုပ်ပေးခဲ့သော အင်္ကျီများကိုပြကြ၏။ ဒေါ်ကာကိုပေတရုအသက်ပြန်ရှင်စေ၏။ ဤသတင်းပျံ့နှံ့သွားသောအခါ လူအမြောက်အမြားသက်ဝင်ယုံကြည်သူများ ဖြစ်လာကြ၏။ ယုပ္ပေမြို့တွင် ပေတရုသည် ရှိမုန်အမည်ရှိသူ သားရေနယ်သမား၏ အိမ်တွင်တည်းခို၏။ သူ့အိမ်သည် ပင်လယ်ကမ်းအနီးတွင်ရှိသည်။ သားရေနယ်သမားတို့သည် တိရစ္ဆာန်သားရေများကို ပင်လယ်ရေတွင်စိမ်ပြီးနောက် အမွေးမချွတ်မီ ထုံးရည်နှင့်ပြုပြင်သည်။ ထိုသားရေစိမ်းတို့ကို သစ်ခေါက်ပြုတ်ရည်နှင့် နယ်၍သားရေကျက်ဖြစ်စေ၏။
၁၄။ (က) ကော်နေလိကားမည်သူနည်း။ (ခ) ကော်နေလိ၏ပတ္ထနာစကားမည်သို့ပြည့်စုံမှန်ကန်ခဲ့သနည်း။
၁၄ ထိုအချိန်တွင် (စီအီး ၃၆ခုနှစ်) တစ်နေရာ၌ ထူးခြားသည့်ဖြစ်ရပ်တစ်ခုဖြစ်ပျက်၏။ (၁၀:၁–၈) ကဲသရိမြို့တွင် ဘုရားတရားကြည်ညိုသော လူမျိုးခြားကော်နေလိနေထိုင်၏။ သူသည် အင်အားတစ်ရာခန့်ကို အုပ်ရသော ရောမတပ်မှူးတစ်ယောက်ဖြစ်ပြီးလျှင် “ဣတလိတပ်” ကိုဦးစီးအုပ်ချုပ်ရသည်။ ထိုတပ်ကို ရောမနိုင်ငံသားများနှင့်ဣတလိပြည်မှ လွတ်လပ်ခွင့်ရသောကျွန်တို့ကို သိမ်းသွင်းစုဆောင်း၍ ဖွဲ့စည်းထားသည်။ ကော်နေလိသည် ဘုရားအားခန့်ညားသော်လည်း ယုဒဘာသာဝင်တစ်ဦးကားမဟုတ်ပေ။ ရူပါရုံတွင် ကောင်းကင်တမန်တစ်ပါးက သူ၏ဆုတောင်းပတ္ထနာများသည် “ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာ ဖို့တက်ကြပြီ” ဟုပြောဆို၏။ ထိုစဉ်က ကော်နေလိသည် ယေဟောဝါထံမအပ်နှံရသေးသော်လည်း သူ၏ဆုတောင်းပတ္ထနာသည် နားညောင်းတော်မူခြင်းခံရ၏။ သို့သော်လည်း ကောင်းကင်တမန်ညွှန်ကြားသည့်အတိုင်း ပေတရုကိုသွားရောက်ဖိတ်စေ၏။
၁၅။ ရှိမုန်၏အိမ်မိုးပေါ်တွင် ပေတရု ဆုတောင်းနေစဉ်ဘာဖြစ်ပျက်သနည်း။
၁၅ ထိုအချိန်အတောအတွင်း ပေတရုသည် ရှိမုန်၏အိမ်မိုးပေါ်တွင်ဆုတောင်းနေစဉ် ရူပါရုံတစ်ခုမြင်ရ၏။ (၁၀:၉–၂၃) ရူပါရုံတွင် မသန့်ရှင်းသောခြေလေးချောင်းသတ္တဝါများ၊ တွားသွားသတ္တဝါများနှင့်ငှက်အမျိုးမျိုးအပြည့်ပါရှိသည့်ရွက်ထည်ကဲ့သို့သော အရာတစ်ခု ကောင်းကင်မှကျလာသည်ကို သူမြင်ရ၏။ သတ်၍စားလော့ဟုညွှန်ကြားခံရသောအခါ ပေတရုက ညစ်ညမ်းသောမည်သည့်အရာကိုမှ အဘယ်အခါမျှမစားခဲ့ပါဟုပြန်ဆို၏။ ‘ဘုရားသခင်သန့်စင်စေပြီးသောအရာကို ညစ်ညမ်းသည်ဟုမဆိုရ’ ဟုအသံကြားရ၏။ ထိုရူပါရုံကြောင့် ပေတရုနားလည်ရခက်သွားသော်လည်း ဝိညာဉ်တော်၏ ညွှန်ကြားမှုအတိုင်းသူလိုက်နာ၏။ ဤသို့အားဖြင့် သူနှင့်ယုဒညီအစ်ကိုခြောက်ယောက်တို့သည် ကော်နေလိစေလွှတ်လိုက်သော တမန်တို့နှင့်အတူလိုက်သွားလေ၏။—တမန်တော် ၁၁:၁၂။
၁၆၊ ၁၇။ (က) ကော်နေလိနှင့်သူ့အိမ်တွင်စုဝေးနေသူတို့အား ပေတရုဘာပြောခဲ့သနည်း။ (ခ) ပေတရုဟောပြောနေစဉ် ဘာဖြစ်ပျက်သနည်း။
၁၆ ယခုပထမလူမျိုးခြားတို့သည် သတင်းကောင်းကြားနာရတော့မည်။ (၁၀:၂၄–၄၃) ပေတရုနှင့်အပေါင်းပါများ ကဲသရိမြို့သို့ရောက်သောအခါ ကော်နေလိသည် ဆွေမျိုးသားချင်းများ၊ ရင်းနှီးသောမိတ်ဆွေများနှင့်အတူ စောင့်ကြိုနေကြ၏။ ကော်နေလိသည် ပေတရုခြေရင်းတွင်ပျပ်ဝပ်လေ၏။ သို့ရာတွင် တမန်တော်ကဤသို့ရိုကျိုးဦးနှိမ်ခြင်းကို စိတ်နှိမ့်ချစွာဖြင့်ငြင်းပယ်လိုက်သည်။ သူကယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်အားဖြင့် ယေရှုအားမေရှိယအဖြစ်မည်သို့ဘိသိက်ပေးခဲ့ပုံ ပြောပြပြီးနောက် ယေရှုကိုယုံကြည်သူတိုင်းအပြစ်လွှတ်ခြင်းခံရမည့်အကြောင်းရှင်းပြ၏။
၁၇ ယခုတွင် ယေဟောဝါစတင်လုပ်ဆောင်လာတော်မူ၏။ (၁၀:၄၄–၄၈) ပေတရုပြောနေစဉ် ယုံကြည်သက်ဝင်သူ လူမျိုးခြားတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်စေတော်မူ၏။ ထိုနောက်သူတို့သည် ထိုနေရာတွင်ဘုရားအားဖြင့် မွေးဖွားခြင်းခံရပြီး ဘာသာခြားစကားပြောဆိုနိုင်ရန်နှင့်ဘုရားသခင့်ဂုဏ်တော်ကို ချီးမွမ်းနိုင်ရန်မှုတ်သွင်းခံရကြ၏။ ထိုကြောင့်သူတို့သည် ယေရှုခရစ်၏နာမတော်၌ ထိုက်ထိုက်တန်တန်နှစ်ခြင်းခံယူကြသည်။ ဤသို့ဖြင့် ပေတရုသည်ကောင်းကင်နိုင်ငံတော်သို့ဝင်နိုင်ရေးအတွက် အသိပညာနှင့်အခွင့်အခါတံခါးကို ဘုရားသခင့်အားခန့်ညားသောလူမျိုးခြားတို့အတွက်ဖွင့်ပေးရန် တတိယသော့ကို အသုံးပြုခဲ့လေသည်။—မဿဲ ၁၆:၁၉။
၁၈။ လူမျိုးခြားတို့သည် “သန့်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံခံကြ” ကြောင်း ပေတရုရှင်းပြသောအခါ ယုဒအမျိုးသားညီအစ်ကိုများ အဘယ်သို့တုံ့ပြန်ကြသနည်း။
၁၈ နောက်ပိုင်း၌ ယေရုရှလင်မြို့တွင် အရေဖျားလှီးမင်္ဂလာထောက်ခံသူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြသည်။ (၁၁:၁–၁၈) သို့ရာတွင် လူမျိုးခြားတို့မည်သို့အားဖြင့် “သန့်ရှင်းသောဝိညာဉ်တော်၌နှစ်ခြင်းခံ” ရပုံကိုသူရှင်းပြလိုက်သောအခါ ယုဒအမျိုးသားညီအစ်ကိုတို့သည် ဝေဖန်မှုမပြုတော့ဘဲ “ဘုရားသခင်သည်လူမျိုးခြားတို့အားလည်းနောင်တရ၍ အသက်ရှင်သန်ခွင့်ကိုပေးတော်မူပါသည်တကား” ဟုဆို၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကျူးကြ၏။
လူမျိုးခြားအသင်းတော်တည်ထောင်ခြင်း
၁၉။ တပည့်တော်တို့သည် ခရစ်ယာန်များဟူ၍ အဘယ်သို့ ခေါ်ဝေါ်သမုတ်ခြင်းခံရကြသနည်း။
၁၉ ပထမလူမျိုးခြားအသင်းတော်ယခုတည်ထောင်လိုက်သည်။ (၁၁:၁၉–၂၆) သတေဖန် အသတ်ခံရချိန်၌ ဖြစ်ပေါ်လာသောနှိပ်စက်ညှဉ်းဆဲမှုကြောင့် တပည့်တော်များအရပ်ရပ်သို့ ပျံ့လွင့်သွားစဉ်တွင် အချို့သည်ရှုရိပြည်အန္တိအုတ်မြို့သို့ရောက်သွားကြ၏။ ထိုမြို့သည် မစင်ကြယ်သော ကိုးကွယ်မှုနှင့်စာရိတ္တယိုယွင်းမှုဖက်တွင် ကျော်ကြား၏။ ထိုတွင် ဂရိစကားပြောသူတို့ကို သူတို့သတင်းကောင်းဟောပြောကြသောအခါ “ယေဟောဝါ၏လက်တော်သည် သူတို့နှင့်အတူရှိ” သဖြင့်အမြောက်အမြားယုံကြည်သက်ဝင်လာကြသည်။ ဗာနဗနှင့်ရှောလုတို့သည် ထိုမြို့တွင် တစ်နှစ်ကြာဟောပြောသွန်သင်ကြသည်။ “တပည့်တော်တို့သည် ဘုရားညွှန်ကြားမှုဖြင့် ပထမဆုံးအကြိမ်ခရစ်ယာန်များဟုခေါ်ဝေါ်သမုတ်ခံရသည့်အရပ်မှာ အန္တိအုတ်မြို့ဖြစ်သည်။” “ဘုရားညွှန်ကြားမှု” ဟူ၍ ဘာသာပြန်ဆိုသော ဂရိစကားလုံး ခရယ်မာတီးဇို (khre·ma·ti’zo) မှာကျမ်းစာ၌ ဘုရားသခင့်ထံမှ သက်ရောက်သောအရာတို့နှင့် အစဉ်သဖြင့်ဆက်နွယ်၍ အသုံးပြုထားသဖြင့်ထိုသို့ခေါ်ဝေါ်သမုတ်ရန်သူတို့အား ယေဟောဝါညွှန်ကြားတော်မူခဲ့သည်မှာယုံမှားဖွယ်မရှိပေ။
၂၀။ အာဂဗု ဘာအကြောင်းဟောကိန်းထုတ်ခဲ့သနည်း။ အန္တိအုတ်အသင်းတော်အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။
၂၀ ဘုရားခန့်ညားသောပရောဖက်တို့သည်လည်း ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့ရောက်လာကြ၏။ (၁၁:၂၇–၃၀) ထိုသူတို့အနက်တစ်ဦးမှာ အာဂဗုဖြစ်ပြီးသူသည် “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်” ဟုဟောလေ၏။ ရောမဧကရာဇ် ကလောဒိ (စီအီး ၄၁-၅၄ခုနှစ်) လက်ထက်၌ ထိုပရောဖက်ပြုချက် ပြည့်စုံခဲ့ပြီး သမိုင်းဆရာဂျိုစီဖပ်စ်က ဤ “ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး” အကြောင်းရည်ညွှန်ဖေါ်ပြထားသည်။ (Jewish Antiquities, XX, 51; XX, 101) မေတ္တာ၏စေ့ဆော်မှုကြောင့်အန္တိအုတ်အသင်းတော်သည် ယုဒပြည်ရှိဒုက္ခရောက်နေသောညီအစ်ကိုများထံထောက်ပံ့ငွေပေးပို့ခဲ့၏။—ယောဟန် ၁၃:၃၅။
နှိပ်စက်ညှဉ်းပန်းခြင်းအကျိုးမရှိ
၂၁။ ပထမမြောက်ဟေရုဒ်အဂြိပ္ပကပေတရုအားမည်သို့အရေးယူသနည်း။ သို့သော်အဘယ်နောက်ဆက်တွဲ အကျိုးဖြစ်ပေါ်သနည်း။
၂၁ ယေရုရှလင်မြို့ရှိ ယေဟောဝါအားခန့်ညားသူတို့ကို ပထမမြောက်ဟေရုဒ်အဂြိပ္ပမင်းစတင်နှိပ်စက်ညှဉ်းဆဲချိန်တွင် ထိုငြိမ်းချမ်းသာယာသောကာလ ကုန်ဆုံးသွားသည်။ (၁၂:၁–၁၁) ဟေရုဒ်သည် ယာကုပ်ကိုဓားဖြင့် ကွပ်မျက်လိုက်၏။ ပထမတမန်တော်အာဇာနည်အဖြစ်ခေါင်းဖြတ်ခံရဖွယ်ရှိသည်။ ယုဒအမျိုးသားများ နှစ်သက်သဘောကျသည်ကိုတွေ့၍ ဟေရုဒ်သည် ပေတရုကိုပါ ထောင်ချလိုက်၏။ ပေတရုသည် တစ်ဖက်စီတွင် စစ်သားတစ်ယောက်စီနှင့် သံကြိုးဖြင့် ချည်နှောင်ထားပုံရသည်။ အခြားနှစ်ယောက်က ထောင်ခန်းကိုစောင့်ကြပ်နေသည်။ ပသခါပွဲတော်နှင့် တဆေးမဲ့ပွဲတော် (နိသန်လ ၁၄-၂၁) လွန်လျှင် သူ့အားကွပ်မျက်ရန် ဟေရုဒ်စီစဉ်ထားသော်လည်း သူ့အတွက် အသင်းတော်ဆုတောင်းပတ္ထနာများသည် အချိန်ကိုက်နားညောင်းတော်မူခြင်းခံရလေသည်။ ကျွန်ုပ်တို့၏ပတ္ထနာများလည်း မကြာခဏဤသို့ပင် နားညောင်းတော်မူခြင်း ခံရသကဲ့သို့ပင်။ တမန်တော်ပေတရုကို ဘုရားသခင့်ကောင်းကင်တမန်က အံ့ဖွယ်နည်းဖြင့် လွတ်မြောက်စေခြင်းဖြင့် သူတို့ဆုတောင်းပြည့်သွားကြသည်။
၂၂။ မာကု၏မိခင်မာရိ၏အိမ်သို့ သွားသောအခါ ဘာဖြစ်ပျက်သနည်း။
၂၂ မကြာမီပေတရုသည်မာရိ (ယောဟန်၏မိခင်) ၏အိမ်သို့ရောက်သွားသည်။ ထိုအိမ်မှာ ခရစ်ယာန်စည်းဝေးရာနေရာဖြစ်ဖွယ်ရှိသည်။ (၁၂:၁၂–၁၉) အမှောင်ထဲတွင် အစေခံမလေးရောဒေက ပေတရု၏အသံကို မှတ်မိသော်လည်း တံခါးကိုမဖွင့်ဘဲထား၏။ အစ၌တပည့်တော်တို့သည် ပေတရုကိုယ်စား ကောင်းကင်တမန်တစ်ပါးကို ဘုရားစေလွှတ်တော်မူ၍ ပေတရုအသံကဲ့သို့ ပြောဆိုစေသည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင်ပေတရုအား ဝင်ခွင့်ပြုလိုက်သောအခါ သူကလွတ်မြောက်လာပုံကို ယာကုပ်နှင့်အခြားညီအစ်ကိုတို့ (အကြီးအကဲများဖြစ်ဟန်တူသည်) အားပြောပြကြရန် မှာကြားပြီးလျှင် ထွက်ခွာသွား၏။ စစ်ဆေးမေးမြန်းခဲ့သော် သူတို့အတွက်သော်လည်းကောင်း၊ သူ့အတွက်သော်လည်းကောင်း အန္တရာယ်မရှိစေရန် သွားမည့်အရပ်ကို မဖေါ်ပြဘဲ ထွက်သွားကာ၊ ပုန်းလျှိုးနေလေ၏။ ပေတရုကို ဟေရုဒ်စုံစမ်းရှာဖွေသော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ အစောင့်စစ်သားတို့သည် အပြစ်ဒဏ်ခံရလေသည်။ သေဒဏ်ဖြစ်ဖွယ်ရှိသည်။
၂၃။ ပထမမြောက်ဟေရုဒ်အဂြိပ္ပအုပ်စိုးမှု အဘယ်သို့အဆုံးတိုင်သွားသနည်း။ ဤဖြစ်ရပ်မှအဘယ်သင်ခန်းစာရသနည်း။
၂၃ စီအီး ၄၄ခုနှစ်တွင် ဟေရုဒ်အဂြိပ္ပသက်တော် ၅၄နှစ်တွင် ကဲသရိမြို့၌ နေထိုင်စဉ် သူ၏အုပ်ချုပ်မှု ရုတ်တရက်အဆုံးတိုင်သွားလေသည်။ (၁၂:၂၀–၂၅) ဟေရုဒ်သည် တုရုမြို့သားများနှင့် ဇိဒုန်မြို့သားဖိနိပ်လူမျိုးတို့အပေါ် အမျက်ထွက်သဖြင့် သူတို့သည် မင်းကြီး၏ကျွန်ယုံတော် ဗလတ္တုအား ကြားနာစစ်ဆေးမှုတစ်ရပ် စီစဉ်ပေးရန် လာဘ်ပေးကြ၏။ ကြားနာစစ်ဆေးချိန်တွင် အမျက်တော်ပြေရန် တောင်းပန်မည်။ ဟေရုဒ်မင်းသည် “ချိန်းချက်သောနေ့” (ကလောဒိကဲသာမင်းအားဂုဏ်ပြုရာပွဲလည်းဖြစ်သည်) ၌ မင်းမြောက်တန်ဆာကို ဝတ်ဆင်ပြီးလျှင် ရာဇပလ္လင်ပေါ်ထိုင်လျက် လူထုအားစတင်၍ မိန့်ခွန်းမြွက်ကြားလေသည်။ ပရိသတ်တို့က ဩဘာပေးသည့်အနေနှင့် “ဤအသံသည်လူ၏အသံမဟုတ်။ ဘုရား၏အသံဖြစ်၏” ဟုကြွေးကြော်ကြ၏။ “မင်းကြီးသည် ဘုရား၏ဂုဏ်အသရေတော်ကိုမထောက်ထားသောကြောင့်” ချက်ချင်းပင် ယေဟောဝါ၏ကောင်းကင်တမန် သူ့အားဒဏ်ခတ်၍ “ကိုယ်တွင်း၌ပိုးများကိုက်သဖြင့်အနိစ္စရောက်လေ၏။” သင်ခန်းစာယူစရာ ဤပုံသက်သေသည် ယေဟောဝါအား ခန့်ညားခြင်း၌ အစဉ်မပြတ်လိုက်လျှောက်စေရန်လည်းကောင်း၊ မာနထောင်လွှားခြင်းကိုရှောင်၍ လူမျိုးတော်အနေနှင့် လုပ်ဆောင်သမျှအတွက် ဘုရားဘုန်းတော်ကို ချီးမွမ်းစေရန်လည်းကောင်း ကျွန်ုပ်တို့အားစေ့ဆော်ပါလေစေ။
၂၄။ လာမည့်ဆောင်းပါးတွင် တိုးချဲ့ခြင်းနှင့်စပ်လျဉ်း၍ အဘယ်အကြောင်းတင်ပြမည်နည်း။
၂၄ ဟေရုဒ် နှိပ်စက်ညှဉ်းပန်းစေကာမူ “ယေဟောဝါ၏နှုတ်ကပတ်တရားတော်မူကား တိုးတက်ထွန်းကားလျက်နေ၏။” စင်စစ်အားဖြင့် ရှေ့လာမည့်ဆောင်းပါးတစ်ခု၌ ဖေါ်ပြသည့်အတိုင်း တပည့်တော်တို့အနေဖြင့် ထပ်ဆင့်တိုးချဲ့စရာ မျှော်လင့်ချက်ရှိသည်။ အဘယ်ကြောင့်နည်း။ “ယေဟောဝါအားခန့်ညားခြင်း၌ လိုက်လျှောက်ကြ” သောကြောင့်တည်း။
သင်မည်သို့ဖြေဆိုမည်နည်း။
▫ သတေဖန်လက်ထက်မှစ၍ ဘုရားသခင့်အစေခံများစွာတို့သည် ယေဟောဝါအားကြောက်ရွံ့ခန့်ညားလာသကဲ့သို့ သတေဖန်လည်းမည်သို့တင်ပြခဲ့သနည်း။
▫ သတေဖန်၏သေခြင်းသည် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ ခေတ်သစ်ကာလနှင့်ဆင်တူချက်ရှိသလော။
▫ နှိပ်စက်ညှဉ်းပန်းသူ တာရှုမြို့သားရှောလုသည် ယေဟောဝါအားခန့်ညားသူ မည်သို့ဖြစ်လာသနည်း။
▫ လူမျိုးခြားမှ ပထမဆုံးယုံကြည်သက်ဝင်သူများကား မည်သူတို့နည်း။
▫ နှိပ်စက်ညှဉ်းဆဲခြင်းသည် ယေဟောဝါအားခန့်ညားသူတို့ကို ရပ်တန့်မသွားစေနိုင်ကြောင်း တမန်တော်ဝတ္ထုအခန်းကြီး ၁၂ ကအဘယ်သို့တင်ပြသနည်း။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ကောင်းကင်မှအလင်းရောင်ခြည်ထွန်းတောက်ပြီး “ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကိုနှိပ်စက်ညှဉ်းဆဲသနည်း” ဟုအသံရှင်ကမေး၏