ယင်းသည် ချီးမွမ်းခြင်းလော၊ မြှောက်ပင့်ခြင်းလော
တစ်ဦးတစ်ယောက်က “မင်းဆံပင်ပုံစံအသစ်က အရမ်းကြည့်လို့ကောင်းတာပဲ!” ဟုသင့်ကို ပြောသည်။ ယင်းသည် ချီးမွမ်းခြင်းလော၊ မြှောက်ပင့်ခြင်းလော။ “အဲဒီဝတ်စုံက မင်းနဲ့သိပ်လိုက်ဖက်တာပဲ!” ချီးမွမ်းခြင်းလော၊ မြှောက်ပင့်ခြင်းလော။ “ကျွန်တော်စားခဲ့ရတဲ့အထဲမှာ ဒါဟာ အရသာအရှိဆုံးအစားအစာပဲ!” ယင်းသည် ချီးမွမ်းခြင်းလော၊ မြှောက်ပင့်ခြင်းလော။ ဤသို့ချီးကျူးခံရသောအခါ ယင်းတို့သည် ရိုးသားမှန်ကန်မှုဖြင့်လော၊ ပြောသူက စိတ်မပါဘဲ ကျွန်ုပ်တို့အကြိုက် လိုက်ပြောခြင်းလောဟူသည်ကို သိလိုကြပေမည်။
လူတစ်ဦးသည် ကျွန်ုပ်တို့အား ချီးမွမ်းနေခြင်းလော၊ မြှောက်ပင့်နေခြင်းလောဆိုသည်ကို မည်သို့သိနိုင်မည်နည်း။ ယင်းသည် အရေးကြီးသလော။ ပြောလိုက်သောစကားကို အပေါ်ယံသဘောဖြင့်လက်ခံကာ ယင်း၌ ပျော်ရွှင်ကျေနပ်နေသင့်သလော။ အခြားသူများကို ကျွန်ုပ်တို့ချီးမွမ်းသည့်အခါကော အသို့နည်း။ ကျွန်ုပ်တို့ချီးမွမ်းရသည့် အကြောင်းရင်းခံကို ဆန်းစစ်ဖူးပါသလော။ အဆိုပါမေးခွန်းများကို သုံးသပ်ခြင်းက ကျွန်ုပ်တို့ကို ပိုင်းခြားသိမြင်မှုရှိစေရန်နှင့် ယေဟောဝါအား ချီးမွမ်းစရာဖြစ်စေသည့်နည်းဖြင့် မိမိတို့၏လျှာကို အသုံးပြုရန် အကူအညီပေးနိုင်သည်။
ချီးမွမ်းခြင်းနှင့်မြှောက်ပင့်ခြင်းတို့ကို အဓိပ္ပာယ်ဖွင့်ဆို
ချီးမွမ်းခြင်းကို ဝက်ဘ်စတားအဘိဓာန်က သဘောကျမှု သို့မဟုတ် ချီးကျူးမှုကို ဖော်ပြခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ယင်းစကားလုံးသည် ဝတ်ပြုခြင်း သို့မဟုတ် ဂုဏ်တင်ခြင်းအဓိပ္ပာယ်လည်း သက်ရောက်နိုင်၏။ နောက်အဓိပ္ပာယ်နှစ်ခုသည် ယေဟောဝါဘုရားသခင်အား ချီးမွမ်းခြင်းကိုသာ ရည်ညွှန်းခြင်းဖြစ်သည်မှာ ထင်ရှားသည်။ မှုတ်သွင်းခံဆာလံဆရာက “ချီးမွမ်းကောင်းသည်ဖြစ်၍ . . . သာယာလျောက်ပတ်သည်ဖြစ်၍၊ ထောမနာသီချင်းဆိုကြလော့” “အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ” ဟုအလေးအနက်တိုက်တွန်းထားသကဲ့သို့ ယင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အခရာတစ်ခုပင်ဖြစ်သည်။—ဆာလံ ၁၄၇:၁; ၁၅၀:၆။
သို့ရာတွင် လူသားတို့အား မချီးမွမ်းရဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ချီးကျူးခြင်း၊ သဘောကျခြင်း သို့မဟုတ် နှစ်လိုဖွယ်ကောင်းသည်ဟု ယူဆခြင်းဟူသည့်သဘောဖြင့် ချီးမွမ်းနိုင်သည်။ ယေရှုမိန့်တော်မူခဲ့သည့် ပုံဥပမာတစ်ခုတွင် သခင်တစ်ဦးက မိမိ၏ကျွန်ကို “ကောင်းလေစွ။ သစ္စာရှိငါ့ကျွန်ကောင်း!” ဟူ၍ဆို၏။—မဿဲ ၂၅:၂၁၊ သတင်းကောင်း။
တစ်ဖက်တွင်မူ၊ မြှောက်ပင့်သူက ကိုယ်ကျိုးရှာလိုသည့်အကြောင်းရင်းခံဖြင့် မှားယွင်းစွာ၊ မရိုးသားစွာ၊ လွန်ကဲစွာ ချီးမွမ်းခြင်းဟူ၍ မြှောက်ပင့်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုသည်။ ပရိယာယ်ဖြင့်ချီးကျူးခြင်း၊ အမွှမ်းတင်ခြင်းတို့သည် အခြားသူထံမှ မျက်နှာသာရရှိရန်၊ ပစ္စည်းအကျိုးအမြတ်ရရှိရန်အတွက် သို့မဟုတ် မြှောက်ပင့်သူအပေါ် တာဝန်မကင်းဟူသော ခံစားချက်ဖြစ်စေရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးရှာခြင်းသည် မြှောက်ပင့်သူများဖြစ်စေဖို့ လှုံ့ဆော်ပေးသည်။ ယုဒ ၁၆ အရ သူတို့သည် “ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ်ကြ၏။”—သတင်းကောင်း။
ကျမ်းစာရှုမြင်ချက်
လူသားချင်းတို့ကို ချီးမွမ်းခြင်းနှင့်ပတ်သက်၍ ကျမ်းစာရှုမြင်ချက်ကားအဘယ်နည်း။ ယင်းနှင့်စပ်လျဉ်း၍ ယေဟောဝါသည် ကျွန်ုပ်တို့လိုက်လျှောက်ရန်အတွက် စံနမူနာတစ်ရပ်ကို ပြသထားသည်။ ယေဟောဝါ၏အလိုတော်ကို ကျွန်ုပ်တို့ပြုလုပ်လျှင် ချီးမွမ်းခံရလိမ့်မည်ဟု ကျမ်းစာတွင်ဆိုထားသည်။ “အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့” ဟုတမန်တော်ပေါလုပြောသည်။ ကျွန်ုပ်တို့၏ “ယုံကြည်ခြင်းကို စစ်ကြောခြင်းအရာသည် အချီးအမွမ်း . . . အလိုငှာဖြစ်မည်အကြောင်း” ဟုပေတရုက ဆိုထားသည်။ ထို့ကြောင့် ယေဟောဝါသည် လူတို့ကို ချီးမွမ်းလိမ့်မည်ဆိုသည့်အချက်က စိတ်ရင်းမှန်ဖြင့် ချီးမွမ်းခြင်းသည် ကြင်နာ၍မေတ္တာပါသော၊ အကျိုးဖြစ်ထွန်းသော၊ လျစ်လျူမရှုသင့်သောလုပ်ရပ်ဖြစ်ကြောင်း ပြသပါသည်။—၁ ကောရိန္သု ၄:၅; ၁ ပေတရု ၁:၇။
သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ ချီးမွမ်းခြင်းရနိုင်သည့် နောက်အကြောင်းရင်းမှာ ကျွန်ုပ်တို့၏အမူအကျင့်ကောင်းကို သတိပြုမိ၍ ရိုးရိုးသားသားချီးကျူးကြသော အစိုးရအာဏာပိုင်များဖြစ်ကြသည်။ “ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်” ဟုကျွန်ုပ်တို့ကို ဆိုထား၏။ (ရောမ ၁၃:၃) ထို့ပြင် မိမိတို့ပြောနေသောအကြောင်းနှင့်ပတ်သက်ပြီး ရိုးသားသည့်သဘောထားရှိသူများ၊ အတွင်းကျိတ်ရည်ရွယ်ချက်မရှိသည့်သူများထံမှ ကျွန်ုပ်တို့ ချီးမွမ်းခြင်းခံရပေမည်။ မှုတ်သွင်းခံသမ္မာကျမ်းစာက နယပုံပြင် ၂၇:၂ တွင် “ကိုယ်တိုင် ကိုယ်ကိုမချီးမွမ်းဘဲ သူတစ်ပါးချီးမွမ်းပါလေစေ” ဟုဆို၏။ ယင်းက လူတို့၏ချီးမွမ်းခံရခြင်းသည် လျောက်ပတ်သည်ကို ရည်ညွှန်းပါသည်။
မြှောက်ပင့်ခြင်း သို့မဟုတ် မြှောက်ပင့်မှုကိုခံယူခြင်းတို့မူ တခြားဖြစ်သည်။ မြှောက်ပင့်ပြောဆိုမှုကို ယေဟောဝါအဘယ်ကြောင့်မနှစ်သက်သနည်း။ အချက်တစ်ချက်မှာ ယင်းသည် မရိုးသားမှုဖြစ်၍ ယေဟောဝါသည် မရိုးသားမှုကို ပြစ်တင်ရှုတ်ချထားသည်။ (သု. ၂၃:၆၊ ၇ နှိုင်းယှဉ်။) ထို့ပြင် ယင်းသည် မဖြောင့်မတ်ချေ။ ဘုရားသခင်၏အမျက်တော်ကို ခံရမည့်လူတို့ကို ဖော်ပြရာတွင် ဆာလံဆရာက ဤသို့ဆိုသည်– “လူတို့သည် တစ်ဦးနှင့်တစ်ဦးအချည်းနှီးပြောဆိုလျက်။ မြှောက်ပင့်သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့်မြွတ်ဆိုတတ်ကြ၏။ . . . မြှောက်ပင့်သောနှုတ်ခမ်းနှင့် ဝင့်ဝါသောလျှာရှိသမျှကို ထာဝရဘုရားဖြတ်ပစ်တော်မူလိမ့်မည်။”—ဆာလံ ၁၂:၂-၄၊ သမ။
ထို့ထက်ကား မြှောက်ပင့်ခြင်းသည် မနှစ်မြို့ဖွယ်ရာဖြစ်သည်။ ယင်းကို ကိုယ်ကျိုးရှာခြင်းက လှုံ့ဆော်ပေးသည်။ မြှောက်ပင့်သူများအကြောင်းပြောပြီးနောက် ဆာလံဆရာဒါဝိဒ်က “ငါတို့လျှာဖြင့်အောင်မြင်မည်။ နှုတ်ခမ်းသည် ကိုယ်ပိုင်ဖြစ်၏။ ငါတို့အရှင်ကား၊ မည်သူနည်း” ဟူသော သူတို့၏အဆိုကို ကိုးကားဖော်ပြသည်။ ဤသို့ကိုယ်ကျိုးရှာသူများအား ‘ဆင်းရဲသားတို့ကို လုယက်သူများ’ အဖြစ် ယေဟောဝါဖော်ပြသည်။ သူတစ်ပါးကို တည်ဆောက်မှုဖြစ်စေရန်မဟုတ်ဘဲ ထိခိုက်နစ်နာစေရန် သူတို့၏မြှောက်ပင့်တတ်သောလျှာကို အသုံးပြုကြသည်။—ဆာလံ ၁၂:၄၊ ၅၊ သမ။
မြှောက်ပင့်ခြင်း—ထောင်ချောက်တစ်ခု
“အပေါင်းအဖော်အား၊ မြှောက်ပင့်သောသူသည် ခြေလှမ်းမည့်နေရာ၌၊ ပိုက်ကိုထောင်ထားတတ်၏” ဟုပညာရှိရှောလမုန်ကဆိုသည်။ မှန်လိုက်လေခြင်း! (သု. ၂၉:၅၊ သမ) ဖာရိရှဲတို့သည် ယေရှုကို မြှောက်ပင့်ခြင်းဖြင့် ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ကြသည်။ “အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို ကျွန်ုပ်တို့သိကြပါ၏” ဟူ၍သူတို့ပြောခဲ့ကြသည်။ ကျလောက်ပါသည်တကား! သို့သော် သူတို့၏ချိုသာလှသောပြောဆိုချက်တွင် ယေရှုမကျော့မိချေ။ သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်သော သွန်သင်ချက်ကို လက်မခံဘဲ ကဲသာဘုရင်အား အခွန်ဆက်သခြင်းနှင့်ပတ်သက်ပြီး ကိုယ်တော့်ပြောဆိုမှုမှ အမှားဖမ်းရန် ကြိုးစားခြင်းသာဖြစ်ကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။—မဿဲ ၂၂:၁၅-၂၂။
ယေရှုနှင့်လုံးဝခြားနားသူမှာ ပထမရာစုက ဟေရုဒ်မင်းဖြစ်သည်။ သူသည် ကဲသရိမြို့၌ မိန့်ခွန်းပြောကြားချိန်တွင် လူတို့သည် “ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏” ဟူ၍တုံ့ပြန်ခဲ့ကြသည်။ ဤသို့ မှားယွင်းစွာ အုပ်အော်သောင်းနင်းချီးမွမ်းကြခြင်းအတွက် လူများကိုအပြစ်တင်မည့်အစား ဟေရုဒ်သည် မြှောက်ပင့်မှုကို လက်ခံခဲ့သည်။ ယေဟောဝါ၏ကောင်းကင်တမန်သည် ဟေရုဒ်ကို ဒဏ်ခတ်သည့်အနေဖြင့် ပိုးများအစုလိုက်အပြုံလိုက်ကိုက်စေပြီး သေသည့်အထိ ချက်ချင်းအပြစ်ပေးခဲ့သည်။—တမန်တော် ၁၂:၂၁-၂၃။
ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် မြှောက်ပင့်နေခြင်းကို ချက်ချင်းသိရှိလိမ့်မည်ဖြစ်သည်။ အကြီးအကဲတစ်ဦးကို နောက်အကြီးအကဲတစ်ဦးနှင့်နှိုင်းယှဉ်၍ သူသည် မည်မျှကြင်နာကာ ကိုယ်ချင်းစာတတ်ကြောင်းကို ပြောဆိုခြင်းတို့အထိပင် ဖြစ်ကောင်းဖြစ်နိုင်သည့် မြှောက်ပင့်စကားပြောတတ်သူတစ်ဦး တရားရေးကိစ္စတွင်ပတ်သက်နေသည့်အခါ အသင်းတော်အကြီးအကဲများသည် အထူးသတိထားသင့်ပါသည်။
လှည့်ဖြားသူအမျိုးသမီးတစ်ဦးက လူငယ်တစ်ဦးကို အကျင့်ပျက်ပြားစေရန် သွေးဆောင်သည့်အကြောင်းဖော်ပြကာ မြှောက်ပင့်ခြင်းကဖြစ်စေနိုင်သော အခြားအန္တရာယ်တစ်ခုကို သမ္မာကျမ်းစာက ရှင်းလင်းစွာတင်ပြထားသည်။ (သု. ၇:၅၊ ၂၁) အဆိုပါသတိပေးချက်သည် ယခုခေတ်အခြေအနေနှင့်လည်း သက်ဆိုင်လျက်ရှိသည်။ ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရသူများထဲက အများစုသည် အကျင့်ယိုယွင်းခြင်းကြောင့်ဖြစ်သည်။ ဤသို့ကြီးလေးသော အပြစ်ပြုမိခြင်းသည် မြှောက်ပင့်ခြင်းမှစတင်နိုင်သလော။ လူတို့သည် ချီးကျူးခံရခြင်း၊ အကောင်းပြောခံရခြင်းတို့ကို အလွန်လိုလားကြရာ မြှောက်ပင့်တတ်သောနှုတ်ခမ်းဖြင့် လေချိုသွေးခြင်းသည် မတော်လျော်သောအပြုအမူနှင့်ပတ်သက်၍ ခရစ်ယာန်တစ်ဦး၏ခံနိုင်ရည်ကို လျော့နည်းစေနိုင်သည်။ ယင်းကို သတိမထားသောအခါ ကြီးမားသည့်အန္တရာယ်အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပါသည်။
မြှောက်ပင့်ခြင်းမှ အကာအကွယ်များ
မြှောက်ပင့်ခြင်းသည် မြှောက်ပင့်ခံရသူ၌ ကိုယ်ကျိုးရှာခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ယင်းက လူတစ်ဦးအား မိမိ၏ရှိရင်းစွဲတန်ဖိုးကို ပုံကြီးချဲ့ကာ အခြားသူများထက် တစ်နည်းနည်းဖြင့်သာသည်ဟု ယူမှတ်စေသည်။ ဒဿနိကဗေဒပညာရှင် ဖရားန်စဝက် ဒီ လား ရော့ရှ်ဖူကိုက မြှောက်ပင့်ခြင်းကို “လည်ပတ်မှုမရှိသည့် တန်ဖိုးမဲ့” ငွေစက္ကူအတုဖြင့် နှိုင်းခဲ့သည်။ သို့ဖြင့် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နည်းလမ်းမှာ တမန်တော်ပေါလု၏ လက်တွေ့ကျသော ဤသတိပေးချက်ကို လိုက်နာခြင်းဖြစ်သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာ ထင်ရမည်အကြောင်း . . . သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။”—ရောမ ၁၂:၃။
ကျွန်ုပ်တို့၏ပင်ကိုစိတ်အရ မိမိတို့သဘောကျသည့်အရာကို ကြားချင်ကြသော်လည်း အမှန်တကယ်အားဖြင့် ကျမ်းစာကိုအခြေခံသော အကြံပေးချက်နှင့်ဆုံးမပဲ့ပြင်မှုတို့ကို ကြားနာရန် အမြဲလိုလိုပင်လိုအပ်သည်။ (သု. ၁၆:၂၅) ရှင်ဘုရင်အာဟပ်သည် မိမိသဘောကျမည့်စကားကိုသာ ကြားချင်ခဲ့သည်; သူ၏ကျွန်များပင် ပရောဖက်မိက္ခာကို “ကိုယ်တော်လည်း သူတို့ [အာဟပ်၏မြှောက်ပင့်တတ်သောပရောဖက်များ] ဟောကြသည်နည်းတူ” ဟောကြားဖို့ တောင်းဆိုခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၂၂:၁၃) အာဟပ်သည် ပွင့်ပွင့်လင်းလင်းပြောဆိုမှုကို လိုလိုလားလားနားထောင်ခဲ့ပြီး ပုန်ကန်လိုသောလမ်းစဉ်များကို ပြောင်းလဲခဲ့လျှင် ဣသရေလအတွက် ကြောက်မက်ဖွယ်စစ်ရှုံးမှုနှင့် သူ့ကိုယ်နှိုက်၏သေခြင်းကိုလည်း ဆီးတားနိုင်ခဲ့ပေမည်။ ကျွန်ုပ်တို့လုပ်ရပ် မည်မျှကောင်းမွန်ကြောင်း အမြဲပြောဆိုခြင်းဖြင့် ယားတတ်သောနားကို ကြပ်ပေးတတ်သောသူတို့အား ရှာဖွေမည့်အစား ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းကျိုးအတွက် အမှန်တရားလမ်းပေါ်တွင် တည်မြဲရန် ထောက်ကူပေးချင်သော ခန့်အပ်ခံခရစ်ယာန်အကြီးအကဲများ၏ ခိုင်မာ၍မေတ္တာပါသောသြဝါဒကို မဆိုင်းမတွတုံ့ပြန်သင့်သည်။—၂ တိမောသေ ၄:၃ နှိုင်းယှဉ်။
ခရစ်ယာန်တို့သည် မြှောက်ပင့်ခြင်းကို မည်သည့်အကြောင်းကြောင့်မဆို၊ ဘယ်တော့အခါမျှ မျှော်ကိုးအသုံးပြုလိုမည်မဟုတ်။ သစ္စာရှိဧလိဟုကဲ့သို့ သူတို့သည် ရဲရင့်ပြတ်သားစွာ ဤသို့ဆုတောင်းကြသည်– “အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ်သူကိုမျှ ချီးမွမ်း [“မြှောက်ပင့်၊” အမေရိကန်ဘာသာပြန်ကျမ်း] သောစကားနှင့်မချော့မော့။ သူတစ်ပါးကို ချီးမွမ်း [“မြှောက်ပင့်၊” အမေရိကန်ဘာသာပြန်ကျမ်း] သောစကားနှင့် မချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသောဘုရား [သခင်] သည်ငါ့ကိုချက်ချင်းပယ်ရှားတော်မူမည်။” သို့ဖြစ်လျှင် ပေါလုကဲ့သို့ သူတို့သည် “ငါတို့သည် ချော့မော့ [“မြှောက်ပင့်၊” ကဘ] သောစကားကို တစ်ခါမျှမသုံး၊ ဝှက်ထားသောလောဘစိတ် အလျှင်းမရှိ” ဟုပြောနိုင်ပေလိမ့်မည်။—ယောဘ ၃၂:၂၁၊ ၂၂; ၁ သက်သာလောနိတ် ၂:၅၊ ၆။
ချီးမွမ်းပေးသင့်သည့်အခါ ချီးမွမ်းပါ
ချီးမွမ်းခြင်းက မှတ်ကျောက်တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ကြောင်းကို မှုတ်သွင်းခံနယပုံပြင်ကျမ်းတွင် ဤသို့ဖော်ပြထားသည်– “ငွေအတွက် သတ္တုကျိုသည့်အိုးရှိ၏။ ရွှေအတွက် လုံရှိ၏။ ချီးမွမ်းခြင်းသည် အရည်အသွေးကို ဆန်းစစ်၏။” (သု. ၂၇:၂၁၊ အင်္ဂလိပ်ကျမ်းစာသစ်) မှန်ပါသည်၊ ချီးမွမ်းခြင်းသည် လူတစ်ဦးကို ပျက်စီးစေသည့် ထောင်လွှားခြင်း သို့မဟုတ် မာန်မာနကြီးခြင်းကို ပျိုးထောင်ပေမည်။ တစ်ဖက်တွင်မူ၊ ချီးမွမ်းစရာဖြစ်စေခဲ့သည့် သူ့လုပ်ရပ်တိုင်းအတွက် သူ့အပေါ် ယေဟောဝါကျေးဇူးရှိသည်ကို ဝန်ခံလျှင် ယင်းသည် သူ၏ကျိုးနွံမှုနှင့်နှိမ့်ချမှုတို့ကို ဖော်ပြခြင်းဖြစ်နိုင်သည်။
အပြုအမူကောင်းအတွက် သို့မဟုတ် အောင်မြင်မှုအတွက် ရိုးရိုးသားသားချီးမွမ်းပေးခြင်းသည် ချီးမွမ်းသူနှင့် ချီးမွမ်းခံရသူနှစ်ဦးစလုံးအတွက် တည်ဆောက်မှုကိုဖြစ်စေသည်။ ယင်းသည် တစ်ဦးအပေါ်တစ်ဦး လှိုက်လှဲ၍ အကျိုးပြုသောလေးမြတ်မှုကိုဖြစ်စေပြီး ချီးမွမ်းခံထိုက်သောပန်းတိုင်များကို ကြိုးစားရန် အားပေးလှုံ့ဆော်သည်။ လူငယ်များကို ထိုက်ထိုက်တန်တန်ချီးမွမ်းပေးခြင်းအားဖြင့် သူတို့သည် အလုပ်ကို သာ၍ကြိုးစားလုပ်ချင်စိတ်ဖြစ်ပေါ်ပေမည်။ သူတို့နေထိုင်သင့်သည့်စံနှုန်းအတိုင်း နေထိုင်ရန်ကြိုးစားစဉ် ၎င်းသည် သူတို့၏စရိုက်ကို ပုံသွင်းဖို့ထောက်ကူပေမည်။
ထို့ကြောင့် မြှောက်ပင့်ခြင်း—မြှောက်ပင့်ခြင်းကိုလည်းကောင်း၊ မြှောက်ပင့်ခံရခြင်းကိုလည်းကောင်း—ကို ရှောင်ရှားကြစို့။ ချီးမွမ်းခံရသောအခါတွင်လည်း နှိမ့်ချမှုပြကြစို့လေ။ “အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏” ဟူသည့်အချက်ကို အမှတ်ရကာ ကျွန်ုပ်တို့၏ဝတ်ပြုရေးတွင် ယေဟောဝါအား မှန်မှန်ချီးမွမ်းခြင်း၊ အခြားသူများကို အကျိုးပြုသည့် စိတ်ရင်းမှန်ဖြင့် ချီးကျူးခြင်းနှင့်ကျေးဇူးတင်လေးမြတ်ခြင်းတို့ဖြင့် ချီးမွမ်းခြင်းအမှုကို ရက်ရက်ရောရောနှင့်စိုးလ်အကြွင်းမဲ့ပြုသွားကြစို့လေ!—သု. ၁၅:၂၃။