ယေဟောဝါ၏လူမျိုးတော်—ယုံကြည်ခြင်း၌ခိုင်မြဲကြ
“ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။”—တမန်တော် ၁၆:၅။
၁။ တမန်တော်ပေါလုအား ဘုရားသခင်မည်သို့ အသုံးပြုတော်မူသနည်း။
ယေဟောဝါဘုရားသခင်သည် တာရှုမြို့သား ရှောလုအား “ရွေးကောက်သောတန်ဆာ” အဖြစ် အသုံးပြုတော်မူ၏။ တမန်တော်ပေါလုအဖြစ် သူသည် ‘ဒုက္ခဆင်းရဲများစွာခံရသည်။’ သို့ရာတွင် သူနှင့်အခြားသူတို့၏ လုပ်ဆောင်မှုကြောင့် ယေဟောဝါအဖွဲ့အစည်းတော်သည် စည်းလုံး၍ တိုးပွားခဲ့လေသည်။—တမန်တော် ၉:၁၅၊ ၁၆။
၂။ တမန်တော်ဝတ္ထု ၁၃:၁–၁၆:၅ ကိုသုံးသပ်လျှင် အဘယ့်ကြောင့်အကျိုးရှိသနည်း။
၂ ခရစ်ယာန်ဖြစ်လာကြသော လူမျိုးခြားအရေအတွက် တိုးပွား၍ အုပ်ချုပ်ရေးအဖွဲ့၏ အရေးပါသောအစည်းအဝေးကြောင့် ဘုရားလူမျိုးတော်ဘောင်တွင် ပို၍စည်းလုံးပြီးယုံကြည်ခြင်း၌ ခိုင်မြဲလာကြသည်။ ယခုအခါ ယေဟောဝါသက်သေများသည် အလားတူတိုးပွားမှုနှင့် ဝိညာဏကောင်းချီးများ ခံစားနေရကြသဖြင့် တမန်တော် ၁၃:၁–၁၆:၅ ၌မှတ်တမ်းတင်ထားသော ဤအကြောင်းများနှင့်တကွ အခြားသောတိုးတက်ဖြစ်ပေါ်မှုများအကြောင်းတို့ကို သုံးသပ်လျှင်အလွန်အကျိုးရှိပေမည်။ (ဟေရှာယ ၆၀:၂၂) (ဤစာစောင်မှ တမန်တော်ဝတ္ထုနှင့်စပ်လျဉ်းသော ဆောင်းပါးများကို ကိုယ်ပိုင်လေ့လာရာတွင် စာလုံးမဲဖြင့် ဖေါ်ပြထားသော ကျမ်းပိုဒ်များကိုဖတ်ရန် အကြံပြုပါသည်။)
သာသနာပြုများ လုပ်ငန်းစတင်
၃။ အန္တအုတ်မြို့တွင် “ပရောဖက်များ၊ ဆရာများ” အဘယ်အလုပ်များ လုပ်ဆောင်ကြသနည်း။
၃ ရှုရိပြည်၊ အန္တအုတ်မြို့ရှိအသင်းတော် စေလွှတ်လိုက်သောအမျိုးသားများသည် ယုံကြည်သူတို့အား ယုံကြည်ခြင်း၌ ခိုင်မြဲစေရန် ကူညီပေးကြ၏။ (၁၃:၁–၅) အန္တအုတ်မြို့တွင် ဗာနဗ၊ ရှုမောင် (နိဂါ)၊ ကုရေနေမြို့သားလုကိ၊ မာနိမ်နှင့်တာရှုမြို့သားတည်းဟူသော “ပရောဖက်များ ဆရာများ” ရှိကြ၏။ ပရောဖက်များက ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို ရှင်းပြ၍ ဖြစ်လာမည့်အရာများကို တင်ကူးဟောပြော၏။ ဆရာများက ကျမ်းစာအကြောင်း၊ ဘုရားရေးရာအကြောင်းသွန်သင်ကြ၏။ (၁ ကောရိန္သု ၁၃:၈; ၁၄:၄) ဗာနဗနှင့်ရှောလုတို့သည် အထူးတာဝန်ရရှိကြသည်။ ဗာနဗ၏ညီအစ်ကိုဝမ်းကွဲမာကုကိုခေါ်၍ ကုပရုကျွန်းသို့သွားကြ၏။ (ကောလောသဲ ၄:၁၀) အရှေ့ဘက်ဆိပ်ကမ်းမြို့ရှလမိရှိ တရားဇရပ်တွင်ဟောပြောကြသော်လည်း ယုဒအမျိုးသားများ ကောင်းစွာတုံ့ပြန်ခဲ့သည်ဟူသောမှတ်တမ်းမရှိပေ။ သူတို့သည် ပစ္စည်းဥစ္စာကြွယ်ဝကြသဖြင့် မေရှိယကိုအလိုမရှိကြပေ။
၄။ ကုပရုကျွန်းတွင် သာသနာပြုများဆက်လက်ဟောပြောသောအခါ ဘာဖြစ်ပျက်သနည်း။
၄ ကုပရုကျွန်းတွင် အခြားသက်သေခံခြင်းကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။ (၁၃:၆–၁၂) ပါဖို့မြို့တွင်သာသနာပြုတို့သည် ယုဒအမျိုးသားမှော်ဆရာ၊ မိစ္ဆာပရောဖက် ဗာ-ယေရှု (ဧလုမ) ကိုရင်ဆိုင်တွေ့ဆုံကြ၏။ သူသည်ဘုရင်ခံ သေရဂိပေါလုအား ဘုရားသခင်နှုတ်ကပတ်တရားတော်ကို နားမထောင်ရန်တားဆီးသောအခါ ပေါလုကသန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်လျက်ဤသို့ဆို၏။ ‘လိမ်လည်စဉ်းလဲခြင်းအမျိုးမျိုးနှင့်ပြည့်လျက် ဖြောင့်မတ်ခြင်းခပ်သိမ်းကိုရန်မူသူ၊ အချင်းမာရ်နတ်၏သား၊ ယေဟောဝါ၏လမ်းဖြောင့်များကို မရပ်မစဲကောက်စေမည်လော’ ဟုဆို၏။ ချက်ချင်းပင် ဘုရားသခင်၏ဒဏ်ခတ်သောလက်တော်သည် ဧလုမအားကာလအတန်ကြာ မျက်စိကွယ်စေ၏။ သေရဂိပေါလုမူကား ‘ယေဟောဝါ၏ဒေသနာတော်ကြောင့် အံ့ဩ၍ ယုံကြည်သူဖြစ်လာ၏။’
၅၊ ၆။ (က) ပိသိဒိပြည်၊ အန္တအုတ်မြို့ တရားဇရပ်တွင် ပေါလုဟောပြောနေစဉ် ယေရှုအကြောင်းဘာပြောသွားသနည်း။ (ခ) ပေါလုဟောပြောချက် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။
၅ သူတို့သည်ကုပရုကျွန်းမှ သင်္ဘောစီး၍ အာရှမိုင်းနားပြည်ပေရဂံမြို့သို့ ရောက်ကြ၏။ ထိုနောက်ပေါလုနှင့်ဗာနဗတို့သည် တောင်ကြားလမ်းများကိုကျော်ဖြတ်၍ မြောက်ဘက်စူးစူးအရပ်တွင်ရှိသော ပိသိဒိပြည်အန္တအုတ်မြို့သို့ ထွက်ခွါကြ၏။ ထိုလမ်းခရီးတွင် ‘မြစ်ရေလျှံသည့်ဘေး၊ ဓားပြများ၏ဘေး’၊ ကြုံရဖွယ်ရှိသည်။ (၂ ကောရိန္သု ၁၁:၂၅၊ ၂၆) ထိုမြို့၌ပေါလုသည် တရားဇရပ်တွင်ဟောပြော၏။ (၁၃:၁၃–၄၁) ဣသရေလလူမျိုးနှင့် ဘုရားသခင်ဆက်ဆံပုံများကို နောက်ကြောင်းပြန်၍သုံးသပ်ပြီးနောက် ဒါဝိဒ်မှဆင်းသက်သူယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်းရှင်းပြသည်။ ယုဒအမျိုးသားခေါင်းဆောင်များက ယေရှုကိုကွပ်မျက်ရန်တောင်းဆိုခဲ့သော်လည်း၊ ကိုယ်တော်အားဘုရားသခင်သည် ထမြောက်စေတော်မူစဉ်တွင် ဘိုးဘေးတို့အားပေးခဲ့သောကတိတော်များ ပြည့်စုံခဲ့လေသည်။ (ဆာလံ ၂:၇; ၁၆:၁၀။ ဟေရှာယ ၅၅:၃) ပေါလုက ခရစ်တော်အားဖြင့် ဘုရားသခင်ပေးသနားသည့် ကယ်တင်ခြင်းဆုကျေးဇူးတော်ကို မထီမဲ့မြင်မပြုကြရန် ပရိသတ်အားသတိပေးခဲ့သည်။—ဟဗက္ကုတ် ၁:၅။
၆ ယနေ့ယေဟောဝါသက်သေများဟောပြောသည့် လူထုဟောပြောပွဲများကဲ့သို့ပင် ပေါလု၏ဟောပြောချက်သည် စိတ်ဝင်စားမှုကိုနှိုးဆွသည်။ (၁၃:၄၂–၅၂) နောက်ဥပုသ်နေ့တွင် မြို့လုံးကျွတ်နီးပါး ယေဟောဝါ၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် စုဝေးခဲ့ရာ ယုဒအမျိုးသားတို့သည် မနာလိုမရှုစိမ့်ဖြစ်ကြသည်။ တစ်ပတ်တည်းနှင့် ထိုသာသနာပြုတို့သည် ယုဒအမျိုးသားများထက် လူမျိုးခြားတို့ကို ဘာသာပြောင်းဝင်စေခဲ့သည်။ ယုဒအမျိုးသားတို့သည် ပေါလုနှင့်ငြင်းခုံလျက် ပုတ်ခတ်ကြသဖြင့် ဝိညာဏအလင်းကို အခြားနေရာ၌ထွန်းလင်းရန် အချိန်တန်ပြီဖြစ်ရာ သူတို့အားအောက်ပါအတိုင်း ပြောဆိုလိုက်၏။ ‘သင်တို့သည် ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို ပစ်ပယ်လျက် ထာဝရအသက်နှင့်မထိုက်တန်ကြောင်း ကိုယ်တိုင်ဆုံးဖြတ်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံ လှည့်တော့မည်။’—ဟေရှာယ ၄၉:၆။
၇။ နှိပ်စက်ညှဉ်းပန်းခြင်းကို ပေါလုနှင့်ဗာနဗ အဘယ်ကဲ့သို့တုံ့ပြန်ခဲ့ကြသနည်း။
၇ ယခု လူမျိုးခြားတို့သည် ဝမ်းမြောက်ကြ၍ ထာဝရအသက်အဖို့ အစီအမံခံရသူရှိသမျှ ယုံကြည်သူဖြစ်လာကြ၏။ သို့သော်လည်း ယေဟောဝါ၏ နှုတ်ကပတ်တရားတော်သည် ထိုနယ်တစ်ဝှန်းလုံး နှံ့ပြားသွားသောအခါ ယုဒအမျိုးသားတို့သည် ဂုဏ်သရေရှိအမျိုးသမီးများ (သူတို့၏ခင်ပွန်းများနှင့် အခြားသူတို့ကို အတင်းတိုက်တွန်းစေရန်) နှင့် အကြီးအကဲများကို လှုံ့ဆော်ကာ ပေါလုနှင့်ဗာနဗတို့အား နှိပ်စက်ညှဉ်းပန်း၍ သူတို့နယ်မှ မောင်းထုတ်ကြ၏။ သို့သော် ထိုသာသနာပြုတို့ကို ရပ်တန့်မသွားစေခဲ့ပါ။ သူတို့သည် “မိမိတို့ခြေဖဝါး၌ ကပ်သောမြေမှုန့်ကို ထိုသူတို့အားခါလိုက်” ပြီးနောက် ရောမလက်အောက်ခံ ဂလာတိနယ်မှ အဓိကမြို့ကြီးဖြစ်သော ဣသရေလမြို့ (ခေတ်သစ်ကွန်ညာမြို့) သို့သွားကြ၏။ (လုကာ ၉:၅; ၁၀:၁၁) သို့သော် ပိသိဒိပြည်အန္တအုတ်မြို့တွင် ကျန်ရစ်သောတပည့်တော်များအခြေအနေ မည်သို့ရှိသနည်း။ သူတို့သည် ယုံကြည်ခြင်း၌ ခိုင်မြဲကြသဖြင့် “ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။” ဤဖြစ်ရပ်က ဆန့်ကျင်မှုတို့သည် ဝိညာဏတိုးပွားမှုကို မဟန့်တားနိုင်ကြောင်း သိသာစေသည်။
နှိပ်စက်ညှဉ်းပန်းခံရငြား ယုံကြည်ခြင်း၌ ခိုင်မြဲ
၈။ ဣကောနိမြို့တွင် အောင်မြင်စွာသက်သေခံခြင်း၏ အကျိုးရလဒ်တစ်ခုအနေနှင့် ဘာဖြစ်ပျက်ခဲ့သနည်း။
၈ ပေါလုနှင့်ဗာနဗတို့ကိုယ်တိုင်က နှိပ်စက်ညှဉ်းပန်းခံရစေကာမူ ယုံကြည်ခြင်း၌ ခိုင်မြဲကြောင်း သက်သေတင်ပြခဲ့ကြသည်။ (၁၄:၁–၇) ဣကောနိမြို့တရားဇရပ်တွင် သူတို့သက်သေခံချက်ကိုတုံ့ပြန်သည့်အနေဖြင့် ယုဒအမျိုးသားနှင့် ဂရိအမျိုးသားအများ ယုံကြည်သူများဖြစ်လာကြသည်။ မယုံကြည်သော ယုဒအမျိုးသားတို့က လူမျိုးခြားတို့အား သွေးထိုးပြီး ယုံကြည်သူလူသစ်တို့ကို အတိုက်အခံပြုလာသောအခါ ထိုအမှုတော်ဆောင်နှစ်ဦးသည် ဘုရားသခင့်အခွင့်အာဏာဖြင့် ရဲရင့်စွာ ဟောပြောကြ၏။ ကိုယ်တော်ကလည်း သူတို့အား နိမိတ်လက္ခဏာများပြသနိုင်သော တန်ခိုးကိုပေးခြင်းအားဖြင့် နှစ်သက်သဘောကျကြောင်း ပြသတော်မူ၏။ ဤသည်က ရမ်းကားသောလူအုပ်ကို ကွဲသွားစေသည်။ အချို့က ယုဒအမျိုးသားတို့ဘက်ပါပြီး အခြားသူတို့က တမန်တော်များ (စေလွှတ်ခံရသူများ) ဘက်ပါကြ၏။ တမန်တော်တို့သည် သူရဲဘောကြောင်သူများမဟုတ်ကြသော်လည်း၊ သူတို့ကို ခဲနှင့်ပေါက်သတ်မည့်အကြံကိုသိရှိသောအခါ ထိုမြို့မှ အမြော်အမြင်ရှိရှိ ထွက်သွား၍ ဂလာတိပြည် တောင်ပိုင်း အာရှမိုင်းနားဒေသဖြစ်သည့် လုကောနိနယ်သို့သွား၍ ဟောပြောကြ၏။ ကျွန်ုပ်တို့လည်း မြော်မြင်ဆင်ခြင်တတ်ပါက နှိပ်စက်ညှဉ်းပန်းခံရစေကာမူ ဓမ္မအမှုတော်တွင် ဆက်လက်၍ တက်ကြွစွာ လှုပ်ရှားနိုင်ပေသည်။—မဿဲ ၁၀:၂၃။
၉၊ ၁၀။ (က) မစွမ်းမသန်သူတစ်ယောက်အား ကုသပေးခြင်းကို လုတ္တရမြို့သူမြို့သားများ အဘယ်သို့တုံ့ပြန်ကြသနည်း။ (ခ) ပေါလုနှင့်ဗာနဗတို့ လုတ္တရမြို့တွင် အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။
၉ ထိုနောက် လုကောနိနယ် လုတ္တရမြို့တွင် သက်သေခံကြ၏။ (၁၄:၈–၁၈) ထိုမြို့တွင် ပေါလုသည် မွေးရာပါ မစွမ်းမသန်သူတစ်ယောက်ကို ကုသပေးခဲ့၏။ ဤအံ့ဖွယ်အမှုမှာ ယေဟောဝါ၏ တန်ခိုးတော်ကြောင့်ဖြစ်ကြောင်း မသိကြသဖြင့် လူအုပ်တို့က “နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ဆင်းသက်ပါသည်တကား” ဟုကြွေးကြော်ကြ၏။ လုကောနိဘာသာစကားဖြင့် ပြောဆိုကြသဖြင့် ဗာနဗနှင့်ပေါလုတို့သည် ဖြစ်ပျက်နေသည့်အမှုအရာကို မသိကြချေ။ ဟောပြောရာတွင် ပေါလုသည် ဦးဆောင်သောကြောင့် လူထုက သူ့အားဟေရမေ (နတ်ဘုရားတို့၏ အပြောသွက်သောသံတော်ဆင့်) ဟုယူဆပြီး ဗာနဗအား ဂရိတို့၏ နတ်မင်းကြီး ဇုသ ဟုထင်မှတ်ကြသည်။
၁၀ ဇုသ၏ယဇ်ပုရောဟိတ်သည် ပေါလုနှင့်ဗာနဗတို့အား ယဇ်ပူဇော်ရန် နွားလားများနှင့် ပန်းကုံးများကို ယူဆောင်လာ၏။ အများနားလည်သော ဂရိစကားအားဖြင့်ဖြစ်စေ၊ စကားပြန်တစ်ဦးအားဖြင့်ဖြစ်စေ ဧည့်သည်တော်နှစ်ဦးက မိမိတို့သည်လည်း သာမန်ပုထုဇဉ်လူသားများသာဖြစ်ကြောင်း၊ လူတို့သည် “ဤအချည်းနှီးသောအရာတို့” (သက်မဲ့နတ်ဘုရား၊ ရုပ်တုများ) ကို စွန့်ပယ်၍ အသက်ရှင်သောဘုရားသခင့်ထံတော်သို့ပြောင်းလဲစေရန် သတင်းကောင်းကြေညာခြင်းဖြစ်ကြောင်း ချက်ချင်းရှင်းပြ၏။ (၃ ဓမ္မရာဇဝင် ၁၆:၁၃။ ဆာလံ ၁၁၅:၃-၉။ ၁၄၆:၆) မှန်ပေသည်။ ဘုရားသခင်သည် လွန်ခဲ့သောကာလများ၌ လူမျိုးခြားတို့ (သို့သော် ဟေဗြဲလူမျိုးမပါ) အားကိုယ့်လမ်းကိုယ်သွားခွင့် ပြုခဲ့သော်လည်း ကိုယ်တော်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ‘သူတို့အား မိုးရေနှင့်သီးနှံဖြစ်ထွန်းသော ရာသီဥတုတို့ကိုပေးသနား၍ သူတို့၏နှလုံးကို အစာအာဟာရနှင့်ရွှင်လန်းခြင်းတို့ဖြင့် ကြွယ်ဝပြည့်စုံစေခြင်းဖြင့်’ ကျေးဇူးရှင်ဖြစ်ကြောင်းကိုလည်းကောင်း သက်သေအထောက်အထားမရှိဘဲ ထားတော်မမူ။ (ဆာလံ ၁၄၇:၈) ဤသို့အကျိုးအကြောင်းဖြင့် ရှင်းပြသော်လည်း ပေါလုနှင့်ဗာနဗတို့သည် လူတို့ယဇ်ပူဇော်ရန် ကြိုးစားမှုကို ဆီးတား၍မရချေ။ သို့သော် ထိုသာသနာပြုတို့သည် နတ်ဘုရားများအဖြစ် ပူဇော်ခြင်းကိုလက်မခံကြချေ။ ထိုသို့သောသြဇာအာဏာကို အသုံးပြု၍ ထိုဒေသအတွင်း ခရစ်ယာန်သာသနာကို မထူထောင်ခဲ့ပေ။ ကောင်းမြတ်လှသည့် ပုံသက်သေပင်ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းတော်တွင် ကျွန်ုပ်တို့သည် ယေဟောဝါအခွင့်ဖြင့် အောင်မြင်စွမ်းဆောင်နိုင်ခြင်းအတွက် အချီးမွမ်းခံလိုသောစိတ် အလွန်ပြင်းပြလျှင် နမူနာယူဖို့ကောင်းသည်။
၁၁။ “ငါတို့သည်များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်နိုင်ငံတော်သို့ ဝင်ရကြသည်” ဟူသောအဆိုမှ ကျွန်ုပ်တို့ဘာသင်ခန်းစာရနိုင်သနည်း။
၁၁ နှိပ်စက်ညှဉ်းပန်းခြင်း ရုတ်တရက်ခေါင်းထောင်လာသည်။ (၁၄:၁၉–၂၈) အဘယ်သို့အားဖြင့်နည်း။ ပိသိဒိနယ် အန္တအုတ်နှင့်ဣကောနိမြို့တို့မှ ယုဒအမျိုးသားတို့၏ ဖြားယောင်းသွေးဆောင်မှုကြောင့် လူပရိသတ်တို့သည် ပေါလုကိုခဲဖြင့်ပေါက်၍ သေပြီဟုထင်သဖြင့် မြို့ပြင်သို့ဆွဲထုတ်သွားကြ၏။ (၂ ကောရိန္သု ၁၁:၂၄) သို့သော် တပည့်တော်တို့ ဝိုင်းအုံကြစဉ်တွင် သူသည်ထ၍ လုတ္တရမြို့ထဲသို့ တိတ်တဆိတ်ဝင်သွား၏။ အမှောင်ထုကိုခို၍ ဝင်သွားခြင်းဖြစ်ဖွယ်ရှိသည်။ နောက်တစ်နေ့၌ သူနှင့်ဗာနဗတို့သည် ဒေရဗေမြို့သို့ထွက်သွားကြ၏။ ထိုမြို့တွင် လူအတော်များများ တပည့်တော်ဖြစ်လာကြသည်။ လုတ္တရ၊ ဣကောနိနှင့် အန္တအုတ်မြို့များသို့ ပြန်သွားရာတွင် ထိုသာသနာပြုတို့သည် တပည့်တော်တို့အား စိတ်ဓာတ်ကြံ့ခိုင်ရန်၊ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲရန် အားပေးပြီးနောက် “ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်” ဟုပြောဆို၏။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့လည်း ဒုက္ခဆင်းရဲကို မျှော်လင့်ရမည်။ ယုံကြည်ခြင်းအပျက်ခံ၍ ယင်းတို့ကို ရှောင်ရှားရန် အားမထုတ်သင့်ပေ။ (၂ တိမောသေ ၃:၁၂) ထိုအချိန်ဝယ် အသင်းတော်များတွင် အကြီးအကဲများကို ခန့်ထားကြ၏။ ထိုအသင်းတော်များထံသို့ လိပ်မူတပ်သော ဂလာတိသြဝါဒစာကို ပေါလုရေးသားခဲ့သည်။
၁၂။ ပေါလု၏ပထမသာသနာပြုခရီးစဉ် ပြီးဆုံးသောအခါ သာသနာပြုနှစ်ဦး ဘာလုပ်ကြသနည်း။
၁၂ ပေါလုနှင့်ဗာနဗတို့သည် ပိသိဒိနယ်ကို ဖြတ်သွားပြီးနောက် ပံဖုလိနယ်၏ ထင်ရှားသောမြို့တစ်မြို့ဖြစ်သော ပေရဂေမြို့တွင် နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ထိုနောက်ရှုရိနယ် အန္တအုတ်မြို့သို့ ပြန်သွားကြ၏။ ပေါလု၏ ပထမခရီးစဉ် ယခုပြီးဆုံးသွားသည်။ သာသနာပြုနှစ်ဦးသည် အသင်းတော်အား “မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း” ပြန်ကြားကြ၏။ ထိုနောက် အန္တအုတ်မြို့ရှိ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာနေထိုင်ကြ၏။ ဤသို့နေထိုင်ခြင်းကြောင့် သူတို့အား ယုံကြည်ခြင်း၌ခိုင်မြဲစေရန် များစွာအကျိုးပြုခဲ့မည်မှာ ယုံမှားဖွယ်မရှိပေ။ ယနေ့ နယ်လှည့်ကြီးကြပ်မှူးတို့၏လည်ပတ်ခြင်းသည်လည်း အလားတူဝိညာဏအကျိုးသက်ရောက်မှုရှိသည်။
အရေးကြီးသော ပြဿနာတစ်ရပ် ဖြေရှင်းခြင်း
၁၃။ အကယ်၍ခရစ်ယာန်ဘာသာကို ဟေဗြဲအုပ်စုဂိုဏ်းနှင့် ယုဒအမျိုးသားမဟုတ်သူများ အုပ်စုဂိုဏ်းအဖြစ် ကွဲပြားမသွားစေလိုပါက ဘာလုပ်ဖို့လိုအပ်သနည်း။
၁၃ ယုံကြည်ခြင်း၌ ခိုင်မြဲရေးအတွက် အတွေးအခေါ်ပိုင်းတွင် စည်းလုံးညီညွတ်ရန်လိုသည်။ (၁ ကောရိန္သု ၁:၁၀) အကယ်၍ ခရစ်ယာန်ဘာသာကို ဟေဗြဲလူမျိုးအုပ်စုဂိုဏ်း၊ ယုဒလူမျိုးမဟုတ်သူများအုပ်စုဂိုဏ်းအဖြစ် ကွဲပြားမသွားစေလိုပါက ဘုရားအဖွဲ့အစည်းတော်အတွင်းသို့ ဝင်လာကြသော လူမျိုးခြားတို့အနေဖြင့် မောရှေပညတ်ကို စောင့်ရန်လိုမလို၊ အရေဖျားလှီးခြင်းခံရန် လိုမလို အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ရပေမည်။ (၁၅:၁–၅) ယုဒပြည်နယ်မှအမျိုးသားအချို့သည် ရှုရိအန္တအုတ်မြို့သို့သွား၍ ထိုမြို့တွင်ရှိသော လူမျိုးခြားယုံကြည်သူများအား အရေဖျားလှီးခြင်းမခံလျှင် ကယ်တင်ခြင်းမရနိုင်ကြောင်း သွန်သင်နေကြ၏။ (ထွက်မြောက်ရာ ၁၂:၄၈) ထို့ကြောင့် ပေါလု၊ ဗာနဗနှင့် အခြားသူတို့ကို ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အကြီးအကဲများထံသို့ စေလွှတ်လိုက်ကြ၏။ ယေရုရှလင်မြို့၌ပင် ပညတ်တရားဘက်အားသန်သည့် ဖါရိရှဲဖြစ်ခဲ့ကြသော ယုံကြည်သူတို့က လူမျိုးခြားတို့သည် အရေဖျားလှီးခြင်းခံ၍ ပညတ်တရားစောင့်ထိန်းရမည်ဟု အခိုင်အမာဆိုကြသည်။
၁၄။ (က) ယေရုရှလင်မြို့၌ကျင်းပသော အစည်းအဝေးတွင် အချေအတင်ငြင်းခုံမှု ဖြစ်ခဲ့စေကာမူ အဘယ်ပုံသက်သေကောင်းထားခဲ့သနည်း။ (ခ) ထိုအခါသမယတွင် ပေတရုအကျိုးအကြောင်းဆင်ခြင်သုံးသပ်တင်ပြချက်၏ အနှစ်သာရကားအဘယ်နည်း။
၁၄ ဘုရားသခင်အလိုတော်ကို အသေအချာသိရှိရန် အစည်းအဝေးတစ်ရပ်ကျင်းပကြသည်။ (၁၅:၆–၁၁) အချေအတင်ငြင်းခုံမှုဖြစ်ခဲ့သည်မှာမှန်သော်လည်း ခံယူချက်ပြင်းထန်သူများ သူတို့၏သဘောထားတင်ပြစဉ်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမရှိခဲ့ပေ။ ယနေ့အကြီးအကဲများအတွက် စံနမူနာကောင်းတစ်ခုဖြစ်သည်။ နောက်ဆုံး၌ပေတရုက ‘သတင်းကောင်းကိုငါတို့နှုတ်ဖြင့် (ကော်နေလိကဲ့သို့သော) လူမျိုးခြားတို့ ကြားနာ၍ယုံကြည်ကြစေရန် ဘုရားသခင်သည်ငါ့ကိုရွေးကောက်ခဲ့သည်။ ကိုယ်တော်သည်သူတို့အားလည်း သန့်ရှင်းသောဝိညာဉ်တော်ကို ပေးသနားတော်မူလျက် သူတို့ကိုငါတို့နှင့်ခွဲခြားခြင်းပြုတော်မမူ။ (တမန်တော် ၁၀:၄၄-၄၇) ထို့ကြောင့်ဘိုးဘေးများမှစ၍ငါတို့လည်းမထမ်းနိုင်သော ထမ်းပိုးကို ထိုတပည့်တော်တို့လည်ပေါ်တွင်တင်လျက် အဘယ့်ကြောင့်ဘုရားသခင်ကိုအကဲစမ်းလိုကြသနည်း။ ထိုသူတို့နည်းတူ (ဇာတိသဘောအရ ယုဒအမျိုးသားများဖြစ်သူ) ငါတို့သည် သခင်ယေရှု၏မခံစားထိုက်သော ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်မည့်အကြောင်း ယုံကြည်ကြသည်’ ဟုပြောဆို၏။—ဂလာတိ ၅:၁။
၁၅။ အဘယ်အခြေခံကျသောအချက်များကို ယာကုပ်တင်ပြသနည်း။ လူမျိုးခြားခရစ်ယာန်များထံ ဘာရေးသားအကြောင်းကြားရန် အကြံပြုသနည်း။
၁၅ ပေတရုနိဂုံးချုပ်သောအခါ အသင်းတော်သည်ဆိတ်ဆိတ်နေကြ၏။ သို့သော် ထိုထက်မကပြောဆိုခဲ့ကြ၏။ (၁၅:၁၂–၂၁) ဗာနဗနှင့်ပေါလုတို့က သူတို့အားဖြင့် လူမျိုးခြားတို့ဘောင်တွင် ဘုရားသခင်ပြုတော်မူသော နိမိတ်လက္ခဏာများအကြောင်း ပြောကြားကြ၏။ ထိုနောက်သဘာပတိဖြစ်သူ ယေရှု၏မိတူဖကွဲညီတော်ယာကုပ်က ‘ဘုရားသခင်သည် နာမတော်ဖြင့်သမုတ်ခံရမည့်လူစုကို လူမျိုးခြားတို့အနက်မှရွေးကောက်ရန် အထက်ကကြည့်ရှုတော်မူကြောင်း ရှိမုန် (ပေတရု၏ဟေဗြဲအမည်) ပြန်ကြားလေပြီ’ ဟုပြောဆို၏။ ယာကုပ်က ‘ဒါဝိဒ်၏တဲ’ ကိုပြန်လည်တည်ဆောက်ခြင်း (ဒါဝိဒ်အမျိုးမှ မင်းမျိုးမင်းနွယ်ပြန်လည်တည်ထောင်မှု) ဟူသောတင်ကူးဟောပြောချက်သည် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အထဲမှ ယေရှု၏တပည့်တော်များ (နိုင်ငံတော်အမွေခံများ) ကိုစုသိမ်းခြင်း၌ ပြည့်စုံလျက်ရှိကြောင်း ထောက်ပြသွားသည်။ (အာမုတ် ၉:၁၁၊ ၁၂။ ရောမ ၈:၁၇) ဤကားဘုရားသခင့်ရည်ရွယ်ချက်ဖြစ်သောကြောင့် တပည့်တော်တို့အနေဖြင့်လက်ခံသင့်သည်။ ယာကုပ်က လူမျိုးခြားခရစ်ယာန်တို့အား (၁) ရုပ်တုများကြောင့်မသန့်ရှင်းသောအရာများ၊ (၂) မတရားမေထုန်ပြုခြင်း (၃) လည်လိမ်သားနှင့် (၄) သွေးတို့ကိုကြဉ်ရှောင်စေရန် စာရေးအကြောင်းကြားဖို့ အကြံပြုသည်။ ဤတားမြစ်ချက်များသည် မောရှေ၏ပညတ္တိကျမ်းများ၌ပါရှိပြီး တရားဇရပ်များ၌ ဥပုသ်နေ့တိုင်း ဖတ်ရွတ်ခဲ့ရာများဖြစ်သည်။—ကမ္ဘာဦး ၉:၃၊ ၄။ ၁၂:၁၅-၁၇။ ၃၅:၂၊ ၄။
၁၆။ ပထမရာစုအုပ်ချုပ်ရေးအဖွဲ့၏စာပါ အဘယ်အချက်လေးချက်သည် ယနေ့တိုင်အောင်လမ်းညွှန်မှုပေးလာခဲ့သနည်း။
၁၆ ယခုအုပ်ချုပ်ရေးအဖွဲ့သည် အန္တအုတ်မြို့၊ ရှုရိနှင့်ကိလိကိပြည်၌ရှိသော လူမျိုးခြားခရစ်ယာန်များထံ စာတစ်စောင်ပို့လိုက်သည်။ (၁၅:၂၂–၃၅) သန့်ရှင်းသောဝိညာဉ်တော်နှင့် ထိုစာရေးသားသူတို့က (၁) ရုပ်တုများအား ပူဇော်ထားသည့်အရာများ၊ (၂) (အချို့သူများ မှန်မှန်စားသုံးကြသည့်) သွေး၊ (၃) သွေးမသွန်းဘဲ လည်ညှစ်သတ်သောအသား (ဒိဌိလူမျိုးအများ ထိုသို့သောအသားကို ချိုမြိန်သောအစာအဖြစ် ယူဆကြသည်) နှင့် (၄) မတရားသောမေထုန် (ဂရိဘာသာဖြင့် ပေါ်နီယာ၊ ကျမ်းစာနှင့်အညီ ထိမ်းမြားခြင်းမရှိဘဲ တရားမဝင် လိင်ဆက်ဆံခြင်းကိုဆိုလိုသည်) တို့ကိုကြဉ်ရှောင်ရန်တောင်းဆို၏။ ထိုသို့ကြဉ်ရှောင်ခြင်းအားဖြင့် သူတို့သည် ဝိညာဉ်ရေးဘက် အောင်မြင်ကြီးပွားကြမည်။ ယခုခေတ်၌ ယေဟောဝါသက်သေတို့သည် ‘ဤလိုက်နာအပ်သောအရာများ’ ကိုလိုက်နာဆောင်ရွက်ကြသောကြောင့် အောင်မြင်ကြီးပွားလျက်ရှိသည်။ “ကျန်းမာပါစေသော” ဟူသောစကားသည် “မေတ္တာပို့သခြင်း” သဘောသက်ရောက်ပြီး အထက်ပါစည်းကမ်းချက်များသည် ကျန်းမာရေးအတွက်သာ အကျိုးပြုသည်ဟု ကောက်ချက်မချသင့်ပေ။ အန္တအုတ်မြို့တွင် ထိုစာကိုဖတ်ကြားသောအခါ အသင်းတော်သည် ထိုစာ၌ရှိသော အားပေးတိုက်တွန်းမှုကြောင့် ရွှင်လန်းဝမ်းမြောက်ကြ၏။ ထိုအချိန်က အန္တအုတ်မြို့ရှိ ဘုရားသခင့်လူမျိုးတော်သည် ပေါလု၊ သိလ၊ ဗာနဗနှင့် အခြားသူတို့၏အားပေးမှုကြောင့်လည်း ယုံကြည်ခြင်း၌ခိုင်မြဲလာသည်။ ကျွန်ုပ်တို့လည်း ယုံကြည်သူချင်းတို့ကို အားပေးရန်နည်းလမ်းများ ရှာကြံနိုင်ကြပါစေ။
ဒုတိယသာသနာပြုခရီးစတင်
၁၇။ (က) ဒုတိယသာသနာပြုခရီး အစီအစဉ်ရေးဆွဲစဉ်တွင် အဘယ်ပြဿနာတက်ခဲ့သနည်း။ (ခ) ပေါလုနှင့်ဗာနဗတို့သည် သူတို့၏အငြင်းပွားမှုကို မည်သို့ဖြေရှင်းခဲ့ကြသနည်း။
၁၇ ဒုတိယသာသနာပြုခရီးစဉ် စီစဉ်ရေးဆွဲစဉ်တွင် ပြဿနာတစ်ခုတက်ခဲ့သည်။ (၁၅:၃၆–၄၁) ပေါလုကသူနှင့်ဗာနဗသည် ကုပရုကျွန်းနှင့်အာရှမိုင်းနားရှိ အသင်းတော်များထံ လည်ပတ်ရန်အဆိုသွင်းသည်။ ဗာနဗကသဘောတူသည်။ သို့သော် ညီဝမ်းကွဲမာကုကိုခေါ်သွားလိုသည်။ မာကုသည်ပံဖုလိပြည်၌ သူတို့ကိုစွန့်ခွာသွားသောကြောင့် ပေါလုကသဘောမတူချေ။ သို့နှင့် “အပြင်းအထန်ဒေါသပေါက်ကွဲမှု” ဖြစ်သွားခဲ့သည်။ သို့သော် ပေါလုကောဗာနဗပါ သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စ၌ အခြားအကြီးအကဲများ၊ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ကို ဆွဲသွင်းရန်ကြိုးစားခြင်းအားဖြင့် ကိုယ်မှန်ကြောင်းအားမထုတ်ခဲ့ချေ။ ကောင်းမြတ်သည့်ပုံသက်သေပါတကား။
၁၈။ ပေါလုနှင့်ဗာနဗ လမ်းခွဲခြင်းမှ အဘယ်အကျိုးဖြစ်ထွန်းသနည်း။ ဤဖြစ်ရပ်မှ ကျွန်ုပ်တို့မည်သို့အကျိုးရယူနိုင်သနည်း။
၁၈ သို့ရာတွင် ဤအငြင်းပွားမှုကြောင့် လမ်းခွဲမှုဖြစ်စေခဲ့သည်။ ဗာနဗသည် မာကုကိုခေါ်၍ ကုပရုကျွန်းသို့ထွက်ခွါသွား၏။ ပေါလုသည် သိလကိုအဖေါ်ပြုကာ ‘ရှုရိပြည်နှင့်ကိလိကိပြည်သို့ သွားရောက်၍ အသင်းတော်များကိုခိုင်ခံ့မြဲမြံစေ၏။’ ဗာနဗသည် မိသားစုဆွေမျိုးသံယောဇဉ် အရှိန်သြဇာလွှမ်းမိုးခံရခြင်းဖြစ်ဖွယ်ရှိသည်။ တကယ်ဆိုလျှင် သူ့အနေဖြင့် ပေါလု၏တမန်တော်ရာထူးနှင့် “ရွေးကောက်သောတန်ဆာ” အဖြစ်ရွေးချယ်ခံရခြင်းတို့ကို အသိအမှတ်ပြုသင့်သည်။ (တမန်တော် ၉:၁၅) ကျွန်တော်တို့ကော ဤဖြစ်ရပ်က သီအိုကရက်တစ်အခွင့်အာဏာကို အသိအမှတ်ပြု၍“သစ္စာနှင့်သတိပညာရှိကျွန်” နှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စွဲမှတ်စေသင့်သည်။—မဿဲ ၂၄:၄၅-၄၇။
ငြိမ်သက်ခြင်းမှု၌ တိုးပွားခြင်း
၁၉။ တိမောသေထံမှ မျက်မှောက်ခေတ်ခရစ်ယာန်လူငယ်များ အဘယ်ပုံသက်သေယူနိုင်သနည်း။
၁၉ ဤအငြင်းပွားမှုကြောင့် အသင်းတော်၏ငြိမ်သက်ခြင်း ပျက်ပြားခွင့်မပြုခဲ့ကြပေ။ ဘုရားသခင့်လူမျိုးတော်သည် ယုံကြည်ခြင်း၌ဆက်လက်၍ ခိုင်မြဲကြ၏။ (၁၆:၁–၅) ပေါလုနှင့်သိလတို့သည် ဒေရဗေမြို့သို့သွား၍ ထိုမှတဖန်လုတ္တရမြို့သို့ခရီးဆက်ကြ၏။ ထိုမြို့တွင် ယုံကြည်သူ ယုဒအမျိုးသမီးဥနိတ်နှင့် သူမ၏ မယုံကြည်သောဂရိခင်ပွန်းတို့မှရသောသား တိမောသေရှိ၏။ တိမောသေသည် ငယ်ရွယ်သောသူဖြစ်၏။ ၁၈ နှစ် သို့မဟုတ် ၂၀ နှစ်ကြာပြီးနောက်၌ပင် သူသည် “သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြုစေနှင့်” ဟု မှာကြားခံရ၍ဖြစ်သည်။ (၁ တိမောသေ ၄:၁၂) သူသည် “လုတ္တရမြို့၊ [၁၈ မိုင်ခန့်ဝေးသော] ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်” သဖြင့် သူ၏ကောင်းမွန်သောဓမ္မအမှုနှင့် ဘုရားရေးရာအရည်အချင်းများကြောင့်ကျော်ကြား၏။ ယခုခေတ်ခရစ်ယာန်လူငယ်များ ယေဟောဝါ၏မစမှုဖြင့် အလားတူနာမည်ကောင်းပြုစုသင့်သည်။ ပေါလုသည်တိမောသေအား အရေဖျားလှီးခြင်းမင်္ဂလာပေး၏။ ထိုသို့ပြုရခြင်းအကြောင်းမှာ တိမောသေ၏ဖခင်မှာ ဂရိအမျိုးသားဖြစ်ကြောင်း သိကြသောယုဒအမျိုးသားများ၏ နေအိမ်တရားဇရပ်များသို့ သူတို့သွားရမည်ဖြစ်၍တစ်ကြောင်း၊ မေရှိယအကြောင်းသိရှိရန် လိုအပ်နေကြသော ယုဒအမျိုးသားအမျိုးသမီးတို့ထံသွားရာတွင် မည်သည့်အဆီးအတားမျှမရှိစေလို၍တစ်ကြောင်းကြောင့်ဖြစ်သည်။ ယခုယေဟောဝါသက်သေတို့သည်လည်း သမ္မာကျမ်းစာမူများနှင့်မဆန့်ကျင်ဘဲ သတင်းကောင်းကိုလူအမျိုးမျိုးလက်ခံစေခြင်းငှာ တတ်စွမ်းသမျှလုပ်ဆောင်ကြသည်။ —၁ ကောရိန္သု ၉:၁၉-၂၃။
၂၀။ ပထမရာစုနှစ်အုပ်ချုပ်ရေးအဖွဲ့၏ စာအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့် အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ ယင်းသည်ကျွန်ုပ်တို့ကိုပါ အဘယ်သို့ပတ်သက်စေသင့်သည်ဟု သင်ထင်သနည်း။
၂၀ တိမောသေအား အစေအပါးအဖြစ် ခေါ်ဆောင်လျက် ပေါလုနှင့်သိလတို့သည် တပည့်တော်တို့အား အုပ်ချုပ်ရေးအဖွဲ့၏ စီရင်ဆုံးဖြတ်ချက်များကို လိုက်နာကျင့်သုံးရန် ပေးအပ်ကြ၏။ အဘယ်အကျိုးဖြစ်ထွန်းသနည်း။ ရှုရိပြည်၊ ကိလိကိပြည်နှင့် ဂလာတိပြည်တို့ကိုရည်ညွန်းလျက် လုကာဤသို့ရေးသားခဲ့၏။ “ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။” မှန်ပေသည်။ အုပ်ချုပ်ရေးအဖွဲ့မှစာအတိုင်း လိုက်နာကျင့်သုံးခြင်းကြောင့် စည်းလုံးမှုနှင့် ဝိညာဏကြီးပွားအောင်မြင်မှု အကျိုးဖြစ်ထွန်းခဲ့သည်။ ယေဟောဝါ၏လူမျိုးတော် စည်းလုံးညီညွတ်လျက် ယုံကြည်ခြင်း၌ခိုင်မြဲရန် အထူးလိုအပ်နေသော ယခုကဲ့သို့ခဲယဉ်းသည့်ကာလအတွက် ကောင်းမြတ်လှသောပုံသက်သေပင်ဖြစ်ပေသည်။
သင်မည်သို့ဖြေမည်နည်း
▫ နှိပ်စက်ညှဉ်းပန်းခြင်းကို ပေါလုနှင့်ဗာနဗ အဘယ်ကဲ့သို့တုံ့ပြန်ခဲ့ကြသနည်း။
▫ “ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြသည်” ဟူသောအဆိုမှ ကျွန်ုပ်တို့ဘာသင်ခန်းစာရနိုင်သနည်း။
▫ ပထမရာစုနှစ် အုပ်ချုပ်ရေးအဖွဲ့ပေးပို့လိုက်သော စာ၌ပါရှိသောအချက်လေးချက်မှ အဘယ်သြဝါဒရယူနိုင်သနည်း။
▫ ယေဟောဝါ၏ပထမရာစုရှိ သက်သေခံများအား ယုံကြည်ခြင်း၌ခိုင်မြဲစေသည့် အချက်များသည် ယနေ့ကျွန်ုပ်တို့အတွက် မည်သို့သက်ဆိုင်သနည်း။