တမန်တော်များအချိန်က အသိပညာထွန်းလင်းမှု
“အလင်းကိုယ်နှိုက်သည် ဖြောင့်မတ်သောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့အဖို့ ဝင်းလက်၏။” —ဆာလံ ၉၇:၁၁၊ ကဘ။
၁ ယနေ့ယေဟောဝါသက်သေများသည် ကနဦးခရစ်ယာန်များကို မည်သို့တုပကြသနည်း။
ခရစ်ယာန်စစ်များအနေနှင့် ကျွန်ုပ်တို့သည် ဆာလံ ၉၇:၁၁ ပါစကားများကို မည်မျှလေးမြတ်လှပါသည်တကား! ကျွန်ုပ်တို့အတွက် ထပ်ခါတလဲ ‘အလင်းရောင်ဝင်းလက်လာခဲ့သည်။’ မှန်ပါသည်၊ ကျွန်ုပ်တို့ထဲမှ အချို့တို့သည် ယေဟောဝါ၏ ဝင်းလက်သောအလင်းဖြာမှုကို ဆယ်စုနှစ်များချီ၍ တွေ့မြင်လာခဲ့ကြသည်။ ယင်းတို့အားလုံးသည် နယပုံပြင် ၄:၁၈ (ကဘ) တွင် ဤသို့ဖော်ပြသောစကားများကို ကျွန်ုပ်တို့အားပြန်လည်သတိရစေသည်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် နေ့ဘက်သို့လုံးလုံးရောက်သည်အထိ တိုး၍လင်းလာသော တောက်ပသည့်အလင်းကဲ့သို့ဖြစ်၏။” လူ့ထုံးတမ်းစဉ်လာများကိုမဟုတ်ဘဲ ကျမ်းစာကို လေးမြတ်တန်ဖိုးထားရာတွင် ကျွန်ုပ်တို့ယေဟောဝါ၏သက်သေများသည် ရှေးခရစ်ယာန်များကို တုပကြသည်။ ဘုရားသခင့်မှုတ်သွင်းခံခရစ်ယာန်ဂရိကျမ်း၏ ဂန္တဝင်မြောက်စာစောင်များနှင့် ပေးပို့သောစာများတွင် သူတို့၏သဘောသဘာဝကို ရှင်းလင်းစွာတွေ့မြင်နိုင်သည်။
၂။ ယေရှု၏တပည့်တော်များရရှိသော ဦးဆုံးအသိပညာထွန်းလင်းမှုများတွင် မည်သည့်အရာများပါဝင်သနည်း။
၂ ယေရှုခရစ်၏ ကနဦးနောက်တော်လိုက်များ ဦးစွာလက်ခံရရှိသည့် အလင်းထွန်းလင်းမှုများတွင် မေရှိယနှင့်ပတ်သက်သောအကြောင်းများပါဝင်သည်။ အန္ဒြေက သူ့ညီရှိမုန်ပေတရုအား “ငါတို့သည် မေရှိယကိုတွေ့ကြပြီ” ဟုပြောခဲ့သည်။ (ယောဟန် ၁:၄၁) နောက်ပိုင်းတစ်ချိန်တွင် တမန်တော်ပေတရုသည် ယေရှုခရစ်အား “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်” ဟုပြောခြင်းအားဖြင့် ကောင်းကင်ခမည်းတော်သည် ယင်းအချက်ကို သူသက်သေထူနိုင်စေခဲ့သည်။—မဿဲ ၁၆:၁၆၊ ၁၇; ယောဟန် ၆:၆၈၊ ၆၉။
သူတို့၏ဟောပြောခြင်းတာဝန်ဆိုင်ရာအလင်း
၃၊ ၄။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် မိမိနောက်တော်လိုက်များအား အနာဂတ်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မည်သည့်အသိပညာထွန်းလင်းမှုပေးသနည်း။
၃ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုခရစ်သည် မိမိ၏နောက်တော်လိုက်များအားလုံးအပေါ်တွင် တင်ရှိနေသောတာဝန်တစ်ခုနှင့်ပတ်သက်သည့် အသိပညာအလင်းများ ပေးခဲ့သည်။ အထူးသဖြင့် ဂါလိလဲတွင်စုရုံးရောက်ရှိနေသည့် တပည့်တော် ၅၀၀ အား “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူတကွ အစဉ်မပြတ်ရှိသည်” ဟုမိန့်တော်မူခြင်းအားဖြင့် ထိုတာဝန်ကိုပေးခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀; ၁ ကောရိန္သု ၁၅:၆) ထိုနောက်ပိုင်းတွင် ခရစ်တော်၏နောက်တော်လိုက်အားလုံးတို့သည် ဟောပြောသူများဖြစ်ကြရပြီး သူတို့၏ဟောပြောခြင်းတာဝန်သည် “ဣသရေလအမျိုးပျောက်လွင့်သောသိုးများ” ဖြင့်သာ ကန့်သတ်ထားရန်မဟုတ်ချေ။ (မဿဲ ၁၀:၆) အပြစ်မှခွင့်လွှတ်ခံရရန် နောင်တရခြင်း၏အထိမ်းအမှတ်ဖြစ်သည့် ယောဟန်၏နှစ်ခြင်းကိုလည်း သူတို့ပေးကြရမည်မဟုတ်ပေ။ သို့ပြုမည့်အစား သူတို့သည် လူများကို “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းပေးကြရမည်ဖြစ်သည်။
၄ ကောင်းကင်သို့ ယေရှုပြန်မတက်ကြွမီကလေးတွင် ကိုယ်တော့်သစ္စာရှိတမန်တော် ၁၁ ပါးတို့က “သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော” ဟု ကိုယ်တော်အား မေးလျှောက်ကြသည်။ ထိုမေးခွန်းကိုဖြေဆိုမည့်အစား ယေရှုသည် သူတို့၏ ဟောပြောခြင်းတာဝန်နှင့်ပတ်သက်သော ထပ်ဆင့်ညွှန်ကြားချက်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” ထိုအချိန်အထိ သူတို့သည် ယေဟောဝါတစ်ပါးတည်း၏ သက်သေများဖြစ်ခဲ့ကြသော်လည်း ယခု ခရစ်တော်အတွက်ပါ သက်သေဖြစ်ကြရမည်ဖြစ်သည်။—တမန်တော် ၁:၆-၈။
၅၊ ၆။ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့်တော်များသည် မည်သည့်ဉာဏ်အလင်းထွန်းလင်းမှုကို ရရှိခဲ့ကြသနည်း။
၅ ဆယ်ရက်ခန့်သာကြာပြီးနောက် ယေရှု၏နောက်တော်လိုက်များသည် မည်မျှထွန်းလင်းတောက်ပသည့်အလင်းကို ရရှိခဲ့ကြပါသည်တကား! ပထမဆုံးအကြိမ်အဖြစ် စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့တွင် သူတို့သည် ယောလ ၂:၂၈၊ ၂၉ ပါဤစကားများ၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်နားလည်လာကြသည်– “ထိုနောက်မှ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံကို မြင်ရကြလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျား၊ မိန်းမတို့အပေါ်သို့ ငါ [ယေဟောဝါ] ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။” ယေရုရှလင်မြို့တွင်စုဝေးကြသော ယေရှု၏တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့အားလုံး—၁၂၀ ခန့်ရှိ ယောက်ျားနှင့်မိန်းမတို့—၏ခေါင်းပေါ်တွင်ရှိ မီးလျှာများသဖွယ် မြင်ခဲ့ကြရသည်။—တမန်တော် ၁:၁၂-၁၅; ၂:၁-၄။
၆ ဆာလံ ၁၆:၁၀ ပါစကားများသည် ရှင်ပြန်ထမြောက်ပြီးဖြစ်သော ယေရှုခရစ်နှင့်သက်ဆိုင်ကြောင်းကိုလည်း ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များဦးဆုံးနားလည်ခဲ့ကြသည်။ ဆာလံဆရာက ဤသို့ပြောသည်– “ကိုယ်တော် [ယေဟောဝါဘုရားသခင်] သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူ။” ထိုစကားများသည် ဘုရင်ဒါဝိဒ်နှင့်မသက်ဆိုင်ကြောင်း၊ အကြောင်းမှာ ထိုမင်း၏သင်္ချိုင်းသည် ထိုအချိန်အထိ သူတို့နှင့်ရှိနေသေးကြောင်းကို တပည့်တော်များသိနားလည်လာကြသည်။ ဤထွန်းလင်းလာသော ရှင်းပြချက်အသစ်ကို ကြားနာရသည့်လူ ၃,၀၀၀ တို့သည် ထိုနေ့ချင်းတွင် နှစ်ခြင်းခံကြသည်အထိ ယုံကြည်လက်ခံခဲ့ကြသည်မှာ အဆန်းမဟုတ်ပါလေ!—တမန်တော် ၂:၁၄-၄၁။
၇။ ရောမတပ်မှူးကော်နေလိထံ တမန်တော်ပေတရုရောက်ရှိနေစဉ်အတွင်း မည်သည့်တောက်ပသော ဉာဏ်အလင်းကို သူရရှိခဲ့သနည်း။
၇ “မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့တစ်မျိုးတည်းကိုသာ ငါလက်ခံ” သည်ဟု မိမိတို့နှင့်ပတ်သက်၍ ဘုရားသခင်ပြောသည့်စကားကို ဣသရေလလူမျိုးသည် နှစ်ရာစုများစွာကတည်းက နားလည်ထားကြသည်။ (အာမုတ် ၃:၂) ထို့ကြောင့် တမန်တော်ပေတရုနှင့် သူ့အဖော်များသည် ရောမတပ်မှူးကော်နေလိအိမ်သို့သွားစဉ် အရေဖျားမလှီးသည့် တစ်ပါးအမျိုးသားယုံကြည်သူများအပေါ် ပထမဆုံးအကြိမ် သန့်ရှင်းသောဝိညာဉ်တော်ကျရောက်သောအခါ အလွန်ထွန်းလင်းတောက်ပသည့်အလင်းကို သူတို့ရရှိခဲ့ကြသည်မှာအမှန်။ နှစ်ခြင်းမခံမီ သန့်ရှင်းသောဝိညာဉ်တော်ကျရောက်ခြင်းသည် ဤတစ်ကြိမ်တွင်သာဖြစ်ကြောင်း မှတ်သားစရာဖြစ်သည်။ သို့သော် ယင်းသို့ပင်ဖြစ်ရမည်။ သို့မဟုတ်ပါက အရေဖျားမလှီးသော ထိုတစ်ပါးအမျိုးသားများသည် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီကြောင်းကို ပေတရုသိမည်မဟုတ်ချေ။ ဤဆန်းကြယ်သည့်အဖြစ်အပျက်၏ အနက်အဓိပ္ပာယ်ကို ကောင်းစွာသဘောပေါက်သောကြောင့် ပေတရုဤသို့မေးသည်– “ငါတို့ကဲ့သို့ ဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှာ အဘယ်သူသည် ရေကိုမြစ်တားနိုင်သနည်း။” မှန်ပါသည်၊ ထိုတွင်ရှိနေသော မည်သူတစ်ဦးတစ်ယောက်မျှ မတားဆီးနိုင်သဖြင့် ထိုတစ်ပါးအမျိုးသားများ နှစ်ခြင်းခံခြင်းဖြစ်ပျက်ခဲ့သည်။—တမန်တော် ၁၀:၄၄-၄၈; တမန်တော် ၈:၁၄-၁၇ နှိုင်းယှဉ်။
အရေးဖျားလှီးခြင်းမရှိတော့
၈။ ကနဦးခရစ်ယာန်အချို့တို့အတွက် အရေဖျားလှီးခြင်းဆိုင်ရာသွန်သင်ချက်ကို စွန့်လွှတ်ခြင်းသည် အဘယ်ကြောင့်အခက်အခဲရှိသနည်း။
၈ အရေဖျားလှီးခြင်းဆိုင်ရာ မေးခွန်းနှင့်ပတ်သက်၍ နောက်ထပ်သမ္မာတရားအသိပညာထွန်းလင်းမှု ပေါ်ပေါက်လာသည်။ အရေဖျားလှီးခြင်းအလေ့အထသည် အာဗြဟံနှင့်ဖွဲ့သော ယေဟောဝါ၏ပဋိညာဉ်နှင့်အတူ ဘီ.စီ.အီး. ၁၉၁၉ ခုနှစ်တွင် စတင်ခဲ့သည်။ သူနှင့်သူ့အိမ်သားယောက်ျားအားလုံး အရေဖျားလှီးခြင်းခံရမည်ဟု အာဗြဟံအား ဘုရားသခင်ပညတ်ခဲ့သည်။ (ကမ္ဘာဦး ၁၇:၉-၁၄၊ ၂၃-၂၇) ထို့ကြောင့် အရေဖျားလှီးခြင်းသည် အာဗြဟံမှဆင်းသက်ပေါက်ဖွားလာသူများ၏ အမှတ်သညာတစ်ခုဖြစ်လာသည်။ ယင်းသို့ပြုရခြင်းကို သူတို့ ဂုဏ်ယူဝင့်ကြွားကြလိုက်မည်ဖြစ်ခြင်း! ရလဒ်အနေနှင့် “အရေဖျားမလှီးခြင်း” ဟူသည် ရွံရှာဖွယ်အသုံးအနှုန်းတစ်ရပ်ဖြစ်လာသည်။ (ဟေရှာယ ၅၂:၁; ၁ ဓမ္မရာဇဝင် ၁၇:၂၆၊ ၂၇) အချို့သော ဂျူးအမျိုးသားခရစ်ယာန်များသည် ယင်းအမှတ်သညာမတိမ်ကောအောင် အဘယ်ကြောင့် ဆက်လက်ထိန်းသိမ်းလိုကြခြင်းကို အလွယ်တကူသိမြင်နိုင်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သူတို့ထဲမှ အချို့တို့သည် ပေါလု၊ ဗာနဗတို့နှင့် အတော်အတန်ဆွေးနွေးငြင်းခုံကြသည်။ ယင်းကိုဖြေရှင်းရန် ပေါလုနှင့်အခြားသူတို့သည် ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခြင်းအလို့ငှာ ယေရုရှလင်မြို့သို့သွားခဲ့ကြသည်။—တမန်တော် ၁၅:၁၊ ၂။
၉။ တမန်တော် ၁၅ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ကနဦးအုပ်ချုပ်ရေးအဖွဲ့အပေါ် မည်သည့်ဉာဏ်အလင်းထွန်းလင်းသနည်း။
၉ အရေဖျားလှီးခြင်းသည် ယေဟောဝါ၏ကျေးကျွန်များအတွက် လိုအပ်ချက်တစ်ခုမဟုတ်တော့ကြောင်းနှင့်ပတ်သက်၍ ထိုကနဦးခရစ်ယာန်များ အလင်းရရှိခြင်းသည် ဤတစ်ကြိမ်တွင် ထူးဆန်းအံ့ဩဖွယ်အဖြစ်အပျက်အားဖြင့် မဟုတ်တော့ချေ။ သို့အစား သူတို့သည် ကျမ်းစာကိုလေ့လာခြင်း၊ လမ်းညွှန်အဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို အားထားခြင်းနှင့် အရေဖျားမလှီးသောတစ်ပါးအမျိုးသားများ၏ ပြောင်းလဲခြင်းဆိုင်ရာ ပေတရုနှင့်ပေါလုတို့၏တွေ့ကြုံမှုများကို နားထောင်ခြင်းအားဖြင့် အသိပညာအလင်းကို တိုး၍လက်ခံရရှိခဲ့ကြသည်။ (တမန်တော် ၁၅:၆-၂၁) စာတစ်စောင်တွင်ပါသော ဆုံးဖြတ်ချက်ကို တစ်စိတ်တစ်ဒေသအားဖြင့် ဤသို့ဖတ်ရသည်– “ရုပ်တုရှေ့မှာပူဇော်သောယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညစ်၍သတ်သောအရာကိုလည်းကောင်း၊ မတရားမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသောပညတ်မှတစ်ပါး အခြားသောဝန်သင်တို့၏အပေါ်၌တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။” (တမန်တော် ၁၅:၂၈၊ ၂၉) သို့အားဖြင့် ကနဦးခရစ်ယာန်များသည် အရေဖျားလှီးခြင်းနှင့် မောရှေပညတ်၏ အခြားတောင်းဆိုချက်များအောက်မှ လွတ်ကင်းခွင့်ရကြသည်။ ထို့ကြောင့် ဂလာတိမြို့သားခရစ်ယာန်များအား “ခရစ်တော်သည် ငါတို့ကိုလွှတ်တော်မူသော လွတ်ခြင်း” ဟုပေါလုပြောနိုင်ခဲ့ခြင်းဖြစ်သည်။—ဂလာတိ ၅:၁။
ခရစ်ဝင်ကျမ်းများထဲမှအလင်း
၁၀။ မဿဲခရစ်ဝင်ကျမ်းတွင် ပါဝင်သော အသိပညာထွန်းလင်းမှုအချို့ကား အဘယ်နည်း။
၁၀ စီ.အီး. ၄၁ ခုနှစ်ခန့်က ရေးသားသော မဿဲ၏ခရစ်ဝင်ကျမ်းတွင် စာဖတ်သူများ၏အကျိုးအလို့ငှာ အလင်းရောင်ထွန်းလင်းမှုများစွာပါဝင်သည်မှာ သေချာပါသည်။ မိမိ၏သွန်သင်ချက်များ ယေရှုရှင်းလင်းဖွင့်ဆိုပြခြင်းကို ကိုယ်တိုင်ကြားရသူ ပထမရာစုခရစ်ယာန်များထဲမှ အလွန်နည်းသည်။ အထူးသဖြင့် ယေရှုဟောပြောခြင်း၏ အဓိကခေါင်းစဉ်သည် ဘုရားသခင်၏နိုင်ငံတော်ဖြစ်ကြောင်း မဿဲခရစ်ဝင်ကျမ်းက အထူးပေါ်လွင်စေသည်။ သဘောထားမှန်ရှိရန်အရေးကြီးမှုကို ယေရှုအလေးအနက်တင်ပြထားပါသည်တကား! ကိုယ်တော်၏တောင်ပေါ်ဒေသနာတော်၊ ကိုယ်တော်၏ပုံဥပမာများ (အခန်းကြီး ၁၃ တွင် မှတ်တမ်းတင်ထားသကဲ့သို့သော) နှင့် အခန်းကြီး ၂၄ နှင့် ၂၅ တို့တွင်ပါသော ကိုယ်တော်၏မဟာပရောဖက်ပြုချက်များသည် မည်မျှအလင်းထွန်းလင်းခြင်းပါတကား! ယင်းတို့အားလုံးက စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ရှစ်နှစ်ခန့်ကြာပြီးမှသာ ရေးသားသော မဿဲခရစ်ဝင်မှတ်တမ်းကို ကနဦးခရစ်ယာန်များ အာရုံစိုက်စရာဖြစ်လာစေသည်။
၁၁။ လုကာနှင့် မာကုတို့၏ ခရစ်ဝင်ကျမ်းများတွင် ပါဝင်သောအရာနှင့်ပတ်သက်၍ အဘယ်အရာပြောစရာရှိသနည်း။
၁၁ နောက် ၁၅ နှစ်ခန့်ကြာသောအခါ လုကာသည် မိမိ၏ခရစ်ဝင်ကျမ်းကို စတင်ရေးသားသည်။ သူ့ကျမ်းသည် မဿဲမှတ်တမ်းနှင့် အတော်များများဆင်တူသော်လည်း ပိုမိုပါရှိသောအကြောင်းအရာ ၅၉ ရာခိုင်နှုန်းရှိသည်။ လုကာက ယေရှု၏အံ့ဖွယ်အမှုခြောက်ခုကို မှတ်တမ်းတင်ပြီး အခြားခရစ်ဝင်ကျမ်းရေးသူများ မဖော်ပြသော ယေရှု၏ပုံဥပမာများကို နှစ်ဆထက်မကပို၍ ပြန်လည်တင်ပြထားသည်။ နှစ်အနည်းငယ်ခန့်ကြာပြီးနောက် မာကုသည် သူ၏ခရစ်ဝင်ကျမ်းကိုရေးသားရာတွင် ယေရှုခရစ်ကို လက်တွေ့သမားနှင့် အံ့ဖွယ်အမှုပြုသူအဖြစ် အလေးအနက်ဖော်ပြထားသည်။ မာကုသည် အများအားဖြင့် မဿဲနှင့်လုကာတို့က မှတ်တမ်းတင်ထားနှင့်ပြီးသော အရာများကို ပြန်လည်တင်ပြခြင်းဖြစ်သော်လည်း သူတို့မတင်ပြသည့် ပုံဥပမာတစ်ခုကို သူမှတ်တမ်းတင်ထားသည်။ ထိုပုံဥပမာတွင် အပင်ပေါက်လာသောအစေ့တစ်ခုသည် တဖြည်းဖြည်းကြီးထွားလာပြီး အသီးများမှန်မှန်သီးသည့်အပင်နှင့် ဘုရားသခင့်နိုင်ငံတော်ကို ယေရှုပုံခိုင်းထားသည်။a—မာကု ၄:၂၆-၂၉။
၁၂။ ယောဟန်ခရစ်ဝင်ကျမ်းသည် မည်သည့်အတိုင်းအတာအထိ အသိပညာအလင်းထွန်းလင်းမှုကို ထပ်၍ပေးသနည်း။
၁၂ မာကုက သူ၏မှတ်တမ်းကိုရေးပြီးနောက် နှစ်ပေါင်း ၃၀ ကျော်သောအခါ ရေးသားသည့် ယောဟန်၏မှတ်တမ်းလည်းရှိသည်။ ယေရှု၏ဓမ္မအမှုနှင့် အထူးသဖြင့် ကိုယ်တော်၏လူသားဘဝမတိုင်မီက အသက်တာအကြောင်းကို ရည်ညွှန်းပြောဆိုချက်အပေါ် ယောဟန်က အလင်းဖြာစေခဲ့ပါသည်တကား! လာဇရု၏မှတ်တမ်းကို ယောဟန်ကသာလျှင်ဖော်ပြပြီး ယေရှု၏သစ္စာရှိတမန်တော်များအား ကိုယ်တော်ပေးသည့် မှတ်ချက်ကောင်းများစွာအပြင် အခန်းကြီး ၁၃ မှ ၁၇ တို့တွင် မှတ်တမ်းတင်ထားသကဲ့သို့ မိမိသစ္စာဖောက်ခံရသည့်ညက ကိုယ်တော်၏လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းတို့ကို သူကသာလျှင် ကျွန်ုပ်တို့အားတင်ပြထားသည်။ အမှန်အားဖြင့် ယောဟန်ခရစ်ဝင်ကျမ်း၏ ၉၂ ရာခိုင်နှုန်းသည် အတုမရှိတစ်မူထူးခြားသည်ဟူသော အဆိုရှိသည်။
ပေါလု၏စာများတွင် အလင်းလက်ခြင်း
၁၃။ အဘယ်ကြောင့် လူအချို့တို့သည် ရောမမြို့သားများထံရေးသော ပေါလု၏စာကို ခရစ်ဝင်ကျမ်းတစ်ကျမ်းသဖွယ် ယူမှတ်ကြရသနည်း။
၁၃ တမန်တော်ပေါလုသည် တမန်တော်များအချိန်က အသက်ရှင်သောခရစ်ယာန်များထံ သမ္မာတရားအလင်းကို ယူဆောင်ပေးရန် အထူးသဖြင့်အသုံးပြုခံခဲ့ရသူဖြစ်သည်။ ဥပမာအနေနှင့် စီ.အီး. ၅၆ ခုနှစ်—လုကာက မိမိ၏ခရစ်ဝင်ကျမ်းကိုရေးသားချိန်နှင့် တစ်ချိန်တည်းခန့်က ရောမမြို့သားများထံရေးသည့် ပေါလု၏စာဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ မခံစားထိုက်သောကရုဏာတော်နှင့် ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ဖြစ်သည် ဟူသောအချက်ကို ဤစာတွင် ပေါလုပေါ်လွင်စေသည်။ သတင်းကောင်း၏ဤအပိုင်းကို ပေါလုအလေးထားဖော်ပြခြင်းက ရောမမြို့သားများထံရေးသည့် သူ၏စာကို ငါးစောင်မြောက်ခရစ်ဝင်ကျမ်းသဖွယ် ယူမှတ်စေသည်။
၁၄-၁၆။ (က) ကောရိန္သုမြို့သားများထံသို့ ရေးသည့် ပထမစာတွင် ပေါလုသည် စည်းလုံးခြင်းနှင့်ပတ်သက်သော မည်သည့်အလင်းထွန်းလင်းပေးသနည်း။ (ခ) ကောရိန္သုသြဝါဒစာပထမစောင်တွင် အကျင့်အကြံနှင့်ပတ်သက်၍ မည်သည့်ထပ်ဆင့်အသိပညာထွန်းလင်းမှုပါဝင်သနည်း။
၁၄ ကောရိန္သုမြို့တွင် ခရစ်ယာန်များအားဒုက္ခပေးနေသော အရာအချို့နှင့်ပတ်သက်၍ ပေါလုရေးသားခဲ့သည်။ ကောရိန္သုမြို့သားများထံရေးသည့်စာတွင် ကျွန်ုပ်တို့အချိန်အထိ ခရစ်ယာန်များအား အကျိုးဖြစ်ထွန်းစေသော မှုတ်သွင်းခံသြဝါဒများပါဝင်သည်။ ဦးဆုံးအနေနှင့် ထင်ရှားသူတစ်ဦးဦးအား ကြည်ညိုလေးမြတ်၍အုပ်စုဖွဲ့ခြင်းတည်းဟူသော မှားယွင်းမှုနှင့်ပတ်သက်၍ ကောရိန္သုမြို့သားများအား ဉာဏ်အလင်းပေးခဲ့ရသည်။ သူတို့ကိုတည့်မတ်ပေးကာ ရဲရင့်စွာဤသို့ပြောသည်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ငါတို့သခင်ယေရှု၏နာမတော်ကို အမှီပြု၍ သင်တို့ကိုငါနှိုးဆော်တောင်းပန်ပါ၏။”—၁ ကောရိန္သု ၁:၁၀-၁၅။
၁၅ ကောရိန္သုမြို့ရှိအသင်းတော်တွင် ဆိုးဝါးသည့်စာရိတ္တယိုယွင်းမှုကို သည်းခံခွင့်ပြုထားသည်။ ထိုတွင်ရှိသူတစ်ဦးသည် ဖခင်၏မယားကိုယူထားခြင်းအားဖြင့် ‘သာသနာပလူတို့တွင်ပင် မကြားရသော မတရားမေထုန်’ ကို ပြုကျင့်နေသည်။ ပေါလုဤသို့ပြတ်သားစွာရေးသားခဲ့သည်– “ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ်ကြလော့။” (၁ ကောရိန္သု ၅:၁၊ ၁၁-၁၃) ယင်း—နှင်ထုတ်ခြင်းသည် ခရစ်ယာန်အသင်းတော်အတွက် အသစ်အဆန်းဖြစ်သည်။ ကောရိန္သုအသင်းတော် ဉာဏ်အလင်းထွန်းလင်းခံရရန် လိုအပ်သောအခြားကိစ္စတစ်ခုမှာ ယင်း၏အသင်းသားအချို့တို့သည် မိမိတို့၏နစ်နာမှုများကို ရင်းစားရစေရန်အတွက် လောကတရားရုံးများတွင် မိမိတို့၏ဝိညာဏညီအစ်ကိုများကို အမှုလုပ်ကြသည်။ ထိုသို့ပြုခြင်းကို ပေါလုအပြင်းအထန်ရှုတ်ချခဲ့သည်။—၁ ကောရိန္သု ၆:၅-၈။
၁၆ ကောရိန္သုအသင်းတော်အား အနှောင့်အယှက်ပေးသည့် အခြားကိစ္စတစ်ခုမှာ သံဝါသပြုခြင်းနှင့်ပတ်သက်သည်။ ၁ ကောရိန္သုအခန်းကြီး ၇ တွင် လိင်စာရိတ္တယိုယွင်းမှုပျံ့နှံ့နေသောကြောင့် ယောက်ျားတိုင်းမယားရှိသင့်ကြောင်းနှင့် မိန်းမတိုင်းသည်လည်း ခင်ပွန်းရှိသင့်ကြောင်း ပေါလုတင်ပြခဲ့သည်။ တစ်ကိုယ်ရေသမားများသည် အာရုံထွေပြားမှုနည်းပါးစွာ ယေဟောဝါအားအမှုဆောင်နိုင်သော်လည်း လူတိုင်းသည် တစ်ကိုယ်ရေဆုကျေးဇူးကို ရသည်မဟုတ်ကြောင်း ပေါလုတင်ပြခဲ့သည်။ မိန်းမတစ်ဦး၏ခင်ပွန်းသည် သေဆုံးသွားခဲ့သော် သူမသည် “သခင်ဘုရား၌” သာ တစ်ဖန်အိမ်ထောင်ပြုရန် လွတ်လပ်ခွင့်ရမည်ဖြစ်သည်။—၁ ကောရိန္သု ၇:၃၉။
၁၇။ ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်နှင့်ပတ်သက်သော ပေါလုမည်သို့ရှင်းလင်းတင်ပြသနည်း။
၁၇ ရှင်ပြန်ထမြောက်ခြင်းကို ရှင်းလင်းဖော်ပြရန် ပေါလုကို သခင်ကအသုံးပြုခြင်းသည် မည်မျှအလင်းထွန်းလင်းခြင်းပါတကား! ဘိသိက်ခံခရစ်ယာန်များသည် မည်သည့်ကိုယ်ခန္ဓာအမျိုးအစားဖြင့် ထမြောက်ကြမည်နည်း။ “စိုက်သောအခါ ဇာတိပကတိကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏” ဟု ပေါလုရေးသားခဲ့သည်။ မည်သည့်အသွေးအသားကိုယ်ခန္ဓာမျှ ကောင်းကင်သို့ယူဆောင်ခြင်းခံရမည်မဟုတ်။ အကြောင်းမှာ “လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်။” ဘိသိက်ခံအားလုံး သေခြင်းတွင်အိပ်စက်ကြရမည်မဟုတ်ဘဲ အချို့တို့သည် ယေရှုရောက်ရှိချိန်အတွင်း သေခြင်းမှ မသေနိုင်သည့်အသက်တာသို့ ရုတ်ခြည်းထမြောက်ခြင်းခံရမည်ဟု ပေါလုဆက်ပြောသည်။—၁ ကောရိန္သု ၁၅:၄၃-၅၃။
၁၈။ သက်သာလောနိတ်မြို့သားများထံရေးသော ပေါလု၏ပထမစာစောင်တွင် အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အသိပညာအလင်းပါဝင်သနည်း။
၁၈ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များထံရေးသော သူ၏စာတွင် အနာဂတ်နှင့်ပတ်သက်၍ အလင်းဖြာရန် ပေါလုအသုံးပြုခံခဲ့ရသည်။ ယေဟောဝါ၏နေ့သည် ညအချိန်တွင်လာသောသူခိုးကဲ့သို့ ရောက်လာမည်။ ဤသို့လည်း ပေါလုရှင်းပြသေးသည်– “ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟု ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။”—၁ သက်သာလောနိတ် ၅:၂၊ ၃။
၁၉၊ ၂၀။ ယေရုရှလင်မြို့နှင့် ယုဒပြည်ရှိ ခရစ်ယာန်များသည် ပေါလု၏ ဟေဗြဲသြဝါဒစာမှ မည်သည့်အသိပညာအလင်းကို ရရှိကြသနည်း။
၁၉ ဟေဗြဲလူများထံသို့ရေးသောစာတွင် ပေါလုသည် ယေရုရှလင်နှင့် ယုဒပြည်ရှိ ကနဦးခရစ်ယာန်များအား အလင်းကိုဝေမျှပေးလိုက်သည်။ ခရစ်ယာန်ဝတ်ပြုမှုနည်းစနစ်သည် မောရှေမှပေးသော ဝတ်ပြုမှုနည်းစနစ်ထက် ထူးကဲသာလွန်ကြောင်းကို သူတင်ပြပုံသည် မည်မျှထိရောက်မှုရှိလိုက်လေခြင်း! ခရစ်ယာန်များသည် ကောင်းကင်တမန်များအားဖြင့် ပေးခြင်းခံရသော ပညတ်တရားကို လိုက်လျှောက်မည့်အစား ကောင်းကင်တမန်များထက် အဆမတန်သာလွန်မြင့်မြတ်သော ဘုရားသခင့်သားတော်က ဦးဆုံးပြောဆိုသည့် ကယ်တင်ခြင်းကို ယုံကြည်ကြသည်။ (ဟေဗြဲ ၂:၂-၄) မောရှေသည် ဘုရားသခင်၏အိမ်တော်တွင် အမှုထမ်းတစ်ဦးမျှသာဖြစ်သည်။ ယေရှုခရစ်မူ အိမ်တော်တစ်ခုလုံးကို ကြီးကြပ်သူဖြစ်သည်။ ခရစ်တော်သည် မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ပြီး အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်ထက် အဆမတန်သာလွန်မြင့်မြတ်သည်။ ဣသရေလလူမျိုးသည် ယုံကြည်ခြင်းနှင့် နာခံမှုမရှိသောကြောင့် ဘုရားသခင်၏ချမ်းသာထဲသို့မဝင်နိုင်ကြသော်လည်း ခရစ်ယာန်များမူ သူတို့၏ယုံကြည်ခြင်းနှင့် နာခံမှုရှိခြင်းဖြင့် ဝင်နိုင်ကြကြောင်းကို ပေါလုထောက်ပြသေးသည်။—ဟေဗြဲ ၃:၁–၄:၁၁။
၂၀ ပဋိညာဉ်သစ်သည် ပညတ်ပဋိညာဉ်ထက် ထူးကဲသာလွန်သည်။ နှစ်ပေါင်း ၆၀၀ ကြို၍ ယေရမိ ၃၁:၃၁-၃၄ တွင် ပရောဖက်ပြုထားသည့်အတိုင်း ပဋိညာဉ်သစ်အောက်တွင်ရှိသူတို့သည် သူတို့၏နှလုံးထဲတွင် ရေးသားထားသော ဘုရားသခင်၏ပညတ်တော်ရှိပြီး အပြစ်မှခွင့်လွှတ်ခြင်းကို ခံစားကြရသည်။ ခရစ်ယာန်များသည် မိမိ၏အပြစ်နှင့် လူများ၏အပြစ်အတွက် နှစ်စဉ်ယဇ်ပူဇော်ရသော ယဇ်ပုရောဟိတ်မင်းကြီးနေရာတွင် ကိုယ်တိုင်အပြစ်မရှိ၊ အပြစ်အတွက် ယဇ်တစ်ခုကို တစ်ကြိမ်တည်းနှင့်အပြီးအပြတ်ပူဇော်ပေးသော ယေရှုခရစ်ကို မိမိတို့၏ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ရရှိထားကြသည်။ ကိုယ်တော်သည် ပူဇော်သကာကိုတင်ဆက်ရန် လူလက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ဝင်မည့်အစား ယေဟောဝါ၏ရှေ့တော်မှောက်တွင် ကိုယ်ထင်ပြရန် ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူသည်။ ထို့အပြင် မောရှေပညတ်ပဋိညာဉ်အောက်ရှိ တိရစ္ဆာန်ယဇ်ပူဇော်သကာများသည် အပြစ်များကို လုံးဝမပြေရှင်းစေနိုင်သကဲ့သို့ ယင်းတို့ကို နှစ်စဉ်ပူဇော်ရန်မဖြစ်နိုင်ပါ။ သို့သော် တစ်ကြိမ်တည်းနှင့်အပြီးအပြတ်ပူဇော်သော ခရစ်တော်၏ပူဇော်သကာသည် အပြစ်များကိုပြေရှင်းစေသည်။ ယင်းတို့အားလုံးသည် ယနေ့ ကြီးမားသောဝိညာဏဗိမာန်တော်၊ ဘိသိက်ခံအကြွင်းအကျန်များနှင့် “အခြားသိုး” များဝတ်ပြုသည့်နေရာဖြစ်သော ရင်ပြင်တော်နှင့်ပတ်သက်၍ အလင်းထွန်းလင်းပေးသည်။—ယောဟန် ၁၀:၁၆; ဟေဗြဲ ၉:၂၄-၂၈။
၂၁။ တမန်တော်များအချိန်တွင် ဆာလံ ၉၇:၁၁ နှင့် နယပုံပြင် ၄:၁၈ တို့ပြည့်စုံကြောင်းတင်ပြသော မည်သည့်အချက်ကို ဤဆွေးနွေးခန်းကဖော်ပြသနည်း။
၂၁ တမန်တော်ပေတရု၊ တပည့်တော်ယာကုပ်နှင့် ယုဒတို့၏ စာများတွင် အလင်းထွန်းလင်းခြင်းကဲ့သို့သော အခြားသာဓကများကိုတင်ပြရန် နေရာမဆံ့ပါ။ သို့သော် ဆာလံ ၉၇:၁၁ နှင့် နယပုံပြင် ၄:၁၈ တို့သည် တမန်တော်များအချိန်တွင် ထူးခြားထင်ရှားစွာပြည့်စုံခဲ့ကြောင်း အထက်ပါအချက်များက တင်ပြရန်လုံလောက်ပေမည်။ သမ္မာတရားသည် နမူနာနှင့်အရိပ်အမြွက်အဖြစ်မှ ပြည့်စုံခြင်းနှင့်အဖြစ်မှန်သို့ စတင်တိုးတက်ဖြစ်ပေါ်လာသည်။—ဂလာတိ ၃:၂၃-၂၅; ၄:၂၁-၂၆။
၂၂။ တမန်တော်များကွယ်လွန်ပြီးနောက် ဘာဖြစ်ပျက်သနည်း။ နောက်ဆောင်းပါးက မည်သည့်အချက်ကို တင်ပြမည်နည်း။
၂၂ ယေရှု၏တမန်တော်များ ကွယ်လွန်ကြပြီးနောက် ကြိုပြောထားသည့် အယူဖောက်ပြန်မှုစတင်သောအခါ သမ္မာတရားအလင်းသည် မှေးမှိန်ခဲ့ရသည်။ (၂ သက်သာလောနိတ် ၂:၁-၁၁) သို့သော် ယေရှု၏ကတိတော်နှင့်အညီ ရာစုနှစ်ပေါင်းများစွာကြာပြီးနောက် သခင်ပြန်လာ၍ “အိမ်သူအိမ်သား” များကို အချိန်တန်အစားအစာပေးနေသော “သစ္စာနှင့်သတိပညာရှိသောကျွန်” ကို တွေ့ရှိခဲ့သည်။ ရလဒ်အနေနှင့် ယေရှုခရစ်သည် ထိုကျွန်ကို “ပိုင်ထိုက်သမျှအပေါ်တွင်” ခန့်ထားသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) မည်သည့်အလင်းဖြာမှုလိုက်ပါလာသနည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်များ]
a ဤတွင် မြေကြီးသည် ခရစ်ယာန်တစ်ဦးက ဥပဓိရုပ်၏အရည်အသွေးများကို ပြုစုပျိုးထောင်ရန်ရွေးချယ်သော အသိုင်းအဝိုင်းကိုရည်ညွှန်းသည်။—ကင်းမျှော်စင် ဇွန် ၁၅၊ ၁၉၈၁၊ စာမျက်နှာ ၁၂-၁၄ ရှု။
သင်မှတ်မိသလော
◻ သမ္မာတရားကိုသိနားလည်ခြင်းသည် တိုးပွားနေကြောင်း မည်သည့်ကျမ်းချက်များက ဖော်ပြသနည်း။
◻ တမန်တော်ကျမ်းတွင် မှတ်တမ်းတင်ထားသော အသိပညာထွန်းလင်းမှုအချို့ကား အဘယ်နည်း။
◻ ခရစ်ဝင်ကျမ်းများတွင် မည်သည့်အသိပညာအလင်းများကို တွေ့ရသနည်း။
◻ ပေါလု၏စာများတွင် မည်သည့်အသိပညာအလင်းထွန်းလင်းမှုပါဝင်သနည်း။