အခန်း ၁၃၇
ပင်တေကုတ္တေပွဲနေ့ မတိုင်ခင် ယေရှုကို တပည့်များစွာ မြင်ရ
မဿဲ ၂၈:၁၆-၂၀ လုကာ ၂၄:၅၀-၅၂ တမန်တော် ၁:၁-၁၂။ ၂:၁-၄
တပည့်များစွာရှေ့ ကိုယ်ယောင်ထင်ရှားပြ
ယေရှု ကောင်းကင်တက်သွား
တပည့် ၁၂၀ အပေါ် သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်း
ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ဂါလိလဲနယ်က တောင်မှာ တမန်တော် ၁၁ ယောက်နဲ့ တွေ့ဆုံဖို့ စီစဉ်တယ်။ အဲဒီမှာ တခြားတပည့် ၅၀၀ လောက်လည်း ရှိနေတယ်။ တချို့ကတော့ သံသယဖြစ်နေတုန်းပဲ။ (မဿဲ ၂၈:၁၇။ ၁ ကောရိန္သု ၁၅:၆) ဒါပေမဲ့ အခု ယေရှု ပြောတဲ့စကားတွေက သူ တကယ် အသက်ရှင်ပြီဆိုတာ တပည့်ယောက်တိုင်း ယုံကြည်နိုင်အောင် ကူညီပေးတယ်။
ယေရှုက ဘုရားသခင်ဟာ ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို သူ့ကိုပေးထားပြီလို့ ပြောပြတယ်။ “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့ မှာတယ်။ (မဿဲ ၂၈:၁၈-၂၀) မှန်ပါတယ်၊ ယေရှုဟာ အသက်ရှင်နေပြီဖြစ်တဲ့အပြင် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကိုလည်း စိတ်ဝင်စားနေတုန်းပဲ။
ယေရှုရဲ့ နောက်လိုက်ဖြစ်တဲ့ ယောက်ျား၊ မိန်းမ၊ ကလေး အားလုံးဟာ တပည့်ဖြစ်စေခြင်း တာဝန်ကို ရထားကြတယ်။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်း ရပ်တန့်သွားအောင် တခြားသူတွေ ကြိုးစားမှာဖြစ်ပေမဲ့ ယေရှုက “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ” လို့ပြောပြီး သူတို့ကို အားပေးတယ်။ အဲဒါက နောက်လိုက်တွေအတွက် ဘယ်လို အဓိပ္ပာယ်ရှိသလဲ။ “လောကစနစ် နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ ယေရှုပြောတယ်။ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်သူအားလုံးဟာ အံ့ဖွယ်အမှုတွေ လုပ်နိုင်မယ်လို့ ယေရှု ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော်ရဲ့ ကူညီထောက်မမှုကို သူတို့ ရရှိပါလိမ့်မယ်။
ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက် “ရက်ပေါင်း ၄၀ ပတ်လုံး” တပည့်တွေကို ကိုယ်ယောင်ထင်ရှား ပြတယ်။ ကိုယ်ခန္ဓာအမျိုးမျိုးနဲ့ တပည့်တွေရှေ့ ပေါ်လာပြီး “အသက်ပြန်ရှင်လာတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားများစွာ” ပြတဲ့အပြင် “ဘုရားသခင့် နိုင်ငံတော်အကြောင်း” ရှင်းပြခဲ့တယ်။—တမန်တော် ၁:၃။ ၁ ကောရိန္သု ၁၅:၇။
ဂါလိလဲနယ်မှာ တမန်တော်တွေ ရှိနေတုန်း ယေရှုက သူတို့ကို ဂျေရုဆလင်မြို့ကို ပြန်ခိုင်းတယ်။ မြို့မှာ သူတို့နဲ့ တွေ့ဆုံတဲ့အခါ “ဂျေရုဆလင်ကနေ မထွက်သွားပါနဲ့။ ကောင်းကင်အဖ ကတိပေးထားတဲ့အရာကို စောင့်နေကြပါ။ အဲဒီကတိအကြောင်း ခင်ဗျားတို့ကို ကျွန်တော် ပြောပြပြီးသားပဲ။ ယောဟန်က ရေနဲ့ နှစ်ခြင်းပေးခဲ့တယ်။ ခင်ဗျားတို့ကတော့ မကြာခင် သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းခံရလိမ့်မယ်” ဆိုပြီး မှာတယ်။—တမန်တော် ၁:၄၊ ၅။
ယေရှုက တမန်တော်တွေနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံပြီး သံလွင်တောင် အရှေ့ဘက် တောင်စောင်းမှာရှိတဲ့ “ဗေသနိရွာဆီ ခေါ်သွားတယ်။” (လုကာ ၂၄:၅၀) သူထွက်သွားတော့မယ့်အကြောင်း အများကြီးပြောပြထားပေမဲ့ သူတို့စိတ်ထဲမှာ နိုင်ငံတော်ဟာ မြေကြီးပေါ်မှာ တစ်နည်းနည်းနဲ့ တည်ထောင်လိမ့်မယ်လို့ ထင်နေကြတုန်းပဲ။—လုကာ ၂၂:၁၆၊ ၁၈၊ ၃၀။ ယောဟန် ၁၄:၂၊ ၃။
ဒါကြောင့် “သခင်၊ အစ္စရေးလူမျိုးအတွက် နိုင်ငံကို အခု ပြန်တည်ထောင်ပေးမှာလား” လို့မေးကြတယ်။ ယေရှုက “ကောင်းကင်အဖ သတ်မှတ်တဲ့ အချိန်ကာလတွေအကြောင်း ခင်ဗျားတို့ သိခွင့်မရှိဘူး” လို့ပြောပြီးနောက် သူတို့လုပ်ရမယ့် အလုပ်အကြောင်း အခုလို ထပ်အလေးပေးပြောတယ်– “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော်ရတဲ့အခါ တန်ခိုးရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။”—တမန်တော် ၁:၆-၈။
ယေရှုဟာ သံလွင်တောင်ပေါ်မှာ တမန်တော်တွေနဲ့အတူ ရှိနေတုန်း ကောင်းကင်ကို တက်သွားတယ်။ ခဏကြာတော့ သူ့ကို မိုးတိမ်ကွယ်သွားတဲ့အတွက် မမြင်ရတော့ဘူး။ ယေရှုဟာ ရှင်ပြန်ထမြောက်ပြီးနောက် သွေးသားခန္ဓာအမျိုးမျိုးနဲ့ ကိုယ်ယောင်ထင်ရှားပြတယ်။ အခုတော့ အဲဒီခန္ဓာကိုစွန့်ပြီး ဝိညာဉ်သတ္တဝါအဖြစ် ကောင်းကင်ကို တက်သွားပြီ။ (၁ ကောရိန္သု ၁၅:၄၄၊ ၅၀။ ၁ ပေတရု ၃:၁၈) သစ္စာရှိတမန်တော်တွေ ယေရှုကို ကြည့်နေတုန်း “အဖြူရောင် ဝတ်ဆင်ထားသူနှစ်ယောက်” သူတို့အနားမှာ ပေါ်လာတယ်။ သွေးသားခန္ဓာနဲ့ ပေါ်လာတဲ့ ကောင်းကင်တမန်နှစ်ပါးပဲ။ သူတို့က “ဂါလိလဲလူတို့၊ ကောင်းကင်ကို ဘာလို့ မော့ကြည့်နေတာလဲ။ ယေရှု ကောင်းကင်ကို ဆောင်ယူခံရတာ ခင်ဗျားတို့ မြင်ရပြီ။ အဲဒီနည်းအတိုင်းပဲ သူပြန်လာလိမ့်မယ်” လို့ပြောတယ်။—တမန်တော် ၁:၁၀၊ ၁၁။
ယေရှုဟာ မြေကြီးပေါ်ကနေ ကြီးကျယ်ခမ်းနားစွာနဲ့ လူသိရှင်ကြား ထွက်သွားတာ မဟုတ်ဘူး။ သူထွက်သွားတာကို သစ္စာရှိ နောက်လိုက်တွေပဲ မြင်ခဲ့ရတယ်။ “အဲဒီနည်းအတိုင်းပဲ” သူပြန်လာလိမ့်မယ်။ ကြီးကျယ်ခမ်းနားစွာ၊ လူသိရှင်ကြား ပြန်လာမှာမဟုတ်ဘူး။ နိုင်ငံတော်အာဏာနဲ့ သူရောက်ရှိခြင်းကို သစ္စာရှိနောက်လိုက်တွေပဲ ပိုင်းခြားသိမြင်ပါလိမ့်မယ်။
တမန်တော်တွေလည်း ဂျေရုဆလင်မြို့ကို ပြန်သွားကြတယ်။ နောက်နေ့တွေမှာ သူတို့က “ယေရှုရဲ့ ညီတွေ၊ မိခင်မာရိ၊” တခြားတပည့်တွေနဲ့အတူ စုဝေးနေကြတယ်။ (တမန်တော် ၁:၁၄) သူတို့အားလုံး အမြဲ ဆုတောင်းနေကြတယ်။ ဆုတောင်းတဲ့ ကိစ္စ တစ်ခုကတော့ ယုဒရှကာရုတ်နေရာမှာ အစားထိုးမယ့်၊ တမန်တော် ၁၂ ယောက်အဝင်ဖြစ်မယ့် တပည့်ကို ရွေးချယ်ဖို့ပါ။ (မဿဲ ၁၉:၂၈) ယေရှု လုပ်ဆောင်ခဲ့တာတွေနဲ့ ရှင်ပြန်ထမြောက်တာကို မြင်တွေ့ခဲ့တဲ့ မျက်မြင်သက်သေ တပည့်တစ်ယောက်ကို သူတို့ ရွေးချယ်ချင်တာ။ ဒါကြောင့် ဘုရားသခင့်အလိုတော်ကို သိနိုင်ဖို့ မဲချကြတယ်။ ဒါက မဲချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ နောက်ဆုံးဖော်ပြထားတာပဲ။ (ဆာလံ ၁၀၉:၈။ ပညာအလိမ္မာ ၁၆:၃၃) မဲချတဲ့အခါ ဟောပြောဖို့ ယေရှုစေလွှတ်ခဲ့တဲ့ တပည့် ၇၀ ထဲက ဖြစ်ပုံရတဲ့ မဿိ မဲကျတာကြောင့် “ကျန်တဲ့ ၁၁ ယောက်နဲ့အတူ တမန်တော်ဖြစ်ခွင့် ရသွားတယ်။”—တမန်တော် ၁:၂၆။
ယေရှု ကောင်းကင်တက်သွားပြီး ဆယ်ရက်အကြာမှာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲတော်ကို ဂျူးတွေ ကျင်းပကြတယ်။ တပည့် ၁၂၀ လောက်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်အခန်းမှာ စုဝေးနေကြတယ်။ အဲဒီအချိန်မှာ လေပြင်းတိုက်သလို အသံတစ်သံ ရုတ်တရက်ပေါ်လာပြီး အိမ်တစ်အိမ်လုံး ပျံ့သွားတယ်။ လျှာလို မီးလျှံတွေလည်း ပေါ်လာတယ်။ မီးလျှံတွေ အဖြာဖြာကွဲပြီး တစ်ယောက်စီရဲ့ခေါင်းပေါ် ရောက်သွားတယ်။ တပည့်အားလုံး ဘာသာစကားမျိုးစုံနဲ့ ပြောဆိုကြတော့တယ်။ ဒါက ယေရှုကတိပေးခဲ့တဲ့အတိုင်း သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းလိုက်တာပဲ။—ယောဟန် ၁၄:၂၆။