ချီးမွမ်းခြင်း၏အရေးပါမှုကိုအမြဲအမှတ်ရနေပါ
၁ ခရစ်ယာန်အသင်းတော်တွင် ချီးမွမ်းခြင်း၊ လှိုက်လှဲပျူငှာခြင်း၊ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းစသော အရည်အသွေးများ ထင်ရှားနေဖို့လိုသည်။ ယေရှုသည် ဘုရားသခင့်ညွှန်ကြားချက်အရ အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ပါးထံမိန့်ဆိုစဉ် ချီးမွမ်းခံထိုက်သူများကို စိတ်ရင်းမှန်ဖြင့်ချီးမွမ်းခဲ့သည်။ (ဗျာ. ၂:၂၊ ၁၃၊ ၁၉) ပြင်းပြင်းထန်ထန်သတိပေးဆုံးမဖို့လိုသော သာဒိအသင်းတော်၌ပင် ချီးမွမ်းခံထိုက်သူများရှိကြောင်း ယေရှုသတိပြုမိသည်။—ဗျာ. ၃:၄။
၂ ယေရှုကိုတုပသည့်အနေဖြင့် ကျွန်ုပ်တို့လည်း လူနည်းစု၏အမှားအတွက် အုပ်စုတစ်ခုလုံးကိုခြုံ၍ အပြစ်တင်ခြင်း သို့မဟုတ် ချီးမွမ်းစကားတစ်ခွန်းမျှမဆိုဘဲ လိုအပ်သည့်သွန်သင်ချက်ပေးခြင်းတို့ မပြုသင့်ပါ။ သို့ရာတွင် သွန်သင်ချက်ပေးဖို့လိုအပ်သည့်အခါမှသာ ချီးမွမ်းစကားဆိုပါက ယင်းသည် အကျိုးရှိမည်မဟုတ်ကြောင်း စိတ်စွဲမှတ်ထားသင့်သည်။ ထို့ကြောင့် ဖြစ်နိုင်သည့်အခါတိုင်း ချီးမွမ်းစကားဆိုဖို့ မတွန့်ဆုတ်ပါနှင့်။
၃ သင့်လျော်သောချီးမွမ်းစကားဆိုခြင်း– ကျွန်ုပ်တို့၏ယုံကြည်သူချင်းများကို ချီးမွမ်းရန် အကြောင်းရင်းများစွာရှိပါသည်။ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လိုစိတ်ရှိခြင်း၊ မှတ်ချက်များအတွက် ကောင်းစွာပြင်ဆင်ခြင်း၊ ဟောပြောချက်ပေးရန် သို့မဟုတ် အစည်းအဝေးတွင်ပါဝင်ဖြေဆိုနိုင်ရန် ကြောက်စိတ်ကို အောင်မြင်ကျော်လွားခြင်း၊ ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းတွင် ဇွဲထက်သန်ခြင်း၊ နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရေးနှင့် ဘုရားနှစ်သက်သောပန်းတိုင်များအတွက် ကြိုးစားလုပ်ဆောင်ခြင်းတို့ကို ချီးမွမ်းနိုင်ပါသည်။
၄ အကြီးအကဲများသည် အသင်းတော်၏လုပ်ဆောင်မှုကောင်းများအတွက် ချီးမွမ်းနိုင်ပါသည်။ သွန်သင်ပေးဖို့လိုအပ်သည့်အခါ မေတ္တာဖြင့်သွန်သင်ပေးကြသည်။ တစ်ဖက်တွင်မူ မစုံလင်မှုမှန်သမျှကို ကြီးလေးသောအားနည်းချက်အဖြစ်ယူမှတ်ကာ အတိမ်းအစောင်းမခံဘဲ ရေးကြီးခွင်ကျယ်လုပ်ခြင်းကို ရှောင်ကြသည်။
၅ ချီးမွမ်းခြင်းက အခြားသူတို့ကို အကောင်းဆုံးလုပ်ဆောင်စေပြီး စည်းလုံးပျော်ရွှင်စေသည်။ အခြားသူများကို ချီးမွမ်းသည့်အခါ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ကောင်းချီးကြွယ်ဝစွာခံစားရသည်။ ယင်းက ကျွန်ုပ်တို့ကိုပျော်ရွှင်စေ၍ အပြုသဘောရှိစေသည်။ (တ. ၂၀:၃၅) ထို့ကြောင့် စိတ်ရင်းမှန်နှင့်ချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့၏ညီအစ်ကိုများကို ပျော်ရွှင်စေကြပါစို့။
[လေ့လာရန်မေးခွန်းများ]
၁။ (က) ခရစ်ယာန်အသင်းတော်တွင် အဘယ်အရည်အသွေးများ ထင်ရှားပြဖို့လိုသနည်း။ (ခ) ချီးမွမ်းခြင်းနှင့်စပ်လျဉ်း၍ ယေရှု အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။
၂။ ချီးမွမ်းစကားဆိုရာတွင် ယေရှုကို မည်သို့တုပနိုင်သနည်း။
၃။ ညီအစ်ကိုညီအစ်မများကို ချီးမွမ်းရန် အဘယ်အကြောင်းရင်းများ ရှိသနည်း။
၄။ အကြီးအကဲများသည် အသင်းတော်ကို မည်သို့ချီးမွမ်းနိုင်သနည်း။
၅။ ချီးမွမ်းခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။