ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၆/၁၅ စာ. ၁၅-၂၁
  • ယေဟောဝါ၏တရားတော် လွှမ်းမိုးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏တရားတော် လွှမ်းမိုးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရှမှ ဥရောပသို့
  • ထောင်မှူးတစ်ဦး ယုံကြည်သူဖြစ်လာ
  • ယေဟောဝါ၏တရားတော် သက်သာလောနိတ်မြို့နှင့် ဗေရိမြို့တို့တွင် လွှမ်းမိုးခြင်း
  • ယေဟောဝါ၏တရားတော် အာသင်မြို့တွင် လွှမ်းမိုးခြင်း
  • ကောရိန္သုမြို့တွင် ဘုရားသခင့်တရားတော် လွှမ်းမိုးခြင်း
  • ဧဖက်မြို့တွင် ယေဟောဝါ၏တရားတော် လွှမ်းမိုးခြင်း
  • ဘာသာရေးသည်းမခံခြင်း မအောင်မြင်
  • ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပါ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “ဆက်သာ ဟောပါ။ လက်မလျှော့နဲ့”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “ကျမ်းစာသုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ဆန့်ကျင်မှုကြား တရားစကား “အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၆/၁၅ စာ. ၁၅-၂၁

ယေဟောဝါ၏တရားတော် လွှမ်းမိုးခြင်း

“ယေဟောဝါ၏နှုတ်ကပတ်တော်သည် အားကြီးစွာတိုးပွားလျ က် လွှမ်းမိုးလေ၏။”—တမန်တော် ၁၉:၂၀၊ NW

၁။ တမန်တော်ဝတ္ထုကျမ်းစာစောင်မှ ဤလေ့လာမှုအပိုင်းတွင် အဘယ်အကြောင်းများပါဝင်မည်နည်း။

လှုပ်ရှားဆောင်ရွက်မှုတံခါးကို ယေဟောဝါဖွင့်လိုက်တော်မူ၏။ “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သောတမန်တော်” ဖြစ်သော ပေါလုသည် ထိုလုပ်ငန်းအတွက် တပ်ဦးမှနေ၍ ရွပ်ရွပ်ချွံချွံ ပါဝင်ထမ်းဆောင်ခဲ့သည်။ (ရောမ ၁၁:၁၃) တမန်တော်ဝတ္ထုကို ဆက်၍လေ့လာရာတွင် သဲထိတ်ရင်ဖိုဖွယ်ကောင်းသော သာသနာပြုခရီးစဉ်များကို ပေါလုစွန့်စားသွားလာခဲ့ပုံအကြောင်း တွေ့ရသည်။—တမန်တော် ၁၆:၆–၁၉:၄၁။

၂။ (က) တမန်တော်ပေါလုသည် စီအီး ၅၀ မှ ၅၆ ခုနှစ်ခန့်အထိ ဝိညာဉ်တော်မှုတ်သွင်းခံကလောင်ရှင်အဖြစ် မည်သို့ထမ်းဆောင်ခဲ့သနည်း။ (ခ) ပေါလုနှင့် အခြားသူတို့၏ ဓမ္မအမှုကို ဘုရားသခင်ကောင်းချီးပေးတော်မူသည်နှင့်အမျှ ဘာဖြစ်ပျက်ခဲ့သနည်း။

၂ ပေါလုသည် ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းခံ ကလောင်ရှင်လည်းဖြစ်သည်။ စီအီး ၅၀ ခန့်မှ စီအီး ၅၆ ခုနှစ်အတွင်း၌ သက်သာလောနိတ်သြဝါဒစာ ပထမစောင်နှင့် ဒုတိယစောင်ကို ကောရိန္သုမြို့မှလည်းကောင်း၊ ဂလာတိသြဝါဒစာကို ကောရိန္သုမြို့ သို့မဟုတ် ရှုရိပြည် အန္တအုတ်မြို့မှလည်းကောင်း၊ ကောရိန္သုသြဝါဒစာ ပထမစောင်ကို ဧဖက်မြို့မှလည်းကောင်း၊ ကောရိန္သုသြဝါဒစာ ဒုတိယစောင်ကို မာကေဒေါနိပြည်မှလည်းကောင်း၊ ရောမသြဝါဒစာကို ကောရိန္သုမြို့မှလည်းကောင်း ရေးသားခဲ့သည်။ ပေါလုနှင့် အခြားသူတို့၏ဓမ္မအမှုကို ဘုရားသခင်ကောင်းချီးပေးသည်နှင့်အမျှ “ယေဟောဝါ၏တရားတော်သည် အားကြီးစွာတိုးပွားလျက် လွှမ်းမိုးလေ၏။”—တမန်တော် ၁၉:၂၀။

အာရှမှ ဥရောပသို့

၃။ သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်ခြင်းနှင့်စပ်လျဉ်း၍ ပေါလုနှင့်အပေါင်းအပါတို့သည် အဘယ်သို့ ပုံသက်သေထားခဲ့ကြသနည်း။

၃ ပေါလုနှင့် သူ၏အပေါင်းအဖေါ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ညွှန်ကြားမှုကို လက်ခံရာတွင် ပုံသက်သေကောင်းပြခဲ့ကြသည်။ (၁၆:၆–၁၀) ကြားနိုင်သော ဗျာဒိတ်တော်၊ အိပ်မက်၊ ရူပါရုံတို့ဖြင့်ဝိညာဉ်တော်သည် သူတို့အား အာရှပြည်နှင့် ဗိသုန်ပြည်နယ်တွင် မဟောပြောရန် တားမြစ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုဒေသများသို့ သတင်းကောင်းရောက်ရှိသွားခဲ့သည်။ (တမန်တော် ၁၈:၁၈-၂၁။ ၁ ပေတရု ၁:၁၊ ၂) ထိုဒေသအတွင်းသို့ စောစောပိုင်းတွင်မဝင်ရန် ဝိညာဉ်တော် အဘယ်ကြောင့်တားဆီးခဲ့ရသနည်း။ လုပ်သားအင်အားနည်းပါးသည့်အတွက် ဝိညာဉ်တော်က သူတို့အား ဥရောပတိုက်ရှိ ပို၍သီးပွင့်သော လယ်ကွင်းများသို့ ဦးဆောင်သွားခြင်းဖြစ်သည်။ ထိုကြောင့်ယနေ့ ဒေသတစ်ခုသို့သွားရာ လမ်းပိတ်ဆို့နေသည်ရှိသော် ယေဟောဝါသက်သေတို့သည် သိုးကဲ့သို့သောသူများထံ ဘုရားသခင့်ဝိညာဉ်တော်ပို့ဆောင်မည်ကို စိတ်ချယုံကြည်လျက် အခြားဒေသများတွင် ဟောပြောကြသည်။

၄။ မာကေဒေါနိလူတစ်ယောက် အကူအညီတောင်းနေသည်ကို ပေါလုမြင်ရသောရူပါရုံကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၄ ပေါလုနှင့် အပေါင်းအဖေါ်တို့သည် အာရှမိုင်းနားမှ “ဒေသတစ်ခုဖြစ်သော မုသိနယ်ကို သာသနာပြုနယ်ပယ်အဖြစ် ‘ဖြတ်သွား’ လေ၏။ သို့သော် ပေါလုသည် ရူပါရုံတွင် မာကေဒေါနိလူတစ်ယောက် အကူအညီတောင်းနေသည်ကို မြင်ရ၏။ သို့နှင့် သာသနာပြုတို့သည် မာကေဒေါနိပြည်သို့ ချက်ချင်းပင်ထွက်သွားကြ၏။ ထိုပြည်မှာ ဘော်လ်ကန်ကျွန်းဆွယ်မှ ဒေသတစ်ခုဖြစ်သည်။ သက်သေခံအများသည်လည်း ယခုအခါ နိုင်ငံတော်ကြွေးကြော်သူ အလွန်လိုအပ်နေသောဒေသများသို့ သွားရောက်အမှုတော်ဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ညွှန်ကြားခြင်းခံရကြသည်။

၅။ (က)ဖိလိပ္ပိမြို့တွင် ယေဟောဝါ၏တရားတော်လွှမ်းမိုးသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) မျက်မှောက်ခေတ်သက်သေခံအများသည် လုဒိနှင့် အဘယ်သို့တူညီကြသနည်း။

၅ ယေဟောဝါ၏တရားတော်သည် မာကေဒေါနိပြည်တွင် လွှမ်းမိုးသွား၏။ (၁၆:၁၁–၁၅) ရောမနိုင်ငံသားအများအပြားနေထိုင်ရာ ကိုလိုနီတစ်ခုဖြစ်သော ဖိလိပ္ပိမြို့တွင် ယုဒအမျိုးသား အနည်းအကျဉ်းသာရှိပြီး တရားဇရပ်ရှိပုံမရပေ။ ထိုကြောင့် ညီအစ်ကိုတို့သည် မြို့အပြင်ဘက် မြစ်ကမ်းနားတွင် ‘ပတ္ထနာပြုရန်နေရာ’ သို့သွားကြ၏။ ထိုနေရာ၌ တွေ့ရသောသူတို့တွင် သွာတိရဲမြို့မှ ယုဒဘာသာဝင်ဖြစ်ဟန်တူသော လုဒိအမည်ရှိ အမျိုးသမီးတစ်ယောက်ပါ၏။သွာတိရဲမြို့သည် အာရှမိုင်းနားပြည်တွင်ရှိ၍ အထည်ဆေးဆိုးလုပ်ငန်းကြောင့် ကျော်ကြားသည်။ လုဒိသည်ကမ္ပလာနီအထည်နှင့် နီမောင်းသောအထည်အလိပ်များ ရောင်းသောကုန်သည်ဖြစ်သည်။ လုဒိနှင့်သူမ၏အိမ်သူအိမ်သားများ နှစ်ခြင်းခံပြီးနောက် သူမသည် အထူးဧည့်ဝတ်ပျူငှာခဲ့သဖြင့် “ငါတို့ကို အနိုင်သွေးဆောင်လေ၏” ဟုပင် လုကာကရေးသားခဲ့သည်။ ထိုသို့သောညီအစ်မများကို ကျွန်ုပ်တို့အထူးပင်ကျေးဇူးတင်ပါသည်။

ထောင်မှူးတစ်ဦး ယုံကြည်သူဖြစ်လာ

၆။ နတ်ဆိုးလုပ်ဆောင်မှုကြောင့် ဖိလိပ္ပိမြို့တွင် ပေါလုနှင့်သိလတို့ အဘယ်သို့ထောင်ချခံရကြသနည်း။

၆ ဖိလိပ္ပိမြို့တွင် ဤသို့ဝိညာဏတိုးတက်ဖွံ့ဖြိုးမှုအတွက်ကြောင့် စာတန်သည် အမျက်ချောင်းချောင်းထွက်ခဲ့ပေသည်။ အကြောင်းမှာ ထိုမြို့မှ နတ်ဆိုးဆိုင်ရာလုပ်ရပ်များကြောင့် ပေါလုနှင့်သိလတို့ ထောင်ချခံရကြသည်။ (၁၆:၁၆–၂၄) ‘ရှေ့ဖြစ် ဟောနိုင်သောနတ်ဆိုး’ (မူရင်းအရ၊ မြွေနဂါးနတ်) စွဲနေသော မိန်းမငယ်တစ်ယောက်သည် သူတို့နောက်သို့ ရက်အတန်ကြာ လိုက်ခဲ့သည်။ ထိုနတ်ဆိုးသည် ပီသွန် (python) အမည်ရှိ မြွေကြီးကို သတ်ဖြတ်သည်ဟု ယူဆသော နတ်ဘုရားပီသီယံအာပိုလို (Pythian Apollo) ၏အယောင်ကိုဆောင်ခြင်းဖြစ်ကောင်းဖြစ်မည်။ ထိုမိန်းမငယ်သည် ဗေဒင်ဟောခြင်းအားဖြင့် သခင်ဖြစ်သူတို့အား ငွေကြေးအမြောက်အမြားရ ရှိစေသည်။ သူမသည် လယ်သမားတို့အား စိုက်ပျိုးရမည့်အချိန်၊ မိန်းမပျိုတို့အား လက်ထပ်ရမည့်အချိန်၊ သတ္တုလိုက်ရှာဖွေသူတို့အား ရွှေရှိရာနေရာတို့ကို ဟောပြောပေမည်။ သူမသည် ညီအစ်ကိုတို့၏နောက်သို့လိုက်လျက် “ဤသူတို့ကား သင်တို့အား ကယ်တင်တော်မူရာလမ်းကို ကြေညာသည့် အမြင့်ဆုံးသောဘုရားသခင်၏ကျွန်များဖြစ်ကြသည်” ဟု ဟစ်ကြော်၏။ နတ်ဆိုးက သူမအား ဤသို့ပြောဆိုစေခြင်းမှာ သူမ၏ဟောကိန်းတို့သည် ဘုရားသခင့်ဝိညာဉ်တော်တိုက်တွန်းခြင်းခံရသည်ဟု အထင်ရှိစေရန်ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် နတ်ဆိုးတို့သည် ယေဟောဝါနှင့်ကိုယ်တော်၏ကယ်တင်ခြင်းအစီအစဉ်အကြောင်း ကြေညာခွင့်မရှိပေ။ ပေါလုသည် လွန်စွာစိတ်အနှောင့်အယှက်ဖြစ်လာသောအခါ ယေရှု၏နာမတော်၌ ထိုနတ်ဆိုးကို နှင်ထုတ်လေ၏။ မိန်းမငယ်၏သခင်တို့သည် မိမိတို့စီးပွားပျက်သွားသောကြောင့် ပေါလုနှင့်သိလတို့ကို ဈေးရပ်ကွက်သို့ဆွဲခေါ်သွားပြီးလျှင် ကြိမ်ဒဏ်ပေးလေ၏။ (၂ ကောရိန္သု ၁၁:၂၅) ထိုနောက် သူတို့ကို ထောင်ချ၍ခြေများကို ထိတ်ခတ်ထားလေ၏။ ထိုထိတ်တုံးများသည် လိုအပ်သလို ချိန်ကိုက်နိုင်ပြီး ခြေများကို ကားထားစေသဖြင့် များစွာနာကျင်စေတတ်သည်။

၇။ ဖိလိပ္ပိမြို့တွင် ပေါလုနှင့်သိလတို့ ထောင်ချခံရခြင်းသည် မည်သူ့အတွက် ကောင်းချီးဖြစ်စေခဲ့သနည်း။ အဘယ်သို့အားဖြင့်နည်း။

၇ ဤသို့ထောင်ချလိုက်ခြင်းကြောင့် ထောင်မှူးနှင့်မိသားစုအတွက် ကောင်းချီးရရှိစေသည်။ (၁၆:၂၅–၄၀) သန်းခေါင်ယံတွင် ပေါလုနှင့်သိလတို့သည် မိမိတို့နှင့်အတူ ဘုရားသခင်ရှိတော်မူသည်ဟူသော ယုံကြည်မှုနှင့် ပတ္ထနာပြုလျက်ကျူးဧကြ၏။ (ဆာလံ ၄၂:၈) ရုတ်တရက်မြေငလျင်လှုပ်သဖြင့် ထောင်တံခါးများပွင့်ထွက်၍ ယက်မ၊ နံရံတို့မှ ခြေချင်းလက်ထိတ်များ ကျွတ်၍ သံကြိုးအနှောင်အဖွဲ့မှ လွတ်မြောက်ကြ၏။ ထောင်မှူးသည် အကျဉ်းသားများထွက်ပြေးကုန်ပြီထင်၍ သေဒဏ်ပေးခံရမည်ကို ကြောက်ရွံ့နေ၏။ သူ့ကိုယ်သူ သတ်သေမည့်ဆဲဆဲတွင် ပေါလုက “ကိုယ်ကို အန္တရာယ်မရှာနှင့်။ ငါတို့အားလုံးရှိကြသည်” ဟု ကျယ်စွာဟစ်အော်၍ပြော၏။ ပေါလုနှင့်သိလတို့ကို အပြင်သို့ထုတ်ဆောင်ပြီးနောက် ထောင်မှူးက ကယ်တင်ခြင်းရရန် မည်သို့ပြုရပါမည်အကြောင်းမေးမြန်း၏။ အဖြေကား “သခင်ယေရှုကို ယုံကြည်လော့” ဖြစ်သည်။ ယေဟောဝါ၏တရားတော်ကို ကြားနာပြီးနောက် “မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကို ချက်ချင်းခံလေ၏။” မည်မျှဝမ်းသာစရာပါတကား။

၈။ ဖိလိပ္ပိအရပ်ဘက်တရားသူကြီးများ အဘယ်သို့ အရေးယူလုပ်ဆောင်သနည်း။ သူတို့၏အမှားကို လူသိရှင်ကြား ဝန်ခံခဲ့သည်ရှိသော် အဘယ်အရာအောင်မြင်နိုင်သနည်း။

၈ နောက်တစ်နေ့တွင် တရားသူကြီးတို့သည် ပေါလုနှင့်သိလတို့ကို လွှတ်လိုက်ရန် အမိန့်ပေး၏။ သို့ရာတွင် ပေါလုက ‘ရောမလူဖြစ်သော ငါတို့ကို စစ်ဆေးစီရင်ခြင်းမပြုဘဲ ရိုက်ဒဏ်ပေး၍ ထောင်ချထားခဲ့သည်။ ငါတို့ကို တိတ်တဆိတ်လွှတ်လိုကြသလော။ ကိုယ်တိုင်လာ၍ ငါတို့ကိုထုတ်ကြပါစေ’ ဟုပြော၏။ အကယ်၍ တရားသူကြီးတို့သည် သူတို့အမှားကို လူသိရှင်ကြားဝန်ခံခဲ့သော် အခြားခရစ်ယာန်တို့အား ရိုက်နှက်ထောင်ချခြင်းကိုပြုရန် ဦးလေးလာပေမည်။ ဤရောမနိုင်ငံသားများကို နှင်ထုတ်ခြင်းငှာ မတတ်နိုင်သဖြင့် ထိုတရားသူကြီးတို့သည်လာပြီးလျှင် မြို့မှထွက်သွားရန် တောင်းပန်ကြ၏။ သို့ရာတွင် သူတို့သည် ယုံကြည်သူချင်းတို့ကို အားပေးစကားပြောကြားပြီးမှ ထွက်သွားကြ၏။ ဤသို့သောစိတ်ပါဝင်စားမှုက အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်လှည့်ကိုယ်စားလှယ်များအား ကမ္ဘာတစ်ဝှန်းရှိ ဘုရားသခင့်လူမျိုးတော်ထံ လည်ပတ်အားပေးရန် ယခုအခါ တွန်းအားပေးလျက်ရှိသည်။

ယေဟောဝါ၏တရားတော် သက်သာလောနိတ်မြို့နှင့် ဗေရိမြို့တို့တွင် လွှမ်းမိုးခြင်း

၉။ ယေဟောဝါသက်သေများ ယခုတိုင်အသုံးပြုနေသော အဘယ်နည်းလမ်းဖြင့် ပေါလုက မေရှိယသည် ဆင်းရဲခံရမည်၊ သေရာမှထမြောက်ရမည်အကြောင်း ‘သက်သေအထောက်အထားတို့နှင့်တကွ ရှင်းလင်းစွာဖွင့်ပြ’ သနည်း။

၉ ထိုနောက် မာကေဒေါနိပြည်၏မြို့တော်နှင့် အဓိကဆိပ်ကမ်းမြို့ဖြစ်သော သက်သာလောနိတ်မြို့တွင် ဘုရားသခင်တရားတော်လွှမ်းမိုးခဲ့သည်။ (၁၇:၁–၉) ထိုမြို့တွင် ပေါလုသည် ယုဒအမျိုးသားတို့နှင့် ဆင်ခြင်ဆွေးနွေး၍ မေရှိယသည် ဒုက္ခဆင်းရဲခံရမည်၊ သေရာမှရှင်ပြန်ထမြောက်ရမည်အကြောင်း ‘သက်သေအထောက်အထားတို့နှင့်တကွ ရှင်းလင်းစွာဖွင့်ပြ၏။’ (ပေါလုသည် ယေဟောဝါသက်သေများပြုလုပ်သကဲ့သို့ ပရောဖက်ပြုချက်များနှင့်ပြည့်စုံချက် အဖြစ်အပျက်များကို နှိုင်းယှဉ်ပြခြင်းဖြင့် ထိုသို့ပြုခဲ့သည်။) သို့နှင့် ယုဒအမျိုးသားအချို့၊ ယုဒဘာသာဝင်အများအပြားနှင့် အခြားသူတို့သည် ယုံကြည်သူများဖြစ်လာကြသည်။ မနာလိုသောယုဒအမျိုးသားအချို့က ဆူပူမှုဖြစ်အောင်ဖန်တီး၍ ပေါလုနှင့်သိလကို မတွေ့သောအခါ ယာသုန်နှင့်အခြားညီအစ်ကိုများကို မြို့အုပ်တို့ထံ ခေါ်ဆောင်သွားပြီးလျှင် ပုန်ကန်ထကြွရန် လှုံ့ဆော်သူများဟူ၍ စွပ်စွဲကြ၏။ ယင်းသည် ယနေ့တိုင်အောင် ယေဟောဝါ၏လူမျိုးတော်ကို စွပ်စွဲသော မဟုတ်မမှန်စွဲချက်ဖြစ်သည်။ သို့သော်လည်း ညီအစ်ကိုတို့သည် ‘လုံလောက်သောအာမခံငွေ’ ပေးဆောင်ပြီးနောက် လွတ်လာကြသည်။

၁၀။ ဗေရိမြို့ရှိ ယုဒအမျိုးသားတို့သည် အဘယ်သဘောဖြင့် ကျမ်းစာကို ‘သေသေချာချာစစ်ဆေး’ ကြသနည်း။

၁၀ ထိုနောက် ပေါလုနှင့်သိလတို့သည် ဗေရိမြို့သို့သွားကြ၏။ (၁၇:၁၀–၁၅) ယနေ့ ယေဟောဝါသက်သေများသည် လူတို့အား အားပေးသကဲ့သို့ပင် ထိုမြို့ရှိ ယုဒအမျိုးသားတို့သည် ကျမ်းစာကို ‘သေသေချာချာစစ်ဆေး’ ကြ၏။ ဗေရိမြို့သားတို့သည် ပေါလုကိုသံသယမရှိဘဲ ယေရှုသည် မေရှိယဖြစ်ကြောင်း သက်သေအထောက်အထားများကို သုတေသနပြုကြသည်။ ရလဒ်ကားအဘယ်နည်း။ ယုဒအမျိုးသားအများအပြားနှင့် (ယုဒဘာသာဝင်များဖြစ်ဖွယ်ရှိသည့်) ဂရိအမျိုးသားအချို့ ယုံကြည်သူများဖြစ်လာကြသည်။ သက်သာလောနိတ်မြို့မှ ရောက်လာသောယုဒအမျိုးသားများက ဆူပူအောင်လှုံ့ဆော်သောအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ပို့လိုက်ကြ၏။ ထိုနေရာမှနေ၍ သူ့အဖွဲ့ထဲမှ အချို့သည် အာသင်မြို့၏ဆိပ်ကမ်းမြို့ ပိရာ (Piraeus) မြို့သို့ သင်္ဘောဖြင့် သွားကြဖွယ်ရှိသည်။

ယေဟောဝါ၏တရားတော် အာသင်မြို့တွင် လွှမ်းမိုးခြင်း

၁၁။ (က) အာသင်မြို့တွင် ပေါလုမည်သို့ရဲရင့်စွာ သက်သေခံသနည်း။ မည်သူတို့ သူနှင့်ငြင်းခုံဆွေးနွေးသနည်း။ (ခ) ပေါလုကို ‘စကားအိုး’ ဟုသမုတ်ရာတွင် အချို့ကအဘယ်အဓိပ္ပာယ်ဖြင့် သမုတ်ခြင်းဖြစ်သနည်း။

၁၁ အာသင်မြို့တွင် ရဲရင့်စွာသက်သေခံကြ၏။ (၁၇:၁၆–၂၁) ယေရှုအကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပေါလုဟောပြောသောကြောင့် အတွေးအခေါ်ပညာရှင်တို့က သူနှင့် အချေအတင်ဆွေးနွေးကြ၏။ အချို့မှာ အပျော်အပါးသာယာမှုကို အဓိကထားကြသော ဧပိကုရုဂိုဏ်းသားများဖြစ်ကြ၏။ အခြားသူတို့မှာ မိမိကိုယ်ကိုစောင့်စည်းခြင်းကို အလေးပေးသော သတောအိတ်ဂိုဏ်းသားများဖြစ်ကြသည်။ အချို့က ‘ဤစကားအိုးမည်သို့ပြောဆိုလိုသနည်း’ ဟုမေး၏။ (မူရင်းအရ “မျိုးစေ့ကောက်သူ”) ‘စကားအိုး’ ဟူသော အသုံးအနှုန်းက ပေါလုသည်မျိုးစေ့များကို ကောက်သောငှက်ပမာ ဉာဏ်မရှိဘဲ အသိပညာတစ်စွန်းတစ်စလိုက်လံဖြန့်ဖြူးသည်ဟုဆိုလိုသည်။ အခြားသူများက ‘သူသည် တိုင်းတစ်ပါးနတ်ဘုရားများအကြောင်းကို ကြေညာသူဖြစ်ဟန်ရှိသည်’ ဟုဆို၏။ ဤအချက်သည် စိုးရိမ်စရာဖြစ်သည်။ ဆိုကရေးတီးစ်သည် ထိုသို့သော စွပ်စွဲချက်ကြောင့် အသက်ဆုံးရှုံးခဲ့၍ဖြစ်သည်။ အာကရိုပိုလီခံတပ်အနီးရှိ လေဟာပြင်တရားရုံးထိုင်သော အာရေတောင် (မာစ်တောင်) သို့ မကြာမီ ပေါလုအား ခေါ်ဆောင်သွားသည်။

၁၂။ (က) အာရေတောင်ပေါ်တွင် ပေါလုဟောပြောရာ၌ ဟောပြောခြင်းဆိုင်ရာ အဘယ်အရည်အချင်းများကို တွေ့ရသနည်း။ (ခ) ဘုရားသခင်နှင့်ပတ်သက်၍ ပေါလု အဘယ်အချက်များ တင်ပြသနည်း။ အဘယ်အကျိုးရလဒ် ပေါ်ထွန်းသနည်း။

၁၂ အာရေတောင်ပေါ်တွင် ပေါလုဟောပြောသည့် ဟောပြောချက်မှာ ယေဟောဝါသက်သေများ၏ သီအိုကရက်တစ်ကျောင်းတွင် လေ့ကျင့်သင်ကြားပေးသကဲ့သို့ပင် ထိရောက်သောနိဒါန်း၊ ယုတ္တိတန်သောတင်ပြမှုနှင့် ယုံကြည်လက်ခံဖွယ်အချေအတင်တို့ဘက်တွင် ပြောင်မြောက်လှသော နမူနာဖြစ်သည်။ (၁၇:၂၂–၃၄) အာသင်မြို့သားတို့သည် အခြားသူများထက် ဘာသာရေးကိုင်းရှိုင်းကြောင်း သူဆို၏။ “ငါတို့မသိသော ဘုရားအတွက်” ဟူ၍ပင် သူတို့ယဇ်ပလ္လင်တည်ထားကြ၏။ နတ်ဘုရားတစ်ပါးပါးကို မထီမဲ့မြင်ပြုမိမှာကို စိုး၍ဖြစ်ပုံရှိသည်။ “လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍” ခါနာန်လူမျိုးကို အမြစ်ပါမကျန် သုတ်သင်ပယ်ရှင်းသည့်အချိန်ကို သတ်မှတ်တော်မူခဲ့သကဲ့သို့ ‘လူမျိုးအသီးသီးတို့ အသက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကို ပိုင်းခြားသတ်မှတ်’ တော်မူသော ဖန်ဆင်းရှင်အကြောင်း ပေါလုဟောပြော၏။ (ကမ္ဘာဦး ၁၅:၁၃-၂၁။ ဒံယေလ ၂:၂၁။ ၇:၁၂) ပေါလုသည် သူတို့၏လင်္ကာဆရာ အရာတပ်စ်နှင့် ကလင်သစ္စတို့ကို ကိုးကား၍ ‘ငါတို့သည်လည်း အနွယ်တော်ဖြစ်ကြ’ သောကြောင့် ဘုရားသခင်ကို ရှာ၍တွေ့နိုင်ကြောင်း ပြောခြင်းဖြင့် လူ့ဖန်ဆင်းရှင်ယေဟောဝါအကြောင်း အရိပ်အမြွက်ဖေါ်ပြခဲ့သည်။ ဘုရားသခင့်အနွယ်တော်အနေနှင့် စုံလင်သောဖန်ဆင်းရှင်ကို မစုံလင်သောလူများပြုလုပ်သော ရုပ်တုနှင့်တူသည်ဟု မထင်မှတ်အပ်ပေ။ ဘုရားသခင်သည် လူတို့အသိပညာကင်းမဲ့သည့် အချိန်ကာလများကို လျစ်လျူရှုခဲ့သော်လည်း၊ ယခုအခါ၌မူ လူသားတို့အား နောင်တရရန်မိန့်ကြားနေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ခန့်ထားသောအရှင်အားဖြင့် လူတို့ကိုစီရင်တော်မူမည့်နေ့ရက်ကို သတ်မှတ်တော်မူပြီဖြစ်သည်။ ပေါလုသည် ‘ယေရှု၏သတင်းကောင်းကို ကြေညာ’ ခဲ့သဖြင့် ထိုတရားသူကြီးကား ယေရှုကိုဆိုလိုကြောင်း သူ့ပရိသတ်များသိကြသည်။ (တမန်တော် ၁၇:၁၈။ ယောဟန် ၅:၂၂၊ ၃၀) နောင်တအကြောင်းသည် ဧပိကုရုဂိုဏ်းသားများအဖို့ ငြီးငွေ့ဖွယ်ဖြစ်ပြီး ဂရိအတွေးအခေါ်ပညာရှင်တို့မူကား မသေနိုင်ခြင်းအကြောင်းကို လက်ခံနိုင်သော်လည်း၊ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လက်မခံနိုင်ကြချေ။ သို့နှင့် သတင်းကောင်းကို ယနေ့ပထုတ်ကြသူများကဲ့သို့ အချို့က ‘သင်ပြောဆိုသည်ကို ငါတို့တစ်ဖန်ကြားလိုပါသည်’ ဟုဆိုကြ၏။ သို့ရာတွင် တရားသူကြီးဒယောနုသိနှင့်တကွ အခြားသူများသည် ယုံကြည်သူများဖြစ်လာကြသည်။

ကောရိန္သုမြို့တွင် ဘုရားသခင့်တရားတော် လွှမ်းမိုးခြင်း

၁၃။ ပေါလုသည် ဓမ္မအမှုတော်ဆောင်ရာတွင် မိမိကိုယ်ကို အဘယ်သို့ထောက်ပံ့သနည်း။ အဘယ်ဆင်တူမှုကို ယခုခေတ်၌တွေ့ရသနည်း။

၁၃ ပေါလုသည် အခါယနယ်၏မြို့တော် ကောရိန္သုမြို့သို့ထွက်သွားသည်။ (၁၈:၁–၁၁) ထိုမြို့တွင် အာကုလနှင့်ပြစ်ကိလတို့ကိုတွေ့သည်။ သူတို့မှာ ရောမနိုင်ငံသားမဟုတ်သူ ယုဒအမျိုးသားများ၊ ရောမမြို့မှ ထွက်ခွာသွားရန် ကလောဒိဘုရင်အမိန့်ထုတ်ဆင့်သဖြင့် ထိုမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။ ဓမ္မအမှုတော်တွင် မိမိကိုယ်ကိုထောက်ပံ့ခြင်းအလိုငှာ ဤခရစ်ယာန်မောင်နှံတို့နှင့်အတူပေါလုသည် တဲရှင်ချုပ်လုပ်သည်။ (၁ ကောရိန္သု ၁၆:၁၉။ ၂ ကောရိန္သု ၁၁:၉) ဆိတ်မွေးဖြင့်ယက်လုပ်သည့် မာကျောသော အထည်ကိုဖြတ်၍ ချုပ်လုပ်ခြင်းအလုပ်မှာပင်ပန်းသောအလုပ်ဖြစ်သည်။ ထိုနည်းတူ ယေဟောဝါသက်သေတို့သည် စားဝတ်နေရေးအတွက် အလုပ်လုပ်ကြသော်လည်း သူတို့၏သက်မွေးမှုလုပ်ငန်းကား ဓမ္မအမှုတော်သာဖြစ်သည်။

၁၄။ (က) ကောရိန္သုမြို့ရှိ ယုဒအမျိုးသားများ မပြတ်ဆန့်ကျင်တိုက်ခိုက်ခြင်းခံရသောအခါ ပေါလုဘာလုပ်ခဲ့သနည်း။ (ခ) ပေါလုသည် ကောရိန္သုမြို့တွင် ဆက်လက်နေထိုင်သင့်ကြောင်း မည်သို့အာမခံချက်ရရှိသနည်း။ ယနေ့တွင် ယေဟောဝါ၏လူမျိုးတော် အဘယ်သို့ညွှန်ကြားခြင်းခံရသနည်း။

၁၄ ယေရှုသည် မေရှိယဖြစ်ကြောင်း ပေါလုပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုသောအခါ ကောရိန္သုမြို့ရှိယုဒအမျိုးသားတို့သည် သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။ သို့နှင့် သူသည် သူတို့အပေါ် တာဝန်ကျေပြီဖြစ်ကြောင်း ပြသသည့်အနေနှင့် မိမိဝတ်လုံကိုခါပြီးနောက် ရောမအမျိုးသားဖြစ်ဖွယ်ရှိသော တိတုယုတ္တု၏အိမ်၌ စည်းဝေးကြ၏။ (တရားဇရပ်အုပ်ချုပ်ရေးမှူးဟောင်း ကရိပ္ပုနှင့်အိမ်သူအိမ်သားများအပါအဝင်) အများအပြား သက်ဝင်ယုံကြည်သူများဖြစ်လာကြသည်။ ယုဒအမျိုးသားတို့၏ ရန်ပြုမှုကြောင့် ပေါလုအနေဖြင့် ကောရိန္သုမြို့တွင် ဆက်၍နေသင့်၊ မနေသင့် သံသယဖြစ်ခဲ့သည်ရှိသော် ‘မကြောက်နှင့်၊ ဆက်လက်ဟောပြောလော့။ ငါသည် သင်နှင့်အတူရှိသည်ဖြစ်၍ အဘယ်သူမျှ သင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့တွင် ငါ၏လူအများရှိသည်’ ဟုရူပါရုံဖြင့် သခင်အရှင်သူ့အားမိန့်ဆိုချိန်တွင် ထိုသံသယပျောက်ကွယ်သွားလေသည်။ သို့နှင့်ပေါလုသည်ထိုမြို့တွင် တစ်နှစ်နှင့်ခြောက်လကြာ နေထိုင်၍ ဘုရားသခင့်တရားတော်ကို ဆက်၍သင်ကြားပို့ချခဲ့သည်။ ယေဟောဝါလူမျိုးတော်တို့သည် ယခုအခါ၌ ရူပါရုံမရရှိကြသော်လည်း နိုင်ငံတော်အကျိုးစီးပွားအတွက် အလားတူအမြော်အမြင်ရှိသော ဆုံးဖြတ်ချက်များချနိုင်ရန် ဆုတောင်းခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်တို့က သူတို့ကိုအထောက်အကူပြု၏။

၁၅။ ပေါလုကိုဘုရင်ခံဂဲလီယိုရှေ့မှောက် ခေါ်ဆောင်သွားသောအခါ ဘာဖြစ်ပျက်သနည်း။

၁၅ ယုဒအမျိုးသားတို့သည် ပေါလုကို ဘုရင်ခံဂျူနီယာ့စ်ဂဲလီယိုထံ ခေါ်သွားကြသည်။ (၁၈:၁၂–၁၇) တရားမဝင်ဘာသာဆွယ်သည်ဟု ပေါလုအား ရိုးစွပ်ကြသည်။ ယခုအခါ ဂရိခရစ်ယာန်ဘုန်းကြီးများသည် ယေဟောဝါသက်သေများအား ဤသို့ပင်မဟုတ်မမှန်စွပ်စွဲကြသည်။ ပေါလုသည် ယုတ်ညံ့သောပြစ်မှုမကျူးလွန်ကြောင်း၊ ယုဒအမျိုးသားတို့သည် ရောမနိုင်ငံ၏သာယာဝပြောမှုနှင့် တရားဥပဒေကို အရေးမစိုက်ကြောင်း ဂဲလီယိုသိသဖြင့် သူတို့ကိုမောင်းထုတ်လိုက်သည်။ တရားဇရပ်အုပ်ချုပ်ရေးမှူးအသစ် သုဿင်ကို ဘေးမှကြည့်နေသူများက ရိုက်နှက်ကြသောအခါ ဂဲလီယိုသည် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ ပေါလုအားဆန့်ကျင်တိုက်ခိုက်ရန် ရမ်းကားသောလူအုပ်ကို ဦးဆောင်သည့် ထင်ရှားသောခေါင်းဆောင်သည် ကိုယ့်ရှူးကိုယ်ပတ်ခံရသည်ဟု ထင်မှတ်၍ ဝင်မစွက်ခြင်းဖြစ်ကောင်းဖြစ်မည်။

၁၆။ သစ္စာကတိပြုခဲ့သဖြင့် ပေါလုဦးခေါင်းရိတ်ခြင်းသည် အဘယ်ကြောင့်လက်ခံဖွယ်ဖြစ်သနည်း။

၁၆ ပေါလုသည် အေဂျင်ပင်လယ်ဆိပ်ကမ်း၊ ကင်ခြေမြို့မှ သင်္ဘောလွှင့်၍ အာရှမိုင်းနားရှိ ဧဖက်မြို့သို့သွားလေ၏။ (၁၈:၁၈–၂၂) ထိုခရီးမထွက်မီ သူသည် ‘သစ္စာကတိပြုခဲ့သဖြင့် မိမိဦးခေါင်းကိုရိတ်၏။’ ဤသစ္စာကတိကို ယေရှု၏နောက်တော်လိုက်ဖြစ်မလာမီက ပြုခဲ့သလော၊ ယခုမှာ သစ္စာကတိပြုရာကာလ၏အစလော၊ အဆုံးလော ကျမ်းစာ၌ဘာမျှဆိုမထားချေ။ ခရစ်ယာန်တို့သည် ပညတ်တရားအောက်တွင်မရှိကြချေ။ သို့ရာတွင် ထိုသို့သစ္စာကတိပြုခြင်းသည် ဘုရားသခင်ထံတော်မှ သက်ရောက်ရာဖြစ်ပြီး သန့်ရှင်း၏၊ အပြစ်မရှိချေ။ (ရောမ ၆:၁၄; ၇:၆၊ ၁၂။ ဂလာတိ ၅:၁၈) ဧဖက်မြို့တွင် ပေါလုသည် ယုဒအမျိုးသားတို့နှင့် နှီးနှောဆွေးနွေးပြီးနောက် ဘုရားသခင်အလိုတော်ရှိလျှင် ပြန်လာမည်ဟုကတိပေး၏။ (ထိုကတိ၊ နောက်ပိုင်းတွင် ပြည့်ဝခဲ့သည်။) ရှုရိအန္တအုတ်မြို့သို့ ပြန်သွားခြင်းဖြင့် ဒုတိယသာသနာပြုခရီးစဉ် ပြီးဆုံးလေသည်။

ဧဖက်မြို့တွင် ယေဟောဝါ၏တရားတော် လွှမ်းမိုးခြင်း

၁၇။ နှစ်ခြင်းနှင့်စပ်လျဉ်း၍ အာပေါလုနှင့် အခြားသူများ အဘယ်ညွှန်ကြားချက်လိုအပ်ကြသနည်း။

၁၇ ပေါလုသည် တတိယသာသနာပြုခရီးကို (စီအီး ၅၂-၅၆ ခုနှစ်ခန့်) မကြာမီပင်စတင်ခဲ့သည်။ (၁၈:၂၃–၁၉:၇) ထိုအချိန်အတောအတွင်း ဧဖက်မြို့တွင်အာပေါလုသည် ယေရှုအကြောင်းဟောပြောသွန်သင်၏။ သို့ရာတွင် သူသည်ပညတ်ပဋိညာဉ်ချိုးဖောက်ခြင်းအပြစ်အတွက် နောင်တရသည့်အထိမ်းအမှတ်ဖြစ်သော ယောဟန်၏နှစ်ခြင်းကိုသာသိ၏။ ပြစ်ကိလနှင့်အာကုလတို့သည် ‘ဘုရားသခင်၏လမ်းစဉ်အကြောင်းကို ပိုမိုတိကျစွာ သူ့အားရှင်းလင်းပေးကြ၏။’ ယေရှုနှစ်ခြင်းခံသကဲ့သို့ နှစ်ခြင်းခံခြင်းဆိုသည်မှာ ရေတွင်နှစ်မြှုပ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရခြင်းပါဝင်ကြောင်း ရှင်းပြပေမည်။ စီအီး ၃၃ ခုပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်နှင့် နှစ်ခြင်းခံပြီးနောက်ပိုင်း ယောဟန်ပေးသောနှစ်ခြင်းခံခဲ့သူအသီးသီး ယေရှု၏နာမတော်၌ ထပ်မံ၍နှစ်ခြင်းခံရန်လိုအပ်ခဲ့သည်။ (မဿဲ ၃:၁၁၊ ၁၆။ တမန်တော် ၂:၃၈) နောက်ပိုင်း ဧဖက်မြို့တွင် ယောဟန်၏နှစ်ခြင်းခံခဲ့သူ ယုဒအမျိုးသား ၁၂ ဦးခန့်သည် “သခင်ယေရှု၏နာမ၌ ဗတ္တိဇံကိုခံကြ” ကြောင်း၊ ထပ်မံ၍နှစ်ခြင်းခံကြောင်း ကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။ ထိုသူတို့အပေါ်၌ ပေါလုလက်ကိုတင်လိုက်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘုရားသခင်လက်ခံခြင်းဆိုင်ရာ အံ့ဖွယ်သာဓကနှစ်ရပ်ဖြစ်သော ဘာသာစကားအမျိုးမျိုးပြောခြင်းနှင့် ပရောဖက်ပြုခြင်းတို့ကို ခံယူရရှိကြသည်။

၁၈။ ဧဖက်မြို့တွင်ရှိနေစဉ် အဘယ်နေရာတွင် ပေါလုသက်သေခံသနည်း။ အဘယ်အကျိုးရရှိသနည်း။

၁၈ လူဦးရေ ၃၀၀၀၀၀ ခန့်ရှိသော ဧဖက်မြို့တွင် ပေါလုသည် အမှန်ပင်အလုပ်များခဲ့သည်။ (၁၉:၈–၁၀) မြို့တွင်းရှိ အာတေမိနတ်သမီး၏ဗိမာန်သည် ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအနက် တစ်ပါးဖြစ်ပြီး ဇာတ်ရုံမှာလည်း လူ ၂၅၀၀၀ ဝင်ဆန့်သည်။ တရားဇရပ်၌ ပေါလုသည် ယုံကြည်လက်ခံဖွယ်အကျိုးအကြောင်းတင်ပြ၍ ‘သွေးဆောင်’ သော်လည်း လမ်းစဉ်တော်သို့မဟုတ် ခရစ်တော်၌ယုံကြည်ခြင်းကို အခြေပြုသည့် အသက်တာရှင်ပုံကို အချို့ကပုတ်ခတ်ပြောဆိုကြသောအခါ သူလက်လျှော့လိုက်လေသည်။ ပေါလုသည် နှစ်နှစ်တိုင်တိုင် တုရန္နု၏စာသင်ခန်းမဆောင်တွင် နေ့စဉ်နေ့တိုင်း ဟောပြောသဖြင့် နှုတ်ကပတ်တရားတော်သည် အာရှခရိုင်တစ်လျှောက် ပျံ့နှံ့ခဲ့လေသည်။

၁၉။ ဧဖက်မြို့တွင် ‘ယေဟောဝါ၏တရားတော် တိုးပွားလျက်လွှမ်းမိုး’ မှုဖြစ်စေသည့် အဘယ်အဖြစ်အပျက် ဖြစ်ပျက်ခဲ့သနည်း။

၁၉ ဘုရားသခင်သည် ပေါလု၏လုပ်ဆောင်မှုကို နှစ်သက်သဘောကျကြောင်း သူ့အားရောဂါကုသနိုင်သောအစွမ်းနှင့် နတ်မိစ္ဆာများကို နှင်ထုတ်နိုင်သောအစွမ်းပေးခြင်းအားဖြင့် ပြသတော်မူ၏။ (၁၉:၁၁–၂၀) သို့ရာတွင် ယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ဦးတို့သည် ဘုရားသခင်နှင့် ခရစ်တော်တို့ကို ကိုယ်စားပြုသူများမဟုတ်၍ ယေရှု၏နာမကိုတိုင်တည်ပြီး နတ်ဆိုးကိုနှင်ထုတ်ရာတွင် မအောင်မြင်ခဲ့ပါ။ နတ်ဆိုးပူးသူကြောင့် သူတို့အနာတရပင်ဖြစ်သွားကြသည်။ ဤအခြင်းအရာကြောင့် လူတို့သည်ကြောက်ရွံ့၍ “သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။” သက်ဝင်ယုံကြည်လာသူအများသည် မိမိတို့၏မှော်အတတ်ကိုစွန့်သည့်ပြင် ဂါထာမန္တရားနှင့် မျက်လှည့်ပညာဆိုင်ရာ ပုံသေနည်းများပါရှိသောစာအုပ်များကို လူပုံအလယ်မှာ မီးရှို့ဖျက်ဆီးပစ်ကြသည်။ “သို့ဖြင့် ယေဟောဝါ၏နှုတ်ကပတ်တရားတော်သည် အားကြီးစွာတိုးပွားလျက် လွှမ်းမိုးလေ၏” ဟုလုကာရေးသား၏။ ယနေ့၌လည်း ဘုရားသခင့်အစေခံတို့သည် လူတို့အား မကောင်းဆိုးဝါးပယောဂအစွဲများမှ လွတ်ကျွတ်စေရန်ကူညီပေးနေကြ၏။—တရားဟောရာ ၁၈:၁၀-၁၂။

ဘာသာရေးသည်းမခံခြင်း မအောင်မြင်

၂၀။ ဧဖက်မြို့ရှိငွေပန်းတိမ်ဆရာတို့က အဓိကရုဏ်းတစ်ခုဖြစ်အောင် အဘယ်ကြောင့်လှုံ့ဆော်ခဲ့ကြသနည်း။ မည်သို့အဆုံးသတ်သွားသနည်း။

၂၀ ယေဟောဝါသက်သေတို့သည် ဒေါသကြီးသောရမ်းကားသည့် လူစုများနှင့် မကြာမကြာရင်ဆိုင်ကြရသည်။ ထိုနည်းတူ ဧဖက်မြို့ရှိခရစ်ယာန်များလည်း ရင်ဆိုင်ခဲ့ကြရသည်။ (၁၉:၂၁–၄၁) ယုံကြည်သူ များပြားလာသည်နှင့်အမျှ ဒေမေတရိနှင့် အခြားငွေပန်းတိမ်ဆရာတို့သည် သူတို့ပြုလုပ်သော ရင်သားများစွာရှိသည့် ဖွံ့ဖြိုးခြင်းနတ်သမီး အာတေမိ၏ငွေနတ်ကွန်းကို ဝယ်ယူသူနည်းပါးလာသဖြင့် ဝင်ငွေကျဆင်းခဲ့ကြသည်။ ဒေမေတရိ၏လှုံ့ဆော်မှုကြောင့် ရမ်းကားသောလူစုကြီးသည် ပေါလု၏အဖေါ်များဖြစ်သော ဂါယုနှင့်အာရိတ္တာခုတို့ကို ဇာတ်ရုံသို့ခေါ်ဆောင်သွားကြသည်။ တပည့်တော်တို့က ပေါလုကိုအတွင်းသို့မဝင်ရန် ဆီးတားကြသည်။ ပျော်ပွဲရွှင်ပွဲနှင့်အားကစားပွဲတာဝန်ခံအရာရှိအချို့ကပင် ထိုသို့အရဲမစွန့်ရန် မေတ္တာရပ်ခံကြသည်။ ဆူပူရမ်းကားသောလူစုသည် “ဧဖက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏” ဟုနှစ်နာရီခန့်မျှ အော်ဟစ်ကြ၏။ နောက်ဆုံး၌ မြို့စာရေး (မြူနီစီပယ်အုပ်ချုပ်ရေး ဦးစီးမှူး) ကထိုလက်မှုပညာသည်များအနေဖြင့် သူတို့၏စွဲဆိုချက်များကို စီရင်ဆုံးဖြတ်ပေးရန် အာဏာပိုင်ထံ တင်ပြနိုင်ကြောင်း၊ သို့မဟုတ် မြို့သူမြို့သားများ ကျင်းပနေကျ ‘ပုံမှန်အစည်းအဝေး’ ၌စီရင်ဆုံးဖြတ်နိုင်ကြောင်း၊ သို့မဟုတ်ပါက ဤပုံမှန်မဟုတ်သော အစည်းအဝေးတွင် ပါဝင်သူတို့ကို ရောမအစိုးရက အဓိကရုဏ်းဆူပူမှုဖြင့် စွဲချက်တင်နိုင်ကြောင်းပြောဆို၏။ ဤသို့ဖြင့် လူစုခွဲလိုက်သည်။

၂၁။ ပေါလု၏လုပ်ဆောင်မှုကို ဘုရားသခင်အဘယ်နည်းဖြင့် ကောင်းချီးပေးတော်မူသနည်း။ ယနေ့ ယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုကိုလည်း ကိုယ်တော်အဘယ်သို့ကောင်းချီးပေးနေသနည်း။

၂၁ စုံစမ်းခြင်းအမျိုးမျိုးကိုရင်ဆိုင်နိုင်ရန် ပေါလုအား ဘုရားသခင်ထောက်မတော်မူပြီး လူတို့အား ဘာသာရေးအယူမှားကိုစွန့်၍ အမှန်တရားကိုယုံကြည်လက်ခံလာစေရန် သူကြိုးစားကူညီပေးခြင်းကို ကိုယ်တော်ကောင်းချီးပေးတော်မူ၏။ (ယေရမိ ၁:၉၊ ၁၀ နှင့်နှိုင်းယှဉ်ပါ။) ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ကောင်းကင်ခမည်းတော် အလားတူကောင်းချီးပေးခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းသင့်ပေသည်။ ထိုကြောင့် ယခုအခါတွင် ပထမရာစုမှာကဲ့သို့ပင် ‘ယေဟောဝါ၏နှုတ်ကပတ်တရားတော်သည် တိုးပွားလျက် အောင်မြင်လေ၏။’

သင်မည်သို့ ဖြေမည်နည်း

▫ သန့်ရှင်းသောဝိညာဉ်တော်ညွှန်ကြားမှုနှင့်ပတ်သက်၍ ပေါလုအဘယ်စံနမူနာထားခဲ့သနည်း။

▫ ယေဟောဝါကျေးကျွန်များ ယနေ့တိုင်အသုံးပြုနေသော အဘယ်နည်းဖြင့် ပေါလုသည် ‘သက်သေအထောက်အထားတို့နှင့်တကွ ရှင်းလင်းစွာပြ’ သနည်း။

▫ အာရေတောင်ကုန်းပေါ်တွင် ပေါလု၏ဟောပြောချက်ကိုတုံ့ပြန်ကြပုံနှင့် ယေဟောဝါသက်သေတို့၏ဟောပြောခြင်းကို တုံ့ပြန်ပုံနှစ်ရပ်တွင် အဘယ်ဆင်တူချက်တွေ့ရသနည်း။

▫ ပေါလုသည် ဓမ္မအမှုဆောင်ရာတွင် မိမိကိုယ်ကို အဘယ်သို့ထောက်ပံ့ခဲ့သနည်း။ အဘယ်မျက်မှောက်ခေတ် ဆင်တူချက်ရှိသနည်း။

▫ ပေါလု၏လုပ်ဆောင်မှု၌ကဲ့သို့ ယနေ့ယေဟောဝါသက်သေတို့၏လုပ်ငန်းကို ဘုရားသခင်အဘယ်သို့ကောင်းချီးပေးတော်မူသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါ၏တရားတော် လွှမ်းမိုးသည့်

၁။ ဖိလိပ္ပိမြို့

၂။ နှင့် ၃။ အာသင်မြို့

၄။ နှင့် ၆။ ဧဖက်မြို့

၅။ ရောမမြို့

[Credit Line]]

Photo No. 4: Manley Studios

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ