ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁ စာ. ၁၃-၁၉
  • မည်သူများ “ဘေးလွတ်ခွင့်ရ” ကြမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူများ “ဘေးလွတ်ခွင့်ရ” ကြမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုချက်ပြည့်စုံခြင်းနှစ်ခု
  • ယေဟောဝါ၏နာမတော်ကို မည်သို့ခေါ်မည်နည်း
  • ဝိညာဉ်ရေးပရဒိသုတစ်ခု
  • အစီအစဉ်စနစ်၏ ဆုံးခန်း
  • မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • အခက်အခဲများကို ခံရပ်ခြင်းက ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ခိုင်မြဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါ၏နေ့ရက်တော်ကို စွဲမှတ်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —ယောလ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁ စာ. ၁၃-၁၉

မည်သူများ “ဘေးလွတ်ခွင့်ရ” ကြမည်နည်း

“ယေဟောဝါ၏နာမတော်ကို [ခေါ်] သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့။” —တမန်တော် ၂:၂၁၊ ကဘ။

၁။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့သည် ကမ္ဘာ့သမိုင်းတွင် အဘယ်ကြောင့်အလှည့်အပြောင်းနေ့ရက်တစ်ရက်ဖြစ်ခဲ့သနည်း။

စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့သည် ကမ္ဘာ့သမိုင်းတွင် အလှည့်အပြောင်းနေ့ရက်တစ်ရက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုနေ့တွင် လူမျိုးသစ်တစ်မျိုးဖွားမြင်ခဲ့သောကြောင့်ဖြစ်သည်။ အစကနဦးတွင် လူမျိုးကြီးမဟုတ်သေးပေ—ယေရုရှလင်မြို့ရှိအထက်ခန်းမတွင် စုဝေးခဲ့ကြသည့် ယေရှု၏တပည့်တော် ၁၂၀ မျှသာဖြစ်သည်။ ယနေ့ဆိုလျှင် ထိုစဉ်ကရှိခဲ့သည့် လူမျိုးအများစုကို မေ့ပျောက်သွားကြပြီဖြစ်သော်လည်း အဆိုပါအထက်ခန်းမတွင် မွေးဖွားခဲ့သည့်လူမျိုးမှာမူ ကျွန်ုပ်တို့နှင့်အတူရှိနေဆဲဖြစ်သည်။ ယင်းသည် လူသားထုရှေ့တွင် မိမိ၏သက်သေအဖြစ် ဘုရားသခင်ခန့်အပ်ထားသည့်လူမျိုးဖြစ်သောကြောင့် အဆိုပါအဖြစ်မှန်သည် ကျွန်ုပ်တို့အားလုံးအတွက် အလွန်အရေးပါသည်။

၂။ အဘယ်အံ့ဖွယ်အဖြစ်အပျက်များသည် လူမျိုးသစ်တစ်မျိုး စတင်ပေါ်ပေါက်ခြင်း၏ အမှတ်အသားဖြစ်ခဲ့သနည်း။

၂ ထိုလူမျိုးသစ်စတင်ဖြစ်တည်ချိန်တွင် ယောလပရောဖက်ပြုစကားများကိုပြည့်စုံစေသည့် အရေးကြီးသောအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်။ အဆိုပါအဖြစ်အပျက်များအကြောင်းကို တမန်တော် ၂:၂-၄ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏခြင်းတွင်ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” ဤနည်းဖြင့် ထို ၁၂၀ သောသစ္စာရှိအမျိုးသားအမျိုးသမီးတို့သည် “ဘုရားသခင်၏ဣသရေလလူမျိုး” ဟုနောက်ပိုင်းတွင် တမန်တော်ပေါလုခေါ်ခဲ့သည့် ဝိညာဉ်ရေးလူမျိုးတစ်မျိုး၏ ဦးဆုံးအဖွဲ့ဝင်များဖြစ်လာကြသည်။—ဂလာတိ ၆:၁၆။

၃။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယောလ၏အဘယ်ပရောဖက်ပြုချက် ပြည့်စုံခဲ့သနည်း။

၃ လူအုပ်တို့သည် “လေပြင်းမုန်တိုင်း” ကိုလာရောက်စူးစမ်းကြရာ ယောလ၏ပရောဖက်ပြုချက်တစ်ချက် ပြည့်စုံခြင်းဖြစ်ကြောင်း သူတို့အား တမန်တော်ပေတရုက ရှင်းပြခဲ့သည်။ မည်သည့်ပရောဖက်ပြုချက်နည်း။ သူပြောခဲ့သောစကားကို ကောင်းစွာနားထောင်ကြည့်ပါ– “‘နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ် [ရူပါရုံ] တို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အထက်မိုးကောင်းကင်၌ အံ့ဖွယ်သောအရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော . . . နိမိတ်တို့ကိုလည်းကောင်း ငါပြမည်။ ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမတိုင်မီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။ ထိုအခါထာဝရဘုရား [“ယေဟောဝါ၏နာမတော်၊” ကဘ] ကို [ခေါ်] သောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ရောက်ရကြလတ္တံ့’ ဟုဘုရားဗျာဒိတ်တော်ရှိ၏။” (တမန်တော် ၂:၁၇-၂၁) ပေတရုကိုးကားခဲ့သည့် စကားကို ယောလ ၂:၂၈-၃၂ တွင်တွေ့ရပြီး ယင်းတို့၏ပြည့်စုံချက်က ဂျူးလူမျိုးအတွက် အချိန်ကုန်ဆုံးလုပြီဖြစ်ကြောင်း ဖော်ပြသည်။ သစ္စာမဲ့ဣသရေလလူမျိုးကို စာရင်းရှင်းမည့်အချိန်၊ “ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီး” နီးကပ်နေပါသည်။ သို့သော် မည်သူ ကယ်တင်ခြင်းရမည် သို့မဟုတ် ဘေးမှလွတ်မည်နည်း။ ယင်းသည် မည်သည့်အရာ၏ ရှေ့ပြေးပုံရိပ်ဖြစ်သနည်း။

ပရောဖက်ပြုချက်ပြည့်စုံခြင်းနှစ်ခု

၄၊ ၅။ ဖြစ်လတ္တံ့သောအဖြစ်အပျက်များကိုထောက်ရှု၍ အဘယ်သြဝါဒကို ပေတရုပေးခဲ့သနည်း။ ထိုသြဝါဒသည် သူ၏ခေတ်နောက်ပိုင်းနှင့် အဘယ်ကြောင့်သက်ဆိုင်သနည်း။

၄ စီ.အီး. ၃၃ နောက်ပိုင်းနှစ်များတွင် ဘုရားသခင်၏ဝိညာဉ်ရေးဣသရေလလူမျိုးသည် ပွားများထွန်းကားလာသော်လည်း ဇာတိဣသရေလလူမျိုးမှာမူ ပွားများထွန်းကားခြင်း မရှိခဲ့ချေ။ စီ.အီး. ၆၆ တွင်ဣသရေလနိုင်ငံသည် ရောမနှင့် စစ်ဖြစ်ခဲ့သည်။ စီ.အီး. ၇၀ တွင်ဣသရေလနိုင်ငံသည် ပျောက်လုခမန်းဖြစ်ခဲ့ပြီး ယေရုရှလင်နှင့်အတူ ယင်း၏ဗိမာန်တော်သည် လုံးလုံးမီးရှို့ခံလိုက်ရသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ပေတရုသည် ချဉ်းကပ်လာနေသည့် ထိုအဖြစ်ဆိုးကြီးကိုထောက်ရှုကာ ဩဝါဒကောင်း မြွက်ကြားခဲ့သည်။ ယောလကျမ်းကို တစ်ဖန်ကိုးကားကာ သူက “ထာဝရဘုရား [“ယေဟောဝါ၏နာမတော်၊” ကဘ] ကို [ခေါ်] သောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ရောက်ရကြလတ္တံ့” ဟုဟောပြောခဲ့သည်။ ဂျူးတစ်ဦးစီသည် ယေဟောဝါ၏နာမတော်ကို ခေါ်ဖို့ ဆုံးဖြတ်ချက်ချကြရ၏။ ယင်းသို့ပြုရာတွင် ပေတရု၏ ဤထပ်ဆင့်ညွှန်ကြားချက်ကို လိုက်နာခြင်းပါဝင်သည်– “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ဗတ္တိဇံကိုခံကြလော့။” (တမန်တော် ၂:၃၈) လူမျိုးတစ်မျိုးအနေဖြင့် ဣသရေလလူမျိုးတို့ ငြင်းပယ်ခဲ့သော ယေရှုအားမေရှိယအဖြစ် ပေတရုကိုနားထောင်နေသူများလက်ခံကြရသည်။

၅ ယောလ၏ထိုပရောဖက်ပြုစကားများသည် ပထမရာစုရှိ စိတ်နှိမ့်ချသူများအပေါ် များစွာအကျိုးသက်ရောက်ခဲ့သည်။ သို့ရာတွင် ဤ ၂၀ ရာစုအဖြစ်သနစ်များက တင်ပြသည့်အတိုင်း ယောလ၏ပရောဖက်ပြုချက်သည် ဒုတိယအကြိမ်ပြည့်စုံခဲ့သောကြောင့် ယနေ့ သာ၍ပင်အကျိုးသက်ရောက်မှုရှိပါသည်။ မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို ကြည့်ကြစို့။

၆။ ၁၉၁၄ နီးကပ်လာသည်နှင့်အမျှ ဘုရားသခင့်ဣသရေလလူမျိုးသည် မည်သူမည်ဝါဖြစ်ကြောင်း မည်သို့စတင်ထင်ရှားလာသနည်း။

၆ တမန်တော်များကွယ်လွန်ပြီးနောက် ဘုရားသခင်၏ဣသရေလလူမျိုးသည် မှားယွင်းသောခရစ်ယာန်ဘာသာတရား၏ တောပင်များအားဖြင့် ဖုံးကွယ်ခံခဲ့ရသည်။ သို့သော် ၁၉၁၄ ခုနှစ်တွင် အစပြုခဲ့သည့်ဆုံးခန်းကာလအတွင်းတွင်မူ ဤဝိညာဉ်ရေးဆိုင်ရာလူမျိုးသည် မည်သူမည်ဝါဖြစ်ကြောင်း အထင်အရှားပြန်ပေါ်လာသည်။ ယင်းတို့အားလုံးသည် ယေရှု၏ ဂျုံပင်နှင့် တောပင် ပုံဥပမာ၏ပြည့်စုံချက်ဖြစ်သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ၁၉၁၄ ခုနှစ်သို့ နီးလာသည်နှင့်အမျှ ဘိသိက်ခံခရစ်ယာန်တို့သည် သစ္စာမဲ့ခရစ်ယာန်ဘောင်မှ စပြီးသီးခြားခွဲနေလိုက်ကြပြီး သူမ၏ မှားယွင်းသောအယူဝါဒများကို ရဲရဲဝံ့ဝံ့ငြင်းပယ်ကာ လာလတ္တံ့သော “လူမျိုးတို့၏ခန့်အပ်ချိန်များ” ၏အဆုံးအကြောင်း ဟောပြောကြလေသည်။ (လုကာ ၂၁:၂၄၊ ကဘ) သို့သော် ၁၉၁၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ပထမကမ္ဘာစစ်သည် သူတို့အရန်သင့်မဖြစ်သည့် အရေးကိစ္စများကို ပေါ်ပေါက်စေခဲ့သည်။ အပြင်းအထန်ဖိနှိပ်ခံရမှုအောက် များစွာသောသူတို့သည် အားလျော့လာကြကာ အချို့ဆိုလျှင် အလျှော့ပေးလိုက်လျောခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တိုင်လေသော် သူတို့၏ဟောပြောခြင်းလုပ်ငန်းသည် ရပ်တန့်လုခမန်းဖြစ်သွားခဲ့သည်။

၇။ (က) စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့နှင့်ဆင်တူသော အဘယ်အဖြစ်အပျက်သည် ၁၉၁၉ တွင်ဖြစ်ခဲ့သနည်း။ (ခ) ယေဟောဝါ၏ကျေးကျွန်များအပေါ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့ရာ ၁၉၁၉ ခုနှစ်မှစ၍ အဘယ်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။

၇ သို့သော် သိပ်မကြာလိုက်ပါ။ ၁၉၁၉ ခုနှစ်မှစ၍ စီ.အီး. ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့ကို ပြန်ပြောင်းသတိရစေသည့်နည်းဖြင့် ယေဟောဝါသည် မိမိ၏လူမျိုးအပေါ် ကိုယ်တော်၏ဝိညာဉ်တော်ကို စတင်သွန်းလောင်းပေးတော်မူခဲ့သည်။ ၁၉၁၉ ခုနှစ်တွင်မူ ဘာသာစကားအမျိုးမျိုးပြောခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း မရှိခဲ့ပါ။ အံ့ဖွယ်အမှုများဖြစ်သောအချိန်သည် လွန်လေပြီးသောအတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း ၁ ကောရိန္သု ၁၃:၈ ပါစကားများမှ ကျွန်ုပ်တို့နားလည်ရသည်။ သို့သော် အမေရိကန်ပြည်ထောင်စု၊ စီဒါပွိုင့်၊ အိုဟိုင်အိုတွင် ကျင်းပခဲ့သည့် စည်းဝေးကြီး၌ သစ္စာရှိခရစ်ယာန်များသည် အားအင်ပြန်လည်ပြည့်ဖြိုးလာကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို တစ်ကျော့ပြန်စခဲ့ကြသည့် ၁၉၁၉ ခုနှစ်တွင် ဘုရားသခင့်ဝိညာဉ်တော်သည် သဲသဲကွဲကွဲထင်ရှားခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် စီဒါပွိုင့်သို့ ပြန်လာကြရာ “ဘုရင်နှင့် သူ၏နိုင်ငံတော်အကြောင်းကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” ဟူသည့် အပူတပြင်းတောင်းဆိုချက်ဖြင့် သူတို့လှုံ့ဆော်ခံရကြသည်။ ပထမရာစု၌ဖြစ်ပျက်ခဲ့သကဲ့သို့ပင် ဘုရားသခင့်ဝိညာဉ်တော်သွန်းလောင်းခြင်း၏ အကျိုးဆက်များကို ဤလောက မဖြစ်မနေသတိထားမိသွားစေသည်။ ဆက်ကပ်အပ်နှံပြီးသောခရစ်ယာန်—ကျားမ၊ ပျိုပျိုအိုအို—တိုင်းသည် “ဘုရားသခင်၏အံ့ဖွယ်အမှုတို့” ကိုကြေညာခြင်းဖြင့် စတင် “ပရောဖက်ပြု” ခဲ့ကြသည်။ (တမန်တော် ၂:၁၁) ပေတရုနည်းတူ သူတို့သည် “ကောက်ကျစ်သောဤလူမျိုးမှ ထွက်မြောက်ကြလော့” ဟုစိတ်နှိမ့်ချသူများကို တိုက်တွန်းခဲ့ကြသည်။ (တမန်တော် ၂:၄၀၊ သမ) တုံ့ပြန်သူများသည် ယင်းသို့ အဘယ်နည်းဖြင့်ပြုနိုင်ကြမည်နည်း။ ယောလ ၂:၃၂ (သမ) ပါ “ထာဝရဘုရား၏နာမတော်ကို [ခေါ်] သူတိုင်း ဘေးလွတ်ခွင့်ရလတ္တံ့” ဟူသည့်ယောလ၏စကားကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်။

၈။ ၁၉၁၉ ခုနှစ်ကတည်းက ဘုရားသခင့်ဣသရေလလူမျိုးအတွက် မည်သည့်တိုးတက်မှုများရှိခဲ့ပြီနည်း။

၈ ထိုအစောပိုင်းနှစ်များကတည်းက ဘုရားသခင့်ဣသရေလလူမျိုး၏အမှုရေးရာများသည် ရှေ့သို့တက်လှမ်းခဲ့သည်။ ဘိသိက်ခံသူများကို တံဆိပ်ခတ်ခြင်း အတော်အတန်ပြီးစီးနေပုံရှိပြီး ၁၉၃၀ ပြည့်လွန်နှစ်မှစ၍ မြေကြီးမျှော်လင့်ချက်ရှိသည့် စိတ်နှိမ့်ချသောလူအုပ်ကြီးသည် မြင်ကွင်းတွင် ပေါ်လာခဲ့သည်။ (ဗျာဒိတ် ၇:၃၊ ၉) ယောလ ၂:၂၈၊ ၂၉ ၏ ဒုတိယပြည့်စုံချက်က ကမ္ဘာတစ်လွှားရှိ ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးစနစ်တို့ ဖျက်ဆီးခံရမည့် ယေဟောဝါ၏ သာ၍ပင်ကြီးမားသည့် ကြောက်မက်ဖွယ်ရာနေ့ကြီး နီးကပ်နေကြောင်း တင်ပြသည့်အတွက် အားလုံးက အရေးတကြီးဖြစ်သည်ဟူသည့် စိတ်ထားရှိနေကြသည်။ ကျွန်ုပ်တို့ကို ကိုယ်တော်ကယ်လွှတ်ပေးမည်ဟု အပြည့်အဝယုံကြည်ကာ ‘ယေဟောဝါ၏နာမတော်ကို ခေါ်’ ဖို့ ကျွန်ုပ်တို့၌ ခိုင်လုံသောအကြောင်းရှိပါသည်!

ယေဟောဝါ၏နာမတော်ကို မည်သို့ခေါ်မည်နည်း

၉။ ယေဟောဝါ၏နာမတော်ကို ခေါ်ရာတွင် အဘယ်အရာအချို့ ပါဝင်သနည်း။

၉ ယေဟောဝါ၏နာမတော်ကို ဆုတောင်းရာတွင် အဘယ်အရာပါဝင်သနည်း။ ယောလ ၂:၂၈၊ ၂၉ ၏ရှေ့နောက်စကားစပ်က ဤမေးခွန်းကိုဖြေဆိုဖို့ ကျွန်ုပ်တို့ကို ထောက်ကူပေးပါသည်။ ဥပမာ၊ မိမိအားခေါ်သူတိုင်းကို ယေဟောဝါနားထောင်တော်မမူပေ။ အခြားပရောဖက်တစ်ဦးဖြစ်သူ ဟေရှာယမှတစ်ဆင့် ဣသရေလလူမျိုးကို ယေဟောဝါက ဤသို့မိန့်တော်မူသည်– “သင်တို့သည် လက်ဝါးတို့ကိုဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော [ဆုတောင်းခြင်း] ကိုပြုကြသောအခါ၊ ငါသည်နားမထောင်။” ယေဟောဝါသည် မိမိလူမျိုးတော်၏ဆုတောင်းခြင်းကို အဘယ်ကြောင့် နားမထောင်သနည်း။ ကိုယ်တော်တိုင် ဤသို့ရှင်းပြသည်– “သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) သွေးပြစ်ကျူးလွန်သူ သို့မဟုတ် အပြစ်လုပ်ကျင့်ရှိသူတိုင်းကို ယေဟောဝါ နားထောင်တော်မမူပါ။ ယင်းကြောင့် ပေတရုက နောင်တရကြဖို့ ပင်တေကုတ္တေပွဲနေ့တွင် ဂျူးတို့ကို ဟောပြောခဲ့ခြင်းဖြစ်သည်။ ယောလ ၂:၂၈၊ ၂၉ ၏ရှေ့နောက်စကားအရ ယောလလည်း နောင်တအကြောင်းကို အလေးပေးခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ သာဓကအနေဖြင့် ယောလ ၂:၁၂၊ ၁၃ ၌ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ပြန်လာကြလော့။ အဝတ်ကိုမဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘောရှိတော်မူ၏။’” ၁၉၁၉ ခုနှစ်မှစ၍ ဘိသိက်ခံခရစ်ယာန်တို့သည် ဤစကားနှင့်အညီ ပြုမူလုပ်ဆောင်ခဲ့ကြသည်။ မိမိတို့၏ပျက်ကွက်ခဲ့မှုများအတွက် နောင်တရကြကာ နောက်တစ်ခါ ဘယ်တော့မျှ အလျှော့ပေးလိုက်လျောခြင်းမပြုတော့ရန် သို့မဟုတ် ဘယ်တော့မှ အားမလျှော့တော့ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းကြောင့် ဘုရားသခင့်ဝိညာဉ်တော် သွန်းလောင်းပေးဖို့အတွက် လမ်းပွင့်သွားလေသည်။ ယေဟောဝါ၏နာမတော်ကို ခေါ်ကာ နားညောင်းခံလိုသူတိုင်း ထပ်တူပြုကြရမည်ဖြစ်သည်။

၁၀။ (က) နောင်တစစ်ဟူသည် အဘယ်နည်း။ (ခ) နောင်တစစ်ကို ယေဟောဝါမည်သို့တုံ့ပြန်သနည်း။

၁၀ နောင်တစစ်ဟူသည် “ကျွန်ုပ်ဝမ်းနည်းပါတယ်” ဟုပြောဆိုရုံထက်မကကြောင်း သတိရပါ။ ဣသရေလလူမျိုးတို့သည် မိမိတို့ခံစားချက်ပြင်းပြကြောင်း တင်ပြဖို့အတွက် အပေါ်ရုံအဝတ်များကို ဆုတ်ဖြဲပစ်လေ့ရှိသည်။ သို့သော် ယေဟောဝါက “အဝတ်ကိုမဆုတ်ဘဲ နှလုံးကိုဆုတ်” ပါဟုမိန့်တော်မူခဲ့သည်။ နောင်တစစ်ဟူသည် နှလုံးတွင်းမှ၊ ကျွန်ုပ်တို့၏ နက်ရှိုင်းသော အတွင်းပိုင်းမှ ပေါ်ထွက်လာသည်။ ယင်းတွင် ဟေရှာယ ၅၅:၇ ၌ ကျွန်ုပ်တို့ဖတ်ရသည့် “ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံကိုလည်းကောင်းစွန့်ပစ်၍၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ” ဟူသည့်စကားအတိုင်းပင် မှားယွင်းသောလုပ်ရပ်များကို ကျောခိုင်းစွန့်ပစ်လိုက်ခြင်း ပါဝင်ပါသည်။ ယေရှုကဲ့သို့ အပြစ်တရားကို မုန်းတီးခြင်းပါဝင်သည်။ (ဟေဗြဲ ၁:၉) ထို့နောက် ယေဟောဝါသည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သောသဘော” ရှိတော်မူသောကြောင့် ကိုယ်တော်သည် ရွေးနုတ်ဖိုးပူဇော်သကာအပေါ်အခြေပြု၍ ကျွန်ုပ်တို့ကို ခွင့်လွှတ်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝတ်ပြုမှု၊ ကျွန်ုပ်တို့၏ဝိညာဉ်ရေးဆိုင်ရာ “ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာပူဇော်သကာကို” လက်ခံတော်မူမည်။ ကိုယ်တော်၏နာမတော်ကို ခေါ်ကြသောအခါ နားထောင်တော်မူမည်။—ယောလ ၂:၁၄။

၁၁။ ကျွန်ုပ်တို့၏ဘဝတွင် စစ်မှန်သောဝတ်ပြုရေးသည် အဘယ်နေရာတွင်ရှိသင့်သနည်း။

၁၁ တောင်ပေါ်ဒေသနာတွင် ယေရှုက ကျွန်ုပ်တို့စိတ်စွဲမှတ်ထားရမည့် အခြားအကြောင်းတစ်ခုကို ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို [“ဆက်၍၊” ကဘ] ရှေးဦးစွာရှာကြလော့။” (မဿဲ ၆:၃၃) ကျွန်ုပ်တို့၏ ဝတ်ပြုရေးကို မိမိတို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကိုဖြေသိမ့်ပေးသည့် စတိသဘောဖြင့်ပြုလုပ်နိုင်သောအရာတစ်ခုအဖြစ် သဘောမထားသင့်ပါ။ ဘုရားသခင်အားဝတ်ပြုခြင်းကို ကျွန်ုပ်တို့၏ဘဝတွင် ပထမနေရာ၌ ထားသင့်သည်။ ထို့ကြောင့် ယောလမှတစ်ဆင့် ယေဟောဝါက ဤသို့မိန့်တော်မူသည်– “ဇိအုန်တောင်ပေါ်မှာ တံပိုးကိုမှုတ်ကြလော့။ . . . လူများတို့ကိုခေါ်၍ စုဝေးသောပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသောသူတို့ကိုလည်းကောင်း၊ ငယ်သောသူတို့နှင့် နို့စို့သောသူတို့ကို စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲကလည်းကောင်း၊ မင်္ဂလာဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာအတွင်းကလည်းကောင်း ထွက်စေ။” (ယောလ ၂:၁၅၊ ၁၆) ကြင်စဦးဇနီးမောင်နှံတို့သည် တစ်ယောက်ကိုတစ်ယောက်သာ အာရုံပြုနေသောကြောင့် အာရုံလွဲသွားတတ်ကြသည်မှာ ဓမ္မတာပင်။ သို့သော် သူတို့ပင်လျှင် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းကို ဦးထိပ်ထားကြရမည်။ ဘုရားသခင်ထံတော်သို့ စုဝေးကာ ကိုယ်တော်၏နာမတော်ကို ခေါ်ခြင်းထက် ဦးထိပ်ထားရမည့်အရာမရှိပါ။

၁၂။ လွန်ခဲ့သောနှစ်သတိရအောက်ပွဲမှတ်တမ်းတွင် အဘယ်တိုးတက်ဦးမည့်အလားအလာကို တွေ့မြင်ခဲ့ရသနည်း။

၁၂ ယင်းကိုစွဲမှတ်ထားကာ ၁၉၉၇ လုပ်ငန်းတော်နှစ်မှတ်တမ်းက ဖော်ပြသည့် စာရင်းဇယားကို သုံးသပ်ကြည့်ကြစို့။ လွန်ခဲ့သည့်နှစ်က အမှန်ပင်များပြားသော ချီးမွမ်းသူ လူအုပ်ကြီးဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကြေညာသူနှုန်းသစ် ၅,၅၉၉,၉၃၁ ယောက်ရှိခဲ့၏! သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်မှာ ကြေညာသူအရေအတွက်ထက် ရှစ်သန်းခွဲပိုများသော ၁၄,၃၂၂,၂၂၆ ယောက်ဖြစ်၏။ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်ဦးမည့်ပုံရှိသည်။ အဆိုပါ ရှစ်သန်းခွဲမှ အများအပြားမှာ စိတ်ဝင်စားသူများအဖြစ်၊ သို့မဟုတ် နှစ်ခြင်းခံပြီးသားမိဘတို့၏ သားသမီးများအဖြစ် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာနေသူများဖြစ်ကြသည်။ လူအတော်များများသည် ပထမဦးဆုံးအကြိမ် အစည်းအဝေးတက်ကြခြင်းဖြစ်သည်။ ဤသို့သူတို့တက်ရောက်ကြခြင်းကြောင့် သူတို့နှင့် ပို၍ကောင်းစွာသိရှိခွင့်ရစေပြီး ဆက်၍တိုးတက်ဖို့ အကူအညီပေးခွင့်ရရှိစေသည်။ ထို့အပြင် သတိရအောက်မေ့ပွဲကို နှစ်စဉ်တက်ရောက်ပြီး အခြားအစည်းအဝေးအချို့ကို တက်ကောင်းတက်ခဲ့ကြသည်ဖြစ်သော်လည်း ဆက်၍မတိုးတက်သူများရှိသည်။ ဤသူများကို အစည်းအဝေးများတွင် လှိုက်လှိုက်လှဲလှဲကြိုဆိုပါသည်။ သို့သော် ယောလ၏ပရောဖက်ပြုစကားများကို ဂရုတစိုက်စဉ်းစားသုံးသပ်ဖို့နှင့် ယေဟောဝါ၏နာမတော်ကို ခေါ်ကြသောအခါ ကိုယ်တော်သည် အမှန်ပင် နားညောင်းစေရန် သူတို့ထပ်ဆင့်ပြုရမည့်အမှုများကို ဆင်ခြင်ကြည့်ကြဖို့ သူတို့အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

၁၃။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော်ကိုခေါ်နေကြပြီဆိုလျှင် အခြားသူများနှင့်ပတ်သက်၍ အဘယ်တာဝန်ရှိကြသနည်း။

၁၃ တမန်တော်ပေါလုက ဘုရားသခင်၏နာမတော်ကို ခေါ်ခြင်းနှင့်ပတ်သက်သည့် အခြားကဏ္ဍတစ်ခုကို အလေးပေးဖော်ပြခဲ့သည်။ ရောမမြို့သားများထံရေးသော သူ၏စာတွင် ယောလ၏ပရောဖက်ပြုစကားများကို ဤသို့ကိုးကားခဲ့သည်– ‘ယေဟောဝါ၏နာမတော်ကို [ခေါ်] သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။’ ထို့နောက် သူက ဤသို့ကျိုးကြောင်းဆင်ခြင်ခဲ့သည်– “မယုံကြည်လျှင် အဘယ်သို့ [ခေါ်] နိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။” (ရောမ ၁၀:၁၃၊ ၁၄) မှန်ပါသည်၊ ယခုအချိန်အထိ ယေဟောဝါအားမသိသေးသော အခြားသူများစွာတို့သည် ကိုယ်တော်၏နာမတော်ကို ခေါ်ရန်လိုပါသည်။ ယေဟောဝါအားသိနေသူများသည် ဟောပြောဖို့သာမက အခွင့်အရေးရှာယူပြီး လိုအပ်သည့်အကူအညီကိုပေးဖို့လည်း တာဝန်ရှိသည်။

ဝိညာဉ်ရေးပရဒိသုတစ်ခု

၁၄၊ ၁၅။ ကိုယ်တော်နှစ်သက်သောနည်းဖြင့် ကိုယ်တော့်နာမတော်ကို ခေါ်ကြသောကြောင့် ယေဟောဝါ၏လူမျိုးတော်သည် ပရဒိသုဆိုင်ရာ အဘယ်ကောင်းချီးများ၌ ပျော်မွေ့နေကြသနည်း။

၁၄ ထိုသို့ဘိသိက်ခံများနှင့် အခြားသိုးများပါ ကိစ္စရပ်များကိုရှုမြင်ကြရာ ယင်းကြောင့် သူတို့ကို ယေဟောဝါကောင်းချီးပေးတော်မူသည်။ “ထာဝရဘုရားသည် ပြည်တော်ကိုမစချင်သောစိတ်အားကြီး၍ မိမိလူတို့ကိုကယ်မသနားတော်မူလိမ့်မည်။” (ယောလ ၂:၁၈) ၁၉၁၉ ခုနှစ်တွင် ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ဝိညာဉ်ရေးလုပ်ငန်းနယ်ပယ်တွင် ပြန်လည်နေရာချပေးချိန်တွင် သူတို့အပေါ် စိတ်အားကြီးကာ ကြင်နာမှုပြခဲ့သည်။ ယင်းသည် အမှန်ပင် ဝိညာဉ်ရေးပရဒိသုတစ်ခုဖြစ်ပြီး ဤစကားဖြင့် ယောလကောင်းစွာဖော်ပြထားသည်– “အိုပြည်တော် မကြောက်ရွံ့နှင့်။ ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကိုပြုတော်မူပြီ။ အိုသားယဉ်သားရဲတို့၊ မကြောက်ကြနှင့်။ တောစားကျက်များသည် စိမ်းလန်းလျက်၊ သင်္ဘောသဖန်းပင်၊ စပျစ်ပင်မှစသော အပင်များသည် အသီးသီးလျက်ရှိကြ၏။ အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုအမှီပြုလျက် ရွှင်လန်းကြလော့။ အကြောင်းမူကား၊ မိုးရွာစေ၍ ရှေးကကဲ့သို့ အရင်မိုးနှင့်နောက်မိုးကို ပေးတော်မူပြီ။ ကောက်နယ်တလင်းများသည် ဆန်စပါးနှင့်ပြည့်၍၊ စပျစ်သီးနယ်ရာကျင်းများ၌လည်း စပျစ်ရည်နှင့်ဆီလျှံကြလိမ့်မည်။”—ယောလ ၂:၂၁-၂၄၊ သမ္မာ။

၁၅ မည်မျှချမ်းမြေ့ဖွယ် သရုပ်ဖော်မြင်ကွင်းပါတကား! အသက်အတွက် အဓိကစားကုန်သုံးမျိုးဖြစ်သော ဂျုံစပါး၊ သံလွင်ဆီနှင့် ဝိုင်တို့ အလျှံပယ်ရှိသည့်အပြင် သိုးအုပ်များစွာလည်းရှိသည်။ ကျွန်ုပ်တို့ခေတ်တွင် ထိုပရောဖက်ပြုစကားများသည် ဝိညာဉ်ရေးဆိုင်ရာနည်းဖြင့် အမှန်ပြည့်စုံနေသည်။ ယေဟောဝါသည် ကျွန်ုပ်တို့လိုအပ်သည့် ဝိညာဉ်အစာကို လိုလေသေးမရှိထောက်ပံ့ပေးတော်မူသည်။ ဘုရားသခင်က ဤသို့အလျှံပယ်ပေးသနားသည်ကို ကျွန်ုပ်တို့ဝမ်းသာဖြစ်ကြသည်မဟုတ်လော။ မှန်ပါသည်၊ မာလခိတင်ကူးဟောသကဲ့သို့ပင် ကျွန်ုပ်တို့၏ဘုရားသခင်သည် ‘မိုးကောင်းကင်ပြွန်ဝများကိုဖွင့်ပြီး မလိုတော့သည့်အထိ ကောင်းချီးမင်္ဂလာကို သွန်းလောင်းပေးတော်မူ’ ခဲ့သည်။—မာလခိ ၃:၁၀၊ သမ။

အစီအစဉ်စနစ်၏ ဆုံးခန်း

၁၆။ (က) ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းကား ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) အဘယ်အနာဂတ်ရှိသနည်း။

၁၆ ယောလသည် ဘုရားသခင့်လူမျိုးတော်၏ ပရဒိသုအခြေအနေအကြောင်း တင်ကူးပြောပြီးနောက်တွင် ယေဟောဝါ၏ဝိညာဉ်တော်သွန်းလောင်းခြင်းအကြောင်း ပရောဖက်ပြုခဲ့သည်။ ပင်တေကုတ္တေပွဲနေ့တွင် ဤပရောဖက်ပြုချက်ကို ပေတရုကိုးကားခဲ့သောအခါ ယင်းသည် ‘နောက်ဆုံးကာလ၌’ ပြည့်စုံကြောင်း ပြောခဲ့သည်။ (တမန်တော် ၂:၁၇) ထိုအချိန်က ဘုရားသခင်၏ဝိညာဉ်တော်သွန်းလောင်းခြင်းသည် ဂျူးအစီအစဉ်စနစ်အတွက် နောက်ဆုံးကာလ စပြီဟူသည့်အဓိပ္ပာယ်ဖြစ်၏။ ဤ ၂၀ ရာစုနှစ်ရှိ ဘုရားသခင်၏ဣသရေလလူမျိုးအပေါ် ဘုရားသခင့်ဝိညာဉ်တော်သွန်းလောင်းခြင်းသည် ကမ္ဘာချီအစီအစဉ်စနစ်၏နောက်ဆုံးကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအကြောင်းကြောင့် အဘယ်အနာဂတ်ရှိသနည်း။ ယောလ၏ပရောဖက်ပြုချက်က ကျွန်ုပ်တို့ကိုဤသို့ပြောပြသည်– “မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကိုငါပြမည်။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။”—ယောလ ၂:၃၀၊ ၃၁။

၁၇၊ ၁၈။ (က) ယေရုရှလင်မြို့အပေါ် ယေဟောဝါ၏အဘယ်ကြောက်မက်ဖွယ်သောနေ့ကြီးကျရောက်ခဲ့သနည်း။ (ခ) အနာဂတ်တွင် ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့ကြီး အသေအချာကျရောက်မည်ဖြစ်ခြင်းက ကျွန်ုပ်တို့ကို အဘယ်အရာလုပ်ဖို့ လှုံ့ဆော်သနည်း။

၁၇ အဖြစ်အပျက်များသည် စီ.အီး. ၇၀ ၌ဖြစ်ပျက်သည့် ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့ကြီး၏ အထွတ်အထိပ်သို့ မမှိတ်မသုန်ရွေ့ရှားသွားနေစဉ် ဤပရောဖက်ပြုစကားများသည် စီ.အီး. ၆၆ ခုနှစ်တွင် ယုဒပြည်၌ စတင်ဖြစ်ပျက်လာခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါ၏နာမတော်ကို မချီးမြှောက်သူတစ်ဦးဖြစ်နေခြင်းသည် အလွန်ကြောက်စရာကောင်းလှပါဘိ! ယနေ့ ယေဟောဝါ၏လက်တော်ဖြင့် ဤလောကစနစ်တစ်ခုလုံး ဖျက်ဆီးခံရတော့မည့်အချိန်တွင် ထပ်တူပင် ကြောက်စရာကောင်းသည့် အဖြစ်အပျက်များ ကျရောက်လာမည်ဖြစ်သည်။ သို့သော် ဘေးလွတ်နိုင်ပါသည်။ ပရောဖက်ပြုစကားများက ဤသို့ဆက်ပြောသည်– “ထိုအခါ ထာဝရဘုရား [“ယေဟောဝါ၏နာမတော်၊” ကဘ] ကို [ခေါ်] သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၊ ထာဝရဘုရားခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့်ရှိရလတ္တံ့။” (ယောလ ၂:၃၂) ယေဟောဝါ၏နာမတော်ကို သိထားရသည့်အတွက် ယေဟောဝါသက်သေများအမှန်ပင် ကျေးဇူးတင်ကြကာ ကိုယ်တော်အား ခေါ်သောအခါ သူတို့ကို ကယ်တင်တော်မူမည်ဖြစ်ကြောင်း လုံးလုံးလျားလျားယုံကြည်စိတ်ချကြသည်။

၁၈ သို့သော် ယေဟောဝါ၏ထူးမြတ်သောနေ့ကြီးတွင် ဤလောကအပေါ်ဒေါသအဟုန်သွန်းလောင်းသည့်အခါ အဘယ်အရာဖြစ်ပျက်မည်နည်း။ ၎င်းကို နောက်ဆုံးလေ့လာရန်ဆောင်းပါးတွင် ဆွေးနွေးကြမည်။

သင်မှတ်မိသလော

◻ ယေဟောဝါသည် မိမိ၏လူမျိုးတော်အပေါ် ကိုယ်တော့်ဝိညာဉ်တော်ကို အဘယ်အချိန်တွင် ပထမဦးဆုံးသွန်းလောင်းခဲ့သနည်း။

◻ ယေဟောဝါ၏နာမတော်ကို ခေါ်ရာတွင် အဘယ်အရာအချို့ ပါဝင်သနည်း။

◻ ယေဟောဝါ၏ထူးမြတ်သောနေ့ကြီးသည် ဇာတိဣသရေလလူမျိုးအပေါ် အဘယ်အချိန်တွင်ကျရောက်ခဲ့သနည်း။

◻ ယေဟောဝါသည် မိမိ၏နာမတော်ကို ခေါ်သောသူတို့အပေါ် ယနေ့ မည်သို့ကောင်းချီးသွန်းလောင်းတော်မူသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် လူမျိုးသစ်တစ်မျိုး ဖွားမြင်ခဲ့သည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါသည် ဤရာစု၏အစောပိုင်းတွင် ယောလ ၂:၂၈၊ ၂၉ ၏ပြည့်စုံချက်အဖြစ် ကိုယ်တော့်လူမျိုးတော်အပေါ် ဝိညာဉ်တော်ကို တစ်ဖန်သွန်းလောင်းခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ၏နာမတော်ကိုခေါ်ဖို့ လူတို့ကိုအကူအညီပေးရမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ