ခရစ်ယာန်များသည် အနားယူရာနေ့ရက်ကို စောင့်ထိန်းသင့်သလော
ဇွန်လအတွင်း ထူးခြားစွာမိုးရွာခဲ့သည်။ ယင်းကြောင့် ၁၉၉၁ ခုနှစ်၊ ဝင်ဘာလ်တင် တင်းနစ်ပြိုင်ပွဲအတွင်း ခေတ်ကာလတစ်လျှောက်၏ ထုံးတမ်းစဉ်လာတစ်ခုကို ချိုးဖျက်ခဲ့ကြရသည်။ အချိန်မီပြီးဆုံးသွားနိုင်ရန် သမိုင်းတွင်ပထမဆုံးအကြိမ် တနင်္ဂနွေနေ့၌ တင်းနစ်ရိုက်ပွဲများ ကျင်းပခဲ့ကြသည်။ ဤအချိန်အခါမျိုးကဲ့သို့ တစ်ခါတစ်ရံစည်းကမ်းချိုးဖောက်ခြင်းမှအပ အခြားနိုင်ငံများမှာကဲ့သို့ အင်္ဂလန်နိုင်ငံတွင် တနင်္ဂနွေနေ့သည် အနားယူရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
အချို့သူများက အနားယူရာအခြားနေ့ရက်တစ်ရက်ကိုစောင့်ထိန်းကြသည်။ ကမ္ဘာတစ်ဝန်းရှိဂျူးများသည် သောကြာနေ့ နေဝင်ချိန်မှ စနေနေ့ နေဝင်ချိန်ကို ဥပုသ်အဖြစ်စောင့်ကြသည်။ ဥပုသ်နေ့တွင် အစ္စရေးအမျိုးသားလေကြောင်းပိုင်လေယာဉ်များ ပျံသန်းခြင်းမရှိပါ။ အချို့မြို့များ၌ဆိုလျှင် ပြည်သူ့ပို့ဆောင်ရေးယာဉ်များ လမ်းမထွက်ကြပါ။ ယေရုရှလင်မြို့တွင် ထုံးတမ်းစဉ်လာသမားများက ပညတ်နှင့်မညီဟုယူမှတ်ကာ ယာဉ်အသွားအလာအားလုံးကိုပိတ်ဆို့ရန် လမ်းအချို့ကိုပိတ်ထားတတ်ကြသည်။
ဘာသာအချို့သည် ပတ်စဉ်အနားယူရက်၊ သို့မဟုတ် ဥပုသ်ရက်ရှိခြင်းက မေးခွန်းအသီးသီးကို ပေါ်ပေါက်စေသည်။ ဥပုသ်စောင့်ခြင်းသည် ဂျူးများအတွက်သာဖြစ်သလော။ ခရစ်ယာန်ဘောင် ဘာသာအများစုသည် အခြားနေ့တစ်နေ့ကို အနားယူရာနေ့အဖြစ် အဘယ်ကြောင့်သတ်မှတ်ထားပြီနည်း။ ယနေ့ တစ်ရက်ကိုအနားယူရာရက်အဖြစ် ပတ်စဉ်သတ်မှတ်ရန် ကျမ်းစာက တောင်းဆိုထားပါသလော။
ဥပုသ်အမြဲရှိခဲ့သလော
ဥပုသ်အကြောင်း ကျမ်းစာ၌ ပထမအကြိမ်ဖော်ပြခြင်းကို ထွက်မြောက်ရာကျမ်းတွင် ဖတ်ရှုရသည်။ ဣသရေလလူမျိုးသည် သဲကန္တာရတွင်ရှိစဉ် အံ့ဖွယ်အစာဖြစ်သည့် မန္နမုန့်ကို ယေဟောဝါထံတော်မှ ရရှိခဲ့သည်။ ပတ်စဉ် ခုနစ်ရက်မြောက်နေ့တွင် အလုပ်အကိုင်ဟူသ၍ကို တားမြစ်ထားသည့် ‘ယေဟောဝါအဖို့ ဥပုသ်’ အဖြစ်သတ်မှတ်ကြရမည်ဖြစ်သဖြင့် ခြောက်ရက်မြောက်နေ့တိုင်းတွင် အစာနှစ်ဆ ကောက်သိမ်းထားကြရန်ဖြစ်သည်။—ထွက်မြောက်ရာ ၁၆:၄၊ ၅၊ ၂၂-၂၅။
ထို့ ပြင် အီဂျစ်နိုင်ငံတွင် ကျွန်ဖြစ်ခဲ့ကြကြောင်းကို သတိရစေခြင်းငှာ ဣသရေလလူမျိုးအား ဥပုသ်စောင့်စေခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့သောပညတ်ကို ယခင်ကပင် စောင့်ရှောက်ခဲ့ကြမည်ဆိုလျှင် ဤသတိပေးချက်သည် အဓိပ္ပာယ်လေးနက်တော့မည်မဟုတ်ပါ။ ထိုကြောင့် ဥပုသ်နှင့်စပ်လျဉ်းသောစည်းမျဉ်းများကို ဣသရေလလူမျိုးအားသာ ပေးခဲ့ခြင်းဖြစ်သည်။—တရားဟောရာ ၅:၂၊ ၃၊ ၁၂-၁၅။
ဇီဇာများ၍ ဝန်လေးလွန်းသောထုံးစံများ
ဥပုသ်နှင့်ပတ်သက်၍ မောရှေ၏ပညတ္တိကျမ်းက အသေးစိတ်မဖော်ပြထားသည့်အတွက် ရဗ္ဗိဆရာများသည် ဥပုသ်နေ့၌ အလုပ်အကိုင်ဟူသ၍ အဓိကတားမြစ်သောပိတ်ပင်ချက်အသီးသီးကို ရာစုနှစ်များတစ်လျှောက် ချမှတ်ခဲ့ကြသည်။ မစ်ရှ်နာအတိုင်းဆိုလျှင် တားမြစ်ပိတ်ပင်သောလုပ်ငန်းများကို အချုပ်အလုပ်၊ စာရေးခြင်း၊ လယ်အလုပ် အစရှိသည့် အဓိကအမျိုးအစား ၃၉ မျိုးသို့ခွဲခြားထားပါသည်။ ဤပညတ်ချက်အများသည် သမ္မာကျမ်းအခြေမခံချေ။ မစ်ရှ်နာကိုကိုးကား၍ Encyclopædia Judaica က ယင်းတို့သည် “ဆံခြည်တစ်မျှင်မှ တွဲလွဲကျသောတောင်များပမာဖြစ်ကြောင်း၊ အကြောင်းမှာ ကျမ်းစာတွင် ယင်းအကြောင်းမဆိုစလောက်ဖြစ်သော်လည်း စည်းကမ်းသတ်မှတ်ချက်များလွန်းကြောင်း” ကို အသိအမှတ်ပြုထားပါသည်။
“ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်” ဟူသောအမိန့်ကိုနာခံရန် အဝေးဆုံးရောက်နိုင်သည့်ခရီးကို သတ်မှတ်ပေးကြ၍ ယင်းကို “ဥပုသ်ကန့်သတ်ချက်” ဟုခေါ်ဆိုကြသည်။ တင်ပြချက်အချို့အတိုင်းဆိုလျှင် ယင်းသည်အတောင်နှစ်ထောင်၊ သို့မဟုတ် ၂,၉၀၀ ပေခန့်နှင့်ညီမျှသည်။ (ထွက်မြောက်ရာ ၁၆:၂၉၊ King James Version) သို့ရာတွင် ဤစည်းမျဉ်းကို မသိမသာချိုးဖောက်နိုင်ပေသည်။ တစ်ညနေကြိုတင်၍ ဥပုသ်နေ့၌စားမည့်အစာကို အိမ်မှ အတောင်နှစ်ထောင်အဝေးတွင် ထားပေးနိုင်သည်။ ဤနေရာကို မိသားစုအိမ်ကိုတိုးချဲ့ထားရာနေရာအဖြစ်သတ်မှတ်ပြီး ထိုအရပ်မှ အခြားအတောင်နှစ်ထောင်အဝေးကို စရေတွက်လိုက်နိုင်ပါသည်။
ဤကဲ့သို့သောလူ့စည်းမျဉ်း အမြောက်အမြားသည် ယေရှုခေတ်တွင် ရှိနှင့်ခဲ့ပြီ။ ယင်းကြောင့် လယ်တောမှဖြတ်သန်းသွားစဉ် ကိုယ်တော်၏တပည့်တော်များသည် ဂျုံစပါးနှံကို ချွေစားသည့်အတွက် ဘာသာရေးခေါင်းဆောင်များက အပြစ်ဆိုခဲ့ခြင်းဖြစ်သည်။ ဥပုသ်ကိုချိုးဖောက်သည်ဟု အပြစ်ဆိုကြသည်။—စပါးနှံကိုဆွတ်ခူးခြင်းကား စပါးရိတ်ခြင်း၊ ယင်းကိုချွေခြင်းက စပါးကြိတ်ခြင်းဟူ၍ သူတို့သတ်မှတ်ကြသည်။ သူတို့သည် ယေဟောဝါပညတ်တော်၏သဘောတရားကို အထင်လွဲမှားစေကြသည့်အတွက် ယေရှုက သူတို့၏အယူသီးသောအမြင်များကို ကြိမ်ဖန်များစွာ ဖော်ထုတ်ရှုတ်ချခဲ့သည်။—မဿဲ ၁၂:၁-၈။ လုကာ ၁၃:၁၀-၁၇။ ၁၄:၁-၆။ ယောဟန် ၅:၁-၁၆။ ၉:၁-၁၆။
စနေနေ့မှ တနင်္ဂနွေနေ့ဥပုသ်
“တနင်္ဂနွေနေ့များတွင် ဘုရားဝတ်ကို ကြည်ညိုစွာပြုမည်။” ကက်သလစ်အသင်းက ဥပုသ်နှင့်ပတ်သက်သည့် စတုတ္ထပညတ်ကို ရှင်းပြပါသည်။ မကြာမီကထုတ်ဝေခဲ့သော ပြင်သစ် Catéchisme pour adultes ကဤသို့ရှင်းပြသည်။ “ခရစ်ယာန်တနင်္ဂနွေကို ဥပုသ်ရက်ပြီး နောက်တစ်ရက်ဖြစ်သည့် အဌမမြောက်နေ့တည်းဟူသော ဖန်ဆင်းခြင်းအသစ်၏ ပထမနေ့တွင် ကျင်းပပါသည်။ ဥပုသ်ပညတ်နှင့်စပ်လျဉ်းသည့် အခြေခံအခြင်းအရာများကို လက်ခံထားသည်မှန်သော်လည်း ယင်းသည် ခရစ်တော်၏ ပသခါပွဲကို အချက်အချာပြုပါသည်။” စနေနေ့မှ တနင်္ဂနွေနေ့ဥပုသ်သို့ မည်သို့ပြောင်းလဲလာခဲ့ပါသနည်း။
ယေရှုရှင်ပြန်ထမြောက်ခဲ့သည့်နေ့မှာ တနင်္ဂနွေနေ့ဖြစ်သည်မှန်သော်လည်း ရှေးခရစ်ယာန်များအတွက်ဆိုလျှင် ထိုနေ့ရက်သည် အခြားရက်များကဲ့သို့ပင် အလုပ်ဆင်းသောနေ့ရက်ဖြစ်ပါသည်။ သို့သော် (စီအီးလေးရာစုအလယ်ပိုင်းမှ နောက်ပိုင်း) လောဒကိအသင်းတော် ကောင်စီစည်းဝေး၏ဆုံးဖြတ်ချက်အရ ကာလရွေ့လျောလာလေသော် ဂျူးတို့၏စနေဥပုသ်ကို တနင်္ဂနွေ “ခရစ်ယာန်” ဥပုသ်နှင့် အစားထိုးခဲ့ကြောင်း ဖော်ပြသည်။ ဤစည်းကမ်းချက်က “ခရစ်ယာန်များအား ယုဒဘာသာဝင်များကဲ့သို့ [ဂျူး] ဥပုသ်နေ့တွင် အားလပ်နေခြင်းကိုတားမြစ်ပြီး သခင့်နေ့ရက် [ကိုယ်တော်ထမြောက်တော်မူခဲ့သောနေ့ရက်] ကိုခရစ်ယာန်နည်းလမ်းအတိုင်း ဂုဏ်တင်ရန်” ပြဌာန်းပါသည်။ ထိုအချိန်မှစ၍ ခရစ်ယာန်ဘောင်တပည့်နောက်လိုက်တို့သည် စနေနေ့များတွင်အလုပ်လုပ်ကိုင်ကြ၍ တနင်္ဂနွေနေ့များတွင် အလုပ်မလုပ်ဘဲနေကြရသည်။ နောင်တွင် တနင်္ဂနွေနေ့၌ မာ့စ်ပွဲတက်ကြရန် အတင်းအကြပ်တောင်းဆိုခံကြရသည်။
လောကီအာဏာပိုင်တို့၏သဘောတူညီချက်အရ ခရစ်ယာန်ဘောင်လောကတွင် တနင်္ဂနွေနေ့များ၌ အလုပ်လုပ်ကိုင်ခြင်းကို များမကြာမီပင် တားမြစ်ပိတ်ပင်လေသည်။ ခြောက်ရာစုမှစတင်၍ ထိုစည်းကမ်းချက်ကိုချိုးဖောက်သူများသည် ဒဏ်ငွေပေးရ၏၊ သို့မဟုတ် ရိုက်နှက်ခံရ၍ သူတို့နွားများ သိမ်းယူခံကြရသည်။ တစ်ခါတစ်ရံ နောင်တမရသောဥပဒေချိုးဖောက်သူများသည် ကျွန်ခံရသည့်အထိ အပြစ်စီရင်ခံခဲ့ရသည်။
တစ်နည်းအားဖြင့်ဆိုလျှင် တနင်္ဂနွေနေ့များတွင် ပြုလုပ်နိုင်သည့် လုပ်ငန်းနှင့်စပ်လျဉ်းသော ဥပဒေများသည် ဂျူးဥပုသ်ဆိုင်ရာ ထုံးတမ်းစဉ်လာတမျှ ပွေလီရှုပ်ထွေးပါသည်။ Dictionnaire de théologie catholique က ချာ့ချ်၏ဆင်ခြင်တုံတရားကို ရှည်လျားထွေပြားစွာရှင်းပြ၍ တားမြစ်ချက်များတွင် လက်ပါးစေအလုပ်၊ လယ်အလုပ်၊ တရားဥပဒေအရ ဆောင်ရွက်ချက်များ၊ ဝယ်ခြမ်းရေးနှင့် အမဲလိုက်ခြင်းကိစ္စများ ပါဝင်ပါသည်။
ယုတ္တိမဲ့စွာဖြင့်၊ ဤတားမြစ်ချက်များအတွက် ဆင်ခြေအဖြစ် ဂျူးဥပုသ်ကို ကိုးကားဖော်ပြပါသည်။ New Catholic Encyclopedia က တနင်္ဂနွေနေ့များနှင့်စပ်လျဉ်းသော ဧကရာဇ်ရှားလမိန်း၏ ဥပဒေသတ်မှတ်ချက်များကို ဤသို့ဖော်ပြပါသည်။ “[ပညတ်တော်ဆယ်ပါးကို] ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ တနင်္ဂနွေနေ့တွင် အလုပ်လုပ်ကိုင်ခြင်းအားလုံးကို တားမြစ်ထားသည့် ၇၈၉ ခုနှစ်ထုတ် ရှားလမိန်း၏ကြေညာချက်တွင် သူတော်စင်ဂျရိုးမ် အတိအလင်းပစ်ပယ်၍ ၅၃၈ ခုနှစ်တွင် အော်လင်းစ်ကောင်စီစည်းဝေးက ဂျူးဝါဒဖြစ်၍ ခရစ်ယာန်မဆန်ဟု ရှုတ်ချပြစ်တင်ထားသော ဥပုသ်စောင့်ခြင်းသဘောကို အတိအလင်းဖော်ပြထားသည်။” သို့ဖြင့်၊ တနင်္ဂနွေနေ့ကို အနားယူသည့်ရက်အဖြစ် အာဏာပိုင်များသတ်မှတ်ခြင်းကို ချာ့ချ်သည်သဘောတူညီခဲ့လင့်ကစား၊ ယင်းပယ်ရှားခဲ့သည့် ဥပုသ်စောင့်ခြင်းနှင့်ပတ်သက်သောမောရှေ၏ပညတ်ကို အခြေပြု၍ ဤတားမြစ်ချက်များကိုထုတ်ပြန်စေသည်။
ကျမ်းစာနှင့်မဆိုင်သော ရပ်တည်ချက်
ထိုအချိန်မတိုင်မီ ရာစုနှစ်များစွာကတည်းက အသင်းတော်ဖခင်အသီးသီးတို့နှင့် အထူးသဖြင့် ဩဂတ်စ်တင်း မှန်ကန်စွာကြေညာခဲ့သည်မှာ ဥပုသ်ပညတ်သည် ဂျူးများအတွက် သတ်မှတ်ထားသော ယာယီအစီအစဉ်သာဖြစ်ကြောင်းတည်း။ ဤနည်းအားဖြင့် ပညတ်ပဋိညာဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဥပုသ်ပညတ်ကို ယေရှု၏ယဇ်ပူဇော်သက္ကာအားဖြင့် ချေဖျက်ခဲ့ကြောင်း ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ရှင်းပြချက်ကို ထိုအသင်းတော်ဖခင်များ သဘောတူညီလက်ခံခဲ့ခြင်းမျှဖြစ်သည်။—ရောမ ၆:၁၄။ ၇:၆။ ၁၀:၄။ ဂလာတိ ၃:၁၀-၁၄၊ ၂၄၊ ၂၅။
ခေတ်ပြိုင် Vocabulaire biblique တွင် ပရိုတက်စတင့်ဓမ္မပညာဆရာ အော်စကာ ကူလ်မင်က “ယေရှုကြွလာပြီး အသေခံတော်မူ၍ ရှင်ပြန်ထမြောက်ခဲ့သောကြောင့် ဓမ္မဟောင်းပါ ပွဲတော်များ ယခုပြည့်စုံပြီ၊ ယင်းတို့ကို ပြန်ပွဲခံကျင်းပမည်ဆိုလျှင် ‘ခရစ်တော်မကြွလာဘိသကဲ့သို့ ပဋိညာဉ်ဟောင်းထံ ပြန်လှည့်ခြင်းဖြစ်မည်’ ဟုဝန်ခံထားကြောင်း ကိုးကားဖော်ပြထားပါသည်။ ဤခိုင်လုံသောအချက်ကို သုံးသပ်ခြင်းဖြင့် ဥပုသ်မစောင့်မနေရဟု ဆင်ခြေပေးနိုင်စရာအကြောင်းရှိပါသလော။
ယနေ့ ကက်သလစ်စာရေးဆရာများက အသိမိတ်ဆွေများနှင့်အတူ ပေါလုမုန့်သုံးဆောင်ခဲ့သော “ခုနစ်ရက်တွင် ပထမနေ့ရက် (တနင်္ဂနွေနေ့) ၌” ဟုဆိုသည့် တမန်တော် ၂၀:၇ ကို အများအားဖြင့် ကိုးကားတင်ပြတတ်ကြသည်။ သို့ရာတွင် ယင်းသည် အသေးစိတ်ဖော်ပြရာအချက်တစ်ခုမျှဖြစ်ပါသည်။ ယင်းအဖြစ်အပျက်သည် ခရစ်ယာန်များအတွက် နမူနာဖြစ်သည်၊ ထိုသို့ ပြုကျင့်ရမည်ဟူ၍ ဤကျမ်းချက်၌သော်လည်းကောင်း၊ အခြားကျမ်းစာချက်များ၌သော်လည်းကောင်း မှာကြားထားချက်မရှိပါ။ မှန်ပါသည်၊ တနင်္ဂနွေနေ့တွင် ဥပုသ်စောင့်ခြင်းကို ကျမ်းစာထောက်ခံချက် မရှိပါ။
ခရစ်ယာန်များအတွက် အဘယ်အနားယူခြင်းရှိသနည်း
ပတ်စဉ်အနားယူရက်တစ်ရက်ကိုစောင့်ထိန်းရန် ခရစ်ယာန်များ၌ တာဝန်မရှိသော်လည်း အခြားသောအနားယူခြင်းကို စောင့်ထိန်းရန် ဖိတ်ခေါ်ခံရပါသည်။ ယင်းကို ဂျူးခရစ်ယာန်ချင်းတို့အား ပေါလု ဤသို့ရှင်းပြပါသည်။ “ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဖို့အလို့ငှာ အနားယူခြင်းတစ်မျိုးသည် ကျန်ရစ်သေး၏။ . . . ထိုကြောင့် . . . ထိုအနားယူခြင်းထဲသို့ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။” (ဟေဗြဲ ၄:၄-၁၁၊ ကဘ) ဤဂျူးများသည် ခရစ်ယာန်ဖြစ်မလာမီ မောရှေ၏ပညတ္တိကျမ်းကို အသေးအဖွဲမှအစ အတတ်နိုင်ဆုံး စောင့်ထိန်းခဲ့ကြသည်။ ယခုမူကား အကျင့်အားဖြင့် ကယ်တင်ခြင်းရရန် သူတို့ကို ပေါလု အားမပေးတော့ဘဲ အလုပ်သေတို့မှ “အနားယူ” ကြရန် မှာကြားနေခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဘုရားသခင့်မျက်မှောက်တော်တွင် လူသားအပေါင်း ဖြောင့်မတ်ခြင်းသို့ရောက်နိုင်သည့် နည်းတစ်နည်းတည်းဖြစ်သော ယေရှု၏ယဇ်ပူဇော်သက္ကာကို သူတို့ယုံကြည်ကြရန်ဖြစ်သည်။
ဘုရားသခင်ကြည့်မြင်သည်အတိုင်း ကျွန်ုပ်တို့ ကြည့်မြင်ကြောင်း ယနေ့မည်သို့တင်ပြနိုင်မည်နည်း။ သူတို့၏အပေါင်းအဖော်များကဲ့သို့တွေးတောဆင်ခြင်တတ်သော ယေဟောဝါသက်သေများလည်း တိုင်းနိုင်ငံအများတွင် ချမှတ်ထားသည့် ဝမ်းစာရှာလုပ်ငန်းမှ ပတ်စဉ်တစ်ရက် အနားယူခွင့်ရခြင်းကို တန်ဖိုးထားကြပါသည်။ ယင်းကြောင့်လည်း မိသားစုပေါင်းသင်းမှုနှင့် အပန်းဖြေလန်းဆန်းနိုင်ချိန် ရရှိစေသည်။ သို့သော် ယင်းတို့ထက် ခရစ်ယာန်လမ်းစဉ်အတိုင်း အခြားလုပ်ကိုင်စရာများကို လုပ်ကိုင်နိုင်ခွင့်ရရှိစေသည့်အတွက် ကျေးဇူးတင်ကြပါသည်။ (ဧဖက် ၅:၁၅၊ ၁၆) ယင်းတို့တွင် အစည်းအဝေးများတက်ခြင်း၊ လူအများရှေ့ ဓမ္မအမှုဆောင်ရွက်ခြင်း၌ ပါဝင်ခွင့်ရခြင်း၊ ယုံကြည်သူလူသားတို့ ကမ္ဘာတစ်ဝန်းငြိမ်သက်ခြင်းချမ်းသာရရှိမည့် လာလတ္တံ့သောအချိန်အခါအကြောင်း ကိုယ်နှင့်စပ်ဆိုင်သူတို့အား ကျမ်းစာမှ တင်ပြပြောဆိုနိုင်ခြင်းတို့ ပါဝင်ပါသည်။ ယင်းအကြောင်း အသင်သိရှိလိုလျှင် စနေနေ့၊ တနင်္ဂနွေနေ့၊ သို့မဟုတ် အခြားကြားရက်တစ်ရက်ရက်တွင် ယေဟောဝါသက်သေများ သင့်အားကူညီပေးရန် အသင့်ရှိပါသည်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဂျူးထုံးတမ်းစဉ်လာများအစား ဥပုသ်ပညတ်ကို ယေရှုအပြည့်အဝစောင့်ထိန်းခဲ့
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဝမ်းစာရှာလုပ်ငန်းမှ အနားယူခွင့်ရသောရက်များတွင် ခရစ်ယာန်လုပ်ငန်းများလုပ်ကိုင်ခြင်းမှ လန်းဆန်းမှုရ