ထာဝရအသက်အမှန်တကယ်ဖြစ်နိုင်မည်လော
“ဆရာ၊ ထာဝရအသက်ကိုရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကိုပြုရပါမည်နည်း။”—မဿဲ ၁၉:၁၆။
၁။ လူ့သက်တမ်းနှင့်ပတ်သက်၍ မည်သို့ပြောဆိုနိုင်သနည်း။
ဘီ.စီ.အီး. ၄၈၀ တွင် အာရွှေရုဟု သမ္မာကျမ်းတွင်ခေါ်ဆိုထားသော ပါရှားဘုရင်ဇခ်စိဇ်သည် မိမိ၏စစ်သည်တော်များကို တိုက်ပွဲမဝင်မီ ကြည့်ရှုစစ်ဆေးနေ၏။ (ဧသတာ ၁:၁၊ ၂) ဂရိသမိုင်းဆရာ ဟဲရိုဒိုတပ်စ်၏အဆိုအရ ရှင်ဘုရင်သည် မိမိ၏လူများကို စစ်ဆေးစဉ် မျက်ရည်ကျခဲ့သည်။ အဘယ်ကြောင့်နည်း။ “တိုတောင်းလှသည့်လူ့သက်တမ်းကို ကျွန်ုပ်ဆင်ခြင်မိသည့်အခါ ယူကျုံးမရဖြစ်မိသည်။ အကြောင်းမှာ ယခုမှစ၍နောင်အနှစ်တစ်ရာဆိုလျှင် ဤသူတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်တော့မည်မဟုတ်သောကြောင့်ပင်” ဟုဇခ်စိဇ်ပြောခဲ့သည်။ ကြေကွဲဖွယ်ကောင်းလောက်အောင် လူ့အသက်တိုတောင်းလှသည်ကိုလည်းကောင်း၊ မည်သူမျှအသက်ကြီးကာ ဖျားနာ၍ သေလိုကြသည်မဟုတ်ကြောင်းကိုလည်းကောင်း သင်သတိပြုမိကောင်းပြုမိပေမည်။ နုနုပျိုပျို၊ ကျန်းကျန်းမာမာနှင့် ပျော်ရွှင်စွာဖြင့် ဘဝကိုပျော်မွေ့နိုင်မည်ဆိုလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း!—ယောဘ ၁၄:၁၊ ၂။
၂။ လူများစွာသည် အဘယ်မျှော်လင့်ချက်ရှိကြသနည်း။ အဘယ်ကြောင့်နည်း။
၂ ထူးထူးခြားခြားပင် ၁၉၉၇၊ စက်တင်ဘာ ၂၈ ရက်ထုတ် သည်နယူးယောက်တိုင်းမ်စ်မဂ္ဂဇင်းတွင် “သူတို့အသက်ရှင်လိုကြ” ဟူသောဆောင်းပါးပါခဲ့သည်။ ထိုတွင် “ကျွန်ုပ်တို့သည် ထာဝစဉ်အသက်ရှင်နိုင်သည့် ပထမဆုံးလူမျိုးဆက်ဖြစ်မည်ဟု ကျွန်ုပ်တကယ်ယုံကြည်သည်!” ဟူ၍ပြောခဲ့သူ သုတေသီတစ်ဦး၏စကားကို ကိုးကားထားသည်။ ထာဝရအသက်ရနိုင်သည်ဟု အသင်လည်းယုံကြည်ပေမည်။ ထိုသို့ယူမှတ်ရခြင်းမှာ ဤကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်နိုင်သည်ဟု သမ္မာကျမ်းစာကကတိပြုထားသောကြောင့် ဖြစ်သည်။ (ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃၊ ၄) သို့တိုင် ကျမ်းစာတွင်ပါသောအကြောင်းများအပြင် အခြားအကြောင်းများကြောင့်လည်း ထာဝရအသက်ရနိုင်သည်ဟု အချို့ကယုံကြည်ကြသည်။ ထိုအကြောင်းအချို့ကို သုံးသပ်ခြင်းက ထာဝရအသက် အမှန်တကယ်ရနိုင်ကြောင်း နားလည်စေပါလိမ့်မည်။
ထာဝစဉ်အသက်ရှင်ရန် ပုံစံပြုခံရ
၃၊ ၄။ (က) ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်နိုင်သည်ဟု အချို့ယုံကြည်ရသည့်အကြောင်းကား အဘယ်နည်း။ (ခ) ဒါဝိဒ်သည် သူ၏ဖွဲ့စည်းပုံနှင့်ပတ်သက်၍ မည်သို့ပြောခဲ့သနည်း။
၃ လူသည် ထာဝစဉ်အသက်ရှင်နိုင်သည်ဟု ယုံကြည်ကြသည့် အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့ဖန်ဆင်းခံရသည့် အံ့ဖွယ်နည်းနှင့်ပတ်သက်သည်။ ဥပမာ၊ မိခင်၏သားအိမ်တွင် ကျွန်ုပ်တို့ဖြစ်တည်ပုံသည် အမှန်ပင်အံ့ဖွယ်ကောင်းလှ၏။ အိုမင်းခြင်းပညာရပ်ပါရဂူတစ်ဦးက ဤသို့ရေးသားခဲ့သည်– “သဘာဝတရားသည် ပဋိသန္ဓေစွဲခြင်းမှ မွေးဖွားခြင်း၊ ထို့နောက် လူလားမြောက်ကာ လူကြီးဘဝသို့ရောက်စေသည့် အံ့ဖွယ်အမှုများကို လုပ်ဆောင်ပြီးနောက် ထိုအံ့ဖွယ်အမှုများ ထာဝစဉ်ဆက်တည်တံ့စေရုံမျှပြုရန် ပိုလွယ်ကူပုံရှိသောဖွဲ့စည်းမှုကို မဖန်တီးပေးဖို့ ရွေးချယ်ခဲ့သည်။” မှန်ပါသည်၊ ကျွန်ုပ်တို့၏ အံ့ဖွယ်ကောင်းသောဖွဲ့စည်းပုံကို သုံးသပ်ပြီးနောက် ကျွန်ုပ်တို့အဘယ်ကြောင့်သေရသနည်း ဟူသည့်မေးခွန်းဆက်ရှိနေသေးသည်။
၄ ကျမ်းစာရေးသူဒါဝိဒ်သည် ယနေ့သိပ္ပံပညာရှင်များကဲ့သို့ လူ့သားအိမ်ထဲကို မမြင်နိုင်ခဲ့သော်လည်း အဆိုပါအံ့ဖွယ်ရာများကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာက တွေးတောဆင်ခြင်ခဲ့သည်။ ‘အမိဝမ်းထဲတွင် ဖုံးအုပ်’ ခံခဲ့ရစဉ်ကဟု ဒါဝိဒ်ရေးသားသောအခါ သူသည်မိမိကိုယ်တိုင်၏ဖွဲ့စည်းပုံကို စေ့စေ့တွေးတောခဲ့သည်။ ထိုအချိန်က ‘သူ၏ကျောက်ကပ် ဖန်ဆင်းခံရသည်’ ဟုသူဆိုခဲ့သည်။ “လျှို့ဝှက်စွာကြီးထွားလာ [သတင်းကောင်း]” ခဲ့ချိန်အကြောင်း ဖော်ပြသောအခါ “အရိုးတို့” ဖွဲ့စည်းပုံအကြောင်းကိုလည်း ပြောပြသေးသည်။ ထို့နောက် ဒါဝိဒ်သည် “အကျွန်ုပ်၏အလုံးအထွေး” အကြောင်းပြောဆိုခဲ့ပြီး မိခင်၏ဝမ်းထဲရှိ ထိုအလုံးအထွေးနှင့်စပ်လျဉ်း၍ ဤသို့ဖော်ပြခဲ့သည်– “ထိုအရာတို့ကို . . . ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။”—ဆာလံ ၁၃၉:၁၃-၁၆။
၅။ အမိ၏ဝမ်းတွင် ကျွန်ုပ်တို့ဖွဲ့စည်းပုံ၌ အဘယ်အံ့သြဖွယ်ရာများပါဝင်သနည်း။
၅ မိခင်၏သားအိမ်အတွင်း ဒါဝိဒ်၏ဖွဲ့စည်းမှုအတွက် ပကတိလက်ရေးပုံစံပြာမရှိသည်မှာ ထင်ရှားပါသည်။ သို့သော် သူ၏ “ကျောက်ကပ်၊” သူ၏ “အရိုး [သတင်းကောင်း]၊” နှင့်သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြစ်ပေါ်ခြင်းကို ဒါဝိဒ်ဆင်ခြင်သုံးသပ်ရာ၌ ဤအရာအားလုံးသည် “စာရင်း၌ အကုန်အစဉ်မှတ်သားလျက်ရှိ” ဘိသကဲ့သို့ စီစဉ်ထားမှုအရ ဖြစ်ပေါ်လာဟန်တူသည်။ မိခင်၏ဝမ်းတွင်းရှိ သန္ဓေတည်ဆဲလ်တွင် ကလေးငယ်တစ်ဦးဖွဲ့စည်းလာဖို့ အသေးစိတ်ဖော်ပြထားသော စာအုပ်များအပြည့်ရှိသည့် အခန်းကြီးတစ်ခန်းရှိသည့်အလားဖြစ်ကာ ဤရှုပ်ထွေးသောညွှန်ကြားချက်များကို ပေါ်ထွက်လာသောဆဲလ်တစ်ခုချင်းစီအား လက်ဆင့်ကမ်းသွားသည်။ ထို့ကြောင့် သိပ္ပံလောကမဂ္ဂဇင်းက ‘ဖွံ့ဖြိုးကြီးထွားလာသော သန္ဓေတည်စဥတွင်ရှိဆဲလ်တစ်ခုစီကို ပုံစံပြာများအပြည့်ပါရှိသည့်ဗီရို’ ဟူ၍တင်စားထားသည်။
၆။ ဒါဝိဒ်ရေးသားခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် “ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံ” ကြောင်း အဘယ်အထောက်အထားရှိသနည်း။
၆ ကျွန်ုပ်တို့ခန္ဓာကိုယ်များ၏အံ့ဖွယ်နည်းဖြင့်လည်ပတ်ပုံအကြောင်း စဉ်းစားဖူးသလော။ ဇီဝဗေဒပညာရှင် ဂျဲရက် ဒိုင်မွန်းက ဤသို့ဖော်ပြခဲ့သည်– “ကျွန်ုပ်တို့၏အူအတွင်းလွှာဆဲလ်များသည် ရက်အနည်းငယ်လျှင်တစ်ကြိမ်၊ ဆီးအိမ်အတွင်းလွှာဆဲလ်များသည် နှစ်လလျှင်တစ်ကြိမ်နှင့် သွေးနီဆဲလ်များသည် လေးလလျှင်တစ်ကြိမ်အစားထိုးသည်။” သူက ဤသို့ကောက်ချက်ချခဲ့သည်– “သဘာဝတရားက နေ့စဉ် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ခွဲခြမ်းစိတ်ဖြာလိုက်၊ ပြန်လည်စုစည်းပေးလိုက် ပြုလုပ်နေသည်။” အမှန်အားဖြင့် မည်သို့ဆိုလိုသနည်း။ ဆိုလိုသည်ကား ကျွန်ုပ်တို့နှစ်ပေါင်းမည်မျှကြာကြာ—၈၊ ၈၀ သို့မဟုတ် ၈၀၀ ပင်—အသက်ရှင်ကြဦးတော့ ကျွန်ုပ်တို့ကိုယ်ခန္ဓာသည် အလွန်နုပျိုဆဲဖြစ်သည်။ တစ်ခါက သိပ္ပံပညာရှင်တစ်ဦး ဤသို့ခန့်မှန်းခဲ့သည်– “တစ်နှစ်အတွင်း ယခုကျွန်ုပ်တို့၌ရှိသော အက်တမ် ၉၈ ရာခိုင်နှုန်းခန့်သည် လေနှင့်အစားအသောက်မှ ကျွန်ုပ်တို့ရရှိသည့် အခြားအက်တမ်တို့ဖြင့် အစားထိုးခံရလိမ့်မည်။” မှန်ပါသည်၊ ဒါဝိဒ်ချီးမွမ်းခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့သည် “ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်။”—ဆာလံ ၁၃၉:၁၄။
၇။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာပုံစံပြုထားခြင်းပေါ်မူတည်၍ အချို့ကမည်သို့ကောက်ချက်ချခဲ့ကြသနည်း။
၇ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာပုံစံပြုထားခြင်းပေါ်မူတည်၍ အိုမင်းခြင်းပညာရပ်ပါရဂူတစ်ဦးက ဤသို့ဆိုသည်– “အဘယ်ကြောင့်အိုမင်းရသည့်အကြောင်း မထင်ရှားပါ။” ထာဝစဉ်အသက်ရှင်သင့်သည့်ဟန်အမှန်ရှိသည်။ ယင်းကြောင့်လည်း လူတို့သည် ၎င်းတို့၏နည်းပညာရပ်ဖြင့် ဤရည်မှန်းချက်အောင်မြင်ရန်ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မကြာမီက ဒေါက်တာ အဲလ်ဗင်စေလ်ဗဲလ်စတိုင်းက သေခြင်းတရားကိုအောင်နိုင်ခြင်းဟူသောသူ၏စာအုပ်တွင် စိတ်ချလက်ချ ဤသို့ရေးသားခဲ့သည်– “ဘဝ၏အနှစ်သာရကို ကျွန်ုပ်တို့အဖြေထုတ်ကြည့်ကြမည်။ လူတစ်ဦးမည်သို့အိုမင်းသွားကြောင်း . . . ကျွန်ုပ်တို့နားလည်သဘောပေါက်လာမည်။” အဘယ်အကျိုးဆက်ရှိမည်နည်း။ သူက ဤသို့ကြိုတင်ခန့်မှန်းခဲ့သည်– “သေခြင်းကိုအောင်နိုင်စေမည့်အသိပညာက ထာဝရနုပျိုစေမည့်အတွက် ‘အိုမင်း’ သူများမရှိတော့ချေ။” လူ့ဖွဲ့စည်းပုံကို ခေတ်သစ်သိပ္ပံပညာဖြင့်သုံးသပ်ကြည့်ကြရာတွင် ထာဝရအသက်ရနိုင်၏ဟူသော အတွေးအခေါ်သည် မဖြစ်နိုင်လွန်းပုံရှိသလော။ ထာဝရအသက်ရနိုင်သည်ဟု ယုံကြည်ခြင်းအတွက် သာ၍ပင်ခိုင်လုံသောအကြောင်းရင်းတစ်ခုရှိသေးသည်။
ထာဝရအသက်ရှင်လိုသည့်ဆန္ဒ
၈၊ ၉။ သမိုင်းတစ်လျှောက်တွင် လူတို့သည် အဘယ်ပင်ကိုဆန္ဒရှိခဲ့ကြသနည်း။
၈ ထာဝရအသက်ရှင်ခြင်းသည် လူသားများ၏ပင်ကိုစိတ်ဆန္ဒဖြစ်ကြောင်းကို သတိပြုမိဖူးပါသလော။ ဆရာဝန်တစ်ဦးက ဂျာမန်ဂျာနယ်တစ်စောင်တွင် ဤသို့ရေးခဲ့သည်– “ထာဝစဉ်အသက်ရှင်လိုသည့် ပြင်းပြသောဆန္ဒသည် လူသားစတင်ရှိသည့်အချိန်ကတည်းကပင်ဖြစ်မည်။” ရှေးခေတ်ဥရောပတိုက်သားအချို့၏ ယုံကြည်ချက်များကိုဖော်ပြရာတွင် ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်က ဤသို့ဆိုသည်– “ထိုက်တန်သူတို့သည် တောက်ပသောရွှေစံအိမ်တွင် ထာဝစဉ်စံစားကြရမည်။” ထာဝစဉ်အသက်ရှင်လိုသည့် အခြေခံဆန္ဒကိုဖြည့်ဆည်းရန် ကြိုးစားခဲ့ကြပါသည်တကား!
၉ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ ကျော်က တရုတ်ပြည်တွင် “တာအိုဘုန်းတော်ကြီးများ၏ဦးဆောင်မှုအောက်တွင် ဧကရာဇ်မင်းများနှင့် [သာမန်] လူတန်းစားတို့ပါ အလုပ်အပျက်ခံ၍ နုပျိုခြင်းစမ်းရေဟုခေါ်ဆိုကြသော မသေဆေးကိုရှာပုံတော်ဖွင့်ခဲ့ကြသည်” ဟုအမေရိကားနားစွယ်စုံကျမ်းကဖော်ပြသည်။ မှန်ပါသည်၊ ဖော်စပ်ထားသည့်ဆေးအမျိုးမျိုးကို မှီဝဲခြင်းအားဖြင့် သို့မဟုတ် တစ်စုံတစ်ရာသောရေကိုသောက်ခြင်းဖြင့်ပင် နုနုပျိုပျိုနေနိုင်မည်ဟု သမိုင်းတစ်လျှောက်ယုံကြည်ခဲ့ကြသည်။
၁၀။ အသက်ပိုရှည်စေရန် မျက်မှောက်ခေတ်တွင် မည်သို့ကြိုးပမ်းခဲ့ကြသနည်း။
၁၀ ထာဝစဉ်အသက်ရှင်လိုသော လူ့ပင်ကိုဆန္ဒကို ဖြည့်ဆည်းဖို့ကြိုးစားရန် မျက်မှောက်ခေတ်ဆောင်ရွက်မှုများသည်လည်း အလားတူပင်မှတ်သားထိုက်သည်။ ထင်ရှားသောသာဓကတစ်ခုမှာ ရောဂါကြောင့်ကွယ်လွန်သွားသူကို အေးခဲစေသည့်နည်းဖြစ်သည်။ အနာဂတ်တစ်ချိန်ချိန်တွင် ရောဂါပျောက်ကင်းစေနိုင်မည့်ဆေးကို ရှာဖွေတွေ့ရှိသည့်အခါ အသက်ပြန်ရှင်စေနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ယင်းသို့ပြုခဲ့ကြခြင်းဖြစ်သည်။ ခရိုင်ယိုနစ်ဟုခေါ်သော ဤလုပ်ထုံးနှင့်ပတ်သက်၍ အကြံပြုတင်ပြသူတစ်ဦးက ဤသို့ရေးသားခဲ့သည်– “အကယ်၍ ကျွန်ုပ်တို့၏အကောင်းမြင်သဘောထားသည် တော်သင့်မှန်ကန်ကြောင်းထင်ရှားပြီး အိုမင်းရင့်ရော်ခြင်းဆိုင်ရာ အားနည်းချို့တဲ့မှုများအပါအဝင် ထိခိုက်ဆုံးရှုံးမှုအားလုံးကို ကုသရန် သို့မဟုတ် ပြုပြင်ရန်နည်းလမ်းတွေ့ခဲ့လျှင် ယခု ‘သေ’ သူများသည် အနာဂတ်တွင် အကန့်အသတ်မရှိအသက်ရှည်နိုင်ကြမည်ဖြစ်သည်။”
၁၁။ လူတို့သည် အဘယ်ကြောင့်ထာဝစဉ်အသက်ရှင်လိုကြသနည်း။
၁၁ ထာဝစဉ်အသက်ရှင်လိုသောဤဆန္ဒသည် ကျွန်ုပ်တို့၏အတွေးအခေါ်၌ အဘယ်ကြောင့် ဤမျှတိုင်စွဲမြဲနေသနည်းဟု သင်မေးပေမည်။ “[ဘုရားသခင်သည်] လူစိတ်နှလုံးကိုလည်း [အဆုံးမရှိ] ကာလ၌စွဲလမ်းစေတော်မူ” ခဲ့ပြီဖြစ်သောကြောင့်လော။ (ဒေ. ၃:၁၁) အလေးအနက်ထား၍ ဆင်ခြင်သုံးသပ်ရမည့်အချက်ပါတကား! စဉ်းစားကြည့်ပါလေ– ထိုဆန္ဒကိုဖြည့်ဆည်းရန် ဖန်ဆင်းရှင်၌ရည်ရွယ်ချက်မရှိပါက ထာဝစဉ်အသက်ရှင်လိုသည့်ပင်ကိုဆန္ဒ ကျွန်ုပ်တို့တွင်အဘယ်ကြောင့်ရှိကြရသနည်း။ ထာဝစဉ်အသက်ရှင်လိုသောဆန္ဒဖြင့် ကျွန်ုပ်တို့ကိုဖန်ဆင်းထားပြီးနောက် ထိုဆန္ဒကိုမည်သည့်အခါမျှမဖြည့်ဆည်းပေးခြင်းဖြင့် ကျွန်ုပ်တို့ကိုစိတ်ပျက်စေခြင်းသည် မေတ္တာရှိရာရောက်မည်လော။—ဆာလံ ၁၄၅:၁၆။
မည်သူ့ကို ကျွန်ုပ်တို့ကိုးစားရမည်နည်း
၁၂။ အဘယ်အရာကို လူအချို့စိတ်ချတတ်ကြသော်လည်း ယင်းသည် ခြေမြစ်ခိုင်လုံသည်ဟု သင်ယုံကြည်ပါသလော။
၁၂ ထာဝရအသက်ရရှိရန် အဘယ်မှာ သို့မဟုတ် အဘယ်အရာ၌ ယုံကြည်ကိုးစားသင့်သနည်း။ ၂၀ ရာစု သို့မဟုတ် ၂၁ ရာစု လူ့နည်းပညာရပ်၌လော။ သည်နယူးယောက်တိုင်းမ်စ်မဂ္ဂဇင်းပါ “သူတို့အသက်ရှင်လိုကြ” ဆောင်းပါးက “နည်းပညာရပ်ဘုရား” နှင့် “နည်းပညာရပ်၏ အလားအလာနှင့်စပ်လျဉ်း၍ အားတက်စရာများ” အကြောင်းဖော်ပြထားသည်။ သုတေသီတစ်ဦးဆိုလျှင် “အိုမင်းခြင်းကိုရပ်တန့်စေ၍ ပြန်နုပျိုလာစေမည့် မျိုးရိုးဗီဇတိုးပွားခြင်း နည်းစနစ်များ အချိန်တန်လျှင် ရှိလာလိမ့်မည်ဟု . . . အားတက်စရာရှိသည်” ဟူ၏။ သို့သော် အမှန်ဆိုလျှင် အိုမင်းခြင်းနှင့် သေခြင်းကိုရပ်တန့်စေရန် လူ့ဆောင်ရွက်မှုများသည် လုံးဝမအောင်မြင်ခဲ့ပါ။
၁၃။ ကျွန်ုပ်တို့သည် ထာဝစဉ်အသက်ရှင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခံရကြောင်း ကျွန်ုပ်တို့၏ဦးနှောက်ဖွဲ့စည်းပုံက မည်သို့ဖော်ပြသနည်း။
၁၃ ယင်းကြောင့် အဘယ်နည်းဖြင့်မျှ ထာဝရအသက်ရနိုင်မည်မဟုတ်ဟုဆိုလိုသလော။ လုံးဝမဟုတ်ပါ! ရနိုင်သည့်နည်းတစ်နည်းရှိပါသည်! အကန့်အသတ်မရှိသင်ယူနိုင်စွမ်းရှိသည့် ကျွန်ုပ်တို့၏အံ့ဖွယ်သောဦးနှောက်ဖွဲ့စည်းပုံက ယင်းကို ယုံကြည်စိတ်ချစေသင့်သည်။ မော်လီကျူးဇီဝဗေဒပညာရှင် ဂျိမ်းစ် ဝေါတ်စင်က ကျွန်ုပ်တို့ဦးနှောက်ကို “စကြဝဠာ၌ တွေ့ရှိသမျှတို့တွင် အရှုပ်ထွေးဆုံးအရာ” ဟုခေါ်ဆိုခဲ့သည်။ ၎င်းပြင် အာရုံကြောပညာရှင် ရစ်ချက် ရက်စ်တက်က ဤသို့ဆိုခဲ့သည်– “သိရှိထားသောစကြဝဠာတစ်လျှောက် ယင်းနှင့်အနည်းအကျဉ်းပင်တူသောအရာ မရှိပါ။” ကျွန်ုပ်တို့ထာဝရအသက်ရရန် ရည်ရွယ်ချက်နှင့်ပြုလုပ်မခံရလျှင် သတင်းအချက်အလက်များကို အကန့်အသတ်မရှိသိမ်းဆည်း၊ မှတ်သားနိုင်စွမ်းရှိသည့်ဦးနှောက်နှင့် ထာဝစဉ်အသက်ရှင်ရန် ပုံစံပြုခြင်းခံရသည့်ကိုယ်ခန္ဓာ အဘယ်ကြောင့်ရှိရသနည်း။
၁၄။ (က) ကျမ်းရေးသူများသည် လူ့အသက်နှင့်ပတ်သက်၍ အဘယ်ကောက်ချက်ချခဲ့ကြသနည်း။ (ခ) လူကိုမဟုတ်ဘဲ ဘုရားသခင်အား အဘယ်ကြောင့် ယုံကြည်စိတ်ချသင့်သနည်း။
၁၄ အကျိုးသင့်အကြောင်းသင့်ဖြစ်၍ မှန်ကန်သည့် တစ်ခုတည်းသောကောက်ချက်ကား အဘယ်နည်း။ ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်နိုင်ရန် တန်ခိုးအရှိဆုံးနှင့် ဉာဏ်ပညာရှိသောဖန်တီးရှင်တစ်ပါးက ကျွန်ုပ်တို့ကို ပုံစံပြု၍ဖန်ဆင်းထား၏ဟူ၍ မဟုတ်ပေလော။ (ယောဘ ၁၀:၈; ဆာလံ ၃၆:၉; ၁၀၀:၃; မာလခိ ၂:၁၀; တမန်တော် ၁၇:၂၄၊ ၂၅) ထို့ကြောင့် သမ္မာကျမ်းစာမှ ဆာလံဆရာ၏ဤမှုတ်သွင်းခံမိန့်မှာချက်ကို ပညာရှိစွာမလိုက်နာသင့်ပေလော– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” လူကိုအဘယ်ကြောင့် မကိုးစားသင့်သနည်း။ အကြောင်းမှာ ဆာလံဆရာဖော်ပြသကဲ့သို့ “သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ” သောကြောင့်ဖြစ်သည်။ မှန်ပါသည်၊ ထာဝရအသက်ရှင်နိုင်သည့်အလားအလာရှိလျက်နှင့် လူသည် အဘယ်အရာကိုမျှမတတ်နိုင်ဘဲ သေခြင်းကိုရင်ဆိုင်နေကြရသည်။ ဆာလံဆရာက ဤသို့ကောက်ချက်ချခဲ့သည်– “မိမိဘုရားသခင်ထာဝရဘုရားကိုမျှော်လင့်သောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၁၄၆:၃-၅။
ဘုရားသခင်၏ရည်ရွယ်ချက် အမှန်ဖြစ်ပါသလော
၁၅။ ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်ဖို့ ဘုရားသခင်ရည်ရွယ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။
၁၅ သို့သော် ကျွန်ုပ်တို့ထာဝရအသက်ရရန် ဘုရားသခင်အမှန်တကယ်ရည်ရွယ်ပါသလောဟု အသင်မေးပေမည်။ အမှန်ရည်ရွယ်ပါသည်! ကိုယ်တော့်နှုတ်မြွက်စကားတော်တွင် အကြိမ်ပေါင်းများစွာကတိပြုထားသည်။ “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ . . . ထာဝရအသက်ပေတည်း” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုစိတ်ချစေသည်။ ဘုရားသခင့်ကျေးကျွန်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ကိုယ်တော် [ဘုရားသခင်] သည် ငါတို့အား ကတိထားတော်မူသောအရာကား၊ ထာဝရအသက်ပေတည်း။” ထို့ကြောင့် လူငယ်တစ်ဦးက ယေရှုအား ဤသို့မေးခဲ့ရခြင်းဖြစ်၏– “ဆရာ၊ ထာဝရအသက်ကိုရအံ့သောငှာ အကျွန်ုပ်တို့သည် အဘယ်ကောင်းမှုကိုပြုရပါမည်နည်း။” (ရောမ ၆:၂၃; ၁ ယောဟန် ၂:၂၅၊ သမ္မာ; မဿဲ ၁၉:၁၆) အမှန်မှာ တမန်တော်ပေါလုက ‘မုသာနှင့်ကင်းစင်တော်မူသောဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မီကတိထားတော်မူသော ထာဝရအသက်မျှော်လင့်ချက်’ အကြောင်း ရေးသားခဲ့သည်။—တိတု ၁:၁-၃။
၁၆။ ဘုရားသခင်သည် “ရှေးကပ်ကာလမရောက်မီ” ထာဝရအသက်ရှင်ရန် အဘယ်နည်းဖြင့်ကတိပြုခဲ့သနည်း။
၁၆ ဘုရားသခင်သည် “ရှေးကပ်ကာလမရောက်မီ” ထာဝရအသက်ကို ကတိပြုခဲ့သည်ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ ပထမလူသားမောင်နှံ အာဒံနှင့်ဧဝကိုမဖန်ဆင်းမီက လူသည် ထာဝစဉ်အသက်ရှင်ရမည်ဟု ကိုယ်တော်ရည်ရွယ်ခဲ့ခြင်းကို တမန်တော်ပေါလုဆိုလိုသည်ဟု လူအချို့ယူဆကြသည်။ သို့ရာတွင် လူသားများဖန်ဆင်းခံရပြီးနောက် မိမိရည်ရွယ်ချက်ကို ယေဟောဝါဖော်ပြခဲ့သည့်အချက်ကို ပေါလုရည်ညွှန်းမည်ဆိုလျှင် ဘုရားသခင့်အလိုတော်တွင် လူသည် ထာဝရအသက်ရှင်ရန်ပါဝင်ကြောင်း ရှင်းနေဆဲဖြစ်သည်။
၁၇။ အာဒံနှင့်ဧဝတို့သည် ဧဒင်ဥယျာဉ်အပြင်သို့ အဘယ်ကြောင့်မောင်းထုတ်ခံခဲ့ကြရသနည်း၊ ခေရုဗိမ်များကို အဝင်ဝတွင် အဘယ်ကြောင့်စောင့်ကြပ်စေခဲ့သနည်း။
၁၇ ဧဒင်ဥယျာဉ်တွင် ‘ယေဟောဝါဘုရားသခင်သည် အသက်ပင်ကို ပေါက်စေတော်မူ၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ အာဒံသည် “ထာဝရအသက်ကိုရခြင်းငှာ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍မစား” မိစေရန်အတွက် ဥယျာဉ်မှနှင်ထုတ်ခံရခြင်းဖြစ်သည်! အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှနှင်ထုတ်ပြီးနောက် ယေဟောဝါသည် “အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို” ချထားခဲ့သည်။—ကမ္ဘာဦး ၂:၉; ၃:၂၂-၂၄။
၁၈။ (က) အသက်ပင်၏အသီးကိုစားခြင်းသည် အာဒံနှင့်ဧဝအတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ (ခ) ထိုအပင်၏အသီးကိုစားခြင်းသည် အဘယ်အရာကိုပုံဆောင်သနည်း။
၁၈ ထိုအသက်ပင်၏အသီးကို အာဒံနှင့်ဧဝတို့စားခွင့်ရခဲ့ပါမူ သူတို့အတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရခြင်းတည်း! သမ္မာကျမ်းစာပညာရှင်တစ်ဦးက ဤသို့ထင်ကြေးပေးခဲ့သည်– “လူ့ကိုယ်ခန္ဓာသည် အိုမင်း၊ ယိုယွင်း၍ သေဆုံးသွားခြင်းမရှိစေရန် အသက်ပင်၌ ကာကွယ်ပေးနိုင်စွမ်းရှိရမည်။” အိုမင်းခြင်း၏ “အကျိုးဆက်များကို တားဆီးပေးနိုင်သော ဆေးဖက်ဝင်အပင်တစ်မျိုးပင် ပရဒိသုတွင်ရှိသည်” ဟုသူဆိုခဲ့သည်။ သို့ရာတွင် ထိုအသက်ပင်တွင် အသက်ပေးနိုင်သည့်အစွမ်းသတ္တိရှိသည်ဟု သမ္မာကျမ်းစာကမဆိုပါ။ ယင်းအစား ထိုအပင်၏အသီးကိုစားခွင့်ရမည့်သူများအား ထာဝရအသက်ရစေမည်ဟူသော ဘုရားသခင်၏အာမခံချက်ကို တင်စားခြင်းမျှဖြစ်သည်။—ဗျာဒိတ် ၂:၇။
ဘုရားသခင့်ရည်ရွယ်ချက် မပြောင်းလဲခဲ့
၁၉။ အာဒံသည် အဘယ်ကြောင့်သေခဲ့ရသနည်း၊ သူ၏သားစဉ်မျိုးဆက်ဖြစ်သော ကျွန်ုပ်တို့ကော အဘယ်ကြောင့်သေရကြသနည်း။
၁၉ အာဒံအပြစ်ပြုသည့်အခါ သူကိုယ်တိုင်နှင့် မမွေးဖွားသေးသော သူ၏အမျိုးအနွယ်အားလုံး ထာဝရအသက်ရပိုင်ခွင့်ကို ဆုံးရှုံးသွားခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) သူ၏မနာခံမှုကြောင့် အပြစ်သားဖြစ်လာသောအခါ သူသည် အပြစ်အနာအဆာရှိသော မစုံလင်သူဖြစ်လာလေသည်။ ထိုအချိန်မှစ၍ အာဒံ၏ကိုယ်ခန္ဓာသည် တစ်နည်းအားဖြင့် သေဖို့စီမံထားခံရသည်။ သမ္မာကျမ်းစာဆိုသကဲ့သို့ပင် “အပြစ်တရား၏အခကား သေခြင်း” ဖြစ်လေသည်။ (ရောမ ၆:၂၃) ထို့ပြင် အာဒံ၏မစုံလင်သောသားမြေးတို့သည်လည်း ထာဝစဉ်အသက်ရှင်ဖို့မဟုတ်ဘဲ သေဖို့စီမံခံရကြသည်။ သမ္မာကျမ်းစာက ဆိုသကဲ့သို့ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂။
၂၀။ လူသည် မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ဖို့ ရည်ရွယ်ချက်နှင့်ပြုလုပ်ခံရကြောင်း အဘယ်အရာကဖော်ပြသနည်း။
၂၀ သို့သော် အာဒံအပြစ်မပြုခဲ့လျှင်ကော။ ဘုရားသခင်အား သူနာခံမှုပြကာ အသက်ပင်၏အသီးကိုစားရန် အခွင့်ရရှိခဲ့လျှင်ကော။ ဘုရားသခင်၏ထာဝရအသက်ဆုကို အဘယ်နေရာတွင် ရခဲ့မည်နည်း။ ကောင်းကင်၌လော။ မဟုတ်ပါ! အာဒံကို ကောင်းကင်သို့ခေါ်သွားမည့်အကြောင်း ဘုရားသခင်လုံးဝမပြောခဲ့ပါ။ သူ၏အလုပ်တာဝန်ကား ဤမြေကြီးပေါ်တွင်ဖြစ်၏။ “ထိုမြေထဲကအဆင်းလှ၍၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင်ပေါက်စေတော်မူ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ ဆက်၍ “ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာထားတော်မူ၏” ဟုဆိုသည်။ (ကမ္ဘာဦး ၂:၉၊ ၁၅) ဧဝကို အာဒံအတွက်အဖော်အဖြစ်ဖန်ဆင်းပြီးနောက် သူတို့နှစ်ဦးကို ဤမြေကြီးပေါ်တွင် နောက်ထပ်အလုပ်တာဝန်များ ပေးအပ်ခဲ့သည်။ ဘုရားသခင်က သူတို့ကိုဤသို့ဆိုခဲ့သည်– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈။
၂၁။ ကနဦးလူသားများသည် အဘယ်အံ့ဖွယ်အလားအလာများကို မွေ့လျော်ခဲ့ကြသနည်း။
၂၁ ဘုရားသခင်ထံမှ ထိုညွှန်ကြားချက်များက အာဒံနှင့်ဧဝတို့အတွက် လမ်းဖွင့်ပေးသည့် မြေကြီးဆိုင်ရာအံ့ဖွယ်အလားအလာများကို စဉ်းစားကြည့်ပါလေ! မြေကြီးပရဒိသုတွင် လုံးဝကျန်းမာသော သားသမီးများကို သူတို့မွေးမြူကြရန်ဖြစ်သည်။ သူတို့ချစ်မြတ်နိုးရသော သားသမီးများကြီးပြင်းလာသည်နှင့် များပြားစွာမွေးဖွားခြင်း၊ ပရဒိသုကိုဆက်ထိန်းသိမ်းခြင်းနှင့် တိရစ္ဆာန်အပေါင်းတို့ကိုအုပ်စိုးခြင်းစသည့် နှစ်လိုဖွယ်ဥယျာဉ်လုပ်ငန်းတွင် သူတို့ပါဝင်လာကြမည်ဖြစ်ပြီး အလွန်အားရကျေနပ်ကြလိမ့်မည်ဖြစ်သည်။ သူတို့ကိုလက်အောက်ခံသည့်တိရစ္ဆာန်အားလုံးနှင့်အတူ လူသားထုသည် ကျေနပ်စရာကောင်းလှပေမည်။ နောက်ဆုံးတွင် မြေကြီးတစ်ခုလုံးပရဒိသုဖြစ်လာစေရန် ဧဒင်ဥယျာဉ်၏နယ်နိမိတ်များကို တိုးချဲ့ရသည့်ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါလေ! အိုမင်းပြီးသေဆုံးရမည့်အရေးကို လုံးဝတွေးပူစရာမလိုသည့် လှပသောမြေကြီးစံအိမ်တွင် စုံလင်သောကလေးများနှင့်အတူ သင်အသက်ရှင်လိုပါသလော။ ထိုမေးခွန်းကို သင့်နှလုံးမှ ဖြစ်ပေါ်လာသည့်အတိုင်းဖြေဆိုပါလေ။
၂၂။ ဘုရားသခင်သည် မြေကြီးအတွက် ကိုယ်တော့်ရည်ရွယ်ချက်ကို မပြောင်းလဲခဲ့ကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၂၂ သို့ဆိုလျှင် အာဒံနှင့်ဧဝတို့သည် နာခံမှုမရှိသဖြင့် ဧဒင်ဥယျာဉ်အပြင်သို့နှင်ထုတ်ခံရသောအခါ မြေကြီးပရဒိသုတွင် လူတို့ထာဝစဉ်အသက်ရှင်စေရန်ရည်ရွယ်ချက်ကို ဘုရားသခင်ပြောင်းလဲလိုက်ပါသလော။ ဝေးလေစွ! ထိုသို့ပြုလုပ်ခြင်းက မိမိ၏မူလရည်ရွယ်ချက်ကို ဆောင်ရွက်နိုင်စွမ်းမရှိဟု အညံ့ခံလိုက်ရာကျပေမည်။ ကတိရှိသည်အတိုင်းပြုကြောင်း ဘုရားသခင်ကိုယ်တော်တိုင်ကြေညာသည့် ဤစကားများကို ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်– “ငါ၏နှုတ်[မြွက်]စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။”—ဟေရှာယ ၅၅:၁၁။
၂၃။ (က) ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသူများသည် မြေကြီးပေါ်တွင် ထာဝရနေထိုင်ဖို့ ဘုရားသခင့်ရည်ရွယ်ကြောင်း အဘယ်အရာကထပ်ဆင့်အတည်ပြုသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးကြမည်နည်း။
၂၃ မြေကြီးနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက် မပြောင်းလဲကြောင်း သမ္မာကျမ်းစာတွင်ရှင်းလင်းစွာဖော်ပြထားသည်၊ ထိုတွင် ဘုရားသခင်က ဤသို့ကတိပြု၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” ယေရှုခရစ်ကပင် စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မြေကြီးကိုအမွေခံမည်ဟု တောင်ပေါ်တရားတော်တွင်ဆိုခဲ့သည်။ (ဆာလံ ၃၇:၂၉; မဿဲ ၅:၅) သို့တိုင် ထာဝရအသက်ကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း၊ အဆိုပါအသက်တာကို ပျော်မွေ့ရန် အဘယ်အမှုကိုပြုလုပ်ရမည်နည်း။ ယင်းအကြောင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြပါမည်။
သင်မည်သို့ဖြေမည်နည်း
◻ ထာဝရအသက်သည်ဖြစ်နိုင်ကြောင်း လူအများအဘယ်ကြောင့်ယုံကြည်ကြသနည်း။
◻ ကျွန်ုပ်တို့သည် ထာဝစဉ်အသက်ရှင်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်ခံရကြောင်း အဘယ်အရာက ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချစေသင့်သနည်း။
◻ လူသားများနှင့် မြေကြီးအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်ကား အဘယ်နည်း။
◻ ဘုရားသခင်သည် မိမိ၏ကနဦးရည်ရွယ်ချက်ကို ပြည့်စုံစေမည်ဟု အဘယ်ကြောင့်သေချာနိုင်သနည်း။