မစုံမလင်ချို့ငဲ့သောလောကတွင် ယုံကြည်ကိုးစားမှု
“ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။” သင့်ကိစ္စရပ်တွင် ဤစကားမှန်နေသည်ကို သင်တွေ့ကြုံရသလော။ တမန်တော်ပေါလုတွင် အလားတူပြဿနာမျိုးရှိခဲ့ကြောင်း သိရှိရခြင်းမှ အားယူနိုင်ပါသည်; သို့တိုင် သူသည် ခရစ်ယာန်သမာဓိစောင့်သိမှုတွင် ထင်ရှားသူတစ်ဦးဖြစ်ခဲ့ပါသည်။ ဤကား ဆန့်ကျင်ဖီလာမှုဖြစ်မနေပေလော။ ရောမရှိခရစ်ယာန်များထံရေးသော ပေါလု၏စာတွင် သူသည်ထိုပြဿနာ၏အရင်းခံကို ဆန်းစစ်ခဲ့သည်– “ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကိုကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသောအပြစ်တရားသည်ကျင့်၏။” သူရည်ညွှန်းနေသည့် အပြစ်တရားကား အဘယ်နည်း၊ သမာဓိစောင့်သိသူတစ်ဦးဖြစ်ဖို့ ယင်းကို သူမည်သို့ကျော်လွှားခဲ့သနည်း။—ရောမ ၇:၁၉၊ ၂၀။
သူ့စာ၏အစပိုင်းတွင် ပေါလုက “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟူ၍ရေးသားခဲ့သည်။ “တစ်ယောက်သောသူ” မှာအာဒံဖြစ်သည်။ (ရောမ ၅:၁၂၊ ၁၄) အာဒံ၏အပြစ်—ဦးဆုံးလူသားဖြစ်သည့်အာဒံ၏အပြစ်—သည် လူသားမျိုးနွယ်တို့၏ မွေးရာပါမစုံလင်မှု၏အကြောင်းရင်းခံဖြစ်ကာ သမာဓိစောင့်သိခြင်းသည် အမှန်ပင်စိန်ခေါ်ချက်ဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းလည်းဖြစ်သည်။
ဓမ္မပညာဆိုင်ရာနယ်ပယ်မှ ဆင့်ကဲအယူအဆကို နှစ်ခြိုက်သဘောကျကာ ဖန်ဆင်းခြင်းဆိုင်ရာသမ္မာကျမ်းစာမှတ်တမ်းကို ငြင်းပယ်ကြသောကြောင့် “ကနဦးအပြစ်တရား” ဟုခေါ်သည့် ပေါလု၏ရှုမြင်ချက်ကို ယနေ့တွင် အများကလက်မခံကြပါ။ “ကျမ်းပညာရှင်များသည် ထိုစကားစုတစ်ခုလုံးကို ဖယ်ထုတ်ပစ်လိုက်ကြသည်” ဟု ရောမ ၅:၁၂-၁၄ ပါအကြောင်းနှင့်ပတ်သက်၍ ယခုခေတ်ရှိဋီကာတစ်ခုကဆိုသည်။ သို့တိုင် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က “အာဒံအပြစ်ပြုသောအခါ . . . သူသည် ထိုအပြစ်စွန်းထင်းသွားကာ ယင်း၏အကျိုးဆက်ကြောင့် သူ၏မျိုးရိုးစဉ်ဆက်အားလုံး အပြစ်စွန်းထင်းကုန်သည်” ဟု ကျမ်းစာဋီကာများက တစ်သမတ်တည်းရှင်းပြခဲ့ကြသည်။a
သမာဓိပျက်ပြားခြင်း၏ မူလဘူတ
ပထမလူသား အာဒံတည်ရှိခြင်းကို ယနေ့လူအများငြင်းပယ်ကြသကဲ့သို့ပင် စာတန်မာရ်နတ်ကိုလည်း ဒဏ္ဍာရီမှ ထွင်လုံးတစ်ခုအဖြစ်သာ သဘောထားကြလေသည်။b သို့သော် ထင်ရှားသောအာဏာပိုင်ယေရှုခရစ်က ထိုပုဂ္ဂိုလ်နှင့်ပတ်သက်၍ “သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ” ဟု ကျွန်ုပ်တို့အားမိန့်တော်မူသည်၊ တစ်နည်းအားဖြင့်ဆိုလျှင် သူသည် ယုံကြည်ကိုးစားထိုက်သူတစ်ဦးမဟုတ်ချေ။ (ယောဟန် ၈:၄၄) ထို့ပြင် စာတန်၏သွေးထိုးမြှောက်ပင့်မှုကြောင့် အာဒံနှင့် သူ့ဇနီးဧဝသည် ယေဟောဝါကိုပုန်ကန်ကာ စမ်းသပ်မှုအောက်တွင် သူတို့၏သမာဓိကို ချိုးဖျက်ခဲ့ကြပြန်သည်။—ကမ္ဘာဦး ၃:၁-၁၉။
ကျွန်ုပ်တို့အားလုံးသည် အာဒံမှဆင်းသက်လာသောကြောင့် အပြစ်ပြုရာသို့တိမ်းညွှတ်လိုသည့်သဘောကို အမွေရရှိကြသည်။ ပညာရှိရှောလမုန်က “အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သောသူတော်ကောင်းတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ” ဟုဆိုခဲ့သည်။(ဒေသနာ ၇:၂၀) သို့ဖြစ်စေကာမူ မည်သည့်လူသားမဆို ယုံကြည်စိတ်ချထိုက်သူဖြစ်နိုင်ပါသည်။ ယင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ သမာဓိစောင့်သိရန်အတွက် စုံလင်သောလူသားတစ်ဦးဖြစ်စရာမလိုသောကြောင့်ဖြစ်သည်။
သမာဓိစောင့်သိမှု၏အခြေခံ
ဣသရေလရှင်ဘုရင်ဒါဝိဒ်သည် ဗာသရှေဘနှင့်ကျူးလွန်ခဲ့သော အထောက်အထားခိုင်လုံသည့် သူ့သားအိမ်ရာပြစ်မှားမှုအပါအဝင် အမှားများစွာကိုကျူးလွန်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၁:၁-၂၇) ဒါဝိဒ်၏ အမှားများစွာက သူသည် စုံလင်ခြင်းနှင့်အလှမ်းဝေးကွာလှကြောင်း အထူးပေါ်လွင်စေပါသည်။ သို့သော် ယေဟောဝါသည် ထိုသူ၌ အဘယ်အရာကို တွေ့မြင်ခဲ့သနည်း။ ဒါဝိဒ်၏သားရှောလမုန်ကို ရည်ညွှန်း၍ယေဟောဝါက ‘သင့်အဘဒါဝိဒ်ကဲ့သို့ သမာဓိနှလုံးဖြင့်လည်းကောင်း၊ ဖြောင့်မတ်တည်ကြည်စွာနှင့်လည်းကောင်း ငါရှေ့မှာကျင့်နေ’ ဟုမိန့်တော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၉:၄၊ ကဘ) ဒါဝိဒ်တွင် အမှားများစွာရှိသော်ငြားလည်း သူ၏အခြေခံယုံကြည်စိတ်ချရမှုကို ယေဟောဝါအသိအမှတ်ပြုခဲ့သည်။ အဘယ်ကြောင့်နည်း။
ရှောလမုန်ကို ဤသို့ပြောဆိုခဲ့စဉ်က အဖြေကိုဒါဝိဒ်ပေးခဲ့သည်– “ထာဝရဘုရားသည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။” (၁ ရာဇဝင်ချုပ် ၂၈:၉) ဒါဝိဒ်သည် အမှားများကိုပြုလုပ်ခဲ့သော်လည်း နှိမ့်ချမှုနှင့် မှန်ရာကိုပြုလုပ်လိုသည့်သဘောထား သူ့တွင်ရှိသည်။ သူသည် အပြစ်ဖော်ပြဆုံးမခြင်းကို အမြဲပင်လက်ခံကာ အမှားပြင်ခဲ့ပြီး အမှန်သော် ယင်းအတွက်ကိုပင် သူတောင်းဆိုခဲ့သည်။ သူ၏တောင်းဆိုချက်မှာ “အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍၊ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ” ဟူ၍ဖြစ်သည်။ (ဆာလံ ၂၆:၂) ထို့နောက် ဒါဝိဒ်သည် ကောင်းမွန်ရာကို လုပ်ဆောင်ခဲ့သည်။ ဥပမာအနေဖြင့် ဗာသရှေဘနှင့် ပြစ်မှားခဲ့ခြင်းမှရလဒ်ဖြစ်သော စိတ်ဒုက္ခရောက်ခြင်းကို သူသေဆုံးသည့်အထိ ကြုံသွားရသည်။ သို့ဖြစ်စေကာမူ ဒါဝိဒ်သည် မိမိ၏မှားယွင်းမှုကို အပြစ်မရှိကြောင်းဆင်ခြေတက်ရန် မည်သည့်အခါကမျှမကြိုးပမ်းခဲ့ချေ။ (၂ ဓမ္မရာဇဝင် ၁၂:၁-၁၂) ထိုထက်အရေးကြီးသည်ကား သူသည် စစ်မှန်သောဝတ်ပြုရေးမှ မည်သည့်အခါမျှသွေဖည်မသွားခဲ့ခြင်းဖြစ်သည်။ ဤအကြောင်းကြောင့်နှင့် ဒါဝိဒ်၏စစ်မှန်ပြီး လှိုက်လှိုက်လှဲလှဲရှိသောကြေကွဲမှုနှင့် နောင်တတို့ကြောင့် ယေဟောဝါသည် သူ၏အပြစ်ကိုခွင့်လွှတ်ရန်နှင့် သမာဓိစောင့်သိသူတစ်ဦးအဖြစ် သူ့ကိုလက်ခံရန် အသင့်ရှိတော်မူခဲ့ခြင်းဖြစ်သည်။—ဆာလံ ၅၁ ကိုလည်းရှု။
စမ်းသပ်မှုအောက် ယုံကြည်ကိုးစားမှု
မိမိ၏သမာဓိကိုချိုးဖျက်ပစ်ရန် စာတန်မာရ်နတ်၏ ကြိုးပမ်း၍စမ်းသပ်ခြင်းကို ယေရှုခံခဲ့ရသည်။ စုံလင်သောလူသားတစ်ဦးအနေနှင့် မိမိအားညွှန်ကြားထားသည့် ဘုရားပေးပညတ်ချက်တစ်ခုကို နာခံရန်ဟူသော စမ်းသပ်မှုဖြင့်သာ နာခံမှုကို စမ်းသပ်ခံခဲ့ရသည့် အာဒံနှင့် ခြားနားလှစွာပင် ယေရှုသည် အခက်အခဲများနှင့် ဒုက္ခဝေဒနာကြားတွင် မိမိ၏သမာဓိကိုစောင့်ထိန်းခဲ့ရသည်။ ထို့အပြင် လူသားမိသားစုတစ်ရပ်လုံးကို အပြစ်မှရွေးနုတ်ကယ်တင်ခြင်းသည် မိမိ၏သမာဓိစောင့်သိမှုအပေါ်မူတည်နေကြောင်း ယေရှုသိရှိထားခြင်းက သူ့အတွက်ဖိစီးမှုဖြစ်စေသည်။—ဟေဗြဲ ၅:၈၊ ၉။
ယေရှုသည် တောထဲ၌ ရက် ၄၀ ပတ်လုံး အစာရှောင်ကာ တွေးတောဆင်ခြင်ပြီးနောက် ကိုယ်တော်၏အားအနည်းဆုံးအချိန်တွင် စာတန်သည် ယေရှု၏သမာဓိကိုချိုးဖျက်ပစ်ရန်ဟူသည့် ဆုံးဖြတ်ချက်နှင့်အညီ ကိုယ်တော်ထံသို့ချဉ်းကပ်လေသည်။ ကျောက်ခဲများမှ မုန့်အဖြစ်သို့ပြောင်းရန်; ဗိမာန်တော်၏အထွတ်မှခုန်ချကာ ကောင်းကင်တမန်တို့၏ကြားဝင်ကာကွယ်မှုကိုရခြင်းဖြင့် မိမိ၏မေရှိယအဖြစ်တော်ကို အံ့ဖွယ်အမှုလက္ခဏာတစ်ခုအဖြစ် သက်သေပြရန်နှင့်; စာတန်ကို တစ်ကြိမ်တည်း “ညွတ်ပျပ်ကိုးကွယ်” လိုက်ရုံဖြင့် ဤလောကတစ်နိုင်ငံလုံးအား အုပ်ချုပ်ရန်ကမ်းလှမ်းခြင်းဖြင့် သုံးကြိမ်တိုင်အောင် ယေရှုအားသူသွေးဆောင်ခဲ့သည်။ သို့သော် ယေရှုသည် ဖြားယောင်းသွေးဆောင်မှုတိုင်းကို ငြင်းပယ်ကာ ယေဟောဝါအား ဆက်လက်၍သမာဓိစောင့်သိခဲ့သည်။—မဿဲ ၄:၁-၁၁; လုကာ ၄:၁-၁၃။
ယောဘ၏သမာဓိစောင့်သိမှု
စမ်းသပ်မှုအောက်တွင် သမာဓိစောင့်သိခဲ့သော ယောဘ၏ရပ်တည်မှုသည် ထင်ရှားကျော်ကြားလှသည်။ စိတ်ဝင်စားစရာမှာ ယောဘသည် မိမိအပေါ်သို့ဘေးဒုက္ခများ အဘယ်ကြောင့်ကျရောက်ရခြင်းကို မသိခြင်းပင်ဖြစ်သည်။ စာတန်သည် မိမိအပေါ်တွင် မှားယွင်းသောရည်ရွယ်ချက်ထားကြောင်း ယောဘမသိပါ၊ မိမိ၏အကျိုးအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေခြင်းဖြစ်သည်ဟု ယောဘကိုယိုးစွပ်ကာ ကိုယ့်အသက်ကိုကယ်တင်ရန် သူ၏သမာဓိကို စိတ်လိုကိုယ်လျောက် ချိုးဖောက်လိမ့်မည်ဟု ဆိုသည်။ စာတန့်အဆိုမှားကြောင်းပြသရန် အလွန်ခက်ခဲသောတွေ့ကြုံမှုအချို့ကို ယောဘတွေ့ကြုံစေရန် ဘုရားသခင်ခွင့်ပြုလိုက်သည်။—ယောဘ ၁:၆-၁၂; ၂:၁-၈။
မိတ်ဆွေအတုအယောင်သုံးဦးတို့သည် အချင်းဖြစ်ပွားရာနေရာသို့ ရောက်လာကြသည်။ သူတို့သည် ဘုရားသခင်၏ စံနှုန်းများနှင့် ရည်ရွယ်ချက်တို့ကို မှားယွင်းစွာဖြင့် တမင်သက်သက်ပြောဆိုကြသည်။ ယောဘ၏ဇနီးပင်လျှင် ထိုပြဿနာကို နားမလည်သဖြင့် သူမ၏ခင်ပွန်းသည် အားပေးမှုအကြီးအကျယ်လိုအပ်နေချိန်တွင် အားပေးရန်ပျက်ကွက်ခဲ့သည်။ (ယောဘ ၂:၉-၁၃) သို့သော် ယောဘသည် ခိုင်မြဲစွာရပ်တည်ခဲ့သည်။ “ငါသည်ကိုယ်သဘောဖြောင့်သည် [“သမာဓိ၊” ကဘ] ကို သေသည်တိုင်အောင်မ [“စွန့်၊” ကဘ] ငြင်း။ ငါသည်တရားသောအကျင့်ကိုလက်မလွတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။”—ယောဘ ၂၇:၅၊ ၆။
စာတန်သည် မုသာကောင်ဖြစ်ကြောင်း ယောဘ၏ကောင်းမွန်သော ပုံသက်သေနှင့်အတူ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် အခြားသစ္စာရှိ အမျိုးသားနှင့် အမျိုးသမီးများစွာတို့၏သမာဓိစောင့်သိမှုက သက်သေထူသည်။
ခရစ်ယာန်ဓမ္မအမှုနှင့် သမာဓိစောင့်သိမှု
သမာဓိစောင့်သိမှုသည် ယေဟောဝါက မိမိကျေနပ်ပျော်ရွှင်မှုအတွက်သာ တန်ဖိုးထားသော အရည်အသွေးတစ်ခုဖြစ်ပါသလော။ မဟုတ်ပါ၊ သမာဓိစောင့်သိခြင်းကိုယ်နှိုက်သည် တန်ဖိုးရှိသောအရည်အသွေးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အကျိုးအလို့ငှာ ယေရှုက ‘ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟုသတိပေးတော်မူခဲ့သည်။ မှန်ပါသည်၊ ယင်းသည် ‘ပထမပညတ်ဖြစ်ပြီး၊ ကြီးမြတ်သောပညတ်လည်းဖြစ်ကာ’ ယင်းက အမျိုးသား၊ အမျိုးသမီး သို့မဟုတ် ကလေးငယ်တစ်ဦးဦးကို ဆက်လက်၍သမာဓိစောင့်သိစေသည်။ (မဿဲ ၂၂:၃၆-၃၈) ယင်းတွင် အဘယ်အရာပါဝင်၍ မည်သည့်ဆုလာဘ်များရရှိမည်နည်း။
သမာဓိစောင့်သိသူတစ်ဦးသည် သူ၏အပေါင်းအဖော်သာမက သာ၍အရေးကြီးသည်ကား ဘုရားသခင်၏ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပါသည်။ သူ၏စိတ်နှလုံးဖြူစင်မှုကို လုပ်ဆောင်မှုများတွင် မြင်တွေ့ရပြီး; ဟန်ဆောင်ခြင်းမှ ကင်းဝေးပါသည်။ သူ့တွင် မရိုးသားခြင်း သို့မဟုတ် အကျင့်ယိုယွင်းခြင်းမရှိပါ။ တမန်တော်ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သောအမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်းဖော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏စိတ်ထင်အတိုင်း ချီးမွမ်းဖွယ်သောအကျင့်ဓလေ့ကို ကျင့်ကြ၏။”—၂ ကောရိန္သု ၄:၂။
ပေါလုဖော်ပြထားသောသဘောထားများသည် ခရစ်ယာန်ဓမ္မအမှုနှင့် ပတ်သက်နေကြောင်း သတိပြုပါ။ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး၌ ဆောင်ရွက်မှုများမမှန်ကန်၊ သမာဓိစောင့်သိသူတစ်ဦး မဟုတ်ပါက အခြားသူများကို မည်သို့ထောက်ပံ့ကူညီနိုင်မည်နည်း။ မကြာသေးမီက အိုင်ယာလန်နိုင်ငံရှိ ဘာသာရေးအုပ်ချုပ်မှုတစ်ခုမှ နုတ်ထွက်သွားသော ဓမ္မဆရာအကြီးအမှူးတစ်ဦး၏အဖြစ်က ထိုအချက်ကို ရှင်းလင်းစွာဖော်ပြပါသည်။ ထိုဓမ္မဆရာအကြီးအမှူးသည် “ကလေးအပေါ်ကာမကျူးလွန်သည့် ဓမ္မဆရာတစ်ဦးအား သူ၏ ကလေးကိုမတော်မတရားပြုခြင်းကို လူသိများလာသည့်နောက်၌ပင် ကလေးများနှင့်အတူ ဆက်အလုပ်လုပ်ခွင့် ပေးခဲ့သည်” ဟု ဝန်ခံခဲ့ကြောင်း သည်အင်ဒီပဲန်ဒင့်သတင်းစာကဖော်ပြသည်။ ထိုရှင်းလင်းချက်က ယင်းသို့မတော်မတရားပြုခြင်းသည် ၂၄ နှစ်ကျော်ကြာခဲ့ကြောင်း ရှင်းပြထားသည်။ ထိုဓမ္မဆရာသည် လေးနှစ် ထောင်ချခြင်းခံရသည်၊ သို့သော် သူ၏ကြီးကြပ်ရေးမှူးသည် အရေးယူရန်အတွက် ကိုယ်ကျင့်တရားဆိုင်ရာသမာဓိမဲ့နေခဲ့သောကြောင့် ထိုနှစ်များအတောအတွင်း သူစော်ကားခဲ့သောကလေးများ၏ ခံစားမှုနှင့်စပ်လျဉ်း၍ စဉ်းစားကြည့်ပါလေ!
သမာဓိစောင့်သိမှု၏ ဆုကျေးဇူး
တမန်တော်ယောဟန်သည် ကြောက်ရွံ့ခြင်းကင်းမဲ့သူ တစ်ဦးဖြစ်သည်။ သူတို့၏ တောက်လောင်သောစိတ်ထက်သန်မှုကြောင့် ယေရှုက သူနှင့်သူ၏ညီအစ်ကိုယာကုပ်ကို “မိုးကြိုးသား” ဟုခေါ်ဆိုခဲ့သည်။ (မာကု ၃:၁၇) ယေရှုနှင့်အတူရှိခဲ့စဉ်၌ မိမိကြားနာမြင်တွေ့ခဲ့ရသောအရာနှင့်ပတ်သက်၍ “မဟောမပြောဘဲမနေနိုင်” ဟု ပေတရုအပါအဝင် ထင်ရှားသောသမာဓိစောင့်သိသူ ယောဟန်သည် ဂျူးအာဏာပိုင်တို့အား ရှင်းပြခဲ့သည်။ ယောဟန်သည် “လူ၏စကားထက်ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြောခဲ့သောတမန်တော်များထဲမှ တစ်ဦးအပါအဝင်လည်းဖြစ်သည်။—တမန်တော် ၄:၁၉၊ ၂၀; ၅:၂၇-၃၂။
“ဘုရားသခင်၏နှုတ်ကပါဌ်နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကြောင့်” ယောဟန်သည် သူ၏အသက် ၉၀ ကျော်တွင်းတော်တော်ဝင်နေချိန်တွင် ပတ်မုကျွန်းသို့ပြည်နှင်ဒဏ်ခံရဟန်ရှိသည်။ (ဗျာဒိတ် ၁:၉) သူသည် ထိုအသက်အရွယ်တွင် မိမိ၏ဓမ္မအမှုကုန်ဆုံးပြီဟု တွေးတောမိပေလိမ့်မည်။ သို့သော် သမာဓိစောင့်သိသောသူသာလျှင် စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ဗျာဒိတ်ကျမ်းပါရူပါရုံကို ရေးသားရန် တာဝန်အပ်နှင်းခြင်းခံရနိုင်မည်ဖြစ်သည်။ ဤကိစ္စတွင် ယောဟန်သည် သစ္စာရှိခဲ့ပါသည်။ သူ့အတွက် မည်မျှကောင်းသည် အခွင့်အရေးတစ်ခုပါတကား! ထို့အပြင် အခွင့်အရေးများစွာလည်း ရှိပါသေးသည်။ နောက်ပိုင်း၌ သူ၏ခရစ်ဝင်မှတ်တမ်းနှင့် စာသုံးစောင်ကို ဧဖက်မြို့အနီးတစ်ဝိုက်တွင်ရေးသားခဲ့သည်မှာ သိသာထင်ရှားပါသည်။ ထိုသို့သော ထူးမြတ်သည့်အခွင့်အရေးများသည် အနှစ် ၇၀ သစ္စာရှိရှိ၊ ယုံကြည်စိတ်ချစွာ အမှုထမ်းဆောင်ခဲ့ခြင်း၏အကျိုးရလဒ်ပါတကား!
ယေဘုယျအားဖြင့် သမာဓိစောင့်သိသူတစ်ဦးဖြစ်ရခြင်းမှ အလွန်ကျေနပ်ရောင့်ရဲမှုရရှိပါသည်။ ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချမှုခံရခြင်းက ထာဝရဆုကျေးဇူးများရရှိစေသည်။ ယနေ့တွင် စစ်မှန်သောဝတ်ပြုသူများဖြစ်သည့် “လူအုပ်ကြီး” သည် ငြိမ်သက်မှုနှင့် ညီညွတ်မှုရှိကာ ထာဝရအသက်ရဖို့အလားအလာရှိသော ကမ္ဘာသစ်ထဲသို့ဝင်ရောက်ရန် ပြင်ဆင်လျက်ရှိကြသည်။ (ဗျာဒိတ် ၇:၉) ဤအစီအစဉ်စနစ်၏ဒုက္ခများနှင့် စာတန်ပေးမည့်စိန်ခေါ်ချက်များစွာရှိသော်ငြားလည်း အရေးကြီးသောအရာများဖြစ်သည့် အကျင့်နှင့်ဝတ်ပြုရေးတွင် သမာဓိစောင့်သိရမည်ဖြစ်သည်။ ခွန်အားနှင့်ပြည့်စုံစေတော်မူသော ယေဟောဝါအားဖြင့် သင်အောင်မြင်နိုင်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်တကား!—ဖိလိပ္ပိ ၄:၁၃။
လက်ရှိနှင့် အနာဂတ်နှစ်ရပ်စလုံးနှင့်ပတ်သက်၍ ဆိုရာ၌ ဆာလံဆရာဒါဝိဒ်က ယေဟောဝါထံကျေးဇူးတင်ဆုတောင်းခြင်းတွင် ကျွန်ုပ်တို့အားလုံးကို ဤသို့ယုံကြည်စိတ်ချစေခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကိုအကျွန်ုပ် စုံလင်ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာနေရာပေးတော်မူလတ္တံ့။ . . . ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည်၊ . . . မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့်အာမင်။”—ဆာလံ ၄၁:၁၂၊ ၁၃။
[အောက်ခြေမှတ်ချက်များ]
a စာရေးဆရာများ၏အကျဉ်းချုပ်အနက်ဖွင့်ချက်နှင့်တကွ အမိန့်ရဘာသာပြန်ကျမ်းအရဖြစ်သော ကျွန်ုပ်တို့သခင်နှင့်ကယ်တင်ရှင် ယေရှုခရစ်၏ဓမ္မသစ်ကျမ်း စာအုပ်ပါမှတ်ချက်မှဖြစ်သည်။
b စာတန်၏အဓိပ္ပာယ်မှာ “တော်လှန်ပုန်ကန်သူ” ဖြစ်ပြီး “မာရ်နတ်” ဟူသည် “ရှုတ်ချဂုဏ်ဖျက်သူ” ဖြစ်သည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် မိမိ၌အမှားများရှိသော်ငြားလည်းယုံကြည်စိတ်ချထိုက်သူဖြစ်ကြောင်း သက်သေပြခဲ့
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယုံကြည်စိတ်ချမှုနှင့်ပတ်သက်၍ ယေရှုသည်ကျွန်ုပ်တို့အတွက် အကောင်းဆုံးပုံသက်သေကိုထားခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယုံကြည်စိတ်ချထိုက်သူဖြစ်ခြင်းက ကြီးမားသောကျေနပ်ရောင့်ရဲမှုကို ရရှိစေ