မည်သူများအမှန်ပင်—ကောင်းကင်ဆိုင်ရာ ခေါ်တော်မူခြင်းခံရသနည်း
ယေဟောဝါသည် လူသားများကိုချစ်သည်။ ဤမေတ္တာသည်ကြီးမြတ်လှသောကြောင့် ကိုယ်တော်သည်မိမိသားတော်ယေရှုခရစ်ကို ကျွန်ုပ်တို့ဘိုးဘေးအာဒံဆုံးရှုံးခဲ့သည်ကို ရွေးရန်ရွေးဖိုးအဖြစ် ပေးခဲ့သည်။ ယင်းကားအဘယ်နည်း။ ရပိုင်ခွင့်နှင့်အလားအလာ အားလုံးပါဝင်သော ထာဝရ၊ စုံလင်သောလူ့အသက်တာဖြစ်သည်။ (ယောဟန် ၃:၁၆) ရွေးနှုတ်ဖိုးသည် လူသားများအပေါ် ယေရှု၏မေတ္တာပြယုဂ်လည်းဖြစ်သည်။—မဿဲ ၂၀:၂၈။
ယေရှု၏ရွေးဖိုးပူဇော်သက္ကာအကျိုးပေါ်တွင် အခြေပြု၍ ဘုရား-ပေးမျှော်လင့်ချက်နှစ်ခု ဖွင့်ပေးလိုက်ခြင်းဖြင့် မေတ္တာတော်ကို ဖော်ပြလျက်ရှိသည်။ (၁ ယောဟန် ၂:၁၊ ၂) ယေရှုသည်လူအနေနှင့်မသေဆုံးမီ မျက်နှာသာတော်ရရှိသော သူများ၏တစ်ခုတည်းသောမျှော်လင့်ချက်သည် မြေကြီးပရဒိသုတွင်အသက်တာဖြစ်သည်။ (လုကာ ၂၃:၄၃) ၃၃ စီအီး ပင်တေကုတ္တေမှစ၍ ယေဟောဝါသည် “သိုးစုငယ်” အား ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ကို ပေးခဲ့သည်။ သို့သော်မကြာသေးမီက ဘာဖြစ်ပျက်ခဲ့သနည်း။ ၁၉၃၁ မှစ၍ ဘုရားနိုင်ငံတော်သတင်းသည် “အခြားသိုးများ” အပေါ်ပိုမိုအာရုံစိုက်ခဲ့ပြီး ၁၉၃၅ မှစ၍ဘုရားရှင်သည် ခရစ်တော်အားဖြင့် သိုးကဲ့သို့သောသူ “လူအုပ်ကြီး” ကိုမိမိထံစုသိမ်းလျက်ရှိသည်။ (ယောဟန် ၁၀:၁၆။ ဗျာဒိတ် ၇:၉) သူတို့၏နှလုံးတွင်၊ ဘုရားရှင်သည် မြေကြီးပေါ်ပရဒိသုတွင် ထာဝရအသက်မျှော်လင့်ချက်ကို ထားပေးတော်မူသည်။ သူတို့သည်စုံလင်သောအစာကို စားလိုကြပြီး မေတ္တာနှင့်တိရစ္ဆာန်များကိုအုပ်ချုပ်ကာ ဖြောင့်မတ်သောလူသားချင်းတို့နှင့် ထာဝစဉ်ပေါင်းသင်းသွားလိုကြသည်။
ကရုဏာရှိသော ယဇ်ပုရောဟိတ်များနှင့်ဘုရင်များ
မေတ္တာကယေရှုကို ရွေးနှုတ်ဖိုးအဖြစ် မိမိအသက်ကိုပေးစေသောကြောင့် ကိုယ်တော်သည်ကရုဏာရှိသော ကောင်းကင်ဘုရင်ဖြစ်မည်မှာသေချာသည်။ သို့ပင်ငြားလည်း၊ ယေရှုသည်လူသားများကို မိမိ၏အနှစ်တစ်ထောင်အုပ်ချုပ်ခြင်းအတွင်း စုံလင်ခြင်းသို့မြှင့်တင်ရာတွင် တစ်ဦးတည်းလုပ်ဆောင်မည်မဟုတ်ချေ။ ယေဟောဝါရှင်သည် ကောင်းကင်တွင်အခြားကရုဏာရှိသော ဘုရင်များအတွက်လည်း စီစဉ်ပြီးသားဖြစ်သည်။ မှန်ပါသည်၊ “ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”—ဗျာဒိတ် ၂၀:၁-၆။
ခရစ်တော်တွင်တွဲဖက်အုပ်စိုးသူ မည်မျှရှိမည်နည်း။ ထိုသို့သောအံ့ဖွယ်အခွင့်အရေးအတွက် သူတို့ကိုမည်သို့ရွေးချယ်သနည်း။ တမန်တော်ယောဟန်သည် ၁၄၄,၀၀၀ ကိုကောင်းကင်ဇိအုန်တောင်တွင် သိုးသငယ်၊ ယေရှုခရစ်နှင့်အတူ တွေ့ခဲ့သည်။ “လူတို့အထဲကရွေးနှုတ်” သောကြောင့် သူတို့သည် စုံစမ်းခြင်းခံရစဉ်မည်သို့ခံစားရပုံ၊ မစုံလင်မှုဝန်ကိုခံရခြင်း၊ ဒုက္ခခံ၍သေရခြင်း အဓိပ္ပာယ်တို့ကိုသိရှိကြမည်။ (ဗျာဒိတ် ၁၄:၁-၅။ ယောဘ ၁၄:၁) ထို့ကြောင့်၊ သူတို့သည် မည်မျှကရုဏာသက်မည့် ဘုရင်-ယဇ်ပုရောဟိတ်များဖြစ်မည်ပါတကား။
ဝိညာဉ်တော်၏သက်သေ
၁၄၄,၀၀၀ သည်ယေဟောဝါထံမှ “သန့်ရှင်းတော်မူသောဘုရား၏လက်မှ ဘိသိက်ကျေးဇူးတော်ကိုခံရ” သည်။ (၁ ယောဟန် ၂:၂၀) ယင်းသည်ကောင်းကင်မျှော်လင့်ချက်သို့ ဘိသိက်ခံရခြင်းဖြစ်သည်။ ဘုရားရှင်သည် ‘ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စရန်ကိုသွင်းပေးတော်မူ၏။’—၂ ကောရိန္သု ၁:၂၁၊ ၂၂။
မှန်ပါသည်၊ ကောင်းကင်ခေါ်တော်မူခြင်းခံရသူတို့သည် ထိုသို့ဘုရားသခင့်ဝိညာဉ်တော်သက်သေခံခြင်းကို ရရှိသည်။ ယင်းနှင့်စပ်လျဉ်း၍ရောမ ၈:၁၅-၁၇ တွင်ပေါလု ဤသို့ရေးသားခဲ့သည်။ “သင်တို့သည်တစ်ဖန်ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ ‘အဗ္ဗ၊ အဘ’ ဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို ရကြပြီ။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏။” ဘုရားသင့်ဝိညာဉ်တော်အားဖြင့် (ဝါ) လှုပ်ရှားသောတန်ခိုးအားဖြင့် ဘိသိက်ခံများသည် “အဗ္ဗ၊ အဘ” ဟုခေါ်နိုင်လေသည်။
လူတစ်ဦးသည် ကောင်းကင်ခေါ်တော်မူခြင်းသို့ ဘိသိက်ပေးခံရကြောင်း အဓိကအထောက်အထားမှာ ဝိညာဉ်တော် (ဝါ) သားအဖြစ်စိုးမိုးသော ခံစားချက်ဖြစ်သည်။ (ဂလာတိ ၄:၆၊ ၇) ထိုသို့သောသူသည် ကောင်းကင်နိုင်ငံတော်၏ပူးတွဲအမွေခံ ၁၄၄,၀၀၀ အဝင်ဝိညာဏသားအဖြစ် ဘုရားရှင်၏မွေးဖွားခြင်းခံရကြောင်း မိမိကိုယ်ကိုလုံးဝစိတ်ချသည်။ သူ၏ကောင်းကင်မျှော်လင့်ချက်သည် သူမွေးမြူသောဆန္ဒ သို့မဟုတ် သူ့စိတ်ကူးယဉ်မဟုတ်ကြောင်း သက်သေခံနိုင်သည်။ သို့အစား၊ သူ့အပေါ် ဘုရားရှင်၏ဝိညာဉ်တော်လှုပ်ရှားမှုအားဖြင့် ယေဟောဝါထံမှဖြစ်သည်။—၁ ပေတရု ၁:၃၊ ၄။
ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်၌ ဘိသိက်ခံများ၏စိတ်ဝိညာဉ် သို့မဟုတ် စိုးမိုးသောသဘောသည် စေ့ဆော်တွန်းအားအဖြစ် လုပ်ဆောင်သည်။ ယင်းသည်သူတို့အား ကောင်းကင်မျှော်လင့်ချက်နှင့်စပ်လျဉ်း၍ ဘုရားနှုတ်ကပါဌ်တော် ပြောသည်ကိုအပြုသဘောဖြင့် တုံ့ပြန်စေသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့အပေါ်ယေဟောဝါဆက်ဆံခြင်းကိုလည်း သူတို့သည်အပြုသဘောဖြင့် တုံ့ပြန်ကြသည်။ သို့ဖြင့်၊ သူတို့သည် ဘုရားရှင်၏ဝိညာဏသားများနှင့် အမွေခံများဖြစ်ကြောင်း သေချာသည်။
ဘိသိက်ခံများသည် ဘုရားနှုတ်ကပါဌ်တော်က မိမိ၏ဝိညာဏသားများနှင့် ကောင်းကင်မျှော်လင့်ချက်အကြောင်းပြောသောအခါ သူတို့၏အတွင်းသဘောသည် အလိုအလျောက်ပင် သူတို့ကိုယ်အတွင်း၌ ‘ဒါငါ့ကိုဆိုလိုတယ်’ ဟုဆိုသည်။ မှန်ပါသည်၊ သူတို့၏ခမည်းတော်နှုတ်ကပါဌ်တော်က ကောင်းကင်ဆုလာဘ်ကို ကတိပေးသောအခါ သူတို့သည်ရွှင်လန်းစွာဖြင့် တုံ့ပြန်ကြသည်။ “ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏” ဟုဖတ်ရသောအခါ သူတို့က ‘ဒါငါ့ကိုဆိုလိုတယ်’ ဟုပြောသည်။ (၁ ယောဟန် ၃:၂) ဘုရားရှင်သည်လူများအား “အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှာ” ဖြစ်ဖွားစေသည်ဟု ဘိသိက်ခံများဖတ်ရသောအခါ သူတို့၏အတွင်းသဘောက ‘ဟုတ်တယ်၊ ကိုယ်တော်ဟာငါ့ကို အဲ့ဒီရည်ရွယ်ချက်အတွက် ဖြစ်ဖွားစေတယ်” ဟုတုံ့ပြန်ရန်ဖြစ်သည်။ (ယာကုပ် ၁:၁၈) သူတို့သည် ကိုယ်တော်၏သေခြင်းနှင့် “ယေရှုခရစ်၌ဗတ္တိဇံကိုခံ” ပြီးကြောင်း သူတို့သိကြသည်။ (ရောမ ၆:၃) ထို့ကြောင့်သူတို့သည် ခရစ်တော်၏ဝိညာဏကိုယ်ခန္ဓာအဝင်ဖြစ်ရန် အခိုင်အမာစိတ်ချမှုရှိပြီး ကိုယ်တော်ကဲ့သို့သေ၍ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ရန် မျှော်လင့်ချက်ရှိကြသည်။
ကောင်းကင်နိုင်ငံတော်ကိုအမွေခံရန် ဘိသိက်ခံများသည် ‘သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ကြိုးစားအားထုတ်’ ရမည်။ (၂ ပေတရု ၁:၅-၁၁) သူတို့သည် မြေကြီးမျှော်လင့်ချက်ရှိသူများကဲ့သို့ ယုံကြည်ခြင်းဖြင့်လိုက်လျှောက်ပြီး ဝိညာဏအရတိုးပွားနေသည်။ ထို့ကြောင့်၊ ဝိညာဉ်တော်သက်သေခံခြင်းအပြင် ဘာရှိသေးသနည်း။
အဘယ်ကြောင့်သူတို့စားသုံး
ဘိသိက်ခံခရစ်ယာန်များသည် မျက်မှောက်ခေတ်မြေကြီးအသက်တာကို မကျေချမ်းသောကြောင့် ကောင်းကင်သွားလိုခြင်းမဟုတ်ချေ။ (ယုဒ ၃၊ ၄၊ ၁၆၊ နှင့်နှိုင်းယှဉ်) သို့အစား၊ သူတို့သည်ဘုရား၏ကလေးများဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ဝိညာဉ်နှင့်အတူ သက်သေခံလေသည်။ သူတို့သည်ပဋိညာဉ်သစ်ထဲသို့ ခေါ်သွင်းခြင်းခံရသူများဖြစ်ကြောင်းကိုလည်း သူတို့သေချာသည်။ ဤပဋိညာဉ်တွင်ပါဝင်သူများသည် ယေဟောဝါဘုရားရှင်နှင့် ဝိညာဏဣသရေလတို့ဖြစ်သည်။ (ယေရမိ ၃၁:၃၁-၃၄။ ဂလာတိ ၆:၁၅၊ ၁၆။ ဟေဗြဲ ၁၂:၂၂-၂၄) ဤပဋိညာဉ်သည် ယေရှုသွန်းလောင်းသော အသွေးအားဖြင့်ဖြစ်ပေါ်ပြီး ယေဟောဝါ၏နာမအတွက် လူတစ်မျိုးကိုရွေးချယ်ကာ ဤဘိသိက်ခံခရစ်ယာန်များအား အာဗြဟံ၏ “အမျိုးအနွယ်” အဝင်ဖြစ်စေသည်။ (ဂလာတိ ၃:၂၆-၂၉။ တမန်တော် ၁၅:၁၄) ပဋိညာဉ်သစ်သည် ဝိညာဏဣသရေလအားလုံး ကောင်းကင်သို့မသေနိုင်သည့် အသက်တာဖြင့် ထမြောက်သွားသည်အထိ လုပ်ဆောင်လျက်ရှိမည်။
ထို့ပြင်၊ ကောင်းကင်ခေါ်တော်မူခြင်း အမှန်ခံရသူများသည် ကောင်းကင်နိုင်ငံတော်အတွက် ပဋိညာဉ်တွင်သူတို့လည်းပါဝင်ကြောင်း သံသယမရှိကြချေ။ ယေရှုက သူကိုယ်နှိုက်နှင့်သူ၏နောက်လိုက်များစပ်ကြား ဤပဋိညာဉ်ကိုရည်ညွှန်း၍ မိန့်ဆိုခဲ့သည်။ “ငါသည်စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည်ငါ၌ မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကိုပေးတော်မူသည်နှင့်အညီ သင်တို့သည်ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း ငါသည်သင်တို့အားပေးမည်။” (လုကာ ၂၂:၂၈-၃၀) ၃၃ စီအီးပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ခံရခြင်းအားဖြင့် ဤပဋိညာဉ်သည် ယေရှု၏နောက်လိုက်များနှင့် အစပြုခဲ့သည်။ ယင်းသည်ခရစ်တော်နှင့် ကိုယ်တော်၏ပူးတွဲဘုရင်များ စပ်ကြားတွင်မူ ထာဝစဉ်အကျုံးဝင်လျက်ရှိသည်။ —ဗျာဒိတ် ၂၂:၅။
ကောင်းကင်ခေါ်တော်မူခြင်းခံရသူတို့သည် ပဋိညာဉ်သစ်နှင့် နိုင်ငံတော်အတွက်ပဋိညာဉ်တွင် သူတို့ပါဝင်ကြောင်း လုံးဝစိတ်ချသည်။ ထို့ကြောင့်၊ သူတို့သည် နှစ်စဉ်သခင့်ညစာစားပွဲ အောက်မေ့ရာ (ဝါ) ယေရှုခရစ်၏သေဆုံးခြင်းအောက်မေ့ရာပွဲတော်တွင် အထိမ်းအမှတ်မုန့်နှင့် စပျစ်ရည်ကို လျောက်ပတ်စွာသုံးဆောင်ကြသည်။ တဆေးမဲ့မုန့်သည် ယေရှု၏အပြစ်မဲ့ကိုယ်ခန္ဓာ၊ စပျစ်ရည်သည် သေခြင်းတွင်သွန်းလောင်း၍ ပဋိညာဉ်သစ်ကိုခိုင်မြဲစေသော ကိုယ်တော်၏စုံလင်သော အသွေးကိုပုံဆောင်သည်။—၁ ကောရိန္သု ၁၁:၂၃-၂၆။
အကယ်၍ယေဟောဝါသည် မငြင်းနိုင်သောကောင်းကင်အသက်တာ မျှော်လင့်ချက်ကို သင်၌စိုက်ပျိုးပေးလျှင် သင်သည်ယင်းကိုရေတွက်လျက်ရှိမည်။ ထိုမျှော်လင့်ချက်ကိုရည်စူးလျက် သင်ဆုတောင်းသည်။ ယင်းသည်သင့်ကိုဖုံးလွှမ်းပြီး၊ သင့်အထဲမှ ထုတ်ပစ်၍မရချေ။ သင်သည်ဝိညာဏအာသီသပြင်းပြစွာ စွဲလမ်းလျက်ရှိသည်။ သို့သော်သင်သည် မသေမချာ၊ မဝေခွဲတတ်ဖြစ်နေလျှင် သခင့်ညစာစားပွဲအထိမ်းအမှတ်များကို သင်မသုံးသင့်ချေ။
အဘယ်ကြောင့်တလွဲမှတ်ယူ
အချို့မူဘိသိက်ပေးခြင်းသည် “လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည်လည်းတတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏” ဟူသည်ကို အမှန်ပင်အသိအမှတ်မပြုသောကြောင့် အောက်မေ့ရာအထိမ်းအမှတ်များကို မှားယွင်းစွာသုံးဆောင်မိပေမည်။ (ရောမ ၉:၁၆) သူ (ဝါ) သူမသည်ပဋိညာဉ်သစ်တွင်ပါဝင်လိုပြီး ကောင်းကင်နိုင်ငံတွင် ခရစ်တော်နှင့်ပူးတွဲအမွေခံဖြစ်ရန်မှာ ကိုယ်စီဆုံးဖြတ်ရန်မဟုတ်ချေ။ ယေဟောဝါရွေးချယ်မှုသာ ပဓာနဖြစ်သည်။ ရှေးဣသရေလအချိန်တွင်၊ ဘုရားရှင်သည် မိမိ၏ယဇ်ပုရောဟိတ်များအဖြစ် ထမ်းဆောင်မည့်သူများကို ရွေးချယ်ခဲ့ပြီး အာရုန်မိသားစုအပေါ်ပေးထားတော်မူသည့် ယဇ်ပုရောဟိတ်တာဝန်ကို ရယူရန်ကြိုးပမ်းဝံ့သောကြောင့် ကောရကိုကိုယ်တော်အဆုံး စီရင်ခဲ့သည်။ (ထွက်မြောက်ရာ ၂၈:၁။ တောလည်ရာ ၁၆:၄-၁၁၊ ၃၁-၃၅။ ၂ ရာဇဝင်ချုပ် ၂၆:၁၈။ ဟေဗြဲ ၅:၄၊ ၅) အလားတူပင်၊ လူတစ်ဦးသည် ဘုရားရှင်ခေါ်တော်မမူဘဲနှင့် ကောင်းကင်ဘုရင်များနှင့်ယဇ်ပုရောဟိတ်များတွင် ပါဝင်သကဲ့သို့မိမိကိုယ်ကိုဆက်သလျှင် ယေဟောဝါနှစ်သက်မည်မဟုတ်ချေ။—၁ တိမောသေ ၅:၂၄၊ ၂၅၊ နှင့်နှိုင်းယှဉ်။
လူတစ်ဦးသည် ကြီးမားသောပြဿနာများကြောင့် အလွန်စိတ်လှုပ်ရှားကာ မိမိသည်ကောင်းကင်ခေါ်တော်မူခြင်းကို ခံရကြောင်း လွဲမှားစွာယူမှတ်မိပေမည်။ အဖော်တစ်ဦးသေဆုံးခြင်း (ဝါ) စိတ်မသာယာဖွယ် ဖြစ်ရပ်တစ်ခုကြောင့် မြေကြီးပေါ်တွင်အသက်ရှင်ရန် စိတ်ကုန်သွားနိုင်သည်။ သို့မဟုတ်ရင်းနှီးသောအဖော်တစ်ဦးသည် ဘိသိက်ခံဖြစ်နိုင်ပြီး သူနှင့်အတူရောက်လိုသောကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့သောအကြောင်းများက ကောင်းကင်အသက်တာသည် သူ့အတွက်ဖြစ်မည်ဟု သူယူမှတ်မိပေမည်။ သို့သော်ဤနည်းသည် လူတစ်ဦးအား သားအဖြစ်ဝိညာဉ်ကိုပေးသော ဘုရားနည်းလမ်းမဟုတ်ချေ။ လူတစ်ဦးသည် မလိုလားသောအခြေအနေများကြောင့် (ဝါ) မြေကြီးအသက်တာနှင့်ဆက်နွယ်နေသော စိတ်ပိုင်းသောကကြောင့် ကောင်းကင်သို့သွားလိုလျှင် မြေကြီးနှင့်စပ်လျဉ်း၍ ဘုရားရှင်၏ရည်ရွယ်ချက်ကို ကျေးဇူးတင်ခြင်းကင်းမဲ့ကြောင်း ပြရာရောက်မည်။
ယခင်ဘာသာရေးအမြင်ကလည်း လူတစ်ဦးအားမိမိသည် ကောင်းကင်ခေါ်တော်မူခြင်းခံရကြောင်း မှားယွင်းစွာယူမှတ်စေပေမည်။ တစ်ချိန်ကသူသည် သစ္စာရှိသူများ၏ တစ်ခုတည်းသောမျှော်လင့်ချက်အဖြစ် ကောင်းကင်အသက်တာကို ကမ်းလှမ်းသောမှောက်မှားသောဘာသာနှင့် ပေါင်းသင်းခဲ့ပေမည်။ ထို့ကြောင့်၊ ခရစ်ယာန်တစ်ဦးသည် စိတ်လှုပ်ရှားမှုနှင့်လွန်ခဲ့သောအမြင်များကြောင့် လမ်းလွဲသွားခြင်းကို သတိပြုရမည်။
စေ့စေ့စစ်ဆေးရန်အရေးကြီး
အလွန်မှတ်သားဖွယ် အချက်တစ်ခုကို တမန်တော်ပေါလု ရေးသားခဲ့သည်။ “ထို့ကြောင့်သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကိုပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်း ကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။ အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍မသိသောကြောင့် မိမိအပေါ်သို့အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။” (၁ ကောရိန္သု ၁၁:၂၇-၂၉) ထို့ကြောင့်၊ နှစ်ခြင်းခံပြီးသူခရစ်ယာန်တစ်ဦးသည် မကြာသေးမီနှစ်များက သူ့အနေနှင့် ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု ယူမှတ်စပြုလျှင် ထိုကိစ္စကိုအထူးဂရုစိုက်၊ ဆုတောင်းလျက် သုံးသပ်သင့်သည်။
ထိုသို့သောသူသည် မိမိကိုယ်ကိုမေးသင့်သည်။ ‘ငါ့ကိုတခြားသူတွေက ကောင်းကင်အသက်တာ စိတ်သဘောဝင်လာအောင် လုပ်ခဲ့ပြီလား။’ ယင်းသည်သင့်လျော်မည်မဟုတ်။ အကြောင်းမှာဘုရားရှင်သည် ထိုသို့သောအခွင့်အရေးအတွက် ခေါ်ယူရန်မည်သူ့ကိုမှ မခန့်အပ်ထားချေ။ စိတ်ကူးပုံစံမျိုးဝင်လာခြင်းသည်လည်း ဘုရားရှင်၏ဘိသိက်ခံရခြင်းမဟုတ်ချေ။ ယင်းနှင့်စပ်လျဉ်း၍ ပြောကြားသောအသံများ ကြားစေခြင်းဖြစ်လည်း ကိုယ်တော်သည်နိုင်ငံတော်အမွေခံများကို ဘိသိက်မပေးချေ။
အချို့ကသူတို့ကိုယ်ကိုမေးပေမည်။ ‘ခရစ်ယာန်မဖြစ်လာမီ၊ ငါမူးယစ်ဆေး အလွဲသုံးစားဖူးသလား။ ငါဟာစိတ်ပိုင်းကိုထိခိုက်စေတဲ့ ကုသမှုခံယူနေသလား။ စိတ်ပိုင်း (ဝါ) စိတ်လှုပ်ရှားမှုဆိုင်ရာ ပြဿနာအတွက် ကုသခဲ့ဖူးသလား။’ အချို့က ကောင်းကင်မျှော်လင့်ချက်ဟု သူတို့ထင်မြင်ခဲ့သည့်အရာကို ပထမပိုင်းကသူတို့ငြင်းပယ်ခဲ့ကြောင်းဆိုကြသည်။ အချို့ကဘုရားရှင်သည် သူတို့၏မြေကြီးမျှော်လင့်ချက်ကို တခဏရုပ်သိမ်းသွားပြီး နောက်ဆုံးတွင်ကောင်းကင်ဆိုင်ရာကိုပေးကြောင်းဆိုသည်။ သို့သော်ယင်းသို့သောလမ်းစဉ်သည် ဘုရားလုပ်ရပ်နှင့်ဆန့်ကျင်သည်။ ထို့ပြင်၊ ယုံကြည်ခြင်းသည်မရေမရာမဟုတ်ချေ၊ ယင်းသည်သေချာသည်။—ဟေဗြဲ ၁၁:၆။
လူတစ်ဦးသည်မိမိကိုယ်ကို ‘ပေါ်လွင်ခြင်းကို ငါလိုလားသလား။ အခုငါဟာသြဇာရှိတဲ့နေရာတစ်ခု သို့မဟုတ် ခရစ်တော်နဲ့တွဲဖက် ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဝင် နေရာကိုကြီးမြင့်လိုတဲ့သဘောနဲ့ လောဘဖြစ်နေသလား’ ဟုမေးသင့်သည်။ ပထမရာစုစီအီးတွင် ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ကြိုးစားရန် လူများကိုဖိတ်ခေါ်ခဲ့စဉ်က ဘိသိက်ခံတစ်ယောက်မကျန်သည် အုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် (ဝါ) အကြီးအကဲများ၊ ဓမ္မအမှုထမ်းများအဖြစ် တာဝန်ရှိနေရာများ မရရှိခဲ့ချေ။ အများသည်မိန်းမများဖြစ်ပြီး သူတို့သည်အထူးအခွင့်အာဏာများ မရရှိခဲ့ချေ။ ဝိညာဉ်တော်ဖြင့်ဘိသိက်ပေးခြင်းက ဘုရားနှုတ်ကပါဌ်တော်ကို သာမန်ထက်ပိုမိုနားလည်စေရန်လည်း မဖြစ်စေခဲ့ချေ။ အကြောင်းမှာ၊ ပေါလုသည် အချို့ဘိသိက်ခံများအား ညွှန်ကြား၊ သွန်သင်ချက်ပေးရန် လိုအပ်ခဲ့သည်။ (၁ ကောရိန္သု ၃:၁-၃။ ဟေဗြဲ ၅:၁၁-၁၄) ကောင်းကင်ခေါ်တော်မူခြင်းခံရသူတို့သည် သူတို့ကိုယ်ကိုပေါ်လွင်သူများအဖြစ် မရှုမြင်ချေ။ သူတို့ဘိသိက်ခံဖြစ်သည်ကိုလည်း အာရုံစိုက်ရန် သူတို့မပြုလုပ်ကြချေ။ သို့အစား၊ သူတို့သည် “ခရစ်တော်၏စိတ်” ရရှိသူများ တင်ပြသင့်သည့် နှိမ့်ချခြင်းကိုတင်ပြသည်။ (၁ ကောရိန္သု ၂:၁၆) သူတို့၏မျှော်လင့်ချက်သည် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ ဘုရားရှင်၏ဖြောင့်မတ်သော တောင်းဆိုချက်များကို ပြည့်မီရမည်ကိုလည်း သူတို့သိမှတ်ကြသည်။
ကောင်းကင်ခေါ်တော်မူခြင်းခံရသောကြောင့် လူတစ်ဦးအား အထူးဖွင့်ပြချက်များ မရရှိစေပါ။ ဘုရားရှင်သည် မိမိ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းကို ဝိညာဏအစာပေးသော ဆက်သွယ်ရာလမ်းကြောင်း ရှိလေသည်။ (မဿဲ ၂၄:၄၅-၄၇) ထို့ကြောင့်ဘိသိက်ခံခရစ်ယာန်ဖြစ်ခြင်းကြောင့် မြေကြီးအသက်တာမျှော်လင့်ချက်ရှိသော “လူအုပ်ကြီး” ထက်သူ့အား ပိုမိုကြီးမြင့်သော ဉာဏ်ပညာကိုပေးသည်ဟု မည်သူမျှမယူမှတ်သင့်ချေ။ (ဗျာဒိတ် ၇:၉) ဝိညာဉ်တော်ဘိသိက်ပေးထားခြင်းကို သက်သေခံရာတွင်ကျွမ်းကျင်ခြင်း၊ ကျမ်းဆိုင်ရာမေးခွန်းများကို အဖြေပေးခြင်း (ဝါ) ကျမ်းစာဟောပြောချက်များပေးခြင်းဖြင့် မဖော်ပြချေ။ အကြောင်းမှာမြေကြီးမျှော်လင့်ချက်ရှိသူခရစ်ယာန်များလည်း ဤကိစ္စရပ်များတွင် အထူးကောင်းမွန်ကြသည်။ ဘိသိက်ခံများကဲ့သို့ပင်၊ သူတို့လည်း ပုံသက်သေယူထိုက်သော ခရစ်ယာန်အသက်တာအတိုင်း အသက်ရှင်နေကြသည်။ ထိုအကြောင်းကြောင့်၊ ရှံဆုန်နှင့်ခရစ်ယာန်ခေတ် မတိုင်မီအခြားသူများသည် ဘုရားဝိညာဉ်တော်ရရှိကာ ဇွဲနှင့်နားလည်မှုဖြင့် ပြည့်နေသည်။ သို့ပင်ငြားလည်း၊ ထို ‘များစွာသောသက်သေအပေါင်း’ တစ်ဦးမျှ ကောင်းကင်မျှော်လင့်ချက် မရှိကြချေ။—ဟေဗြဲ ၁၁:၃၂-၃၈၊ ၁၂:၁။ ထွက်မြောက်ရာ ၃၅:၃၀၊ ၃၁။ တရားသူကြီး ၁၄:၆၊ ၁၉၊ ၁၅:၁၄။ ၁ ဓမ္မရာဇဝင် ၁၆:၁၃။ ယေဇကျေလ ၂:၂။
မည်သူရွေးချယ်သည်ကို သတိရပါ
အကယ်၍ယုံကြည်သူချင်းတစ်ဦးသည် ကောင်းကင်ခေါ်တော်မူခြင်းအကြောင်းမေးလျှင် ခန့်အပ်ခံအကြီးအကဲ သို့မဟုတ် အခြားဝါရင့်ခရစ်ယာန်တစ်ဦးသည် ယင်းကိစ္စကိုသူနှင့် ဆွေးနွေးနိုင်သည်။ သို့သော်လူတစ်ဦးသည် ဤဆုံးဖြတ်ချက်ကို အခြားသူတစ်ဦးအတွက် ပြုလုပ်ပေး၍မရဘဲ ကောင်းကင်မျှော်လင့်ချက်ကို ပေးကမ်းသူမှာယေဟောဝါဖြစ်သည်။ ကောင်းကင်ခေါ်တော်မူခြင်း အမှန်ခံရသူသည် ထိုသို့သောမျှော်လင့်ချက်ရရှိထားလျှင် ဘယ်တော့မျှခရစ်ယာန်ချင်းများအား မေးရန်မလိုအပ်ချေ။ ဘိသိက်ခံများသည် “ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်ဖွား” တော်မူသည်။ (၁ ပေတရု ၁:၂၃) ကိုယ်တော်၏ဝိညာဉ်တော်နှင့် နှုတ်ကပါဌ်တော်အားဖြင့် ထိုသူအားကောင်းကင်မျှော်လင့်ချက်ဖြင့် “အသစ်ပြုပြင်သောသတ္တဝါ” ဖြစ်စေသည့် “မျိုးစေ့” ကိုစိုက်ပျိုးတော်မူ၏။ (၂ ကောရိန္သု ၅:၁၇) မှန်ပါသည်၊ ယေဟောဝါသည် ရွေးချယ်တော်မူသည်။
ထို့ကြောင့်၊ လူသစ်များနှင့်သမ္မာကျမ်းစာကို လေ့လာသောအခါ သူတို့သည်ကောင်းကင်ခေါ်တော်မူခြင်းရ,မရ သူတို့ကိုယ်တိုင်ဆုံးဖြတ်ရန် တိုက်တွန်းခြင်းသည် မသင့်လျော်ချေ။ သို့သော်ဘိသိက်ခံခရစ်ယာန်တစ်ဦးသည် သစ္စာမရှိသောကြောင့် လူစားထိုးရန်လိုအပ်လာလျှင်ကော။ သို့ဖြစ်လျှင် နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်အား ပုံသက်သေကောင်းဖြင့် သစ္စာရှိစွာအမှုဆောင်နေသည့်သူတစ်ဦးကို ဘုရားရှင်သည်ကောင်းကင်ခေါ်တော်မူခြင်း ပေးမည်ကို လျောက်ပတ်စွာယူမှတ်နိုင်ပေမည်။
ယနေ့တွင်၊ ဘုရားသခင့်သတင်းတော်၏အဓိက တွန်းအားပေးခြင်းသည် လူများကို ခရစ်တော်၏ကောင်းကင်သတို့သမီးအဝင် ဖြစ်လာရန်မဟုတ်ချေ။ သို့အစား၊ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက၊ ‘လာခဲ့ပါ’ ဟုဆိုကြ၏။” ယင်းသည် မြေကြီးပရဒိသုအသက်တာသို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ (ဗျာဒိတ် ၂၂:၁၊ ၂၊ ၁၇) ဘိသိက်ခံများသည် ဤလုပ်ငန်းတွင်ဦးဆောင်စဉ် သူတို့သည် “စိတ်နှိမ့်ချခြင်း” ကိုတင်ပြလျက် ‘ [သူ] တို့ခံရသောခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ’ လုပ်ဆောင်ကြသည်။—ဧဖက် ၄:၁-၃။ ၂ ပေတရု ၁:၅-၁၁။