ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၆/၁ စာ. ၁၆-၂၂
  • သင့်ခရစ်ယာန်လွတ်လပ်မှုကို ပညာရှိစွာအသုံးချလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ခရစ်ယာန်လွတ်လပ်မှုကို ပညာရှိစွာအသုံးချလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ဟောပြောရန်ဘိသိက်ပေးခံရခြင်း’
  • “ရှင်ဘုရင်ကိုရိုသေကြလော့”
  • ‘ညီအစ်ကိုများကိုချစ်ကြလော့’
  • အသွင်အပြင်နှင့်အပန်းဖြေမှု
  • ဘုရားသခင့်သားတို့၏ လွတ်လပ်မှုကို မျှော်လင့်တောင့်တခြင်း
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါအား ကိုးကွယ်သူတို့ ခံစားရသော လွတ်လပ်မှု
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၆/၁ စာ. ၁၆-၂၂

သင့်ခရစ်ယာန်လွတ်လပ်မှုကို ပညာရှိစွာအသုံးချလော့

“လွတ်လပ်သောသူများကဲ့သို့ဖြစ်သော်လည်း သင်တို့၏လွတ်လပ်မှုကို ကိုင်စွဲထားကြပါ။ . . . ဘုရားသခင်၏ကျွန်များကဲ့သို့ဖြစ်ကြပါ။”—၁ ပေတရု ၂:၁၆၊ ကဘ ။

၁။ မည်သည့်လွတ်လပ်မှုကို အာဒံဆုံးရှုံးခဲ့သနည်း။ လူသားများအတွက် မည်သည့်လွတ်လပ်မှုကို ဘုရားသခင်ပြင်ဆင်ပေးသနည်း။

ကျွန်ုပ်တို့၏ကနဦးမိဘများသည် ဧဒင်ဥယျာဉ်တွင်အပြစ်လုပ်သောအခါ သူတို့၏ကလေးများကို အပြစ်နှင့်ပျက်စီးခြင်းမှလွတ်မြောက်မှုတည်းဟူသော ဂုဏ်ကျက်သရေရှိသည့်အမွေကိုပေးနိုင်ရန် သူတို့ပျက်ကွက်ခဲ့ကြသည်။ ရလဒ်အနေနှင့် ကျွန်ုပ်တို့အားလုံးသည် သေခြင်းနှင့်ပျက်စီးခြင်း၏ကျေးကျွန်များအဖြစ် မွေးဖွားလာကြသည်။ သို့သော် ဝမ်းသာစရာကား သစ္စာရှိသောလူသားများကို အံ့ဖွယ်လွတ်လပ်မှုအောက်ရောက်ရှိရန် ယေဟောဝါရည်ရွယ်တော်မူသည်။ ယနေ့ စိတ်နှလုံးရိုးဖြောင့်မှန်ကန်သူများသည် “ထူးမြတ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွတ်ခြင်း” ခံရရန် “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” ကို အလွန်တောင့်တမျှော်လင့်နေကြသည်။—ရောမ ၈:၁၉-၂၁။

‘ဟောပြောရန်ဘိသိက်ပေးခံရခြင်း’

၂၊ ၃။ (က) “ဘုရားသခင်၏သားတို့” သည် မည်သူများနည်း။ (ခ) မည်သည့်ထူးမြတ်သောအနေအထားတွင် သူတို့ရပ်တည်နေကြပြီး မည်သည့်တာဝန်ကိုဖြစ်ပေါ်စေသနည်း။

၂ ဤ “ဘုရားသခင်၏သားတို့” ကား မည်သူများနည်း။ သူတို့သည် ယေရှုနှင့်အတူ ကောင်းကင်နိုင်ငံတော်တွင်စိုးစံရန် ဝိညာဉ်တော်အားဖြင့်ဘိသိက်ပေးခြင်းခံရသည့် ကိုယ်တော်၏ညီတော်များဖြစ်ကြသည်။ သူတို့တွင် အဦးဆုံးသူများသည် စီအီးပထမရာစုတွင်ပေါ်ထွန်းခဲ့ကြသည်။ သူတို့သည် ယေရှုသွန်သင်ခဲ့သော လွတ်မြောက်စေသည့်သမ္မာတရားကို လက်ခံခဲ့ကြပြီး စီအီး ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့မှစ၍ “သင်တို့သည် ‘ရွေးချယ်ထားသောလူမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်သရာလူများဖြစ်ကြ၏’ ” ဟုပေတရုပြောသည့် ထူးမြတ်သောအခွင့်များကို ပါဝင်ခံစားရသည့်သူများဖြစ်ကြသည်။—၁ ပေတရု ၂:၉က၊ ကဘ။ ယောဟန် ၈:၃၂။

၃ ဘုရားသခင်၏အထူးပိုင်သရာဖြစ်ရခြင်းသည် မည်မျှထူးမြတ်သည့်ကောင်းချီးတစ်ရပ်ပါတကား။ ဤခေတ်သစ်ဘုရားသခင့်ဘိသိက်ခံသားများ၏ အကြွင်းအကျန်များသည်လည်း အလားတူကောင်းချီးခံစားရသည့်အနေအထားတွင် ရှိနေကြသည်။ သို့ရာတွင် ထိုမြင့်မားသည့်အခွင့်ထူးနှင့်အတူ တာဝန်ဝတ္တရားများလည်း လိုက်ပါလာသည်။ ယင်း [တာဝန်ဝတ္တရား] တို့အနက်မှတစ်ခုကို ဤသို့ဆက်ပြောခြင်းအားဖြင့် ပေတရုအာရုံစိုက်စေသည်။ “သင်တို့သည် မှောင်မိုက်ထဲမှအံ့ဖွယ်အလင်းတော်ထဲသို့ ခေါ်သွင်းတော်မူသောသူ၏ ‘ကောင်းမြတ်တော်မူခြင်းများကို အနှံ့အပြားကြေညာသင့်သည်’။” —၁ ပေတရု ၂:၉ခ၊ ကဘ။

၄။ ဘိသိက်ခံခရစ်ယာန်များသည် သူတို့၏ခရစ်ယာန်လွတ်လပ်မှုနှင့်ဒွန်တွဲလာသောတာဝန်များကို မည်သို့လုပ်ဆောင်ကျေပွန်ခဲ့ကြပြီနည်း။

၄ ဘိသိက်ခံခရစ်ယာန်များသည် ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းများကို အနှံ့အပြားကြေညာရမည့်ဤတာဝန်ကို ကျေပွန်ခဲ့ကြပြီလော။ ကျေပွန်ကြပါသည်။ ၁၉၁၉ ခုနှစ်မှအစပြုသောဘိသိက်ခံများနှင့်ပတ်သက်၍ ဟေရှာယ၏ပရောဖက်ပြုစကားများက “ထာဝရဘုရား [စကြဝဠာပိုင်သအုပ်စိုးရှင်ယေဟောဝါ] ၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကိုပြစေခြင်းငှာလည်းကောင်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း” ဟုဖော်ပြထားသည်။ (ဟေရှာယ ၆၁:၁၊ ၂) ယနေ့ဘိသိက်ခံအကြွင်းအကျန်များသည် လွတ်လပ်မှုနှင့်ဆိုင်သည့်သတင်းကောင်းကို သူတစ်ပါးအားဇွဲရှိရှိဟောပြောခြင်းအားဖြင့် ဤကျမ်းချက်ကအဓိကရည်ညွှန်းသူယေရှု၏ ပုံသက်သေကို လိုက်လျှောက်နေကြသည်။—မဿဲ ၄:၂၃-၂၅။ လုကာ ၄:၁၄-၂၁။

၅၊ ၆။ (က) ဘိသိက်ခံခရစ်ယာန်များ၏ထက်သန်စွာဟောပြောခြင်းမှ မည်သည့်အကျိုးအမြတ်ဖြစ်ပေါ်ခဲ့သနည်း။ (ခ) လူအုပ်ကြီးအတွက် မည်သည့်အခွင့်ထူးများနှင့်တာဝန်များရရှိထားကြသနည်း။

၅ သူတို့ထက်သန်စွာဟောပြောခြင်း၏ရလဒ်အနေနှင့် အခြားသိုးမှလူအုပ်ကြီးတစ်စုသည် ဤဆုံးခန်းကာလတွင် ကမ္ဘာ့ဇာတ်ခုံပေါ်ရောက်ရှိလာခဲ့သည်။ သူတို့သည် ယေဟောဝါဝတ်ပြုရေးတွင်ဘိသိက်ခံများနှင့်ပူးပေါင်းရန် လူမျိုးအပေါင်းမှထွက်လာကြပြီး သမ္မာတရားက သူတို့အား အလားတူလွတ်မြောက်စေသည်။ (ဇာခရိ ၈:၂၃။ ယောဟန် ၁၀:၁၆) သူတို့သည် အာဗြဟံကဲ့သို့ပင် ယုံကြည်ခြင်းကိုအခြေခံ၍ ဖြောင့်မတ်သည်ဟုကြေညာခံရကြပြီး ယေဟောဝါဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို ရလာကြသူများဖြစ်ကြသည်။ ၎င်းပြင်၊ ရာခပ်ကဲ့သို့ ဖြောင့်မတ်ကြောင်းကြေညာခံရခြင်းသည် သူတို့အားကပ်ကျော်သူများအဝင်ဖြစ်စေကာ—သူတို့အတွက်ဆိုလျှင် အာမဂေဒုန်ကပ်ကျော်ခြင်းဖြစ်သည်။ (ယာကုပ် ၂:၂၃-၂၅။ ဗျာဒိတ် ၁၆:၁၄၊ ၁၆) သို့သော် ယင်းမြင့်မားသည့်အခွင့်ထူးနှင့်အတူ သူတစ်ပါးအား ဘုရားသခင့်ဘုန်းတော်ဟောပြောခြင်းတာဝန်လည်း လိုက်ပါလာသည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါအား ထင်ထင်ပေါ်ပေါ်ချီးမွမ်းလျက် “ပလ္လင်ပေါ်မှာထိုင်တော်မူသောငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိစေတော်မူသတည်းဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ” ကြောင်းကို ယောဟန်မြင်ခဲ့ခြင်းဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄။

၆ လွန်ခဲ့သည့်နှစ်က ယခုလေးသန်းကျော်ရှိသောလူအုပ်ကြီးသည် အနည်းငယ်သာကျန်သောဘိသိက်ခံခရစ်ယာန်များနှင့်ပေါင်းပြီး ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းများကို အနှံ့အပြားကြေညာရာတွင် နာရီသန်းတစ်ထောင်နီးပါးကို အသုံးပြုခဲ့ကြသည်။ ယင်းကား သူတို့၏ဝိညာဏလွတ်လပ်မှုကို အကောင်းဆုံးနည်းဖြင့်အသုံးချခြင်းဖြစ်သည်။

“ရှင်ဘုရင်ကိုရိုသေကြလော့”

၇၊ ၈။ ခရစ်ယာန်လွတ်လပ်မှုတွင် လောကအာဏာပိုင်များနှင့်ပတ်သက်သည့် အဘယ်တာဝန်များလိုက်ပါလာသနည်း။ ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်မှားယွင်းသောသဘောထားကို ကျွန်ုပ်တို့ရှောင်ရှားရမည်နည်း။

၇ ကျွန်ုပ်တို့၏ခရစ်ယာန်လွတ်လပ်မှုတွင် အခြားတာဝန်များလည်းဒွန်တွဲလျက်ရှိသည်။ ပေတရုက ယင်းတာဝန်အချို့နှင့်ပတ်သက်၍ “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့” ဟုရေးသားဖော်ပြခဲ့သည်။ (၁ ပေတရု ၂:၁၇) “ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့” ဟုဆိုရာတွင် မည်သည့်အဓိပ္ပာယ်သက်ရောက်သနည်း။

၈ “ရှင်ဘုရင်” သည် လောကီမင်းစိုးရာဇာများကို ကိုယ်စားပြုသည်။ ယနေ့ ကမ္ဘာပေါ်တွင် အခွင့်အာဏာကို မရိုသေမလေးစားသည့်သဘောထားများ တိုးပွားလျက်ရှိသည်။ ယင်းသည် ခရစ်ယာန်များကို လွယ်လင့်တကူကူးစက်နိုင်သည်။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဖြစ်ရာ ခရစ်ယာန်တစ်ဦးသည် “ရှင်ဘုရင်” ကိုအဘယ်ကြောင့်ရိုသေသင့်ကြောင်းကို သိလိုပေမည်။ (၁ ယောဟန် ၅:၁၉) ဤကျမ်းချက်နှင့်ပတ်သက်၍ လိုက်နာရန်ခက်ခဲသောဥပဒေသများကို လိုက်နာစရာမလို၊ အခွန်အတုတ်များကိုရှောင်နိုင်လျှင်ရှောင်၍ရသည်ဟု သူယူမှတ်ပေမည်။ ဤသို့ဖြင့် “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားပေးဆက်ကြလော့” ဟူသော ယေရှု၏ရှင်းလင်းပြတ်သားသည့်အမိန့်တော်ကို ဆန့်ကျင်ရာရောက်နိုင်ပေသည်။ ယင်းသည် ‘သူ၏လွတ်လပ်မှုကို မကောင်းမှုကိုမမြင်တတ်သောသူကဲ့သို့ အသုံးပြုခြင်း’ ဖြစ်ပေမည်။—မဿဲ ၂၂:၂၁။ ၁ ပေတရု ၂:၁၆။

၉။ လောကအာဏာပိုင်များကိုနာခံရသည့်အကြောင်းကောင်းနှစ်ရပ်ကိုဖော်ပြပါ။

၉ အာဏာပိုင်များကို ရိုသေလေးစားပြီး လက်အောက်ခံခြင်းသည် အကန့်အသတ်နှင့်ဖြစ်သည့်တိုင် ခရစ်ယာန်များယင်းသို့ပြုရန်တာဝန်ရှိသည်။ (တမန်တော် ၅:၂၉) အဘယ်ကြောင့်နည်း။ ၁ ပေတရု ၂:၁၄ တွင် “လူဆိုးတို့ကိုဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကိုချီးမွမ်းစေခြင်းငှာလည်းကောင်း . . . လူတို့တွင် [ဘုရားသခင်] စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့” ဟုပေတရုပြောသောအခါ အချက်သုံးချက်ကို သူထောက်ပြခဲ့သည်။ ဒဏ်စီရင်ခြင်းကိုကြောက်ရွံ့ခြင်းတစ်ခုတည်းက အာဏာပိုင်များကိုနာခံရန် ခိုင်လုံသောအကြောင်းဖြစ်သည်။ ယေဟောဝါသက်သေတစ်ယောက်သည် လုယက်မှု၊ ခိုးမှု သို့မဟုတ် အခြားရာဇဝတ်မှုတစ်ခုခုကြောင့် ဒဏ်ရိုက်ခံရမည် သို့မဟုတ် ထောင်ချခံရမည်ဆိုလျှင် မည်မျှရှက်ဖွယ်ပါတကား။ အချို့သူများသည် ယင်းကဲ့သို့သောကိစ္စမျိုးကို မည်မျှကြေညာမောင်းခတ်လိုကြကြောင်း စဉ်းစားကြည့်ပါ။ အခြားတစ်ဖက်တွင် ကျွန်ုပ်တို့သည် မြို့ပြဥပဒေကိုနာခံခြင်းတွင် နာမည်ကောင်းရထားသဖြင့် တရားမျှတမှုရှိသောအုပ်ချုပ်သူများ၏ချီးမွမ်းခြင်းကိုခံရကြသည်။ ကျွန်ုပ်တို့၏ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကိုဆောင်ရွက်ရန် ပိုမိုလွတ်လပ်မှုကိုရနိုင်ပေမည်။ ကျွန်ုပ်တို့သည် ‘ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့် လူမိုက်တို့၏မိုက်မဲသောစကားကိုချေနိုင်’ ကြသည်။ (၁ ပေတရု ၂:၁၅ခ) ယင်းကား အာဏာပိုင်များကိုနာခံရသည့် ဒုတိယအကြောင်းဖြစ်သည်။—ရောမ ၁၃:၃။

၁၀။ လောကအာဏာပိုင်များကို နာခံရသည့်အခိုင်မာဆုံးအကြောင်းကား အဘယ်နည်း။

၁၀ သို့သော် ထိုထက်သာ၍ခိုင်လုံသောအကြောင်းရှိပါသေးသည်။ အာဏာပိုင်များသည် ယေဟောဝါ၏အလိုတော်အားဖြင့်တည်ရှိနေခြင်းဖြစ်သည်။ ပေတရုပြောသကဲ့သို့ပင် နိုင်ငံအုပ်ချုပ်သူများသည် ယေဟောဝါ “စီရင်ခန့်ထား” သူများဖြစ်ပြီး ခရစ်ယာန်များယင်းတို့ကိုလက်အောက်ခံခြင်းသည် ဘုရားသခင်၏ “အလိုတော်” ဖြစ်သည်။ (၁ ပေတရု ၂:၁၅က) အလားတူပင်တမန်တော်ပေါလုကလည်း “အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း” ဟုပြောခဲ့သည်။ ထိုကြောင့်၊ ကျမ်းစာဖြင့်လေ့ကျင့်ထားသောကျွန်ုပ်တို့၏သြတ္တပ္ပစိတ်က အာဏာစက်များကိုနာခံရန်လှုံဆော်သည်။ သူတို့ကိုလက်အောက်ခံရန်ကျွန်ုပ်တို့ငြင်းဆန်ပါက ကျွန်ုပ်တို့သည် “ဘုရားသခင်စီရင်တော်မူရာကိုဆန်သောသူ” ဖြစ်သွားပေမည်။ (ရောမ ၁၃:၁၊ ၂၊ ၅) ကျွန်ုပ်တို့တွင် မည်သူတစ်ဦးတစ်ယောက်သည် ဘုရားသခင်၏အစီအစဉ်ကို စိတ်လိုကိုယ်လျောက်ဆန့်ကျင်လိုကြသနည်း။ ထိုသို့ပြုလျှင် ခရစ်ယာန်လွတ်လပ်မှုကိုအလွဲသုံးရာကျမည်တကား။

‘ညီအစ်ကိုများကိုချစ်ကြလော့’

၁၁၊ ၁၂။ (က) ကျွန်ုပ်တို့၏ခရစ်ယာန်လွတ်လပ်မှုတွင် ယုံကြည်သူချင်းနှင့်ပတ်သက်သောအဘယ်တာဝန်လိုက်ပါလာသနည်း။ (ခ) မည်သူများသည် ကျွန်ုပ်တို့၏အထူးအာရုံစိုက်ခြင်းကိုထိုက်တန်သနည်း။ အဘယ်ကြောင့်နည်း။

၁၁ “ညီအစ်ကိုအသင်းအဖွဲ့တစ်ရပ်လုံးကိုချစ်” ရန်လည်း ပေတရုပြောသေးသည်။ (၁ ပေတရု ၂:၁၇) ယင်းကား ခရစ်ယာန်လွတ်လပ်မှုနှင့်လိုက်ပါလာသော အခြားတာဝန်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ယောက်စီသည် အသင်းတော်တစ်ခု၏ပိုင်ဆိုင်ရာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာညီအစ်ကိုများအသင်းအပင်း သို့မဟုတ် အဖွဲ့အစည်းအဝင်ဖြစ်ကြသည်။ သူတို့ကိုမေတ္တာတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့၏လွတ်လပ်မှုကို ပညာရှိစွာအသုံးပြုရာရောက်သည်။—ယောဟန် ၁၅:၁၂၊ ၁၃။

၁၂ ကျွန်ုပ်တို့မေတ္တာပြရန် အထူးထိုက်တန်သော ခရစ်ယာန်အစုအစည်းတစ်ရပ်ကို တမန်တော်ပေါလု ခွဲထုတ်ပြခဲ့သည်။ “သင်တို့ကိုဦးဆောင်သောသူတို့ကိုနာခံ၍ လက်အောက်ခံလျက်နေကြလော့။ အကြောင်းမှာ သူတို့သည် ကိုယ်တိုင်စာရင်းရှင်းခံရမည့်သူကဲ့သို့ သင်တို့၏စိုးလ်ကိုစောင့်ကြပ်နေကြ၏။ သင်တို့ကိုဘေးမဖြစ်စေရန် သက်ပြင်းချနေရ၍မဟုတ်ဘဲ ရွှင်လန်းမှုအားဖြင့် ယင်းကိုသူတို့လုပ်ဆောင်ကြ၏။” (ဟေဗြဲ ၁၃:၁၇၊ ကဘ) အသင်းတော်တွင် ကျွန်ုပ်တို့ကိုဦးဆောင်နေသောသူများမှာ အကြီးအကဲများဖြစ်ကြသည်။ ဤလူများသည် မစုံလင်ကြသည်တော့မှန်ပါသည်။ သို့သော် သူတို့ကို အုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်ကွပ်ကဲမှုအားဖြင့် ခန့်အပ်ထားခြင်းဖြစ်သည်။ သူတို့သည် ပုံသက်သေနှင့်စာနာထောက်ထားမှုအားဖြင့် ဦးဆောင်ပြီး ကျွန်ုပ်တို့၏စိုးလ်ကိုစောင့်ကြပ်ရန် ခန့်အပ်ထားခြင်းခံရသူများဖြစ်ကြသည်။ မည်မျှကြီးလေးသည့်တာဝန်ပါတကား။ (ဟေဗြဲ ၁၃:၇) ဝမ်းသာစရာကား အသင်းတော်အများစုသည် ကောင်းမြတ်သော၊ ပူးပေါင်းဆောင်ရွက်လိုသောသဘောရှိကြပြီး ယင်းသည် သူတို့နှင့်အလုပ်လုပ်ရာတွင် အကြီးအကဲများအတွက်ရွှင်လန်းမှုဖြစ်စေသည်။ ပူးပေါင်းလုပ်ဆောင်လိုသည့်ဆန္ဒမရှိလျှင် ပိုမိုခက်ခဲစေသည်။ အကြီးအကဲများသည် မိမိတို့၏အလုပ်ကိုဆက်၍လုပ်နေမြဲဖြစ်မည်။ သို့သော် ပေါလုပြောသကဲ့သို့ယင်းကို “သက်ပြင်းချ” ပြီးလုပ်နေရသည်။ အကြီးအကဲများကို သက်ပြင်းမချစေလိုကြသည်မှာ သေချာပါသည်။ ကျွန်ုပ်တို့အားတည်ဆောက်မှုပြုနိုင်ရန် သူတို့၏လုပ်ငန်း၌ရွှင်လန်းနေစေလိုကြပါသည်။

၁၃။ အကြီးအကဲများနှင့် ကျွန်ုပ်တို့ပူးပေါင်းလုပ်ဆောင်နိုင်သည့်နည်းလမ်းအချို့ကား အဘယ်နည်း။

၁၃ အကြီးအကဲများနှင့် ကျွန်ုပ်တို့ပူးပေါင်းလုပ်ဆောင်နိုင်သည့်နည်းအချို့ကား အဘယ်နည်း။ တစ်ခုအနေနှင့် အစည်းအဝေးခန်းမကို ကောင်းမွန်သောအခြေအနေရှိစေခြင်းနှင့် သန့်ရှင်းခြင်းတို့တွင် သူတို့ကိုကူညီရန်ဖြစ်သည်။ အခြားတစ်ခုမှာ ဖျားနာသူများထံလည်ပတ်ခြင်းနှင့် မသန်မစွမ်းသူများကို ကူညီခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဝိညာဉ်ရေးတွင်သန်စွမ်းအောင်လည်း ကြိုးစားအားထုတ်နေနိုင်ကြသည်။ ပူးပေါင်းလုပ်ဆောင်ရန်အရေးကြီးသည့်ကဏ္ဍတစ်ခုမှာ ကျွန်ုပ်တို့၏အကျင့်အကြံအားဖြင့်နှင့် ကျွန်ုပ်တို့သတိပြုမိသောကြီးလေးသည့်အပြစ်များကို သူတို့အားအသိပေးခြင်းအားဖြင့် အသင်းတော်၏စာရိတ္တရေးနှင့်ဝိညာဏရေးသန့်ရှင်းမှုကို ဆက်လက်ထိန်းသိမ်းခြင်းဖြစ်သည်။

၁၄။ အကြီးအကဲများက ဆုံးမပဲ့ပြင်မှုဆိုင်ရာအရေးယူလုပ်ဆောင်မှုများပြုသောအခါ ကျွန်ုပ်တို့မည်သို့ပူးပေါင်းလုပ်ဆောင်နိုင်သနည်း။

၁၄ တစ်ခါတစ်ရံ အသင်းတော်သန့်ရှင်းစေရန် နောင်တ မယူသောအပြစ်ပြုသူများကို အကြီးအကဲများက နှင်ထုတ်ရကြသည်။ (၁ ကောရိန္သု ၅:၁-၅) သို့နှင့် အသင်းတော်ကိုကာကွယ်မှုဖြစ်စေသည်။ အပြစ်ပြုသူကိုလည်း အကူအညီဖြစ်စေသည်။ ထိုသို့ဆုံးမခြင်းမျိုးသည် အပြစ်ပြုသူပြန်လည်သတိတရားရလာရန် အကူအညီဖြစ်စေသည်။ သို့သော် နှင်ထုတ်ခံရသူသည် ရင်းနှီးသောမိတ်ဆွေတစ်ဦး သို့မဟုတ် ဆွေမျိုးတစ်ဦးဖြစ်နေလျှင် မည်သို့နည်း။ ကျွန်ုပ်တို့၏ဖခင်၊ မိခင်၊ သား၊ သမီး တစ်ဦးဦးဖြစ်သည်ဆိုကြပါစို့။ အကြီးအကဲများ၏အရေးယူဆောင်ရွက်မှုကို ကျွန်ုပ်တို့လေးစားပါသလော။ ခက်ခဲမည်မှာမှန်ပါသည်။ သို့သော် အကြီးအကဲများ၏ဆုံးဖြတ်ချက်ကိုစောဒကတက်ပြီး အသင်းတော်တွင် ပျက်စီးခြင်းသြဇာသက်ရောက်စေသူများနှင့် ဝိညာဉ်ရေးအရဆက်၍ပေါင်းသင်းနေမည်ဆိုလျှင် ကျွန်ုပ်တို့၏လွတ်လပ်မှုကို အလွဲသုံးရာကျမည်တကား။ (၂ ယောဟန် ၁၀၊ ၁၁) ယေဟောဝါ၏လူအစုအဝေးတစ်ရပ်လုံးအနေနှင့် ယင်းကိစ္စများတွင် သူတို့ပူးပေါင်းလုပ်ဆောင်မှုကြောင့် ချီးမွမ်းဖွယ်ဖြစ်သည်။ ရလဒ်အနေနှင့် ယေဟောဝါ၏အဖွဲ့အစည်းသည် ဤမသန့်ရှင်းသောလောကတွင် သန့်စင်စွာဆက်လက်ရပ်တည်နေနိုင်သည်။—ယာကုပ် ၁:၂၇။

၁၅။ လူတစ်ဦးသည် ကြီးလေးသောအပြစ်ကိုပြုမိပါက ချက်ချင်းသူဘာပြုသင့်သနည်း။

၁၅ ကြီးလေးသောအပြစ်ကို ကျွန်ုပ်တို့ ပြုမည်ဆိုလျှင်ကော။ ယေဟောဝါ၏မျက်နှာသာရသည့်လူများကို ဒါဝိဒ်ဖော်ပြရာ၌“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည်ရပ်နေရမည်နည်းဟူမူကား သန့်ရှင်းသောလက်နှင့်ဖြူစင်သောနှလုံးရှိသောသူ၊ မုသားကိုမမှီဝဲမဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကိုမပြုသောသူ” ဟုပြောခဲ့သည်။ (ဆာလံ ၂၄:၃၊ ၄) အကြောင်းတစ်ခုခုကြောင့် ကျွန်ုပ်တို့၌ ‘သန့်ရှင်းသောလက်နှင့်ဖြူစင်သောနှလုံး’ မရှိတော့လျှင် ချက်ချင်းအရေးတယူလုပ်ဆောင်သင့်သည်။ ကျွန်ုပ်တို့ထာဝရအသက်ဆုံးရှုံးမည့်အခြေအနေသို့ရောက်နေသည်။

၁၆၊ ၁၇။ ကြီးလေးသောအပြစ်ကျူးလွန်သူသည် အဘယ်ကြောင့်မိမိဘာသာပြဿနာမဖြေရှင်းသင့်သနည်း။

၁၆ အချို့တို့သည် ကြီးလေးသောအပြစ်များကိုဝှက်ထားရန် သွေးဆောင်ခံရကြသည်။ ‘ယေဟောဝါကိုငါဝန်ခံပြီးနောင်တယူပြီးပြီပဲ။ အကြီးအကဲတွေနဲ့ဘာကြောင့်ပတ်သက်ရတော့မလဲ’ ဟုအချို့ဆင်ခြေပေးကောင်းပေးမည်။ အပြစ်ပြုသူသည် အကြီးအကဲများလုပ်ဆောင်မည့်အရာအတွက် အနေအထိုင်ခက်မည် သို့မဟုတ် ကြောက်နေပေမည်။ မည်သို့ပင်ဆိုစေ ယေဟောဝါတစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို အပြစ်မှသန့်စင်ပေးနိုင်သည်မှန်သော်လည်း အကြီးအကဲများကို အသင်းတော်သန့်ရှင်းရေးအတွက် အဓိကတာဝန်ရှိသူများအဖြစ် ကိုယ်တော်ခန့်အပ်ထားကြောင်းကို ထိုသူသတိရသင့်သည်။ (ဆာလံ ၅၁:၂) ထိုတွင် သူတို့သည် ကုသပေးရန်၊ “သန့်ရှင်းသူများကိုတည့်မတ်ပေးရန်” အတွက်ဖြစ်သည်။ (ဧဖက် ၄:၁၂၊ ကဘ) ဝိညာဏအကူအညီလိုအပ်စဉ် သူတို့ထံမသွားခြင်းသည် ကျွန်ုပ်တို့ဖျားနာနေစဉ် ဆရာဝန်ထံမသွားခြင်းနှင့်တူသည်။

၁၇ ပြဿနာကိုတစ်ဦးတည်းဖြေရှင်းရန်ကြိုးစားသူအချို့တို့သည် လပေါင်း သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင် မိမိတို့၏သြတ္တပ္ပစိတ်သည် မိမိတို့ကိုယ်ကိုအပြင်းအထန်ဒုက္ခပေးနေသေးကြောင်းတွေ့ရှိကြရသည်။ ပိုဆိုးသည်ကား ကြီးလေးသည့်အမှားကိုဝှက်ထားသူအချို့တို့သည် ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်အထိပင် အပြစ်ထပ်မံပြုမိကြသည်။ ယင်းကိုအကြီးအကဲများသိရှိသွားသောအခါ ထပ်ခါထပ်ခါကျူးလွန်သောအမှားဖြစ်သွားသည်။ ယာကုပ်၏သြဝါဒကိုလိုက်လျှောက်လျှင် မည်မျှသာ၍ကောင်းလိုက်မည်ဖြစ်ခြင်း။ “နာသောသူရှိလျှင် သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏နာမတော်ကိုအမှီပြုလျက် လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ” ဟုယာကုပ်ရေးသားခဲ့သည်။ (ယာကုပ် ၅:၁၄) ကုသသည့်အချိန်ရှိသေးစဉ် အကြီးအကဲများထံသွားပါ။ ကျွန်ုပ်တို့ကြာကြာစောင့်ဆိုင်းပါက အပြစ်ပြုခြင်းလမ်းစဉ်တွင်သဘောထားခိုင်မာသွားနိုင်သည်။—ဒေသနာ ၃:၃။ ဟေရှာယ ၃၂:၁၊ ၂။

အသွင်အပြင်နှင့်အပန်းဖြေမှု

၁၈၊ ၁၉။ ဘုန်းကြီးတစ်ပါးသည် အဘယ်ကြောင့်ယေဟောဝါသက်သေများကို နှစ်သက်စွာချီးမွမ်းရသနည်း။

၁၈ လွန်ခဲ့သည့်ငါးနှစ်ခန့်က ချာ့ချ်စာစောင်တစ်ခုတွင် ယေဟောဝါသက်သေများအကြောင်းကို အီတလီနိုင်ငံမှကက်သလစ်ဘုန်းကြီးကa ဤသို့နွေးထွေးစွာပြောခဲ့သည်။ “ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ယေဟောဝါသက်သေတွေကို ပုဂ္ဂိုလ်ရေးအရ ကျွန်ုပ်နှစ်သက်တယ်။ . . . ကျွန်ုပ်သိတဲ့သူတွေဟာ အပြစ်ကင်းစင်တဲ့အမူအကျင့်တွေရှိကြတယ်၊ စကားပြောချိုသာကြတယ်၊ . . . [နောက်ပြီး] ဆွဲဆောင်မှုအရှိဆုံးသူတွေပဲ။ သမ္မာတရားဟာ လက်သင့်ခံလောက်တဲ့တင်ပြပုံလိုအပ်တယ်ဆိုတာ ကျွန်ုပ်တို့ဘယ်တော့နားလည်ကြမလဲ။ သမ္မာတရားကိုကြေညာသူတွေဟာ စိတ်မပါ့တပါ၊ အနံ့အသက်မကောင်း၊ စည်းစနစ်မကျနဲ့ ဖိုသီဖတ်သီမဖြစ်သင့်ဘူးဆိုတာကော။”

၁၉ ဤစကားများအရ အခြားအရာများထဲတွင် သက်သေခံတို့၏ဝတ်ဆင်ပုံနှင့် ဖြီးလိမ်းပြင်ဆင်ပုံတို့ကို သူစိတ်စွဲငြိသွားခြင်းဖြစ်သည်။ သူတွေ့ခဲ့သည့်သူများသည် နှစ်များတစ်လျှောက် “သစ္စာနှင့်သတိပညာရှိသောကျွန်” များ၏အကြံပေးချက်ကို နားထောင်ခဲ့ကြသောကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။ (မဿဲ ၂၄:၄၅၊ သမ) ကျမ်းစာက မိန်းမတို့၏ဝတ်စားဆင်ယင်ပုံသည် ‘လျောက်ပတ်သောအဝတ်’ ဖြစ်သင့်ကြောင်း ပြောထားသည်။ (၁ တိမောသေ ၂:၉) ဤဆုံးခန်းကာလတွင် ဤသြဝါဒသည် ယောက်ျားများနှင့်လည်းသက်ဆိုင်သည်။ ဘုရားသခင်၏နိုင်ငံတော်ကိုယ်စားလှယ်များသည် အခြားသူများရှေ့တွင် တင့်တယ်လျောက်ပတ်စွာရှိမနေသင့်ပေလော။

၂၀။ ခရစ်ယာန်တစ်ဦးသည် မိမိ၏ဝတ်ဆင်မှုကို အဘယ်ကြောင့်အစဉ်ဂရုစိုက်သင့်သနည်း။

၂၀ အချို့သူများသည် အစည်းအဝေးများနှင့် လယ်ကွင်းဓမ္မအမှုဆောင်ခြင်းတို့တွင် မိမိတို့၏ဝတ်စားဆင်ယင်ပုံကိုသတိပြုသင့်ကြောင်း သဘောတူမည်ဖြစ်သော်လည်း အခြားအချိန်များတွင် ကျမ်းစာမူများနှင့်မသက်ဆိုင်ဟုယူမှတ်ကြပေမည်။ ဘုရားသခင်၏နိုင်ငံတော်ကိုယ်စားလှယ်များအဖြစ်မှ ကျွန်ုပ်တို့ရပ်နားလိုက်ကြပြီလော။ အခြေအနေကွာခြားသည်မှာ မှန်ပါသည်။ အစည်းအဝေးခန်းမတည်ဆောက်ရေးလုပ်အားပေးစဉ် ကျွန်ုပ်တို့ဝတ်ဆင်ပုံသည် ထိုခန်းမ၌ပင် အသင်းတော်အစည်းအဝေးတစ်ခုတက်ရောက်စဉ်ဝတ်ဆင်ပုံနှင့် ကွာခြားပေမည်။ ကျွန်ုပ်တို့အားလပ်နေသည့်အခါများတွင် ပို၍သက်သောင့်သက်သာရှိသည့် အဝတ်အစားပုံစံကို ဝတ်ဆင်လိုကြပေမည်။ သို့ရာတွင် ကျွန်ုပ်တို့၏ဝတ်ဆင်ပုံသည် သူတစ်ပါးအမြင်တွင် အမြဲတင့်တယ်လျောက်ပတ်နေရပေမည်။

၂၁၊ ၂၂။ ကျွန်ုပ်တို့သည် မည်သည့်အန္တရာယ်ရှိသောအပန်းဖြေမှုမှ ကာကွယ်ခံခဲ့ရပြီး ယင်းကိစ္စနှင့်ပတ်သက်သောသြဝါဒကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။

၂၁ အာရုံစိုက်စရာအလွန်ဖြစ်သောအခြားကဏ္ဍတစ်ခုမှာ အပန်းဖြေခြင်းဖြစ်သည်။ လူသားများ၊ အထူးသဖြင့် လူငယ်များသည် အပန်းဖြေမှုလိုအပ်ကြသည်။ မိသားစုနှင့်အပန်းဖြေရန်စီစဉ်ခြင်းသည် အပြစ်ပြုခြင်း သို့မဟုတ် အချိန်ဖြုန်းတီးခြင်းမဟုတ်ပါ။ ယေရှုပင်လျှင် တပည့်တော်များကို “ခဏအားဖြည့်၍ငြိမ်သက်စွာနေကြကုန်အံ့” ဟုပင် ဖိတ်ခေါ်ခဲ့သည်။ (မာကု ၆:၃၁) သို့သော် အပန်းဖြေမှုသည် ဝိညာဏညစ်ညမ်းမှုတံခါးကိုမဖွင့်မိရန် သတိထားရမည်။ အပန်းဖြေမှုသည် လိင်စာရိတ္တယိုယွင်းခြင်း၊ ကြီးကျယ်သည့်အဓမ္မအမှုများ၊ ကြောက်မက်ဖွယ်ရာများ၊ နတ်ဝိဇ္ဇာအတတ်များကို အသားပေးနေသောလောကတွင် ကျွန်ုပ်တို့နေထိုင်နေကြသည်။ (၂ တိမောသေ ၃:၃။ ဗျာဒိတ် ၂၂:၁၅) သစ္စာနှင့်သတိပညာရှိသောကျွန်များသည် ထိုအန္တရာယ်များနှင့်ပတ်သက်၍ နိုးကြားနေကြပြီး စဉ်ဆက်မပြတ်ကျွန်ုပ်တို့အား သတိပေးနေသည်။ ထိုသတိပေးချက်များသည် သင့်လွတ်လပ်မှုကို ကျူးကျော်ထိပါးသည့်အရာများဟုသင်ယူမှတ်သလော။ သို့မဟုတ် ထိုအန္တရာယ်များကို သင်အမြဲသတိပြုနေနိုင်အောင်ဂရုစိုက်နေသော ယေဟောဝါ၏အဖွဲ့အစည်းကို သင်ကျေးဇူးတင်သလော။—ဆာလံ ၁၉:၇။ ၁၁၉:၉၅။

၂၂ ကျွန်ုပ်တို့၏လွတ်လပ်မှုသည် ယေဟောဝါထံမှလာသော်ငြားလည်း ယင်းကိုကျွန်ုပ်တို့မည်သို့အသုံးပြုသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့တာဝန်ရှိကြသည်။ ကျွန်ုပ်တို့သည် ကောင်းသောအကြံပေးချက်များကိုလက်မခံဘဲ မှားယွင်းစွာဆုံးဖြတ်ခဲ့ပါမူ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်မတင်နိုင်ပေ။ “ငါတို့ယောက်တိုင်းသည် မိမိတို့ကိုယ်တိုင် ဘုရားသခင်နှင့် စာရင်းရှင်းကြရမည်” ဟု တမန်တော်ပေါလုပြောသည်။—ရောမ ၁၄:၁၂။ ဟေဗြဲ ၄:၁၃။

ဘုရားသခင့်သားတို့၏ လွတ်လပ်မှုကို မျှော်လင့်တောင့်တခြင်း

၂၃။ (က) လွတ်လပ်မှုနှင့်ပတ်သက်သောမည်သည့်ကောင်းချီးများကို ယခုကျွန်ုပ်တို့ခံစားနေကြရသနည်း။ (ခ) မည်သည့်ကောင်းချီးများကို ကျွန်ုပ်တို့စိတ်ထက်သန်စွာမျှော်လင့်စောင့်စားနေကြသနည်း။

၂၃ ကျွန်ုပ်တို့သည် ကောင်းချီးခံစားရသည့်လူများအမှန်ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် လမ်းမှားနှင့်အယူသည်းမှုများမှ လွတ်ကင်းကြသည်။ ယေဟောဝါကိုကြည်လင်သည့်သြတ္တပ္ပစိတ်ဖြင့်ချဉ်းကပ်နိုင်ပြီး အပြစ်နှင့်သေခြင်းမှဝိညာဏနည်းအရလွတ်မြောက်မှုကိုပေးသော ရွေးဖိုးပူဇော်သက္ကာအတွက် ကျေးဇူးတင်ဖွယ်ကောင်းသည်။ မကြာမီ “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” ရောက်ရှိလာတော့မည်။ အာမဂေဒုန်တွင် ကောင်းကင်ဘုန်းအသရေရှိယေရှု၏ညီတော်များသည် ဘုရားသခင်၏ရန်သူများကိုဖျက်ဆီးသူများအဖြစ် လူသားများအားပေါ်ထွန်းပြမည်။ (ရောမ ၈:၁၉။ ၂ သက်သာလောနိတ် ၁:၆-၈။ ဗျာဒိတ် ၂:၂၆၊ ၂၇) ထိုနောက် ဤဘုရားသခင့်သားတို့သည် ဘုရားသခင်၏ပလ္လင်တော်မှ လူသားများထံစီးဆင်းသော ကောင်းချီးများ၏လမ်းကြောင်းများအဖြစ်ပေါ်ထွန်းမည်။ (ဗျာဒိတ် ၂၂:၁-၅) နောက်ဆုံးတွင် ဤဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းသည် သစ္စာရှိလူသားများအတွက် ဘုရားသခင့်သားတို့၏ထူးမြတ်သောလွတ်ခြင်းချမ်းသာကို ဖြစ်စေမည်။ ထိုအချိန်ကို သင်မျှော်လင့်တောင့်တပါသလော။ သို့ဆိုလျှင် သင့်ခရစ်ယာန်လွတ်လပ်မှုကို ပညာရှိစွာအသုံးချပါ။ ယခုဘုရားသခင်ထံကျွန်ခံလျှင် ထိုအံ့ချီးဖွယ်လွတ်လပ်မှုကို သင်ထာဝရခံစားရပေမည်။

[အောက်ခြေမှတ်ချက်များ]

a နောင်တွင် ဘုန်းကြီးသည် ဝိုင်းဝန်းတိုက်တွန်းခံရခြင်းကြောင့်ဖြစ်ဟန်ရှိသည်။ ချီးမွမ်းခြင်းကိုရုတ်သိမ်းခဲ့သည်။

▫ ဘိသိက်ခံများနှင့်အခြားသိုးများသည် ယေဟောဝါကို မည်သို့ချီးမွမ်းကြသနည်း။

▫ ခရစ်ယာန်များသည် လောကီမင်းအာဏာပိုင်များကို အဘယ်ကြောင့်ရိုသေရမည်နည်း။

▫ ခရစ်ယာန်များသည် မည်သည့်နည်းများဖြင့် အကြီးအကဲများနှင့်ပူးပေါင်းလုပ်ဆောင်နိုင်သနည်း။

▫ ယေဟောဝါသက်သေများသည် ဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်၍ လောကသားအများနှင့်အဘယ်ကြောင့်ခြားနားစွာရပ်တည်ကြသနည်း။

▫ အပန်းဖြေမှုနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့မည်သည့်အရာကို ရှောင်ရမည်နည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အကြီးအကဲများသည် အထူးသဖြင့် ကျွန်ုပ်တို့၏မေတ္တာနှင့် ပူးပေါင်းလုပ်ဆောင်မှုကိုလိုအပ်သည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ခရစ်ယာန်တစ်ဦး၏ဝတ်ဆင်မှုသည် တင့်တယ်လျောက်ပတ်၍ ဣန္ဒြေရှိပြီး အချိန်အခါနှင့်လျော်ညီသင့်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ