-
ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့ကင်းမျှော်စင်—၂၀၀၃ | စက်တင်ဘာ ၁
-
-
ယေဟောဝါသည် အဘယ်ကြောင့် ဝေဒနာခံစားစေသနည်း
၁၀၊ ၁၁။ (က) ရောမ ၈:၁၉-၂၂ အရ ‘ဖန်ဆင်းရာရှိသမျှ’ သည် မည်သို့ဖြစ်သွားသနည်း။ (ခ) မည်သူက ဖန်ဆင်းရာများကို အချည်းနှီးသို့ရောက်စေကြောင်းကို မည်သို့စိစစ်သိရှိနိုင်သနည်း။
၁၀ ဤအရေးပါသောအကြောင်းကို ရောမမြို့သားများထံ တမန်တော်ပေါလုရေးခဲ့သောစာမှ အပိုဒ်တစ်ပိုဒ်က အလင်းဖြာပေးသည်။ ပေါလုဤသို့ရေးခဲ့သည်– “ဖန်ဆင်းတော်မူသောအရာများသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက် စောင့်နေကြ၏။ အကြောင်းမူကား ထိုအရာများသည် . . . [“အချည်းနှီး၊” ကဘ] သို့ အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ . . . လိုက်စေတော်မူသော အရှင်၏အလိုတော်ကြောင့်သာ လိုက်ရကြ၏။ ထိုအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟု ငါတို့သိကြ၏။”—ရောမ ၈:၁၉-၂၂၊ သမ္မာ။
၁၁ ၎င်းအခန်းငယ်များကို သဘောပေါက်နားလည်ရန် အဓိကမေးခွန်းအချို့၏အဖြေကို ဦးဆုံး သိရှိထားဖို့လိုသည်။ ဥပမာ၊ ဖန်ဆင်းရာများကို အချည်းနှီးသို့ရောက်စေသူကား မည်သူနည်း။ အချို့က စာတန်ဟုဆိုကြသည်; အခြားသူတို့မူ အာဒံဟုဆို၏။ သို့သော် ထိုသူနှစ်ဦးစလုံးက အချည်းနှီးသို့မရောက်စေနိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဖန်ဆင်းတော်မူရာများကို အချည်းနှီးသို့ရောက်စေသူသည် “မျှော်လင့်ရသောအခွင့်ကိုပေး၍” ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာ” ဝင်စားရမည့်အခွင့်ကို တည်ကြည်သူများအား ကိုယ်တော်ပေးသည်။ ထိုသို့သောမျှော်လင့်ချက်ကို အာဒံကော၊ စာတန်ပါ မပေးနိုင်ပေ။ ယေဟောဝါသာလျှင် ပေးနိုင်သည်။ ထို့ကြောင့် ကိုယ်တော်သာလျှင် ဖန်ဆင်းရာများကို အချည်းနှီးသို့ရောက်စေကြောင်း ထင်ရှားသည်။
၁၂။ ‘ဖန်ဆင်းရာရှိသမျှ’ ဟူသည် အဘယ်အရာဖြစ်ခြင်းနှင့်ပတ်သက်၍ အဘယ်ရှုပ်ထွေးမှုပေါ်လာသနည်း၊ ဤမေးခွန်းကို မည်သို့ဖြေဆိုနိုင်သနည်း။
၁၂ သို့သော် ဤကျမ်းပိုဒ်ပါ ‘ဖန်ဆင်းရာရှိသမျှ’ သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ အချို့က ‘ဖန်ဆင်းရာရှိသမျှ’ သည် တိရစ္ဆာန်များနှင့် သစ်ပင်မြက်ပင်များအပါအဝင် သဘာဝလောကတစ်ခုလုံးကို ရည်ညွှန်းသည်ဟုဆို၏။ သို့သော် တိရစ္ဆာန်များနှင့် အပင်များသည် “ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာ” ကိုရဖို့ မျှော်လင့်ကြသလော။ မမျှော်လင့်ကြပါ။ (၂ ပေတရု ၂:၁၂) သို့ဖြစ်၍ ‘ဖန်ဆင်းရာရှိသမျှ’ သည် လူသားများကိုသာ ရည်ညွှန်းနိုင်သည်။ ဤဖန်ဆင်းရာများသည် ဧဒင်အရပ်၌ ပုန်ကန်မှုကြောင့် အပြစ်နှင့် သေခြင်းဖြင့်ထိခိုက်ကာ မျှော်လင့်ချက် လွန်စွာပင်လိုအပ်နေသော သူတို့ဖြစ်သည်။—ရောမ ၅:၁၂။
၁၃။ ဧဒင်တွင် ပုန်ကန်မှုက လူသားတို့ကို မည်သို့ဖြစ်စေခဲ့သနည်း။
၁၃ အမှန်အားဖြင့် ထိုပုန်ကန်မှုသည် လူသားတို့အပေါ် အဘယ်အကျိုးသက်ရောက်စေခဲ့သနည်း။ ယင်း၏အကျိုးရလဒ်ကို ပေါလုက အချည်းနှီးဖြစ်ခြင်းaဟု ရိုးရှင်းစွာဖော်ပြခဲ့သည်။ ရှင်းလင်းချက်တစ်ခုအရ ဤစကားလုံးသည် “ပုံစံပြုထားသည့်အတိုင်း အလုပ်မလုပ်သည့်အရာတစ်ခု အချည်းနှီးဖြစ်ခြင်း” ကိုဆိုလို၏ဟု ဖော်ပြသည်။ လူတို့သည် ထာဝစဉ်အသက်ရှင်ရန်၊ စုံလင်သော၊ စည်းလုံးသောမိသားစုတစ်စုအဖြစ် မြေကြီးပရဒိသုကို အတူတကွကြည့်ရှုစောင့်ရှောက်ရန် ပုံစံပြုခံရကြသည်။ ထိုသို့ဖြစ်မည့်အစား သူတို့သည် အသက်တို၍ နာကျင်မှုနှင့် စိတ်ပျက်စရာကောင်းလေ့ရှိသောဘဝမျိုး ကြုံနေကြရသည်။ ယောဘဆိုသည့်အတိုင်း “လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ [ဆင်းရဲခြင်းဝေဒနာ] နှင့်ပြည့်စုံပါ၏။” (ယောဘ ၁၄:၁) တကယ့်ကို အချည်းနှီးပါတကား!
၁၄၊ ၁၅။ (က) လူသားတို့အပေါ် ယေဟောဝါစီရင်ချက်ချရာတွင် အဘယ်တရားမျှတမှုသာဓကကို ကျွန်ုပ်တို့တွေ့ရှိရသနည်း။ (ခ) ပေါလုက ဖန်ဆင်းခံများသည် အချည်းနှီးသို့ “အလိုလိုလိုက်သည်မဟုတ်” ဟုအဘယ်ကြောင့်ဆိုခဲ့သနည်း။
၁၄ ယခုတွင် အဓိကမေးခွန်းသို့ ရောက်လာပေပြီ– “မြေကြီးလုံးကိုစီရင်တော်မူသောသခင်” သည် လူတို့ကို နာကျင်မှုနှင့် စိတ်ပျက်စရာကောင်းသောဘဝသို့ အဘယ်ကြောင့်ရောက်စေခဲ့သနည်း။ (ကမ္ဘာဦး ၁၈:၂၅) ထိုသို့ ကိုယ်တော်ပြုခြင်းသည် တရားမျှတပါသလော။ ကျွန်ုပ်တို့၏ကနဦးမိဘများ ပြုလုပ်ခဲ့ရာကိုသတိရပါ။ ဘုရားသခင်ကိုပုန်ကန်ခြင်းအားဖြင့် သူတို့သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်၍ ကျယ်ပြန့်သောစိန်ခေါ်ချက်တစ်ခု ပေါ်ပေါက်စေခဲ့သူ စာတန်ဘက်ပါခဲ့ကြသည်။ လူသည် ယေဟောဝါအကူအညီမပါဘဲ ပုန်ကန်သောဝိညာဉ်သတ္တဝါ၏ လမ်းညွှန်မှုဖြင့် မိမိကိုယ်ကိုအုပ်ချုပ်လျှင် သာ၍ကောင်းသည်ဟူသောအဆိုကို သူတို့၏လုပ်ရပ်များအားဖြင့် ထောက်ခံခဲ့ကြသည်။ ယေဟောဝါသည် ပုန်ကန်သူများကိုစီရင်ချက်ချသောအခါ တစ်နည်းအားဖြင့် သူတို့တောင်းဆိုရာကို ပေးခဲ့ခြင်းဖြစ်သည်။ စာတန့်ဩဇာအောက်၌ သူတို့ဘာသာ အုပ်ချုပ်ခွင့်ပေးခဲ့သည်။ အခြေအနေအရ လူသားကို မျှော်လင့်ချက်အခြေခံပေါ်မူတည်၍ အချည်းနှီးသို့ရောက်စေခြင်းထက် သာ၍တရားမျှတသော ဆုံးဖြတ်ချက်ရှိနိုင်ဦးမည်လော။
၁၅ ၎င်းသည် ဖန်ဆင်းခံများ၏ ‘အလိုဆန္ဒ’ အမှန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ရွေးချယ်ခွင့်တစ်စုံတစ်ရာမျှမရှိဘဲ အပြစ်နှင့် ဖောက်ပြန်ပျက်စီးခြင်း၏ကျွန်များအဖြစ် မွေးဖွားလာကြသည်။ သို့သော် ယေဟောဝါသည် သနားကြင်နာသောကြောင့် အာဒံနှင့်ဧဝကို ဆက်အသက်ရှင်စေပြီး သားသမီးများမွေးဖွားခွင့်ပေးခဲ့သည်။ သူတို့၏သားစဉ်မြေးဆက်များဖြစ်ကြသော ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်း၏ အချည်းနှီးဖြစ်ခြင်းသို့ရောက်ခဲ့ကြသော်လည်း အာဒံနှင့်ဧဝတို့ ပျက်ကွက်ခဲ့ရာကို လုပ်ဆောင်ခွင့်ရှိကြသည်။ ယေဟောဝါစကားကို နားထောင်ကာ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုသည် ဖြောင့်မတ်ရုံမက စုံလင်ကြောင်း၊ ယေဟောဝါနှင့်ကင်းကွာသော လူ့အုပ်ချုပ်မှုမှာမူ နာကျင်ခြင်း၊ စိတ်ပျက်ခြင်းနှင့် အချည်းနှီးဖြစ်ခြင်းတို့ကိုသာ ခံစားစေကြောင်း သင်ယူနိုင်ကြသည်။ (ယေရမိ ၁၀:၂၃; ဗျာ. ၄:၁၁) ၎င်းပြင် စာတန့်သြဇာလွှမ်းမှုက အခြေအနေကို ပို၍ဆိုးရွားစေသည်။ ဤအမှန်တရားများကို လူ့သမိုင်းက သက်သေထူသည်။—ဒေ. ၈:၉။
၁၆။ (က) ယနေ့ လောက၌တွေ့မြင်နေရသော ဆင်းရဲဝေဒနာများသည် ယေဟောဝါကြောင့်မဟုတ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်စိတ်ချနိုင်သနည်း။ (ခ) ယေဟောဝါသည် တည်ကြည်သူများအတွက် မေတ္တာဖြင့် အဘယ်မျှော်လင့်ချက်စီစဉ်ထားပြီနည်း။
၁၆ လူကို အချည်းနှီးသို့ရောက်စေခြင်းအတွက် ယေဟောဝါ၌ ခိုင်လုံသောအကြောင်းရင်းများရှိသည်မှာ ထင်ရှားသည်။ ယင်းကြောင့် ယေဟောဝါသည် အချည်းနှီးဖြစ်စေသူ၊ ယနေ့ ကျွန်ုပ်တို့တစ်ဦးချင်းစီ ခံစားနေရသော ဆင်းရဲခြင်းဝေဒနာကို ဖြစ်ပေါ်စေသူဟု ဆိုလိုပါသလော။ ရာဇဝတ်သားတစ်ဦးကို တရားမျှတသောပြစ်ဒဏ်ချမှတ်သည့် တရားသူကြီးတစ်ဦးကို မြင်ယောင်ကြည့်ပါ။ ဒဏ်စီရင်ခံရသူသည် ထောင်ဒဏ်ခံရချိန်၌ အတော်ပင်ဝေဒနာခံခဲ့ရပေမည်၊ သို့သော် သူဝေဒနာခံရခြင်းအကြောင်းမှာ တရားသူကြီးကြောင့်ဟု အမှန်ဆိုနိုင်မည်လော။ လုံးဝမဆိုနိုင်ပါ! ထို့အပြင် ယေဟောဝါသည် တစ်ကြိမ်တစ်ခါမျှ ဆိုးသွမ်းမှု၏ရင်းမြစ် မဖြစ်ခဲ့ပါ။ ယာကုပ် ၁:၁၃ က “မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ” ဟုဆို၏။ ယေဟောဝါသည် “မျှော်လင့်ရသောအခွင့်ကိုပေး၍” စီရင်ချက်ချခဲ့ကြောင်းကိုလည်း သတိရကြစို့။ ကိုယ်တော်သည် အာဒံနှင့်ဧဝတို့၏ တည်ကြည်သောသားစဉ်မြေးဆက်များအား အချည်းနှီးဖြစ်ခြင်း၏အဆုံးကို မြင်တွေ့ရန်နှင့် “ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာ” ကိုမွေ့လျော်ခံစားရရန် မေတ္တာဖြင့် စီစဉ်ထားတော်မူပြီ။ ထာဝရကာလတစ်လျှောက်တွင် ဖန်ဆင်းတော်မူရာရှိသမျှသည် စိတ်ဆင်းရဲဖွယ်ကောင်းသော အချည်းနှီးဘဝသို့ တစ်ဖန်ပြန်ရောက်မည်ကို တည်ကြည်သူများအနေနှင့် ဘယ်သောအခါမျှ စိုးရိမ်စရာလိုတော့မည်မဟုတ်ပါ။ အခြေအနေကို ဖြောင့်မှန်စွာ ယေဟောဝါကိုင်တွယ်ပုံက ကိုယ်တော်၏ပိုင်သအုပ်စိုးထိုက်မှုကို အစဉ်သက်သေထူပြီးဖြစ်မည်။—ဟေရှာယ ၂၅:၈။
-
-
ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့ကင်းမျှော်စင်—၂၀၀၃ | စက်တင်ဘာ ၁
-
-
a ‘အချည်းနှီး’ ဟူသောစကားလုံးအတွက် ပေါလုအသုံးပြုသည့် ဂရိစကားလုံးသည် ဒေ.ကျမ်းတွင် ရှောလမုန်အထပ်ထပ်သုံးခဲ့သော အသုံးအနှုန်းကိုဘာသာပြန်ဆိုရာတွင် ဂရိစက်ပ်တွားဂျင့်ကျမ်း၌ သုံးထားသောစကားလုံးနှင့် အတူတူဖြစ်သည်၊ “ခပ်သိမ်းသောအရာတို့သည် [“အချည်းနှီး၊” ကဘ] ဖြစ်ကြ၏” ဟူသောအသုံးအနှုန်းမှာကဲ့သို့ဖြစ်သည်။—ဒေ. ၁:၂၊ ၁၄; ၂:၁၁၊ ၁၇; ၃:၁၉; ၁၂:၈။
-