လူတိုင်း လွတ်လပ်ကြလိမ့်မည်
“ငါတို့အား ထင်ရှားလတ္တံ့သောဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ . . . ကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ ဖန်ဆင်းတော်မူသောအရာများသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေကြ၏။ အကြောင်းမူကား၊ ထိုအရာများ [“ဖန်ဆင်းခြင်း၊” ကဘ] သည် [အချည်းနှီး] သို့အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ အ [ချည်းနှီး] သို့လိုက်စေတော်မူသောအရှင်၏အလိုတော်ကြောင့်သာ လိုက်ရကြ၏။ ထိုအရာ [“ဖန်ဆင်းခြင်း၊” ကဘ] ရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်။—ရောမ ၈:၁၈-၂၂၊ သမ္မာ။
ရောမမြို့ရှိခရစ်ယာန်များထံရေးသည့်စာ၏ ဤအပိုင်း၌ တမန်တော်ပေါလုက ဘဝတွင် အဘယ်ကြောင့် စစ်မှန်သည့်လွတ်လပ်မှုနည်းပါးရပြီး အများအားဖြင့် အနှစ်သာရမရှိ၊ နာကျင်မှုတို့ဖြင့် ပြည့်နှက်နေခြင်းကို ထူးခြားစွာအကျဉ်းချုပ်ဖော်ပြခဲ့သည်။ စစ်မှန်သောလွတ်လပ်မှုကို မည်သို့ရရှိနိုင်ကြောင်းလည်း ရှင်းပြထား၏။
‘ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲခြင်းများ’
“ငါတို့အားထင်ရှားလတ္တံ့သောဘုန်းကိုထောက်သော်” ‘ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲခြင်းများ’ ကို “ပမာဏမပြုထိုက်” ဟုပေါလုပြောသောအခါ သူသည် ၎င်းကိုအသေးအဖွဲဖြစ်စေခဲ့သည်မဟုတ်ပါ။ ပေါလုခေတ်နှင့် ယင်းနောက်ပိုင်းတွင်ပါ ခရစ်ယာန်များသည် လူ့အခွင့်အရေးကို အလေးမထားသော ရောမအာဏာပိုင်များ၏ ခက်ထန်သည့်အာဏာရှင်အစိုးရအောက်တွင် အကြီးအကျယ်ဆင်းရဲခက်ခဲခံခဲ့ကြရသည်။ ခရစ်ယာန်များသည် အစိုးရ၏ရန်သူဖြစ်သည်ဟု ရောမယူမှတ်သည်နှင့် သူတို့ကို ရက်စက်စွာနှိပ်ကွပ်ခဲ့သည်။ သမိုင်းဆရာ ဂျေ. အမ်. ရောဘတ်ကဤသို့ ဆို၏– “[ရောမ] မြို့တော်ရှိ ခရစ်ယာန်များစွာတို့သည် အားကစားကွင်းတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခံရ သို့မဟုတ် အရှင်လတ်လတ်မီးရှို့ခံခဲ့ကြရသည်။” (ကမ္ဘာ့သမိုင်းတို) နီရိုး၏ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူတို့နှင့်ပတ်သက်၍ အခြားမှတ်တမ်းတစ်ခုက ဤသို့ဖော်ပြသည်– “အချို့မှာ ကားစင်တင်သတ်ဖြတ်ခံရ၏၊ အချို့မူ တိရစ္ဆာန်အရေခွံများထဲ ထည့်ချုပ်ခံရ၍ ခွေးများ၏အမဲဖျက်ခံရ၏၊ အချို့တို့မူ ကတ္တရာစေးဖြင့်မံခံရကာ အမှောင်တွင် မီးရှူးတိုင်များအဖြစ် အသုံးပြုခံခဲ့ကြရသည်။”—အက်ဖ်. အက်ဖ်. ဘရုစ်၏ဓမ္မသစ်ကျမ်းသမိုင်း။
ထိုအစောပိုင်းခရစ်ယာန်တို့သည် ထိုသို့ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်လိုခဲ့ကြမည်မှာမှန်သော်လည်း ယင်းကိုရရှိရန် ယေရှု၏သွန်သင်ချက်များကို ချိုးဖောက်ဖို့ဆန္ဒမရှိကြပါ။ သာဓကအနေနှင့် ရောမအုပ်ချုပ်ရေးအာဏာပိုင်များနှင့် လွတ်လပ်ရေးရရန်တိုက်ခိုက်နေကြသော ဂျူးဇီးလော့ထ်များ၏ အချင်းဖြစ်ပွားမှုတွင် သူတို့လုံးလုံးကြားနေခဲ့ကြသည်။ (ယောဟန် ၁၇:၁၆; ၁၈:၃၆) ဇီးလော့ထ်များအတွက် “ဘုရားသခင့်အခန့်သင့်ချိန်ကို စောင့်နေခြင်းအကြောင်းပြောဆိုသည်ကား လတ်တလောလိုအပ်ရာမဟုတ်ပေ။” လိုအပ်သည်မှာ “ရန်သူ [ရောမ] ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်” ရန်ဖြစ်သည်ဟုသူတို့ဆိုကြသည်။ (ဓမ္မသစ်ကျမ်းသမိုင်း) အစောပိုင်းခရစ်ယာန်များမူ ထိုသို့မယူဆခဲ့ကြချေ။ သူတို့အတွက် “ဘုရားသခင့်အခန့်သင့်ချိန်ကို စောင့်နေခြင်း” သည် လက်တွေ့ကျကျပြုလုပ်ရန် တစ်နည်းလမ်းတည်းဖြစ်သည်။ ဘုရားသခင်ကြားဝင်ဆောင်ရွက်ပေးခြင်းမှတစ်ပါး အဘယ်အရာကမျှ “ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခ” ကို ထာဝစဉ်အဆုံးတိုင်စေပြီး စစ်မှန်၍ တည်မြဲသောလွတ်လပ်မှုကို ပေးနိုင်မည်မဟုတ်ကြောင်း သူတို့ယုံကြည်စိတ်ချခဲ့ကြသည်။ (မိက္ခာ ၇:၇; ဟဗက္ကုတ် ၂:၃) သို့သော် ထိုသို့အဘယ်နည်းဖြင့် ဖြစ်ပျက်လာမည့်အကြောင်း မသုံးသပ်မီ ဦးဆုံးအနေနှင့် ‘ဖန်ဆင်းခြင်းသည်’ အဘယ်ကြောင့် ‘အချည်းနှီးသို့လိုက်’ ခဲ့ကြောင်းဆန်းစစ်ကြည့်ကြစို့။
‘အချည်းနှီးသို့ရောက်ခဲ့ခြင်း’
ဤတွင် “ဖန်ဆင်းခြင်း” ဟူသောစကားလုံးသည် အချို့ဆိုသကဲ့သို့ “တိရစ္ဆာန်နှင့် သက်မဲ့ဖန်ဆင်းရာ” တို့ကိုဆိုလိုနေခြင်းမဟုတ်ဘဲ “လူသားအားလုံး” ဖြစ်သည်ဟု သည်အဲန်းဖက်တစ်ဒိုင်ဂလော့ထ်တွင် ဘင်ဂျမင်ဝေလ်စင်ကဆိုသည်။ (ကောလောသဲ ၁:၂၃၊ နှိုင်းယှဉ်။) ထိုစကားလုံးသည် လူ့မိသားစုအားလုံး—လွတ်လပ်မှုကိုလိုလားတောင့်တကြသူ ကျွန်ုပ်တို့အားလုံးကိုရည်ညွှန်းသည်။ ကနဦးမိဘများ၏လုပ်ရပ်ကြောင့် ကျွန်ုပ်တို့သည် “အချည်းနှီးသို့” ရောက်ကြရသည်။ ဤသို့ဖြစ်ခဲ့ရခြင်းသည် “အလိုလိုမဟုတ်” သို့မဟုတ် ကိုယ်တိုင်ရွေးချယ်သောကြောင့်မဟုတ်ပါ။ ဤအခြေအနေကို ကျွန်ုပ်တို့အမွေခံခဲ့ကြရခြင်းဖြစ်သည်။ ကျမ်းစာရှုထောင့်မှဆိုလျှင် “လူသည် လွတ်လပ်စွာမွေးဖွား” လာသည်ဟု ရူဆိုးဆိုခဲ့ခြင်းမှာ မှားပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် အပြစ်နှင့်မစုံလင်မှုတို့၏ကျွန်အဖြစ် မွေးဖွားလာကြပြီး စိတ်ပျက်ဖွယ်နှင့် အချည်းနှီးဖြင့်ပြည့်နှက်နေသောစနစ်တွင် ကျွန်ခံနေကြရဘိသကဲ့သို့ဖြစ်သည်။—ရောမ ၃:၂၃။
အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့သည် “ဘုရားသခင်ကဲ့သို့” ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရှိကာ ကောင်းမကောင်းကို ကိုယ်တိုင်ဆုံးဖြတ်လိုခဲ့ကြသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၃:၅) လွတ်လပ်မှုနှင့်ပတ်သက်၍ အရေးကြီးသည့်အချက်တစ်ချက်ကို သူတို့လျစ်လျူရှုခဲ့ကြ၏။ ဖန်ဆင်းရှင်တစ်ပါးတည်းသာလျှင် ခြွင်းချက်မရှိလွတ်လပ်မှုရှိနိုင်ခြင်းဖြစ်သည်။ ကိုယ်တော်သည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်တော်မူ၏။ (ဟေရှာယ ၃၃:၂၂; ဗျာဒိတ် ၄:၁၁) လူသားတို့၏လွတ်လပ်မှုမှာ ကန့်သတ်မှုအတွင်း လွတ်လပ်ခြင်းကို ဆိုလိုရပေမည်။ ထို့ကြောင့် တပည့်တော်ယာကုပ်က “လွှတ်ခြင်းနှင်ဆိုင်၍ စုံလင်သောတရား” ၏လွှမ်းမိုးမှုကိုခံယူရန် မိမိခေတ်မှခရစ်ယာန်များကို အားပေးခဲ့ခြင်းဖြစ်သည်။—ယာကုပ် ၁:၂၅။
ယေဟောဝါသည် အာဒံနှင့်ဧဝကို မိမိ၏စကြဝဠာမိသားစုမှ တော်မှန်စွာနှင်ထုတ်ခဲ့ပြီး နောက်ဆုံးသူတို့ သေဆုံးခဲ့ကြလေသည်။ (ကမ္ဘာဦး ၃:၁၉) သို့သော် သူတို့၏သားစဉ်မြေးဆက်များကော အသို့နည်း။ ယခု သူတို့သည် မစုံလင်မှု၊ အပြစ်နှင့်သေခြင်းတို့ကိုသာ လက်ဆင့်ကမ်းပေးနိုင်ခဲ့ကြသော်လည်း ယေဟောဝါသည် ကရုဏာရှိစွာဖြင့် သူတို့ကို သားသမီးမွေးဖွားခွင့်ပေးသနားဆဲဖြစ်သည်။ ထို့ကြောင့် “လူအပေါင်းတို့သည် . . . သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) ထိုနည်းအားဖြင့် ဘုရားသခင်သည် ‘ဖန်ဆင်းခြင်းကို အချည်းနှီးသို့ရောက်’ စေတော်မူ၏။
“ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း”
“ဘုရားသခင့်သားတို့” ၏လုပ်ငန်းရပ်များအားဖြင့် လူ့မိသားစုသည် တစ်နေ့သောအခါ လွတ်လပ်မှုပြန်ရလိမ့်မည်ဟူသော ‘မျှော်လင့်ချက်’ ဖြင့်ဖန်ဆင်းခြင်းကို ယေဟောဝါက အချည်းနှီးသို့လိုက်စေခဲ့၏။ ဤ ‘ဘုရားသခင့်သားများ’ ကားမည်သူတို့နည်း။ သူတို့ကား ကျန်သည့် ‘[လူသား] ဖန်ဆင်းခြင်းကဲ့သို့ အပြစ်နှင့်မစုံလင်မှု၏ကျွန်အဖြစ် မွေးဖွားလာကြသော ယေရှုခရစ်၏တပည့်တော်များဖြစ်ကြသည်။ သူတို့သည် မျိုးရိုးအားဖြင့် ဘုရားသခင်၏သန့်ရှင်းစုံလင်သော စကြဝဠာမိသားစုတွင် မပါဝင်ထိုက်ကြပေ။ သို့သော် ယေဟောဝါသည် သူတို့အတွက် ထူးခြားသောအရာတစ်ခုကို ပြုတော်မူ၏။ ကိုယ်တော်သည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် အမွေရခဲ့သည့်အပြစ်၏အချုပ်အနှောင်မှ သူတို့ကိုလွတ်မြောက်စေပြီး “ဖြောင့်မတ်” သော၊ သို့မဟုတ် ဝိညာဉ်ရေးအရစင်ကြယ်သောသူများအဖြစ်သို့ရောက်စေသည်။ (၁ ကောရိန္သု ၆:၁၁) ထို့နောက် “ဘုရားသခင်၏သား” များအဖြစ် သူတို့ကိုလက်ခံကာ မိမိ၏စကြဝဠာမိသားစုထဲတွင် ပြန်ပါဝင်စေသည်။—ရောမ ၈:၁၄-၁၇။
ယေဟောဝါ၏မွေးစားသားများအနေနှင့် သူတို့သည် ဘုန်းအသရေရှိသောအခွင့်ထူးကို ရရှိကြလိမ့်မည်။ သူတို့သည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော် သို့မဟုတ် အစိုးရတွင်ပါဝင်သူများအနေနှင့် ယေရှုခရစ်နှင့်အတူ “ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ . . . မြေကြီးပေါ်မှာစိုးစံ” ကြရလိမ့်မည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁-၄) ယင်းအစိုးရသည်—ဖိနှိပ်မှုနှင့် မတရားအုပ်စိုးမှုအရမဟုတ်—လွတ်လပ်မှုနှင့်တရားမျှတမှုနှင့်ဆိုင်သောမူများအပေါ် ခိုင်မြဲစွာအခြေပြုသည့် အစိုးရတစ်ခုဖြစ်သည်။ (ဟေရှာယ ၉:၆၊ ၇; ၆၁:၁-၄) ဘုရားသခင်၏ ဤသားများသည် ကြာမြင့်စွာကတည်းက ကတိထားသော ‘အာဗြဟံ၏အမျိုးအနွယ်’ ယေရှု၏ အပေါင်းအဖော်များဖြစ်ကြသည်ဟု တမန်တော်ပေါလုကဆိုသည်။ (ဂလာတိ ၃:၁၆၊ ၂၆၊ ၂၉) ဤနည်းအားဖြင့် သူတို့သည် ဘုရားသခင်၏မိတ်ဆွေအာဗြဟံအားပြုသော ကတိတော်ကို ပြည့်စုံစေရာတွင် အဓိကကဏ္ဍမှပါဝင်ကြသည်။ ထိုကတိတော်အရ အာဗြဟံ၏မျိုးနွယ် (သို့မဟုတ် မျိုးစဉ်မျိုးဆက်) အားဖြင့် “လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဖြစ်သည်။—ကမ္ဘာဦး ၂၂:၁၈။
လူသားတို့ကို သူတို့အဘယ်ကောင်းချီးရစေမည်နည်း။ ဘုရားသခင့်သားများသည် လူ့မိသားစုတစ်ခုလုံးကို အာဒံ့အပြစ်၏ ကြောက်မက်ဖွယ်ဆိုးကျိုးများမှ လွတ်မြောက်စေ၍ စုံလင်မှုပြန်ရရှိစေခြင်းတွင် ပါဝင်ကြသည်။ “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာသောလူတို့သည် ယေရှုခရစ်၏ရွေးဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြ၍ ကိုယ်တော်၏ကောင်းမြတ်သောနိုင်ငံတော်အုပ်ချုပ်မှုကို လက်အောက်ခံခြင်းဖြင့် မိမိတို့ကိုယ်ကိုကောင်းချီးပေးနိုင်ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄-၁၇; ၂၁:၁-၄; ၂၂:၁၊ ၂; မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ဤနည်းအားဖြင့် “ဖန်ဆင်းခြင်းရှိသမျှ” သည် “ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာ” ကိုတစ်ဖန်ပြန်ခံစားရပါလိမ့်မည်။ ၎င်းသည် အကန့်အသတ်ရှိ ယာယီ . . . လွတ်လပ်မှုမျိုးမဟုတ်ဘဲ ဘုရားသခင့်ပိုင်သအုပ်စိုးမှုကို အာဒံနှင့်ဧဝပစ်ပယ်ချိန်မှစ၍ လူ့မိသားစုခံနေရသော နာကျင်မှုနှင့် ဘေးအန္တရာယ်မှန်သမျှမှ လွတ်လပ်ခြင်းဖြစ်မည်။ ထို့ကြောင့် တမန်တော်ပေါလုက သစ္စာရှိသူများဆောင်ရွက်ကြမည့် ဘုန်းအသရေရှိလုပ်ငန်းတော်နှင့် ‘ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲခြင်း’ ကိုနှိုင်းယှဉ်ကြည့်လျှင် “ပမာဏမပြုထိုက်” ဟုဆိုခဲ့ရခြင်းပါတကား!
“ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” သည်အဘယ်အချိန်၌ စတင်မည်နည်း။ ဘုရားသခင့်သားများသည် မည်သူမည်ဝါဖြစ်ကြောင်း ယေဟောဝါထင်ရှားစေမည့် များမကြာမီအချိန်တွင်ဖြစ်မည်။ ထိုအချိန်ကား နာမ်ဝိညာဉ်ဘုံသို့ရှင်ပြန်ထမြောက်ခံရမည့် ဤ “သားတို့” သည် ဘုရားသခင်၏ဟာ-မဂေဒုန်စစ်ပွဲတွင် မြေကြီးပေါ်မှ ဆိုးသွမ်းမှုနှင့်ဖိနှိပ်မှုများကို ယေရှုခရစ်နှင့်အတူ ဖယ်ရှားကြသည့်အခါတွင်ဖြစ်မည်။ (ဒံယေလ ၂:၄၄; ၇:၁၃၊ ၁၄၊ ၂၇; ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၆:၁၆; ၁၇:၁၄; ၁၉:၁၁-၂၁) ဘုရားသခင်ကြာမြင့်စွာခွင့်ပြုထားသည့် ပုန်ကန်မှုနှင့် ယင်းကြောင့်ဖြစ်ပွားခဲ့သော ဆိုးသွမ်းမှုကို အဆုံးတိုင်မည့်အချိန်၊ “ခဲယဉ်းသောကာလ” ၏နိဂုံးပိုင်းသို့ ရောက်ရှိနေကြကြောင်း သက်သေအထောက်အထားများစွာကို ကျွန်ုပ်တို့တွေ့မြင်နေကြရသည်။—၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၃-၃၁။
တမန်တော်ပေါလုပြောသည့်အတိုင်း ‘ဖန်ဆင်းခြင်းရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်’ မှာမှန်သော်လည်း ကြာရှည်ခံရတော့မည်မဟုတ်ပါ။ လူ့မိသားစုတစ်ခုလုံးအတွက် ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု ပြန်လည်တည်ထောင်ပေးမည့် “ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော . . . အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူ” မည့်အချိန်ကို ယခုအသက်ရှင်သူ သန်းပေါင်းများစွာတို့သည် တွေ့မြင်ရကြပါလိမ့်မည်။—တမန်တော် ၃:၂၁။
နောက်ဆုံးတွင် စစ်မှန်သောလွတ်လပ်မှုရ
“ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာကို” ခံစားရဖို့ ကျွန်ုပ်တို့အဘယ်သို့ပြုလုပ်ရမည်နည်း။ ယေရှုခရစ်က “သင်တို့သည် ငါ၏ [တရား] ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွတ်လိမ့်မည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၈:၃၁၊ ၃၂) ၎င်းသည် လွတ်လပ်မှု၏သော့ချက်—ခရစ်တော်၏မိန့်တော်မူချက်များနှင့် သွန်သင်ချက်များကို သင်ယူ၍နာခံခြင်း—ဖြစ်သည်။ ဤသော့ချက်က ယခုပင် လွတ်လပ်မှုအတော်အတန်ရရှိစေသည်။ မဝေးတော့သည့်အနာဂတ်တွင် ခရစ်တော်ယေရှု၏အုပ်ချုပ်မှုအောက်၌ လုံးလုံးလျားလျားလွတ်လပ်စေပါလိမ့်မည်။ ပညာရှိလမ်းစဉ်မှာ ကျမ်းစာကိုလေ့လာခြင်းဖြင့် ယေရှု၏ “စကား” ကိုကြိုးစားသိဖို့ဖြစ်သည်။ (ယောဟန် ၁၇:၃) အစောပိုင်းခရစ်ယာန်များကဲ့သို့ ခရစ်တော်၏တပည့်စစ်များဖြင့်ဖွဲ့စည်းထားသည့် အသင်းတော်နှင့် တက်ကြွလှုပ်ရှားစွာပေါင်းသင်းပါ။ သို့ပြုခြင်းဖြင့် ယနေ့ယေဟောဝါ၏ အဖွဲ့အစည်းမှတစ်ဆင့် ပေးသနားတော်မူသည့် လွတ်မြောက်စေသောအမှန်တရားတို့မှ အကျိုးခံစားနိုင်ပါလိမ့်မည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
‘ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းကိုစောင့်နေကြ’ စဉ် ဆင်းရဲခြင်းနှင့် မတရားမှုများမှာ မခံမရပ်နိုင်သည့်တိုင် ရှိစေဦးတော့ ခရစ်တော်၏ကာကွယ်စောင့်ရှောက်မှုနှင့် ထောက်မမှုအပေါ် တမန်တော်ပေါလုထားခဲ့သော ယုံကြည်စိတ်ချမှုမျိုးကို သင်ပျိုးထောင်နိုင်ပေသည်။ ဘုရားသခင့်သားများပေါ်ထွန်းခြင်းအကြောင်းကို ဆွေးနွေးပြီးနောက် ပေါလုက “ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။ . . . ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ဓားဖြင့်ကွပ်မျက်ခြင်း” တို့လောဟုမေးခဲ့သည်။ (ရောမ ၈:၃၅၊ ၃၆၊ သမ္မာ) မှန်ပါသည်၊ ရူဆိုး၏စကားကိုအသုံးပြုပြောရမည်ဆိုလျှင် ပေါလုခေတ်မှခရစ်ယာန်များသည် ဖိနှိပ်မှုတစ်မျိုးမဟုတ်တစ်မျိုး၏ ‘ချုပ်နှောင်မှု’ ကိုခံရဆဲရှိသည်။ သူတို့သည် “သတ်ဖို့ရာထားသောသိုး” ကဲ့သို့ “တစ်နေ့လုံး အသေသတ်ခြင်းကိုခံရကြ” ၏။ (ရောမ ၈:၃၆၊ သမ္မာ) ယင်းကြောင့် သူတို့လက်မြှောက်အရှုံးပေးခဲ့ကြသလော။
“မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကိုခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင်ကြ၏” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၈:၃၇) အစောပိုင်းခရစ်ယာန်များခံခဲ့ကြရသည့် ဆင်းရဲခြင်းများကြား အောင်မြင်သည်ဟုဆိုနိုင်ပါသလော။ မည်သို့ဆိုနိုင်သနည်း။ “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ် . . . အရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏” ဟုသူဖြေဆိုခဲ့သည်။ (ရောမ ၈:၃၈၊ ၃၉) ဤအတောအတွင်း ခံစားရမည့် အဘယ် “ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း” ကိုမဆို အသင်လည်း ‘အောင်မြင်’ နိုင်ပါသည်။ မကြာမီ—ယခုအလွန်ပင်နီးနေပေပြီ—ကျွန်ုပ်တို့သည် “အနှောင်အဖွဲ့ [အားလုံး] မှကယ်လွတ်ခြင်းချမ်းသာ” ရပြီး “ဘုရားသခင့်သားတို့၏ဘုန်း . . . ကိုဝင်စား” မည်ဟု ဘုရားသခင့်မေတ္တာတော်က အပြည့်အဝအာမခံတော်မူ၏။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
‘ဖန်ဆင်းထားရာ ရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရ’
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
‘ဖန်ဆင်းထားရာသည် အနှောင်အဖွဲ့အားလုံးမှလွတ်ကာ ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သော ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားလိမ့်မည်’