ဆင်းရဲဒုက္ခခံရသူများတစ်နေ့နေ့တွင်သက်သာရာရမည်လော
သင်တစ်ဦးတည်းအတွက်သာမကဘဲ လူသားအားလုံး ဒုက္ခဝေဒနာခံစားရခြင်းမှ အဆုံးတိုင်သွားသည်ကို သင်မြင်လိုပါသလော။ အောက်ပါဥပမာများကို သုံးသပ်ကြည့်ပါ။
ဆိုနီယာသည် ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားခဲ့ရသည်။a ဦးဆုံးအနေဖြင့် သူမ၏ခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သူမ သိရှိလိုက်ရသည်။ ထိုနောက်တွင် သူမ၏သားထွေးမှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရကာ အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးသွားသည်။ နောက်နှစ်နှစ်အကြာတွင် သူမ၏သားတစ်ဦးသည် ဖျားနာပြီး၊ မကြာမီ သူသည်လည်း အေအိုင်ဒီအက်စ်ရောဂါဖြင့်ပင် သေဆုံးပြန်သည်။ ဆိုနီယာက “သူ့ရောဂါရဲ့ နောက်ဆုံးအဆင့်မှာ အရမ်းကြာတာပါပဲ” ဟု ပြန်ပြောပြသည်။ “သူ့ခမျာ စိတ်ဓာတ်လည်းအရမ်းကျ၊ ဆံပင်တွေကလည်းကျွတ်နဲ့ မျက်စိလည်းကောင်းကောင်းမမြင်ရရှာတော့ဘူး။ ဒီလိုမြင်ရတာ အရမ်းဝမ်းနည်းမိတာပဲ။”
ဘရာဇီးတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သော ဖာဘယာနာသည် ကမ္ဘာ့လူမှုရေးတရားမမျှတမှုနှင့်ပတ်သက်၍ စိုးရိမ်ခဲ့သည်။ မကြာမီ သူမ၏ဘဝတွင် ပူဆွေးသောကရောက်ဖွယ်ရာနှင့် ရုတ်တရက်ကြုံကြိုက်ရသည်။ သူမ၏အစ်ကိုသည် စိတ်ကျဝေဒနာခံစားရပြီး ကိုယ့်ကိုယ်ကိုသတ်သေလိုက်သည်။ ဖာဘယာနာသည် အလုပ်ပြုတ်သွားသောအခါ သူမ၏သူငယ်ချင်းတစ်ဦးက ပိုက် ဒီ စန်းတူး (ပယောဂဆရာ) တစ်ဦးကိုရှာရန် အကြံပေးသည်။ အကြောင်းမှာ တစ်ဦးတစ်ယောက်က သူမကိုကျိန်စာတိုက်ထား၍သာ သူမအနေဖြင့် ယခုကဲ့သို့ကြမ္မာငင်နေခြင်းဖြစ်သည်ဟု ယူမှတ်ကြသောကြောင့်ပင်တည်း! သို့သော် ပိုက် ဒီ စန်းတူးက သက်သာရာမပေးနိုင်ခဲ့ချေ။ ယင်းအစား ဖာဘယာနာသည် ပူပင်သောကရောက်ကာ သူမ၏ဆင်းရဲဒုက္ခကြောင့် အိပ်၍မပျော်နိုင်ခဲ့ချေ။
အာနာသည် ဘဝ၏အစပိုင်းကတည်းက ဆင်းရဲဒုက္ခနှင့်ကြုံခဲ့ရသည်။ “ကျွန်မ တစ်နှစ်သမီးအရွယ်မှာ အမေကစွန့်ပစ်ခဲ့လို့ ကျွန်မရဲ့အဘွားက ကျွန်မကိုကြည့်ရှုခဲ့တယ်” ဟု သူမကပြောပြသည်။ အာနာ သုံးနှစ်သမီးအရွယ်တွင် သူမ၏အဘွားသေဆုံးသွားသည်။ အာနာသည် ရီယိုဒီဂျနေရိုမြို့ရှိ မိဘမဲ့ဂေဟာတစ်ခုသို့ အပို့ခံရကာ အသက် ၁၃ နှစ်အထိ ထိုနေရာတွင်နေထိုင်ခဲ့ရသည်။ “အဲဒီနေရာမှာ ကျွန်မတို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံပြုမူကြတယ်၊ ဒါကြောင့် ကျွန်မဟာ ကလန်ကဆန်လုပ်သူဖြစ်လာတယ်” ဟူ၍သူမကပြောပြသည်။ “ကျွန်မကြီးလာတာနဲ့အမျှ အရာရာကို ကျွန်မဆန့်ကျင်နေတော့တာပါပဲ။”
ဆင်းရဲဒုက္ခသည် လူသားတိုင်း၏ဘဝကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ထိခိုက်နေပုံရှိသည်။ သို့တိုင် ကျွန်ုပ်တို့သည်—သတင်းများကို ကြည့်ရှု၊ ဖတ်ရွတ်၊ နားထောင်သောအချိန်တိုင်း—နေ့စဉ် လူသားတို့၏ အခြေခံပူဆွေးဖွယ်ရာအဖြစ်အပျက်များကို ကြုံကြိုက်နေရသည်။ ဒေါက်တာမေရီ ဆိုက် ဝိုင်လီက “ကျွန်မတို့ခေတ် . . . ဆက်သွယ်ရေးလမ်းကြောင်း အလွန်ကောင်းမွန်သောကြောင့်တစ်ချိန်လုံးလိုလိုပင် သတင်းဆိုးမကြားရဖို့ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ စစ်၊ သဘာဝဘေးဒဏ်၊ စက်မှုဆိုင်ရာ ကပ်ဆိုက်မှုကြီး၊ အဝေးပြေးလမ်းပေါ်တွင်ဖြစ်သော မတော်တဆမှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်ဝါဒ၊ အကျင့်စာရိတ္တဆိုင်ရာမတော်မတရားပြုကျင့်မှု၊ ဗလက္ကာရပြုမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အားလုံးတို့သည် ၂၀ ရာစုတွင် နေ့စဉ်လိုလို ထပ်တလဲလဲကြားနေရသော ကြောက်မက်ဖွယ် ထိခိုက်ကြေကွဲဖွယ်ရာများဖြစ်စေကြသည်” ဟုရေးသားထားသည်။ ခရစ်ယာန်တမန်တော်ပေါလုက လူသားတို့၏ကြုံတွေ့မှုများကို အကျဉ်းချုပ်ကာ “ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်” ဟုလက်တွေ့ကျကျဖော်ပြခဲ့သည်။—ရောမ ၈:၂၂။
သင့်အနေနှင့်ကော။ ဆင်းရဲဒုက္ခကို ကြုံတွေ့နေရပါသလော။ အဘယ် သက်သာရာကို သင်မျှော်လင့်နိုင်ပါသနည်း။ စစ်မှန်သောငြိမ်သက်ခြင်းကို တစ်နေနေ့တွင် သင်ရရှိပါမည်လော။ ဆိုနီယာ၊ ဖာဘယာနာ၊ အာနာတို့သည် စစ်မှန်သောနှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းအပြည့်အဝ ရရှိခဲ့ကြသည်တကား! ယင်းကို နောက်ဆောင်းပါးတွင် သင်ဖတ်ရှုနိုင်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတွင်ပါရှိသော အမည်များကို ပြောင်းလဲထားပါသည်။