အခန်း ၄
ဘုရားသခင်—ကိုယ်တော်ကား မည်သူနည်း
၁။ (က) အဘယ်ဘုရားများကို လူတို့ ကိုးကွယ်လာခဲ့ကြပြီနည်း။ (ခ) “ဘုရားများ” ကို “ဘုရားသခင်” နှင့် သီးခြားဖြစ်အောင် ကျမ်းစာ မည်သို့ခွဲပြသနည်း။
ကမ္ဘာတစ်ဝန်းတွင် ဘုရားအမျိုးမျိုး ကိုးကွယ်ကြ၏။ ရှင်တိုဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာမှအစ လူမျိုးစုဆိုင်ရာ ဘာသာအသီးသီးတွင် ဘုရားသန်းပေါင်းများစွာရှိ၏။ ယေရှု၏ တမန်တော်များလက်ထက်၌ ဇုသနှင့် ဟေရမေ စသော ဘုရားများကို ကိုးကွယ်ခဲ့ကြသည်။ (တမန်တော် ၁၄:၁၁၊ ၁၂) သို့နှင့် “ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သောသူအများရှိ” သည်ဟူ၍ ကျမ်းစာက ဝန်ခံ၏။ သို့ရာတွင် “အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသောအရာဖြစ် . . . ၏၊ ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏” ဟုလည်း ဆိုထားသည်။ (၁ ကောရိန္သု ၈:၅၊ ၆) ‘အဲဒီဘုရားသခင်ဟာ ဘယ်သူလဲ’ ဟူ၍ သင်အမေးခံရလျှင် သင်မည်သို့ ဖြေဆိုမည်နည်း။
၂။ ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်ခြားနားသော အယူအဆများ ရှိကြသနည်း။
၂ ‘ထာဝရဘုရားပဲပေါ့’ ဟု အများက ဖြေကြ၏။ သို့တည်းမဟုတ် ‘ကိုယ်တော်ဟာ ကောင်းကင်မှာ ကျိန်းဝပ်တဲ့ နာမ်ဝိညာဉ်တစ်ပါးပေါ့’ ဟု ဖြေချင်ဖြေကြမည်။ အဘိဓာန်ကျမ်းတစ်စောင်က ဘုရားသခင်ကို “အကြီးမြင့်ဆုံးတန်ခိုးရှင်” ဟုခေါ်ထားသည်။ ‘ဘုရားသခင်ရဲ့နာမည် ဘယ်လိုခေါ်သလဲ’ ဟုအမေးခံရသောအခါ အချို့က ‘ယေရှု’ ဟုဖြေကြ၏။ အချို့ကမူ ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် မယူမှတ်၊ နေရာတိုင်း၌ရှိသော တန်ခိုးကြီးသည့် စွမ်းအင်တစ်ခုဟုသာ ယူမှတ်ကြသည်။ အချို့ဆိုလျှင် ဘုရားသခင်တစ်ပါး တကယ်မှရှိရဲ့လားဟုပင် သံသယဝင်ကြ၏။ ကိုယ်တော်အမှန်တည်ရှိကြောင်း ကျွန်ုပ်တို့သိနိုင်သလော။
ဘုရားသခင် တကယ်တည်ရှိ၏
၃။ အိမ်တစ်ဆောင် မည်သို့ဖြစ်လာသနည်း။
၃ လှပသော အဆောက်အဦတစ်ခုကို ကြည့်လိုက်သောအခါ ဘယ်သူ ဆောက်လိုက်တာပါလိမ့်ဟူ၍ အသင်စဉ်းစားဖူးသလော။ မည်သူမျှ မဆောက်ပါ၊ သူ့အလိုလိုဖြစ်ပေါ်လာတာပါဟု တစ်ယောက်ယောက်ကပြောလျှင် သင်ယုံမည်လော။ လုံးဝ ယုံမည်မဟုတ်! ကျမ်းရေးသူတစ်ဦးဆိုခဲ့သကဲ့သို့ “အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့် ဖြစ်၏။” ယင်းအချက်ကို မည်သူမဆို သိ၏။ သို့ ဖြစ်လျှင် “အလုံးစုံတို့ကို တည်ဆောက်သောသူကား ဘုရားသခင်ပေတည်း” ဟူသော ကျမ်းရေးသူ၏ ယုတ္တိတန်သည့် သဘောပိုက်ချက်ကို ကျွန်ုပ်တို့လက်သင့်မခံနိုင်ပေလော။—ဟေဗြဲ ၃:၄။
၄။ သန်း ကုဋေများစွာသော ကြယ်များ မည်သို့ ဖြစ်ပေါ်လာသနည်း။
၄ ကြယ်ကုဋေပေါင်းများစွာပါဝင်သော စကြဝဠာကို စဉ်းစားကြည့်ပါ။ ဤမျှများသော်လည်း တစ်လုံးနှင့်တစ်လုံး အပြန်အလှန် ဆက်သွယ်ပုံ အကောင်းဆုံးအခြေအနေ၌ရှိစေရန် ထိန်းချုပ်သော နိယာမတရားများအတိုင်း ကောင်းကင်တွင် သွားလာလျက်ရှိကြ၏။ “ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း” ဟူသောမေးခွန်းမှာ ရှေးအခါက မေးခဲ့သည့်မေးခွန်းဖြစ်၏။ ပေးလိုက်သည့်အဖြေသည် ယုတ္တိရှိ၏– “ထိုသူသည် သူတို့ အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။” (ဟေရှာယ ၄၀:၂၆) ကုဋေပေါင်းများစွာသော ကြယ်တို့သည် သူ့အလိုအလျောက်ဖြစ်ပေါ်လာပြီး စီစဉ်ညွှန်ကြားချက်မရှိဘဲ မဟာကြယ်စုကြီးများအသွင်သို့ ဖွဲ့စည်းကာ ဤမျှတိုင် အံ့ဖွယ်ကောင်းလောက်သော စနစ်ကျနမှုဖြင့် သွားလာနေကြသည်ဟု ယူမှတ်လျှင် တကယ်ပင် အသိတရားမဲ့ရာ ရောက်ချေမည်!—ဆာလံ ၁၄:၁။
၅။ (က) စက်အပိုင်းအစများသည် အလိုအလျောက် စုပေါင်းလာပြီး အသားခုတ်စက်တစ်လုံးဖြစ်လာရန် အဘယ်အခွင့်အလမ်းရှိသနည်း။ (ခ) ဤအချက်က ကျွန်ုပ်တို့၏ စကြဝဠာနှင့် စပ်လျဉ်း၍ အဘယ်အရာကို ပြသနည်း။
၅ အဆင့်အတန်းမြင့်မြင့် ဖွဲ့စည်းထားသော ဤစကြဝဠာသည် သူ့အလိုအလျောက် ဘယ်နည်းနှင့်မျှ ဖြစ်မလာနိုင်။ ကြီးမားသော တန်ခိုးဉာဏ်ရှင် ဖန်ဆင်းသူရှိမှသာ ဖြစ်လာနိုင်သည်။ (ဆာလံ ၁၉:၁၊ ၂) ဘုရားသခင်ကို အဘယ်ကြောင့် ယုံသနည်းဟု လုပ်ငန်းရှင်တစ်ဦး အမေးခံရသောအခါ သူက မိမိစက်ရုံ၌ မိန်းကလေးတစ်ဦး အသားခုတ်စက်တစ်လုံး၏ အပိုင်း ၁၇ ပိုင်းကို နေရာတကျ တပ်ဆင်နည်း သင်ကြားရာ၌ အချိန်နှစ်ရက်ယူရသည်ဟု ရှင်းပြ၏။ “ကျွန်တော်ဟာ ခုတ်ဖြတ်ကိရိယာ ထုတ်လုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်လောက်သာဖြစ်တယ်။ ဒါပေမဲ့ တစ်ခုတော့ ကျွန်တော် ကောင်းကောင်းသိတယ်။ အသားခုတ်စက်ရဲ့ အပိုင်း ၁၇ ပိုင်းကို အဝတ်လျှော် စည်ပိုင်းထဲကိုထည့်ပြီး မွှေပါ။ အနှစ် သန်းပေါင်း ၁၇,၀၀၀ မွှေရင်တောင်မှ အသားခုတ်စက်တစ်လုံး ဖြစ်လာမှာမဟုတ်ဘူး။” ကမ္ဘာပေါ်မှ သက်ရှိအမျိုးမျိုး အပါအဝင် ဤစကြဝဠာသည် အသားခုတ်စက်တစ်လုံးထက် များစွာသာ၍ ရှုပ်ထွေးသိမ်မွေ့၏။ အသားခုတ်စက်တစ်လုံးသည် ကျွမ်းကျင်သော တီထွင်သူတစ်ဦးရှိမှ ဖြစ်လာနိုင်လျှင် အရာခပ်သိမ်းကို ဖန်ဆင်းရန် အနန္တတန်ခိုးရှင် ဘုရားသခင်တစ်ပါး လိုအပ်မည်မှာ သေချာလှ၏။ ကိုယ်တော်ပြုလုပ်ခဲ့သည့်အရာများကြောင့် ကိုယ်တော့်ဂုဏ်တော်ကို ချီးမွမ်းဖို့ မကောင်းပေလော။—ဗျာဒိတ် ၄:၁၁; တမန်တော် ၁၄:၁၅-၁၇; ၁၇:၂၄-၂၆။
ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော
၆။ ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် စိတ်ချနိုင်သနည်း။
၆ လူအများက ဘုရားသခင်ကို မိမိတို့ယုံကြည်ပါသည်ဆိုသော်လည်း ကိုယ်တော်အား တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် မယူမှတ်ကြချေ။ ကိုယ်တော်သည် တကယ့်ပုဂ္ဂိုလ်လော။ စဉ်းစားကြည့်လေ။ အသိဉာဏ်ရှိတိုင်း အသိစိတ်ရှိရမည်။ ဥပမာ၊ ကျွန်ုပ်တို့က ‘ကျွန်တော် စိတ်မပိုင်းဖြတ်နိုင်ဘူးဗျာ’ ဟုပြောလေ့ပြောထရှိသည်။ အသိစိတ်ရှိလျှင် တစ်စုံတစ်ခုသော ပုံသဏ္ဌာန်ရှိသော ခန္ဓာအတွင်း၌ ဦးနှောက်တစ်လုံးရှိရမည်ဖြစ်သည်။ သို့ဖြစ်၍ အရာခပ်သိမ်းဖန်ဆင်းသော မဟာအသိစိတ်သည် မဟာပုဂ္ဂိုလ်ကြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ပိုင်ဆိုင်ရာဖြစ်ပေသည်။ ကိုယ်တော်၌ ရုပ်ခန္ဓာမရှိသော်လည်း နာမ်ခန္ဓာရှိတော်မူ၏။ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦး၌ ခန္ဓာရှိသည်ဟုတ်စ။ ဟုတ်ပါသည်။ ကျမ်းစာက “ရုပ်ခန္ဓာရှိလျှင် နာမ်ခန္ဓာလည်းရှိ၏” ဟုဆို၏။—၁ ကောရိန္သု ၁၅:၄၄; သမ; ယောဟန် ၄:၂၄။
၇။ (က) အဘယ်အချက်က ဘုရားသခင်၌ ကျိန်းဝပ်ရာဌာနရှိကြောင်း ပြသနည်း။ (ခ) အဘယ်အချက်က ကိုယ်တော်၌ ခန္ဓာတစ်ခုရှိကြောင်း ပြသနည်း။
၇ ဘုရားသခင်သည် နာမ်ခန္ဓာနှင့်တည်ရှိသော ပုဂ္ဂိုလ်တစ်ပါးဖြစ်ရကား ကိုယ်တော်ကျိန်းဝပ်ရာအရပ် ရှိရပေမည်။ ကျမ်းစာက ကောင်းကင်များသည် “ကျိန်းဝပ်တော်မူရာ” ဖြစ်သည်ဟု ဆိုထား၏။ (၃ ဓမ္မရာဇဝင် ၈:၄၃) ထို့ပြင် “ခရစ်တော်သည် . . . ငါတို့အတွက် ဘုရားသခင့် မျက်မှောက်တော်တွင် ထင်ထင်ဖူးမြော်ရန် ကောင်းကင်ဘုံထဲသို့ ဝင်တော်မူ၏” ဟုလည်း သိရ၏။ (ဟေဗြဲ ၉:၂၄၊ သမ) အချို့လူသားများသည် ဘုရားသခင်နှင့်အတူ ကောင်းကင်တွင် အသက်ရှင်ရမည့်အခွင့်ကို ရမည်ဖြစ်၍ သူတို့လည်း နာမ်ခန္ဓာများ ရရှိကြမည်။ ထိုအခါ သူတို့သည် ဘုရားသခင်ကို ဖူးမြင်ရကြမည်။ ကိုယ်တော်ကဲ့သို့ဖြစ်မည်ဟု ကျမ်းစာဆို၏။ (၁ ယောဟန် ၃:၂) ယင်းအချက်ကလည်း ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ခန္ဓာတော်လည်း ရှိတော်မူကြောင်း သက်သေပြ၏။
၈၊ ၉။ (က) လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဥပမာက ဘုရားသခင့် တာသွားသော တန်ခိုးအကြောင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ (ခ) ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်ကား အဘယ်နည်း။ ၎င်းသည် အဘယ်အရာကို ပြုနိုင်သနည်း။
၈ သို့သော် တစ်ယောက်ယောက်ကမေးမည်– ‘ဘုရားသခင်ဟာ ကောင်းကင်တစ်နေရာရာမှာ ကျိန်းဝပ်တဲ့ တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဆိုရင် နေရာတိုင်းမှာ ဖြစ်ပျက်နေတဲ့အရာရာတိုင်းကို ဘယ်လိုလုပ်ပြီး သိမြင်နိုင်မှာလဲ။ စကြဝဠာတစ်ခွင်လုံး သူ့ရဲ့တန်ခိုး ဘယ်လိုလုပ်ပြီး သက်ရောက်နိုင်မှာလဲ။’ (၂ ရာဇဝင်ချုပ် ၁၆:၉) ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်ရုံနှင့် ကိုယ်တော့်တန်ခိုးတော်နှင့် ကြီးမြင့်ခြင်းအရှိန်အဝါ လျော့မသွားပါ။ ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏ လေးစားရိုသေမှုလည်း လျော့မသွားသင့်ပါ။ (၁ ရာဇဝင်ချုပ် ၂၉:၁၁-၁၃) ယင်းအချက်ကို သဘောပေါက်နိုင်ရန် လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ၏ တာသွားသောအကျိုးများကို သုံးသပ်ပါ။
၉ ဓာတ်အားပေးစက်ရုံသည် မြို့တွင်းဖြစ်စေ၊ မြို့အနီးမှာဖြစ်စေ၊ တစ်နေရာရာ၌ တည်ရှိ၏။ သို့သော်လည်း ၎င်း၏ဓာတ်အားမှာကား နေရာအားလုံးသို့ရောက်ပြီး အလင်းနှင့် စွမ်းအင်ကိုပေး၏။ ဘုရားသခင်လည်း ထို့အတူပင်။ ကိုယ်တော်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ (ဟေရှာယ ၅၇:၁၅; ဆာလံ ၁၂၃:၁) သို့ပါလျက်နှင့် မျက်စိဖြင့်မမြင်နိုင်သော ကိုယ်တော့်ထက်မြက်သော စွမ်းအားဖြစ်သည့် ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်သည် စကြဝဠာတစ်ခွင်လုံး၊ နေရာတိုင်း၌သက်ရောက်၏။ မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းတော်မူ၏။ (ဆာလံ ၃၃:၇; ကမ္ဘာဦး ၁:၂; ဆာလံ ၁၀၄:၃၀) ထိုအရာများကို ဖန်ဆင်းနိုင်ရန် ကိုယ်တော်တိုင် ခန္ဓာဖြင့် ရောက်ရှိနေစရာမလို။ မည်မျှပင် အလှမ်းဝေးစေကာမူ မိမိ၏ဝိညာဉ်တော်၊ မိမိ၏ ထက်မြက်သောစွမ်းအားကို လွှတ်ကာ စိတ်တော်ရှိသည့်အတိုင်း ပြုလုပ်နိုင်တော်မူ၏။ ထူးကဲအံ့သြဖွယ်ကောင်းသော ဘုရားသခင်ပါတကား!—ယေရမိ ၁၀:၁၂; ဒံယေလ ၄:၃၅။
ဘုရားသခင် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း
၁၀။ ဘုရားသခင်ကို သိကျွမ်းနိုင်သော နည်းတစ်နည်းကား အဘယ်နည်း။
၁၀ ဘုရားသခင်သည် ကောင်းစွာသိလေလေ မြတ်နိုးဖွယ်ကောင်းလေလေဖြစ်သော ပုဂ္ဂိုလ်အစားမျိုးလော။ ‘ဟုတ်မှာပဲ၊ ဒါပေမဲ့လဲ ဘုရားသခင်ကို ကျွန်တော်တို့ မမြင်နိုင်တော့ကာ သူ့အကြောင်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ’ ဟုအသင်ဆိုကောင်းဆိုမည်။ (ယောဟန် ၁:၁၈) သိနိုင်သောနည်းတစ်နည်းကို ကျမ်းစာ ဤသို့ဆို၏– “ဖန်ဆင်းထားသောအရာများကို ထောက်ရှုသဖြင့် နိစ္စတန်ခိုးတော်နှင့် ဘုရားအဖြစ်တော်တည်းဟူသော ကွယ်ဝှက်ရာများကို ဤလောက ဖန်ဆင်းသည်ကစ၍ ထင်ရှားပြီးဖြစ်” ၏။ (ရောမ ၁:၂၀၊ သမ) ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းရာများက ကိုယ်တော် မည်သို့မည်ပုံရှိသည်ကို သိမြင်စေနိုင်သည်။ ၎င်းအရာများကို တကယ်တမ်းဆန်းစစ် သုံးသပ်ဖို့သာလို၏။
၁၁။ ဘုရားသခင် ဖန်ဆင်းထားရာများကို ကြည့်၍ ကိုယ်တော်နှင့်ပတ်သက်ပြီး အဘယ်အရာကို သိနိုင်သနည်း။
၁၁ ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း ကြယ်တန်ဆာဆင်သော ကောင်းကင်ကို ကြည့်လိုက်ရုံနှင့် ဘုရားသခင်၏ ကြီးမြင့်တော်မူခြင်းနှင့် ဧရာမတန်ခိုးတော်ကို သိနိုင်သည်! (ဆာလံ ၈:၃၊ ၄; ဟေရှာယ ၄၀:၂၆) ကမ္ဘာမြေကြီးကိုလည်း သုံးသပ်လိုက်ပါဦး။ နေမှ အပူနှင့်အလင်း လိုအပ်သလောက်ရရှိစေရန် ကမ္ဘာကို အာကာသ၌ ထားတော်မူ၏။ ရေသံသရာကိုလည်း စဉ်းစားကြည့်ပါ။ မိုးသည် ရွာသွန်း၍ မြေကြီးကို စိုစွတ်စေ၏။ ရေသည် မြစ်ထဲသို့စီးဆင်း၏။ တစ်ဖန်၊ မြစ်သည် ပင်လယ်ထဲသို့ စီးဆင်း၏။ နေသည် ပင်လယ်ထဲမှရေကို ရေငွေ့အဖြစ် စုပ်တင်၏။ ၎င်းရေငွေ့သည် မြေကြီးကို စိုစွတ်စေရန် မိုးအသွင်ဖြင့် ကျဆင်းလာပြန်သည်။ (ဒေသနာ ၁:၇) လူနှင့်တိရစ္ဆာန်တို့လိုအပ်သော အစားအစာ၊ အမိုးအကာမှစ၍ လိုအပ်သမျှကို ပြုလုပ်ပေးနိုင်သည့် အံ့ဖွယ်ကောင်းလှသော သံသရာများစွာရှိ၏! အံ့ဖွယ်ကောင်းလှသော ဤအရာများက ဘုရားသခင် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ကို ပြနေသနည်း။ ကိုယ်တော်သည် မဟာဉာဏ်ပညာရှိ၍ အလွန်ရက်ရောသည်သာမက မိမိ သတ္တဝါများကို စောင့်ရှောက်သော ဘုရားသခင်လည်း ဖြစ်တော်မူကြောင်းပြသနေ၏။—သု. ၃:၁၉၊ ၂၀; ဆာလံ ၁၀၄:၁၃-၁၅၊ ၂၄၊ ၂၅။
၁၂။ သင့်ကိုယ်ခန္ဓာကိုယ်၌က သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်အရာ ပြသနေသနည်း။
၁၂ သင့်ခန္ဓာကိုယ်ကိုသာ ကြည့်လိုက်ပါ။ အသက်ရှင်နိုင်ရုံသာ ဖန်ဆင်းထားသည် မဟုတ်ကြောင်း သိသာလှ၏။ ဘဝကို မွေ့လျော်နိုင်ရန် ထူးကဲစွာ တီထွင်ထားပေသည်။ (ဆာလံ ၁၃၉:၁၄) ကျွန်ုပ်တို့၏မျက်စိသည် အဖြူအမည်းလောက်သာ မြင်နိုင်သည်မဟုတ်။ ရောင်စုံမြင်နိုင်၏။ ကမ္ဘာသည်လည်း ကြည့်စရာကောင်းလှသည့် အရောင်အမျိုးမျိုးဖြင့် ပြည့်ဝကုံလုံလျက်ရှိပေသည်။ အနံ့နှင့်အရသာကိုလည်း ကျွန်ုပ်တို့ခံစားနိုင်၏။ သို့ဖြစ်၍ စားခြင်းအမှုသည် ဝတ္တရားတစ်ခုသာမဟုတ်တော့၊ နှစ်သက်ဖွယ်ဖြစ်နေ၏။ ထိုသို့သောအာရုံများရှိမှ အသက်ရှင်နိုင်သည်မဟုတ်။ သို့သော် ၎င်းတို့သည် မေတ္တာပြည့်ဝ၍ ရက်ရောထောက်စာတတ်သော ဘုရားသခင်ထံတော်မှ သက်ရောက်ရာဆုလာဘ်များဖြစ်ပေသည်။—ကမ္ဘာဦး ၂:၉; ၁ ယောဟန် ၄:၈။
၁၃။ လူသားများနှင့် ဘုရားသခင့်ဆက်ဆံပုံမှ ဘုရားသခင်နှင့်ပတ်သက်၍ အသင်အဘယ်ရာကို သိရှိသနည်း။
၁၃ လူသားတို့နှင့် ဘုရားသခင်ဆက်ဆံပုံကို ကြည့်လိုက်လျှင်လည်း ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ကို သိနိုင်သည်။ တရားမျှတမှုဘက်တွင် ကိုယ်တော်၌ ထက်မြက်သော ခံစားချက် ရှိတော်မူ၏။ အချို့သောလူမျိုးများကို မျက်နှာသာပေးခြင်းမပြု။ (တမန်တော် ၁၀:၃၄၊ ၃၅) ကိုယ်တော်သည် သနားတတ်ပြီး ကြင်နာ၏။ အီဂျစ်ပြည်မှ မိမိထုတ်ဆောင်ခဲ့သော ဣသရေလလူတို့နှင့် ဆက်ဆံခဲ့ပုံကို ကျမ်းစာ ဤသို့ဆို၏– “ကရုဏာစိတ်ရှိ၍ . . . သူတို့သည် အသားဖြစ်ကြောင်းကို . . . သတိရတော်မူ၏။” သို့ပါလျက်နှင့် ဣသရေလလူတို့သည် မကြာခဏ ပုန်ကန်ကြ၏။ သို့နှင့် ဘုရားသခင် ဝမ်းနည်းတော်မူ၏။ ကျမ်းစာ၌ဆိုသည့်အတိုင်း “သူတို့သည် . . . စိတ်တော်နာဖွယ်ပြုကြပါသည်တကား။ . . . ဣသရေလလူမျိုး၏ သန့်ရှင်းတော်မူသောအရှင့် အမျက်တော်ကို နှိုးဆော် [စိတ်တော်နာကျင်အောင်ပြု၊ ကဘ] ကြ၏။” (ဆာလံ ၇၈:၃၈-၄၁၊ သမ္မာ; ၁၀၃:၈၊ ၁၃၊ ၁၄) တစ်ဖက်သို့ကြည့်ပြန်လျှင် မိမိကျေးကျွန်များ မိမိပညတ်ကို နာခံသောအခါ ကိုယ်တော်ရွှင်လန်းတော်မူ၏။ (သု. ၂၇:၁၁) ထို့ပြင် မိမိကျေးကျွန်များ ရန်သူလက်၌ ဆင်းရဲခံရသောအခါ မိမိ မည်သို့ခံစားရကြောင်းကိုလည်း ဖော်ပြတော်မူ၏။ “သင်တို့ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။” (ဇာခရိ ၂:၈) အရေးမပါ၊ နိမ့်ကျသော လူသားမျိုးနွယ်အားလုံးပေါ် ထိုမျှ ကြင်နာတရားထားတော်မူသော ဘုရားသခင်ကိုချစ်သောစိတ် အသင်၌ ဖြစ်မလာပေလော။—ဟေရှာယ ၄၀:၂၂; ယောဟန် ၃:၁၆။
ဘုရားသခင်သည် ယေရှုလော၊ သုံးပါးပေါင်းတစ်ဆူလော
၁၄။ သုံးပါးပေါင်းတစ်ဆူအယူကား အဘယ်နည်း။
၁၄ ထူးမြတ်လှသော ဤဘုရားသခင်ကား မည်သူနည်း။ အချို့က ကိုယ်တော့်နာမမှာ ယေရှုဖြစ်သည်ဟုဆိုကြ၏။ အချို့ကျပြန်လျှင် ကျမ်းစာထဲ၌ “သုံးပါးပေါင်းတစ်ဆူ” ဟူသောစကားလုံး မရှိပါလျက်နှင့် ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဖြစ်သည်ဟုဆို၏။ သုံးပါးပေါင်းတစ်ဆူအယူအရ၊ ဘုရားသခင်အထဲ၌ ပုဂ္ဂိုလ်သုံးပါးရှိသည်။ “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဘုရားသခင်” ဟု ဆိုလိုကြသည်။ ဘာသာရေးအဖွဲ့အစည်း တော်တော်များများ ထိုသို့သွန်သင်၏။ ၎င်းအယူသည် “လျှို့ဝှက်နက်နဲရာ” ဖြစ်သည်ဟုလည်း ဝန်ခံသေး၏။ ဘုရားသခင်နှင့်ပတ်သက်သော ဤအမြင်မျိုးသည် မှန်သလော။
၁၅။ ဘုရားသခင်နှင့်ယေရှုသည် သာတူညီမျှမဟုတ်၊ သီးခြားပုဂ္ဂိုလ်များ ဖြစ်ကြောင်း ကျမ်းစာ မည်သို့ပြသနည်း။
၁၅ စဉ်းစားကြည့်လေ။ ယေရှုက မိမိသည် ဘုရားသခင်ဖြစ်သည်ဟု ဆိုဖူးသလော။ ဘယ်တော့မျှ မဆိုခဲ့ချေ။ ကျမ်းစာထဲ၌ ယေရှုကို “ဘုရားသခင်၏သားတော်” ဟုသာ ခေါ်ထားသည်။ “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏” ဟု ယေရှုမိန့်တော်မူ၏။ (ယောဟန် ၁၀:၃၄-၃၆; ၁၄:၂၈) ထို့ ပြင် မိမိလည်း မသိ၊ ကောင်းကင်တမန်များလည်းမသိ၊ ဘုရားသခင်တစ်ပါးတည်းသာ သိတော်မူသောအရာများရှိသည်ဟုလည်း မိန့်ဆိုခဲ့သေး၏။ (မာကု ၁၃:၃၂) ၎င်းပြင် တစ်ကြိမ်တွင် ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” (လုကာ ၂၂:၄၂) ယေရှုသာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ရိုးမှန်လျှင် မိမိထံမိမိ ဆုတောင်းခဲ့မည်မဟုတ်။ တောင်းခဲ့မည်လော။ တကယ်ပြောရလျှင် ယေရှုသေသည့်နောက် ကျမ်းစာက “ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်” ဟုပင်ဆို၏။ (တမန်တော် ၂:၃၂) သို့ဖြစ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် ယေရှုတို့သည် သီးခြားပုဂ္ဂိုလ် နှစ်ပါးဖြစ်ကြောင်း သိသာလှ၏။ ယေရှု သေ၍ထမြောက်ကာ ကောင်းကင်သို့ တက်ကြွသွားသည့်နောက်မှာပင် ခမည်းတော်နှင့် တန်းတူညီမျှ မဖြစ်ခဲ့ပါ။—၁ ကောရိန္သု ၁၁:၃; ၁၅:၂၈။
၁၆။ ယေရှုကို “ဘုရားသခင်” ဟုဆိုထားသည်တိုင်အောင် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်မဟုတ်ကြောင်း ဘာကပြသနည်း။
၁၆ ‘ဒါပေမဲ့၊ ကျမ်းစာထဲမှာ ယေရှုကို ဘုရားလို့ ခေါ်ထားတယ်မဟုတ်လား’ ဟု တစ်ယောက်ယောက်က မေးမည်။ မှန်ပါသည်။ သို့သော် စာတန်ကိုလည်း ဘုရားဟုခေါ်ထားသည်။ (၂ ကောရိန္သု ၄:၄) ယေရှုကို “နှုတ်ကပါဌ်တော်” ဟုရည်၍ဆိုထားသော ယောဟန် ၁:၁ ၌ အချို့ဘာသာပြန်ကျမ်းများက ဤသို့ရေးထား၏– “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” သို့သော် သတိပြုပါ။ အခန်းငယ် ၂ က နှုတ်ကပါဌ်တော်သည် “အစအဦး၌ ဘုရားသခင်နှင့်အတူရှိ ၏” ဟုဆိုထားသည်။ ယေရှုကို လူတို့ မြင်ဖူးခဲ့ကြသော်လည်း “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူး” ဟု အခန်းငယ် ၁၈ ကဆို၏။ ထို့ကြောင့် အခန်းငယ် ၁ ဘာသာပြန်ဆိုချက်အချို့က မူလဘာသာစကား၏ ဆိုလိုရင်းအမှန်ကိုပေးကြောင်း အောက်ပါအတိုင်း တွေ့ရှိရသည်– “နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့် အတူရှိ၍ နှုတ်ကပါဌ်တော်သည် ဘုရားကဲ့သို့ ဖြစ်တော်မူ၏၊” သို့မဟုတ် “ဘုရားတစ်ပါး” ဖြစ်တော်မူ၏။ ဆိုလိုသည်မှာ နှုတ်ကပါဌ်တော်သည် တန်ခိုးကြီး၍ ဘုရားကဲ့သို့သောအရှင် ဖြစ်တော်မူ၏။ (အမေရိကန် ဘာသာပြန်) ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်မဟုတ်သည်မှာ ထင်ရှားနေ၏။ တကယ်ဆိုရလျှင် ယေရှုက မိမိခမည်းတော်ကို “ငါ၏ဘုရားသခင်” ဟူ၍လည်းကောင်း၊ “မှန်သော ဘုရားသခင်တစ်ဆူတည်း” ဟူ၍လည်းကောင်းထား၍ မိန့်မြွက်ခဲ့သည်။—ယောဟန် ၂၀:၁၇; ၁၇:၃။
၁၇။ ယေရှုနောက်တော်လိုက်များအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းသည့်အဖြစ်က ဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်ကြောင်း မည်သို့ပြသ သနည်း။
၁၇ သုံးပါးပေါင်းတစ်ဆူအနက် တတိယအပါးဟု ခေါ်ကြသော “သန့်ရှင်းသောဝိညာဉ်တော်” နှင့်ပတ်သက်၍ဆိုရလျှင် ၎င်းသည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘဲ၊ ဘုရားသခင့် ထက်မြက်သောစွမ်းအားဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့ရှိခဲ့ပြီဖြစ်၏။ နှစ်ခြင်းဆရာယောဟန်က မိမိသည် ရေဖြင့် နှစ်ခြင်းပေးသကဲ့သို့ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းပေးတော်မူမည်ဟု ပြောခဲ့သည်။ သို့ဖြစ်၍ ရေသည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်သည်နည်းတူ သန့်ရှင်းသောဝိညာဉ်တော်လည်း ပုဂ္ဂိုလ်တစ်ပါးမဟုတ်ပေ။ (မဿဲ ၃:၁၁) ယေရှုသေ၍ ထမြောက်သည့်နောက် ယေရုရှလင်မြို့၌ စုဝေးနေသော တပည့်တော်များပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းသောအခါ ယောဟန်၏စကား ပြည့်စုံလာသည်။ ကျမ်းစာက “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” ၏ဟုဆို၏။ (တမန်တော် ၂:၄) သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနှင့် “ပြည့်” နေသလော။ မဟုတ်ပါ။ ဘုရားသခင့် ထက်မြက်သောစွမ်းအားနှင့် ပြည့်နေခြင်းဖြစ်သည်။ သို့ဖြင့် သုံးပါးပေါင်းတစ်ဆူသည် ကျမ်းစာသွန်သင်ချက်မဟုတ်ကြောင်း အကြောင်းတရားမှန်များက ပြနေသည်။ တကယ်ဆိုရလျှင် ယေရှု ကမ္ဘာသို့ မကြွရောက်မီကတည်းက ရှေးအီဂျစ်နှင့် ဗာဗုလုန်စသော ဒေသများ၌ ဘုရားများကို သုံးပါးလျှင် တစ်အုပ်စုထား၍ သုံးပါးပေါင်းတစ်ဆူဘုရားများကို ကိုးကွယ်ခဲ့ကြသည်။
ဘုရားသခင့်နာမတော်
၁၈။ (က) “ဘုရားသခင်” ဟူသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကိုယ်ပိုင်နာမလော။ (ခ) ကိုယ်တော့် ကိုယ်ပိုင်နာမကား အဘယ်နည်း။
၁၈ သင်သိသောသူတိုင်း နာမည်ကိုယ်စီရှိ၏။ ဘုရားသခင်၌လည်း အခြားသူများနှင့် သီးခြားဖြစ်စေရန် ကိုယ်ပိုင်နာမတော်တစ်ပါးရှိ၏။ ‘ကိုယ်တော့်နာမတော်မှာ “ဘုရားသခင်” ပင် မဟုတ်လော’ ဟုတစ်ဦးဦးက မေးမည်။ မဟုတ်ပါ။ အကြောင်းမှာ “ဘုရားသခင်” ဟူသည် “သမ္မတ” “ဘုရင်” နှင့် “တရားသူကြီး” တို့ကဲ့သို့ ဘွဲ့မျှသာဖြစ်သည်။ နာမတော်ကို ကျမ်းစာထဲမှ ကျွန်ုပ်တို့သိရှိရ၏။ ကျမ်းစာထဲ၌ နာမတော် အကြိမ်ပေါင်း ၇,၀၀၀ ခန့်ပါရှိ၏။ ဥပမာ၊ ဂျိမ်းဘုရင်ဘာသာပြန်၌ ဆာလံ ၈၃:၁၈ က ဤသို့ဆို၏– “ယေဟောဝါဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအထက် အကြီးမြင့်ဆုံးဖြစ်ကြောင်း လူတို့သိကြပါစေ။” (သမာကျမ်းတွင် ဆာလံ ၈၃:၁၈ နှင့် ယုဒသန်ဘာသာပြန်တွင် ယေရမိ ၃၃:၂ ၌ကြည့်ပါ။) ထို့ပြင် ဘုရားသခင့်နာမတော်ကို ဘာသာပြန်အများစု၌ ဗျာဒိတ် ၁၉:၁-၆ တွင် “ဟာလေလုယ” ဟူသောအသုံးအနှုန်း၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ပါဝင်သည်ကို တွေ့ရသည်။ “ဟာလေလုယ” သည် “ယကိုချီးမွမ်းလော့” ဟူ၍ အဓိပ္ပာယ်ရှိသည်။ “ယ” သည် ယေဟောဝါ၏ အတိုကောက်ဖြစ်သည်။
၁၉။ (က) အချို့သူများ မိမိတို့ ကျမ်းစာထဲ၌ ဘုရားသခင့် နာမတော်ကို တွေ့ရသဖြင့် အဘယ်ကြောင့် အံ့သြကြသနည်း။ (ခ) ဂျိမ်းဘုရင်ဘာသာပြန်၌ အဘယ်နေရာများတွင် နာမတော်ကို တွေ့ရသနည်း။
၁၉ အချို့ပုဂ္ဂိုလ်များသည် မိမိတို့ကျမ်းစာ၌ ဘုရားသခင့်နာမတော်ကိုတွေ့ရ၍ အံ့သြကြ၏။ အကြောင်းမှာ မိမိတို့ကျမ်းစာသည် ဘုရားသခင့်နာမတော်ကို အသုံးနည်း၍ဖြစ်၏။ ဥပမာ၊ ဂျိမ်းဘုရင်ဘာသာပြန်သည် “ယေဟောဝါ” ဟူသောနာမတော်ကို ထွက်မြောက်ရာ ၆:၃၊ ဆာလံ ၈၃:၁၈ နှင့် ဟေရှာယ ၁၂:၂၊ ၂၆:၄ တို့တွင်သာသုံးထားသည်။ သို့ရာတွင် ဤကျမ်းစာက ဘုရားသခင့်နာမတော်ကို “အရှင်သခင်” သို့မဟုတ် “ဘုရားသခင်” ဟူသောဘွဲ့အဖြစ် ပြန်ဆိုသည့်အခါတိုင်း ၎င်းဘွဲ့များကို စာလုံးကြီးဖြစ်သော “LORD” နှင့် “GOD” ဖြင့် ဖော်ပြလေ့ရှိသည်။ သို့နှင့် သာမန် “Lord” “God” တို့နှင့် သီးခြားစီဖြစ်စေသည်။ ဆာလံ ၁၁၀:၁ ၌ ဤအချက်ကို သတိပြုပါ။
၂၀။ (က) ဘုရားသခင့်နာမတော်ကို များသောအားဖြင့် အဘယ်ကြောင့် မသုံးကြသနည်း။ (ခ) ၎င်းကို သုံးအပ်သလော။
၂၀ ‘မူရင်းကျမ်းချက်မှာ ပါလာတဲ့အခါတိုင်း ဘုရားသခင်နာမတော်ကို သုံးမထားတာ ဘာကြောင့်လဲ။ အဲဒီနေရာမှာ ဘာကြောင့် အရှင်သခင်နှင့် ဘုရားသခင်ဆိုတဲ့ဘွဲ့တွေကို အများအားဖြင့် သုံးထားကြတာလဲ’ ဟု အသင်မေးပေမည်။ အမေရိကန်စံတင်ဘာသာပြန်က မိမိသည် အဘယ်ကြောင့် ယေဟောဝါဟူသော ဘုရားသခင့်နာမတော်ကို အသုံးပြုရခြင်းအကြောင်း၊ နာမတော်ကို ကြာမြင့်စွာ မသုံးခဲ့ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြရာ၌ အချီးတွင် ဤသို့ဆို၏– “အမေရိကန်တည်းဖြတ်သူများသည် ဂရုတစိုက်သုံးသပ်ပြီးနောက်၊ နာမတော်သည် မြတ်လှသဖြင့် မမြွက်အပ်ဟူသော ဂျူးလူတို့၏အယူသီးမှုသည် အင်္ဂလိပ်၊ သို့မဟုတ် အခြား မည်သည့်ဘာသာပြန်ကျမ်းကိုမျှ မစိုးမိုးအပ်တော့ဟု တညီတညွတ်တည်း ခိုင်မာစွာ ခံယူလိုက်ကြသည်။ . . . ဤကိုယ်ပိုင်နာမတော်သည် ဆက်နွှယ်နေသည့် မြင့်မြတ်သော အရာများနှင့်တကွ သန့်ရှင်းသောကျမ်းစောင်၌ မိမိနေရာသို့ ပြန်ရောက်လာခဲ့ပြီ။ ထိုနေရာသို့ ပြန်ရောက်ပိုင်ခွင့် အကြွင်းမဲ့ရှိပေသည်။” မှန်သည်၊ ထိုကျမ်းစာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြသော ပုဂ္ဂိုလ်များက ဘုရားသခင့်နာမတော် ချန်လှပ်ခဲ့သည့်အကြောင်းရင်းများသည် မခိုင်လုံလှဟု မှတ်ယူကြ၏။ ယင်းကြောင့် ကျမ်းစာထဲတွင် ရှိသင့်ရှိထိုက်သည့်နေရာ၌ နာမတော်ကို ပြန်လည်ထည့်သွင်းလိုက်ခြင်းဖြစ်သည်။
၂၁။ ဒူးဝေးဘာသာပြန်က ယေဟောဝါဟူသော နာမတော်နှင့်ပတ်သက်၍ မည်သို့ဆိုသနည်း။
၂၁ သို့ရာတွင် အချို့က “ယေဟောဝါ” ဆိုသောစကားလုံးသည် ဘုရားသခင့်နာမအစစ်မဟုတ်ဟုဆိုကာ ၎င်းကို မသုံးသင့်ဟုငြင်းကြ၏။ ဥပမာ၊ ဘုရားသခင့်နာမကို မသုံးသော ကက်သလစ် ဒူးဝေးဘာသာပြန်က ထွက်မြောက်ရာ ၆:၃ အတွက် မှတ်ချက်တွင် ဤသို့ဆို၏။ “အချို့ခေတ်သစ်လူများတို့က ယေဟောဝါဟူသောနာမည်ကို ထွင်ခဲ့ကြသည်။ . . . ဟေဗြဲကျမ်းတွင်ပါသော နာမတော်အသံထွက်အစစ်မှာကား၊ ကြာမြင့်စွာ မသုံးသဖြင့် ပျောက်သလောက်ရှိပြီ။”
၂၂။ (က) ဟေဗြဲဘာသာစကား၌ ဘုရားသခင့်နာမတော်ကို မည်သို့ တင်ပြထားသနည်း။ (ခ) မူလဘုရားသခင့်နာမတော် မည်သို့အသံထွက်သည်ကို သိရန် အဘယ်ကြောင့် အခက်အခဲရှိသနည်း။
၂၂ မှန်သည်။ ကက်သလစ်ကျမ်းစာတွင် ဆိုထားသည့်အတိုင်း ဟေဗြဲကျမ်းစောင်တွင် ဘုရားသခင့်နာမတော် တကယ်ပင်ရှိ၏။ ဟေဗြဲဘာသာစကားမှာ ပထမကျမ်း ၃၉ စောင်ရေးသားရာ၌ သုံးသောစကားဖြစ်သည်။ ထိုကျမ်းစောင်များ၌ နာမတော်ကို ဟေဗြဲအက္ခရာလေးလုံး ယ ဟ ဝ ဟ (YHWH) ဖြင့် တင်ပြထားသည်။ ရှေးအချိန်တွင် ဟေဗြဲစာရေးကြရာ၌ အသံထွက်အမှန်ကိုပေးသော၊ သဝေထိုး၊ ရေးချ စသော သရလက္ခဏာနှင့် အသတ်များ (အင်္ဂလိပ်ဘာသာဖြင့်ဆိုလျှင် a, e, i, o, u) မပါဘဲ ရေးကြ၏။ ယင်းကြောင့် ယနေ့တွေ့ရသည့်ပြဿနာမှာ ယ ဟ ဝ ဟ ဟူသော ဗျည်းများနှင့်တွဲ၍ အဘယ်သရများကို ဟေဗြဲဘာသာတွင် သုံးခဲ့သည်ကို အတိအကျမသိနိုင်ခြင်းဖြစ်သည်။
၂၃။ “အဆောက်အဦ” (building) အတွက် “အဆအဥ” (bldg) ဟူ၍ စာလုံးပေါင်းခြင်းက ဘုရားသခင့်နာမတော်အသံထွက်ဆိုင်ရာပြဿနာကို သဘောပေါက်ရန် မည်သို့အကူအညီဖြစ်စေသနည်း။
၂၃ ၎င်းခက်ခဲပုံကို သဘောပေါက်နိုင်ရန် “အဆောက်အဦ” (building) ဟူသောစကားလုံးကို သုံးသပ်ကြည့်ကြစို့။ ၎င်းကို “အဆအဥ” (bldg) ဟူ၍ ရေးစပြုလာပြီဆိုပါစို့။ နောင်၌ ၎င်းစကားလုံးအသံထွက်ကိုလည်း လုံးဝမဆိုကြတော့။ သို့ဖြစ်လျှင် နောင်အနှစ် ၁,၀၀၀ လူသားတစ်ယောက်သည် “အဆအဥ” (bldg) ဟူသောစကားလုံးကိုတွေ့သောအခါ မည်သို့အသံထွက်ရမည်ကို သူမည်သို့သိနိုင်တော့မည်နည်း။ ၎င်းအသံထွက်ကို တစ်ခါမျှ မကြားစဖူး၊ အဘယ်သရလက္ခဏာများ ပါရှိသည်ကိုလည်း မသိရကား ၎င်းစာလုံးအသံထွက်ကို အသေအချာ သိနိုင်မည်မဟုတ်။ ဘုရားသခင့် နာမတော်လည်း ထိုသို့ပင်ဖြစ်ခဲ့၏။ အချို့ပညာရှင်များက “ယာဝေး” (Yahweh) ဟု အသံထွက်သည် ထင်ကြသော်လည်း အတိအကျမသိ။ သို့တစေ၊ “Jehovah” (ယေဟောဝါ) ဟူသောအသံထွက်ကို ရာစုနှစ်ပေါင်းများစွာသုံးခဲ့ပြီး အများသိဖြစ်နေပေပြီ။
၂၄။ (က) ရှေ့နောက်ညီစေရန် ဘုရားသခင့် နာမတော်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သုံးသင့်သနည်း။ (ခ) တမန်တော် ၁၅:၁၄ အရ ဘုရားသခင့်နာမတော်ကို အသုံးပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၂၄ သို့ရာတွင် မူလအသံထွက်အတိုင်း အတိအကျမဆိုနိုင်သည်တိုင် နာမတော်ကို အသုံးပြုသင့်သလော။ စဉ်းစားကြည့်ပါ။ ကျမ်းစာပါ အခြားပုဂ္ဂိုလ်များ၏အမည်များကို မူရင်းဟေဗြဲဘာသာ အသံထွက်အတိုင်းမဆိုသည်တိုင်အောင် ၎င်းတို့ကိုကျွန်ုပ်တို့သုံးကြ၏။ ဥပမာ၊ ယေရှုနာမကို ဟေဗြဲဘာသာတွင် “ယက်ရှဝါ” ဟု အသံထွက်၏။ ထို့အတူ ကျမ်းစာ၌ဖော်ပြထားသော ဘုရားသခင့်နာမတော်သည် “ယာဝေး” ဖြစ်စေ၊ “ယေဟောဝါ” ဖြစ်စေ၊ ကျွန်ုပ်တို့ဘာသာစကား၌ အသုံးများသော အခြားအသံထွက်၊ မည်သည့်အသံထွက်ပင် ဖြစ်နေပါစေ၊ ၎င်းကို အသုံးပြုသင့်ပေသည်။ နာမတော်ကိုသုံးရန် ပျက်ကွက်ခြင်း သာ မှားမည်။ အဘယ်ကြောင့်နည်း။ နာမတော်အသုံးမပြုသူများသည် ‘နာမတော်အဖို့ ဘုရားသခင်ရွေးချယ်တော်မူသော လူမျိုး’ တွင် မိမိတို့ပါဝင်သည်ဟု ဆိုနိုင်မည်မဟုတ်၍ဖြစ်သည်။ (တမန်တော် ၁၅:၁၄) ဘုရားသခင့်နာမတော်ကို ကျွန်ုပ်တို့သိကျွမ်းရုံနှင့်မပြီး၊ ယေရှုကမ္ဘာပေါ်ရှိစဉ် နာမတော်ကို အခြားသူများရှေ့ချီးမွမ်းခဲ့သည့်နည်းတူ ချီးမွမ်းရမည်။—မဿဲ ၆:၉; ယောဟန် ၁၇:၆၊ ၂၆။
ရည် ရွယ်ချက်ရှိသော ဘုရားသခင်
၂၅။ (က) ဘုရားသခင်နှင့်ပတ်သက်သော မည်သည့်အရာများကို နားလည်ရန် ခက်ကောင်းခက်မည်နည်း။ (ခ) ဖန်ဆင်းခြင်းကို အစပြုရန် ယေဟောဝါအား အဘယ်အရာက စေ့ဆော်သနည်း။
၂၅ ကျွန်ုပ်တို့ ဦးနှောက်နှင့် အတွေးရခက်သော်လည်း ယေဟောဝါသည် အစမရှိခဲ့ပါ။ အဆုံးလည်းရှိမည်မဟုတ်။ ကိုယ်တော်သည် “ထာဝရဘုရင်” ဖြစ်တော်မူ၏။ (ဆာလံ ၉၀:၂; ၁ တိမောသေ ၁:၁၇၊ သမ) ယေဟောဝါသည် စတင်ဖန်ဆင်းခြင်းမပြုမီ စကြဝဠာအာကာသအတွင်း၌ တစ်ကိုယ်တည်း ရှိတော်မူခဲ့၏။ သို့တစေ၊ ကိုယ်တော်သည် အဖော်မဲ့၍ စိတ်ညှိုးငယ်ခြင်းရှိခဲ့မည်မဟုတ်။ ကိုယ်တော်ကိုယ်၌ လိုလေသေးမရှိ ပြည့်စုံ၏။ မေတ္တာတော်ကြောင့် စတင်ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး အခြားသူများပါ ပျော်မွေ့နိုင်ရန် အသက်ကို ပေးတော်မူခဲ့သည်။ ကိုယ်တော်အဦးဆုံး ဖန်ဆင်းသောသတ္တဝါများမှာ မိမိကဲ့သို့သော နာမ်ဝိညာဉ်သတ္တဝါများဖြစ်သည်။ လူသားများအဖို့ ကမ္ဘာကို မပြင်ဆင်ခင်ကတည်းက ကောင်းကင်သားများဖြင့် ဖွဲ့စည်းထားသော မဟာအဖွဲ့အစည်းကြီးတစ်ခု ကိုယ်တော်၌ ရှိတော်မူခဲ့သည်။ ဘဝကို များစွာ မွေ့လျော်၍ အမှုတော်၌ ဝမ်းမြောက်နိုင်ကြရန် သူတို့အဖို့ ကိုယ်တော် ရည်ရွယ်တော်မူခဲ့သည်။—ယောဘ ၃၈:၄၊ ၇။
၂၆။ ကမ္ဘာနှင့် ပတ်သက်သော ဘုရားသခင့် ရည်ရွယ်ချက် ဧကန် ပြည့်စုံမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် တပ်အပ်ဆိုနိုင်သနည်း။
၂၆ ကမ္ဘာကို ပြင်ဆင်ပြီးသောအခါ ယေဟောဝါသည် အာဒံနှင့်ဧဝ၊ မောင်နှံတို့ကို ပရဒိသုဖြစ်နှင့်ပြီးသော ကမ္ဘာ့အစိတ်အပိုင်းတစ်ခုတွင် နေရာချတော်မူ၏။ သူတို့သားသမီးများမွေးဖွားကာ သားသမီးများလည်း မိမိအား နာခံဝတ်ပြုလျက် ပရဒိသုကို မြေတစ်ပြင်လုံး ချဲ့ထွင်သွားရန် ရည်ရွယ်တော်မူ၏။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) သို့ရာတွင် ကျွန်ုပ်တို့ သိခဲ့ကြသည့်အတိုင်း မြတ်လှစွာသော ထိုရည်ရွယ်တော်မူချက်သည် အနှောင့်အယှက်ခံရ၏။ အာဒံနှင့်ဧဝတို့သည် မိမိတို့သဘောဖြင့် ဘုရားသခင်ကို ဖီဆန်ခဲ့သဖြင့် ကိုယ်တော့်ရည်ရွယ်ချက်သည် ယခုတိုင် မပြည့်စုံဖြစ်ခဲ့၏။ သို့ရာတွင် မုချပြည့်စုံလာမည်။ အကြောင်းမှာ ယေဟောဝါသည် မိမိရည်ရွယ်သည့်အတိုင်း အကောင်အထည်ဖော်တော်မမူလျှင် မိမိအရေးနိမ့်ပါသည်ဟု ဝန်ခံရာ ရောက်ချေမည်။ ကိုယ်တော်သည် ထိုသို့ ဘယ်တော့မျှ အညံ့ခံမည်မဟုတ်။ “ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်။ . . . ငါသည် နှုတ်ထွက်အတိုင်း ပြုမည်။ ကြံသည်အတိုင်းစီရင်မည်” ဟု ကြေညာတော်မူခဲ့သည်။—ဟေရှာယ ၄၆:၁၀၊ ၁၁။
၂၇။ (က) ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့အဘယ်ကြောင့် တာဝန်ရှိသူများ ဖြစ်ကြသနည်း။ (ခ) ထို့ကြောင့် အဘယ်မေးခွန်းကို လေးနက်စွာ စဉ်းစားသင့်သနည်း။
၂၇ ဘုရားသခင့်ရည်ရွယ်ချက်၌ သင် မည်သည့်အပိုင်းတွင် အံဝင်နိုင်သည်ကို အသင်သိမြင်သလော။ ဘုရားသခင့်အလိုတော် မည်သို့ဖြစ်သည်ကို ဘာမျှမစဉ်းစားဘဲ သင်ထင်ရာပြုလုပ်ပါက အံဝင်မည်မဟုတ်။ စာတန်၊ အာဒံနှင့် ဧဝတို့ ထိုသို့ပင် ပြုခဲ့ကြပြီ။ ဘုရားသခင့်အလိုတော်ကို သူတို့သိပါလျက်နှင့် မလုပ်ဆောင်ခဲ့။ ဘုရားသခင်သည် သူတို့ကို တာဝန်ရှိသူများအဖြစ် မှတ်တော်မူ၏။ ကျွန်ုပ်တို့လည်း ဘုရားသခင်ရှေ့ တာဝန်ရှိသူများလော။ မှန်၏၊ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အသက်ပင်ရင်းဖြစ်၏။ ကျွန်ုပ်တို့အသက်သည် ကိုယ်တော်ပေါ် မူတည်၏။ (ဆာလံ ၃၆:၉; မဿဲ ၅:၄၅) သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အဖို့ ရည်ရွယ်တော်မူချက်နှင့်အညီ မည်သည့်အတိုင်းအတာအထိ နေထိုင်လျက်ရှိသနည်း။ ယင်းအချက်ကို လေးနက်စွာ စဉ်းစားသင့်သည်။ အကြောင်းမှာ ကျွန်ုပ်တို့ ထာဝရအသက်ရနိုင်ခွင့်သည် ၎င်းပေါ်မူတည်၏။
ယေဟောဝါကို မည်သို့ကိုးကွယ်အပ်ကြောင်း
၂၈။ အချို့ပုဂ္ဂိုလ်များသည် အထောက်အကူအဖြစ် အဘယ်ဝတ္ထုများကို သုံး၍ ဘုရားသခင်ကို ကိုးကွယ်လာကြသနည်း။
၂၈ ယေဟောဝါကို ကျွန်ုပ်တို့ မည်သို့ကိုးကွယ်သည်ဟူသောအချက်သည် အရေးကြီး၏။ ကိုယ်တော်မိန့်တော်မူသည့်နည်းသည် ကျွန်ုပ်တို့ သင်ကြားခံခဲ့ရသည့်နည်းနှင့် ခြားနားနေသည်တိုင်အောင် ကိုယ်တော့်နည်းဖြင့် ကိုယ်တော်ကို ကျွန်ုပ်တို့ကိုးကွယ်ရမည်။ ဥပမာ၊ အချို့ပုဂ္ဂိုလ်များသည် ကိုးကွယ်ရာတွင် ရုပ်တုများကို သုံးလေ့ရှိကြ၏။ မိမိတို့သည် ရုပ်တုကို ကိုးကွယ်ကြခြင်းမဟုတ်၊ ရုပ်တုကိုမြင်၍ ထိတွေ့ခြင်းသည် ဘုရားကိုကိုးကွယ်ရာ၌ အထောက်အကူဖြစ်စေသည်ဟုဆိုမည်။ သို့ရာတွင် ရုပ်ပွားဆင်းတုများသုံးကာ ဘုရားသခင်ကိုးကွယ်သည်ကို ဘုရားသခင်အလိုတော်ရှိသလော။
၂၉။ ရုပ်တုသုံး၍ ကိုးကွယ်ခြင်းသည် မှားကြောင်း ကျမ်းစာ မည်သို့တင်ပြသနည်း။
၂၉ အလိုတော်မရှိ။ ယင်းအကြောင်းကြောင့် မျက်စိဖြင့်မြင်သာသည့် မည်သည့်ပုံစံဖြင့်မျှ ဣသရေလလူတို့ရှေ့ဘုရားသခင် ပေါ်ထွန်းတော်မမူခဲ့ခြင်းဖြစ်ကြောင်း သူတို့အား မောရှေပြောခဲ့သည်။ (တရားဟောရာ ၄:၁၅-၁၉) တကယ်ဆိုရလျှင် ပညတ်တော်ဆယ်ပါးအနက် တစ်ပါးက ဤသို့ဆို၏– “မည်သည့်အရာနှင့်မျှ ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်ရ။ . . . ၎င်းတို့ကို ဦးမချ ဝတ်မပြုရ။” (ထွက်မြောက်ရာ ၂၀:၄၊ ၅; ကက်သလစ် ယေရုရှလင်ကျမ်းစာ) ယေဟောဝါတစ်ပါးတည်းကိုသာ ကိုးကွယ်ရမည်။ ရုပ်တုဆင်းတုကို ပြုလုပ်ပြီး ၎င်းကို ဦးချရှိခိုးခြင်း၊ သို့မဟုတ် ယေဟောဝါမှတစ်ပါး အခြား မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာကိုမဆို ကိုးကွယ်ခြင်းသည် မည်မျှ မှားကြောင်း ကျမ်းစာက အကြိမ်ကြိမ် တင်ပြထား၏။—ဟေရှာယ ၄၄:၁၄-၂၀; ၄၆:၆၊ ၇; ဆာလံ ၁၁၅:၄-၈။
၃၀။ (က) ရုပ်တုသုံးခြင်းသည် မှားကြောင်း ယေရှုနှင့် တမန်တော်များ မည်သို့တင်ပြသနည်း။ (ခ) တရားဟောရာ ၇:၂၅ အရ ရုပ်တုများကို မည်သို့ ပြုသင့်သနည်း။
၃၀ သို့ဖြစ်၍ ယေရှုသည် ကိုးကွယ်ရာ၌ ရုပ်တုကို လုံးဝမသုံးခဲ့ဟု ကျွန်ုပ်တို့ ထင်သည့်အတိုင်း မှန်နေသည်။ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကိုးကွယ်သောသူတို့သည် စိတ်နှင့်လည်းကောင်း၊ သမ္မာတရား [အမှန်တရား] နှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟု ယေရှု ရှင်းလင်းမိန့်ကြားခဲ့သည်။ (ယောဟန် ၄:၂၄၊ ကဘ) ဤသြဝါဒနှင့်အညီ ယေရှု၏ ကနဦးတပည့်တော်တစ်ဦးမျှ ရုပ်တုဆင်းတုသုံး၍ ကိုးကွယ်ခဲ့ခြင်းမရှိ။ တကယ်ပြောရလျှင် တမန်တော်ပေါလုက “ဖူးမြင်ခွင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် လိုက်လျှောက်” ကြသည်ဟု ရေးခဲ့သည်။ (၂ ကောရိန္သု ၅:၇၊ သမ) တမန်တော်ယောဟန်ကလည်း “ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့” ဟု သတိပေး၏။ (၁ ယောဟန် ၅:၂၁) သင့်အိမ်တွင်း ပတ်ပတ်လည်ကို ကြည့်လိုက်ပါ။ ဤသြဝါဒအတိုင်း အသင်ပြုလျက် ရှိ မရှိ သင့်ကိုယ်သင် မေးကြည့်ပါ။—တရားဟောရာ ၇:၂၅။
၃၁။ (က) ဘုရားသခင့် ပညတ်ချက်တစ်ချက် အဘယ်ကြောင့် ထုတ်ဆင့်ထားသည်ကို ကျွန်ုပ်တို့ နားမလည်ဘဲ ရှိချင်ရှိမည်ဖြစ်သော်လည်း ၎င်းကိုနာခံရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်မည်နည်း။ (ခ) အဘယ်အရာကို အားထုတ်ပြုလုပ်အပ်သနည်း။ အဘယ်ဖိတ်ကြားချက်ကို လက်ခံသင့်သနည်း။
၃၁ ဖန်ဆင်းရှင်ယေဟောဝါ ညွှန်ကြားသည့်အတိုင်း ကိုယ်တော်ကို ကိုးကွယ်ခြင်းဖြင့် ကျွန်ုပ်တို့ စစ်မှန်သောပျော်ရွှင်မှု ဧကန် ရမည်။ (ယေရမိ ၁၄:၂၂) ကျမ်းစာက ကိုယ်တော့်စည်းကမ်းချက်များသည် ကျွန်ုပ်တို့ကောင်းကျိုးအတွက်၊ ကျွန်ုပ်တို့၏ ထာဝရကောင်းစားမှုအတွက် ဖြစ်သည်ဟုဆို၏။ ကျွန်ုပ်တို့သည် အသိပညာနှင့် အတွေ့အကြုံ နည်းပါးသောကြောင့် တစ်ခါတစ်ရံ ဘုရားသခင်ပေးသောပညတ် တစ်စုံတစ်ခု အဘယ်ကြောင့် အရေးပါကြောင်း၊ ကျွန်ုပ်တို့ကောင်းကျိုးကို မည်သို့ပြုစုကြောင်းကို အပြည့်အဝ နားမလည်ဘဲ ရှိတတ်သည်။ သို့တစေ၊ ကျွန်ုပ်တို့ထက် ဘုရားသခင် များစွာ သာလွန်သိရှိသည်ဟူသည့် ခိုင်မာသော ယုံကြည်ချက်ရှိလျှင် စိတ်လိုကိုယ်လျောက် ကိုယ်တော်ကို နာခံလိုပေမည်။ (ဆာလံ ၁၉:၇-၁၁) သို့ဖြစ်၍ အောက်ပါဖိတ်ကြားချက်ကို လက်ခံကာ ယေဟောဝါအကြောင်း အတတ်နိုင်ဆုံး သိရှိနိုင်ရန် အားကုန်ကြိုးစားကြပါစို့။ “လာကြ၊ ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော [ယေဟောဝါ] ၏ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။ [ယေဟောဝါ] သည် ငါတို့၏ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌နေသောသိုးစု ဖြစ်ကြ၏။”—ဆာလံ ၉၅:၆၊ ၇။
[စာမျက်နှာ ၄၂ ပါ လေးထောင့်ကွက်]
ဂျိမ်းဘုရင်ဘာသာပြန်၌ ဘုရားသခင့်နာမတော် ပေါ်ပေါက်သော နေရာလေးနေရာကို ဤတွင် တွေ့ရသည်
[စာမျက်နှာ ၃၄ ပါ ရုပ်ပုံ]
အိမ်တစ်အိမ်သည် ဆောက်သောသူရှိလျှင် . . .သာ၍ရှုပ်ထွေးသော စကြဝဠာသည်လည်း ဖန်ဆင်းရှင်တစ်ပါးရှိကိုရှိရမည်
[စာမျက်နှာ ၃၉ ပါ ရုပ်ပုံ]
မိမိအလိုအတိုင်းမဟုတ်၊ ဘုရားသခင်အလိုအတိုင်းသာ ဖြစ်ပါစေဟု ဘုရားသခင်ထံယေရှုဆုတောင်းခဲ့သည်ဖြစ်ရာ ထိုအရှင်နှစ်ပါးသည် တစ်ပါးတည်းမဖြစ်နိုင်
[စာမျက်နှာ ၄၀၊ ၄၁ ပါ ရုပ်ပုံ]
တပည့်တော် ၁၂၀ ခန့် သန့်ရှင်းသောဝိညာဉ်တော်နှင့် တစ်ချိန်တည်း ပြည့်ခဲ့သည်ဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါး မည်သို့ဖြစ်နိုင်မည်နည်း
[စာမျက်နှာ ၄၅ ပါ ရုပ်ပုံ]
ကိုးကွယ်မှုတွင် ရုပ်တုဆင်းတုများကို သုံးသင့်သလော