ဘုရားသခင် ကံစမ်းသူလော၊ ဖန်ဆင်းရှင်လော
“သိပ္ပံပညာရှင်အများသည် ဝိညာဉ်ရေးသဘောဆောင်သည့် ငြင်းခုံမှုကိုမဆိုထားနှင့် သဘာဝထက်လွန်ကဲသော မည်သည့်အရာကိုမဆို သူတို့စိတ်ထားအလျောက် ဆန့်ကျင်ကြသည်မှာ ယုံမှားဖွယ်မရှိချေ။ သူတို့သည် ဘုရားသခင်တစ်ပါးတည်ရှိသည် သို့မဟုတ် အထည်ကိုယ်မရှိသည့် ဖန်ဆင်းခြင်းဆိုင်ရာ မူလအရင်းအမြစ်ရှိသည်ဟူသော အယူအဆကိုပင် အထင်သေးရှုတ်ချကြ၏ . . . ကျွန်ုပ်အနေနှင့်မူ ထိုသူတို့၏အထင်သေးရှုတ်ချမှုတွင် မပါဝင်ချေ။” တောင်သြစတြေးလျ၊ အယ်ဒလ်လေ့ဒ်မြို့ရှိ တက္ကသိုလ်မှ သင်္ချာရူပဗေဒပါမောက္ခ ပေါလ် ဒေးဗှီးဇ်က သူ၏စာအုပ် ဘုရားသခင့်ဉာဏ်ရည်တော်တွင် ထိုသို့ဖော်ပြထားသည်။
ဒေးဗှီးဇ်က ဤသို့လည်းဆိုသည်– “အသေအချာလေ့လာမှုက စကြဝဠာနိယာမများသည် ရှုပ်ထွေးမှုနှင့် သက်ရှိအဖုံဖုံထွက်ပေါ်လာရန်အတွက် မှတ်သားဖွယ်ကောင်းလောက်အောင် အံဝင်ခွင်ကျရှိနေကြောင်းကို ညွှန်ပြသည်။ သက်ရှိတို့၏ကိစ္စရပ်တွင် ယင်းတို့၏ဖြစ်တည်လာမှုသည် အံ့အားသင့်ဖွယ်အဖြစ် သိပ္ပံပညာရှင်အချို့နှင့် အတွေးအခေါ်ပညာရှင်အချို့ ဩဘာပေးခဲ့ကြသည့် အမှတ်မထင်တိုက်ဆိုင်မှုများအပေါ်တွင် မူတည်နေဟန်ရှိသည်။”
သူက ဤသို့ထပ်ဆင့်သည်– “သိပ္ပံဆိုင်ရာရှာပုံတော်သည် စမ်းတဝါးဝါးခရီးနှင်နေခြင်းဖြစ်၏။ . . . သို့သော် ရှာဖွေမှုတစ်လျှောက်လုံးတွင် ရင်းနှီးပြီးသား ကျိုးကြောင်းဆင်ခြင်နိုင်မှုနှင့် စနစ်ကျနမှုတို့ကို အဆက်မပြတ်တွေ့နေရသည်။ အာကာသဆိုင်ရာ ဤစနစ်ကျနမှုသည် သိမ်မွေ့၍ တစ်သတ်မတ်တည်းညီညွတ်မှုရှိဖို့ တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိစေသည့် တိကျသောသင်္ချာဆိုင်ရာနိယာမများက ထောက်ပံ့ထားကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ အဆိုပါနိယာမများတွင် အချက်ကျသောရိုးရှင်းမှုတစ်ခုစီ ရှိလေ၏။”
ဒေးဗှီးဇ်က ဤသို့ပြော၍ နိဂုံးချုပ်သည်– “ဟိုမိုဆီပီယန်စ်တွင် စကြဝဠာ၏သဘောသဘာဝကိုနားလည်နိုင်သည့် လမ်းစ အဘယ်ကြောင့်ရှိနေရသည်မှာ နက်နဲသောပဟေဠိဖြစ်နေသည်။ . . . ကျွန်ုပ်တို့ ဤစကြဝဠာအတွင်းရှိနေရခြင်းမှာ ကံကြမ္မာ၏ထူးခြားသောအလှည့်အပြောင်း၊ သမိုင်း၏မတော်တဆဖြစ်မှုတစ်ခု၊ အမှတ်မထင်ပေါ်လာသည့် အစက်အပြောက်တစ်ခုမျှသာဖြစ်သည်ဟုဆိုသည်ကို ကျွန်ုပ်မယုံပါ။ ကျွန်ုပ်တို့၏ပတ်သက်မှုမှာ အတွင်းကျလွန်းသည်။ . . . ဤနေရာသို့ ကျွန်ုပ်တို့ရောက်ရှိနေခြင်းသည် အမှန်ပင်ရည်ရွယ်ချက် ရှိရမည်။” သို့ရာတွင် ဒေးဗှီးဇ်သည် ပုံစံပြုရှင် ဘုရားသခင်တစ်ပါးရှိသည်ဟူသော ကောက်ချက်ချသည့်အဆင့်အထိ ရောက်မလာခဲ့ချေ။ သို့သော် သင်မည်သို့ ကောက်ချက်ချသနည်း။ လူသားကို ဤနေရာတွင်ရှိဖို့ ရည်ရွယ်ထားသလော။ ထိုသို့ဆိုလျှင် ဤနေရာတွင် ကျွန်ုပ်တို့ရှိနေဖို့ မည်သူကရည်ရွယ်သနည်း။
“ပဟေဠိ” အတွက်သော့ချက်အဖြေ
သမ္မာကျမ်းစာတွင် တမန်တော်ပေါလုက ဒေးဗှီးဇ်ပြောခဲ့သည့် “နက်နဲသောပဟေဠိ” ကိုနားလည်စေဖို့ သဲလွန်စပေးထား၏။ ဘုရားသခင်သည် မိမိကိုယ်တော်တိုင်အား ဖော်ပြထားပုံကို ပေါလု ဤသို့တင်ပြသည်– “အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သောဘုရားသခင်၏အကြောင်းအရာတို့သည် သူတို့ [“သမ္မာတရားကို မတရားသဖြင့်ဖိစီးသူတို့၊” သမ] တွင်ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။” (ရောမ ၁:၁၈-၂၀)a မှန်ပါသည်၊ ရေတွက်မကုန် သက်ရှိအဖုံဖုံ၊ ၎င်းတို့၏ အံ့ဖွယ်ရာရှုပ်ထွေးမှု၊ လက်ရာမြောက်သောဒီဇိုင်းက နှိမ့်ချ၍ ဘုရားတရားကြည်ညိုသူတစ်ဦးကို လူတို့သိရှိသမျှအရာအားလုံးထက် မြင့်မားသောတန်ခိုးအရှိဆုံး၊ အမြော်အမြင်ရှိသော သို့မဟုတ် ဉာဏ်ကြီးရှင်ရှိကြောင်းကို အသိအမှတ်ပြုစေသင့်သည်။—ဆာလံ ၈:၃၊ ၄။
ဘုရားသခင်အားငြင်းပယ်သူတို့နှင့်ပတ်သက်သော ပေါလု၏ ဤထပ်ဆင့်စကားများက သူတစ်ဦးကို တစ်ခဏရပ်ပြီး စဉ်းစားစေသည်– “ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည်ကြသည်ဖြစ်၍၊ . . . သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သောသခင်ကိုပယ်၍၊ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။” (ရောမ ၁:၂၂၊ ၂၅) ယေဟောဝါ၏ရှုထောင့်မှကြည့်လျှင် “သဘာဝ” ကိုကိုင်းရှိုင်းပြီး ဘုရားသခင်ကိုငြင်းပယ်သောသူသည် အမှန်ပင်ပညာမရှိပေ။ အယူအဆကွဲပြားနေသော ဆင့်ကဲဖြစ်စဉ်သီအိုရီများ၏နွံထဲတွင် နစ်မြုပ်ကာ သူတို့သည် ဖန်ဆင်းရှင်နှင့် ကိုယ်တော့်ဖန်ဆင်းထားရာများ၏ အနုစိတ်မှုနှင့် ပုံစံတို့ကိုအသိအမှတ်ပြုရန် ပျက်ကွက်နေကြသည်။
“မတော်တဆမှုစီးရီးများ ဒုနှင့်ဒေး”
ပေါလုက ဤသို့ရေးသားခဲ့သည်– “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ယုံလွယ်ခြင်းတွင်မဟုတ်ဘဲ တိကျမှန်ကန်သောအသိပညာအပေါ် အခြေခံထားသောယုံကြည်ခြင်းသည် ကျွန်ုပ်တို့ အဘယ်ကြောင့် ဖြစ်တည်နေသည်ကို နားလည်စေနိုင်ပါသည်။ (ကောလောသဲ ၁:၉၊ ၁၀) သက်ရှိများတည်ရှိရခြင်းမှာ “ဒေါ်လာတစ်သန်းတန်ထီ အကြိမ်တစ်သန်းဆက်တိုက်ပေါက်ဘိသကဲ့သို့” ဖြစ်သည်ဟု သိပ္ပံပညာရှင်တချို့က ကျွန်ုပ်တို့အား ယုံကြည်စေလိုသောအခါတွင် ယုံလွယ်ခြင်းနှင့် ပတ်သက်ပါသည်။
ဗြိတိန်လူမျိုး သိပ္ပံပညာရှင် ဖရဒ် ဟိုလ်က သက်ရှိအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်နှစ်ခုဖြစ်သည့် ကာဗွန်နှင့် အောက်စီဂျင်တို့၏ပေါင်းစပ်ဖွဲ့စည်းမှုကိုဖြစ်စေသည့် နယူကလီယ တုံ့ပြန်မှုများသည် ကံကောင်းတိုက်ဆိုင်မှုကြောင့်သာ အဆိုပါဒြပ်စင်များ၏ မျှတသော နှိုင်းရပမာဏကို ထုတ်လုပ်ပေးခြင်းဖြစ်သည်ဟူသည့်အယူအဆကို ထုတ်ပြန်ခဲ့သည်။
သူက နောက်ထပ်ဥပမာပေးသည်– “ပရိုတွန်နှင့် အီလက်ထရွန် နှစ်ခုပေါင်းထုထည်မှာ နယူထရွန်၏ထုထည်ထက်လျော့နည်းနေရမည့်အစား ရုတ်တရက်ပိုတိုးများလာမည်ဆိုလျှင် အကျိုးဆက်မှာပျက်စီးမှုကြီးဖြစ်ပေမည်။ . . . ယင်းသို့သာဖြစ်လျှင် စကြဝဠာတစ်ခွင်တွင် ဟိုက်ဒရိုဂျင်အက်တမ်အားလုံး နယူထရွန်နှင့် နယူထရီနိုများအဖြစ်သို့ ကွဲထွက်သွားမည်ဖြစ်သည်။ နယူကလီယလောင်စာမရှိလျှင် နေသည် မှေးမှိန်၍ ပြိုကွဲသွားမည်ဖြစ်သည်။ စကြဝဠာအတွင်းရှိ သန်းထောင်နှင့်ချီသော အခြားကြယ်များလည်း အလားတူပင်ဖြစ်ပေလိမ့်မည်။
ဟိုလ်က ဤသို့ကောက်ချက်ချသည်– “ဇီဝဗေဒနှင့်မဆိုင်သော သဘာဝ၏ မတော်တဆဖြစ်ပုံရှိ . . . အရာတို့သည် အလွန်များပြားပြီး ဆန်းကြယ်လှပေသည်။ ယင်းတို့သာမဖြစ်ခဲ့လျှင် ကာဗွန်အခြေခံမရှိဘဲဖြစ်ရာ လူ့အသက်လည်းမတည်ရှိနိုင်ချေ။” သူက ဤသို့ပြောသည်– “ထိုသို့သောဂုဏ်သတ္တိ [အသက်အတွက်မရှိမဖြစ်လိုအပ်ရာ] များသည် သဘာဝလောကတည်းဟူသော ဖျင်ထည်တစ်ခုတွင်ရက်ထားသည့် အကြောင်းလှသောမတော်တဆမှုများတည်းဟူသော ချည်မျှင်တစ်ခုနှင့်တူညီသည်။ သို့သော် အသက်အတွက်မရှိမဖြစ်လိုအပ်သော ထူးထူးခြားခြားတိုက်ဆိုင်မှုများ မြောက်မြားလွန်းရကား ယင်းတို့ကို ရှင်းပြရန်လိုအပ်လာဖွယ်ရှိသည်။”—ကျွန်ုပ်တို့စာလုံးစောင်းထား။
သူက ဤသို့လည်းဖော်ပြသည်– “ဖြေရှင်းရမည့်ပြဿနာမှာ ဤပုံဖြစ်ရသည့် တိုက်တိုက်ဆိုင်ဆိုင် ထိန်းညှိထားမှုများသည် အမှန်ပင် မတော်တဆကြောင့် ဖြစ်ခြင်းလော၊ မဖြစ်ခြင်းလောနှင့် ထို့ကြောင့် အသက်သည် မတော်တဆကြောင့် ဖြစ်ခြင်းလော၊ မဖြစ်ခြင်းလောဟု ဆုံးဖြတ်ရန်တည်း။ မည်သည့် သိပ္ပံပညာရှင်မဆို အဆိုပါမေးခွန်းမျိုးကို မမေးလိုကြသော်လည်း မေးရပေမည်။ ထိန်းညှိထားမှုများသည် အမြော်အမြင်ရှိစွာ လုပ်ဆောင်ထားခြင်း ဖြစ်နိုင်သလော။”
ပေါလ် ဒေးဗှီးဇ်က ဤသို့ရေးသားသည်– “ဟိုလ်သည် ဤ ‘မတော်တဆမှု စီးရီးများဒုနှင့်ဒေး’ ကိုအလွန်စွဲမှတ်သွားသဖြင့် ‘ကြယ်များအတွင်း ဖြစ်ပေါ်စေသော အကျိုးဆက်များနှင့်ပတ်သက်၍ နယူကလီယ ရူပဗေဒ နိယာမများကို တမင်တကာရည်ရွယ်၍ ပုံစံပြုထားခဲ့ပုံရှိသည်’ ဟုပြောရန် သူတွင်အကြောင်းပေါ်လာသည်။” ဤ“မတော်တဆမှု စီးရီးများဒုနှင့်ဒေး” အတွက် မည်သူ သို့မဟုတ် အဘယ်အရာကတာဝန်ရှိသနည်း။ ရေတွက်၍မရအောင် လက်ရာမြောက်သည့် သန်းပေါင်းများစွာသော အပင်များနှင့် သတ္တဝါများဖြင့် ပြည့်နှက်နေသည့် အစက်အပြောက်တမျှဖြစ်သော ဤဂြိုဟ်ကို မည်သူ သို့မဟုတ် အဘယ်အရာက ပေါ်ထွက်စေသနည်း။
သမ္မာကျမ်းစာ၏ အဖြေ
လွန်ခဲ့သော အနှစ်သုံးထောင်ခန့်က ဆာလံဆရာက ဤသို့ကြည်ညိုလေးစားစွာရေးသားခဲ့သည်–“အိုထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။ မြေကြီးသည်ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။ မရေတွက်နိုင်အောင်တွားတတ်သောတိရစ္ဆာန်အစရှိသော တိရစ္ဆာန်အကြီးအငယ်အများတို့နေရာ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာလည်းရှိပါသေး၏။”—ဆာလံ ၁၀၄:၂၄၊ ၂၅။
တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည်ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။” (ဗျာဒိတ် ၄:၁၁) အသက်ဟူသည် ထီပေါက်သူများပေါ်ထွက်စေရန် လှည့်ပေးရသည့် အာကာသတွင်ကျင်းပသောထီအလား ဖြစ်နိုင်ခြေလုံးဝမရှိသောမတော်တဆတိုက်ဆိုင်မှုကြောင့် သန်းနှင့်ချီသောသက်ရှိပုံစံအမျိုးမျိုးပေါ်ထွက်လာခြင်း လုံးဝမဟုတ်ပါ။
ရိုးရှင်းသောအမှန်တရားကား ဘုရားသခင်သည် “ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် [ကိုယ်တော်] အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။” ယေရှုခရစ်ကိုယ်တော်တိုင် ဖာရိရှဲတို့အား ဤသို့ပြောခဲ့သည်– “အစအဦး၌ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ . . . သည်ကို သင်တို့မဖတ်ဖူးသလော။” ယေရှုသည် ဖန်ဆင်းရှင်ကို သိခဲ့ပါသည်တကား! ယေဟောဝါ၏လုပ်သားချုပ်အနေဖြင့် ဖန်ဆင်းရာကာလတစ်လျှောက် ကိုယ်တော်နှင့်အတူလုပ်ဆောင်ခဲ့သည်။—မဿဲ ၁၉:၄; မဿဲ ၁၉:၃၊ ၄။
သို့သော် ဖန်ဆင်းရှင်နှင့်ပတ်သက်၍ အခြေခံဤအမှန်တရားကို သဘောပေါက်လက်ခံဖို့ ယုံကြည်ခြင်းနှင့် နှိမ့်ချခြင်းလိုအပ်ပေသည်။ ဤယုံကြည်ခြင်းသည် အဆင်အခြင်မဲ့ယုံလွယ်ခြင်း မဟုတ်ပါ။ ယင်းသည် အမှန်တကယ်တည်ရှိသော မျက်မြင်သာဓကပေါ်တွင် အခြေပြုထားပါသည်။ မှန်ပါသည်၊ “မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၂၀။
ကျွန်ုပ်တို့၏လက်ရှိ သိပ္ပံဆိုင်ရာအသိပညာအကန့်အသတ်ဖြင့် ဘုရားသခင်သည် မည်သို့မည်ပုံဖန်ဆင်းတော်မူသည်ကို ကျွန်ုပ်တို့ရှင်းပြ၍မရနိုင်ချေ။ ထို့ကြောင့် လက်ရှိအချိန်တွင် ကျွန်ုပ်တို့သည် အသက်၏မူလအစနှင့်ပတ်သက်၍ အရာခပ်သိမ်းကို သိရှိနားလည်နိုင်မည်မဟုတ်ကြောင်း ဝန်ခံသင့်ပေသည်။ ယေဟောဝါ၏မိန့်မှာချက်များကို ကျွန်ုပ်တို့ဖတ်ရသောအခါ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို ဤသို့သတိပေးထားသည်– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။”—ဟေရှာယ ၅၅:၈၊ ၉။
သင်ရွေးချယ်ရန်မှာ ဤသို့–အနိုင်ရသွားသည်ဟုထင်သည့် မရေတွက်နိုင်အောင်များသော ကံစမ်းမှုများဖြစ်သည့် မတော်တဆဖြစ်သောဆင့်ကဲဖြစ်စဉ်ကို အဆင်အခြင်မဲ့ယုံလွယ်မည်လော၊ ရည်ရွယ်ချက်ရှိသူ-ဖန်ဆင်းရှင်-ပုံစံရေးဆွဲသူ ယေဟောဝါဘုရားသခင်ကို ယုံကြည်မည်လော။ မှုတ်သွင်းခံပရောဖက်က ဤသို့ဆီလျော်စွာပြောခဲ့သည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်ဖြစ်ကြောင်းကိုလည်းကောင်း မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူ . . . သည်။”—ဟေရှာယ ၄၀:၂၈။
သို့ဖြစ်၍ အဘယ်အရာကို သင်ယုံကြည်မည်နည်း။ သင်၏ဆုံးဖြတ်ချက်က သင့်အနာဂတ်ဘဝအလားအလာကို အကြီးအကျယ်ကွာခြားမှု ဖြစ်စေပေမည်။ ဆင့်ကဲဖြစ်စဉ်သာ အမှန်ဖြစ်ခဲ့လျှင်မူ “စိုးလ်” ကို ဆင့်ကဲဖြစ်စဉ်သို့သွင်းဖို့ကြိုးစားနေသည့် ရှုပ်ထွေးပွေလီသည့် ကက်သလစ်ဓမ္မပညာ၏ အနှစ်မပါသော အချေအတင်ပြောဆိုချက်များရှိလင့်ကစား သေခြင်းဟူသည် လုံးဝမသိရှိတော့သည့်အခြေအနေကို ဆိုလိုသည်။b လူတွင် သေခြင်း၏မလွဲမသွေထိုးနှက်ခံရမှုကို လျော့ပါးသွားစေနိုင်သည့် မသေနိုင်သောစိုးလ်မရှိချေ။—ကမ္ဘာဦး ၂:၇; ယေဇကျေလ ၁၈:၄၊ ၂၀။
သမ္မာကျမ်းစာရှိ အကြောင်းအရာသည်မှန်ကန်ကြောင်းနှင့် အသက်ရှင်သောဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ်လက်ခံလျှင် မျှတမှုနှင့် ညီညွတ်မှုရှိသည့် မူလအခြေအနေသို့ ပြန်လည်တည်ထောင်မည့်မြေကြီးပေါ်တွင် ထာဝရအသက်၊ စုံလင်သောအသက်သို့ ရှင်ပြန်ထမြောက်ရသည့် ကတိရှိလေသည်။ (ယောဟန် ၅:၂၈၊ ၂၉) အဘယ်အရာအပေါ်တွင် သင်၏ယုံကြည်ချက်ကို ထားရှိသနည်း။ ယုံနိုင်ဖွယ်မရှိသောကံစမ်းမှုဖြစ်သည့် ဒါဝင်ဆင့်ကဲဖြစ်စဉ်သီအိုရီတွင်လော။ သို့မဟုတ် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်၍ ဆက်လက်လုပ်ဆောင်နေသည့် ဖန်ဆင်းရှင်တွင်လော။c
[အောက်ခြေမှတ်ချက်များ]
a “ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းကတည်းက ပြုလုပ်ထားရာများတွင် ဉာဏ်ဖြင့်မြင်နိုင်ရန် မျက်မြင်မရသောကိုယ်တော်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားအဖြစ်တော်သည် တည်ရှိနေကြသည်။”—ရောမ ၁:၂၀၊ ယေရုရှလင် ဘာသာပြန်ကျမ်း။
b စာမျက်နှာ ၂၀ ရှိ “ကမ္ဘာ့ဖြစ်ရပ်အကဲခတ်” မှ “ဆင့်ကဲဖြစ်စဉ်ကို ပုပ်ရဟန်းမင်းထပ်မံအတည်ပြု” ကိုရှု။
c အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခြင်းကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းနယူးယောက်မှထုတ်ဝေသည့် အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] စာအုပ်ကိုရှု။
[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]
အချို့ဆင့်ကဲဝါဒီများက မြေကြီးပေါ်တွင် ကျွန်ပ်တို့တည်ရှိနေခြင်းမှာ “ဒေါ်လာတစ်သန်းတန်ထီ အကြိမ်တစ်သန်းဆက်တိုက် ပေါက်ဘိသကဲ့သို့ဖြစ်သည်” ဟုဆိုကြသည်
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရေတွက်မကုန်သော အမျိုးမျိုးအဖုံဖုံနှင့်ဒီဇိုင်း
အင်းဆက်များ “သိပ္ပံပညာရှင်များသည် နှစ်စဉ် ၇,၀၀၀ မှ ၁၀,၀၀၀ အထိအင်းဆက်မျိုးစိတ်သစ်များကို ရှာဖွေတွေ့ ရှိနေကြသည်” ဟုကမ္ဘာ့စာအုပ်စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ သို့တိုင် “မတွေ့ ရှိသေးသည့် မျိုးစိတ်များ ၁ သန်းမှ ၁၀ သန်းအထိရှိနိုင်သေးသည်။” ပြင်သစ်သတင်းစာ လမော်န်ဒ်တွင် ကက်သရင်း ဗိန်းစဲန့်ရေးသားသော ဆောင်းပါးကို ပတ်စဉ်ဂါးဒီးယန်းမှကိုးကား၍ဖော်ပြသည်မှာ စာရင်းတင်ထားသော မျိုးစိတ်များသည် “အမှန်တကယ်အရေအတွက် . . . ခန့်မှန်းခြေ ၅ သန်းမှ မယုံကြည်နိုင်လောက်အောင် သန်း ၅၀ နှင့်နှိုင်းယှဉ်လိုက်ပါက မပြောပလောက်အောင် အလွန့်အလွန်ပင်နည်းပါးပေသည်” ဟူ၍ဖြစ်သည်။
အံ့ဖွယ်ရာကောင်းသည့် အင်းဆက်လောက—ပျားများ၊ ပုရွက်ဆိတ်များ၊ နကျယ်ကောင်များ၊ လိပ်ပြာများ၊ ပိုးဟပ်များ၊ လေဒီဘတ်ပိုးတောင်မာများ၊ ပိုးစုန်းကြူးများ၊ ချများ၊ ပိုးဖလံများ၊ ယင်ကောင်များ၊ ပုစဉ်းများ၊ ခြင်များ၊ ငွေရောင်စာအုပ်ပိုးများ၊ နှံကောင်များ၊ သန်းများ၊ ပုရစ်များ၊ လှေးများ—၏နမူနာလောက်ကိုသာ စဉ်းစားကြည့်ပါ! စာရင်းဇယားမှာ ဆုံးမည့်ပုံမပေါ်ချေ။
ငှက်များ အောင်စဝက်ခန့်လောက်သာ အလေးချိန်ရှိသော ငှက်နှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ “အလာစကားသစ်တောဆုံးမျဉ်းမှ တောင်အမေရိကမိုးသစ်တောများအထိ တစ်နှစ်အတွင်း အသွားအပြန်မိုင်ပေါင်း ၁၀,၀၀၀ ခရီးကို တောင်ထိပ်များကိုလျှပ်သွားခြင်း၊ မြို့ပြရှိမိုးမျှော်တိုက်ကြီးများကို ရှောင်ကွင်းသွားလာသည့်အပြင် အတ္တလန္တိတ်သမုဒ္ဒရာနှင့် မက္ကစီကိုကွေ့၏ အပြောကျယ်သောရေပြင်မှ ဖြတ်သန်းသွားလာခြင်းဖြင့် ရွှေ့ပြောင်းကြခြင်းကို မြင်ယောင်ကြည့်ပါ။” ဤအံ့ဖွယ်ငှက်ငယ်ကား မည်သို့သောငှက်မျိုးနည်း။ “မြောက်အမေရိက၏ကုန်းနေငှက်များထဲတွင် ပြိုင်ဘက်ကင်းဟုဆိုရမလောက် ခရီးသွားစွမ်းရည်ဘက်တွင် အားကြီးသော ဘလက်ပိုးလ် တေးသီငှက် [ဒန်ဒရိုကာ စထရိုက်တာ] ဖြစ်သည်။” (မြောက်အမေရိကငှက်များစာအုပ်) ကျွန်ုပ်တို့ ထပ်မံ၍မေးလိုပါသည်– ယင်းသည် မရေတွက်နိုင်သည့် သဘာဝတိုက်ဆိုင်မှုများ၏ မတော်တဆမှုမှ ဖြစ်ပေါ်လာကြခြင်းလော။ သို့မဟုတ် ယင်းသည် အံ့သြဖွယ်ရာ ပညာပါသောဒီဇိုင်းတစ်ခုလော။
ဤဥပမာများကို ထပ်ဆင့်၍ဖြည့်စွက်ရလျှင် သီချင်းဆိုရန် တေးစုမရေမတွက်နိုင်အောင်ရှိနေဟန်ရှိသော ငှက်များပင်ဖြစ်သည်– ညတေးဆိုငှက် ၎င်း၏ သာယာသောတေးဆိုသံကြောင့် ဥရောပတစ်ခွင်တွင်မက အာဖရိကနှင့် အာရှဒေသများတွင် လူသိများပြီး ထိုအတိုင်းပင် ချစ်စနိုးမှည့်ခေါ်ထားသည်; မြောက်အမေရိကရှိ မြောက်ပိုင်းမော့ကင်ငှက်သည် “အသံကိုအတုခိုးပြီး ၎င်း၏သီချင်းထဲ ထည့်ဆိုရာ၌ အလွန်ကျွမ်းကျင်သော” ငှက်ဖြစ်သည်; ဩစတြေးလျရှိ လှပထူးခြားသော လိုင်ယာငှက်၏ “သီချင်းသံမှာ အလွန်အဆင့်မြင့်ပြီး အံ့အားသင့်စရာကောင်းလောက်အောင် အသံမျိုးစုံတုတတ်သည်။”—ကမ္ဘာ့ငှက်များ။
ထို့အပြင် အရောင်အသွေးစုံလင်ခြင်းသာမက များစွာသောငှက်တို့၏ တောင်ပံနှင့် ငှက်မွေးဒီဇိုင်းတို့က လူတစ်ဦးကို မှင်တက်မိစေသည်။ မြေပေါ်တွင်ဖြစ်စေ၊ ကျောက်ဆောင်ကမ်းပါးယံတွင်ဖြစ်စေ၊ သို့မဟုတ် သစ်ပင်ပေါ်တွင် ၎င်းတို့၏အသိုက်များ ကျွမ်းကျွမ်းကျင်ကျင်ရက်လုပ်ခြင်းလည်း ထပ်ဖြည့်လိုက်ပါဦး။ ယင်းသို့သော ပင်ကိုအသိဉာဏ်သည် နှိမ့်ချသူများကို စိတ်စွဲမှတ်စေပေလိမ့်မည်။ ၎င်းတို့ မည်သို့ရောက်ရှိလာသနည်း။ မတော်တဆလော၊ ရည်ရွယ်ထား၍လော။
လူ့ဦးနှောက် “ဦးနှောက်တွင် နဗ်ကြောဆုံများ တစ်ဆယ်ထရီလီယံမှ တစ်ရာထရီလီယံအထိရှိပြီး တစ်ခုစီသည် လျှပ်စစ်ရုတ်ခြည်းလှိုင်းများအဖြစ်ရောက်ရှိလာသော အချက်ပြချက်များကို မှတ်တမ်းတင်သည့် အလွန်သေးငယ်သော ဂဏန်းတွက်စက်အဖြစ်လုပ်ဆောင်သည်။” (ဦးနှောက်) ကျွန်ုပ်တို့သည် ဦးနှောက်ကိုအရေးမထားကြသည့်တိုင် ယင်းသည် ဦးခေါင်းခွံအတွင်း ကာကွယ်ဖုံးအုပ်ထားခြင်းခံရသော အနုစိတ်သိမ်မွေ့သည် စကြဝဠာတစ်ခုဖြစ်သည်။ လူသားတို့ကို စဉ်းစားရန်၊ ဆင်ခြင်ရန်နှင့် ထောင်နှင့်ချီသောဘာသာစကားများကို ပြောဆိုစေသော အဆိုပါအင်္ဂါအစိတ်အပိုင်းကို ကျွန်ုပ်တို့ မည်သို့ရရှိထားကြသနည်း။ ကံကောင်းသော သန်းနှင့်ချီသည့် ကံစမ်းမှုများအားဖြင့်လော။ သို့မဟုတ် ပညာပါသောဒီဇိုင်းရေးဆွဲမှုမှလော။
[စာမျက်နှာ ၁၆ ပါ ဇယား]
ဦးနှောက်အပြင်ဘက်ကို ရှင်းရှင်း လင်းလင်း ဖော်ပြထားပုံ
အာရုံဆိုင်ရာအပြင်လွှာ (Sensory cortex)
ခန္ဓာတစ်ခုလုံးမှ အာရုံဆိုင်ရာနှိုးဆွမှုများကို ခွဲခြမ်းစိတ်ဖြာခြင်း
နောက်စေ့ဖု (Occipital lobe)
စက္ခုအာရုံ အချက်ပြဆိုင်ရာ ဖြစ်စဉ်များ
ဦးနှောက်ငယ် (Cerebellum)
ဟန်ချက်နှင့် ညှိနှိုင်းမှုကို ထိန်းပေး
အကြိုလှုပ်ရှားမှုဆိုင်ရာ အပြင်လွှာ (Premotor cortex)
ကြွက်သားအလိုက်သင့်လုပ်ဆောင်မှုကို ထိန်းချုပ်ပေး
လှုပ်ရှားမှုဆိုင်ရာ အပြင်လွှာ (Motor cortex)
သိရှိသောလှုပ်ရှားမှုကိုထိန်းချုပ်ရာတွင် ကူညီပေး
နဖူးဖု (Frontal lobe)
စဉ်းစားဆင်ခြင်မှု၊ စိတ်ခံစားမှု၊ ပြောဆိုမှု၊ လှုပ်ရှားမှုကို ထိန်းချုပ်ရာတွင်ကူညီပေး
နားထင်ဖု (Temporal lobe)
အသံကိုဖြစ်ပေါ်စေ; သင်ယူမှု၊ မှတ်ဉာဏ်၊ ဘာသာစကား၊ စိတ်ခံစားမှုရှုထောင့်များကို ထိန်းချုပ်ပေး
[စာမျက်နှာ ၁၆ ပါ ဇယား]
နဗ်ကြောဝင်ရိုး အစွန် (Axon terminal)
နဗ်ကြောပို့လွှတ်အစိတ်အပိုင်းများ (Neurotransmitters)
နဗ်ကြောဆဲလ်ခက်လက် (Dendrite)
နဗ်ကြောဆုံ (Synapse)
နဗ်ကြောဆဲလ် (Neuron)
နဗ်ကြောဆဲလ်ခက်လက်များ (Dendrites)
နဗ်ကြောဝင်ရိုး (Axon)
“ဦးနှောက်တွင် တစ်ဆယ်ထရီလီယံမှ တစ်ရာထရီလီယံအထိ နဗ်ကြောဆုံများရှိနိုင်ပြီး တစ်ခုစီသည် လျှပ်စစ်ရုတ်ခြည်းလှိုင်းများအနေဖြင့် ရောက်ရှိလာသော အချက်ပြချက်များကို မှတ်တမ်းတင်ပေးသည့် အလွန်သေးငယ်သော ဂဏန်းတွက်စက်အဖြစ်လုပ်ဆောင်သည်။”—ဦးနှောက်
[Picture Credit Line on page 13]
လနှင့်ဂြိုဟ်များ– NASA photo