ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၂၀ စာ. ၁၃၃-၁၄၀
  • ယေဟောဝါ၏ လက်တော် တိုသည် မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ လက်တော် တိုသည် မဟုတ်
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သော ဘုရားသခင်ထံမှ သီးခြား ခွဲထွက်ခဲ့ကြ
  • ခါးသော အသီးကို ရိတ်သိမ်းခြင်း
  • ဝိညာဏ အမှောင်တွင် စမ်းတဝါးဝါး ဖြစ်ခြင်း
  • ယေဟောဝါ တရားစီရင်တော်မူ၏
  • နောင်တရသူများအတွက် မျှော်လင့်ချက်နှင့် ကောင်းချီးများ
  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၂၀ စာ. ၁၃၃-၁၄၀

အခန်း နှစ်ဆယ်

ယေဟောဝါ၏ လက်တော် တိုသည် မဟုတ်

ဟေရှာယ ၅၉:၁-၂၁

၁။ ယုဒပြည် အခြေအနေ မည်သို့ ရှိသနည်း၊ များစွာသောသူတို့ အဘယ်အရာ သိလိုကြသနည်း။

ယုဒလူမျိုးသည် ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ ဆက်ဆံရေး ရှိသည်ဟု ဆိုကြသည်။ သို့သော် နေရာတိုင်းတွင် ပြဿနာများ တက်နေသည်။ တရားမျှတမှု ခေါင်းပါးနေပြီး ရာဇဝတ်မှုနှင့် ဖိနှိပ်မှုတို့ နေရာတိုင်း ပျံ့နှံ့နေကာ တိုးတက်ကောင်းမွန်ရန် မျှော်လင့်ချက် မရှိ ဖြစ်နေသည်။ တစ်စုံတစ်ရာ လုံးလုံး လွဲမှားနေသည်။ လူများစွာက ယေဟောဝါသည် ကိစ္စရပ်များကို ပြုပြင်,မပြင် သိလိုကြသည်။ ယင်းသည် ဟေရှာယခေတ် အခြေအနေ ဖြစ်သည်။ သို့သော် ဟေရှာယ မှတ်တမ်းပါ ယင်းအခါသမယသည် ရှေးခေတ် သမိုင်းမှတ်တမ်း တစ်ခုလောက်သာ မဟုတ်ပါ။ သူ၏ စကားများတွင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုကြသော်လည်း ကိုယ်တော်၏ ပညတ်များကို လျစ်လျူရှုသူ မည်သူမဆိုအတွက် ပရောဖက်ပြုချက်ဆိုင်ရာ သတိပေးချက်များ ပါရှိသည်။ အခက်အခဲနှင့် အန္တရာယ်များသောအချိန်တွင် အသက်ရှင်နေရသော်လည်း ယေဟောဝါအား ကြိုးစားအမှုဆောင်သူ အားလုံးအတွက် ဟေရှာယ အခန်းကြီး ၅၉ တွင် မှတ်တမ်းတင်ထားသော မှုတ်သွင်းခံ ပရောဖက်ပြုချက်သည် နွေးထွေးကြင်နာသည့် အားပေးချက် ဖြစ်သည်။

စစ်မှန်သော ဘုရားသခင်ထံမှ သီးခြား ခွဲထွက်ခဲ့ကြ

၂၊ ၃။ ယေဟောဝါသည် ယုဒကို အဘယ်ကြောင့် မကာကွယ်သနည်း။

၂ ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး အယူဖောက်ပြန်ခဲ့ကြသည့် အဖြစ်ကို မြင်ယောင်ကြည့်ပါ! သူတို့သည် ဖန်ဆင်းရှင်ကို ငြင်းပယ်ခဲ့ခြင်းကြောင့် ကိုယ်တော်၏ ကာကွယ်မှု ပေးသော လက်တော်အောက်မှ မိမိတို့ကိုယ်ကို ဖယ်ရှားလိုက်ကြသည်။ ယင်းကြောင့် သူတို့သည် ပြင်းထန်ဆိုးရွားသော ဘေးဒုက္ခများနှင့် ကြုံတွေ့နေကြသည်။ သူတို့၏ ခက်ခဲသော အခြေအနေကြောင့် ယေဟောဝါကို အပြစ်တင်ကြသလော။ သူတို့ကို ဟေရှာယ ဤသို့ ပြော၏– “ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော် တိုသည် မဟုတ်။ မကြားနိုင်အောင် နားတော် ထိုင်းသည် မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။”—ဟေရှာယ ၅၉:၁၊ ၂။

၃ ထိုစကားများသည် ပွင့်လင်းသော်လည်း အမှန်တရားများ ဖြစ်သည်။ ယေဟောဝါသည် ကယ်တင်တော်မူသော ဘုရား ဖြစ်နေဆဲပင်။ “ပတ္ထနာစကားကို နားထောင်တော်မူသော ဘုရား” အနေနှင့် သစ္စာရှိ ကျေးကျွန်များ၏ ဆုတောင်းချက်များကို ကိုယ်တော် နားထောင်တော်မူ၏။ (ဆာလံ ၆၅:၂) သို့ရာတွင် ကိုယ်တော်သည် အမှားပြုလုပ်သူများကို ကောင်းချီး မပေးပါ။ ယေဟောဝါထံမှ စိမ်းကားသွေဖည်ခြင်းအတွက် လူများကိုယ်နှိုက်တွင် တာဝန်ရှိသည်။ သူတို့ကိုယ်တိုင်၏ ဆိုးသွမ်းမှုများကြောင့် သူတို့ထံမှ ကိုယ်တော်၏ မျက်နှာတော်ကို လွှဲစေတော်မူ၏။

၄။ ယုဒအား အဘယ် စွဲချက်များ တင်ထားသနည်း။

၄ အမှန်မှာ၊ ယုဒ၌ ဆိုးရွားလှသော မှတ်တမ်း ရှိသည်။ ဟေရှာယ ပရောဖက်ပြုချက်တွင် သူတို့နှင့်ပတ်သက်၍ စွဲချက်အချို့ကို ဖော်ပြထား၏– “သင်တို့လက်သည် အသွေးနှင့်လည်းကောင်း၊ လက်ချောင်းများသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူးကြ၏။ သင်တို့နှုတ်ခမ်းသည် မုသာစကားကို ပြောတတ်၏။ လျှာသည်လည်း ကောက်ကျစ်သော စကားကို မြွက်ဆိုတတ်၏။” (ဟေရှာယ ၅၉:၃၊ သမ္မာ) လူများသည် မုသာစကားနှင့် မဖြောင့်မတ်သောအရာများကို ပြောဆိုကြသည်။ ‘လက်သည် အသွေးနှင့် ညစ်ညူး၏’ ဟူသော ရည်ညွှန်းချက်က အချို့သူများ လူသတ်မှုကို ကျူးလွန်ကြကြောင်း ဖော်ပြသည်။ လူသတ်မှုကို တားမြစ်ထားရုံမက ‘ညီအစ်ကိုကို စိတ်ထဲ၌ မုန်း’ ခြင်းကိုပင် ခွင့်မပြုသော ပညတ်ပေးရှင်၊ ဘုရားသခင်ကို မရိုမသေပြုခြင်းပါတကား! (ဝတ်ပြုရာ ၁၉:၁၇၊ သမ္မာ) ယုဒပြည်သူပြည်သားများ၏ ပြောင်ပြောင်တင်းတင်း အပြစ်ကျူးလွန်ခြင်းနှင့် ယင်းကြောင့် မလွဲမရှောင် ခံရသော အကျိုးဆက်တို့က ယနေ့ ကျွန်ုပ်တို့သည် အပြစ်ရှိသော တွေးတော၊ ကြံစည်မှုများကို ထိန်းချုပ်ရန် လိုကြောင်း တစ်ဦးချင်းစီအတွက် သတိပေးချက် ဖြစ်သင့်သည်။ သို့မဟုတ်လျှင် ဘုရားသခင်ထံမှ ကျွန်ုပ်တို့ကို သီးခြား ဖြစ်သွားစေမည့် ဆိုးသွမ်းမှုများ ကျူးလွန်သွားစေနိုင်သည်။—ရောမ ၁၂:၉; ဂလာတိ ၅:၁၅; ယာကုပ် ၁:၁၄၊ ၁၅။

၅။ ယုဒ၏ ယိုယွင်းဖောက်ပြန်မှုသည် မည်မျှအထိ ဖြစ်ခဲ့သနည်း။

၅ အပြစ်ပြုခြင်းသည် တစ်နိုင်ငံလုံးအပေါ် လွှမ်းမိုးပျံ့နှံ့ခဲ့သည်။ ပရောဖက်ပြုချက်၌ ဤသို့ ဆို၏– “တရားကို အဘယ်သူမျှ မရှာ၊ သစ္စာကို အဘယ်သူမျှ မစောင့်၊ အနတ္တကို ကိုးစား၍ မုသာစကားကို ပြောတတ်ကြ၏။ မကောင်းသော အကြံကို ပဋိသန္ဓေယူ၍ အဓမ္မအမှုကို ဖွားကြ၏။” (ဟေရှာယ ၅၉:၄) ဖြောင့်မတ်စွာ ပြောသူ တစ်ယောက်မျှ မရှိပါ။ တရားရုံးများ၌ပင် ယုံကြည်စိတ်ချရသူ သို့မဟုတ် သစ္စာရှိသူကို ရှာတွေ့ရန် ခဲယဉ်းသည်။ ယုဒသည် ယေဟောဝါအား ကျောခိုင်းပြီး တိုင်းနိုင်ငံများနှင့် မဟာမိတ်ပြုကာ သက်မဲ့ရုပ်တုများကိုပင် ယုံကြည်ကိုးစားကြသည်။ ယင်းတို့အားလုံးသည် ဘာမျှ တန်ဖိုးမရှိသော “အနတ္တ” ဖြစ်သည်။ (ဟေရှာယ ၄၀:၁၇၊ ၂၃; ၄၁:၂၉) ရလဒ်အနေနှင့် တိုင်ပင်နှီးနှောမှု များစွာ ရှိသော်လည်း အားလုံးသည် တန်ဖိုး မရှိပါ။ အကြံအစည်များကို လက်တွေ့ဖော်ထုတ်ကြသော်လည်း ရလဒ်မှာ ဒုက္ခနှင့် အဓမ္မမှု ဖြစ်သည်။

၆။ ခရစ်ယာန်ဘောင်၏ မှတ်တမ်းသည် ယုဒနှင့် မည်သို့ ဆင်တူသနည်း။

၆ ယုဒပြည်ရှိ မဖြောင့်မတ်မှုနှင့် အကြမ်းဖက်မှုတို့ကို ခရစ်ယာန်ဘောင်တွင် အထင်အရှား တွေ့ရသည်။ (ဤစာမျက်နှာမှ “အယူဖောက်ပြန်သော ယေရုရှလင်မြို့—ခရစ်ယာန်ဘောင်၏ ဆင်တူချက်တစ်ရပ်” ကိုရှု။) ရက်စက်ကြမ်းကြုတ်သော ကမ္ဘာစစ် နှစ်ခုတွင် ခရစ်ယာန်အခေါ်ခံ နိုင်ငံများ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ မျက်မှောက်ခေတ်အချိန်အထိ ခရစ်ယာန်ဘောင် ဘာသာရေးပုံစံသည် မိမိတို့၏ အသင်းသား အချင်းချင်းစပ်ကြား လူမျိုးစု သန့်စင်ရေးနှင့် လူအနွယ်အချင်းချင်း သတ်ဖြတ်မှုတို့ကို ရပ်တန့်နိုင်စွမ်း မရှိကြောင်း သက်သေထူခဲ့သည်။ (၂ တိမောသေ ၃:၄ခ-၅) ယေရှုက မိမိ၏ နောက်လိုက်များအား ဘုရားသခင့် နိုင်ငံတော်ကို ယုံကြည်ကိုးစားရန် သင်ကြားပေးခဲ့သော်လည်း ခရစ်ယာန်ဘောင် နိုင်ငံများသည် လုံခြုံမှုအတွက် စစ်လက်နက်များ၊ နိုင်ငံရေး မဟာမိတ်များကို ဆက်၍ ယုံကြည်ကိုးစားကြသည်။ (မဿဲ ၆:၁၀) အမှန်ပင်၊ ကမ္ဘာ့လက်နက် အဓိက ထုတ်လုပ်မှု အများဆုံးကို ခရစ်ယာန်ဘောင် နိုင်ငံများ၌ တွေ့ရသည်! မှန်ပါသည်၊ ခရစ်ယာန်ဘောင်သည် အနာဂတ် လုံခြုံမှုအတွက် လူ့ကြိုးစားအားထုတ်မှုများ၊ အဖွဲ့အစည်းများကို ယုံကြည်ကိုးစားသောအခါ သူသည်လည်း “အနတ္တ” ကို ကိုးစားခြင်း ဖြစ်သည်။

ခါးသော အသီးကို ရိတ်သိမ်းခြင်း

၇။ ယုဒ၏ အကြံအစည်များသည် ထိခိုက်နစ်နာမှုများကိုသာ အဘယ်ကြောင့် ဖြစ်စေသနည်း။

၇ ရုပ်ပုံကိုးကွယ်ခြင်းနှင့် မရိုးသားမှုတို့သည် ကျန်းခံ့သော လူ့အသင်းအပင်းတစ်ခုကို မဖြစ်စေနိုင်ပါ။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် သစ္စာမဲ့ ဂျူးများသည် သူတို့ကိုယ်တိုင် ကြဲခဲ့သော အခက်အခဲဒုက္ခများကို ယခု ရိတ်သိမ်းနေရသည်။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရသည်– “သူတို့သည် မြွေဆိုး၏ ဥများမှ သားဖောက်ကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ဥများကို စားသောသူသည် သေတတ်၏။ ဥကို ခွဲလျှင် မြွေဆိုး ပေါက်တတ်၏။” (ဟေရှာယ ၅၉:၅) စိတ်တွင် ကြံစည်ပြီး လက်တွေ့ အကောင်အထည်ဖော်သော ယုဒ၏ ကြံစည်ချက်များမှ တန်ဖိုးရှိရာ တစ်ခုမျှ မထွက်ပေါ်ပါ။ သူတို့၏ မှားယွင်းသော အတွေးအခေါ်များသည် ထိခိုက်နစ်နာမှုကိုသာ ဖြစ်စေသည်၊ မြွေဆိုးဥများမှ မြွေဆိုးများသာ ပေါက်သကဲ့သို့ ဖြစ်သည်။ ထို့ပြင် လူမျိုးတော်သည် ဒုက္ခရောက်ရသည်။

၈။ ယုဒ၏ ယိုယွင်းသော အကြံအစည်ကို အဘယ်အရာက တင်ပြသနည်း။

၈ ယုဒပြည်သူပြည်သားအချို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ကြိုးစားအားထုတ်သည့်အနေနှင့် အကြမ်းဖက်ကြမည် ဖြစ်သော်လည်း သူတို့ ရှုံးနိမ့်မည်။ အကာအကွယ်အဖြစ် ယေဟောဝါအား ကိုးစားခြင်းနေရာတွင်နှင့် ဖြောင့်မတ်သော အကျင့်များနေရာတွင် ကာယရေး အကြမ်းဖက်မှုဖြင့် အစားမထိုးနိုင်ပါ၊ မိုး၊ ရေ၊ လေ သဘာဝ အင်အားစုများမှ အကာအကွယ် ရရန် တကယ့် အဆောက်အအုံတစ်ခုအစား ပင့်ကူအိမ်ကို အစားမထိုးနိုင်သကဲ့သို့ ဖြစ်သည်။ ဟေရှာယ ဤသို့ ကြေညာ၏– “သူတို့ ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကို မခြုံရကြ။ သူတို့ ပြုသောအမှုသည် အဓမ္မအမှု ဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသောအမှု ရှိ၏။ သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှာ ပြေးတတ်၏။ အပြစ်မရှိသောသူ၏ အသက်ကို သတ်ခြင်းငှာ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံ ဖြစ်၍ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ၏။” (ဟေရှာယ ၅၉:၆၊ ၇) ယုဒ၏ အကြံအစည်သည် ယိုယွင်းနေ၏။ အကြမ်းဖက်၍ ပြဿနာ ဖြေရှင်းရန် ကြိုးစားခြင်းဖြင့် ဘုရားရေးရာ မဆန်သော အပြုအမူကို တင်ပြကြသည်။ သူ၏ သားကောင်အများစုသည် အပြစ်မဲ့သူများ ဖြစ်ပြီး အချို့သည် ဘုရားသခင်၏ စစ်မှန်သော ကျေးကျွန်များ ဖြစ်ကြငြားလည်း သူ့အတွက် အကြောင်းမထူးပါ။

၉။ ခရစ်ယာန်ဘောင် ခေါင်းဆောင်များသည် စစ်မှန်သော ငြိမ်သက်ခြင်း အဘယ်ကြောင့် မရှိသနည်း။

၉ ဤမှုတ်သွင်းခံစကားများသည် ခရစ်ယာန်ဘောင်၏ သွေးသွန်းမှု မှတ်တမ်းကို ကျွန်ုပ်တို့အား ပြန်အမှတ်ရစေသည်။ ခရစ်ယာန် အယူဝါဒကို ဝမ်းနည်းဖွယ်ကောင်းအောင် အလွဲကိုယ်စားပြုခြင်းအတွက် ယေဟောဝါသည် သူမနှင့် အမှန်ပင် စာရင်းရှင်းတော်မူမည်! ဟေရှာယခေတ်မှ ဂျူးများကဲ့သို့ ခရစ်ယာန်ဘောင်သည် လိင်စာရိတ္တ ယိုယွင်းသည့် လမ်းစဉ်ကို လိုက်စားခဲ့ကြသည်၊ သူမ၏ ခေါင်းဆောင်များက ယင်းလမ်းစဉ်ကို တစ်ခုတည်းသော လက်တွေ့ကျသည့်အရာဟု ယူမှတ်ကြသောကြောင့်ပင်။ သူတို့သည် ငြိမ်သက်ခြင်းအကြောင်း ပြောကြသော်လည်း တရားမျှတမှု မရှိ ပြုမူလုပ်ဆောင်ကြသည်။ လှည့်စားမှုပါတကား! ခရစ်ယာန်ဘောင် ခေါင်းဆောင်များသည် ယင်းနည်းဗျူဟာများကို ဆက်၍ အသုံးပြုနေခြင်းကြောင့် သူတို့သည် စစ်မှန်သော ငြိမ်သက်ခြင်း ရရှိမည် မဟုတ်ပါ။ ပရောဖက်ပြုချက်တွင် ဤသို့ ဆက်ဆိုထားသကဲ့သို့ ဖြစ်၏– “ချမ်းသာ [“ငြိမ်သက်ခြင်း၊” ကဘ] လမ်းကို သူတို့ မသိကြ။ သူတို့ ခရီးသွားရာတွင် တရား မပါ။ မိမိတို့ သွားစရာဖို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူမည်သည်ကား ချမ်းသာ [“ငြိမ်သက်ခြင်း၊” ကဘ] ကို မသိရ။”—ဟေရှာယ ၅၉:၈။

ဝိညာဏ အမှောင်တွင် စမ်းတဝါးဝါး ဖြစ်ခြင်း

၁၀။ ဟေရှာယသည် ယုဒကိုယ်စား မည်သို့ ဝန်ခံသနည်း။

၁၀ ယေဟောဝါသည် ယုဒ၏ မရိုးသားမှုနှင့် ယိုယွင်းသော လမ်းစဉ်များအပေါ် ကောင်းချီး မပေးနိုင်ပါ။ (ဆာလံ ၁၁:၅) ထို့ကြောင့် တစ်မျိုးလုံး၏ကိုယ်စား ပြောဆိုကာ ယုဒ၏ အပြစ်ကျူးလွန်မှုကို ဟေရှာယ ဤသို့ ဝန်ခံ၏– “ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါတို့နှင့် ဝေး၏။ တရားသည်လည်း ငါတို့ကို မမီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်း မရှိ၊ ရောင်ခြည်ကို မျှော်လင့်သော်လည်း မှောင်မိုက်၌ သွားလာရကြ၏။ မမြင်နိုင်သောသူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိ မရှိသောသူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက် သေသောသူကဲ့သို့ ဖြစ်ကြ၏။ ငါတို့ရှိသမျှသည် ဝံကဲ့သို့ မြည်တမ်း၍ ချိုးကဲ့သို့ ညည်းညူကြ၏။” (ဟေရှာယ ၅၉:၉-၁၁က) ဂျူးများသည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို သူတို့ခြေရှေ့ရှိ မီးခွက်၊ လမ်းခရီးအတွက် အလင်းအဖြစ် သဘောမထားကြပါ။ (ဆာလံ ၁၁၉:၁၀၅) ရလဒ်အနေနှင့် အရာရာ မှောင်မိုက်နေသည်။ မွန်းတည့်အချိန်၌ပင် သူတို့သည် ညအမှောင်ကဲ့သို့ စမ်း၍ သွားကြသည်။ သူတို့သည် သေသောသူကဲ့သို့ ဖြစ်ကြသည်။ သက်သာရာ ရရန် တောင့်တရာတွင် အစာ ဆာနေသော သို့မဟုတ် ဒဏ်ရာ ရထားသော ဝက်ဝံများကဲ့သို့ ကျယ်လောင်စွာ ညည်းသံပြုကြသည်။ အချို့သည် လူဆိတ်ညံရာရှိ ချိုးများကဲ့သို့ သနားစဖွယ် ကူသံပြု ညည်းကြသည်။

၁၁။ တရားမျှတမှုနှင့် ကယ်တင်ခြင်းအတွက် ယုဒ၏ မျှော်လင့်ချက်သည် အဘယ်ကြောင့် အချည်းနှီး ဖြစ်သနည်း။

၁၁ ယုဒ၏ အဖြစ်သည် ဘုရားသခင်ကို ပုန်ကန်ခြင်းကြောင့် ဟူသည့် အချက်ကို ဟေရှာယ ကောင်းစွာ သတိထားမိသည်။ သူ ဤသို့ ဆို၏– “တရားစီရင်ခြင်းကို မျှော်လင့်၍ မရကြ။ ကယ်တင်ခြင်း ကျေးဇူးကို မျှော်လင့်သော်လည်း ငါတို့နှင့် ဝေးလှ၏။ ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တစ်ဖက်၌ သက်သေခံကြ၏။ ကိုယ်အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက် ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ် သိကြ၏။ ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍ ငါတို့၏ ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန်သော စကားကို အောက်မေ့၍ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။” (ဟေရှာယ ၅၉:၁၁ခ-၁၃) ယုဒပြည်သူပြည်သားများသည် နောင်တ မယူကြသောကြောင့် သူတို့၏ အပြစ်များ ခွင့်လွှတ်မခံရပါ။ လူများသည် ယေဟောဝါအား စွန့်ပစ်ကြသောကြောင့် ပြည်တော်တွင် တရားမျှတမှု မရှိပါ။ သူတို့သည် မိမိတို့၏ ညီအစ်ကိုများကို ဖိနှိပ်သည်အထိပင် လုံးလုံး မှားယွင်းနေကြောင်း သက်သေထူခဲ့ကြပြီ။ ယနေ့ခေတ် ခရစ်ယာန်ဘောင်နှင့် အလွန် ဆင်တူလှသည်! များစွာသောသူတို့သည် တရားမျှတမှုကို လျစ်လျူရှုရုံမျှမကပါ၊ ဘုရားသခင့် အလိုတော်ကို ကြိုးစားဆောင်ရွက်ကြသော သစ္စာရှိ ယေဟောဝါသက်သေများကိုလည်း အားတက်သရော နှိပ်စက်ညှဉ်းပန်းကြသည်။

ယေဟောဝါ တရားစီရင်တော်မူ၏

၁၂။ ယုဒပြည်ရှိ တရားရေးကိစ္စများကို ကိုင်တွယ်ရန် တာဝန်ရှိသူများ၏ သဘောထားကား အဘယ်နည်း။

၁၂ ယုဒပြည်၌ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် အမှန်တရား မရှိပုံရသည်။ “ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားရပြီ။ တရားသည် အဝေးက ရပ်၍ နေရ၏။ သစ္စာသည် ကျယ်ဝန်းသော အရပ် [“လူထုရင်ပြင်၊” ကဘ] ၌ ပြိုလဲပြီ။ ဖြောင့်မတ်ခြင်းလည်း မဝင်နိုင်ရာ။” (ဟေရှာယ ၅၉:၁၄၊ သမ္မာ) ယုဒပြည်ရှိ မြို့ဂိတ်တံခါးများ အတွင်းဘက်တွင် တရားရေးရာ ကိစ္စများကို စီရင်သုံးသပ်ရန် အသက်ကြီးသူများ ဆုံတွေ့နေကျနေရာ ဖြစ်သော လူထုရင်ပြင်များ ရှိသည်။ (ရုသ ၄:၁၊ ၂၊ ၁၁) ထိုကဲ့သို့သောသူများသည် တံစိုးမစားဘဲ ဖြောင့်မတ်စွာ တရားစီရင်ကာ တရားမျှတစွာ လုပ်ဆောင်သင့်သည်။ (တရားဟောရာ ၁၆:၁၈-၂၀) ယင်းအစား သူတို့သည် တစ်ကိုယ်ကောင်းဆန်သော သူတို့၏ အကြံအစည်အတိုင်း တရားစီရင်ကြသည်။ ပိုဆိုးသည်မှာ သူတို့သည် ကောင်းရာမွန်ရာကို လုပ်ဆောင်ဖို့ သဘောရိုးဖြင့် ကြိုးစားသူများကို အလွယ်တကူ ဖမ်းဆီးနိုင်သော သားကောင်များအဖြစ် ရှုမြင်ကြသည်။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူသည် လုယူခြင်းကို ခံရ၏။”—ဟေရှာယ ၅၉:၁၅က။

၁၃။ ယုဒပြည်ရှိ တရားသူကြီးများသည် တာဝန် ပျက်ကွက်ကြသောကြောင့် ယေဟောဝါ အဘယ်အရာ လုပ်ဆောင်တော်မူမည်နည်း။

၁၃ အကျင့်စာရိတ္တ ယိုယွင်းခြင်းကို ရဲရင့်စွာ ထုတ်ဖော်ဖို့ ပျက်ကွက်သူများသည် ဘုရားသခင် တွေ့မြင်၊ သိမြင်တော်မူသည်၊ သို့မဟုတ် စွမ်းဆောင်နိုင်တော်မူသည်ကို မေ့လျော့နေကြသည်။ ဟေရှာယ ဤသို့ ရေးထား၏– “ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင် တရားမရှိသောကြောင့် မုန်းတော်မူ၏။ လူတစ်ယောက်မျှ မရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူ တစ်ယောက်မျှ မရှိသည်ကို အံ့သြတော်မူ၏။ ထို့ကြောင့် မိမိလက်တော်သည် မိမိအဖို့ ကယ်တင်ခြင်းအမှုကို ပြု၍ မိမိ ဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။” (ဟေရှာယ ၅၉:၁၅ခ၊ ၁၆) ခန့်အပ်ခံ တရားသူကြီးများသည် မိမိတို့၏ တာဝန်ကို ပျက်ကွက်ကြသောကြောင့် ယေဟောဝါသည် ယင်းကိစ္စတွင် ကြားဝင်ဆောင်ရွက်တော်မူမည်။ ကိုယ်တော် ကြားဝင်သည့်အခါ ဖြောင့်မတ်စွာ စီရင်တော်မူပြီး တန်ခိုးတော်နှင့် လုပ်ဆောင်တော်မူမည်။

၁၄။ (က) ယနေ့ လူအများစုတွင် အဘယ် သဘောထား ရှိသနည်း။ (ခ) ယေဟောဝါသည် အရေးယူလုပ်ဆောင်ရန် မိမိကိုယ်ကို မည်သို့ ပြင်ဆင်တော်မူသနည်း။

၁၄ ယနေ့အချိန်၌လည်း ဆင်တူသည့် အခြေအနေ ရှိသည်။ လူအများစုသည် “အကျင့်သိက္ခာဆိုင်ရာအာရုံ အားလုံး ပြီး” နေသည့် လောကတွင် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ကြသည်။ (ဧဖက် ၄:၁၉) ယေဟောဝါသည် မြေကြီးပေါ်မှ လူဆိုးများကို ဖယ်ရှားရန် ကြားဝင်လုပ်ဆောင်တော်မူမည်ကို လူနည်းစုသာ ယုံကြည်ကြသည်။ သို့သော် ဟေရှာယ၏ ပရောဖက်ပြုချက်က ယေဟောဝါသည် လူ့အရေးကိစ္စရပ်များကို စေ့စေ့ ကြည့်ရှုစစ်ဆေးတော်မူကြောင်း ဖော်ပြထား၏။ ကိုယ်တော် တရားစီရင်တော်မူပြီး သတ်မှတ်ထားသည့် အချိန်တွင် တရားစီရင်ထားချက်နှင့်အညီ လုပ်ဆောင်တော်မူမည်။ ကိုယ်တော်၏ တရားစီရင်ချက်များသည် ဖြောင့်မတ်ပါသလော။ ဖြောင့်မတ်ကြောင်း ဟေရှာယ ဖော်ပြသည်။ ယုဒနိုင်ငံနှင့်ပတ်သက်၍ သူ ဤသို့ ရေး၏– “ [ယေဟောဝါသည်] ဖြောင့်မတ်ခြင်းကို သံချပ်အင်္ကျီကဲ့သို့ ဆင်ယင်၍ ကယ်တင်ခြင်း သံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်း အဝတ်ကို ဆင်ယင်၍ စိတ်အားကြီးခြင်းကို ဝတ်လုံကဲ့သို့ ခြုံတော်မူ၏။” (ဟေရှာယ ၅၉:၁၇) ဤပရောဖက်ပြုချက်စကားများ၌ ယေဟောဝါအား စစ်တိုက်ရန် ပြင်ဆင်သော စစ်သည်တစ်ဦးအဖြစ် ပုံဖော်ထားသည်။ ကိုယ်တော်သည် မိမိ ဖြစ်ပေါ်စေရာ ကယ်တင်ခြင်းအပေါ် အာရုံစိုက်နေသည်။ ကိုယ်တော်တိုင်၏ အကြွင်းမဲ့ ဖြစ်မှုနှင့် စောဒကတက်စရာ မရှိသော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ စိတ်ချတော်မူ၏။ ထို့ပြင် ကိုယ်တော်၏ တရားစီရင်ခြင်း လုပ်ရပ်များတွင် မကြောက်မရွံ့၊ ထက်သန်စွာ လုပ်ဆောင်တော်မူမည်။ ဖြောင့်မတ်ခြင်း အနိုင်ရမည်မှာ ယုံမှားဖွယ် မရှိချေ။

၁၅။ (က) ယေဟောဝါ တရားစီရင်ချိန်တွင် ခရစ်ယာန်စစ်များသည် မည်သည့်နည်းဖြင့် ပြုမူကြမည်နည်း။ (ခ) ယေဟောဝါ၏ တရားစီရင်ချက်နှင့်ပတ်သက်၍ အဘယ်အရာ ပြောနိုင်သနည်း။

၁၅ ယနေ့ ဒေသအချို့တွင်ရှိ သမ္မာတရား၏ ရန်သူများသည် မဟုတ်မမှန် အသရေပျက်စေသော ဝါဒဖြန့်မှုများအားဖြင့် ယေဟောဝါကျေးကျွန်များ၏ လုပ်ငန်းကို ဟန့်တားနှောင့်ယှက်ရန် ကြိုးစားကြသည်။ ခရစ်ယာန်စစ်များသည် သမ္မာတရားအတွက် ရပ်တည်ရန် မတွန့်ဆုတ်ကြသော်လည်း သူတို့သည် ကိုယ်တိုင် လက်တုံ့ပြန်ဖို့ ဘယ်တော့မျှ မကြိုးစားကြပါ။ (ရောမ ၁၂:၁၉) အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်ကို ယေဟောဝါ တရားစီရင်ချိန်တွင်ပင် မြေကြီးပေါ်ရှိ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူများသည် ဖျက်ဆီးခြင်းလုပ်ငန်းတွင် ပါဝင်ကြမည် မဟုတ်ပါ။ ယေဟောဝါသည် ကိုယ်တော်တိုင်အတွက် လက်စားချေမှုကို သိမ်းဆည်းထားတော်မူပြီး ကိုယ်တော့်အချိန် ရောက်လာသောအခါ သင့်တင့်လျောက်ပတ်စွာ အရေးယူလုပ်ဆောင်မည် ဖြစ်ကြောင်း သူတို့ သိထားကြသည်။ ပရောဖက်ပြုချက်က ကျွန်ုပ်တို့အား ဤသို့ အာမခံ၏– “သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။ ရန်ဘက်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကိုလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့အား အကျိုးအပြစ်ကိုလည်းကောင်း ဆပ်ပေးတော်မူမည်။” (ဟေရှာယ ၅၉:၁၈) ဟေရှာယခေတ်ကကဲ့သို့ ဘုရားသခင်၏ တရားစီရင်ချက်များသည် ဖြောင့်မတ်ရုံမျှသာ မဟုတ်ပါ၊ ယင်းတို့ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူမည်။ “တစ်ကျွန်းတစ်နိုင်ငံသား၊” ဝေးသော ဒေသများသို့ပင် ရောက်ရှိမည်။ မည်သူတစ်ဦးတစ်ယောက်မျှ ယေဟောဝါ၏ တရားစီရင်ချက်လုပ်ရပ် မရောက်ရှိနိုင်သော အလွန် ဝေးသည့် သို့မဟုတ် သီးခြား ဖြစ်နေသည့် နေရာတွင် ရှိနိုင်မည် မဟုတ်ပါ။

၁၆။ ယေဟောဝါ၏ တရားစီရင်ချက် လုပ်ဆောင်မှုများမှ မည်သူတို့ လွတ်မြောက်မည်နည်း၊ သူတို့၏ လွတ်မြောက်မှုမှ အဘယ်အရာ သင်ယူရရှိမည်နည်း။

၁၆ မှန်ရာကို လုပ်ရန် ကြိုးစားသူများကို ယေဟောဝါ ဖြောင့်မတ်စွာ တရားစီရင်တော်မူသည်။ မိုးကုပ်စက်ဝိုင်း တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်း—မြေကြီးတစ်ပြင်လုံးရှိ ထိုကဲ့သို့သောသူများသည် လွတ်မြောက်မည် ဖြစ်ကြောင်း ဟေရှာယ ကြိုဟောထားသည်။ ထို့ပြင် သူတို့ ခံစားရသော ယေဟောဝါ၏ ကာကွယ်ပေးမှုက ကိုယ်တော့်အပေါ် သူတို့၏ ရိုသေလေးမြတ်မှုကို ပိုတိုးပွားစေမည်။ (မာလခိ ၁:၁၁) ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “နေဝင်ရာ အရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်ကို ကြောက်ရွံ့ရိုသေ၍ နေထွက်ရာ အရပ်သားတို့သည်လည်း ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် ထွက်သက်တော်လေ မှုတ်တိုက်၍ [ဝိညာဉ်တော်သည်] တစ်ဟုန်တည်း စီးသော မြစ်ရေကဲ့သို့ ကြွလာတော်မူမည်။” (ဟေရှာယ ၅၉:၁၉၊ သမ္မာ) အားပြင်းသော လေပြင်းမုန်တိုင်း တစ်ခုသည် ယင်းရှေ့တွင်ရှိ ဖျက်ဆီးတတ်သော ရေကာတာတစ်ခုကို ကျိုးပဲ့စေကာ လေလမ်းကြောင်းပေါ်ရှိ အရာအားလုံးကို သုတ်သင်ပစ်လိုက်သကဲ့သို့ ယေဟောဝါ၏ ဝိညာဉ်တော်သည် ကိုယ်တော့် အလိုတော် မပြည့်စုံစေရန် တားဆီးသည့်အရာ မှန်သမျှကို ပယ်ရှင်းတော်မူမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် လူသား ပိုင်ဆိုင်သည့် မည်သည့်စွမ်းအားထက်မဆို ပိုတန်ခိုးကြီးတော်မူ၏။ လူများနှင့် တိုင်းနိုင်ငံများကို တရားစီရင်ရန် ယင်းတန်ခိုးကို ကိုယ်တော် အသုံးပြုရာတွင် ကိုယ်တော်သည် သေချာပေါက်၊ လုံးလုံး အောင်မြင်မည်။

နောင်တရသူများအတွက် မျှော်လင့်ချက်နှင့် ကောင်းချီးများ

၁၇။ ဇိအုန်ကို ရွေးနုတ်သောအရှင်ကား မည်သူနည်း၊ အဘယ်အချိန်တွင် ဇိအုန်ကို ရွေးနုတ်သနည်း။

၁၇ မောရှေပညတ်အောက်တွင် မိမိကိုယ်ကို ကျွန်အဖြစ် ရောင်းသော ဣသရေလ လူတစ်ဦးသည် ရွေးနုတ်သူတစ်ဦးအားဖြင့် ကျွန်အဖြစ်မှ လွတ်မြောက်နိုင်သည်။ ပြီးခဲ့သော ဟေရှာယ ပရောဖက်ပြုချက်ကျမ်းတွင် ယေဟောဝါအား နောင်တရသူများကို ရွေးနုတ်သောအရှင်အဖြစ် ပုံဖော်ခဲ့သည်။ (ဟေရှာယ ၄၈:၁၇) ယခုတစ်ဖန် နောင်တရသူများကို ရွေးနုတ်သောအရှင်အဖြစ် ဖော်ပြသည်။ ယေဟောဝါ၏ ကတိတော်ကို ဟေရှာယ ဤသို့ မှတ်တမ်းတင်၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘ရွေးနုတ်သော သခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍ မတရားသောအမှုမှ လွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတ္တံ့။’” (ဟေရှာယ ၅၉:၂၀) ဤအားတက်ဖွယ် ကတိတော်သည် ဘီ.စီ.အီး. ၅၃၇ တွင် ပြည့်စုံသည်။ ထို့ပြင် နောက်ထပ် ပြည့်စုံရန် ရှိသေးသည်။ တမန်တော် ပေါလုက စက်ပ်တွားဂျင့် ဘာသာပြန်ကျမ်းမှ ယင်းစကားများကို ကိုးကားခဲ့ပြီး ခရစ်ယာန်များနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ သူ ဤသို့ ရေး၏– “ထိုသို့ ကျမ်းစာနှင့်အညီ ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက် ဟူမူကား ‘ကယ်လွှတ်သော သခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတ္တံ့။ သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏’ ဟု လာသတည်း။” (ရောမ ၁၁:၂၆၊ ၂၇) အမှန်ပင်၊ ဟေရှာယ ပရောဖက်ပြုချက်သည် သာ၍ ကျယ်ပြန့်စွာ သက်ဆိုင်သည်—ယနေ့ ကျွန်ုပ်တို့ခေတ်အပြင် အနာဂတ်အထိ သက်ဆိုင်သည်။ မည်သို့အားဖြင့်နည်း။

၁၈။ ယေဟောဝါသည် “ဘုရားသခင်၏ ဣသရေလလူမျိုးကို အဘယ်အချိန်တွင်နှင့် မည်သို့အားဖြင့် တည်ရှိစေခဲ့သနည်း။

၁၈ ပထမရာစုတွင် ဣသရေလလူမျိုးထဲမှ ကြွင်းသောသူ အနည်းငယ်သည် ယေရှုကို မေရှိယအဖြစ် လက်ခံခဲ့သည်။ (ရောမ ၉:၂၇; ၁၁:၅) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေဟောဝါသည် ယုံကြည်သူ ၁၂၀ အပေါ် သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခဲ့ပြီး ယေရှုခရစ် ဖျန်ဖြေစေ့စပ်ခဲ့သည့် ပဋိညာဉ်သစ်သို့ ခေါ်သွင်းခဲ့သည်။ (ယေရမိ ၃၁:၃၁-၃၃; ဟေဗြဲ ၉:၁၅) ထိုနေ့တွင် “ဘုရားသခင်၏ ဣသရေလအမျိုး” တည်ရှိလာခဲ့သည်၊ သူတို့သည် အာဗြဟံသွေးသားမျိုးနွယ်မှ ဆင်းသက်လာသူများ မဟုတ်ဘဲ ဘုရားသခင့် ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းခံရကြောင်း ထင်ရှားသော လူမျိုးသစ် ဖြစ်သည်။ (ဂလာတိ ၆:၁၆) ကော်နေလိမှ အစပြု၍ လူမျိုးသစ်တွင် အရေဖျား မလှီးသော တစ်ပါးအမျိုးသားများ ပါဝင်ခဲ့သည်။ (တမန်တော် ၁၀:၂၄-၄၈; ဗျာဒိတ် ၅:၉၊ ၁၀) ထို့ကြောင့် သူတို့သည် ယေဟောဝါ ဘုရားသခင်၏ မွေးစားသားများ ဖြစ်ပြီး ကိုယ်တော်၏ ဝိညာဏသားများ၊ ယေရှုနှင့်အတူ တွဲဖက်အမွေခံများ ဖြစ်လာခဲ့ကြသည်။—ရောမ ၈:၁၆၊ ၁၇။

၁၉။ ဘုရားသခင်၏ ဣသရေလအမျိုးနှင့် ယေဟောဝါ အဘယ် ပဋိညာဉ်ပြုတော်မူသနည်း။

၁၉ ယခု ယေဟောဝါသည် ဘုရားသခင်၏ ဣသရေလအမျိုးနှင့် ပဋိညာဉ်တစ်ခု ဖွဲ့သည်။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟူမူကား သင်၏ အပေါ်မှာ ကျိန်းဝပ်သော ငါ၏ ဝိညာဉ်နှင့် သင်၏ နှုတ်၌ ငါသွင်းထားသော စကားသည် ယခုမှစ၍ ကာလအစဉ်အဆက် သင်၏ နှုတ်၊ သင့်သားမြေးတို့၏ နှုတ်ထဲက မပျောက်မသွားရ။” (ဟေရှာယ ၅၉:၂၁၊ သမ္မာ) ဤစကားများသည် ဟေရှာယ ကိုယ်တော်တိုင်အပေါ် သက်ဆိုင်ခဲ့သည်ဖြစ်စေ၊ မသက်ဆိုင်ခဲ့သည်ဖြစ်စေ “သူ၏ သားမြေးကို သူ မြင်ရလိမ့်မည်” ဟု အာမခံချက် ရရှိခဲ့သော ယေရှုအပေါ်တွင် ယင်းစကားများ အမှန် ပြည့်စုံခဲ့သည်။ (ဟေရှာယ ၅၃:၁၀၊ ကဘ) ယေရှုက မိမိသည် ယေဟောဝါထံမှ သင်ယူတော်မူခဲ့သည်ဟု မိန့်တော်မူခဲ့ပြီး ယေဟောဝါ၏ ဝိညာဉ်တော်သည် ကိုယ်တော်အပေါ် ရှိတော်မူ၏။ (ယောဟန် ၁:၁၈; ၇:၁၆) သင့်လျော်စွာပင် ကိုယ်တော်၏ ညီတော်များနှင့် တွဲဖက်အမွေခံများ ဖြစ်သော ဘုရားသခင်၏ ဣသရေလအမျိုး အဖွဲ့ဝင်များသည်လည်း ယေဟောဝါ၏ သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံရရှိကြပြီး သူတို့၏ ကောင်းကင်ခမည်းတော်ထံမှ သင်ယူရရှိသည့် သတင်းတစ်ရပ်ကို ဟောပြောကြသည်။ သူတို့အားလုံးသည် “ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်” ကြသည်။ (ဟေရှာယ ၅၄:၁၃; လုကာ ၁၂:၁၂; တမန်တော် ၂:၃၈) ဟေရှာယမှတစ်ဆင့် သို့မဟုတ် ပရောဖက်ပြုချက်ဆိုင်ရာ ဟေရှာယ ပုံဆောင်ခဲ့သူ ယေရှုမှတစ်ဆင့် ယခု ယေဟောဝါသည် ကိုယ်တော်၏ သက်သေများအဖြစ် သူတို့နေရာတွင် အစားထိုးခြင်း မပြုတော့ဘဲ သူတို့ကို ထာဝစဉ် အသုံးပြုရန် ပဋိညာဉ်ပြုတော်မူ၏။ (ဟေရှာယ ၄၃:၁၀) သို့သော် ဤပဋိညာဉ်မှ အကျိုးခံစားရသူများ ဖြစ်သည့် သူတို့၏ “သားမြေး” ကား မည်သူတို့နည်း။

၂၀။ အာဗြဟံအား ပေးခဲ့သော ယေဟောဝါ၏ ကတိတော်သည် ပထမရာစုတွင် မည်သို့ ပြည့်စုံခဲ့သနည်း။

၂၀ ရှေးအချိန်က ယေဟောဝါသည် အာဗြဟံကို ဤသို့ ကတိပြုတော်မူခဲ့၏– “သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရ [“မိမိတို့ကိုယ်ကို ကောင်းချီးပေး၊” ကဘ] ကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) ယင်းနှင့်အညီ မေရှိယကို လက်ခံခဲ့ကြသော ဇာတိဣသရေလလူမျိုး ဖြစ်သော အကြွင်းအကျန် အနည်းငယ်သည် လူမျိုးများစွာထံသို့ သွားရောက်ခဲ့ကာ ခရစ်တော်နှင့်ပတ်သက်သော သတင်းကောင်းကို ဟောပြောခဲ့ကြသည်။ ကော်နေလိမှ အစပြုကာ အရေဖျား မလှီးသော တစ်ပါးအမျိုးသား များစွာသည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သော ယေရှုအားဖြင့် “မိမိတို့ကိုယ်ကို ကောင်းချီးပေး” ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏ ဣသရေလအမျိုးအဝင် ဖြစ်လာကြပြီး အာဗြဟံ အမျိုးအနွယ်၏ ဒုတိယအပိုင်း ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ “သန့်ရှင်းသော လူမျိုး” အဝင် ဖြစ်ကြသည်၊ သူတို့သည် “မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြ” ရန် တာဝန်ရှိသူများ ဖြစ်သည်။—၁ ပေတရု ၂:၉; ဂလာတိ ၃:၇-၉၊ ၁၄၊ ၂၆-၂၉။

၂၁။ (က) မျက်မှောက်ခေတ်အချိန်တွင် ဘုရားသခင်၏ ဣသရေလအမျိုးသည် အဘယ် “သားမြေး” ကို ပေါ်ထွန်းစေခဲ့ပြီနည်း။ (ခ) ယေဟောဝါသည် ဘုရားသခင်၏ ဣသရေလအမျိုးနှင့် ဖွဲ့ခဲ့သော ပဋိညာဉ်အားဖြင့် “သားမြေး” သည် မည်သို့ နှစ်သိမ့်မှု ရရှိသနည်း။

၂၁ ယနေ့အချိန်တွင် ဘုရားသခင်၏ ဣသရေလအမျိုး အရေအတွက် အပြည့်အစုံကို စုသိမ်းခဲ့ပြီးပုံရသည်။ သို့သော် လူမျိုးများသည် ကြီးမားကျယ်ပြန့်သည့် အတိုင်းအတာဖြင့် ကောင်းချီး ဆက်ခံစားနေရသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်၏ ဣသရေလအမျိုးသည် “သားမြေး” ထဲတွင် မြေကြီးပရဒိသုတွင် ထာဝရအသက် မျှော်လင့်ချက် ရှိသော ယေရှု၏ တပည့်တော်များ ရှိသည်။ (ဆာလံ ၃၇:၁၁၊ ၂၉) ဤ “သားမြေး” များသည်လည်း ယေဟောဝါ၏ သွန်သင်ခြင်းကို ခံရပြီး ကိုယ်တော်၏ နည်းလမ်းတော်များကို သင်ကြားခံရကြသည်။ (ဟေရှာယ ၂:၂-၄) သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် နှစ်ခြင်းမခံရ သို့မဟုတ် ပဋိညာဉ်သစ်တွင် ပါဝင်သူများအဖြစ် သတ်မှတ်မခံရသော်လည်း သူတို့သည် ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် စာတန် ဖြစ်ပေါ်စေသော အတားအဆီးအားလုံးကို အောင်မြင်စေရန် ယေဟောဝါ၏ သန့်ရှင်းသော ဝိညာဉ်တော်မှ ခွန်အား ရရှိကြသည်။ (ဟေရှာယ ၄၀:၂၈-၃၁) သူတို့၏ အရေအတွက်သည် ယခု သန်းချီ ရှိနေပြီး သူတို့ကိုယ်နှိုက်၏ သားမြေးများကို မွေးဖွားနေကြသည်နှင့်အမျှ ဆက်တိုးများနေကြသည်။ ဘိသိက်ခံများနှင့် ဖွဲ့ခဲ့သော ယေဟောဝါ၏ ပဋိညာဉ်က ယေဟောဝါသည် သူတို့ကို ကိုယ်တော်၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် အချိန် အကန့်အသတ်မဲ့တိုင်အောင် ဆက်အသုံးပြုမည် ဖြစ်ကြောင်း ဤ “သားမြေး” များအား ယုံကြည်စိတ်ချစေသည်။—ဗျာဒိတ် ၂၁:၃၊ ၄၊ ၇။

၂၂။ ကျွန်ုပ်တို့သည် ယေဟောဝါအပေါ် အဘယ် ယုံကြည်စိတ်ချမှုမျိုး ရှိနိုင်သနည်း၊ ယင်းသည် ကျွန်ုပ်တို့ကို မည်သို့ သက်ရောက်မှု ရှိသင့်သနည်း။

၂၂ သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ထိန်းသိမ်းနိုင်ကြပါစေ။ ကိုယ်တော်သည် ကယ်တင်ရန် ဆန္ဒရှိတော်မူသည့်အပြင် တတ်လည်း တတ်နိုင်တော်မူ၏! ကိုယ်တော်၏ လက်တော်သည် ဘယ်တော့မျှ မတိုပါ; ကိုယ်တော်သည် သစ္စာရှိသူများကို အစဉ် ကယ်လွှတ်တော်မူမည်။ ကိုယ်တော်ကို ယုံကြည်ကိုးစားသူအားလုံးသည် ‘ယခုမှစ၍ ကာလအစဉ်အဆက် မထွက်မပျောက်ရ’ ဟူသော ကိုယ်တော်၏ စကားမွန်များကို ဆက်၍ စိတ်စွဲမှတ်ထားကြမည်။

[စာမျက်နှာ ၁၃၅ ပါ လေးထောင့်ကွက်]

အယူဖောက်ပြန်သော ယေရုရှလင်မြို့—ခရစ်ယာန်ဘောင်၏ ဆင်တူချက်တစ်ရပ်

ဘုရားသခင် ရွေးချယ်ထားသော လူမျိုး၏ မြို့တော် ဖြစ်သော ယေရုရှလင်မြို့ကို နာမ်ဝိညာဉ် သတ္တဝါများ ပါဝင်သော ဘုရားသခင်၏ ကောင်းကင်အဖွဲ့အစည်းနှင့်လည်းကောင်း၊ ခရစ်တော်၏ သတို့သမီးအဖြစ် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ကြသော ဘိသိက်ခံ ခရစ်ယာန်အဖွဲ့နှင့်လည်းကောင်း ရုပ်လုံးဖော်ပြသည်။ (ဂလာတိ ၄:၂၅၊ ၂၆; ဗျာဒိတ် ၂၁:၂) သို့သော် ယေရုရှလင် မြို့သူမြို့သားများသည် အများအားဖြင့် ယေဟောဝါအား သစ္စာမဲ့လေ့ ရှိခဲ့ကြသောကြောင့် မြို့တော်သည် ပြည့်တန်ဆာတစ်ဦး၊ ဖောက်ပြန်သော မိန်းမတစ်ဦးအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။ (ယေဇကျေလ ၁၆:၃၊ ၁၅၊ ၃၀-၄၂) ဤအခြေအနေမျိုးတွင် ယေရုရှလင်မြို့သည် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်အတွက် သင့်တော်သောပုံစံ ဖြစ်သည်။

ယေရှုက ယေရုရှလင်ကို ‘ပရောဖက်တို့ကို သတ်သူ၊ သင် ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်သူ’ အဖြစ် ခေါ်ဆိုခဲ့သည်။ (လုကာ ၁၃:၃၄; မဿဲ ၁၆:၂၁) သစ္စာမဲ့ ယေရုရှလင်နည်းတူ ခရစ်ယာန်ဘောင်သည် စစ်မှန်သော ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုကြသော်လည်း ကိုယ်တော်၏ ဖြောင့်မတ်သော နည်းလမ်းများမှ လွန်စွာ သွေဖည်ကြသည်။ ယေဟောဝါသည် အယူဖောက်ပြန်သော ယေရုရှလင်မြို့ကို တရားစီရင်ခဲ့သကဲ့သို့ ထပ်တူ ဖြောင့်မတ်သော စံနှုန်းများဖြင့် ခရစ်ယာန်ဘောင်ကိုလည်း တရားစီရင်တော်မူမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ