“စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် မြင့်မြတ်သောလုပ်ငန်းတော်”
“သင်တို့၏ကိုယ်အင်္ဂါများကို အသက်ရှင်သော၊ သန့်ရှင်းမြင့်မြတ်သော၊ ဘုရားသခင်လက်ခံဖွယ်သော ပူဇော်သကာများအဖြစ်ဆက်သကြလော့။ ယင်းသည် စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့်ယှဉ်သော မြင့်မြတ်သောလုပ်ငန်းတော်ဖြစ်၏။”—ရောမ ၁၂:၁၊ ကဘ။
၁၊ ၂။ သမ္မာကျမ်းစာ၏စည်းမျဉ်းမူများကို လိုက်လျှောက်ရန် သင်ယူခြင်းသည် ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်ရန်ကြိုးစားခြင်းနှင့် မည်သို့တူသနည်း။
ဘာသာစကားအသစ်တစ်မျိုးကို သင်ယူရန် သင်ကြိုးစားဖူးသလော။ ကြိုးစားဖူးလျှင် ယင်းသည် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ကြောင်း သင်သဘောတူမည်မှာမလွဲပေ။ ခြုံပြောရလျှင် ဝေါဟာရသစ်များကို ဆည်းပူးခြင်းထက်မက များစွာပါဝင်သည်။ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုခြင်းတွင် ယင်း၏သဒ္ဒါကို နိုင်နင်းတတ်ကျွမ်းခြင်းလည်း ပါဝင်သည်။ ဝေါဟာရများသည် တစ်ခုနှင့်တစ်ခု မည်သို့ဆက်စပ်လျက်ရှိကြောင်းနှင့် စုံလင်သည့်အဓိပ္ပာယ်များပေါ်လာရန် မည်သို့ပေါင်းစပ်ကြကြောင်းကို သင်သိမြင်ရမည်။
၂ ဘုရားသခင်၏နှုတ်ကပါဌ်တော်အသိပညာကို ရယူခြင်းတွင်လည်း အလားတူဖြစ်သည်။ အထင်ကရကျမ်းချက်များကို လေ့လာရုံသက်သက်မက ပါဝင်သည်။ ပုံဆောင်သဘောအရပြောရလျှင် သမ္မာကျမ်းစာ၏သဒ္ဒါကိုလည်း ကျွန်ုပ်တို့လေ့လာရမည်။ ကျမ်းချက်များသည် တစ်ခုနှင့်တစ်ခု မည်သို့ဆက်သွယ်မှုရှိသည်၊ နေ့စဉ်အသက်တာတွင် ကျင့်သုံးနိုင်သည့်မူများ မည်သို့ဖြစ်သည်တို့ကို ကျွန်ုပ်တို့နားလည်ရန်လိုသည်။ သို့အားဖြင့် ကျွန်ုပ်တို့သည် “အရည်အချင်းပြည့်ပြည့်ဝဝရှိသော၊ ကောင်းသည့်အကျင့်မှန်သမျှကို လုပ်ဆောင်ရန် ပြည့်ပြည့်စုံစုံတန်ဆာဆင်ထားသောသူ” များဖြစ်လာကြမည်။—၂ တိမောသေ ၃:၁၇၊ ကဘ။
၃။ ဘုရားသခင်ကိုအမှုဆောင်ခြင်းနှင့်ပတ်သက်၍ စီ.အီး. ၃၃ ခုနှစ်တွင် မည်သည့်အပြောင်းအလဲဖြစ်ပျက်သနည်း။
၃ မောရှေပညတ်ဥပဒေအောက်တွင် တိကျစွာဖော်ပြထားသော ဥပဒေများကို တင်းကျပ်စွာလိုက်နာခြင်းအားဖြင့် သစ္စာရှိခြင်းကို ကြီးမားသည့်အတိုင်းအတာဖြင့် တင်ပြနိုင်သည်။ သို့သော် စီ.အီး. ၃၃ ခုနှစ်တွင် ပညတ်တရားကို မိမိ၏သားတော်အသေသတ်ခြင်းခံရသော “လက်ဝါးကပ်တိုင်မှာရိုက်ထား” ခြင်းအားဖြင့် ယေဟောဝါချေဖျက်ခဲ့သည်။ (ကောလောသဲ ၂:၁၃၊ ၁၄) ထိုနောက်ပိုင်းတွင် ဘုရားသခင်၏လူများသည် ယဇ်ပူဇော်ရန် ရှည်လျားသည့်ယဇ်သကာစာရင်းနှင့် လိုက်လျှောက်ရန်ဥပဒေများကို ပေးခြင်းမခံရတော့ပါ။ သို့အစား သူတို့ကိုဤသို့ပြောသည်– “သင်တို့၏ကိုယ်အင်္ဂါများကို အသက်ရှင်သော၊ သန့်ရှင်းမြင့်မြတ်သော၊ ဘုရားသခင်လက်ခံဖွယ်သော ပူဇော်သကာများအဖြစ်ဆက်သကြလော့။ ယင်းသည် စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့်ယှဉ်သော မြင့်မြတ်သောလုပ်ငန်းတော်ဖြစ်၏။” (ရောမ ၁၂:၁၊ ကဘ) မှန်ပါသည်၊ ခရစ်ယာန်များသည် နှလုံး၊ စိုးလ်၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ဘုရားသခင့်အမှုတော်၌ ကိုယ့်ကိုယ်ကိုပေးဆက်ရန်ဖြစ်သည်။ (မာကု ၁၂:၃၀၊ ကဘ; ဆာလံ ၁၁၀:၃ နှိုင်းယှဉ်။) သို့သော် “စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် မြင့်မြတ်သောလုပ်ငန်းတော်” ကို ပေးဆက်ခြင်းမည်သည် အဘယ်နည်း။
၄၊ ၅။ ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ယေဟောဝါကိုအမှုဆောင်ခြင်းတွင် မည်သည့်အရာပါဝင်သနည်း။
၄ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ဟူသောစကားစုကို “ဆင်ခြင်တိုင်းထွာတတ်သော” သို့မဟုတ် “အသိဉာဏ်ရှိသော” ဟုအဓိပ္ပာယ်ရှိသည့် ဂရိဝေါဟာရ လော်ဂျီကော့စ် မှပြန်ဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုတော်ထမ်းများသည် သမ္မာကျမ်းစာဖြင့်လေ့ကျင့်ထားသော မိမိတို့၏သြတ္တပ္ပစိတ်ကို အသုံးပြုရန်တောင်းဆိုထားသည်။ ခရစ်ယာန်များသည် မိမိတို့၏ဆုံးဖြတ်ချက်များကို ကြိုတင်ပြဋ္ဌာန်းထားသည့် မြောက်မြားစွာသောစည်းမျဉ်းများအပေါ် အခြေပြုမည့်အစား သမ္မာကျမ်းစာစည်းမျဉ်းများကို ဂရုတစိုက်အကဲဖြတ်သင့်သည်။ သမ္မာကျမ်းစာ၏ “သဒ္ဒါ” သို့မဟုတ် ယင်း၏စည်းမျဉ်းအသွယ်သွယ်တို့သည် တစ်ခုနှင့်တစ်ခု မည်သို့ဆက်စပ်နေသည်တို့ကို နားလည်ရန်လိုအပ်သည်။ သို့အားဖြင့် သူတို့သည် မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းအားဖြင့် မျှတမှုရှိသောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ကြမည်။
၅ ခရစ်ယာန်များအတွက် ပညတ်မရှိဟု ယင်းကဆိုလိုပါသလော။ မဆိုလိုပါ။ အရုပ်ဝတ်ပြုခြင်း၊ လိင်စာရိတ္တပျက်ပြားခြင်း၊ လူသတ်ခြင်း၊ လိမ်လည်ခြင်း၊ နတ်ဝိဇ္ဇာအတတ်၊ အသွေးကိုအလွဲသုံးခြင်းနှင့် အခြားသောအပြစ်များစွာတို့ကို ခရစ်ယာန်ဂရိကျမ်းစာက ရှင်းလင်းစွာတားမြစ်ထားသည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၈) သို့သော် ကျွန်ုပ်တို့သည် ကျမ်းစာစည်းမျဉ်းများကို လေ့လာသိရှိပြီးကျင့်သုံးနိုင်ရန် ဣသရေလလူမျိုးထက် အဆများစွာသာ၍ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုရပေမည်။ အသစ်သောဘာသာစကားတစ်ခုကို နားလည်သဘောပေါက်ရန်ကဲ့သို့ပင် ယင်းသို့ ပြုရန် အချိန်နှင့်ကြိုးစားအားထုတ်မှုလိုအပ်သည်။ ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မည်သို့ ပြုစုပျိုးထောင်နိုင်သနည်း။
သင့်စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပြုစုပျိုးထောင်လေ
၆။ သမ္မာကျမ်းစာကိုလေ့လာခြင်းတွင် မည်သည့်အရာပါဝင်သနည်း။
၆ ဦးဆုံးအနေနှင့် ကျွန်ုပ်တို့သည် စိတ်အားထက်သန်သော ကျမ်းစာကျောင်းသားများဖြစ်ကြရမည်။ ဘုရားသခင်မှုတ်သွင်းသောနှုတ်ကပါဌ်တော်သည် “သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများ၌ အကျိုးရှိ၏။” (၂ တိမောသေ ၃:၁၆၊ ကဘ) ပြဿနာတစ်ခု၏အဖြေကို သမ္မာကျမ်းစာ၏ ကျမ်းချက်တစ်ချက်တည်းဖြင့်ရရန် အမြဲမမျှော်လင့်သင့်ပေ။ သို့အစား သီးခြားအခြေအနေ သို့မဟုတ် ပြဿနာအပေါ် အလင်းပေးသည့် ကျမ်းချက်များစွာတို့ကို စဉ်းစားဆင်ခြင်ရန်လိုပေမည်။ ယင်းကိစ္စအပေါ် ဘုရားသခင်၏စဉ်းစားပုံကို ဝီရိယစိုက်ထုတ်စူးစမ်းရှာဖွေရန် လိုပေမည်။ (သု. ၂:၃-၅) နားလည်နိုင်စွမ်းလည်း လိုသည်။ အကြောင်းမှာ “နားလည်နိုင်စွမ်းရှိသူသည် ကျွမ်းကျင်သောလမ်းညွှန်မှုကို ရရှိသူဖြစ်သည်။” (သု. ၁:၅၊ ကဘ) နားလည်နိုင်စွမ်းရှိသူသည် ကိစ္စတစ်ခု၏အချက်အလက်တစ်ခုစီကို ခွဲထုတ်ပြီး ယင်းတို့တစ်ခုနှင့်တစ်ခု မည်သို့ဆက်စပ်ပတ်သက်သည်ကို ပိုင်းခြားသိမြင်နိုင်သည်။ အရုပ်ဆက်ကစားနည်းတွင်ကဲ့သို့ သူသည် ရုပ်ပုံတစ်ခုလုံးကိုမြင်နိုင်ရန် အရုပ်အပိုင်းအစများကို စုစည်း၍ဆက်စပ်သည်။
၇။ ဆုံးမခြင်းနှင့်ပတ်သက်၍ မိဘများသည် ကျမ်းစာမူများကို မည်သို့ကျိုးကြောင်းဆင်ခြင်နိုင်သနည်း။
၇ ဥပမာ၊ မိဘဖြစ်ခြင်းကိစ္စကို စဉ်းစားကြည့်ပါ။ မိမိ၏သားကိုချစ်သောဖခင်သည် သူ့ကို “ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟု နယပုံပြင် ၁၃:၂၄ ကဆိုသည်။ ယင်းတစ်ချက်တည်းကိုသာယူမည်ဆိုလျှင် ဤကျမ်းချက်သည် ကြမ်းတမ်းသော၊ အကြင်နာကင်းမဲ့သော ဒဏ်ပေးခြင်းနှင့်သက်ဆိုင်သည်ဟု လွဲမှားစွာဆုံးဖြတ်မိနိုင်သည်။ သို့သော် ကောလောသဲ ၃:၂၁ က မျှတမှုရှိသောဆုံးမခြင်းကို ဤသို့ဖော်ပြထားသည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုကာ ဤစည်းမျဉ်းမူများနှင့်ကိုက်ညီအောင်နေသော မိဘများသည် “မတော်မတရားပြုခြင်း” ဟုပြောနိုင်သော ဆုံးမခြင်းမျိုးကို လက်ကိုင်ပြုမည်မဟုတ်ပေ။ သူတို့သည် သားသမီးများကို နွေးထွေးမှု၊ နားလည်မှုနှင့် သိက္ခာရှိရှိဆက်ဆံမည်။ (ဧဖက် ၆:၄) ထို့ကြောင့် မိဘဖြစ်ခြင်းကိစ္စ၌ဖြစ်စေ၊ ကျမ်းစာစည်းမျဉ်းမူ ပါဝင်ပတ်သက်သော အခြားကိစ္စတစ်ခုခု၌ဖြစ်စေ ကျွန်ုပ်တို့သည် ဆက်စပ်နေသောအကြောင်းအချက်အားလုံးကို ချိန်ဆကြည့်ခြင်းအားဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်သည် အဘယ်အရာဖြစ်ကြောင်းနှင့် ယင်းကို မည်သို့ပြည့်စုံစေမည်အကြောင်းတည်းဟူသော ကျမ်းစာစည်းမျဉ်းများ၏ “သဒ္ဒါ” ကိုကျွန်ုပ်တို့နားလည်နိုင်မည်။
၈။ အပန်းဖြေခြင်းနှင့်ပတ်သက်လာလျှင် စည်းကမ်းတင်းကျပ်လွန်းသော၊ တစ်ယူသန်ဆန်လွန်းသော အမြင်များခံယူခြင်းကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။
၈ ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပြုစုပျိုးထောင်နိုင်သည့် ဒုတိယနည်းမှာ စည်းကမ်းတင်းကျပ်လွန်းသော၊ တစ်ယူသန်ဆန်လွန်းသော အမြင်များကို ရှောင်ခြင်းဖြစ်သည်။ အပြောင်းအလဲမရှိသည့်အမြင်မျိုးသည် ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းမတိုးပွားအောင် ဟန့်တားသည်။ အပန်းဖြေခြင်းကိစ္စကို စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာက “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏” ဟုဆိုထားသည်။ (၁ ယောဟန် ၅:၁၉) လောကကထုတ်လုပ်သည့် စာအုပ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်ရှိသမျှသည် ဖောက်ပြန်ယိုယွင်းသည်၊ စာတန်နှင့်ဆိုင်သည်ဟု ယင်းကဆိုလိုပါသလော။ ယင်းအမြင်မျိုးသည် အကျိုးသင့်အကြောင်းသင့်မဖြစ်ပါ။ လူအချို့တို့သည် ရုပ်မြင်သံကြား၊ ရုပ်ရှင် သို့မဟုတ် လောကစာပေများကို လုံးလုံးရှောင်ရှားလိုကြမည်တော့ မှန်ပါသည်။ ယင်းသည် သူတို့၏လုပ်ပိုင်ခွင့်ဖြစ်ပြီး ယင်းကြောင့် သူတို့ကို အပြစ်တင်ဝေဖန်ခြင်းမပြုသင့်ပေ။ သို့သော် အခြားသူများကို ထိုအတိုင်းစည်းကမ်းတင်းကျပ်စွာနေရန် ဖိအားပေးဖို့မကြိုးစားသင့်ပေ။ အနားယူခြင်း သို့မဟုတ် အပန်းဖြေခြင်းကိစ္စများနှင့်ပတ်သက်၍ ပညာရှိရှိရွေးချယ်စိစစ်မှုပြုနိုင်ရန် အဖွဲ့အစည်းသည် ကျမ်းစာမူများကို တင်ပြပေးထားသည့် ဆောင်းပါးများစွာ ထုတ်ဝေထားပြီးဖြစ်သည်။ ဤလမ်းညွှန်ချက်များထက်ကျော်ကာ လောကအပန်းဖြေမှု၏ အများစုဖြစ်သော စာရိတ္တယိုယွင်းသည့်အတွေးအခေါ်၊ ပြင်းထန်သည့်အကြမ်းဖက်မှု သို့မဟုတ် နတ်ဝိဇ္ဇာအတတ်ပညာများတွင် မိမိတို့ကိုယ်ကို အကာအကွယ်မဲ့လှစ်ဟထားခြင်းသည် အလွန်ပင်ပညာမဲ့ခြင်းဖြစ်သည်။ အမှန်ပင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်လူတို့ရှေ့တွင် ကြည်လင်သောသြတ္တပ္ပစိတ်ရှိရန်အလို့ငှာ အပန်းဖြေခြင်းကို ပညာရှိစွာရွေးချယ်ရာတွင် ကျမ်းစာစည်းမျဉ်းများကိုကျင့်သုံးရန် စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုဖို့ လိုအပ်သည်။—၁ ကောရိန္သု ၁၀:၃၁-၃၃။
၉။ “ကောင်းစွာပိုင်းခြားတတ်သည့်ဉာဏ်” ဟူသည် အဘယ်နည်း။
၉ ယခုခေတ်အပန်းဖြေမှုအများစုသည် ခရစ်ယာန်များအတွက် မသင့်လျော်သည်မှာ ရှင်းနေပါသည်။a ထို့ကြောင့် ကျွန်ုပ်တို့သည် “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီး” သော ပထမရာစုမှလူအချို့နှင့် မတူရလေအောင် “မကောင်းသောအမှုကိုရွံရှာ” ရန် ကျွန်ုပ်တို့၏နှလုံးကိုလေ့ကျင့်ပေးရမည်။ (ဆာလံ ၉၇:၁၀; ဧဖက် ၄:၁၇-၁၉၊ ကဘ) ကျွန်ုပ်တို့သည် ယင်းသို့သောကိစ္စများကို ကျိုးကြောင်းဆင်ခြင်ရန် “တိကျမှန်ကန်သောအသိပညာနှင့် ကောင်းစွာပိုင်းခြားတတ်သည့်ဉာဏ်” လိုအပ်သည်။ (ဖိလိပ္ပိ ၁:၉၊ ကဘ) “ပိုင်းခြားတတ်သည့်ဉာဏ်” ဟုဘာသာပြန်ဆိုသော ဂရိဝေါဟာရသည် “အကျင့်သိက္ခာဆိုင်ရာ ထက်မြက်သောသိမြင်နိုင်စွမ်း” ဟု အဓိပ္ပာယ်ရသည်။ ထိုဝေါဟာရသည် အမြင်ကဲ့သို့သော လူ့အာရုံကို ရည်ညွှန်းသည်။ အပန်းဖြေခြင်း သို့မဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန်လိုအပ်သော အခြားကိစ္စတစ်ခုခုတွင် ကျွန်ုပ်တို့သည် ရှင်းလင်းပြတ်သားစွာ အဖြူအမဲသဲကွဲသည့်ကိစ္စများကိုသာမက မကြည်လင်မပီပြင်သောကိစ္စများကိုပါ သိမြင်နိုင်ရန် ကျွန်ုပ်တို့၏ အကျင့်သိက္ခာဆိုင်ရာအာရုံကို စုစည်းထားသင့်သည်။ တစ်ချိန်တည်းတွင် ကျမ်းစာစည်းမျဉ်းများကို ဆင်ခြင်တုံကင်းမဲ့သည့်အစွန်းရောက်လုပ်ရပ်အတွက် အသုံးပြုပြီး ကျွန်ုပ်တို့၏ညီအစ်ကိုအားလုံးတို့သည်လည်း ယင်းသို့ပြုရမည်ဟု အတင်းအကျပ်တောင်းဆိုခြင်းကို ရှောင်ရမည်။—ဖိလိပ္ပိ ၄:၅။
၁၀။ ဆာလံ ၁၅ တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါ၏အရည်အသွေးတော်များကို မည်သည့်နည်းဖြင့် ကျွန်ုပ်တို့နားလည်လာနိုင်သနည်း။
၁၀ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပျိုးထောင်ပေးနိုင်သည့် တတိယနည်းမှာ ယေဟောဝါ၏စဉ်းစားပုံကို သိရှိရန်ကြိုးစားပြီး ယင်းကို ကျွန်ုပ်တို့၏နှလုံးထဲတွင် အမြစ်စွဲနေစေရန်ဖြစ်သည်။ ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်တွင် မိမိ၏အရည်အသွေးများနှင့် စံညွှန်းများကိုဖော်ပြထားသည်။ ဥပမာ၊ ဆာလံအခန်းကြီး ၁၅ (ကဘ) တွင် ယေဟောဝါသည် မိမိ၏တဲတော်တွင်ဧည့်သည်ဖြစ်ရန် ခေါ်ဖိတ်သောသူအမျိုးအစားကို ကျွန်ုပ်တို့ဖတ်ရသည်။ ထိုသို့သောသူသည် ဖြောင့်မတ်ခြင်းကိုကျင့်ကြံသူ၊ နှလုံးထဲမှနေ၍ အမှန်တရားကိုပြောဆိုသူ၊ မိမိ၏ကတိကိုစောင့်သူ၊ ကိုယ်ကျိုးအတွက် အခြားသူများအပေါ် အခွင့်အရေးမယူသူဖြစ်သည်။ ဤဆာလံကိုဖတ်သောအခါ မိမိကိုယ်ကိုမေးပါ၊ ‘ဤအရည်အချင်းများသည် ကျွန်ုပ်တွင်ထင်ဟပ်သလော။ မိမိ၏တဲတော်တွင် ဧည့်သည်ဖြစ်ရန် ကျွန်ုပ်ကိုယေဟောဝါခေါ်ဖိတ်ပါမည်လော။’ ကျွန်ုပ်တို့သည် ယေဟောဝါ၏ နည်းလမ်းတော်များ၊ စဉ်းစားပုံတို့နှင့် အံဝင်လာသောအခါ ကျွန်ုပ်တို့၏သိမြင်နိုင်စွမ်းသည် အားကြီးလာသည်။—သု. ၃:၅၊ ၆; ဟေဗြဲ ၅:၁၄။
၁၁။ ဖာရိရှဲတို့သည် မည်သို့အားဖြင့် ‘တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကို လှပ်ထားကြ’ သနည်း။
၁၁ ဤသည်ပင် ဖာရိရှဲတို့ ဆိုးဆိုးဝါးဝါးချို့ယွင်းပျက်ကွက်သည့်ကဏ္ဍဖြစ်သည်။ ဖာရိရှဲတို့သည် ပညတ်တရား၏ ပညာရပ်ဆိုင်ရာဇာစ်မြစ်ကို ခရေစေ့တွင်းကျသိသော်လည်း ယင်း၏သဒ္ဒါကို ပိုင်းခြားသိရှိနိုင်စွမ်းမရှိခဲ့ကြချေ။ သူတို့သည် ပညတ်တရား၏ အသေးစိတ်အချက်အလက်များစွာတို့ကို ရွတ်ဆိုနိုင်ကြသော်လည်း ယင်း၏နောက်ကွယ်ရှိ ဥပဓိရုပ်တော်ကို သဘောပေါက်ရန်ပျက်ကွက်ကြသည်။ ယေရှုက သူတို့ကိုဤသို့မိန့်တော်မူသည်– “ပင်စိမ်း၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ်ထားကြ၏။” (လုကာ ၁၁:၄၂) ဖာရိရှဲတို့သည် သူတို့၏မာကျောသည့်စိတ်နှင့် ခိုင်မာသည့်နှလုံးတို့ကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုရန် ပျက်ကွက်ကြသည်။ ဥပုသ်နေ့တွင် ယေရှု၏တပည့်တော်များက ကောက်နှံများခူးစားသည်ကို သူတို့အပြစ်တင်ကြသည်; သို့သော် ထိုနေ့၏နောက်ပိုင်းတစ်ချိန်တွင် ယေရှုကိုသတ်ရန် လျှို့ဝှက်ကြံစည်သောအခါ သူတို့၏သြတ္တပ္ပစိတ်ထိခိုက်ခြင်းကို မခံစားကြရခြင်းအားဖြင့် သူတို့၏ ရှေ့နောက်မညီသောအကြောင်းပြချက် ထင်ရှားလာသည်။—မဿဲ ၁၂:၁၊ ၂၊ ၁၄။
၁၂။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယေဟောဝါနှင့် မည်သို့ပို၍သဘောညီညွတ်လာနိုင်သနည်း။
၁၂ ကျွန်ုပ်တို့သည် ဖာရိရှဲများနှင့် မတူလိုကြပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ပတ်သက်သော ကျွန်ုပ်တို့၏အသိပညာက ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယေဟောဝါနှင့်ပို၍ သဘောထားညီညွတ်ရန် ကျွန်ုပ်တို့အတွက်အကူအညီဖြစ်စေသင့်သည်။ ယင်းကို ကျွန်ုပ်တို့မည်သို့ပြုနိုင်မည်နည်း။ အချို့တို့သည် ကျမ်းစာ သို့မဟုတ် ကျမ်းစာအခြေပြုသည့်စာပေတစ်ခု၏ အပိုင်းတစ်ပိုင်းကို ဖတ်ပြီးနောက် ဤကဲ့သို့ဆင်ခြင်သုံးသပ်သောမေးခွန်းများအားဖြင့် အကူအညီဖြစ်ကြောင်း တွေ့ခဲ့ကြပြီ၊ ‘ဤအကြောင်းအရာသည် ယေဟောဝါနှင့် ကိုယ်တော့်အရည်အချင်းတော်များနှင့်ပတ်သက်၍ မည်သည့်အချက်ကို ကျွန်ုပ်အားသင်ပေးသနည်း။ ကျွန်ုပ်သည် အခြားသူများနှင့်ဆက်ဆံရာတွင် ယေဟောဝါ၏အရည်အချင်းတော်များကို မည်သို့တင်ပြနိုင်သနည်း။’ ယင်းသို့သောမေးခွန်းများကို စဉ်းစားတွေးတောခြင်းသည် ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို တိုးပွားစေပြီး ကျွန်ုပ်တို့အား “ဘုရားသခင်ကိုတုပသောသူ” ဖြစ်လာစေသည်။—ဧဖက် ၅:၁၊ ကဘ။
လူ့ကျွန်မဟုတ်၊ ဘုရားသခင်နှင့် ခရစ်တော်၏ကျွန်များ
၁၃။ ဖာရိရှဲတို့သည် ကိုယ်ကျင့်တရားပြဋ္ဌာန်းသူ ဩဇာရှင်များကဲ့သို့ မည်သို့ကျင့်ကြံကြသနည်း။
၁၃ အကြီးအကဲများသည် မိမိတို့၏ကြည့်ရှုစောင့်ရှောက်မှုအောက်ရှိ သူများအား မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုခွင့်ပြုရမည်။ အသင်းတော်သားများသည် လူ့ကျွန်များမဟုတ်ကြပါ။ ပေါလုက “လူတို့စိတ်ကိုနူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင် ခရစ်တော်၏အစေခံကျွန်မဟုတ်ပြီ” ဟုရေးခဲ့သည်။ (ဂလာတိ ၁:၁၀; ကောလောသဲ ၃:၂၃၊ ၂၄) ဆန့်ကျင်ဘက်အနေနှင့် ဖာရိရှဲတို့သည် ဘုရားသခင်၏မျက်နှာသာတော်ထက် လူ့နှစ်သက်မှုကိုရရန် ပို၍အရေးကြီးသည်ဟု လူများယုံကြည်စေလိုကြသည်။ (မဿဲ ၂၃:၂-၇; ယောဟန် ၁၂:၄၂၊ ၄၃) ဖာရိရှဲတို့သည် ကိုယ်ပိုင်ဥပဒေများထုတ်သော ကိုယ်ကျင့်တရားပြဋ္ဌာန်းသူသြဇာရှင်များအဖြစ် မိမိတို့ကိုယ်ကိုသတ်မှတ်ကြပြီး အခြားသူများကို အရည်အချင်းမည်မျှပြည့်မီသည်ဟူသောအချက်နှင့် အကဲဖြတ်ကြသည်။ ဖာရိရှဲတို့၏နောက်လိုက်များသည် ကျမ်းစာလေ့ကျင့်ထားသည့် ဩတ္တပ္ပစိတ်ကိုအသုံးပြုရန် ပျက်ကွက်ကြပြီး ရလဒ်အနေနှင့် သူတို့သည် လူ့ကျွန်များဖြစ်သွားကြသည်။
၁၄၊ ၁၅။ (က) မိမိတို့သည် သိုးတော်စုနှင့် လုပ်ဖော်ဆောင်ဖက်ချင်းဖြစ်ကြကြောင်း အကြီးအကဲများမည်သို့တင်ပြနိုင်သနည်း။ (ခ) ဩတ္တပ္ပစိတ်နှင့်ဆိုင်သောကိစ္စများကို အကြီးအကဲများ မည်သို့ကိုင်တွယ်နိုင်သနည်း။
၁၄ သိုးတော်စုသည် အဓိကအားဖြင့် မိမိတို့အပေါ်တာဝန်မရှိကြောင်း ယနေ့ခရစ်ယာန်အကြီးအကဲများ သိကြသည်။ ခရစ်ယာန်တစ်ဦးစီအဖြစ် သူ သို့မဟုတ် သူမသည် မိမိ၏ဝန်ကို ကိုယ်တိုင်ထမ်းရမည်။ (ရောမ ၁၄:၄; ၂ ကောရိန္သု ၁:၂၄; ဂလာတိ ၆:၅) ယင်းသည် သင့်လျော်ပေသည်။ သိုးတော်စုဝင်များသည် လူ့ကျွန်များဖြစ်ရမည်ဆိုလျှင်၊ ဦးစီးခံရသောကြောင့်သာ နာခံမှုပြသည်ဆိုလျှင် ထိုလူယောက်ျားများမရှိလျှင် သူတို့ဘာလုပ်ကြမည်နည်း။ ပေါလုသည် ဖိလိပ္ပိမြို့သားများနှင့်ပတ်သက်၍ ရွှင်လန်းဖွယ်အကြောင်းရှိခဲ့သည်– “သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။” သူတို့သည် ခရစ်တော်၏ကျွန်များအမှန်ဖြစ်ခဲ့ကြသည်။ ပေါလု၏ကျွန်များမဟုတ်ကြပါလေ။—ဖိလိပ္ပိ ၂:၁၂။
၁၅ ထို့ကြောင့် ဩတ္တပ္ပစိတ်နှင့်ပတ်သက်သော ကိစ္စများတွင် အကြီးအကဲများသည် မိမိတို့၏ကြည့်ရှုမှုအောက်ရှိသူများအတွက် ဆုံးဖြတ်ချက်များချပေးမည်မဟုတ်ချေ။ သူတို့သည်ကိစ္စတစ်ခုနှင့်ပတ်သက်သော ကျမ်းစာမူများကို ရှင်းလင်းတင်ပြပြီး ယင်း၌ပါဝင်သူတစ်ဦးစီတို့အား ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးခွင့်ပြုကာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချစေမည်။ ယင်းသည် ကြီးလေးသောတာဝန်ဖြစ်သော်လည်း လူတစ်ဦးစီက ကိုယ်တိုင်ထမ်းဆောင်ရမည့်ကိစ္စဖြစ်သည်။
၁၆။ ဣသရေလနိုင်ငံတွင် ပြဿနာများကိုကိုင်တွယ်ရန် မည်သည့်စနစ်တည်ရှိခဲ့သနည်း။
၁၆ ဣသရေလလူမျိုးကို လမ်းညွှန်ရန် တရားသူကြီးများကို ယေဟောဝါအသုံးပြုသောအချိန်ကို ပြန်ပြောင်းစဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုပြောသည်မှာ “ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း” ဟူ၍ဖြစ်သည်။ (တရားသူကြီး ၂၁:၂၅) သို့ရာတွင် ယေဟောဝါသည် မိမိ၏လူမျိုးတော်အတွက် လမ်းညွှန်မှုရရှိရန် နည်းလမ်းပေးခဲ့သည်။ မေးခွန်းများနှင့် ပြဿနာများအတွက် ချင့်ချိန်တိုင်းထွာမှုပြည့်ဝသော အကူအညီများကိုပေးနိုင်သည့် အသက်ကြီးသူများ မြို့တိုင်းတွင်ရှိသည်။ ထို့အပြင် လေဝိသားယဇ်ပုရောဟိတ်တို့သည် လူများကို ဘုရားသခင့်ပညတ်တော်များသင်ပြပေးခြင်းအားဖြင့် ကောင်းကျိုးအတွက် တစ်တပ်တစ်အားထမ်းဆောင်ကြသည်။ အထူးသဖြင့် ခက်ခဲသည့်ကိစ္စများပေါ်ပေါက်ပါက ယဇ်ပုရောဟိတ်မင်းကြီးသည် ဥရိမ်နှင့်သုမိမ်အားဖြင့် ဘုရားသခင်ထံဆက်သွယ်မေးမြန်းနိုင်သည်။ ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း (လိပ်) စာအုပ်က ဤသို့မှတ်ချက်ပေးသည်– “ဤအစီအစဉ်တွင်ပါဝင်သူများ၊ ဘုရားသခင်၏ပညတ်တော်ဆိုင်ရာ အသိပညာကို ရရှိပြီး ယင်းကိုကျင့်သုံးသောသူများသည် မိမိတို့၏သြတ္တပ္ပစိတ်အတွက် လျောက်ပတ်မှန်ကန်သော လမ်းညွှန်မှုကိုရကြသည်။ ယင်းကဲ့သို့သောကိစ္စ၌ ‘သူ့အမြင်တွင် မှန်သောအရာ’ ကိုပြုခြင်းသည် ဆိုးကျိုးကိုဖြစ်ပေါ်စေမည်မဟုတ်။ လူများသည် စိတ်ဆန္ဒရှိသောသဘော သို့မဟုတ် စိတ်ဆန္ဒမရှိသောသဘောနှင့် လမ်းစဉ်တို့ကို တင်ပြရန် ယေဟောဝါခွင့်ပြုသည်။”—အတွဲ ၂၊ စာမျက်နှာ ၁၆၂-၃။b
၁၇။ မိမိတို့သည် ကိုယ်ပိုင်စံညွှန်းများအတိုင်းမဟုတ်ဘဲ ဘုရားသခင်၏စံညွှန်းတော်များအတိုင်း သွန်သင်ဆုံးမကြောင်း အကြီးအကဲများမည်သို့တင်ပြနိုင်သနည်း။
၁၇ အသင်းတော်အကြီးအကဲများသည် ဣသရေလလူမျိုးတရားသူကြီးများနှင့် ယဇ်ပုရောဟိတ်များနည်းတူ ပြဿနာများအတွက် ချင့်ချိန်တိုင်းထွာမှုပြည့်ဝသော အကူအညီများနှင့် တန်ဖိုးရှိအကြံဉာဏ်များကိုပေးနိုင်သည်။ တစ်ခါတစ်ရံ သူတို့သည် ‘အပြစ်ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အလွန်ရှည်သောစိတ်နှင့် ဩဝါဒပေးခြင်း’ များကိုပင်ပြုကြသည်။ (၂ တိမောသေ ၄:၂) သူတို့၏ ကိုယ်ပိုင်စံညွှန်းများအတိုင်းမဟုတ်ဘဲ ဘုရားသခင်၏ စံညွှန်းများအတိုင်း ယင်းသို့ပြုကြသည်။ အကြီးအကဲများသည် ပုံနမူနာကောင်းချမှတ်ပြီး လူများ၏နှလုံးကိုထိမိအောင် ကြိုးစားပါက မည်မျှအကျိုးရှိလိုက်မည်ဖြစ်ခြင်း!
၁၈။ နှလုံးကိုထိမိစေခြင်းသည် အထူးသဖြင့် အကြီးအကဲများအတွက် အဘယ်ကြောင့်အကျိုးသက်ရောက်မှုရှိသနည်း။
၁၈ နှလုံးသည် ကျွန်ုပ်တို့၏ ခရစ်ယာန်လှုပ်ရှားဆောင်ရွက်မှု၏ “အင်ဂျင်စက်” ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သည်” ဟုပြောသည်။” (သု. ၄:၂၃) နှလုံးကိုလှုံ့ဆော်စေသောအကြီးအကဲများ တွေ့မြင်ရမည်မှာ အသင်းတော်ရှိသူများသည် ယင်းသို့အားဖြင့် ဘုရားသခင်၏လုပ်ငန်းတော်၌ မိမိတို့တတ်နိုင်သမျှကိုလုပ်ဆောင်ရန် လှုံ့ဆော်ခံရခြင်းဖြစ်သည်။ သူတို့သည် သူတစ်ပါးကအမြဲနှိုးဆွပေးရသူမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် စတင်လုပ်ဆောင်သူများဖြစ်လာကြမည်။ အကျပ်ကိုင်ခံရသောကြောင့်နာခံခြင်းကို ယေဟောဝါမလိုလားပါ။ မေတ္တာဖြင့်ပြည့်ဝသောနှလုံးသားမှ ပေါက်ဖွားလာသည့် နာခံမှုကို ကိုယ်တော်ရှာဖွေတော်မူသည်။ အကြီးအကဲများသည် သိုးတော်စုအတွင်းရှိသူများအား မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို တိုးမြှင့်နိုင်ရန် အကူအညီပေးခြင်းအားဖြင့် ယင်းသို့သောနှလုံးလှုံ့ဆော်သည့်လုပ်ငန်းကို အားပေးနိုင်သည်။
“ခရစ်တော်၏စိတ်” ကိုပြုစုပျိုးထောင်ခြင်း
၁၉၊ ၂၀။ ခရစ်တော်၏စိတ်ကို ပြုစုပျိုးထောင်ခြင်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၉ ကျွန်ုပ်တို့သိမှတ်ခဲ့ရသည့်အတိုင်း ဘုရားသခင်၏ပညတ်များကို သိကာမျှနှင့် မလုံလောက်ပါ။ “ပညတ်တော်ကို စောင့်ရှောက်၍ နှလုံးအကြွင်းမဲ့စောင့်ထိန်းနိုင်ရန် ကျွန်ုပ်ကိုနားလည်စေတော်မူပါ” ဟု ဆာလံဆရာတိုးလျှိုးအသနားခံခဲ့သည်။ (ဆာလံ ၁၁၉:၃၄၊ ကဘ) ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်တွင် “ခရစ်တော်၏စိတ်” ကို ဖော်ပြထားသည်။ (၁ ကောရိန္သု ၂:၁၆) ယေရှုသည် မိမိ၏စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ယေဟောဝါအားဝတ်ပြုသူအဖြစ် ကျွန်ုပ်တို့အတွက် စုံလင်သောပုံသက်သေကိုချမှတ်ပေးခဲ့သည်။ သူသည် ဘုရားသခင်၏ပညတ်တော်နှင့် စည်းမျဉ်းမူများကို နားလည်ပြီး ယင်းတို့ကို အမှားအယွင်းမရှိ လိုက်လျှောက်ခဲ့သည်။ ကိုယ်တော့်ပုံနမူနာကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့သည် “အနံ၊ အလျား၊ အနက်၊ အမြင့်တို့ကို ပိုင်းခြား၍သိခြင်းငှာလည်းကောင်း၊ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း” တတ်နိုင်ကြမည်။ (ဧဖက် ၃:၁၇-၁၉) ယေရှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့လေ့လာသိရှိရသောအရာများသည် စာတွေ့သိရှိခြင်းသက်သက်ထက် အဆမတန်သာလွန်သည်; ယေဟောဝါကိုယ်တော်တိုင် နှစ်သက်တော်မူသောအရာကို ယင်းက ရှင်းလင်းစွာသရုပ်ပေါ်စေသည်။—ယောဟန် ၁၄:၉၊ ၁၀။
၂၀ ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့လေ့လာသောအခါ အကြောင်းခြင်းရာများအပေါ် ယေဟောဝါစဉ်းစားပုံကို ပိုင်းခြားသိရှိနိုင်ပြီး မျှတမှုရှိသည့်ဆုံးဖြတ်ချက်များကို ချနိုင်သည်။ ယင်းသို့ပြုရန် ကြိုးစားအားထုတ်မှုလိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်အားထက်သန်စွာလေ့လာသူများဖြစ်ပြီး ယေဟောဝါ၏အရည်အချင်းတော်များနှင့် စံညွှန်းတော်များကို အကဲဆတ်စွာသိရမည်။ ပုံဆောင်သဘောအရ ကျွန်ုပ်တို့သည် သဒ္ဒါသစ်ကို လေ့လာနေကြသည်။ မည်သို့ဆိုစေ ယင်းသို့ပြုသူများသည် “[သူ] တို့၏ကိုယ်အင်္ဂါများကို အသက်ရှင်သော၊ သန့်ရှင်းမြင့်မြတ်သော၊ ဘုရားသခင်လက်ခံဖွယ်သော ပူဇော်သကာများအဖြစ်လည်းကောင်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် မြင့်မြတ်သောလုပ်ငန်းတော်ကိုလည်းကောင်း တင်ဆက်ကြ” ရန် ပေါလု၏ဆိုဆုံးမချက်ကို လိုက်နာနေကြပေမည်။—ရောမ ၁၂:၁၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a ယင်းက နတ်ဆိုးနှင့်ဆိုင်သော၊ ညစ်ညမ်းသော၊ အကြမ်းဖက်သော အရာများပါဝင်သည့်အပြင် ခရစ်ယာန်များလက်သင့်မခံနိုင်သည့် ထွေးရောယှက်တင်ဖြစ်သော သို့မဟုတ် ပေါက်လွှတ်ပဲစားနိုင်သော အယူအဆများကို တိုးပွားစေသည့် မိသားစုအပန်းဖြေမှုဟုခေါ်သော အပန်းဖြေခြင်းကို ငြင်းပယ်သည်။
b နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
မည်သည့်အရာကို သင်သိရှိခဲ့သနည်း
◻ ဘုရားသခင်ကိုအမှုဆောင်ခြင်းနှင့်ပတ်သက်၍ စီ.အီး. ၃၃ ခုနှစ်တွင် မည်သည့်အပြောင်းအလဲဖြစ်ခဲ့သနည်း။
◻ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။
◻ သိုးတော်စုအတွင်းရှိသူများကို ဘုရားသခင်နှင့် ခရစ်တော်တို့၏ကျွန်များဖြစ်ရန် အကြီးအကဲများ မည်သို့ကူညီနိုင်သနည်း။
◻ “ခရစ်တော်၏စိတ်” ကို ကျွန်ုပ်တို့အဘယ်ကြောင့်ပြုစုပျိုးထောင်သင့်သနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုရန်အခြားသူများကို အကြီးအကဲများအကူအညီပေး