ကိုယ်ကျိုးစွန့်စိတ်ထားရှိပါ
ရိုလ်ဖ်aသည် အရေးပါသောအလုပ်သမားတစ်ဦးဖြစ်သည်။ ခရစ်ယာန်ဓမ္မအမှုတွင် တိုးချဲ့ပါဝင်နိုင်ရန် အချိန်ပိုင်းအလုပ်ရှာဖို့သူစိတ်ဆုံးဖြတ်သောအခါ သူ၏အလုပ်ရှင်သည်လွယ်ကူစွာသဘောတူညီခဲ့သည်။ ထိုကြောင့်ရှေ့ဆောင်လုပ်ငန်းတွင် ရိုလ်ဖ်နှစ်ပေါင်းများစွာပါဝင်ခွင့်ရခဲ့သည်။ တစ်နေ့သောအခါ လုပ်ငန်းအခြေအနေပြောင်းရွှေ့သွားသည်။ လုပ်ငန်းခွင်တွင် ကျွမ်းကျင်တတ်မြောက်သူဖြစ်ကြောင်း တင်ပြခဲ့သဖြင့်ထိုလုပ်ငန်း၌အရောင်းအဝယ်မန်နေဂျာအရာကိုကမ်းလှမ်းခံခဲ့ရသည်။ လခလည်းကောင်း၊ အခွင့်အရေးကောင်းများလည်းရမည်ဖြစ်၏။ သို့သော်အချိန်ပြည့်အလုပ်လုပ်ဖို့ရန်လိုအပ်လာသည်။
ရိုလ်ဖ်မှာ အိမ်ထောင်ရှိပြီး ကလေးနှစ်ယောက်ရှိသဖြင့် ငွေပိုရှိခြင်းကား အသုံးဝင်မည်အမှန်။ သို့ဖြစ်စေကာမူ၊ ယင်းအလုပ်ကိုလက်မခံဘဲ သူ၏ဝိညာဉ်ရေးနှင့် ငွေရေးကြေးရေးအခြေအနေကို မထိခိုက်သောလုပ်ငန်းရှာယူပါသည်။ ရိုလ်ဖ်အလုပ်ရှင်သည် ဤဆုံးဖြတ်ချက်ကိုအလွန်အံ့သြပါသည်။ အခတိုးပေးမည်ဟုကမ်းလှမ်းသည့်တိုင် အချည်းနှီးသာဖြစ်မည်အကြောင်းသိသဖြင့် အလုပ်ရှင်က “ခင်ဗျားရဲ့ခံယူချက်ကို ကျွန်တော်ယှဉ်လို့မရဘူးဆိုတာ ဝန်ခံရမယ်” ဟုဆိုသည်။
မှန်သည်၊ ရိုလ်ဖ်မှာခံယူချက်ရှိသည်။ ထို့ပြင်ကိုယ်ကျိုးစွန့်စိတ်ထားလည်း သူ့မှာရှိပါသည်။ ကိုယ်အလိုလိုက်တတ်သည့် မျက်မှောက်လောကတွင် ဤစိတ်ထားသည် အလွန်ရှားပါသည်။ သို့သော်ယင်းစိတ်ထားသည် အကျိုးရှိ၍ကျေနပ်မှုပေးသော ဘဝပုံစံကိုရရှိစေသည်။ ကိုယ်ကျိုးစွန့်စိတ်ထားဆိုသည်မှာ အဘယ်နည်း။ ယင်း၌အဘယ်အရာပါဝင်သနည်း။ ယင်းစိတ်ထားကို မည်သို့ထိန်းသိမ်းထားမည်နည်း။
ကျမ်းစာတောင်းဆိုချက်
အနစ်နာခံခြင်းဟုဆိုသည်မှာ တန်ဖိုးရှိရာတစ်ခုခုကို စွန့်လွှတ်ခြင်းဖြစ်သည်။ “မိမိသိုးစုတွင် အဦးဘွားသောသားအချို့” ကို သစ္စာရှိသူပထမသက်သေခံ၊ အာဗေလ ဘုရားသခင်ထံပူဇော်ခဲ့သည့်အချိန်ကတည်းက ပေးဆက်ခြင်းသည် စစ်မှန်သောဝတ်ပြုရေးအဝင်ဖြစ်ခဲ့သည်။ (ကမ္ဘာဦး ၄:၄) နောဧနှင့်ယာကုပ်တို့ကဲ့သို့သော သစ္စာရှိသူများလည်း ထပ်တူပြုမူကြသည်။ (ကမ္ဘာဦး ၈:၂၀။ ၃၁:၅၄) မောရှေပညတ္တိကျမ်းတွင် တိရစ္ဆာန်ယဇ်ပူဇော်သက္ကာများသည် အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။ (ဝတ်ပြုရာ ၁:၂-၄) ထိုပညတ်တရားအရ ဝတ်ပြုသူများသည် အကောင်းဆုံးကို ပူဇော်ရ၏။ အနာအဆာရှိသောတိရစ္ဆာန်ကို ယဇ်သက္ကာအဖြစ် မပူဇော်ရကြပါ။ (ဝတ်ပြုရာ ၂၂:၁၉၊ ၂၀။ တရားဟောရာ ၁၅:၂၁) ဖောက်ပြန်သောဣသရေလလူမျိုးသည် ဤပညတ်ကိုချိုးဖောက်ကြသောအခါ သူတို့အားဘုရားသခင်ဤသို့ဆုံးမခဲ့သည်။ “ခြေဆွံ့သောအကောင် . . . ကိုယဇ်ပူဇော်လျှင် ‘အပြစ်ရှိသည်မဟုတ်လော။’ မြို့ဝန်မင်းအားဆက်ပါလော့။ မင်း၏စိတ်နှင့်တွေ့လိမ့်မည်လော။ သင့်မျက်နှာကိုထောက်လိမ့်မည်လော။ . . . သင်တို့လက်မှငါခံရမည်လော။”—မာလခိ ၁:၈၊ ၁၃။
ဤယဇ်ပူဇော်ခြင်းမူကို ခရစ်ယာန်ဝတ်ပြုရေး၌ဆက်အသုံးပြုပါသည်။ သို့ရာတွင် ရွေးနှုတ်စရာယဇ်ကို ယေရှုအပြည့်ပေးဆက်ထားပြီဖြစ်ရာ တိရစ္ဆာန်ယဇ်များကို ဘုရားသခင်လက်သင့်မခံတော့ပါ။ ထိုကြောင့်ခရစ်ယာန်များသည် အဘယ်အရာကိုဆက်သနိုင်ကြပါသနည်း။ ရောမ ၁၂:၁ တွင်ပေါလုဤသို့ရေးသားပါသည်။ “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်း တည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏။” အကြီးအကျယ်ပြောင်းလဲမှုပါတကား။ အသေကောင်များကိုပူဇော်နေမည့်အစား ခရစ်ယာန်များသည် မိမိတို့၏ခွန်အား၊ အစွမ်းအစနှင့်အရည်အချင်းများပါဝင်သည့် အသက်ရှင်သောယဇ်ကိုပူဇော်ကြရန်ဖြစ်သည်။ ဣသရေလနိုင်ငံမှာကဲ့သို့ပင် “ခြေဆွံ့” သကဲ့သို့ဖြစ်သောစိတ်မပါ့တပါပူဇော်ရာများကို ယေဟောဝါရှင်လက်သင့်ခံတော်မူမည်မဟုတ်ပါ။ ကိုယ်တော်အားဝတ်ပြုသူတို့သည် မိမိတို့၏အကောင်းဆုံးအရာဖြစ်သည့် စိတ်နှလုံးအပြည့်၊ စိုးလ်အပြည့်၊ ခွန်အားအကြွင်းမဲ့ဖြင့်ဝတ်ပြုကြရန်ဖြစ်သည်။—မာကု ၁၂:၃၀။
ထိုကြောင့်ကိုယ်ကျိုးစွန့်စိတ်ထား၌ စည်းဝေးများတက်ရုံ၊ ခရစ်ယာန်ဓမ္မအမှု၌ပါဝင်ရုံထက်မက ပါဝင်နေပါသည်။ မည်သို့ပင်ရှိစေကာမူ ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားခြင်းကိုဆိုလိုသည်။ အခက်အခဲဒုက္ခများခံရန် အသင့်ရှိခြင်းကိုဆိုလိုသည်။ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုယ်ကိုငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (မဿဲ ၁၆:၂၄) ခရစ်ယာန်တစ်ဦးသည် မိမိရည်မှန်းချက်အောင်မြင်ဖို့၊ စည်းစိမ်ဥစ္စာရှိဖို့ကို အဓိကထားမည်မဟုတ်ပါ။ ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သူ၏ဘဝတွင် ရှေ့ဦး ထားခြင်းကို အဓိကထားပါသည်။ (မဿဲ ၆:၃၃) လိုအပ်လာလျှင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အရှက်ခွဲခံရခြင်း၊ သို့မဟုတ်သေခြင်းတည်းဟူသော “ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း” ရန်အသင့်ရှိပေမည်။
ကိုယ်ကျိုးစွန့်ခြင်းမှလာသောကောင်းချီးများ
ဤမျှထိတိုင်ဖြစ်နိုင်စရာအကြောင်းရှိသည့်အတွက် ကိုယ်ကျိုးစွန့်ခြင်းသည် အကျိုးနပ်ပါမည်လောဟု စဉ်းစားကြမည်။ ယေဟောဝါဘုရားသခင်ကိုချစ်မြတ်နိုး၍ နာမတော်ဂုဏ်ပြုခံရသည်ကိုတွေ့လိုသူများအတွက် အကျိုးနပ်ပေသည်။ (မဿဲ ၂၂:၃၇) ယေရှုခရစ်တင်ပြခဲ့သောပုံသက်သေကိုသာသုံးသပ်ကြည့်ပါ။ မြေကြီးပေါ်သို့မကြွလာမီ ကောင်းကင်တွင် မြင့်မားသောအဆင့်ရှိခဲ့ပါသည်။ သို့ရာတွင်တပည့်တော်များအား ကိုယ်တော်ပြောသည့်အတိုင်းပင် “ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုသို့လိုက်” ရန်ကိုယ်တော်အလိုရှိခဲ့သည်။ (ယောဟန် ၅:၃၀) သို့ဖြစ်၍ကိုယ်တော်သည် “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာအသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုယ်ကိုနှိမ့်ချတော်မူ၏။”—ဖိလိပ္ပိ ၂:၇၊ ၈။
ဤအနစ်နာခံမှုများသည် အချည်းနှီးမဖြစ်ခဲ့ပါ။ ယေရှုသည် “ကိုယ်အဆွေအဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်” ရန်အသင့်ရှိတော်မူသဖြင့် ရွေးဖိုးကို သူပေးဆပ်နိုင်ခဲ့ပါသည်။ သို့ဖြင့်မစုံလင်သူများအား ကောင်းကင်၌မပုပ်မပျက်နိုင်သောအသက်၊ သို့မဟုတ် မြေကြီးပေါ်တွင် ထာဝရအသက်ရရှိရန် အခွင့်ရှိစေသည်။ (ယောဟန် ၃:၁၆။ ၁၅:၁၃။ ၁ ယောဟန် ၂:၂) ပြည့်ဝစုံလင်စွာသမာဓိစောင့်သိခဲ့သောကြောင့် ယေဟောဝါ၏နာမတော်ကို များစွာချီးမြှင့်ခံစေခဲ့သည်။ (သု၊ ၂၇:၁၁) ထိုကြောင့်ကိုယ်တော်၏ကိုယ်ကျိုးစွန့်လမ်းစဉ်ကြောင့် သူ့အားယေဟောဝါကောင်းချီးပေးခြင်းသည် အံ့ဩစရာမဟုတ်ပါ။ “ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။”—ဖိလိပ္ပိ ၂:၉။
ယေရှုမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်ဖြစ်သည်မှန်၏။ ဘုရားသခင်အတွက်ကိုယ်ကျိုးစွန့်သောအခြားသူများကိုလည်း ယေဟောဝါဆုကျေးဇူးပေးပါမည်လော။ ပေးလိမ့်မည်။ ယင်းကိုရှေးခေတ်နှင့် မျက်မှောက်ခေတ်ပုံဥပမာများက တင်ပြပါသည်။ မောဘအမျိုးသမီးရုသ၏ပုံသက်သေကိုကြည့်ပါ။ သူမ၏ဣသရေလလင်ယောက်ျားမှတစ်ဆင့် ယေဟောဝါအကြောင်းကြားသိခဲ့မည်။ လင်သားဖြစ်သူသေဆုံးပြီးနောက် သူကိုယ်တိုင်ဆုံးဖြတ်ချက်ချရ၏။ သူမ၏ချက်မြှုပ်ရာနိုင်ငံတွင်နေရစ်မည်လော။ သို့မဟုတ် သူ၏သက်ကြီးရွယ်အိုယောက္ခမနောမိနှင့်အတူ ကတိတော်ပြည်သို့သူလိုက်သွားမည်လော။ မိဘနှစ်ပါးကိုစွန့်ရုံမက နောက်အိမ်ထောင်ပြုရန်မျှော်လင့်ချက်ကိုပင် စွန့်လွှတ်ရသည်တိုင် ရပ်ဝေးသို့လိုက်ပါသွားရန် သူမဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ ယေဟောဝါကိုရုသသိလာပြီဖြစ်၍ ကိုယ်တော်၏ရွေးချယ်ခံလူမျိုးနှင့်အတူ ကိုယ်တော်အားဝတ်ပြုလိုစိတ်က နောမိနှင့်မခွဲမခွာရန် သူမအားလှုံ့ဆော်ပေးသည်။
ဤကဲ့သို့ကိုယ်ကျိုးစွန့်ခြင်းအတွက် ရုသဆုချခံရပါသလော။ အမှန်ဆုချခံခဲ့ရသည်။ အချိန်တန်သော် ဗောဇအမည်ရှိသောမြေရှင်တစ်ဦးသည် သူမကိုသိမ်းပိုက်ခဲ့၍ ဩဗက်အမည်ရှိ သားကလေးတစ်ဦးဖွားမြင်လေရာ သူမသည် ယေရှုခရစ်၏ဖွားအေတစ်ဦးဖြစ်လာလေသည်။—မဿဲ ၁:၅၊ ၁၆။
မျက်မှောက်ခေတ်တွင်လည်း ကိုယ်ကျိုးစွန့်ဘုရားသခင့်ကျေးကျွန်များသည် ကောင်းချီးများစွာခံစားနေကြရသည်။ ဥပမာ၊ ၁၉၂၃ ခုနှစ်တွင် “ဘိုင်ဘဲလ်” ဘရောင်းဟုနာမည်တွင်သူ ဝီလျန်မ်အာရ်ဘရောင်းဆိုသူသည် အနောက်အာဖရိကနိုင်ငံတွင် ဟောပြောခြင်းလုပ်ငန်းကိုစတင်ဆောင်ရွက်ရန် အနောက်အင်ဒီးစ်နိုင်ငံရှိ သူ၏ချက်မြှုပ်မှထွက်ခွာခဲ့သည်။ သူ၏ဇနီးနှင့်သမီးတို့လည်း သူနှင့်အတူလိုက်ပါသွားကြ၏။ နောက်ဆုံး ဟောပြောခြင်းလုပ်ငန်းစတင်ဖွံ့ဖြိုးလာသည့် နိုင်ဂျီးရီးယားနိုင်ငံသို့သူပြောင်းသွားပါသည်။ ဗင်စင့်စဲမြူအဲလ်ဆိုသူ အသားမဲအမေရိကန်တစ်ဦး၊ ကလော့ဒ်ဘရောင်းဆိုသူ အနောက်အင်ဒီယန်သက်သေခံတစ်ဦးတို့နှင့်တွဲ၍ “ဘိုင်ဘဲလ်” ဘရောင်းသည်အနောက်အာဖရိကနယ်တွင် လုပ်ငန်းစတင်ချိန်၌ အရေးပါကဏ္ဍတွင်ပါဝင်အမှုဆောင်ခဲ့ပါသည်။
ယနေ့ “ဘိုင်ဘဲလ်” ဘရောင်းနှင့်သူ၏အပေါင်းအသင်းများ လုပ်ငန်းစတင်ခဲ့သောနိုင်ငံများဖြစ်သည့် စီအဲရာလီအောန်၊ လိုင်ဘေးရီးယား၊ ဂါနာနှင့်နိုင်ဂျီးရီးယားနိုင်ငံများတွင် ကြေညာသူ ၁၈၇,၀၀၀ ကျော်အမှုဆောင်ရွက်နေကြပါသည်။ ၁၉၆၇ ခုနှစ်တွင် “ဘိုင်ဘဲလ်” ဘရောင်းမသေမီ သူဤသို့ပြောဆိုခဲ့သည်။ “ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အမျိုးသားအမျိုးသမီးများစွာနာခံမှုပြလာကြသည်ကိုတွေ့ရှိရခြင်းသည် ဝမ်းသာအားရစရာဖြစ်သည်။” မှန်သည်၊ သူ၏ကိုယ်ကျိုးစွန့်လမ်းစဉ်ကြောင့် သူကောင်းချီးများစွာခံစားခဲ့ရပါသည်။
ကိုယ်ကျိုးစွန့်နိုင်သည့်နည်းလမ်းများ
ယနေ့ထပ်တူစိတ်ထားမျိုးကိုတင်ပြနိုင်သည့် နည်းလမ်းအချို့ကားအဘယ်နည်း။ တစ်ခုကားတစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပတ်စဉ်မှန်မှန်ပါဝင်ခြင်းဖြစ်သည်။ (တမန်တော် ၂၀:၂၀) ဝမ်းစာရှာလုပ်ငန်းတွင် တစ်ပတ်လုံးတပင်တပန်းအလုပ်လုပ်ကိုင်ရပြီးနောက် ထိုသို့ပြုရခြင်းသည် လွယ်ကူမည်မဟုတ်ပါ။ စည်းစနစ်ရှိပြီးအစီစဉ်စနစ်ကျရန် လိုအပ်ပေမည်။ သို့သော်ခံစားရသောပျော်ရွှင်မှုများသည် ခံရသမျှဒုက္ခထက်သာလွန်မွန်မြတ်ပါသည်။ လူတစ်ဦးတစ်ယောက်အား “မှင်နှင့်ရေးထားသောစာမဟုတ်။ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်နှင့်ရေး၍ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသောနှလုံးပြားပေါ်၌ရေး၍ . . . ပြုစုသောခရစ်တော်၏စာ” ဖြစ်စေနိုင်ပါမည်။—၂ ကောရိန္သု ၃:၃။
ဝမ်းစာရှာလုပ်ငန်းမှလည်းကောင်း၊ ပျော်ပွဲရွှင်ပွဲမှလည်းကောင်း “အချိန်ကိုရွေးနှုတ်ခြင်း” အားဖြင့် အချို့သူများသည် ဟောပြောခြင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ခဲ့ပြီ။ (ဧဖက် ၅:၁၆) အခြားသူများမူ အရန်ရှေ့ဆောင်လုပ်ငန်းတွင် အနည်းဆုံးတစ်နှစ်တစ်ကြိမ်ပါဝင်နိုင်ရန် မိမိတို့အစီအစဉ်ဇယားကိုရေးဆွဲထားသည်။ အခြားသူများမူ လပေါင်းများစွာဆက်၍အရန်ရှေ့ဆောင်နိုင်ကြ၏။ သို့မဟုတ် မှန်မှန်ရှေ့ဆောင်နိုင်ကြသည်။ ထည့်စဉ်းစားနိုင်သည့်အခြားစွန့်စားမှုတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ကိုကြေညာသူ တိုး၍လိုအပ်သောအရပ်ဒေသများသို့ရွှေ့ပြောင်းနေထိုင်ကြခြင်းဖြစ်သည်။ ယင်းသို့ပြုရန် ဘဝပုံစံအကြီးအကျယ်ပြောင်းလဲရမည်၊ အဆင်မပြေမှုများကို အတတ်နိုင်ဆုံးကြိုးစားဖြေရှင်းရမည်၊ ယဉ်ကျေးမှုအသစ်၊ ထုံးစံအသစ်များနှင့်ကိုက်ညီစွာနေတတ်သွားရန်လိုပေမည်။ သို့သော်သူတစ်ပါးအားအသက်ရရန် အပြည့်အဝပါဝင်ခြင်းမှရရှိသောကောင်းချီးများသည် ဤစွန့်စားမှုများကိုအကျိုးနပ်စေပါသည်။
ကနေဒါနိုင်ငံသား ဂျွန်ကတ်ဖော့သ်သည် ယင်းသို့ဖြစ်ကြောင်းကို ကိုယ်တွေ့ခံစားခဲ့ရ၏။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းဆင်းပြီးနောက် ဩစတြေးလျားနိုင်ငံသို့ သာသနာသွားပြုရန် စေလွှတ်ခံရ၏။ “ကျွန်တော့်တိုင်းပြည်နှင့်အရမ်းဝေးတာဘဲ။ အာမဂေဒုန်မတိုင်မီ မိဘတွေ၊ မိတ်ဆွေတွေနဲ့ ပြန်တွေ့ဆုံနိုင်ပါ့ဦးမလားဟု ကျွန်တော်တွေးခဲ့သည်။ သိနိုင်ရအောင် သွားဖို့လိုတယ်။” ညီကိုကတ်ဖော့သ်သွားခဲ့သည်။ သူစွန့်စားခဲ့သမျှအတွက်လည်း သူဝမ်းမနည်းပါ။ ယနေ့အချိန်ပြည့်လုပ်ငန်း၌ နှစ်ပေါင်း ၅၀ သူပါဝင်ခဲ့ပြီဖြစ်၍ သူလုပ်ငန်းစတင်ခဲ့သော ပါပူဝါနယူးဂီနီနိုင်ငံတွင် ဇွဲရှိရှိအမှုဆောင်လျက်ပင်ရှိသည်။ တစ်ချိန်ကသူဤသို့ဆိုသည်။ “ယေဟောဝါ၏လမ်းပြမှုကိုအမြဲခံယူလိုခြင်း၊ ကိုယ်တော်ပေးလိုသည့် မည်သည့်တာဝန်ကိုမဆိုလက်ခံယူလိုခြင်းသည် ပျော်ရွှင်မှု၊ ဝမ်းမြောက်ခြင်း၊ ကျေနပ်မှုနှင့် မရေမတွက်နိုင်သောမိတ်ဆွေများကိုရရှိစေသည်။”
ကျန်းမာရေး၊ ငွေရေးကြေးရေးနှင့် အိမ်ထောင်ရေးတာဝန်များကြောင့် သင်တတ်နိုင်သည့်အရာများကို ကန့်သတ်ပေးကောင်းကန့်သတ်ပေးမည်။ မည်သို့ဆိုစေ၊ ပြင်းထန်သောရာသီအခြေအနေအစရှိသည့် သေးမွှားသည့်အဆင်မပြေမှုများကြောင့် စည်းဝေးများနှင့် လယ်ကွင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံးပါဝင်နိုင်ဖို့စိတ်ဆုံးဖြတ်ချက်ကို မတားဆီးပါစေနှင့်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့ရန် အချိန်ပိုရွေးနှုတ်ဖို့လိုကောင်းလိုပေမည်။ မိသားစုအချို့ကား တီဗွီအစီအစဉ်များရှုစားချိန်ကိုကန့်သတ်ကြသည်။ အချို့ဆိုလျှင် “တီဗွီမကြည့်ရ” ညများဟုတားမြစ်ထားသည်။ သို့မဟုတ် တီဗွီလုံးဝမဝယ်ထားဘဲနေသည်။ ကိုယ်ပိုင်လေ့လာမှုအတွက်အချိန်ရှာထားခြင်းအားဖြင့် စည်းဝေးများနှင့် လယ်ကွင်းလုပ်ငန်းတွင် “နာမတော်ကိုဝန်ခံရာ” (သမ) သင်၏ “ချီးမွမ်းခြင်းယဇ်” သည်အဆင့်မြင့်သောယဇ်ဖြစ်ဖို့ရန် အကြောင်းရှိသည်။—ဟေဗြဲ ၁၃:၁၅။
ဟောပြောခြင်းလုပ်ငန်းသည် ယခုနောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်ကြောင်း သတိရထားပါ။ ဤလောဘကြီး၍ ကိုယ်အလိုကိုလိုက်သောလောကကို များမကြာမီဘုရားသခင်ဖျက်ဆီးတော့မည်။ (ဇေဖနိ ၂:၃) ဘုရားသခင့်မျက်နှာသာရရန် ကိုယ်ကိုယ်ကိုမသနားနေနိုင်ပါ။ ‘အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့်ပြည့်စုံသော ယဇ်ကိုယ်ခန္ဓာ’ ကိုဆက်သရမည်။ (ရောမ ၁၂:၁) ဤသို့သောစိတ်ထားသည် ပျော်ရွှင်မှုနှင့်ကျေနပ်မှုများစွာပေးလိမ့်မည်။ ယင်းကကျွန်ုပ်တို့ဓမ္မအမှုတွင် ရွှင်လန်းမှုသာ၍ရရှိစေမည်။ သို့ဖြင့်ယေဟောဝါဘုရားသခင်၏စိတ်နှလုံးကို ရွှင်လန်းစေတော်မူမည်။—သု၊ ၂၇:၁၁။
ထိုကြောင့်ကိုယ်ကျိုးစွန့်စိတ်ထားကိုမွေးမြူပါ။ ဘုရားသခင့်နိုင်ငံတော်ရေးရာကိုထောက်ပံ့ခြင်းငှာ သူတစ်ထူးအတွက်ကိုယ်ကျိုးစွန့်ပေးဖို့မနှောင့်နှေးပါနှင့်။ ပေါလုဤသို့မှာကြားတော်မူသည်။ “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။”—ဟေဗြဲ ၁၃:၁၆။
[အောက်ခြေမှတ်ချက်]
a နာမည်ပြောင်းထားသည်။
[စာမျက်နှာ ၂၆ ပါ ပုံစာ]
ကိုယ်ပိုင်လေ့လာမှုနှင့်လယ်ကွင်းလုပ်ငန်းအတွက် အချိန်ရှာယူရန် ကိုယ်ကျိုးစွန့်ဖို့လိုပေမည်။ သို့သော်အကျိုးရှိ၏
[စာမျက်နှာ ၂၈ ပါ ပုံစာ]
ဒဘလျူအာရ်ဘရောင်းနှင့်ဂျွန်ကတ်ဖော့သ်တို့သည် သူတို့၏ကိုယ်ကျိုးစွန့်လမ်းစဉ်အတွက် များစွာကောင်းချီးရရှိခဲ့သည်