ဖန်ဆင်းခြင်းက “သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ” ဟုဆို
“ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။”—ရောမ ၁:၂၀။
၁၊ ၂။ (က) ယေဟောဝါအား အဘယ်နာကြည်းစွာပြုသော ညည်းတွားမှုများကို ယောဘတင်ပြခဲ့သနည်း။ (ခ) နောင်တွင် မိမိ၏စကားကို ယောဘမည်သို့ပြန်ရုပ်သိမ်းခဲ့သနည်း။
ယေဟောဝါဘုရားသခင်ကို သမာဓိမချိုးဖောက်သော ယောဘအမည်ရှိသူ ရှေးခေတ်လူသားတစ်ဦးသည် စာတန်ကြောင့် အကြီးအကျယ်စမ်းသပ်ခံခဲ့ရဘူးသည်။ မာရ်နတ်သည် ယောဘ၏ စည်းစိမ်ဥစ္စာအားလုံးကိုဆုံးရှုံးစေခဲ့၏၊ သားသမီးများကို သေကျေပျက်ဆီးစေပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသောရောဂါကိုလည်း သူ့အား ရရှိစေခဲ့သည်။ ဤဘေးဒုက္ခများကို မိမိအပေါ် ဘုရားသခင်ကျရောက်စေသည်အထင်နှင့် ယေဟောဝါအား နာကြည်းစွာညည်းညူသည်က “ကိုယ်တော်သည် ညှဉ်းဆဲတော်မူသင့်သလော။ . . . အကျွန်ုပ်ပြုသောဒုစရိုက်ကိုစစ်၍ အပြစ်ကိုတွေ့ခြင်းငှာ အဘယ်ကြောင့်ရှာတော်မူသနည်း။ အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်း . . . ကိုသိတော်မူ၏။”—ယောဘ ၁:၁၂-၁၉။ ၂:၅-၈။ ၁၀:၃၊ ၆၊ ၇။
၂ ယင်းနောက် များမကြာမီ ဘုရားသခင်အား ယောဘပြောဆိုသည့်စကားများသည် လုံးဝခြားနားပြောင်းလဲသွားပါသည်။ “အကျွန်ုပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သောအရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။” (ယောဘ ၄၂:၃၊ ၅၊ ၆) ယောဘ၏သဘောထား ပြောင်းလဲသွားဖို့ရန် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၃။ ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ အဘယ်အမြင်သစ်ကို ယောဘရရှိခဲ့သနည်း။
၃ ထိုအတောအတွင်း ယောဘအား မိုးသက်မုန်တိုင်းထဲက ယေဟောဝါမိန့်တော်မူခဲ့သည်။ (ယောဘ ၃၈:၁) ယောဘအား မေးခွန်းများ ဆက်တိုက်မေးမြန်းတော်မူခဲ့၏။ ‘မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ သမုဒ္ဒရာကို အဘယ်သူသည် တံခါးပိတ်နှင့်ပိတ်ထားသနည်း။ လှိုင်းတံပိုးဆုံးရာအရပ်ကို မည်သူကန့်သတ်ထားသနည်း။ မိုးတိမ်များကို မိုးရွာစေခြင်းငှာ သင်ပြုနိုင်သလော။ မြက်ပင်ပေါက်စေနိုင်သလော။ ကြယ်စုတို့ကို ထိန်းချုပ်၍ သွားရာလမ်းကို ညွှန်ကြားနိုင်သလော။’ ယောဘဝတ္ထု အခန်းကြီး ၃၈ မှ ၄၁ တစ်လျှောက် ဤကဲ့သို့သောမေးခွန်းများနှင့် ဖန်ဆင်းခြင်းဆိုင်ရာ အခြားမြောက်မြားစွာသောမေးခွန်းများကို ယောဘအား ယေဟောဝါရှင်သည် ဆက်တိုက်မေးမြန်းတော်မူခဲ့သည်။ ဘုရားသခင်နှင့်လူစပ်ကြား ကျယ်ဝန်းကြီးမားသောကွာဟမှုရှိသည်ကို ယောဘအား သဘောပေါက်စေတော်မူခဲ့သည်။ ယောဘ မစွမ်းဆောင်နိုင်သည်သာမက နားမလည်နိုင်သည့်တိုင်ဖြစ်သော ဘုရားသခင့်ဖန်ဆင်းခြင်း၌ထင်ရှားသည့် ဉာဏ်ပညာနှင့်တန်ခိုးတော်ကို ပိုင်နိုင်စွာသတိပေးတော်မူခဲ့သည်။ ကိုယ်တော့်ဖန်ဆင်းရာများ၌ ထင်ရှားသော အနန္တတန်ခိုးရှင်ဘုရားသခင်၏ စိုးရွံ့ဖွယ်တန်ခိုးတော်နှင့်အံ့ချီးဖွယ်ဉာဏ်ပညာတော်ကြောင့် ယောဘသည် အလွန်အံ့သြတွေဝေသွားပြီးနောက် ယေဟောဝါနှင့် မိမိအငြင်းပွားဝံ့ခဲ့ခြင်းကို သူထိတ်လန့်သွားလေသည်။ ယင်းကြောင့် သူက “သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏” ဟုပြောဆိုလေသည်။—ယောဘ ၄၂:၅။
၄။ ယေဟောဝါ၏ဖန်ဆင်းရာများမှ အဘယ်အရာကို သိမြင်နားလည်သင့်သနည်း။ ယင်းကိုမသိမြင်သူများ၏အခြေအနေကား အဘယ်နည်း။
၄ ရာစုနှစ်များစွာကုန်လွန်လေသော် ယေဟောဝါ၏အရည်အချင်းတော်များကို ဖန်ဆင်းရာများမှ သိမြင်နားလည်နိုင်ကြောင်း မှုတ်သွင်းခံကျမ်းရေးသူတစ်ဦး ထောက်ခံခဲ့သည်။ ရောမ ၁:၁၉၊ ၂၀ တွင် တမန်တော်ပေါလုက “သိအပ်သောဘုရားသခင်၏အကြောင်းအရာတို့သည် သူတို့တွင်ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ” ဟုရေးသားခဲ့သည်။
၅။ (က) လူသား၌ အဘယ်မွေးရာပါ လိုအင်ဆန္ဒရှိသနည်း။ ယင်းကို အချို့သူများ မည်သို့မတော်မလျော်ဖြည့်စွက်သနည်း။ (ခ) အာသင်မြို့ရှိ ဂရိတို့ထံ ပေါလု၏ ထောက်ခံတင်ပြချက်ကားအဘယ်နည်း။
၅ မိမိထက်ကြီးမားသောတန်ခိုးကို ကိုးကွယ်ရန် မွေးရာပါလိုအင်ဆန္ဒနှင့် လူသား ဖန်ဆင်းခံခဲ့ရသည်။ ဒေါက်တာ ကေ၊ ဂျီ၊ ဂျွန်က သူ၏ The Undiscovered Self စာအုပ်တွင် ဤလိုအင်ဆန္ဒသည် “လူ၌သာရှိသော ပင်ကိုယ်စိတ်သဘောထားဖြစ်၍ လူ့သမိုင်းတစ်လျှောက် ယင်းသဘောထား ထင်ရှား” ကြောင်းဖော်ပြပါသည်။ လူ့မွေးရာပါ ကိုးကွယ်ဝတ်ပြုလိုစိတ်ကြောင့် အာသင်မြို့ရှိ ဂရိများသည် သူတို့သိသော၊ မသိသောနတ်ဘုရား မြောက်မြားစွာတို့၏နှင့် ယဇ်ပလ္လင်များကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တမန်တော်ပေါလုပြောခဲ့ပါသည်။ စစ်မှန်သောဘုရားသခင်ကို သူတို့အား ပေါလုဖော်ပြခဲ့၍ ထိုစစ်မှန်သောဘုရားသခင် ယေဟောဝါကိုရှာဖွေခြင်းအားဖြင့် ဤမွေးရာပါဆန္ဒကို မှန်ကန်စွာဖြည့်စွက်ပေးသင့်ကြောင်း၊ “ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်။ . . . ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ကြောင်း ရှင်းပြခဲ့သည်။ (တမန်တော် ၁၇:၂၂-၃၀) ကိုယ်တော့်ဖန်ဆင်းရာများနှင့် ကျွန်ုပ်တို့နီးကပ်နေသကဲ့သို့ ကိုယ်တော်၏အရည်အချင်းများနှင့် ဂုဏ်အင်္ဂါများကို သိမြင်နားလည်ခြင်းတွင် ကျွန်ုပ်တို့နီးကပ်နေရမည်။
အံ့သြဖွယ် ရေသံသရာ
၆။ ရေသံသရာတွင် ယေဟောဝါ၏အဘယ်အရည်အချင်းများကို ကျွန်ုပ်တို့တွေ့မြင်နိုင်သနည်း။
၆ ရေတန်ချိန်ပေါင်းများစွာ သယ်ဆောင်ထားသည့် တိမ်ခိုးတိမ်ငွေ့၌ ယေဟောဝါ၏အဘယ်အရည်အချင်းများကို တွေ့မြင်နိုင်သနည်း။ ကိုယ်တော့်မေတ္တာနှင့်ဉာဏ်ပညာတော်ကို တွေ့ရသည်။ အကြောင်းမှာ၊ ဤနည်းဖြင့် မြေကြီးအကျိုးအလို့ငှာ မိုးရွာသွန်းစေတော်မူသည်။ ဤအမှုကို ဒေသနာ ၁:၇ တွင်ဖော်ပြထားသည့် အံ့ချီးဖွယ်တီထွင်မှုဖြစ်သော ရေသံသရာအားဖြင့် ဖြစ်စေတော်မူသည်။ “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။” ယင်းအမှုသည် မည်သို့ဖြစ်ပျက်ကြောင်းကို ယောဘဝတ္ထုက အတိအကျဖော်ပြပါသည်။
၇။ သမုဒ္ဒရာမှ တိမ်တိုက်များသို့ ရေမည်သို့ရောက်သွားပြီး တိမ်ခိုးတိမ်ငွေ့များသည် ရေတန်ပေါင်းများစွာကို မည်သို့သယ်ဆောင်ထားနိုင်သနည်း။
၇ မြစ်ရေတို့သည် ပင်လယ်ထဲစီးဆင်းသွားပြီးနောက် ထိုတွင်တည်ရှိမနေပါ။ ယေဟောဝါသည် “ရေကိုသုန်ဖျင်းစေ၍ အထက်သို့ဆွဲယူတော်မူသဖြင့် ရေငွေ့ရှိသည်အတိုင်း မိုးရွာ” စေတော်မူသည်။ ရေသည် ရေခိုးရေငွေ့မှတစ်ဆင့် သေးဖွဲသည့်နှင်းစက်ပမာရှိသည့်အတွက် “ပညာစုံလင်သောဘုရား၏ အံ့ဖွယ်သောအမှုတော်တည်းဟူသော မိုးတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း” ရှိသည်။ (ယောဘ ၃၆:၂၇။ ၃၇:၁၆) မြူခိုးဖြစ်နေစဉ်အတွင်း မိုးတိမ်သည် ပေါလောမျောနေသည်။ “ထူထပ်သောမိုးတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍ မိုးတိမ်သည် မစုတ်မပြတ်နေ၏။” သို့မဟုတ် အခြားဘာသာပြန်တစ်ခုဆိုသကဲ့သို့ “ထူထပ်သောမိုးတိမ်များတွင် ရေကိုလှောင်ထားတော်မူ၍ လေးပင်မှုဖြင့် မိုးတိမ်များ ပေါက်ကွဲခြင်းမရှိ။”— ယောဘ ၂၆:၈၊ NE.
၈။ အဘယ်အဆင့်ဆင့်နည်းဖြင့် “မိုးကောင်းကင်၏ရေဘူးတို့” သည် ရေသွန်းချ၍ ရေသံသရာလည်ပတ်စေသနည်း။
၈ ဤ “မိုးကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချ” နိုင်သနည်း။ (ယောဘ ၃၈:၃၇) ထိုအရပ်၌ ဦးစွာတည်ရှိစေတော်မူသော၊ “ပညာစုံလင်သောဘုရား”၊ “ရေငွေ့ရှိသည်အတိုင်း မိုးရွာ” စေတော်မူသောအရှင်သခင် ဖြစ်တော်မူသည်။ မြူမှုန်မှမိုးပေါက်ဖြစ်လာနိုင်ရန် ဘာလိုအပ်သနည်း။ မြေမှုန့်၊ သို့မဟုတ် ဆားပွင့်ကဲ့သို့သော အတိုင်းထက်အလွန်သေးနုပ်သည့်အခဲရှိရမည်ဖြစ်ကာ လေထု တစ်ကုဗလက်မတိုင်းတွင် ထောင်ပေါင်းများစွာမှ သန်းကုဋေချီ၍ ယင်းတို့ရှိရပြီး အစက်ဝိုင်းဖြစ်ရန် ပင်မဖြစ်သည်။ ပျမ်းမျှမိုးစက်တစ်စက်တွင် သေးနုပ်သောမိုးပေါက်တစ်သန်းမျှရှိသည်ဟု ခန့်မှန်းထားပါသည်။ ဤအမှုများဖြစ်ပျက်ပြီးနောက်တွင်သာ ပင်လယ်ထဲသို့ ရေကိုပြန်စီးဆင်းစေသော မြစ်ရေရှိစေရန် မိုးတိမ်တို့သည် မြေကြီးပေါ်သို့ မိုးရွာသွန်းစေနိုင်ပါသည်။ ဤနည်းဖြင့် ရေသံသရာ လည်ပတ်လေ၏။ ယင်းသို့ မတော်တဆဖြစ်လာခြင်းလော။ “ကိုယ်အပြစ်ကိုမဖုံးနိုင်” သည်မှာအမှန်ပင်။
ရှောလမုန် ဉာဏ်ပညာရှိခြင်း၏ အကြောင်းရင်း
၉။ ပရွက်ဆိတ်တစ်မျိုး၏ အဘယ်ထူးခြားချက်ကို ရှောလမုန်တွေ့ရှိခဲ့သနည်း။
၉ ရှေးခေတ်က ရှောလမုန်၏ဉာဏ်ပညာသည် ပြိုင်စံရှားသည်။ ထိုဉာဏ်ပညာသည် ယေဟောဝါ၏ဖန်ဆင်းခြင်းနှင့် ပတ်သက်သည်ကားများ၏။ “[ရှောလမုန်သည်] လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာပေါက်တတ်သော ဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏အကြောင်းကိုလည်း မြွက်ဆို၏။” (၃ ဓမ္မရာဇဝင် ၄:၃၃) ဤရှောလမုန်မင်းကြီးပင်လျှင် “အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏” ဟုရေးသားခဲ့သည်။—သု၊ ၆:၆-၈။
၁၀။ ရှောလမုန်ဖော်ပြသည့် စပါးရိတ်သိမ်းသောပရွက်ဆိတ်များအကြောင်းသည် မှန်ကန်ကြောင်း မည်သို့ထင်ရှားလာသနည်း။
၁၀ ချမ်းစိမ့်သောဆောင်းကာလအတွက် နွေအခါတွင် အစာရှာဖွေ စုဆောင်းထားရမည်ဟု ပရွက်ဆိတ်အား မည်သူသွန်သင်ထားသနည်း။ ဆောင်းတွင်း၌သုံးဆောင်ရန် စပါးရိတ်သိမ်းတတ်သည့် ပရွက်ဆိတ်များအကြောင်း ရှောလမုန်၏ ဤမှတ်တမ်းတင်ချက်ကို ရာစုနှစ်ချီ၍ ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။ ယင်းတို့ရှိကြောင်း မည်သူမျှမတွေ့ခဲ့ပါ။ သို့သော် ၁၈၇၁ ခုနှစ်တွင် သစ်ပင်နှင့်သဘာဝကိုလေ့လာသူ ဗြိတိသျှအမျိုးသားတစ်ဦးသည် ယင်းတို့၏ မြေအောက်စပါးကျီများကို တွေ့ရှိခဲ့လေသည်။ ထိုအခါ ယင်းတို့အကြောင်း ကျမ်းစာ၏မှတ်တမ်းတင်ချက်သည် တိကျမှန်ကန်ကြောင်း ထင်ရှားလာလေသည်။ သို့ရာတွင် ဆောင်းတွင်း၏ချမ်းစီးသောအချိန် နီးကြောင်းကို နွေကာလတွင်သိရှိရန် ဤပရွတ်ဆိတ်များသည် မည်သို့မြော်မြင်တတ်လာသနည်း။ မည်သို့ပြုလုပ်ရန် အကြံပေါ်လာသနည်း။ ယေဟောဝါ၏ဖန်ဆင်းရာများ ဆက်လက်အသက်ရှင်တည်တံ့ရေးအတွက် ယင်းတို့၌ ဉာဏ်ပညာထည့်သွင်းခံရကြောင်း သမ္မာကျမ်းစာကိုယ်နှိုက်က ရှင်းပြထားသည်။ စပါးရိတ်သောပရွက်ဆိတ်များသည် ဖန်ဆင်းရှင်ထံမှ ဤကောင်းချီးကိုခံစားခဲ့ရသည်။ သု၊ ၃၀:၂၄၊ (ကဘ) က “သူတို့သည် ပင်ကိုယ်အသိစိတ်ပညာရှိသည်” ဟုဆိုသည်။ ဤပညာသည် မတော်တဆဖြစ်လာသည်ဟုပြောဆိုခြင်းမှာ ယုတ္တိမရှိ၊ ယင်းနောက်ဝယ်တွင် ပညာရှင်ဖန်ဆင်းသခင်ရှိကြောင်း သဘောမပေါက်နိုင်ခြင်းသည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာဖြစ်သည်။
၁၁။ (က) ကြီးမားသောစီကွာယာပင်သည် အဘယ်ကြောင့်အံ့သြတွေဝေစရာဖြစ်သနည်း။ (ခ) အလင်းမှီစုဖွဲ့ခြင်း၏ ပထမဓာတ်ပြုမှုသည် အဘယ်ကြောင့် အံ့ဩစရာကောင်းသနည်း။
၁၁ ကြီးမားသောစီကွာယာပင်ခြေရင်းတွင် ရပ်နေသူသည် ယင်း၏ကြီးမားထည်ဝါမှုကို အံ့သြတွေဝေနေ၍ မိမိကိုယ်ကို ပရွက်ဆိတ်ပမာယူမှတ်မိခြင်းသည် မထူးဆန်းပါ။ အပင်၏အရွယ်အစားသည် စိုးရွံ့ထိတ်လန့်ဖွယ်ဖြစ်သည်။ ပေ ၃၀၀ အမြင့်ရှိ၍ အချင်း ၃၆ ပေ၊ အခေါက်မှာမူ ၂ ပေထူပြီး ယင်း၏အမြစ်များသည် သုံးလေးဧကအထိ ဖြာထွက်နေသည်။ သို့ဖြစ်၍ပင် သာ၍အံ့သြစရာကောင်းသည်ကား ယင်းကြီးထွားလာပုံ၏ ဓာတုနှင့်ရူပဗေဒဆိုင်ရာ နိယာမပင်ဖြစ်သည်။ ယင်း၏သစ်ရွက်များသည် အမြစ်များမှ ရေကိုစုပ်တင်သည်၊ လေထုမှ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ နေမှ စွမ်းအင်ကိုယူကာ အချိုဓာတ်ကိုထုတ်လုပ်၍ အောက်စီဂျင်ထုတ်လွှတ်ပါသည်။—ယင်းကို အလင်းမှီစုဖွဲ့ခြင်းဟုခေါ်ကာ ထိုတွင် ဓာတ်ပြုခြင်းပေါင်း ၇၀ ပါဝင်၍ အားလုံးတို့ကို နားမလည်နိုင်သေးပါ။ အံ့ဩစရာကား၊ ပထမဓာတ်ပြုခြင်းငှာ နေရောင်ခြည်အသင့်အတင့်၊ အလင်းလှိုင်း၏အတိုအရှည်လည်း အသင့်အတင့်ရှိရန်လိုသည်။ သို့မဟုတ်လျှင် အလင်းမှီစုဖွဲ့ခြင်းစတင်ရန် ကလိုရိုဖီး မော်လီကျူးတို့က စုပ်ယူနိုင်လိမ့်မည်မဟုတ်ပါ။
၁၂။ (က) စီကွာယာပင်၏ ရေကိုသုံးစွဲပုံသည် အဘယ်ကြောင့်ထူးဆန်းသနည်း။ (ခ) အပင်ကြီးထွားရေးအတွက် နိုက်ထရိုဂျင် အဘယ်ကြောင့်လိုသနည်း။ ယင်း၏သံသရာ မည်သို့လည်ပတ်သနည်း။
၁၂ အံ့ဩစရာဖြစ်သေးသည်ကား ဤ ပေ ၃၀၀ အမြင့်ရှိအလွန်ကြီးမားသောအပင်ထိပ်အထိရောက်ရန် အမြစ်များမှ ရေထုကို စုပ်တင်နိုင်ခြင်းဖြစ်သည်။ အလင်းမှီစုဖွဲ့ခြင်းအတွက် လိုအပ်သောရေထက်မက ရေများစွာကို စုပ်တင်ပါသည်။ ရေပိုကို သစ်ရွက်များမှတစ်ဆင့် လေထုထဲသို့အငွေ့ပြန်ပါသည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့ချွေးထွက်သည့်အခါ အသားအေးသကဲ့သို့ သစ်ပင်လည်း ရေကြောင့်အေးနေပါသည်။ ကြီးထွားရန် ပရိုတင်းဓာတ်ဖြစ်ပေါ်စေဖို့ သကြားဓာတ်၊ သို့မဟုတ် ကာဘိုဟိုက်ဒရိတ်တွင် နိုက်ထရိုဂျင်လိုပါသည်။ သစ်ရွက်သည် လေထုမှရသော နိုက်ထရိုဂျင်ဓာတ်ငွေ့ကိုအသုံးမပြုနိုင်ပါ။ သို့သော် မြေကြီးရှိ နိုက်ထရိုဂျင်ဓာတ်ငွေ့ကို မြေဆီလွှာ ဇီဝရုပ်များသည် ရေတွင်ပျော်ဝင်နိုင်သည့် နိုက်ထရိတ်နှင့်နိုက်ထရိုက်အဖြစ်သို့ အသွင်ပြောင်းလဲစေပြီး ယင်းတို့ကို အမြစ်များမှ သစ်ရွက်အထိ ပို့ဆောင်ပေးပါသည်။ ဤနိုက်ထရိုဂျင်ကို ပရိုတင်း၌ အသုံးပြုခဲ့သော သစ်ပင်နှင့်တိရစ္ဆာန်များ သေ၍ပုပ်ပျက်သည့်အခါ နိုက်ထရိုဂျင်ကိုထုတ်လွှတ်လိုက်ရာ နိုက်ထရိုဂျင်သံသရာလည်ပတ်မှု တစ်ပတ်လည်သွားပါသည်။ ယင်းသို့ဖြစ်ပျက်ရန် အလွန်ရှုပ်ထွေးပွေလီလွန်းသဖြင့် မတော်တဆဖြစ်မှု အဘယ်နည်းဖြင့်မျှမဖြစ်နိုင်ရာ။
အသံမပြု၊ စကားမပြော၊ မြွက်ဆိုခြင်းမရှိဘဲ ပြောဆိုသည်တကား
၁၃။ ကြယ်အတိပြီးသောကောင်းကင်သည် ဒါဝိဒ်အား ဘာကြားပြောသနည်း။ ကျွန်ုပ်တို့အား ဆက်၍ဘာကြားပြောသေးသနည်း။
၁၃ ရှုစားသူကို ကြည်ညိုလေးစားမှုဖြင့်ပြည့်စေသည့် ကြယ်အတိပြီးသော ညကောင်းကင်ယံမှ ဖန်ဆင်းရှင်၏ အဘယ်မျှ ခန့်ညားဖွယ်လက်ရာတော် ပေါ်ထွက်လာပါသည်တကား။ ဆာလံ ၈:၃၊ ၄ တွင် ဒါဝိဒ်ခံစားရသည့် စိုးရွံ့စိတ်ကို ဖော်ကျူးထားသည်။ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်တို့ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။” မြင်နိုင်သော မျက်လုံး ကြားနိုင်သော နား၊ ခံစားတတ်သော နှလုံးရှိသူများအတွက် ဤကြယ်အတိပြီးသောကောင်းကင်သည် ဒါဝိဒ်အား ဖွင့်ဟပြောဆိုခဲ့သကဲ့သို့ မြွက်ဆိုပါလိမ့်မည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော” ပါသည်။—ဆာလံ ၁၉:၁-၄။
၁၄။ ကြယ်တာရာတစ်ခု၏ ကြီးမားသောစွမ်းအင်သည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။
၁၄ ကြယ်တာရာများအကြောင်း ကျွန်ုပ်တို့သိရှိရလေ ယင်းတို့သည် ကျွန်ုပ်တို့အား ကျယ်လောင်စွာပြောဆိုကြလေဖြစ်သည်။ ဟေရှာယ ၄၀:၂၆ တွင် ယင်းတို့၏ အလွန်ကြီးမားသောစွမ်းအင်ကို သတိပြုရန်ကျွန်ုပ်တို့အားဖိတ်ခေါ်ထားပါသည်။ “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့်ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။” ယင်းတို့အနက် တစ်ခုဖြစ်သော ကျွန်ုပ်တို့နေဝန်း၏ ဆွဲငင်အားနှင့် ကြီးမားသောစွမ်းအင်သည် ကမ္ဘာဂြိုဟ်သွားရာလမ်းကြောင်း၌တည်စေ၍ အပင်များကိုကြီးထွားစေသည်၊ ကျွန်ုပ်တို့ကို နွေးထွေးစေသည့်ပြင် သက်ရှိများအား ကမ္ဘာပေါ်တည်တံ့စေသည်။ မှုတ်သွင်းခြင်းအားဖြင့် တမန်တော်ပေါလုက “ကြယ်တို့၏ဂုဏ်အသရေတစ်မျိုး အသီးအသီးရှိကြ” ၏ဟုဆိုခဲ့သည်။ (၁ ကောရိန္သု ၁၅:၄၁) ကျွန်ုပ်တို့နေဂြိုဟ်ကဲ့သို့သော အဝါရောင်ကြယ်များ၊ ကြယ်ပြာများ၊ အနီရောင် ဧရာမကြယ်များ၊ အဖြူရောင် သေးသိမ်သောကြယ်များ၊ နျူထရွန်ကြယ်များနှင့် အတိုင်းထက်အလွန် ကြီးမားသောစွမ်းအား ထုတ်လွှတ်သည့် ပေါက်ကွဲတတ်သော စံလွန်နိုဗာကြယ်များအကြောင်း သိပ္ပံပညာရပ်က ဖော်ပြထားပါသည်။
၁၅။ ဖန်ဆင်းခြင်းမှ တီထွင်သူများစွာတို့သည် အဘယ်အရာကိုတတ်သိလာ၍ ကြိုးစားအတုယူလုပ်ကိုင်ခဲ့ကြပြီနည်း။
၁၅ တီထွင်သူများစွာတို့သည် ဖန်ဆင်းခြင်းမှ တတ်သိသင်ယူခဲ့၍ သက်ရှိသတ္တဝါများ၏စွမ်းအင်များကို ကြိုးစားအတုယူလုပ်ကိုင်ခဲ့ကြပြီ။ (ယောဘ ၁၂:၇-၁၀) ဖန်ဆင်းခြင်းမှ ထူးခြားထင်ရှားသောအသွင်အပြင်အချို့ကိုသာ သတိပြုပါလေ။ ပင်လယ်ရေ ဆားကိုဖယ်သောဂလင်းများရှိ ပင်လယ်ငှက်များ၊ လျှပ်စစ်ထုတ်လွှတ်သောငါးနှင့်ငါးရှဉ့်များ၊ အေးမြသောအလင်းပေးသည့် ငါးများ၊ တီကောင်နှင့်ပိုးမွှားများ၊ ဆိုနာအသုံးပြုသည့် လင်းနို့နှင့်လင်းပိုင်ငါးကြီးများ၊ စက္ကူလုပ်တတ်သော နကျယ်ကောင်များ၊ တံတားထိုးသည့် ပရွက်ဆိတ်များ၊ တမံဆည်သည့် ဖျံများ၊ ကိုယ်တွင်းအပူချိန်တိုင်းကိရိယာရှိ မြွေများ၊ ရေအောက် အသက်ရှူရန်ကိရိယာများနှင့် ရေငုပ်ခေါင်းလောင်းများအသုံးပြုသည့် ရေကန်ပိုးမွှားများ၊ ဂျက်နှင်အားကိုအသုံးပြုသော ရေဘဝဲများ၊ ပင့်ကူအိမ်အမျိုးပေါင်း ခုနစ်ခု၊ မျက်နှာကြက်ပေါက်များ၊ ပိုက်ကွန်များ၊ ကွင်းလျှောကြိုးများ ပြုလုပ်တတ်၍ အမြင့်ပေများစွာတွင် မိုင်ပေါင်းထောင်ချီ၍ မီးပုံးပျံစီးတတ်သော သားငယ်များရှိ ပင့်ကူများ၊ ရေငုပ်သင်္ဘောများကဲ့သို့ ပေါလောမျောစေသောကန်များအသုံးပြုသည့် ငါးနှင့်ပုစွန် ကဏန်းမျိုးများ၊ အံ့ဩစရာကောင်းလောက်အောင် နေရပ်ရွှေ့ပြောင်းတတ်သော ငှက်များ၊ ပိုးမွှားများ၊ ပင်လယ်လိပ်များ၊ ငါးများနှင့်နို့တိုက်သတ္တဝါများ—သိပ္ပံစွမ်းအား ရှင်းမပြနိုင်လောက်သည့် စွမ်းဆောင်မှုများဖြစ်သည်။
၁၆။ သိပ္ပံပညာရပ်မသိရှိမီ နှစ်ပေါင်းထောင်ချီအချိန်ကတည်းက အဘယ်သိပ္ပံဆိုင်ရာအမှန်တရားများကို သမ္မာကျမ်းစာက ကြိုတင်မှတ်တမ်းတင်ထားသနည်း။
၁၆ သိပ္ပံဆိုင်ရာအမှန်တရားများကို သိပ္ပံပညာရပ်မသိရှိမီ နှစ်ပေါင်းထောင်ချီ၍ သမ္မာကျမ်းစာက ကြိုတင်မှတ်တမ်းတင်ထားပါသည်။ ပါ့စ်ချယ်မတိုင်မီ နှစ်ပေါင်းထောင်ချီ၍ ရောဂါပိုးများအကြောင်း (ဘီစီအီး ၁၆ ရာစုမှ) မောရှေ၏ပညတ္တိကျမ်းက ဖော်ပြခဲ့သည်။ (ဝတ်ပြုရာ၊ အခန်းကြီး ၁၃၊ ၁၄) ဘီစီအီး ၁၇ ရာစုတွင် ယောဘက “မြေကြီးကို အခုအခံမရှိ ဆွဲထားတော်မူ၏” ဟုဆိုသည်။ (ယောဘ ၂၆:၇) ခရစ်တော်မကြွလာမီ အနှစ်တစ်ထောင်က သွေး၏လည်ပတ်မှုအကြောင်း ရှောလမုန်ရေးသားခဲ့သည်။ ယင်းအကြောင်းကို ဆေးဘက်ဆိုင်ရာသိပ္ပံပညာက ၁၇ ရာစုနှစ်၌သာ သိရှိလာပါသည်။ (ဒေသနာ ၁၂:၆) ထိုအချိန်မတိုင်မီ ဆာလံ ၁၃၉:၁၆ က မျိုးရိုးပညာရပ်ဥပဒေအကြောင်း ဖော်ပြခဲ့သည်။ “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည်ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။” နေရပ်ပြောင်းရွှေ့ခြင်းအကြောင်း သဘာဝပညာရှင်များ မသိရှိမီ ဘီစီအီး ၇ ရာစုတွင် ယေရမိ ၈:၇ ၌မှတ်တမ်းတင်ထားသည့်အတိုင်း ယေရမိရေးသားခဲ့သည်။ “မိုးကောင်းကင်၌ကျင်လည်သော တောငန်းသော်လည်း မိမိအချိန်ကိုသိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဆက်ရက်သော်လည်း မိမိပြန်လာချိန်ကိုမှတ်တတ်၏။”
ဆင့်ကဲဝါဒီများရွေးချယ်နေသည့် “ဖန်ဆင်းရှင်”
၁၇။ (က) ဖန်ဆင်းခြင်းအံ့ဖွယ်ရာများနောက်ဝယ် အသိဉာဏ်ရှိသောဖန်ဆင်းရှင်ရှိသည်ကို လက်မခံလို၊ ငြင်းပယ်သူအချို့အကြောင်း ရောမ ၁:၂၁-၂၃ ကမည်သို့ဆိုသနည်း။ (ခ) တစ်နည်းအားဖြင့် ဆင့်ကဲဝါဒီများသည် သူတို့၏ “ဖန်ဆင်းရှင်” အဖြစ် အဘယ်အရာကိုရွေးချယ်ထားသနည်း။
၁၇ ဖန်ဆင်းခြင်းအံ့ဖွယ်ရာများနောက်ဝယ် အမြော်အမြင်ရှိသောဖန်ဆင်းရှင်ရှိသည်ကို လက်မခံလို၊ ငြင်းပယ်သူအချို့အကြောင်း ကျမ်းချက်တစ်ချက်က ဤသို့ဆိုသည်။ “သူတို့သည် . . . အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည်ကြသည်ဖြစ်၍ မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ဂုဏ်တော်ကိုပယ်လျက် ဖောက်ပြန်ပျက်စီးတတ်သောလူ . . . ၊ သားငှက်အစရှိသော တွားတတ်သောတိရစ္ဆာန် . . . တို့ကို ဘုရားသခင်အရာ၌ချီးမြှောက်ကြ၏။” “သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက် ဖန်ဆင်းတတ်သောသခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။” (ရောမ ၁:၂၁-၂၃၊ ၂၅) စိတ်ကူးစိတ်သန်းအရ တဖြည်းဖြည်း ကွင်းဆက်ဖြစ်ပေါ်လာသည်ဟုဆိုသော ပရိုတိုဇွာ သက်ဦးကပ်-တီကောင်များ-ငါးများ-ကုန်းနေရေနေ သတ္တဝါများ-တွားသွားသတ္တဝါများ-နို့တိုက်သတ္တဝါများ-“မျောက်ဝံ” ကို “ဖန်ဆင်းရှင်” အဖြစ် တစ်နည်းအားဖြင့် လက်ခံထားသော ဆင့်ကဲဝါဒီသိပ္ပံပညာရှင်များလည်း ထပ်တူပင်ဖြစ်ကြသည်။ သို့ရာတွင် ဤကွင်းဆက်ကို စတင်ပေးရန် ရိုးရိုးလေးမျှဖြစ်သော ဆဲလ်တစ်ခုတည်းရှိသော သက်ရှိ မရှိကြောင်း သူတို့သိထားကြသည်။ အရိုးရှင်းဆုံးသက်ရှိတွင် အက်တမ်ကုဋေတစ်သောင်းအပြင် ယင်း၌ တစ်ကြိမ်တည်းတွင် ထောင်ပေါင်းများစွာသော ဓာတ်ပြုမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
၁၈၊ ၁၉။ (က) သက်ရှိကိုစတီထွင်သူအဖြစ် မည်သူအား ဂုဏ်တင်ထိုက်သနည်း။ (ခ) ယေဟောဝါ၏ဖန်ဆင်းခြင်းလက်ရာတော် မည်မျှကို ကျွန်ုပ်တို့တွေ့ရှိနိုင်သနည်း။
၁၈ ယေဟောဝါဘုရားသခင်သည် သက်ရှိ၏ဖန်ဆင်းရှင် ဖြစ်တော်မူသည်။ (ဆာလံ ၃၆:၉) ကိုယ်တော်သည် အဦးဆုံးသောအကြောင်းရင်းဖြစ်သည်။ ကိုယ်တော်၏နာမတော်၊ ယေဟောဝါ၏အဓိပ္ပာယ်မှာ “ကိုယ်တော်ဖြစ်စေတော်မူ၏” ဖြစ်သည်။ ကိုယ်တော်၏ဖန်ဆင်းရာများကို ရေတွက်၍မကုန်နိုင်ပါ။ လူသား သိရှိထားသည့်အရာတို့ထက်မက သန်းပေါင်းများစွာ ရှိသေးသည်။ ဆာလံ ၁၀၄:၂၄၊ ၂၅ ကယင်းကို အရိပ်အမြွက် ဖော်ပြသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။” ယောဘ ၂၆:၁၄ ကယင်းကို အတိအကျဖော်ပြသည်။ “ဤရွေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော်အသံ အနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူ နားလည်နိုင်သနည်း။” အမှုတော်အရိပ်အမြွက်အချို့ကို တွေ့ရှိထား၏။ စကားတော်အသံ အနည်းငယ်ကို ကြားနာရ၏။ သို့သော် တန်ခိုးတော်မိုးကြိုးသံ အပြည့်အစုံကို နားလည်ရန် ဝေးလေစွတကား။
၁၉ သို့ရာတွင် ကိုယ်တော်၏သဘာဝဖန်ဆင်းခြင်း လက်ရာတော်များမှတစ်ဆင့် ကိုယ်တော်ကိုရှာတွေ့နိုင်သည့် သာ၍ကောင်းသောဇာစ်မြစ်ကို ကျွန်ုပ်တို့ရရှိထားပါသည်။ ထိုသာ၍ကောင်းသောဇာစ်မြစ်ကား ကိုယ်တော်၏နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာ ဖြစ်ပေသည်။ နောက်ဆက်တွဲဆောင်းပါးတွင် ယင်းဇာစ်မြစ်ကို ကျွန်ုပ်တို့လှန်လှောကြည့်ရှုကြမည်။
သင်မှတ်မိသလော
◻ မိုးသက်မုန်တိုင်းထဲက ယေဟောဝါမိန့်တော်မူခဲ့သောအခါ ယောဘ ဘာသိရှိလာခဲ့သနည်း။
◻ လူအချို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာဟု အဘယ်ကြောင့်ပေါလုပြောခဲ့သနည်း။
◻ ရေသံသရာ မည်သို့လည်ပတ်သနည်း။
◻ နေရောင်ခြည်သည် ကျွန်ုပ်တို့အတွက် အဘယ်အရေးကြီးသောအရာများကို ဆောင်ရွက်ပေးသနည်း။
◻ သိပ္ပံပညာရပ်မသိရှိမီကပင် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အဘယ်သိပ္ပံဆိုင်ရာအမှန်တရားများကို ဖော်ပြထားသနည်း။