ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇန်နဝါရီ စာ. ၂၀-၂၅
  • ချစ်ခင်မြတ်နိုးနေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်ခင်မြတ်နိုးနေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ “အလွန် ချစ်ခင်စာနာ”
  • ယောနသန်နဲ့ ဒါဝိဒ် “သိပ်ရင်းနှီး”
  • ချစ်ခင်မြတ်နိုးမှု ပြနိုင်ပုံ
  • “တစ်ဦးကိုတစ်ဦး ချစ်ခင်တွယ်တာကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “သိပ်ရင်းနှီးသွားကြတယ်”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ချစ်ခြင်းမေတ္တာအောင်လံ—အောက်တွင် စည်းစည်းလုံးလုံး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သတ္တိရှိပြီး သစ္စာစောင့်သိတဲ့ ယောနသန်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇန်နဝါရီ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၄

ချစ်ခင်မြတ်နိုးနေပါ

“အချင်းချင်း ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်မြတ်နိုးပါ။”—ရော. ၁၂:၁၀။

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ

အကြိုသုံးသပ်ချက်a

၁။ ဒီနေ့ မိသားစုအတွင်း ချစ်ခင်တွယ်တာစိတ် မရှိကြတော့ကြောင်း ဘယ်အချက်တွေက ပြနေသလဲ။

နောက်ဆုံးကာလမှာ လူတွေဟာ “ချစ်ခင်တွယ်တာစိတ်” မရှိသူတွေ ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုပြောတယ်။ (၂ တိ. ၃:၁၊ ၃) ဒီနေ့အချိန်မှာ အဲဒီကြိုဟောချက် ပြည့်စုံနေတာ တွေ့ရတယ်။ ဥပမာ၊ ကွာရှင်းမှုကြောင့် အချင်းချင်း နာကြည်းနေတဲ့ မောင်နှံတွေ၊ အချစ်မခံရဘူးလို့ ခံစားရတဲ့ သားသမီးတွေ များလာတယ်။ တချို့ကျတော့ တစ်အိမ်တည်း နေပေမဲ့ သူစိမ်းတွေလိုပဲ။ “မိခင်၊ ဖခင်နဲ့ ကလေးတွေဟာ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်း၊ ဗီဒီယိုဂိမ်းတွေနဲ့ပဲ အချိန်ကုန်နေပြီး အချင်းချင်း အဆက်အဆံ မရှိကြတော့ဘူး။ တစ်မိုးအောက်မှာ နေပေမဲ့ တစ်ကမ္ဘာစီ ခြားနေကြတယ်” လို့ မိသားစု အကြံပေးတစ်ယောက် ပြောတယ်။

၂-၃။ (က) ရောမ ၁၂:၁၀ အရ ဘယ်သူတွေကို ချစ်ခင်မြတ်နိုးသင့်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၂ မေတ္တာခေါင်းပါးတဲ့ လောကရဲ့ ပုံသွင်းမှုကို ကျွန်တော်တို့ မခံချင်ကြပါဘူး။ (ရော. ၁၂:၂) မိသားစုကိုသာမက ညီအစ်ကို/မတွေကိုပါ ချစ်ခင်မြတ်နိုးရမယ်။ (ရောမ ၁၂:၁၀ ကိုဖတ်ပါ။) ချစ်ခင်မြတ်နိုးမှုဆိုတာ ဘာလဲ။ မိသားစုဝင်တွေကြားမှာ ရှိတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးကို ဆိုလိုတယ်။ အဲဒီလို ချစ်ခင်မြတ်နိုးမှုမျိုးကို ခရစ်ယာန် ညီအစ်ကို/မတွေအပေါ်မှာလည်း ပြသင့်တယ်။ ချစ်ခင်မြတ်နိုးမှု ပြတာဟာ စစ်မှန်တဲ့ ဝတ်ပြုရေးရဲ့ အဓိက အသွင်အပြင် ဖြစ်တဲ့ စည်းလုံးမှု တိုးပွားအောင် လုပ်နေတာပဲ။—မိ. ၂:၁၂။

၃ ချစ်ခင်မြတ်နိုးတတ်လာဖို့၊ ချစ်ခင်မြတ်နိုးကြောင်း ပြတတ်ဖို့ ကျမ်းစာပုံနမူနာတွေကနေ ဘာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။

ယေဟောဝါ “အလွန် ချစ်ခင်စာနာ”

၄။ ယာကုပ် ၅:၁၁ က ယေဟောဝါရဲ့ မေတ္တာအကြောင်း ဘယ်လို ဖော်ပြသလဲ။

၄ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ” ဖြစ်တယ်။ (၁ ယော. ၄:၈) အဲဒီအချက်ကြောင့် ယေဟောဝါကို ကျွန်တော်တို့ ချစ်တတ်လာတယ်။ ဒါ့အပြင် ယေဟောဝါဟာ “အလွန် ချစ်ခင်စာနာ” တယ်လို့လည်း ဖော်ပြတယ်။ (ယာကုပ် ၅:၁၁ ကိုဖတ်ပါ။) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း လှလှပပ ဖော်ပြလိုက်တာပဲ။

၅။ ယေဟောဝါ ကရုဏာ ဘယ်လို ပြသလဲ။ ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။

၅ ယာကုပ် ၅:၁၁ မှာ ယေဟောဝါရဲ့ ချစ်ခင်စာနာမှုကို နောက်အရည်အသွေး ဖြစ်တဲ့ ကရုဏာနဲ့ ဆက်စပ်ထားတယ်။ (ထွ. ၃၄:၆) ယေဟောဝါ ကရုဏာပြတဲ့ တစ်နည်းကတော့ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးခြင်းပါပဲ။ (ဆာ. ၅၁:၁) ဒါပေမဲ့ ကျမ်းစာမှာ ပြောတဲ့ ကရုဏာပြခြင်းမှာ ခွင့်လွှတ်ခြင်းထက်မက ပါဝင်တယ်။ ဒုက္ခရောက်နေသူကို မြင်ပြီး ကူညီချင်စိတ် ပေါ်လာစေတဲ့ ပြင်းပြတဲ့ ခံစားချက် ဖြစ်တယ်။ ကျွန်တော်တို့ကို ကူညီပေးချင်တဲ့ ယေဟောဝါရဲ့ ပြင်းပြတဲ့ ခံစားချက်ဟာ ရင်သွေးအပေါ် ထားတဲ့ မိခင်ရဲ့ ခံစားချက်ထက် ပိုတယ်။ (ဟေရှာ. ၄၉:၁၅) ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ ကရုဏာက ယေဟောဝါကို လှုံ့ဆော်ပေးတယ်။ (ဆာ. ၃၇:၃၉။ ၁ ကော. ၁၀:၁၃) ကျွန်တော်တို့လည်း ညီအစ်ကို/မတွေကို ခွင့်လွှတ်ခြင်း၊ အငြိုးမထားခြင်းအားဖြင့် ကရုဏာ ပြနိုင်တယ်။ (ဧ. ၄:၃၂) ဒါပေမဲ့ ကရုဏာ ပြနိုင်တဲ့ အဓိက နည်းကတော့ ညီအစ်ကို/မတွေ ဒုက္ခရောက်ချိန်မှာ ထောက်မပေးခြင်းပါပဲ။ တခြားသူတွေကို ကရုဏာပြတာက ချစ်ခင်စာနာမှု ပြရာမှာ အကောင်းဆုံး စံနမူနာရှင် ဖြစ်တဲ့ ယေဟောဝါကို တုပရာရောက်တယ်။—ဧ. ၅:၁။

ယောနသန်နဲ့ ဒါဝိဒ် “သိပ်ရင်းနှီး”

၆။ ယောနသန်နဲ့ ဒါဝိဒ် အချင်းချင်း ချစ်ခင်မြတ်နိုးကြောင်း ဘယ်လို ပြသလဲ။

၆ ချစ်ခင်စာနာမှု ပြခဲ့တဲ့ မစုံလင်သူ လူသားတွေအကြောင်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ ယောနသန်နဲ့ ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ “ယောနသန်နဲ့ ဒါဝိဒ်ဟာ သိပ်ရင်းနှီးသွားကြတယ်။ ယောနသန်က ဒါဝိဒ်ကို ကိုယ်နဲ့ ထပ်တူ ချစ်ခင်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ရှ. ၁၈:၁) ဒါဝိဒ်ဟာ ရှောလုနေရာကို ဆက်ခံဖို့ ဘိသိက်ပေးခံရတယ်။ နောက်ပိုင်း၊ ဒါဝိဒ်ကို ရှောလု မနာလို ဖြစ်ပြီး သတ်ဖို့တောင် ကြိုးစားတယ်။ ဒါပေမဲ့ ရှောလုရဲ့ သား ယောနသန်ကတော့ ဒါဝိဒ်ကို သတ်မယ့် ဖခင်ရဲ့ အကြံကို မထောက်ခံဘူး။ ယောနသန်နဲ့ ဒါဝိဒ်ဟာ မိတ်ဆွေ ဖြစ်နေဖို့၊ အချင်းချင်း အမြဲ ထောက်မဖို့ ကတိပြုထားကြတယ်။—၁ ရှ. ၂၀:၄၂။

ယောနသန် ပြောတာကို ဒါဝိဒ် နားထောင်နေ။

အသက်အရွယ် ကွာဟမှုဟာ ယောနသန်နဲ့ ဒါဝိဒ်ရဲ့ ရင်းနှီးမှုအတွက် အတားအဆီး မဖြစ် (စာပိုဒ် ၆-၉ ကိုကြည့်ပါ)

၇။ ယောနသန်နဲ့ ဒါဝိဒ်ကို မိတ်ဆွေဖြစ်ဖို့ ခက်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

၇ မိတ်ဆွေဖြစ်ဖို့ ခက်စေနိုင်တဲ့ အကြောင်းရင်းတွေ ရှိတဲ့ကြားက ယောနသန်နဲ့ ဒါဝိဒ် ချစ်ခင်မြတ်နိုးကြတာ မှတ်သားစရာပါပဲ။ ဥပမာ၊ ယောနသန်ဟာ ဒါဝိဒ်ထက် အသက် ၃၀ လောက် ပိုကြီးတယ်။ ကိုယ့်ထက် အသက် ပိုငယ်ပြီး အတွေ့အကြုံ သိပ်မရှိသူနဲ့ တရင်းတနှီး ပေါင်းဖို့ မလိုဘူးဆိုပြီး ယောနသန် တွေးလို့ ရတယ်။ ဒါပေမဲ့ အဲဒီလို မတွေးခဲ့ဘူး။ ဒါဝိဒ်ကို ကိုယ့်ထက် နိမ့်ကျသူအဖြစ် မယူမှတ်ဘူး။

၈။ ယောနသန်ဟာ ဒါဝိဒ်ရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်လို့ သင် ဘာကြောင့် ထင်သလဲ။

၈ ဒါဝိဒ်ကို ယောနသန် မနာလို ဖြစ်စရာ အကြောင်းရင်းတွေ ရှိတယ်။ ယောနသန်ဟာ ဘုရင် ရှောလုရဲ့ သားဖြစ်လို့ ဘုရင့်အရိုက်အရာ ဆက်ခံခွင့် ရှိတယ်။ (၁ ရှ. ၂၀:၃၁) ဒါပေမဲ့ ယောနသန် နှိမ့်ချတယ်။ ယေဟောဝါအပေါ် သစ္စာစောင့်သိတယ်။ နောက်တက်မယ့် ဘုရင်အဖြစ် ဒါဝိဒ်ကို ယေဟောဝါ ရွေးချယ်တဲ့အခါ အပြည့်အဝ ထောက်ခံတယ်။ ဖခင်ရဲ့ အမျက်တော် ရှခံရတာတောင် ဒါဝိဒ်အပေါ် သစ္စာရှိတယ်။—၁ ရှ. ၂၀:၃၂-၃၄။

၉။ ဒါဝိဒ်ကို ပြိုင်ဘက်လို့ ယောနသန် သဘောထားသလား။ ရှင်းပြပါ။

၉ ယောနသန်ဟာ ဒါဝိဒ်ကို ချစ်ခင်မြတ်နိုးတဲ့အတွက် ပြိုင်ဘက်လို့ သဘောမထားဘူး။ ကျွမ်းကျင်တဲ့ လေးသမား၊ သတ္တိရှိတဲ့ စစ်သူရဲ ယောနသန်နဲ့ ဖခင် ရှောလုဟာ “လင်းယုန်ထက် လျင်မြန်” ပြီး “ခြင်္သေ့ထက် ခွန်အားကြီး” တယ်လို့ နာမည်ရထားတယ်။ (၂ ရှ. ၁:၂၂၊ ၂၃) ဒါကြောင့် ယောနသန်မှာ မာန်တက်စရာ အကြောင်းရင်းတွေ ရှိတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်ချင်စိတ်၊ မနာလိုစိတ် မရှိဘူး။ ဒါဝိဒ်ရဲ့ ရဲစွမ်းသတ္တိနဲ့ ယေဟောဝါအပေါ် အားကိုးစိတ်ကို လေးစားတယ်။ ဂေါလျတ်ကို ဒါဝိဒ် သတ်ပြီးနောက်မှာ ဒါဝိဒ်ကို စချစ်ခင်လာတယ်။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေအပေါ် အဲဒီလိုမျိုး ချစ်ခင်မြတ်နိုးမှုကို ဘယ်လို ပြနိုင်သလဲ။

ချစ်ခင်မြတ်နိုးမှု ပြနိုင်ပုံ

၁၀။ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၀ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်” ဖို့ ကျမ်းစာမှာ ပြောတယ်။ (၁ ပေ. ၁:၂၂) ကျွန်တော်တို့အတွက် ယေဟောဝါ ပုံနမူနာ ပြတယ်။ ကျွန်တော်တို့သာ သစ္စာရှိမယ်ဆိုရင် ဘုရားသခင် ပြတဲ့ မေတ္တာကို မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) “နှစ်နှစ်ကာကာ” လို့ ပြန်ဆိုတဲ့ ဂရိစကားလုံးဟာ အားစိုက်ပြီး လက်ဆန့်ထုတ်တယ်လို့ အဓိပ္ပာယ် ရှိတယ်။ ယုံကြည်သူချင်းတစ်ယောက်ကို ချစ်ခင်စာနာမှု ပြဖို့ တစ်ခါတလေ “အားစိုက်ထုတ်” ရတဲ့အချိန်တွေ ရှိနိုင်တယ်။ ကျွန်တော်တို့ကို စိတ်ဆိုးအောင် လုပ်တဲ့အခါ ‘အချင်းချင်း မေတ္တာထားပြီး သည်းခံဖို့၊ အချင်းချင်း သင့်သင့်မြတ်မြတ် ရှိဖို့၊ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းဖို့’ အားထုတ်ရမယ်။ (ဧ. ၄:၁-၃) “စည်းလုံးမှုနှောင်ကြိုး” ကို ကြိုးစားထိန်းသိမ်းတဲ့အခါ ညီအစ်ကို/မတွေရဲ့ အမှားကို အာရုံစိုက်မှာ မဟုတ်ဘူး။ ညီအစ်ကို/မတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာ ဖြစ်တယ်။—၁ ရှ. ၁၆:၇။ ဆာ. ၁၃၀:၃။

အခန်းထဲမှာ ညီအစ်ကို/မတွေ ဟိုနားတစ်စု၊ ဒီနားတစ်စု စကားပြောနေ။ ဧဝေါဒိနဲ့ သုန္တုတ်လည်း ကိုယ့်အုပ်စုနဲ့ကိုယ် စကားပြောရင်း တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေ။

တစ်စိတ်တစ်သဘောတည်း ရှိဖို့ ဧဝေါဒိနဲ့ သုန္တုတ် အားပေးခံရ။ ယုံကြည်သူချင်းတွေနဲ့ တစ်စိတ်တစ်သဘောတည်း ရှိဖို့ အမြဲတော့ မလွယ်ကူ (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ အချင်းချင်း ချစ်ခင်မြတ်နိုးဖို့ တစ်ခါတလေ ဘာကြောင့် ခက်နိုင်သလဲ။

၁၁ ညီအစ်ကို/မတွေကို ချစ်ခင်မြတ်နိုးမှု ပြဖို့ အမြဲ မလွယ်ဘူး။ အထူးသဖြင့် သူတို့ရဲ့ အမှားတွေကို သိထားတဲ့အခါ ဖြစ်တယ်။ ပထမရာစု ခရစ်ယာန်တချို့မှာ အဲဒီပြဿနာ ရှိခဲ့တာ ထင်ရှားတယ်။ ဥပမာ၊ ဧဝေါဒိနဲ့ သုန္တုတ်ဟာ ပေါလုနဲ့အတူ “သတင်းကောင်း ဟောပြောတဲ့ အလုပ်မှာ လက်တွဲပါဝင်” တုန်းက ပြဿနာ ရှိပုံမရဘူး။ ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် အဆင်မပြေ ဖြစ်လာတယ်။ ဒါကြောင့် “သခင့်အမှုတော် ဆောင်တဲ့အခါ တစ်စိတ်တစ်သဘောတည်း ရှိကြဖို့” ပေါလု တိုက်တွန်းခဲ့တယ်။—ဖိ. ၄:၂၊ ၃။

အကြီးအကဲ အစည်းအဝေးမှာ အသက်ကြီးတဲ့ အကြီးအကဲတွေက အသက်ငယ်တဲ့ အကြီးအကဲ စကားပြောတဲ့အခါ နားထောင်နေ။

အသက်ကြီးတဲ့ အကြီးအကဲတွေနဲ့ လူငယ် အကြီးအကဲတွေဟာ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နိုင် (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ညီအစ်ကို/မတွေကို ဘယ်လိုနည်းနဲ့ ချစ်ခင်မြတ်နိုးတတ်လာမလဲ။

၁၂ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ချစ်ခင်မြတ်နိုးတတ်လာမလဲ။ သူတို့အကြောင်း ပိုသိလေ၊ ပိုနားလည်ပေးနိုင်လေ၊ ချစ်ခင်မြတ်နိုးတတ်လာလေပဲ။ အသက်အရွယ်၊ နောက်ခံကြောင့် အတားအဆီး မဖြစ်သင့်ဘူး။ ယောနသန်ဟာ ဒါဝိဒ်ထက် အသက် ၃၀ လောက် ပိုကြီးပေမဲ့ ဒါဝိဒ်ကို ချစ်ခင်ခဲ့တယ်ဆိုတာ သတိရပါ။ သင်ကော ကိုယ့်ထက် အသက်ပိုကြီးတဲ့ ဒါမှမဟုတ် ပိုငယ်တဲ့ တစ်ယောက်ယောက်နဲ့ မိတ်ဖွဲ့နိုင်မလား။ အဲဒီလို လုပ်မယ်ဆိုရင် “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်” ကြောင်း သက်သေထူနိုင်ပါတယ်။—၁ ပေ. ၂:၁၇။

စာပိုဒ် ၁၂ ကိုကြည့်ပါb

၁၃။ အသင်းတော်မှာရှိတဲ့ ယောက်တိုင်းနဲ့ တစ်ပုံစံတည်း ခင်မင်ရင်းနှီးဖို့ ဘာကြောင့် မဖြစ်နိုင်သလဲ။

၁၃ ယုံကြည်သူချင်းတွေကို ချစ်ခင်မြတ်နိုးတယ်ဆိုတာ အသင်းတော်မှာရှိတဲ့ ယောက်တိုင်းနဲ့ တစ်ပုံစံတည်း ခင်မင်ရင်းနှီးတာကို ဆိုလိုသလား။ မဆိုလိုပါဘူး။ ကိုယ်နဲ့ စိတ်ဝင်စားတာချင်း တူတဲ့သူကို ပိုခင်တတ်တာ သဘာဝပါပဲ။ ယေရှုလည်း တမန်တော်အားလုံးကို “မိတ်ဆွေ” လို့ ခေါ်ပေမဲ့ ယောဟန်ကို ပိုချစ်တယ်။ (ယော. ၁၃:၂၃။ ၁၅:၁၅။ ၂၀:၂) ဒါပေမဲ့ မျက်နှာသာ ပိုပေးတာမျိုး မလုပ်ဘူး။ ဥပမာ၊ ဘုရားနိုင်ငံတော်မှာ အရေးပါတဲ့ နေရာ ပေးဖို့ ယောဟန်နဲ့ ယာကုပ် တောင်းဆိုတဲ့အခါ “ကျွန်တော့်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ဘယ်သူတွေ ထိုင်ရမယ်ဆိုတာကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး” လို့ ယေရှု ပြောတယ်။ (မာ. ၁၀:၃၅-၄၀) ယေရှုလိုပဲ ကျွန်တော်တို့လည်း ရင်းနှီးတဲ့သူမို့လို့ မျက်နှာသာ ပိုပေးတာမျိုး မလုပ်သင့်ဘူး။ (ယာ. ၂:၃၊ ၄) အဲဒီလိုလုပ်မယ်ဆိုရင် အသင်းတော်မှာ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာမယ်။—ယု. ၁၇-၁၉။

၁၄။ ဖိလိပ္ပိ ၂:၃ အရ အပြိုင်အဆိုင် စိတ်ဓာတ် ဝင်မလာအောင် ဘာက ကူညီပေးမလဲ။

၁၄ အချင်းချင်း ချစ်ခင်မြတ်နိုးတာက အသင်းတော်မှာ အပြိုင်အဆိုင် စိတ်ဓာတ် ဝင်မလာအောင် ကာကွယ်ရာရောက်တယ်။ ဒါဝိဒ်ကို ထီးနန်းလုဘက်အဖြစ် ယောနသန် မပြိုင်ဆိုင်ခဲ့ကြောင်း သတိရပါ။ ကျွန်တော်တို့အားလုံး ယောနသန်ကို တုပနိုင်တယ်။ ညီအစ်ကို/မတွေကို ပြိုင်ဘက်လို့ သဘောမထားပါနဲ့။ အဲဒီအစား “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။” (ဖိလိပ္ပိ ၂:၃ ကိုဖတ်ပါ။) ယောက်တိုင်းမှာ အစွမ်းအစ ကိုယ်စီ ရှိတယ်ဆိုတာ သတိရပါ။ ကျွန်တော်တို့ နှိမ့်ချမယ်ဆိုရင် ညီအစ်ကို/မတွေရဲ့ ကောင်းကွက်ကို မြင်လာမယ်။ သူတို့ရဲ့ သစ္စာရှိ ပုံသက်သေကနေ အကျိုးရမယ်။—၁ ကော. ၁၂:၂၁-၂၅။

၁၅။ တန်ညာတို့ သားအမိ ကြုံခဲ့ရတာကနေ ဘာသင်ယူရသလဲ။

၁၅ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ညီအစ်ကို/မတွေရဲ့ ချစ်ခင်စာနာမှု၊ လက်တွေ့ကျ အကူအညီတွေကတစ်ဆင့် ယေဟောဝါ နှစ်သိမ့်ပေးတယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၉ “မေတ္တာဟာ အစဉ် တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး စနေနေ့ အစီအစဉ် တက်ပြီးနောက် မိသားစုတစ်စု ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ ကလေးသုံးယောက် မိခင် ညီအစ်မ တန်ညာ ဒီလိုပြောတယ်– “ဟိုတယ်ကို ကားမောင်း ပြန်လာတုန်း ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ကျွန်မတို့ကားကို ဝင်တိုက်တယ်။ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပေမဲ့ အရမ်းလန့်ပြီး လမ်းပေါ် ရပ်နေမိကြတယ်။ အဲဒီအချိန်မှာ အစည်းအဝေးကြီးကနေ ပြန်လာတဲ့ ညီအစ်ကိုတစ်ယောက် ကားလမ်းတစ်ဖက်ကနေ လက်လှမ်းပြပြီး သူ့ကားထဲ ဝင်နေဖို့ ခေါ်တယ်။ အဲဒီညီအစ်ကိုပဲ မဟုတ်ဘူး။ ဆွီဒင်နိုင်ငံက ညီအစ်ကို/မ ငါးယောက်လည်း ကားရပ်ပြီး ဆင်းလာကြတယ်။ ညီအစ်မတွေက ကျွန်မတို့ သားအမိကို ဖက်ထားပေးတယ်။ သိပ်အားရှိသွားတာပဲ။ အဆင်ပြေသွားမှာပါလို့ ကျွန်မ ပြောပေမဲ့ ကျွန်မတို့ကို မထားရစ်ခဲ့ဘူး။ ဆေးဘက်အကူတွေ ရောက်လာပြီးနောက်မှာတောင် ဆက်ရှိနေပြီး လိုအပ်သမျှ ကူညီပေးကြတယ်။ ယေဟောဝါရဲ့ မေတ္တာကို ခံစားလိုက်ရတယ်။ ဒီအတွေ့အကြုံကြောင့် ညီအစ်ကို/မတွေကို ပိုချစ်လာတယ်။ ယေဟောဝါကို ချစ်တဲ့စိတ်၊ ကျေးဇူးတင်စိတ် ပိုတိုးများလာတယ်။” သင်ကော အကူအညီ လိုအပ်ချိန်မှာ ညီအစ်ကို/မတစ်ယောက် ချစ်ခင်စာနာမှု ပြတာကို မှတ်မိသလား။

၁၆။ အချင်းချင်း ချစ်ခင်စာနာမှု ပြသင့်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

၁၆ အချင်းချင်း ချစ်ခင်စာနာမှု ပြတဲ့အခါ ရတဲ့ အကျိုးတွေကို စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ လိုအပ်ချိန်မှာ နှစ်သိမ့်ပေးနိုင်တယ်။ ဘုရားလူမျိုးကြားမှာ စည်းလုံးမှု တိုးများစေနိုင်တယ်။ ယေရှုရဲ့ တပည့်တွေ ဖြစ်မှန်း သက်သေပြနိုင်လို့ စိတ်ရိုးဖြောင့်သူတွေကို စစ်မှန်တဲ့ ဝတ်ပြုရေးထဲ ဆွဲဆောင်နိုင်တယ်။ အရေးကြီးဆုံးကတော့ “ကရုဏာကြီးတဲ့ အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါကို ဂုဏ်တင်နိုင်တယ်။ (၂ ကော. ၁:၃) ဒါကြောင့် ချစ်ခင်မြတ်နိုးမှု ရှိလာဖို့၊ ဆက်ပြဖို့ ကြိုးစားနေကြပါစို့။

သင် ဘယ်လို ဖြေမလဲ

  • ချစ်ခင်မြတ်နိုးမှုဆိုတာ ဘာလဲ။

  • ယေဟောဝါ၊ ယောနသန်၊ ဒါဝိဒ်တို့ ပြတဲ့ ချစ်ခင်မြတ်နိုးမှု ပုံသက်သေကနေ ဘာသင်ယူရသလဲ။

  • ဒီနေ့အချိန်မှာ ချစ်ခင်မြတ်နိုးမှုကို ဘယ်လို ပြနိုင်သလဲ။

သီချင်း ၁၃၀ ခွင့်လွှတ်တတ်ကြပါ

a အချင်းချင်း ချစ်တဲ့ မေတ္တာက တပည့်တွေကို ခွဲခြားသိမြင်စေမယ့် အမှတ်အသား ဖြစ်မယ်လို့ ယေရှု ပြောတယ်။ ဒါကြောင့် အချင်းချင်း ချစ်ဖို့ ကျွန်တော်တို့အားလုံး ကြိုးစားကြတယ်။ မိသားစုဝင်တွေကို ချစ်သလိုမျိုး ညီအစ်ကို/မတွေကို ချစ်သင့်တယ်။ ညီအစ်ကို/မတွေကို ချစ်တတ်ဖို့၊ ဆက်ချစ်နေဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

b ပုံအညွှန်း– အသက်ကြီးတဲ့ အကြီးအကဲရဲ့ အတွေ့အကြုံကနေ လူငယ် အကြီးအကဲ အကျိုးရ။ အသက်ကြီးတဲ့ အကြီးအကဲရဲ့ အိမ်မှာ အပြန်အလှန် အားပေးပေါင်းသင်းနေကြ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ