ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၀/၁ စာ. ၉-၁၃
  • “ဧည့်ဝတ်ပြုလျက်နေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဧည့်ဝတ်ပြုလျက်နေကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူစိမ်းများကိုခင်မင်ခြင်း
  • ယေဟောဝါ၊ စုံလင်တော်မူသောအိမ်ရှင်
  • ကောင်းကင်တမန်များကို ဧည့်ခံသောအိမ်ရှင်
  • ဧည့်ဝတ်ပျူငှာသောသူများ
  • ဧည့်ဝတ်ပြုဖို့ အလွန်လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဧည့်ဝတ်ကျေပွန်ပါ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • သူတို့ကို ဧည့်ဝတ်ပြူငှာစွာ လက်ခံပါ
    ယေဟောဝါအား တေးသီကျူးကြ
  • ဧည့်ဝတ်ပြုခြင်းအားဖြင့် “ကောင်းသောအရာ” တွေကို ဝေမျှပါ (မ. ၁၂:၃၅က)
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၀/၁ စာ. ၉-၁၃

“ဧည့်ဝတ်ပြုလျက်နေကြလော့”

“ဆင်းရဲသောတပည့်တော်တို့အား ပေးကမ်းလျက်၊ ဧည့်ဝတ်ပြုလျက် နေကြလော့။”—ရောမ ၁၂:၁၃၊ သမ။

၁။ လူ့အခြေခံလိုအပ်ရာကား အဘယ်နည်း။ ယင်းစိတ်ထား မည်သို့ထင်ရှားသနည်း။

ယခုခေတ်တွင် သူစိမ်းရပ်ကွက်တစ်ခု၌ လူပြတ်သောလမ်းပေါ် ညကြီးမင်းကြီး လမ်းသွားရခြင်းသည် အလွန်စိုးရိမ်ထိတ်လန့်စရာ ဖြစ်နိုင်သည်။ သို့သော် အသိအကျွမ်းတစ်ယောက်မျှမပါသော လူအုပ်တစ်အုပ်ထဲတွင်ရောက်နေခြင်းသည်လည်း ထပ်တူပင် စိတ်အကျပ်အတည်း ဖြစ်စေနိုင်သည်။ လူ့မနောသဘောအဝင် အစိတ်အပိုင်းတစ်ခုမှာ အမှန်ဂရုစိုက်ခံလိုစိတ်၊ အသုံးဝင်သူတစ်ဦး ဖြစ်လိုစိတ်၊ ချစ်မြတ်နိုးခံလိုစိတ်ဖြစ်သည်။ မည်သူမျှ သူစိမ်းတစ်ဦး၊ သို့မဟုတ် အပြင်လူတစ်ဦးအဖြစ် ဆက်ဆံမခံလိုပါ။

၂။ ယေဟောဝါသည် အပေါင်းအသင်းရှိလိုသော လူ့ဆန္ဒကို မည်သို့ဖြည့်စွက်ပေးတော်မူသနည်း။

၂ အရာခပ်သိမ်းကို ပြုလုပ်ဖန်ဆင်းတော်မူသောအရှင် ယေဟောဝါဘုရားသခင်သည် ပေါင်းသင်းခြင်းတည်းဟူသော လူ့လိုအပ်ရာကို ကောင်းစွာသိတော်မူ၏။ လူသားကို တီထွင်တော်မူသောအရှင်ဖြစ်တော်မူသောကြောင့် “ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း” ကြောင်း အစကနဦးကတည်းက ဘုရားသခင်သိတော်မူသည့်အလျောက် ယင်းကို ပြုစုစီရင်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၁၈၊ ၂၁၊ ၂၂) လူသားများအား ယေဟောဝါနှင့် ကိုယ်တော်၏ကျေးကျွန်များ ပြသသောကျေးဇူးပြုမှု အမြောက်အမြားကို ကျမ်းစာမှတ်တမ်းတွင် အလျှံပယ်တွေ့ရှိရသည်။ ယင်းတို့က သူတစ်ပါးနှင့် မိမိကိုယ်တိုင် ရွှင်လန်းအားရစေရန် “ဧည့်ဝတ်ပြု” တတ်ကြဖို့ အကူအညီပေးပါသည်။—ရောမ ၁၂:၁၃။

သူစိမ်းများကိုခင်မင်ခြင်း

၃။ ဧည့်ဝတ်ပြုခြင်း၏ အခြေခံအဓိပ္ပာယ်ကို ရှင်းပြပါ။

၃ ကျမ်းစာတွင်အသုံးပြုထားသော “ဧည့်ဝတ်ပြုခြင်း” စကားလုံးကို ဂရိစကားလုံး ဖီလိုဇီနီအာမှ ပြန်ဆိုထားသည်။ ယင်းသည် “ချစ်ခြင်း” နှင့် “သူစိမ်း” အဓိပ္ပာယ်ရှိသော အရင်းအမြစ်စကားလုံး နှစ်လုံးပူးတွဲထားခြင်းဖြစ်သည်။ သို့ဖြစ်သောကြောင့် ဧည့်ဝတ်ပြုခြင်းမည်သည် အဓိကအားဖြင့် “သူစိမ်းကိုချစ်ခြင်း” အဓိပ္ပာယ်ရှိသည်။ သို့ရာတွင် ယင်းသည် ထုံးစံမျှ သို့မဟုတ် ယဉ်ကျေးမှုတစ်ခုမျှမဟုတ်ပါ။ ၎င်းတွင် တစ်ဦးတစ်ယောက်၏ ခံစားချက်နှင့် ချစ်ခင်တွယ်တာမှုများ ပါဝင်နေသည်။ ဂျိမ်းစတြောင်း၏ ကျမ်းစာမှန်ပြမာတိကာအကျယ်အရ ကြိယာဖြစ်သောဖီလီအိုသည် “([တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို] ခင်မင်ခြင်း) မိတ်ဆွေဖြစ်ရန်၊ ဆိုလိုသည်မှာ ချစ်ခင်တွယ်တာရန် (နှစ်ဦးနှစ်ယောက်စပ်ကြား ထင်မြင်ချက် သို့မဟုတ် ခံစားချက်အရ တွယ်တာမှုရှိခြင်းကိုဆိုလို) ဖြစ်သည်။” သို့ဖြစ်၍ ဧည့်ဝတ်ပြုခြင်းသည် စည်းမျဉ်းပေါ်အခြေခံသည့် ချစ်ခြင်းထက်မက တာဝန်သိတတ်ခြင်း သို့မဟုတ် ဝတ္တရားအရ ပြုမူခြင်းတို့အပေါ်မူတည်ပေမည်။ ယင်းသည် များသောအားဖြင့် တကယ်ခင်မင်ကြောင်း၊ ချစ်ခင်တွယ်တာကြောင်းနှင့် မိတ်ဆွေဖြစ်ကြောင်းကို တင်ပြခြင်းဖြစ်သည်။

၄။ မည်သူတို့ကို ဧည့်ဝတ်ပြုရမည်နည်း။

၄ ဤသို့သော ခင်မင်မှုနှင့် ချစ်ခင်တွယ်တာမှုခံရသူမှာ “သူစိမ်း” (ဂရိ၊ ဇီနော့စ်) ဖြစ်သည်။ သူသည် မည်သူဖြစ်နိုင်မည်နည်း။ ဤတွင်တစ်ဖန် စတြောင်း၏မှန်ပြမာတိကာက ဇီနော့စ်ကို နိုင်ငံရပ်ခြား (စာသားအရ တိုင်းတစ်ပါး၊ သို့မဟုတ် ပုံဆောင်စကားအရ ဆန်းသစ်ရာ); အဓိပ္ပာယ်သက်ရောက်မှုအရ ဧည့်သည်တစ်ဦး သို့မဟုတ် (တစ်နည်းအားဖြင့်) သူစိမ်းတစ်ဦး’ ဟူ၍ရှင်းပြထားသည်။ ထို့ကြောင့် ကျမ်းစာတွင်အသုံးပြုထားသည့် ဧည့်ဝတ်ပြုခြင်းသည် ကျွန်ုပ်တို့ခင်မင်သူတစ်ဦးအား၊ သို့မဟုတ် မျက်နှာစိမ်းတစ်ဦးအား ကြင်နာမှုပြခြင်း ဖြစ်နိုင်သည်။ ယေရှုက “သင်တို့ကိုချစ်သော သူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည် မဟုတ်လော။ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထိုအတူပြုကြသည်မဟုတ်လော။” (မဿဲ ၅:၄၆၊ ၄၇) စစ်မှန်သောဧည့်ဝတ်ပြုခြင်းသည် စိတ်စွန်းကွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သော စိတ်သဘောကွဲလွဲခြင်းနှင့် ခွဲခြားခြင်းတို့ကို ကျော်လွှားပါသည်။

ယေဟောဝါ၊ စုံလင်တော်မူသောအိမ်ရှင်

၅၊ ၆။ (က) “သင်တို့အဘသည် စုံလင်တော်မူသည်” ဟုယေရှုမိန့်တော်မူစဉ် အဘယ်အရာကို ရည်စူးနေတော်မူသနည်း။ (ခ) ယေဟောဝါ၏ရက်ရောသောသဘောတော်ကို မည်သို့တွေ့ရှိနိုင်သနည်း။

၅ အထက်တွင်ညွှန်းထားသည့်အတိုင်း ယေရှုသည် လူတို့ပြသသောမေတ္တာ၏ အားနည်းချက်များကိုတင်ပြတော်မူပြီးနောက် ဤသို့ဖြည့်စွက်မိန့်မြွက်တော်မူ၏– “ထိုကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။” (မဿဲ ၅:၄၈) ယေဟောဝါသည် အမှန်တကယ်ပင် အဘက်ဘက်တွင် စုံလင်တော်မူသည်။ (တရားဟောရာ ၃၂:၄) သို့ရာတွင် ယေရှုက အစောပိုင်း၌ “[ဘုရားသခင်သည်] ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏” ဟုမိန့်မြွက်တော်မူချိန်တွင် ယေဟောဝါ၏စုံလင်ခြင်းမှ အထူးအရည်အချင်းတစ်ခုကို ပေါ်လွင်စေတော်မူခဲ့ခြင်းဖြစ်သည်။ (မဿဲ ၅:၄၅) ယေဟောဝါသည် ကြင်နာမှုပြရာတွင် မျက်နှာလိုက်တော်မမူပေ။

၆ ယေဟောဝါသည် ဖန်ဆင်းရှင်အနေနှင့် အရာခပ်သိမ်းကို ပိုင်သတော်မူ၏။ “တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သောတောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏” ဟုယေဟောဝါမိန့်တော်မူသည်။ (ဆာလံ ၅၀:၁၀၊ ၁၁) သို့တိုင် ကိုယ်တော်သည် အဘယ်အရာ တစ်စုံတစ်ခုကိုမျှ အတ္တသဘောဖြင့် သိုဝှက်သိမ်းဆည်းထားတော်မမူပါ။ ကိုယ်တော်သည် ရက်ရောစွာဖြင့်သာ သတ္တဝါခပ်သိမ်းကို ကျွေးမွေးပြုစုတော်မူ၏။ ယေဟောဝါသည် “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏” ဟုကိုယ်တော့်အကြောင်း ဆာလံဆရာ ပြောဆိုခဲ့သည်။—ဆာလံ ၁၄၅:၁၆။

၇။ ဧည့်သည်များနှင့် လိုအပ်လျက်နေသူများကို ယေဟောဝါဆက်ဆံပုံမှ အဘယ်အရာသင်ယူနိုင်သနည်း။

၇ ယေဟောဝါသည် လူတို့—ကိုယ်တော်ကိုမသိသူများ၊ ကိုယ်တော်နှင့်စိမ်းကားသူများ—ကိုပင် သူတို့လိုအပ်ရာခပ်သိမ်းကို ဖြည့်စွက်ပေးတော်မူသည်။ ယေဟောဝါသည် “ကျေးဇူးပြုလျက် အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူ” ဟုပေါလုနှင့် ဗာနဗတို့က လုတ္တရမြို့ရှိ ရုပ်ပုံကိုးကွယ်သူများကို သတိပေးခဲ့ကြသည်။ (တမန်တော် ၁၄:၁၇) ယေဟောဝါသည် လိုအပ်လျက်နေသူများကို အထူးသဖြင့် ကျေးဇူးပြုလျက် ရက်ရောစွာ ပေးကမ်းတော်မူသည်။ (တရားဟောရာ ၁၀:၁၇၊ ၁၈) သူတစ်ပါးကို ကျေးဇူးပြုကာ ရက်ရောသောသဘော—ဧည့်ဝတ်ပျူငှာမှု—တင်ပြရာတွင် ယေဟောဝါထံတော်မှ သင်ယူစရာ များစွာရှိပါသည်။

၈။ ယေဟောဝါသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးလိုအပ်ရာများအတွက် ပြုစုစီရင်တော်မူခြင်းအားဖြင့် ကိုယ်တော်၏ ရက်ရောသောသဘောတော်ကို မည်သို့တင်ပြတော်မူသနည်း။

၈ ယေဟောဝါသည် မိမိဖန်ဆင်းရာများ၏ ကာယရေးကို ဖြည့်စွက်ပေးတော်မူသည့်အပြင် သူတို့၏ ဝိညာဏလိုအပ်ရာများအတွက်လည်း ပြုစုစီမံပေးတော်မူသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဘက် အလွန်လိုအပ်လျက်နေကြောင်းကို တစ်ဦးတစ်ယောက်မျှ မသိမှတ်မီကတည်းက ယေဟောဝါသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းကျိုးအတွက် အရက်ရောဆုံးနည်းဖြင့် ပြုမူစီမံတော်မူသည်။ “ငါတို့သည်အပြစ်သား ဖြစ်နေစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားရှင်သည် ငါတို့ကို မည်မျှချစ်တော်မူကြောင်း ထင်ရှားစွာပြတော်မူ၏။ . . . ရန်သူများဖြစ်နေစဉ်၌ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်” ဟုရောမ ၅:၈၊ ၁၀ (ကဘ) တွင်ဖတ်ရကြသည်။ ၎င်းပြင်ဆင်ချက်ကြောင့် အပြစ်သားအပေါင်းတို့သည် ကောင်းကင်ခမည်းတော်၏ပျော်ရွှင်သောမိသားစုဝင်ဖြစ်ခွင့် ရခဲ့ကြသည်။ (ရောမ ၈:၂၀၊ ၂၁) ကျွန်ုပ်တို့သည် အပြစ်ရှိ၍ မစုံလင်လျက်ပင် အကြံထမြောက်ပြီး အောင်မြင်မည်အကြောင်း မှန်ကန်သောလမ်းပြညွှန်ကြားမှု ရရှိရန်လည်း ယေဟောဝါ စီစဉ်ထားပေးတော်မူသည်။—ဆာလံ ၁၁၉:၁၀၅; ၂ တိမောသေ ၃:၁၆။

၉၊ ၁၀။ (က) ယေဟောဝါသည် စုံလင်တော်မူသောအိမ်ရှင်ဖြစ်ကြောင်း မည်သို့ပြောနိုင်သနည်း။ (ခ) ဤကိစ္စတွင် မှန်သောဝတ်ပြုသူများသည် ယေဟောဝါကို မည်သို့တုပသင့်သနည်း။

၉ ယင်းကြောင့် ယေဟောဝါသည် နည်းအမျိုးမျိုးဖြင့် စုံလင်တော်မူသောအိမ်ရှင် အမှန်ဖြစ်တော်မူကြောင်း ပြောနိုင်ပါသည်။ ကိုယ်တော်သည် လိုအပ်လျက်နေသော ဆင်းရဲနွမ်းပါးသူများကိုလည်း လျစ်လျူရှု ထားတော်မမူပါ။ ကိုယ်တော်သည် သူစိမ်းများသာမက ရန်သူများ၏အမှုကိုပင် အမှန်စိတ်ဝင်စားပြီး အရေးထားတော်မူ၏။ သူတို့ထံမှ ဆုကျေးဇူးပြန်ရရှိရန်လည်း ကိုယ်တော်မျှော်လင့်တော်မမူပေ။ ထိုသို့သောအကြောင်းများကြောင့် ကိုယ်တော်သည် စုံလင်တော်မူသော အကောင်းဆုံးအိမ်ရှင် မဟုတ်ပေလော။

၁၀ ယေဟောဝါသည် ဤမျှချစ်ခင်ကြင်နာပြီး ရက်ရောတော်မူသော ဘုရားသခင် ဖြစ်တော်မူသောကြောင့် မိမိအား ဝတ်ပြုကိုးကွယ်သူများ မိမိကို တုပရန် ကိုယ်တော်အလိုရှိတော်မူ၏။ ဤနှစ်လိုဖွယ်အရည်အချင်းကို ထူးခြားစွာဖော်ပြထားသည့် ပုံဥပမာ မြောက်မြားစွာကို သမ္မာကျမ်းစာတစ်လျှောက် ကျွန်ုပ်တို့တွေ့ရှိရသည်။ ဂျူဒေးယကားစွယ်စုံကျမ်းက “ရှေးဣသရေလနိုင်ငံတွင် ဧည့်ဝတ်ပြုခြင်းသည် ယဉ်ကျေးသိမ်မွေ့မှု မျှသာမဟုတ် လောကနီတိတစ်ရပ်လည်းဖြစ်သည်။ . . . ကျမ်းစာထုံးစံရှိသည့်အတိုင်း ပင်ပန်းနွမ်းလျသော ခရီးသည်ကို ကြိုဆိုခြင်း၊ မိမိတို့တွင် ရောက်နေသော သူစိမ်းကို ဧည့်ခံသောနည်းလမ်းတို့သည် ဂျူးရိုးရာတွင် အလွန်တန်ဖိုးထားသည့် ဧည့်ဝတ်ပြုနည်း အမျိုးမျိုး၏ နည်းပေးလမ်းပြပုံစံ ဖြစ်လာလေသည်” ဟုထုတ်ဖော်ပြသည်။ ဧည့်ဝတ်ပြုခြင်းသည် လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စု၏ အမှတ်အသား ဖြစ်သည်ထက် ယင်းသည် ယေဟောဝါအား မှန်ကန်စွာဝတ်ပြုသူအားလုံးတို့၏ ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်သင့်ပါသည်။

ကောင်းကင်တမန်များကို ဧည့်ခံသောအိမ်ရှင်

၁၁။ ဧည့်ဝတ်ပြုခြင်းသည် မထင်မမှတ်သော ကောင်းချီးများစွာကို ခံစားရစေကြောင်း အဘယ်ထူးခြားထင်ရှားသည့် ပုံဥပမာက ဖော်ပြသနည်း။ (ကမ္ဘာဦး ၁၉:၁-၃; တရားသူကြီး ၁၃:၁၁-၁၆ လည်းရှု။)

၁၁ ဧည့်ဝတ်ပြုခြင်းနှင့်ပတ်သက်၍ လူသိအများဆုံး ကျမ်းစာမှတ်တမ်းတစ်ခုမှာ ဟေဗြုန်မြို့အနီး မံရေသပိတ်တောနားတွင် တဲစခန်းချခဲ့သော အာဗြဟံနှင့် စာရာတို့၏ အဖြစ်အပျက်ဖြစ်သည်။ (ကမ္ဘာဦး ၁၈:၁-၁၀; ၂၃:၁၉) တမန်တော်ပေါလုက “ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကိုပြုသည်တွင် ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ” ဟုသြဝါဒပေးချိန်တွင် ယင်းအဖြစ်အပျက်ကို သတိရခဲ့ပေမည်။ (ဟေဗြဲ ၁၃:၁၊ ၂) ဤမှတ်တမ်းကို လေ့လာခြင်းက ဧည့်ဝတ်ပြုခြင်းသည် ထုံးစံ သို့မဟုတ် ပဲ့ပြင်သွန်သင်မှု၊ ပြုစုပျိုးထောင်မှုကိစ္စမျှသာမဟုတ် မထင်မမှတ်ဘဲ ကောင်းချီးများစွာကို ခံစားစေသည့် ဘုရားရေးရာအရည်အချင်းတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်လာရန် ကူညီပေးလိမ့်မည်။

၁၂။ အာဗြဟံသည် ဧည့်သည်များကို မည်သို့မေတ္တာပြသနည်း။

၁၂ ရောက်ရှိလာသော ဧည့်သည်များကို အာဗြဟံမသိ၊ စောင့်မျှော်နေသည်လည်းမဟုတ်ကြောင်း ကမ္ဘာဦး ၁၈:၁၊ ၂ ကတင်ပြသည်။ ဆိုလိုသည်မှာ သူတို့သည် ခရီးဖြတ်သန်းသွားလာနေကြသော ဧည့်သည်သုံးဦးမျှသာဖြစ်သည်။ ဋီကာဆရာအချို့တို့၏အဆိုအရ အရှေ့တိုင်းသားများ၏ထုံးစံမှာ သူစိမ်းနယ်တွင် ခရီးသွားလာသူသည် ထိုနေရာ၌ မည်သူ့ကိုမျှမသိစေကာမူ ဧည့်ခံကျွေးမွေး ပြုစုခံရရန် မျှော်လင့်ပိုင်ခွင့်ရှိသည်။ သို့သော် အာဗြဟံသည် ထိုဧည့်သည်များက သူတို့ရသင့်ရထိုက်သော အခွင့်အရေးကို တောင်းဆိုသည့်အထိ မစောင့်ဆိုင်းဘဲ သူကိုယ်တိုင်က အစပြု၍ ဧည့်ဝတ်ပြုလေသည်။ အာဗြဟံသည် အသက် ၉၉ နှစ်ရှိနေသော်လည်း သူ့ထံမှ အလှမ်းဝေးနေသေးသည့် ဧည့်သည်များထံ “နေပူသောအချိန်တွင်” ပင် ‘ပြေးသွား၍’ ခရီးဦးကြို ပြုခဲ့သည်တကား! ယင်းကြောင့် ကျွန်ုပ်တို့တုပစရာအဖြစ် အာဗြဟံကို ပေါလုညွှန်ပြခဲ့ခြင်း မဟုတ်ပေလော။ ဧည့်ဝတ်ပြုခြင်းတွင် ယင်းတို့အားလုံး၊ သူစိမ်းတို့ကို ချစ်ခင်စုံမက်ခြင်း၊ သူတို့၏လိုအပ်ရာများကို ဖြည့်စွက်ပေးလိုစိတ် ပြင်းပြခြင်းတို့ပါဝင်သည်။ ယင်းသည် အပြုသဘောပါသော အရည်အချင်းတစ်ခုဖြစ်ပါသည်။

၁၃။ အာဗြဟံသည် ဧည့်သည်တို့ရှေ့ အဘယ်ကြောင့် “မြေသို့ဦးညွတ်ချ” သနည်း။

၁၃ အာဗြဟံသည် ဧည့်သည်များနှင့် တွေ့ဆုံပြီးနောက် “မြေသို့ဦးညွတ်ချ” ခဲ့ကြောင်း မှတ်တမ်းက တင်ပြသေးသည်။ မတွေ့ဖူးသော ဧည့်သည်များကို ဦးညွတ်သည် ဆိုပါကလား။ အာဗြဟံပြုခဲ့သော ဦးညွတ်ခြင်းသည် ဂုဏ်တင်ခံထိုက်သူ သို့မဟုတ် အရာရှိတစ်ဦးကို နှုတ်ဆက်ခြင်းမျှဖြစ်ပြီး ယင်းကို ဘုရားသခင်အားသာ ပြုသင့်ပြုထိုက်သည့် ဝတ်ပြုကိုးကွယ်မှုနှင့် မရောထွေးသင့်ပါ။ (တမန်တော် ၁၀:၂၅၊ ၂၆; ဗျာဒိတ် ၁၉:၁၀ နှိုင်းယှဉ်။) အာဗြဟံသည် ခေါင်းညိတ်ရုံမျှမဟုတ်ဘဲ “မြေသို့ဦးညွတ်ချ” ခြင်းအားဖြင့် ဤဧည့်သည်တို့သည် အရေးပါသူများဖြစ်သည်ဟု အသိအမှတ်ပြုခဲ့လေသည်။ သူသည် ဖခင်ကြီးစိုးသော မိသားစုကြီးတစ်စု၏ဦးစီးဖြစ်ဦးတော့ ဤဧည့်သည်များသည် မိမိထက်ဂုဏ်တင်ခံထိုက်သူများဖြစ်သည်ဟု သူယူမှတ်ခဲ့ပါသည်။ ယင်းသည် ဧည့်သည်များကို မသင်္ကာဖြစ်လေ့ဖြစ်ထရှိသည့် သတိထားတတ်သောစိတ်ထားနှင့် အခြားကြီးခြားလှလေခြင်း! “အချင်းချင်းချီးမြှောက်ဂုဏ်ပြုခြင်း၌ ဦးဆောင်ကြပါ” ဟုဆိုသည့်အတိုင်း အာဗြဟံ အမှန်တကယ်ပြုလုပ်ခဲ့၏။—ရောမ ၁၂:၁၀၊ သမ။

၁၄။ အာဗြဟံသည် ဧည့်သည်များအတွက် မည်သို့အနစ်နာခံ ကြိုးစားဧည့်ဝတ်ပြု သနည်း။

၁၄ မှတ်တမ်းကို ဆက်ဖတ်ကြည့်ရာ အာဗြဟံ၏စိတ်ထား မှန်ကန်ကြောင်းတွေ့ရှိရ၏။ တည်ခင်းကျွေးမွေးခဲ့သော စားသောက်ပွဲသည် ထူးခြားစွာကောင်းလှပေသည်။ အိမ်မွေးတိရစ္ဆာန် အမြောက်အမြားရှိသော အိမ်ထောင်စုကြီးတစ်စုတွင်ပင် “နုထွားကောင်းမွန်သော နွားသငယ်” ကိုနေ့စဉ် စားသုံးလေ့မရှိပါ။ ၎င်းဒေသတွင် အများကျင့်သုံးသော ထုံးစံများအကြောင်း ဂျောန်ကီတို၏ နေ့စဉ်ကျမ်းစာပုံဥပမာများစာအုပ်တွင် ဤသို့သတိပြုထားသည်– “ပွဲခံချိန်များ သို့မဟုတ် ဧည့်သည်တစ်ဦး ရောက်ရှိလာချိန်များတွင်သာ ဇိမ်ခံပြီး စားသောက်လေ့ရှိကြသည်; သိုးအုပ်နွားအုပ်ပိုင်ရှင်များပင် ဤအချိန်အခါများ၌သာ အသားဟင်းလျာ စားလေ့ရှိကြသည်။” ရာသီဥတုပူပြင်းသောကြောင့် မည်သည့်ပုပ်ပျက်နိုင်သော အစာကိုမဆို သိမ်းဆည်းထား၍မရသဖြင့် ဤစားဖွယ်သောက်ဖွယ်မျိုးကို တည်ခင်းကျွေးမွေးရန် အစစအရာရာကို ထိုအချိန်ရောက်မှချက်ချင်း ပြုလုပ်ရလေသည်။ ယင်းကြောင့် ဤမှတ်တမ်းတိုကလေးတွင် “အလျင်အမြန်” ဟူသောစကားလုံး သုံးကြိမ်တိုင်ပါ၍ အာဗြဟံသည် စာသားအတိုင်း “ပြေး” ၍စားစရာကို ပြင်ဆင်ခဲ့ရခြင်းဖြစ်သည်ကို အံ့ဩစရာမဟုတ်ပါ။—ကမ္ဘာဦး ၁၈:၆-၈။

၁၅။ အာဗြဟံပြုခဲ့သည့် ဧည့်ဝတ်ပြုမှုတွင် ရုပ်ပိုင်းဆိုင်ရာပြင်ဆင်ချက်များအပေါ် ထားသင့်သည့် လျောက်ပတ်သောအမြင်ကား အဘယ်နည်း။

၁၅ သို့ရာတွင် အထင်ကြီးခံလိုသည့်သဘောမျိုးဖြင့် စားသောက်ပွဲတော်ကြီးကို ပြင်ဆင်တည်ခင်းကျွေးမွေးခဲ့ခြင်း မဟုတ်ပါ။ အာဗြဟံနှင့် စာရာသည် ဧည့်ခံပြုစုရန် ဤမျှတိုင်ပြင်ဆင်ပေးခဲ့ရလျက်ပင် ယင်းသို့ပြုစုခြင်းကို အာဗြဟံက “ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကို ဆေးပြီးလျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။ မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သောကျေးဇူးတော်ကို ခံစေခြင်းငှာ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီ” ဟုအစောပိုင်းတွင် ပြောဆိုခဲ့သောစကားကို သတိပြုပါ။ (ကမ္ဘာဦး ၁၈:၄၊ ၅) ထို “မုန့်အနည်းငယ်” သည် ကြီးကျယ်ခမ်းနားသော ခဲဖွယ်စားဖွယ်ပွဲ—ဆူအောင်ကျွေးထားသည့်နွားသငယ်၊ ဂျုံမုန့်ညက်ပေါင်မုန့်လုံးများ၊ နို့နှင့် နို့ဓမ်းတို့—ဖြစ်ကြောင်းထင်ရှားလာလေသည်။ ဘာကိုဆိုလိုသနည်း။ ဧည့်ဝတ်ပြုသည့်အခါ အရေးကြီးသောအရာ သို့မဟုတ် အလေးအနက်တင်ပြရမည့်အရာမှာ စားဖွယ်သောက်ဖွယ်များသည် မည်မျှအဖိုးကြီးပြီး ဆန်းပြားသည်၊ မည်မျှကြီးကြီးကျယ်ကျယ် ဧည့်ခံသည်၊ အစရှိသည်တို့မဟုတ်ပါ။ ဧည့်ဝတ်ပြုခြင်းသည် တန်ဖိုးကြီးမားရာများကို တတ်နိုင်ခြင်းအပေါ်မမူတည်ပါ။ ယင်းအစား သူတစ်ပါးအကျိုးကို အမှန်လိုလားခြင်း၊ သူတစ်ပါးအကျိုးကို အတတ်နိုင်ဆုံး ဆောင်ကြဉ်းပေးလိုစိတ်ရှိခြင်းတို့အပေါ် မူတည်ပါသည်။ “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့် စားရသည်ထက် ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏” ဟုကျမ်းစာပညာရှင်တစ်ဦး၏စကားရှိပြီး ဤတွင်စစ်မှန်သောဧည့်ဝတ်ပျူငှာခြင်း၏သော့ချက် ပါရှိသည်။—သု. ၁၅:၁၇။

၁၆။ အာဗြဟံသည် ဝိညာဉ်ရေးရာများကို တန်ဖိုးထားကြောင်း ဧည့်သည်များအတွက် လုပ်ပေးသောအရာတွင် မည်သို့ထင်ရှားသနည်း။

၁၆ သို့ရာတွင် ထိုအဖြစ်အပျက်တစ်ခုလုံး၌ ဝိညာဉ်ရေးသဘောသက်ရောက်မှုလည်း ရှိသေးကြောင်း သတိပြုသင့်သည်။ ဤဧည့်သည်တော်များသည် ယေဟောဝါထံတော်မှလာကြသော တမန်များဖြစ်ကြောင်းကို အာဗြဟံသိခဲ့ပုံရှိသည်။ သူက “အကျွန်ုပ်သခင် ရှေ့တော်၌ အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန်၍ မသွားပါ” နှင့်ဟု ထိုသူတို့အားပြောသည့်စကားမှ သိရှိရပါသည်။a (ကမ္ဘာဦး ၁၈:၃; ထွက်မြောက်ရာ ၃၃:၂၀ နှိုင်းယှဉ်။) မိမိအတွက် သူတို့၌ သတင်းပါသည်၊ မပါသည် သို့မဟုတ် သူတို့သည် ဖြတ်သန်းသွားလာရုံမျှ ပြုနေသူများဖြစ်သည်ကို အာဗြဟံ ကြိုတင်မသိပါ။ မည်သို့ဆိုစေကာမူ ယေဟောဝါ၏ရည်ရွယ်ချက် ဖြစ်မြောက်နေသည်ကို သူသဘောပေါက်ပါသည်။ ဤသူတို့သည် ယေဟောဝါ၏အမှုတော်တစ်စုံတစ်ရာကို ဆောင်ရွက်နေကြ၏။ ယင်းအမှုတော်တွင် မိမိပါဝင် ကူညီနိုင်ခွင့်ရမည်ဆိုလျှင် ကူညီပေးရန် အလိုရှိပါသည်။ ယေဟောဝါ၏ကျေးကျွန်များသည် အကောင်းဆုံးအရာများကို ရသင့်ရထိုက်ကြောင်းကို သူအသိအမှတ်ပြုသည့်အလျောက် အခွင့်အရေးပေးသမျှ အတတ်နိုင်ဆုံးဧည့်ခံလိုပါသည်။ ထိုသို့ပြုခြင်းအားဖြင့် မိမိဖြစ်စေ၊ အခြားသူတစ်ဦးဖြစ်စေ ဝိညာဉ်ရေးကောင်းချီး ခံစားရမည်ဖြစ်သည်။ နောက်ဆုံး အာဗြဟံနှင့် စာရာတို့သည် စိတ်စေတနာဖြင့် ဧည့်ခံကျွေးမွေးသည့်အတွက် အကျိုးကျေးဇူးများစွာခံစားခဲ့ရကြသည်။—ကမ္ဘာဦး ၁၈:၉-၁၅; ၂၁:၁၊ ၂။

ဧည့်ဝတ်ပျူငှာသောသူများ

၁၇။ ဣသရေလလူမျိုးသည် ဧည့်သည်များ၊ ချို့တဲ့သူများတို့နှင့် မည်သို့ဆက်ဆံရန် ယေဟောဝါ တောင်းဆိုသနည်း။

၁၇ အာဗြဟံမှ ဆင်းသက်သောလူမျိုးသည် သူ၏ ထူးခြားသည့် ပုံသက်သေကို မမေ့လျော့ရကြပါ။ ဣသရေလလူမျိုးအား ယေဟောဝါပေးသော ပညတ်ဥပဒေတွင် ဧည့်သည်တို့ကို ဧည့်ဝတ်ပြုရန် ပညတ်ချက်များ ပါဝင်သည်။ “သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား (“ယေဟောဝါ၊” ကဘ) ဖြစ်၏။” (ဝတ်ပြုရာ ၁၉:၃၄) လူတို့သည် ထောက်ပံ့ကူညီမှု လိုအပ်နေသူများကို အထူးထောက်ထားညှာတာရမည်ဖြစ်ပြီး သူတို့ကို လျစ်လျူရှုမထားကြရပါ။ ယေဟောဝါသည် သူတို့ကို အသီးအနှံများစွာ ရိတ်သိမ်းခွင့်ဖြင့် ကောင်းချီးပေးသည့်အခါ၊ ဓမ္မပွဲများတွင် ပျော်ရွှင်နေကြသောအခါ၊ ဥပုသ်နှစ်များနှင့် အခြားအချိန်အခါများတွင် အလုပ်လုပ်ကိုင်ခြင်းမှနားသည့်အခါ အခွင့်မသာသူ—မုဆိုးမများ၊ ဖတဆိုးသားများနှင့် ဧည့်သည်အာဂန္တုများ—တို့ကို သတိရကြရမည်ဖြစ်သည်။—တရားဟောရာ ၁၆:၉-၁၄; ၂၄:၁၉-၂၁; ၂၆:၁၂၊ ၁၃။

၁၈။ ယေဟောဝါ၏မျက်နှာသာတော်နှင့် ကောင်းချီးများ ခံစားရခြင်းနှင့်စပ်လျဉ်း၍ ဧည့်ဝတ်ပြုခြင်းသည် မည်မျှအရေးကြီးသနည်း။

၁၈ သူတစ်ပါး၊ အထူးသဖြင့် ချို့တဲ့သူများကို ကြင်နာခြင်း၊ ရက်ရောခြင်း၊ ဧည့်ဝတ်ပြုခြင်းသည် အရေးကြီးကြောင်း ဣသရေလလူမျိုးအနေနှင့် ထိုအရည်အချင်းများကို မတင်ပြသည့်အခါ သူတို့နှင့် ယေဟောဝါဆက်ဆံပုံတွင် အထင်အရှားတွေ့မြင်နိုင်သည်။ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏ကောင်းချီးများကို အဆက်မပြတ် ခံစားရရန် သူတို့ထံမှ ကိုယ်တော်တောင်းဆိုသည့် လိုအပ်ချက်များတွင် ဧည့်သည်များနှင့် ချို့တဲ့သူများကို ကြင်နာခြင်း၊ ရက်ရောခြင်းပါဝင်ကြောင်း အတိအလင်းဖော်ပြတော်မူခဲ့သည်။ (ဆာလံ ၈၂:၂၊ ၃; ဟေရှာယ ၁:၁၇; ယေရမိ ၇:၅-၇; ယေဇကျေလ ၂၂:၇; ဇာခရိ ၇:၉-၁၁) ထိုလူမျိုးသည် ၎င်းနှင့် အခြားအခြားသော လိုအပ်ချက်များကို ဂရုတစိုက် လိုက်နာဆောင်ရွက်ကြသည့်အခါ တိုးတက်ကြီးပွားပြီး ကာယနှင့်ဝိညာဏကြွယ်ဝချမ်းသာမှုကို ခံစားကြရ၏။ သူတို့သည် မိမိတို့၏ လိုအင်ဆန္ဒပြည့်ရေး၌သာ စိတ်စွဲလမ်းပြီး ချို့တဲ့သူများအပေါ် ကြင်နာမှုမပြသည့်အခါ ယေဟောဝါ၏အပြစ်စီရင်ချက်ကိုခံရပြီး နောက်ဆုံး ဖျက်ဆီးခံရကြလေသည်။—တရားဟောရာ ၂၇:၁၉; ၂၈:၁၅၊ ၄၅။

၁၉။ နောက်ထပ် အဘယ်အကြောင်းကို သုံးသပ်ရမည်နည်း။

၁၉ ထို့ကြောင့် ယင်းကိစ္စတွင် ယေဟောဝါမျှော်လင့်သည့်အတိုင်း အသက်ရှင်မရှင် မိမိကိုယ်ကို စစ်ဆေးရန် မည်မျှအရေးကြီးသည်တကား! ယနေ့ ဤလောက၏ အတ္တဆန်ပြီး စိတ်ဝမ်းကွဲပြားသောစိတ်ဓာတ်ကြောင့် ယင်းသို့ပြုရန် အထူးအရေးကြီးသည်။ စိတ်ဝမ်းကွဲပြားသော ဤလောကတွင် ခရစ်ယာန် ဧည့်ဝတ်ပြုမှုကို မည်သို့တင်ပြနိုင်မည်နည်း။ ထိုအကြောင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးတင်ပြပါမည်။

[အောက်ခြေမှတ်ချက်များ]

a ဤအချက်ကို ပြည့်စုံစွာ ဆွေးနွေးလေ့လာလိုပါက ၁၉၈၈၊ မေလ ၁၅ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၃ (လိပ်) ပါ “ဘုရားသခင်ကို တွေ့ဖူးသူရှိပါသလော” ဆောင်းပါးကိုရှု။

သင်မှတ်မိသလော

◻ “ဧည့်ဝတ်ပြုခြင်း” ဟုပြန်ဆိုထားသည့် ကျမ်းစာစကားလုံး၏ အဓိပ္ပာယ်ကား အဘယ်နည်း။

◻ ယေဟောဝါသည် ဧည့်ဝတ်ပြုရာတွင် စုံလင်သော ပုံသက်သေကို အဘယ်နည်းများဖြင့် တင်ပြခဲ့သနည်း။

◻ အာဗြဟံသည် ဧည့်ဝတ်ပြုရန် အဘယ်အထိပြုမူခဲ့သနည်း။

◻ မှန်သောဝတ်ပြုသူများအားလုံး အဘယ်ကြောင့် “ဧည့်ဝတ်ပြုလျက်နေကြ” ရမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ