ခရစ်ယာန်မိသားစုသည် သက်ကြီးရွယ်အိုများကို ကူညီသည်
“အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။” —ဆာလံ ၇၁:၉။
၁ ယဉ်ကျေးမှုမြောက်မြားစွာတွင် သက်ကြီးရွယ်အိုတို့ကို မည်သို့ဆက်ဆံကြသနည်း။
“မတော်မလျော်ပြုကျင့်ခံရသော သက်ကြီးရွယ်အို ခုနစ်ဦးအနက် ခြောက်ဦး (၈၆%) သည် သူတို့မိသားစု၏ နှိပ်စက်မှုကို ခံနေရကြောင်း သုတေသနပြုချက်များကတင်ပြသည်” ဟု The Wall Street Journal ဆိုသည်။ Modern Maturity မဂ္ဂဇင်းက ဤသို့ဆိုသည်။ “သက်ကြီးရွယ်အိုကို နှိပ်စက်ကလူပြုမူခြင်းသည် ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်းသည့် နောက်ဆုံးကိစ္စပင်ဖြစ်သည်။” မှန်ပါသည်။ ယဉ်ကျေးမှုမြောက်မြားစွာရှိ သက်ကြီးရွယ်အိုတို့သည် မတော်မလျော်ပြုမူခံရရုံမက လျစ်လျူရှုထားခံရသူများ ဖြစ်ရချေပြီ။ ကျွန်ုပ်တို့ကာလသည် “ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း [သစ္စာ၊ ကဘ] မရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ” များလှသည့်အချိန် အမှန်တကယ်ပင်ဖြစ်နေပါပြီ။—၂ တိမောသေ ၃:၁-၃။
၂။ ဟေဗြဲကျမ်းစောင်များအရ သက်ကြီးရွယ်အိုကို ယေဟောဝါမည်သို့ယူမှတ်သနည်း။
၂ သို့ဖြစ်သော်လည်း ရှေးဣသရေလလူမျိုးခေတ်က သက်ကြီးရွယ်အိုများကို ထိုသို့ပြုကျင့်ကြရန် မဟုတ်ပါ။ ပညတ္တိကျမ်းက ဆိုသည်– “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။” ပညာရှိစကားများပါသော ကျမ်းစာစောင်က သွန်သင်သည်: “သင့်ကိုဖြစ်ဖွားစေသောအဖ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။” ယင်းက မိန့်မှာသည်: “ငါ့သား၊ အဖ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။” မောရှေပညတ္တိကျမ်းက သက်ကြီးရွယ်အို ကျားမတို့ကို ရိုသေလေးစား၊ တန်ဖိုးထားရန် သွန်သင်ပေးပါသည်။ သက်ကြီးရွယ်အိုကို ယေဟောဝါလေးစားကြောင်း ထင်ရှားပါသည်။—ဝတ်ပြုရာ ၁၉:၃၂; သု. ၁:၈; ၂၃:၂၂။
ကျမ်းစာခေတ်တွင် သက်ကြီးရွယ်အိုများကို ဂရုစိုက်ခြင်း
၃။ အိုမင်းရင့်ရော်နေသောဖခင်ကို ယောသပ် များစွာစာနာကြောင်း မည်သို့တင်ပြခဲ့သနည်း။
၃ စကားအားဖြင့်သာ ရိုသေလေးစားကြရန်မဟုတ်ဘဲ ထောက်ထားစာနာမှုရှိသော အပြုအမူအားဖြင့် တင်ပြကြရန်ဖြစ်သည်။ မိမိ၏ သက်ကြီးရွယ်အိုဖခင်ကို ယောသပ် များစွာစာနာကြောင်း ထင်ရှားပါသည်။ မိုင် ၂၀၀ ကျော်ခရီးရှိသည့် ခါနာန်ပြည်မှ အီဂျစ်နိုင်ငံသို့ ယာကုပ်အား သူလာစေလိုခဲ့သည်။ သို့ဖြစ်၍ ယာကုပ်ထံ “အဲဂုတ္တု [အီဂျစ်၊ ကဘ] ပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတစ်ဆယ်၊ လမ်းခရီး၌ အဖစားစရာဖို့ စပါး၊ မုန့်၊ ခဲဖွယ်စားဖွယ်များကိုဆောင်သော မြည်းတစ်ဆယ်ကို ပေးလိုက်၏။” ဂေါရှင်အရပ်သို့ ယာကုပ်ရောက်လာသောအခါ ယောသပ်သည် သူ့ထံသွား၍ ‘အဖ၏လည်ပင်းကို ဖက်လျက် ကြာကြာငိုလေ၏။’ ဖခင်ကို ယောသပ် အလွန်ချစ်ခင်မြတ်နိုးသောသဘော တင်ပြခဲ့သည်။ သက်ကြီးရွယ်အိုအတွက် ထောက်ထားစာနာစိတ် တင်ပြသော မှတ်တမ်းပါတကား။—ကမ္ဘာဦး ၄၅:၂၃; ၄၆:၅၊ ၂၉။
၄။ ရုသသည် အဘယ်ကြောင့် အလွန်ကောင်းသောပုံသက်သေဖြစ်သနည်း။
၄ သက်ကြီးရွယ်အိုကို ကြင်နာမှုပြရန် တင့်တယ်သောစံတင်သင့်သူ အခြားတစ်ဦးမှာ ရုသဖြစ်သည်။ တစ်ပါးအမျိုးသမီးတစ်ဦးဖြစ်သော်လည်း ဂျူးအမျိုးသမီး သက်ကြီးရွယ်အိုမုဆိုးမ ယောက္ခမနောမိကို မခွဲခွာခဲ့ပါ။ သူမလူမျိုးကိုပင် စွန့်ပြီး နောက်အိမ်ထောင်မပြုနိုင်စရာအကြောင်းရှိခြင်းကိုပါ စွန့်စားလုပ်ဆောင်ခဲ့သည်။ မိမိလူမျိုးထံ ပြန်သွားပါရန် သူမအား နောမိတိုက်တွန်းခဲ့သောအခါ ရုသသည် သမ္မာကျမ်းစာပါ အတင့်တယ်ဆုံးစကားအဝင်ဖြစ်သော စကားများဖြင့် အဖြေပေးခဲ့ပါသည်။ “ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မ အိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြားသောအမှုကြောင့် ကိုယ်တော်နှင့် ကျွန်မ မကွာလျှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကျွန်မ၌ ထိုမျှမကပြုတော်မူပါစေသော။” (ရုသ ၁:၁၆၊ ၁၇) မရီးကိုသိမ်းယူခြင်းအစီအစဉ်အရ သက်ကြီးရွယ်အိုဖြစ်သူဗောဇကို ရုသထိမ်းမြားရန် အသင့်ရှိခြင်းဖြင့် သူမ၌ အရည်အချင်းကောင်းများရှိကြောင်း ထင်ရှားပါသည်။—ရုသ အခန်းကြီး ၂ မှ ၄။
၅။ အသက်ကြီးသူများနှင့် ဆက်ဆံရာတွင် ယေရှုအဘယ်အရည်အချင်းများ တင်ပြခဲ့သနည်း။
၅ လူများနှင့်ဆက်ဆံရာတွင် ယေရှုလည်း ထပ်တူပုံသက်သေကို တင်ပြခဲ့သည်။ ကိုယ်တော်သည် စိတ်ရှည်တော်မူ၏။ စာနာမှုရှိပြီး သနားကြင်နာ၊ စိတ်ပေါ့ပါးစေတတ်သည်။ ချို့တဲ့၍ ၃၈ နှစ်လုံးလုံး လမ်းမသွားနိုင်သော ဆင်းရဲသားတစ်ဦးကို စိတ်ဝင်စားတော်မူ၍ ရောဂါပျောက်ကင်းစေတော်မူခဲ့သည်။ မုဆိုးများကိုလည်း သူထောက်ထားစာနာကြောင်း တင်ပြပါသည်။ (လုကာ ၇:၁၁-၁၅; ယောဟန် ၅:၁-၉) နှက်တိုင်ပေါ် နာကြင်မှုဒုက္ခဝေဒနာကို ကိုယ်တော်ခံစားနေရစဉ်ပင် ၅၀ ကျော်မျှရှိကောင်းရှိမည့် သူ၏မိခင်ကို စောင့်ရှောက်ပေးမည့်သူရှိစေရန် သူစီစဉ်ပေးခဲ့ပါသည်။ အရေခြုံရန်သူများမှတစ်ပါး ယေရှုသည် လူတိုင်းအတွက် စိတ်လန်းဆန်းပေါ့ပါးစေသော အပေါင်းအသင်းတစ်ဦး ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍ ကိုယ်တော်က “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်” ဟုမိန့်တော်မူနိုင်ခဲ့သည်။—မဿဲ ၉:၃၆; ၁၁:၂၈, ၂၉; ယောဟန် ၁၉:၂၅-၂၇။
ထောက်ထားစာနာမှုကို မည်သူတို့ရထိုက်သနည်း
၆။ (က) အထူးဂရုပြုခံထိုက်သူများကား မည်သူများနည်း။ (ခ) ကိုယ်ကိုယ်ကို အဘယ်မေးခွန်းများ မေးနိုင်သနည်း။
၆ ဂရုစိုက်ခြင်းကိစ္စတွင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်သည် ဤမျှပုံသက်သေကောင်းသည့်အတွက် ဆက်ကပ်အပ်နှံခရစ်ယာန်များသည် သူတို့၏ပုံစံကိုလိုက်ရန် သင့်တော်လျောက်ပတ်ပေသည်။ နှစ်ပေါင်းများစွာ အပင်ပန်းခံ ဝန်ထုပ်ဝန်ပိုးများထမ်းခဲ့သူ—ဇရာအိုပိုင်း စဝင်နေသည့် သက်ကြီးရွယ်အို ညီအစ်ကိုညီအစ်မများ—ကျွန်ုပ်တို့နှင့်အတူရှိပါသည်။ အချို့သူများမှာ ကျွန်ုပ်တို့မိဘများ၊ အဖိုးအဖွားများ ဖြစ်ပေမည်။ သူတို့ကို အလေးအနက်တန်ဖိုးမထားဘဲ နေပါသလော။ သူတို့နှင့် “တင်တင်စီးစီး” သော်လည်းကောင်း၊ “အောက်ကျို့၍” သော်လည်းကောင်း ဆက်ဆံပါသလော။ သို့မဟုတ် သူတို့၏ ကျယ်ပြန့်သောအတွေ့အကြုံနှင့် ဉာဏ်ပညာကို အမှန်တန်ဖိုးထားပါသလော။ မှန်ပါသည်။ အသက်ကြီးရင့်သူတို့၌ ရှိလေ့ရှိထသည့် ထူးခြားသော အတွေးအထင်၊ အပြုအမူများနှင့် စရိုက်ဆန်းကလေးများကြောင့် ကျွန်ုပ်တို့စိတ်ရှည်သည်းခံစရာအကြောင်း ရှိကောင်းရှိပေမည်။ သို့သော် ကိုယ်ကိုယ်ကိုမေးမြန်းရမည်ကား ‘အဲ့ဒီလိုအခြေအနေမျိုးမှာ သူတို့နှင့် ငါဘယ်လောက် ကွာခြားမလဲ’ ဟူ၍ဖြစ်သည်။
၇။ အသက်ကြီးသူများကို ကိုယ်ချင်းစာနာမှုရှိဖို့လိုကြောင်း အဘယ်အဖြစ်အပျက်က တင်ပြပါသနည်း။
၇ သက်ကြီးရွယ်အိုတို့ကို သက်ညှာမှုရှိသော အရှေ့အလယ်ပိုင်းဒေသမှ လုံမငယ်လေးတစ်ဦးအကြောင်းသည် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ အဖွားအိုတစ်ဦးသည် မီးဖိုတွင် ဝိုင်းဝန်းကူညီပေးနေရာမှ ကြွေပန်းကန်တစ်ချပ်သည် မတော်တဆကျကွဲသွားပါသည်။ မိမိ၏ကချော်ကချွတ်နိုင်မှုကြောင့် အဖွားက စိတ်မကောင်းဖြစ်နေရှာသည်။ သမီးဖြစ်သူမှာ အလွန်စိတ်တိုနေ၍ မိမိ၏သမီးငယ်ကိုခေါ်ကာ အဖွားဖြစ်သူအတွက် မကွဲနိုင်သော သစ်သားပန်းကန်တစ်ချပ် ကုန်စုံဆိုင်မှ သွားဝယ်စေခဲ့သည်။ သမီးငယ်သည် သစ်သားပန်းကန်နှစ်ချပ် ဝယ်လာခဲ့သည်။ မိခင်ဖြစ်သူက “ဘာကြောင့် နှစ်ချပ်တောင်ဝယ်လာသလဲ” ဟုမေးလိုက်သောအခါ မြေးဖြစ်သူက “အဖွားအတွက်တစ်ချပ်၊ နောက် အမေအိုလာတဲ့အခါ သုံးဖို့တစ်ချပ်” ဟုမနှောင့်မနှေး အဖြေပေးလိုက်သည်။ မှန်ပါသည်။ ဤလောကတွင် ကျွန်ုပ်တို့အားလုံး အိုးမင်းရမည့်အကြောင်းရှိသည်။ ယင်းကြောင့် စိတ်ရှည်ရှည်နှင့် ကြင်နာမှုရှိရှိ ဆက်ဆံခံရခြင်းကို ကျေးဇူးတင်ကြမည်မဟုတ်လော။—ဆာလံ ၇၁:၉။
၈၊ ၉။ (က) ကျွန်ုပ်တို့တွင်ရှိသော အသက်ကြီးသူများကို မည်သို့ဆက်ဆံသင့်သနည်း။ (ခ) များမကြာမီက ခရစ်ယာန်များဖြစ်လာသူအချို့သည် ဘာကိုသတိရရန် လိုသနည်း။
၈ ကျွန်ုပ်တို့၏ သက်ကြီးရွယ်အို ညီအစ်ကိုညီအစ်မ မြောက်မြားစွာတို့သည် ခရစ်ယာန်လုပ်ငန်းဆောင်တာများကို သစ္စာရှိရှိ ကြာမြင့်စွာဆောင်ရွက်ခဲ့သည့်မှတ်တမ်း ရှိကြပါသည်။ သူတို့ကို အမှန်တကယ်လေးမြတ်တန်ဖိုးထားသင့်သည့်ပြင် ထောက်ထားစာနာမှုဖြင့် ကြင်နာမှုရှိရှိ ကူညီမစ၊ အားပေးထောက်ခံသင့်သည်။ ပညာရှိတစ်ဦး ဤသို့ မှန်ကန်စွာ ပြောဆိုခဲ့ပါသည်။ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌ တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏။” ဆံပင်ဖြူသောအမျိုးသား၊ သို့မဟုတ် အမျိုးသမီးဖြစ်စေ ရိုသေလေးစားသင့်ပါသည်။ ဤအသက်ကြီးရင့်သော အမျိုးသား၊ အမျိုးသမီးအချို့သည် ယနေ့ထိတိုင် သစ္စာရှိရှေ့ဆောင်များအဖြစ် အမှုထမ်းနေဆဲရှိသည်။ အမျိုးသားများစွာတို့သည်လည်း အသင်းတော်များတွင် အသက်ကြီးသူများအဖြစ် သစ္စာရှိရှိ ဆက်အမှုထမ်းနေဆဲရှိသည်။ အချို့မူကား နယ်လှည့်ကြီးကြပ်မှူးများအဖြစ် ပုံသက်သေကောင်းစွာ အမှုဆောင်ရွက်နေကြပါသည်။—သု. ၁၆:၃၁။
၉ တိမောသေအား ပေါလုသြဝါဒပေးခဲ့သည်ကား “အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊ အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ နှမကဲ့သို့လည်းကောင်း မှတ်၍ကျင့်လော့” ဟူ၍ဖြစ်သည်။ (၁ တိမောသေ ၅:၁၊ ၂) မလေးမခန့်ပြုမူသောလောကထဲမှ ခရစ်ယာန်အသင်းတော်တွင်းသို့ များမကြာမီကရောက်လာသူများသည် မေတ္တာအခြေခံသည့် ပေါလု၏အမှာစကားကို နှလုံးပိုက်ကျုံးသင့်သည်။ လူငယ်များ၊ ကျောင်း၌ တွေ့မြင်ခဲ့မည့် အပြုအမူ၊ အကျင့်အကြံဆိုးများကို အတုမယူပါနှင့်။ အသက်ကြီးရင့်သော သက်သေခံများ၏ ကြင်နာမှုရှိ ဩဝါဒကို မခံမရပ်နိုင် မဖြစ်ပါနှင့်။ (၁ ကောရိန္သု ၁၃:၄-၈; ဟေဗြဲ ၁၂:၅၊ ၆၊ ၁၁) သို့ရာတွင် ကျန်းမာရေးချို့ငဲ့မှု၊ သို့မဟုတ် ငွေရေးကြေးရေးအခက်အခဲရှိ၍ အကူအညီလိုအပ်လျှင် သူတို့အားကူညီပေးရန် အဓိကတာဝန်ခံသည် မည်သူနည်း။
သက်ကြီးရွယ်အိုကို ဂရုစိုက်ပြုစုပေးခြင်းနှင့်ပတ်သက်၍ မိသားစု၏ကဏ္ဍ
၁၀၊ ၁၁။ (က) သမ္မာကျမ်းစာအရ အသက်ကြီးသူများကို ပြုစုစောင့်ရှောက်ရေး၌ မည်သူတို့ဦးစီးဦးဆောင်ပြုရမည်နည်း။ (ခ) သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးရန် အဘယ်ကြောင့် အမြဲမလွယ်ကူသနည်း။
၁၀ အစောပိုင်းခရစ်ယာန်အသင်းတော်တွင် မုဆိုးမများကို ဂရုစိုက်ခြင်းနှင့်ပတ်သက်၍ ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ ဤသို့သော လိုအပ်ရာများကို မည်သို့ဆောင်ရွက်ရမည်ဟု တမန်တော်ပေါလု တင်ပြသနည်း။ “မုဆိုးမအမှန်ဖြစ်သောမိန်းမတို့ကို မစ လုပ်ကျွေးလော့။ သားမြေးရှိသောမုဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကိုရည်မှတ်လျက်၊ မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။ မိမိလူတို့ကို မပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူ မည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”—၁ တိမောသေ ၅:၃၊ ၄၊ ၈။
၁၁ လိုအပ်လာလျှင် သက်ကြီးရွယ်အိုများကို ဦးစွာကူညီသင့်သူများမှာ မိသားစုအဝင်ဖြစ်သူတို့ပင်တည်း။aဤနည်းအားဖြင့် မိဘများပြုစုပေးခဲ့လေသမျှကို တန်ဖိုးထားကြောင်း အရွယ်ရောက်နေသော သားသမီးများ တင်ပြနိုင်ပါသည်။ ယင်းသို့ပြုမူရန် လွယ်ကူမည်ကား မဟုတ်ပါ။ လူတို့သည် ကြီးရင့်လာသည်နှင့်အမျှ နှေးကွေးလာတတ်ကြသည်။ အချို့ဆိုလျှင် မသန်မစွမ်း၊ ဒုက္ခိတများပင်ဖြစ်လာကြသည်။ အခြားသူတို့မှာမူ ကိုယ်ကိုယ်ကို သတိမပြုမိဘဲ ကိုယ့်အရေးကိုသာ အဓိကထားပြီး အလိုမကျနိုင်ဘဲ ဖြစ်လာပေမည်။ သို့သော် ကလေးသူငယ်ဘဝက ကျွန်ုပ်တို့ကိုယ်တိုင် ကိုယ့်အရေးကိုသာ အဓိကထားပြီး အလိုမကျသူများ မဖြစ်ခဲ့သလော။ ထိုစဉ်က ကျွန်ုပ်တို့ကိုကူညီပေးရန် မိဘနှစ်ပါး အပြေးအလွှားရောက်လာခဲ့ကြသည်မဟုတ်လော။ ယခု သူတို့အသက်ကြီးလာကြပြီမို့ အခြေအနေပြောင်းပြန်ဖြစ်ချေပြီ။ သို့ဖြစ်၍ ဘာလိုအပ်ပါသနည်း။ စာနာထောက်ထားမှုနှင့် စိတ်ရှည်သည်းခံရပါမည်။—၁ သက်သာလောနိတ် ၂:၇၊ ၈ နှိုင်းယှဉ်။
၁၂။ ခရစ်ယာန်အသင်းတော်ရှိ အသက်ကြီးသူများ—နှင့်အခြားသူအားလုံးကို—ပြုစုစောင့်ရှောက်ပေးရာတွင် အဘယ်အရည်အချင်းများ လိုအပ်သနည်း။
၁၂ လက်တွေ့ကျသောသြဝါဒကို တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။ ထိုမှတစ်ပါး စုံလင်ခြင်းအနှောင်အဖွဲ့တည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။” အသင်းတော်၌ ဤကဲ့သို့သောထောက်ထားစာနာမှုနှင့် ချစ်ခြင်းမေတ္တာကို တင်ပြကြရမည်ဆိုလျှင် မိသားစုအတွင်း သာ၍တင်ပြသင့်သည်မဟုတ်လော။—ကောလောသဲ ၃:၁၂-၁၄၊ ကဘ။
၁၃။ သက်ကြီးရွယ်အိုမိဘများ၊ သို့မဟုတ် အဖိုးအဖွားများအပြင် မည်သူများလည်း အကူအညီလိုကောင်းလိုမည်နည်း။
၁၃ တစ်ခါတစ်ရံ မိဘများ၊ သို့မဟုတ် အဖိုးအဖွားများသာမက အခြားသက်ကြီးရွယ်အို ဆွေမျိုးတို့ပါ ဤကဲ့သို့သောအကူအညီ လိုအပ်ပေမည်။ သားသမီးမရှိသော အသက်ကြီးသူအချို့သည် သာသနာပြု၊ နယ်လှည့်ဓမ္မအမှုနှင့် အခြားသောအချိန်ပြည့်လုပ်ငန်းတွင် နှစ်ချီ၍ အမှုထမ်းခဲ့ကြပြီ။ သူတို့ဘဝအသက်တာတစ်လျှောက် ဘုရားသခင့်နိုင်ငံတော်ကို အမှန်တကယ်ပင် ရှေ့ဦးထားခဲ့ကြပြီ။ (မဿဲ ၆:၃၃) ထိုကြောင့် သူတို့အား ဂရုစိုက်ပြုစုလိုသောသဘောထား တင်ပြသင့်သည်မဟုတ်လော။ သက်ကြီးရွယ်အို ဗေသလအိမ်သားများကို ကင်းမျှော်စင်အသင်း ကြည့်ရှုပြုစုပုံသည် အမှန်ကောင်းသောပုံသက်သေတစ်ရပ်ဖြစ်ပေသည်။ ဘရုတ်ကလင် ဗေသလဌာနချုပ်နှင့် အသင်းမ၏ဌာနခွဲ အမြောက်အမြားတွင် လေ့ကျင့်မှုရရှိထားသည့် အိမ်သားများသည် အိုမင်းရင့်ရော်သော ညီအစ်ကို၊ ညီအစ်မများစွာကို နေ့စဉ် တာဝန်ယူ ကြည့်ရှုပြုစုကြပါသည်။ ကိုယ့်မိဘများ၊ သို့မဟုတ် အဖိုးအဖွားများဖြစ်ဘိသကဲ့သို့ ဤသက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးရန် သူတို့မငြီးငွေ့ကြပါ။ ယင်းအစား သက်ကြီးရွယ်အိုများ၏ အတွေ့အကြုံရင့်ကျက်မှုမှ များစွာသင်ယူတတ်မြောက်ကြသည်။—သု၊ ၂၂:၁၇။
ပြုစုစောင့်ရှောက်ပေးခြင်းတွင် အသင်းတော်၏ကဏ္ဍ
၁၄။ အစောပိုင်းခရစ်ယာန်အသင်းတော်တွင် သက်ကြီးရွယ်အိုများအတွက် အဘယ်အစီအစဉ်ပြုလုပ်ခဲ့သနည်း။
၁၄ ယနေ့ နိုင်ငံအမြောက်အမြားတွင် သက်ကြီးပင်စင်အပြင် သက်ကြီးရွယ်အိုများ၏ကျန်းမာရေးကို အစိုးရတာဝန်ယူပေးခြင်း ရှိပါသည်။ ယင်းအခွင့်အရေးများရနိုင်သူဖြစ်မည်ဆိုလျှင် ယင်းအစီအစဉ်များကို ခရစ်ယာန်များသည် အပြည့်အဝအသုံးပြုနိုင်ပါသည်။ သို့ရာတွင် ပထမရာစုတွင် ထိုသို့သောအစီအစဉ်များမရှိပါ။ ယင်းကြောင့် ဆင်းရဲချို့တဲ့သောမုဆိုးမများကို အကူအညီပေးရန် ခရစ်ယာန်အသင်းတော်သည် တာဝန်ယူခဲ့ပါသည်။ ပေါလု ဤသို့ညွှန်ကြားခဲ့သည်။ “မုဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင် စာရင်းအင်းမဝင်စေနှင့်။ လင်တစ်ယောက်တည်း ရှိဖူးသောသူ၊ ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ကိုပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကို ဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဖူးသောသူဖြစ်လျှင် စာရင်းအင်းဝင်စေ။” သို့ဖြစ်၍ သက်ကြီးရွယ်အိုတို့ကို အကူအညီပေးရေးတွင် အသင်းတော်လည်း တာဝန်ယူ ပါဝင်သင့်ကြောင်း ပေါလုတင်ပြပါသည်။ ယုံကြည်သူ သားသမီးမရှိသော ဝိညာဏစိတ်ထားရှိ အမျိုးသမီးများသည် ဤသို့သော ကူညီမစမှုကို ရနိုင်စရာအကြောင်းရှိသည်။—၁ တိမောသေ ၅:၉၊ ၁၀။
၁၅။ အစိုးရထောက်ပံ့မှုရနိုင်ရန် အဘယ်အကူအညီပေးဖို့ လိုကောင်းလိုပေမည်နည်း။
၁၅ အစိုးရ၏ထောက်ပံ့မှုကို သက်ကြီးရွယ်အိုများရယူနိုင်ခွင့်ရှိစေကာမူ ယင်းကိုရရှိနိုင်ရန် ဖြည့်စွက်ပေးရသည့် စာရွက်စာတမ်းများကြောင့် အများအားဖြင့် စိတ်ပျက်ကြပါသည်။ ဤသို့သောအခြေအနေမျိုးတွင် အသင်းတော်အကြီးအကဲများက သက်ကြီးရွယ်အိုများ ရသင့်ရထိုက်ရာ အထောက်အပံ့ကို လျှောက်ယူနိုင်ရန် အကူအညီပေးဖို့ စီစဉ်ပေးသင့်ပါသည်။ တစ်ခါတစ်ရံ အခြေအနေပြောင်းလဲသည့်အတွက် ပင်စင်တိုးနိုင်စရာအကြောင်းရှိသည်။ သို့သော် သက်ကြီးရွယ်အို၏အကျိုးကို ဆောင်ရွက်ပေးခြင်းငှာ အကြီးအကဲများအနေနှင့် အခြားအခြားသော လက်တွေ့ကျအစီအစဉ်များ ပြုလုပ်ပေးနိုင်ပါသည်။ ယင်းတို့မှ အချို့ကားအဘယ်နည်း။
၁၆၊ ၁၇။ အသင်းတော်တွင် သက်ကြီးရွယ်အိုများအား အဘယ်နည်းအမျိုးမျိုးဖြင့် ဧည့်ဝတ်ပျူငှာမှု တင်ပြနိုင်မည်နည်း။
၁၆ ဧည့်ဝတ်ပျူငှာခြင်းသည် ကျမ်းစာခေတ်ကပင် ပြုလုပ်ခဲ့သောထုံးစံဖြစ်သည်။ ယနေ့ထိတိုင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံမြောက်မြားစွာတို့တွင် သူစိမ်းတို့အား ဧည့်ဝတ်ပြုဆဲရှိသည်။ အနည်းဆုံးတော့ လက်ဖက်ရည်၊ သို့မဟုတ် ကော်ဖီတစ်ခွက် တိုက်တတ်ကြသေးသည်။ ထိုကြောင့် ပေါလု ဤသို့ရေးသားခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။ “သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။” (ရောမ ၁၂:၁၃) ဧည့်ဝတ်ပြုခြင်းအတွက် ဂရိစကားလုံး ဖီ·လို·စီ·နီʹအာ သည် (phi·lo·xe·niʹa) စာသားအရ “သူစိမ်းများကို ချစ်ခြင်း (ခင်တွယ်ခြင်း၊ ကြင်နာခြင်း)” အဓိပ္ပာယ်ရှိသည်။ သူစိမ်းတို့ကို ခရစ်ယာန်ဖြစ်သူသည် ဧည့်ဝတ်ပျူငှာမည်ဆိုလျှင် ယုံကြည်ခြင်းကြောင့် ဆက်သွယ်မှုရှိသူများအား ထိုမျှမက ပျူငှာသင့်သည်မဟုတ်လော။ သက်ကြီးရွယ်အိုတစ်ဦးအား ထမင်းစားခေါ်ဖိတ်ခြင်းသည် သူ၏လုပ်ရိုးလုပ်စဉ်အစီအစဉ်အတွက် စိတ်ပျော်စရာ အပြောင်းအလဲတစ်ခု ဖြစ်ပါလိမ့်မည်။ သင့်ပျော်ရွှင်ပွဲများတွင် ဉာဏ်ပညာနှင့် အတွေ့အကြုံရင့်ကျက်သောစကားများကို ကြားနာပါဝင်လိုစေမည်ဆိုလျှင် သက်ကြီးရွယ်အိုများကို ခေါ်ဖိတ်ပါ။—လုကာ ၁၄:၁၂-၁၄ နှိုင်းယှဉ်။
၁၇ အသက်ကြီးသူများကို အားပေးနိုင်သည့်နည်းအမျိုးမျိုးရှိပါသည်။ ဘုရားသခင့် နိုင်ငံတော်ခန်းမသို့၊ သို့မဟုတ် အစည်းအဝေးပွဲသို့ သွားကြရန် ကားတွင်ပါဝင်မည့်သူများကို စုစည်းနေမည်ဆိုလျှင် လိုက်ပါလိုမည့် သက်ကြီးရွယ်အိုအချို့များ ရှိပါမည်လော။ သူတို့ကိုယ်တိုင် လာတောင်းဆိုရခြင်းကို မစောင့်ပါနှင့်။ ခေါ်သွားမည်ဟု ကိုယ်တိုင်ကမ်းလှမ်းပါ။ အခြားလက်တွေ့ကျ အကူအညီပေးနိုင်သည့်နည်းတစ်နည်းမှာ သူတို့အတွက် ဈေးဝယ်ခြမ်းပေးခြင်းဖြစ်သည်။ သို့မဟုတ် သူတို့တတ်နိုင်မည်ဆိုလျှင် ကိုယ်တိုင်ဈေးသွားဝယ်သည့်အခါ ခေါ်ဆောင်သွားနိုင်မည်လော။ သို့သော် လိုအပ်လာမည်ဆိုလျှင် သူတို့အနားယူ အပန်းဖြေစရာနေရာများကို ကြိုတင်စီစဉ်ထားပေးပါ။ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း တင်ပြရန်အကြောင်း လိုအပ်လိမ့်မည်ကားအမှန်ပင်။ သို့သော် သက်ကြီးရွယ်အိုတစ်ဦး၏ စိတ်ရင်းမှန်ကျေးဇူးတင်ခြင်းသည် ကူညီရကျိုးနပ်စေပါသည်။—၂ ကောရိန္သု ၁:၁၁; ၁ သက်သာလောနိတ် ၅:၁၈။
အသင်းတော်တွင် ကျက်သရေ
၁၈။ အသက်ကြီးရင့်သူများသည် အသင်းတော်အတွက် အဘယ်ကြောင့်ကောင်းချီးတစ်ရပ်ဖြစ်သနည်း။
၁၈ အသင်းတော်တွင် ဆံပင်ဖြူသူအချို့ (နှင့်အသက်အရွယ်ကြောင့် ထိပ်ပြောင်သူများ) ကိုတွေ့ရှိရခြင်းသည် ကောင်းချီးပါတကား! ဆိုလိုသည်ကား၊ လူငယ်တို့၏ ပေါ့ပါးဖျတ်လတ်၊ စွမ်းပကားရှိ အရည်အချင်းများကြား ဉာဏ်ပညာနှင့် အတွေ့အကြုံရှိသူများ—အနည်းအကျဉ်းကို တွေ့မြင်ရခြင်းသည် မည်သည့်အသင်းတော်အတွက်မဆို အမှန်ကျက်သရေရှိရာဖြစ်သည်။ သူတို့၏အသိပညာသည် ရေတွင်းမှ ခပ်သောက်ရသော အားဖြည့်ပေးသောရေနှင့်တူပါသည်။ သု၊ ၁၈:၄ ဆိုသည့်အတိုင်းပင်ဖြစ်ပေသည်။ “နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့ဖြစ်၏။” မိမိတို့နှင့် ပေါင်းသင်းလို၍ မိမိတို့ကိုတန်ဖိုးထားကြောင်း ခံစားရခြင်းသည် အသက်ကြီးသူများအတွက် အားရှိစရာဖြစ်လှလေခြင်း။—ဆာလံ ၉၂:၁၄ နှိုင်းယှဉ်။
၁၉။ မိမိတို့၏ သက်ကြီးရွယ်အိုမိဘများအတွက် အချို့သူများသည် မည်သို့အနစ်နာခံခဲ့ပြီနည်း။
၁၉ အချိန်ပြည့်အမှုတော်ထမ်းသူအချို့သည် မိမိတို့၏အခွင့်အရေးများကို ဆုံးရှုံးခံပြီး အိမ်ပြန်၍ သက်ကြီးရွယ်အို၊ ဖျားနာနေသောမိဘများကို ပြုစုပေးရန် လိုအပ်သည်ဟု ခံစားကြရသည်။ သူတို့အတွက် အနစ်နာခံခဲ့သူများအဖို့ ဤသူများသည် အနစ်အနာတစ်လှည့်ခံလိုက်ခြင်းမျှဖြစ်သည်။ ယခင်က သာသနာပြုများဖြစ်၍ အချိန်ပြည့်အမှုတော်ထမ်းနေဆဲရှိ မောင်နှံစုံတစ်စုံသည် သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ပြုစုပေးခြင်းငှာ မိဘအိမ်တွင် ပြန်နေထိုင်ကြသည်။ ဤသို့ အနှစ် ၂၀ ကျော်ပြုလုပ်ခဲ့ကြပေပြီ။ လွန်ခဲ့သောလေးနှစ်ခန့်က အမျိုးသား၏မိခင်ကို လူအိုရုံသို့ ပို့ပေးခဲ့ရသည်။ ယခု အသက် ၆၀ ပိုင်းဝင်နေသော လင်ယောက်ျားဖြစ်သူသည် သူ၏ ၉၃ နှစ်အရွယ်ရှိမိခင်ထံ နေ့စဉ် အလည်အပတ်သွားပါသည်။ သူက “သူ့ကို ဘယ်လိုပစ်ထားနိုင်မလဲ။ ကျွန်တော့် အမေဘဲ” ဟုရှင်းပြပါသည်။ အခြားသောအခြေအနေများတွင် အသက်ကြီးသူများ၏ သားသမီးများသည် ခန့်အပ်ခံအရပ်များတွင် တာဝန်ယူအမှုထမ်းနိုင်ကြရန် အသင်းတော်များနှင့် တစ်ဦးတစ်ယောက်သောသူတို့သည် အကူအညီပေး စောင့်ရှောက်ပြုစုကြပါသည်။ ဤကဲ့သို့သော ကိုယ်ကျိုးမဲ့ချစ်ခြင်းမေတ္တာကိုလည်း များစွာချီးမွမ်းထိုက်ပေသည်။ သက်ကြီးရွယ်အိုများကို လျစ်လျူရှုမထားသင့်သည့်အတွက် အခြေအနေအရ အသိစိတ်ရှိရှိစီစဉ်ဆောင်ရွက်ပေးရပါမည်။ သင့်သက်ကြီးရွယ်အို မိအိုဖအိုများကို ချစ်ခင်မြတ်နိုးကြောင်း တင်ပြပါ။—ထွက်မြောက်ရာ ၂၀:၁၂; ဧဖက် ၆:၂၊ ၃။
၂၀။ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင် ယေဟောဝါသည် အဘယ်ပုံသက်သေတင်ပြခဲ့ပြီနည်း။
၂၀ ကျွန်ုပ်တို့၏ အသက်ကြီးရင့်သော ညီအစ်ကိုညီအစ်မများသည် မိသားစု (ဝါ) အသင်းတော်တွင် အမှန်ပင်ကျက်သရေရှိပါသည်။ ယေဟောဝါဤသို့မိန့်တော်မူသည်။ “သင်တို့သည် အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍ သင်တို့ကိုဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။” ခရစ်ယာန်မိသားစုရှိ အသက်ကြီးရင့်သော ညီအစ်ကို၊ ညီအစ်မများကို ထပ်တူပင် စိတ်ရှည်သည်းခံ၍ ပြုစုစောင့်ရှောက်နိုင်ပါစေ။—ဟေရှာယ ၄၆:၄; သု၊ ၁၆:၃၁။
[အောက်ခြေမှတ်ချက်များ]
a သက်ကြီးရွယ်အိုများကို အိမ်ထောင်သားများ မည်သို့ကူညီပေးနိုင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အကြံပြုချက်များကိုသိလိုလျှင် ၁၉၈၈ ဇွန် ၁ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၂၁ကိုရှု။
သင်မှတ်မိသလော
◻ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ အဘယ်ကျမ်းစာဥပမာများ ရှိသနည်း။
◻ သက်ကြီးရွယ်အိုများကို မည်သို့ ဆက်ဆံသင့်သနည်း။
◻ မိသားစုရှိသူများသည် မိမိတို့၏ ချစ်ရသော သက်ကြီးရွယ်အိုများကို မည်သို့ပြုစုပေးနိုင်သနည်း။
◻ သက်ကြီးရွယ်အိုများကို အသင်းတော်အနေနှင့် မည်သို့အကူအညီပေးနိုင်သနည်း။
◻ သက်ကြီးရွယ်အိုများသည် ကျွန်ုပ်တို့အားလုံးအတွက် အဘယ်ကြောင့် ကောင်းချီးတစ်ရပ်ဖြစ်သနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ရုသသည် သက်ကြီးရွယ်အို နောမိအား ကြင်နာမှုပြကာ ရိုသေလေးစားခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သက်ကြီးရွယ်အိုများသည် အသင်းတော်တွင် ကျက်သရေရှိသူများဖြစ်