သူတို့ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
အမြော်အမြင်ရှိသောအမျိုးသမီးတစ်ဦး ဝမ်းနည်းဖွယ်ရာအဖြစ်ဆိုးကို ဆီးတားခဲ့
အသုံးမကျသောသူနှင့် အိမ်ထောင်ကျခဲ့ရသည့် ဉာဏ်အမြော်အမြင်ရှိအမျိုးသမီး—ယင်းသည် အဘိဂဲလနှင့် နာဗလတို့၏အခြေအနေဖြစ်သည်။ အဘိဂဲလသည် “ဉာဏ်ကောင်း၍ အဆင်းလည်းလှ” သူဖြစ်သည်။ ခြားနားစွာပင် နာဗလမူကား “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။” (၁ ဓမ္မရာဇဝင် ၂၅:၃) ဤလိုက်ဖက်မညီသောစုံတွဲနှင့်ပတ်သက်သည့် အဖြစ်အပျက်က ကျမ်းစာသမိုင်းတွင် သူတို့၏အမည်များကို ဖျောက်ဖျက်၍မရလောက်အောင် မှတ်တမ်းတင်စရာဖြစ်စေခဲ့သည်။ မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ကြစို့။
အကူအညီကို ပေါ့ပေါ့တန်တန်သဘောထားခြင်း
ဘီ.စီ.အီး. ၁၁ ရာစုတွင်ဖြစ်သည်။ ဒါဝိဒ်သည် ဣသရေလတို့၏မင်းလောင်းအဖြစ် ဘိသိက်ပေးခံခဲ့ရသော်လည်း အုပ်ချုပ်ရမည့်အစား အသက်အန္တရာယ်မှလွတ်အောင်ထွက်ပြေးနေရသည်။ မင်းမူလျက်ရှိသောဘုရင်ရှောလုသည် သူ့အားသတ်ရန် ဆုံးဖြတ်ထားလေသည်။ ရလဒ်အနေဖြင့် ဒါဝိဒ်သည် ဝရမ်းပြေးတစ်ဦးကဲ့သို့နေထိုင်ခဲ့ရသည်။ နောက်ဆုံးတွင် ဒါဝိဒ်နှင့် အပေါင်းအဖော် ၆၀၀ ခန့်သည် ယုဒပြည်မြောက်ဘက်၊ သိန်တောအရှေ့ဘက်ရှိ ပါရန်တောတွင် ကွန်းခိုရာနေရာကိုတွေ့လေသည်။—၁ ဓမ္မရာဇဝင် ၂၃:၁၃; ၂၅:၁။
ထိုနေရာတွင်နေထိုင်ကြစဉ် နာဗလအမည်ရှိလူတစ်ဦး၏ သိုးထိန်းအလုပ်သမားများနှင့် တွေ့ဆုံခဲ့ကြသည်။ ကာလက်၏အဆွေအမျိုးဖြစ်သော ဤလူချမ်းသာသည် သိုး ၃,၀၀၀ နှင့်ဆိတ် ၁,၀၀၀ ကိုပိုင်ဆိုင်၍ ပါရန်တောမှ ၂၅ မိုင်ခန့်သာဝေးမည်ဖြစ်သော ဟေဗြုန်မြို့တောင်ဘက် ကရမေလမြို့တွင် သူ၏သိုးများကို သိုးမွေးညှပ်၍နေလေသည်။a နာဗလ၏သိုးထိန်းများသည် မိမိတို့၏သိုးအုပ်များကို တောထဲတွင်လှည့်လည်၍ခိုးယူနေကြသော သူခိုးများ၏လက်မှ ကာကွယ်စောင့်ရှောက်ရာတွင် ဒါဝိဒ်နှင့်သူ့လူတို့က အကူအညီပေးခဲ့ကြသည်။—၁ ဓမ္မရာဇဝင် ၂၅:၁၄-၁၆။
ထိုအတောအတွင်း ကရမေလမြို့၌ သိုးမွေးညှပ်ခြင်းစတင်လေသည်။ ယင်းကား လယ်သမားများအတွက် ကောက်ရိတ်သိမ်းချိန်နှင့်တူသော ပွဲတော်အခါသမယဖြစ်သည်။ ယင်းသည် သိုးပိုင်ရှင်များက မိမိတို့အတွက်အလုပ်လုပ်ပေးသူများကိုဆုချမည့် အလွန့်အလွန်ရက်ရောသော အချိန်ကာလလည်းဖြစ်သည်။ ထို့ကြောင့် ဒါဝိဒ်သည် သူ့လူဆယ်ယောက်အား ကရမေလမြို့ရှိ နာဗလထံစေလွှတ်၍ သူ၏သိုးအုပ်အတွက် သူတို့ဆောင်ရွက်ပေးခဲ့သောကျေးဇူးကို တုံ့ပြန်သည့်အနေဖြင့် အစားအစာကိုပေးရန်တောင်းဆိုခြင်းသည် ပိုင်စိုးပိုင်နင်းပြုရာမကျပါ။—၁ ဓမ္မရာဇဝင် ၂၅:၄-၉။
နာဗလ၏တုံ့ပြန်မှုကား စေတနာလုံးဝမပါချေ။ “ဒါဝိဒ်ကားအဘယ်သူနည်း” ဟုမထီမဲ့မြင်ပြောလိုက်သည်။ ထို့နောက် ဒါဝိဒ်နှင့်သူ့လူတို့သည် ထွက်ပြေးနေသောကျွန်များသာဖြစ်သည် ဟုဆိုကာ “ငါ့သိုးမွေးကိုညှပ်သောသူတို့အဖို့ပြင်ဆင်သောငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသောလူတို့အားပေးရမည်လော” ဟုမေးလေသည်။ ဤအကြောင်းအရာကို ဒါဝိဒ်ကြားသောအခါ သူ၏လူတို့ကို “လူတိုင်းမိမိဓားကိုခါး၌စည်းစေ” ဟုဆို၏။ လူ ၄၀၀ ခန့်သည် တိုက်ခိုက်ရန်အတွက် အသင့်ပြင်ဆင်ကြလေသည်။—၁ ဓမ္မရာဇဝင် ၂၅:၁၀-၁၃။
အဘိဂဲလ၏ ချင့်ချိန်တိုင်းထွာတတ်သောဉာဏ်
နာဗလ၏ကြမ်းတမ်းသောစကားများကို သူ၏ဇနီး အဘိဂဲလက သိလိုက်ရသည်။ နာဗလအတွက် သူမကြားဝင်တောင်းပန်ကာ ဖျန်ဖြေသူအဖြစ်ဆောင်ရွက်ရာတွင် ယင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ချင်မှဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေကာမူ အဘိဂဲလသည် ချက်ချင်းပင်ဆောင်ရွက်လေသည်။ နာဗလကို အသိမပေးဘဲ သူမသည် စားနပ်ရိက္ခာများ—သိုးငါးကောင်အပါအဝင် များစွာသောအစားအသောက်များ—ကိုစုစည်းကာ တောထဲရှိဒါဝိဒ်ကိုဆုံတွေ့ရန် ထွက်သွားလေသည်။—၁ ဓမ္မရာဇဝင် ၂၅:၁၈-၂၀။
ဒါဝိဒ်ထံသို့ရောက်သောအခါ သူမသည် သူ၏အရှေ့တွင်အလျင်အမြန်ပျပ်ဝပ်လေသည်။ သူမက “ထိုအဓမ္မလူနာဗလကို ကျွန်မသခင်မှတ်တော်မမူပါနှင့်၊ . . . ယခုမှာ ကိုယ်တော်၏ကျွန်မသည် သခင်ထံသို့ဆောင်ခဲ့သောလက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သောလုလင်တို့အား ပေးစေတော်မူပါ” ဟုတောင်းပန်သည်။ ထပ်ဆင့်၍ သူမက “ကိုယ်အမှု [နာဗလနှင့်ပတ်သက်သောအခြေအနေ] ကိုစောင့်၍ အပြစ်ဒဏ်ပေးမိသောကြောင့်လည်းကောင်း၊ ကျွန်မ၏သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော” ဟုပြောလေသည်။ ဤနေရာတွင် ဟေဗြဲစကားမှ ပြန်ဆိုထားသော “စိတ်ညှိုးငယ်ခြင်း” သည် စိတ်စနောင့်စနင်းဖြစ်ခြင်းသဘော သက်ရောက်သည်။ ထို့ကြောင့် အဘိဂဲလသည် နောက်ပိုင်းတွင်ဝမ်းနည်းကြေကွဲရမည့်လုပ်ဆောင်မှုကို အဆောတလျင်မလုပ်ဖို့ ဒါဝိဒ်ကို သတိပေးခဲ့လေသည်။—၁ ဓမ္မရာဇဝင် ၂၅:၂၃-၃၁။
ဒါဝိဒ်သည် အဘိဂဲလ၏စကားကို နားထောင်ခဲ့သည်။ သူမအား “သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူ့အသက်ကိုသတ်အံ့သောငှာ၊ မသွားရမည်အကြောင်း၊ . . . ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။ . . . ငါနှင့်တွေ့ ခြင်းငှာ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုးလင်းသောအခါ၊ နာဗလ၏လူယောက်ျား [“နံရံကို သေးကပ်ပန်းသူ၊” ကဘ] တစ်စုံတစ်ယောက်ကိုမျှ ချန်၍မထား” ဟုသူကပြောခဲ့သည်။b—၁ ဓမ္မရာဇဝင် ၂၅:၃၂-၃၄။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
ဤသမ္မာကျမ်းစာမှတ်တမ်းက ဘုရားတရားကြည်ညိုသူ အမျိုးသမီးတစ်ဦးသည် လိုအပ်မည်ဆိုလျှင် လျောက်ပတ်စွာအစပြုဆောင်ရွက်ခြင်းသည် လုံးဝမမှားကြောင်းဖော်ပြသည်။ အဘိဂဲလသည် သူမ၏ခင်ပွန်း နာဗလ၏ဆန္ဒနှင့် ဆန့်ကျင်လျက်ပြုမူဆောင်ရွက်ခဲ့သော်လည်း သမ္မာကျမ်းစာက ယင်းအတွက် သူမကို အပြစ်မတင်ခဲ့ပါ။ သို့အစား သူမကို ချင့်ချိန်တိုင်းထွာတတ်သောဉာဏ်ရှိသူ၊ အမြော်အမြင်ရှိသူအဖြစ် ချီးမွမ်းထားလေသည်။ ဤဘေးကျပ်နံကျပ်အခြေအနေတွင် အစပြုဆောင်ရွက်ခြင်းဖြင့် အဘိဂဲလသည် အသက်ပေါင်းများစွာကို ကာကွယ်ပေးခဲ့သည်။
ယေဘုယျအားဖြင့် ဇနီးတစ်ဦးသည် ဘုရားသခင့်ရေးရာလက်အောက်ခံခြင်းသဘောထားကို တင်ပြသင့်သည်မှန်သော်လည်း ဖြောင့်မတ်သောမူများနှင့်ပတ်သက်လာသောအခါ မိမိ၏ခင်ပွန်းနှင့် သူမသည် သဘောထားကွဲလွဲကောင်းကွဲလွဲသွားနိုင်ပေသည်။ သူမအနေဖြင့် “နူးညံ့ငြိမ်သက်ခြင်း” ကိုထိန်းသိမ်းထားသင့်ပြီး၊ ခံပြင်းခြင်း၊ မာနကြီးခြင်း သို့မဟုတ် ပုန်ကန်ခြင်းသက်သက်ကြောင့် အထိန်းအကွပ်မရှိပြုမူဆောင်ရွက်ခြင်း မရှိသင့်သည်မှာမှန်ပါသည်။ (၁ ပေတရု ၃:၄) သို့တစေ ဘုရားတရားကြည်ညိုသည့်ဇနီးသည်တစ်ဦးသည် အလွန်ပညာမဲ့ရာကျသည် သို့မဟုတ် ကျမ်းစာမူများကိုချိုးဖောက်ရာကျသည်ဟု သူမသိရှိထားသောအရာတစ်ခုကို ဇွတ်တရွတ်ပြုလုပ်ရန် တိုက်တွန်းမခံသင့်ပေ။ သမ္မာကျမ်းစာသည် အမျိုးသမီးများကို ကျွန်အဖြစ်မျှသာဖော်ပြသည်ဟု ဇွတ်ပြောဆိုကြသူများအား အဘိဂဲလ၏မှတ်တမ်းက ခိုင်မာသောကျိုးကြောင်းဆင်ခြင်မှုတစ်ရပ်ကို အမှန်ပင်ဖြစ်စေသည်။
ဤမှတ်တမ်းက ချုပ်တည်းခြင်းနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့အားသင်ကြားပေးသည်။ တစ်ခါတစ်ရံ ဒါဝိဒ်သည် ဤအရည်အချင်းကို ပီပီပြင်ပြင်တင်ပြခဲ့သည်။ ဥပမာ၊ ရှောလု၏သေဆုံးခြင်းက ဒါဝိဒ်အတွက် ငြိမ်သက်မှုကိုဆောင်ကြဉ်းပေးမည်ဖြစ်သော်လည်း ရှောလုဘုရင်ကို သတ်၍လက်တုံ့ပြန်ရန် ကောင်းစွာအခွင့်သာခဲ့လင့်ကစား သူငြင်းဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၄:၂-၇) ယင်းနှင့်ဆန့်ကျင်လျက် ဒါဝိဒ်သည် နာဗလက သူ့အားမလေးမစားစော်စော်ကားကားပြောဆိုသောအခါ သတိလက်လွတ်ဖြစ်ကာ ကလဲ့စားချေရန်ကျိန်ဆိုလေတော့သည်။ ယင်းက “အဘယ်သူကိုမျှရန်တုံ့မမူကြနှင့်” ဟူသည့်အတိုင်း ကြိုးစားအားထုတ်နေသူ ခရစ်ယာန်များအတွက် ထင်ရှားသည့်သတိပေးချက်တစ်ခုဖြစ်သည်။ မည်သည့်အခြေအနေ၌မဆို သူတို့သည် ပေါလု၏သတိပေးစကားကို လိုက်နာသင့်သည်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။”—ရောမ ၁၂:၁၇-၁၉။
[အောက်ခြေမှတ်ချက်များ]
a ပါရန်တောသည် မြောက်ဘက်သို့ ဗေရရှေဘအရပ်အထိ ကျယ်ပြန့်လျက်ရှိကြောင်း သိထားခဲ့ရပြီးဖြစ်သည်။ ဤနေရာဒေသတွင် အတော်အတန်ကျယ်သည် တိရစ္ဆာန်စားကျက်မြေပါရှိသည်။
b “နံရံကို သေးကပ်ပန်းသူ တစ်စုံတစ်ယောက်” ဟူသောစကားစုသည် ယောက်ျားများအတွက် ဟေဗြဲဥပစာစကားတစ်ခုဖြစ်ပြီး အထင်သေးရှုတ်ချသည့်အသုံးအနှုန်းဖြစ်ကြောင်း သိသာပါသည်။—၃ ဓမ္မရာဇဝင် ၁၄:၁၀ နှိုင်းယှဉ်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အဘိဂဲလသည် ဒါဝိဒ်ထံသို့ လက်ဆောင်များသယ်ဆောင်လာ