သင်သည် “ကြီးရင့်သော” ခရစ်ယာန်တစ်ဦးလော
“ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။” ထိုသို့ တမန်တော်ပေါလုရေးသားခဲ့သည်။ အမှန်မှာ တစ်ချိန်က ကျွန်ုပ်တို့အားလုံးသည် အဘယ်အရာကိုမျှမတတ်နိုင်သော သူငယ်များဖြစ်ခဲ့ကြသည်။ သို့သော် ထိုသို့အစဉ်ဖြစ်ခဲ့ကြသည်မဟုတ်။ “အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကို ငါပယ်ရှား၏” ဟူ၍ ပေါလုပြောခဲ့သည်။—၁ ကောရိန္သု ၁၃:၁၁။
အလားတူစွာ ခရစ်ယာန်အားလုံးသည် ဝိညာဉ်ရေးသူငယ်များအနေနှင့်စတင်ခဲ့ကြသည်။ သို့ရာတွင် အချိန်တန်သော် ကျွန်ုပ်တို့အားလုံးသည် “ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ရောက်” နိုင်ကြသည်။ (ဧဖက် ၄:၁၃) ၁ ကောရိန္သု ၁၄:၂၀ တွင်ကျွန်ုပ်တို့ကို ဤသို့အားပေးထားသည်– “ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ . . . ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့။”
အထူးသဖြင့် မြောက်မြားစွာသောလူသစ်များရှိသောကြောင့် ရင့်ကျက်ပြီး ကြီးရင့်သောခရစ်ယာန်များရှိနေခြင်းသည် ယနေ့ ဘုရားသခင့်လူမျိုးတော်အတွက် ကောင်းချီးတစ်ရပ်ဖြစ်သည်။ ကြီးရင့်သောခရစ်ယာန်များသည် အသင်းတော်ကို တည်ငြိမ်ခိုင်မြဲစေ၏။ သူတို့တက်ရောက်သော မည်သည့်အသင်းတော်မဆို၏စိတ်ထားအပေါ် အပြုသဘောပါ အကျိုးသက်ရောက်ကြသည်။
ကာယရေးကြီးထွားမှုသည် အလိုအလျောက်ဖြစ်လာသော်လည်း ဝိညာဉ်ရေးကြီးထွားမှုသည် အချိန်နှင့်ကြိုးစားအားထုတ်မှုရှိမှသာ ကြီးထွားလာ၏။ ပေါလုအချိန်က ခရစ်ယာန်အချို့သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခဲ့ကြသော်လည်း “စုံလင်သောအဖြစ်သို့” မရောက်ခဲ့ကြခြင်းမှာ အံ့ဩစရာမဟုတ်ချေ။ (ဟေဗြဲ ၅:၁၂; ၆:၂) အသင်ကော။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့ပြီဖြစ်စေ၊ သိပ်မကြာသေးလျှင်ဖြစ်စေ သင့်ကိုယ်သင် ရိုးသားစွာဆန်းစစ်ခြင်းသည် လျော်ကန်လိမ့်မည်ဖြစ်သည်။ (၂ ကောရိန္သု ၁၃:၅) သင်သည် ရင့်ကျက်သော သို့မဟုတ် ကြီးရင့်သော ခရစ်ယာန်များဟု အမှန်တကယ်အခေါ်ခံနိုင်သူများတွင် ပါဝင်သလော။ မပါဝင်လျှင် ဤသို့သောသူများ မည်သို့ဖြစ်လာနိုင်မည်နည်း။
“ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့”
ဝိညာဉ်ရေးသူငယ်တစ်ဦးသည် အလွယ်တကူပင် “လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့် . . . ခပ်သိမ်းသော[ဆုံးမစကား]လေတိုက်၍ ဖရိုဖရဲလွင့်သွား” နိုင်သည်။ သို့ဖြင့် ပေါလုသည် ဤသို့တိုက်တွန်းခဲ့သည်– “မေတ္တာစိတ်နှင့် . . . ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည်။” (ဧဖက် ၄:၁၄၊ ၁၅) မည်သို့ကြီးပွားနိုင်မည်နည်း။ “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော၊ စုံလင်သော [“ရင့်ကျက်သော၊” ကဘ] အရွယ်ရှိသောသူတို့မူကား ကြေခဲသောအစာအာဟာရကို သုံးဆောင်ရကြ၏” ဟူ၍ ဟေဗြဲ ၅:၁၄ ကဆိုသည်။
ရင့်ကျက်သူများသည် သူတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးပြုခြင်း၊ သို့မဟုတ် ကျမ်းစာမူများကို ကျင့်သုံးခြင်း၌ အတွေ့အကြုံရှိ၍ လေ့ကျင့်ခံရသည်ကို သတိပြုပါ။ ထို့ကြောင့် နေ့ချင်းညချင်း ရင့်ကျက်သူဖြစ်မလာပေ၊ ဝိညာဉ်ရေးအရကြီးထွားရန် အချိန်ယူရသည်။ သို့တိုင် ကိုယ်ပိုင်လေ့လာမှု—အထူးသဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ ပို၍လေးနက်ရာများ—ဖြင့် သင်၏ဝိညာဉ်ရေးကြီးထွားမှုကို တိုးတက်စေနိုင်သည်။ မကြာသေးမီက ကင်းမျှော်စင်သည် လေးနက်ရာများစွာကို ဆွေးနွေးတင်ပြခဲ့သည်။ ရင့်ကျက်သူများသည် ထိုသို့သောဆောင်းပါးများတွင် “ခက်ခဲသောအရာအချို့” ပါရှိသောကြောင့် ယင်းတို့ကို မရှောင်ရှားခဲ့ကြချေ။ (၂ ပေတရု ၃:၁၆) ၎င်းအစား၊ သူတို့သည် ယင်းသို့သောကြေခဲသောအစာကို ထက်သန်စွာစားသုံးကြ၏!
ဇွဲထက်သန်သောဟောပြောသူများနှင့် သွန်သင်ပေးသူများ
ယေရှုက “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ပေးကြလော့” ဟူ၍ တပည့်တော်များကို မှာကြားခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဟောပြောခြင်းလုပ်ငန်း၌ ဇွဲရှိရှိပါဝင်ဆောင်ရွက်ခြင်းသည်လည်း သင်၏ဝိညာဉ်ရေးကြီးထွားမှုကို တိုးတက်စေနိုင်သည်။ သင်၏အခြေအနေခွင့်ပြုသရွေ့ ယင်းလုပ်ငန်း၌ အပြည့်အဝပါဝင်ရန် ကြိုးစားအားထုတ်ပါလေ။—မဿဲ ၁၃:၂၃။။
တစ်ခါတစ်ရံ ဘဝဖိစီးမှုများက ဟောပြောဖို့အချိန်ရှာယူရန် စိန်ခေါ်မှုဖြစ်စေနိုင်သည်။ သို့တိုင် ဟောပြောသူအနေနှင့် သင်သည် “ကြိုးစားအားထုတ်” ခြင်းဖြင့် ‘သတင်းကောင်း’ ကိုမည်မျှအလေးအနက်ထားကြောင်း တင်ပြသည်။ (လုကာ ၁၃:၂၄; ရောမ ၁:၁၆) သို့ဖြင့် သင့်ကို ‘ယုံကြည်သောသူတို့အတွက် ပုံသက်သေ’ အဖြစ် ရှုမြင်ကြပေမည်။—၁ တိမောသေ ၄:၁၂။
သမာဓိစောင့်သိသူများ
ရင့်ကျက်ခြင်းသို့ တိုးတက်ရာတွင် သမာဓိစောင့်သိရန် ကြိုးစားအားထုတ်ခြင်းနှင့်လည်း ပါဝင်ပတ်သက်သည်။ ဆာလံ ၂၆:၁ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောကြောင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ” ဟုပြောဆိုခဲ့သည်။ သမာဓိဟူသည် ကိုယ်ကျင့်တရားဘက်တွင် ကြံ့ခိုင်ခြင်းနှင့်ပြည့်စုံခြင်းဖြစ်သည်။ သို့သော် စင်းလုံးချောဖြစ်ရမည်ဟု ဆိုလိုနေခြင်းမဟုတ်ချေ။ ဒါဝိဒ်ကိုယ်တိုင် ကြီးလေးသောအပြစ်အချို့ကို ကျူးလွန်ခဲ့၏။ သို့သော် သူသည် အပြစ်ဖော်ပြဆုံးမခြင်းကို လက်ခံကာ သူ၏အမှားကိုပြုပြင်ခဲ့သောကြောင့် သူ၏နှလုံးတွင် ယေဟောဝါဘုရားသခင်အပေါ် စစ်မှန်သောမေတ္တာ ထားရှိဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (ဆာလံ ၂၆:၂၊ ၃၊ ၆၊ ၈၊ ၁၁) သမာဓိတွင် စိတ်နှလုံးအကြွင်းမဲ့အပ်နှံခြင်းပါဝင်သည်။ ဒါဝိဒ်က “သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး . . . နှင့်ဝတ်ပြုလော့” ဟုသူ၏သားရှောလမုန်ကို ပြောခဲ့သည်။—၁ ရာဇဝင်ချုပ် ၂၈:၉။
သမာဓိစောင့်သိခြင်းတွင် နိုင်ငံရေး၊ စစ်မက်များနှင့် မပတ်သက်ဘဲ “ဤလောကနှင့်မဆက်ဆံ” ခြင်းပါဝင်သည်။ (ယောဟန် ၁၇:၁၆) မတရားသောမေထုန်၌မှီဝဲခြင်း၊ သူ့မယားကိုပြစ်မှားခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းစသော အကျင့်ပျက်ခြင်းများကိုလည်း ရှောင်ကြဉ်ရမည်။ (ဂလာတိ ၅:၁၉-၂၁) သို့သော် သမာဓိစောင့်သိခြင်းသည် အဆိုပါအရာများကို ရှောင်ရှားခြင်းထက်မကဖြစ်၏။ ရှောလမုန်က “အထုံသမားလုပ်သောနံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့ အနည်းငယ်သောအမိုက်သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူဖြစ်စေတတ်၏” ဟုသတိပေးခဲ့သည်။ (ဒေ. ၁၀:၁) မှန်ပါသည်၊ ဆန့်ကျင်ဘက်လိင်နှင့် မတော်လျော်သောအပြောင်အပျက်ပြောဆိုခြင်း သို့မဟုတ် ပရောပရီလုပ်ခြင်းစသော “အနည်းငယ်သောအမိုက်” သည်ပင် “ပညာ” ရှိသူ၏ဂုဏ်သိက္ခာကို ပျက်စေနိုင်သည်။ (ယောဘ ၃၁:၁) ထို့ကြောင့် “မကောင်းမှုအသွင်အပြင်” ကိုပင်ရှောင်ရှားကာ သင်၏အကျင့်အကြံအားလုံးတွင် ပုံသက်သေကောင်းဖြစ်ရန် ကြိုးစားခြင်းဖြင့် သင်၏ရင့်ကျက်မှုကိုထင်ရှားပြပါ။—၁ သက်သာလောနိတ် ၅:၂၂၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း။
သစ္စာစောင့်သိသူများ
ကြီးရင့်သောခရစ်ယာန်တစ်ဦးသည် သစ္စာစောင့်သိသူလည်းဖြစ်သည်။ ဧဖက် ၄:၂၄ တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း တမန်တော်ပေါလုက “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . [“သစ္စာစောင့်သိခြင်း၊” ကဘ] အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” ပါဟု ခရစ်ယာန်များကို တိုက်တွန်းသည်။ ဂရိကျမ်းစာစောင်များ၌ “သစ္စာစောင့်သိခြင်း” ဟူသော မူရင်းဘာသာစကားသည် မွန်မြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကြည်ညိုလေးစားခြင်းသဘောများဆောင်သည်။ သစ္စာစောင့်သိသူတစ်ဦးသည် ရိုးသားဖြူစင်ပြီး ဘုရားတရားကိုင်းရှိုင်းသူဖြစ်သည်; ဘုရားသခင်အပေါ် သူ၏တာဝန်အားလုံးကို ဂရုတစိုက်လုပ်ဆောင်သည်။
ဤသို့သောသစ္စာစောင့်သိမှုရှိစေရန် သင်ပြုလုပ်နိုင်သည့်နည်းအချို့ကားအဘယ်နည်း။ တစ်နည်းမှာ သင်၏ဒေသခံအသင်းတော်အကြီးအကဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၇) ခရစ်တော်သည် ခန့်အပ်ခံခရစ်ယာန်အသင်းတော်၏ဦးစီးဖြစ်သည်ကို အသိအမှတ်ပြုကာ ရင့်ကျက်သောခရစ်ယာန်များသည် “ဘုရားသခင်အပိုင်ရတော်မူသော အသင်းတော်ကိုထိန်းကျောင်း” ကြရန် ခန့်အပ်ခံရသူများကို သစ္စာစောင့်သိကြ၏။ (တမန်တော် ၂၀:၂၈၊ သမ) ခန့်အပ်ခံအကြီးအကဲများ၏ အခွင့်အာဏာကို စောဒကတက်ခြင်း၊ သို့မဟုတ် တွန်းလှန်ခြင်းသည် တကယ့်ကိုမသင့်တော်ပါတကား! ထို့ပြင် ‘အချိန်တန်ဝိညာဉ်အစာ’ ကျွေးမွေးရန် အသုံးပြုလျက်ရှိသော ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ကိုလည်း သစ္စာစောင့်သိသင့်သည်။ (မဿဲ ၂၄:၄၅) ကင်းမျှော်စင်နှင့် ၎င်း၏တွဲဖက်စာပေများတွင် တွေ့ရှိရသောအချက်အလက်များကို ဖတ်ရှုရန်မြန်ဆန်ကာ လိုက်နာကျင့်သုံးပါ။
ချစ်ခြင်းမေတ္တာကို လက်တွေ့တင်ပြခြင်း
သက်သာလောနိတ်မြို့ခရစ်ယာန်များထံ ပေါလုက သင်တို့ “အသီးအသီးတို့သည် အချင်းချင်းချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်” ဟုစာရေးခဲ့သည်။ (၂ သက်သာလောနိတ် ၁:၃) ချစ်ခြင်းမေတ္တာတိုးပွားခြင်းသည် ဝိညာဉ်ရေးတိုးပွားမှု၏ အထူးသဖြင့် အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်၏။ ယောဟန် ၁၃:၃၅ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ ဤသို့သောညီအစ်ကိုချင်းမေတ္တာသည် စိတ်လှုပ်ရှားမှု၊ သို့မဟုတ် ခံစားမှုတို့ဖြင့်သာ မပေါ်လွင်ပါ။ ဗိုင်း၏ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန် ကဤသို့ဖော်ပြသည်– “မေတ္တာကို ယင်း၏လှုံ့ဆော်မှုကြောင့် ပြုမူခြင်းဖြင့်သာ သိရှိနိုင်သည်။” မှန်ပါသည်၊ မေတ္တာကိုလက်တွေ့ပြခြင်းဖြင့် အဆိုပါကိစ္စတွင် ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်း၍ရမည်!
ဥပမာ၊ ရောမ ၁၅:၇ ၌ “တစ်ယောက်ကိုတစ်ယောက်လက်ခံကြလော့” ဟုကျွန်ုပ်တို့ဖတ်ရသည်။ မေတ္တာပြနိုင်သော နည်းတစ်နည်းမှာ သင်၏ယုံကြည်သူချင်းများနှင့် အသင်းတော်အစည်းအဝေးများသို့ ရောက်ရှိလာသူလူသစ်များကို လှိုက်လှဲပျူငှာစွာ ကြိုဆိုခြင်းအားဖြင့်ဖြစ်သည်! သူတို့နှင့် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းလာအောင်ကြိုးစားပါ။ အခြားသူများကို ‘ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှု’ တင်ပြပါ။ (ဖိလိပ္ပိ ၂:၄) သင်သည် သင့်အိမ်သို့ လူအသီးသီးကို ဖိတ်ခေါ်ကာ ဧည့်ဝတ်ပြုနိုင်သည်။ (တမန်တော် ၁၆:၁၄၊ ၁၅) တစ်ခါတစ်ရံ အခြားသူများ၏အားနည်းချက်များက သင့်မှာမေတ္တာ မည်မျှရှိသည်ကို စမ်းသပ်စရာဖြစ်နိုင်သော်လည်း ‘မေတ္တာစိတ်နှင့် သူတို့ကိုသည်းခံ’ တတ်လာသောအခါ သင်သည် ကြီးရင့်သူဖြစ်လာနေကြောင်း ပြသရာရောက်သည်။—ဧဖက် ၄:၂။
စစ်မှန်သောဝတ်ပြုရေးကိုတိုးမြှင့်ရန် ကျွန်ုပ်တို့၏ပိုင်ဆိုင်ရာများကို အသုံးပြုခြင်း
ရှေးအချိန်၌ ဘုရားသခင့်လူမျိုးရှိရှိသမျှသည် ယေဟောဝါ၏ဗိမာန်တော်ကို ထောက်ပံ့ရန်တာဝန်ကျေပွန်ခဲ့ကြသည်မဟုတ်ပါ။ သို့ဖြင့် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ မိမိ၏လူမျိုးတော်ကို လှုံ့ဆော်ရန် ဟဂ္ဂဲနှင့်မာလခိစသော ပရောဖက်များကို စေလွှတ်ခဲ့၏။ (ဟဂ္ဂဲ ၁:၂-၆; မာလခိ ၃:၁၀) ယနေ့ ရင့်ကျက်သောခရစ်ယာန်များသည် ယေဟောဝါ၏ဝတ်ပြုရေးကို ထောက်မရန် သူတို့၏ပိုင်ဆိုင်ရာများကို ဝမ်းမြောက်စွာအသုံးပြုကြသည်။ ၁ ကောရိန္သု ၁၆:၁၊ ၂ ပါမူကို လိုက်လျှောက်ခြင်းဖြင့် ယေဟောဝါသက်သေများ၏အသင်းတော်နှင့် ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းရန် ငွေမှန်မှန် “စု” ကြသော ဤသူများကိုတုပပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်က “များစွာကြဲသောသူသည် များစွာရိတ်ရမည်” ဟုကတိပြုသည်။—၂ ကောရိန္သု ၉:၆။
သင်၏အချိန်နှင့် ခွန်အားကဲ့သို့သော အခြားပိုင်ဆိုင်ရာများကို လျစ်လျူမရှုပါနှင့်။ အရေးမကြီးလှသောအလုပ်များမှ ‘အချိန်ကိုဝယ်ယူ’ တတ်ရန်ကြိုးစားပါ။ (ဧဖက် ၅:၁၅၊ ၁၆; ဖိလိပ္ပိ ၁:၁၁) အချိန်ကို ပို၍အကျိုးရှိရှိအသုံးပြုတတ်ရန် သင်ယူပါ။ သင်သည် ထိုသို့ပြုလုပ်ခြင်းဖြင့် ယေဟောဝါ၏ဝတ်ပြုရေးကိုတိုးမြှင့်စေသည့် ဘုရားသခင့်နိုင်ငံတော်ခန်းမ ထိန်းသိမ်းရေးပရိုဂျက်များနှင့် အခြားအလားတူလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်ပေမည်။ သင်သည် သင့်ပိုင်ဆိုင်ရာများကို ဤနည်းဖြင့်အသုံးပြုခြင်းက ကြီးရင့်သောခရစ်ယာန်တစ်ဦးဖြစ်နေကြောင်း ထပ်လောင်း၍သက်သေထူမည်။
ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းလော့!
ကြိုးစားလေ့လာပြီး ဗဟုသုတကြွယ်သော၊ ထက်ထက်သန်သန် ဟောပြောသူများဖြစ်ကြသော၊ သမာဓိတွင် အပြစ်ဆိုဖွယ်မရှိသော၊ သစ္စာစောင့်သိပြီး မေတ္တာရှိသော၊ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ကိုယ်ခန္ဓာနှင့် ငွေကြေးအရထောက်ပံ့ရန် တလိုတလားရှိကြသော အမျိုးသားများ၊ အမျိုးသမီးများတို့သည် အမှန်တကယ်ပင် ကောင်းချီးတစ်ရပ်ဖြစ်ကြသည်။ ထို့ကြောင့် တမန်တော်ပေါလုက “ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကိုထား၍ စုံလင် [“ရင့်ကျက်၊” ကဘ] သောအဖြစ်သို့ တက်ကြကုန်အံ့” ဟုတိုက်တွန်းခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ!—ဟေဗြဲ ၆:၂။
သင်သည် ကြီးရင့်ပြီး ရင့်ကျက်သောခရစ်ယာန်တစ်ဦးလော။ သို့မဟုတ် သင်သည် တစ်နည်းအားဖြင့် ဝိညာဉ်ရေးသူငယ်တစ်ဦးပင်ဖြစ်သေးသလော။ (ဟေဗြဲ ၅:၁၃) မည်သို့ပင်ဖြစ်ပါစေ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရန်၊ ဟောပြောရန်နှင့် သင့်ညီအစ်ကိုများကို မေတ္တာပြသရန် သန္နိဋ္ဌာန်ချပါ။ ရင့်ကျက်သူများပေးသော ဆုံးမပဲ့ပြင်မှုရှိရှိသမျှကို လက်ခံပါ။ (သု. ၈:၃၃) သင်၏ခရစ်ယာန်တာဝန်ကို အပြည့်အဝထမ်းဆောင်ပါ။ သင်သည်လည်း ကြိုးစားအားထုတ်လျှင် အချိန်တန်သောအခါ “ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ရောက်” သွားနိုင်ပါသည်။—ဧဖက် ၄:၁၃။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ကြီးရင့်သောခရစ်ယာန်များသည် အသင်းတော်ကို တည်ငြိမ်ခိုင်မြဲစေသည်။ သူတို့သည် အသင်းတော်၏ စိတ်ထားအပေါ် အပြုသဘောပါ အကျိုးသက်ရောက်မှုရှိကြ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ရင့်ကျက်သူများသည် အခြားသူများကို စိတ်ဝင်စားမှုပြခြင်းဖြင့် အသင်းတော်၏စိတ်ထားကို အကျိုးပြု