ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၂/၁၅ စာ. ၈-၁၂
  • ဖြောင့်မတ်သောသူ၏ထမြောက်ခြင်း ရှိလိမ့်မည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖြောင့်မတ်သောသူ၏ထမြောက်ခြင်း ရှိလိမ့်မည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိုးနှင့်တူသောသူများကို စုသိမ်းခြင်း
  • ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
  • ယုံကြည်သူများ “ဖြောင့်မတ်ကြောင်းကြေညာခံရ”
  • မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်ခြင်း
  • နှစ်သိမ့်မှုပေးသောမျှော်လင့်ချက်
  • ရှင်ပြန်ထမြောက်ခြင်း သင့်ကို အကျိုးပြုသောသွန်သင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်၏ စွမ်းအား
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၂/၁၅ စာ. ၈-၁၂

ဖြောင့်မတ်သောသူ၏ထမြောက်ခြင်း ရှိလိမ့်မည်

“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။”—တမန်တော် ၂၄:၁၅။

၁ အာဒံနှင့်ဧဝတို့ ကျရှုံးချိန်မှစ၍ လူသားအားလုံး မည်သည့်အခြေအနေကို ရင်ဆိုင်လာခဲ့ကြရသနည်း။

“ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေသနာ ၉:၁၀) ကျွန်ုပ်တို့၏ပထမဆုံးမိဘနှစ်ပါးဖြစ်သည့် အာဒံနှင့်ဧဝတို့ ကျရှုံးခဲ့စဉ်ကတည်းက လူသားမျိုးဆက်အားလုံး ရင်ဆိုင်ရသည့်အခြေအနေတစ်ရပ်ကို ပညာရှိဘုရင်ရှောလမုန်က ကောင်းစွာရွေးချယ်ထားသည့် ဤစကားအနည်းငယ်ဖြင့် ဖော်ပြခဲ့သည်။ ဆင်းရဲချမ်းသာမရွေး၊ ဘုရင်ဖြစ်စေ၊ အရပ်သားဖြစ်စေ၊ သစ္စာရှိသူဖြစ်ဖြစ် မဖြစ်ဖြစ် ခြွင်းချက်မထားဘဲ လူတိုင်းကို နောက်ဆုံးတွင် သေခြင်းတရားက မလွဲဧကန်ဝါးမျိုလိုက်သည်။ သေခြင်းသည် “ဘုရင်ကဲ့သို့အုပ်စိုးလာခဲ့သည်” အမှန်။—ရောမ ၅:၁၇၊ ကဘ။

၂။ သစ္စာရှိသူအချို့တို့သည် ဤဆုံးခန်းကာလအတွင်း အဘယ်ကြောင့်စိတ်ဓာတ်ကျဆင်းရန် အကြောင်းရှိသနည်း။

၂ ဆေးသိပ္ပံပညာ၏ နောက်ဆုံးပေါ်တိုးတက်မှုများကြားမှ သေခြင်းတရားသည် ယနေ့ ထိတိုင် ဘုရင်သဖွယ် အုပ်စိုးနေဆဲဖြစ်သည်။ ယင်းသည် အံ့သြဖွယ်ရာမဟုတ်သော်လည်း လူအချို့တို့သည် နောက်ဆုံးတွင် ကြာမြင့်စွာတည်ရှိလာသည့်ရန်သူနှင့် ရင်ဆိုင်ရသောအခါ အတော်အတန်စိတ်ဓာတ်ကျကြပေမည်။ အဘယ်ကြောင့်နည်း။ လွန်ခဲ့သည့် ၁၉၂၀ ပြည့်လွန်နှစ်များက ကင်းမျှော်စင်အသင်းသည် “ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ဟူသောသတင်းကို ကြွေးကြော်ခဲ့သည်။ ထိုသန်းပေါင်းများစွာသောသူတို့သည် မည်သူများဖြစ်ကြမည်နည်း။ သိုးနှင့်ဆိတ်များအကြောင်း ယေရှု၏ဖော်ပြချက်တွင် ပြောထားသော “သိုးများ” ဖြစ်သည်။ (မဿဲ ၂၅:၃၁-၄၆) သိုးနှင့်တူသော ဤသူတို့သည် နောက်ဆုံးကာလအတွင်း ပေါ်ပေါက်လာမည်ဟု ပရောဖက်ပြုခြင်းခံထားရပြီး သူတို့၏မျှော်လင့်ချက်မှာ မြေကြီးပရဒိသုတွင် ထာဝရအသက်ရှင်ခြင်းဖြစ်သည်။ ဤ “သိုးများ” သည် ယေဟောဝါ၏ရည်ရွယ်ချက်တွင် မည်သည့်အခန်းကဏ္ဍမှပါဝင်ကြမည်ကို ဘုရားသခင့်လူများသည် အချိန်များကုန်လွန်လာသည်နှင့်အမျှ ပိုမိုသိနားလည်လာကြသည်။ ဤနာခံမှုရှိသူများသည် ခေါင်းမာသည့် “ဆိတ်များ” မှ ခွဲခြားခံရကာ ဆိတ်များဖျက်ဆီးခံရပြီးနောက်ပိုင်းတွင် သိုးတို့သည် သူတို့အတွက်ပြင်ဆင်ထားသော ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးဆိုင်ရာပိုင်နက်ကို အမွေရကြမည်။

သိုးနှင့်တူသောသူများကို စုသိမ်းခြင်း

၃။ ဘုရားသခင်၏လူများသည် ၁၉၃၅ ခုနှစ်ကတည်းက မည်သည့်လုပ်ငန်းကို အာရုံစိုက်ခဲ့ကြသနည်း။

၃ ၁၉၃၅ ခုနှစ်မှစ၍ ‘သစ္စာရှိကျွန်’ သည် “သိုးများ” ကို ရှာဖွေခြင်းနှင့် သူတို့အား ယေဟောဝါ၏အဖွဲ့အစည်းအတွင်းသို့ ခေါ်ဆောင်လာခြင်းကို အာရုံစိုက်လာသည်။ (မဿဲ ၂၄:၄၅; ယောဟန် ၁၀:၁၆) ယေရှုသည် ယေဟောဝါ၏ ကောင်းကင်နိုင်ငံတော်တွင် ယခုနန်းထိုင်နေပြီး ဤဆိုးသွမ်းသည့်အစီအစဉ်စနစ်၏နိဂုံးနှင့် ဖြောင့်မတ်ခြင်းတရားတည်မည့်မြေကြီးသစ်ကို ဆောင်ကြဉ်းပေးမည့်အချိန်သည် အလျင်အမြန်ချဉ်းကပ်နေကြောင်း သွန်သင်၍ရသော ဤလူများ သိနားလည်လာကြသည်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၁၂:၁၀) ထိုမြေကြီးသစ်တွင် အားရှိစရာကောင်းသော ဟေရှာယ၏ဤစကားများ ပြည့်စုံလာမည်– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈။

၄။ အာမဂေဒုန်တွင် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သင်္ကာယနကင်းရှင်းခြင်းကို တွေ့မြင်ရန် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြသော်လည်း အခြားသိုးမှ လူများစွာတို့ မည်သို့ဖြစ်ခဲ့ကြသနည်း။

၄ စာတန့်လောကဟောင်း၏နိဂုံးသည် အလွန်နီးကပ်နေပြီဖြစ်ရာ မဟာဗာဗုလုန်နှင့် စာတန့်လောက၏ကျန်အစိတ်အပိုင်းများ ဘေးဒုက္ခကျရောက်စဉ်အတွင်း သိုးနှင့်တူသောခရစ်ယာန်များသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့် သင်္ကာယနကင်းရှင်းလာသည့်အချိန်အထိ အသက်ရှင်ရန် ဆန္ဒပြင်းပြကြသည်။ (ဗျာဒိတ် ၁၉:၁-၃၊ ၁၉-၂၁) လူများစွာတို့အတွက် ထိုသို့ဖြစ်မလာချေ။ ဘယ်တော့မျှမသေတော့မည့် “သန်းပေါင်းများစွာ” ထဲတွင် ပါဝင်ရန်မျှော်လင့်ခဲ့သူတို့သည် အမှန်ပင်သေဆုံးခဲ့ကြသည်။ အချို့တို့သည် သမ္မာတရားအတွက် ထောင်နှင့်ချွေးတပ်စခန်းများတွင် သို့မဟုတ် ဘာသာရေးတစ်ယူသန်တို့၏လက်ထဲတွင် အသက်စွန့်ခဲ့ကြရသည်။ အချို့တို့မူ မတော်တဆမှုများ သို့မဟုတ် သဘာဝအကြောင်းတရားများ—ဖျားနာမှုနှင့် အသက်ကြီးရင့်မှုများတို့ကြောင့် သေဆုံးကြရသည်။ (ဆာလံ ၉၀:၉၊ ၁၀; ဒေသနာ ၉:၁၁) ရှင်းနေသည်မှာ အဆုံးမရောက်မီ ထပ်၍သေဆုံးကြရဦးမည်။ ထိုသို့သောသူများသည် ဖြောင့်မတ်ခြင်းတရားတည်မည့်မြေကြီးသစ်ဆိုင်ရာ ကတိတော်၏ပြည့်စုံချက်ကို မည်သည့်နည်းဖြင့် တွေ့မြင်ကြရမည်နည်း။

ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်

၅၊ ၆။ အာမဂေဒုန်မတိုင်မီ သေဆုံးသွားကြသော မြေကြီးမျှော်လင့်ချက်ရှိသူများအတွက် မည်သည့်အနာဂတ်ရှိသနည်း။

၅ တမန်တော်ပေါလုသည် ရောမဘုရင်ခံဖေလဇ်မင်းရှေ့တွင် စကားပြောစဉ်က ယင်းအဖြေကိုပေးခဲ့သည်။ တမန်တော် ၂၄:၁၅ တွင်မှတ်တမ်းတင်ထားသည့်အရ ပေါလုဤသို့ရဲရင့်စွာကြေညာခဲ့သည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် အဆိုးဝါးဆုံးသောဆင်းရဲဒုက္ခများကြားမှ ကျွန်ုပ်တို့အား ရဲစွမ်းသတ္တိကိုပေးသည်။ ဖျားနာပြီး မိမိသေရမည်ဟုခံစားရသော ကျွန်ုပ်တို့ချစ်ရသည့်မိတ်ဆွေများသည် ထိုမျှော်လင့်ချက်ကြောင့် စိတ်ဓာတ်မကျကြပါ။ မည်သို့ပင်ဖြစ်ပါစေ သစ္စာစောင့်ခြင်း၏အသီးအပွင့်ကို ရိတ်သိမ်းရမည်ဖြစ်ကြောင်း သူတို့သိကြသည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် မိမိတို့အားညှဉ်းဆဲသူများသည် မည်သည့်နည်းဖြင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ကြောင်း ညှဉ်းပန်းနှိပ်စက်သူများ၏လက်ထဲတွင် သေခြင်းကိုရင်ဆိုင်ကြရသော ကျွန်ုပ်တို့၏သစ္စာရှိညီအစ်ကိုညီအစ်မများ သိရှိကြသည်။ (မဿဲ ၁၀:၂၈) အသင်းတော်ရှိသူတစ်ဦးဦးသေဆုံးသွားပါက ထိုသူကိုဆုံးရှုံးရသည့်အတွက် ကျွန်ုပ်တို့ဝမ်းနည်းကြသော်လည်း တစ်ချိန်တည်းတွင် သူ သို့မဟုတ် သူမသည် အခြားသိုးအဝင်ဖြစ်ပါက ကျွန်ုပ်တို့၏ယုံကြည်ဖက်သည် အဆုံးတိုင်သစ္စာရှိပြီး ယခုအနားယူနေကာ ဘုရားသခင့်မြေကြီးသစ်တွင် သူ့အနာဂတ်ကိုစိတ်ချနိုင်သဖြင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။—၁ သက်သာလောနိတ် ၄:၁၃။

၆ မှန်ပါသည်၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏ယုံကြည်ချက်သည် အဘယ်ကြောင့်ဤမျှပြင်းထန်ရသနည်း။ ကျွန်ုပ်တို့ကဲ့သို့ မည်သူများထိုမျှော်လင့်ချက်ရှိကြသနည်း။

၇။ ရှင်ပြန်ထမြောက်ခြင်းဟူသည် အဘယ်နည်း။ ယင်း၏သေချာမှုကို ဖော်ပြသော ကျမ်းချက်အချို့ကား အဘယ်နည်း။

၇ ရှင်ပြန်ထမြောက်ခြင်းအတွက် ဂရိဝေါဟာရမှာ စာသားအရ “မတ်တပ်ရပ်ခြင်း” ဟုအဓိပ္ပာယ်ရသော အနားစတာစစ် ဖြစ်သည်။ ယင်းက အခြေခံအားဖြင့် သေခြင်းမှထမြောက်ခြင်းကို ရည်ညွှန်းသည်။ စိတ်ဝင်စားစရာကား “ရှင်ပြန်ထမြောက်ခြင်း” ဟူသည့်ဝေါဟာရကို ဟေဗြဲကျမ်းစာစောင်များတွင် မတွေ့ရချေ။ သို့သော် ထိုတွင် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာမျှော်လင့်ချက်ကို ရှင်းလင်းစွာဖော်ပြထားသည်။ ဥပမာ၊ ယင်းကို ဒုက္ခဝေဒနာခံစားနေရစဉ် ယောဘနှုတ်မြွက်သည့်စကားများတွင် တွေ့ရသည်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ . . . အကျွန်ုပ်ကိုအောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။” (ယောဘ ၁၄:၁၃) အလားတူ ဟောရှေ ၁၃:၁၄ တွင်လည်း ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်းရွေးမည်။ အိုသေမင်း၊ သင့်ကိုကာလနာစွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ဖျက်ဆီးသောဘေးကိုရောက်စေမည်။” ၁ ကောရိန္သု ၁၅:၅၅ တွင် တမန်တော်ပေါလုက ထိုစကားများကိုကိုးကားပြီး ပရောဖက်ပြုထားသော သေခြင်းအပေါ်အောင်ပွဲသည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အထမြောက်မည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ (မှန်ပါသည်၊ ထိုကျမ်းချက်တွင် ပေါလုသည် ကောင်းကင်ဆိုင်ရာရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောဆိုနေခြင်းဖြစ်သည်။)

ယုံကြည်သူများ “ဖြောင့်မတ်ကြောင်းကြေညာခံရ”

၈၊ ၉။ (က) မစုံလင်သောလူသားများသည် ဖြောင့်မတ်သောသူတို့၏ထမြောက်ခြင်းတွင် မည်သို့ပါဝင်နိုင်သနည်း။ (ခ) သေခြင်းအားဖြင့် သုတ်သင်ခြင်းမခံရတော့သော အသက်တာဆိုင်ရာ ကျွန်ုပ်တို့မျှော်လင့်ချက်၏ အခြေအမြစ်ကား အဘယ်နည်း။

၈ အပိုဒ် ၅ တွင် ကိုးကားဖော်ပြထားသည့်အတိုင်း ဖေလဇ်မင်းရှေ့ပေါလုပြောဆိုစဉ်က ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူတို့အတွက် ရှင်ပြန်ထမြောက်ခြင်းရှိမည်ဟု သူပြောခဲ့သည်။ ရှင်ပြန်ထမြောက်ခံရမည့် ဖြောင့်မတ်သောသူများကား အဘယ်သူများနည်း။ မည်သည့်လူသားမျှ ပင်ကိုအားဖြင့် မဖြောင့်မတ်ပါ။ ကျွန်ုပ်တို့အားလုံးသည် မွေးကတည်းက အပြစ်သားများဖြစ်ကြပြီး ကျွန်ုပ်တို့အသက်တာတစ်လျှောက်လုံး အပြစ်ကျူးလွန်ကြသည်—ထိုအချက်နှစ်ချက်ကြောင့် ကျွန်ုပ်တို့သေဒဏ်ခံထိုက်ကြသည်။ (ရောမ ၅:၁၂; ၆:၂၃) မည်သို့ဆိုစေ သမ္မာကျမ်းစာတွင် “ဖြောင့်မတ်ကြောင်းကြေညာခံရခြင်း” ဟူသည့်အသုံးအနှုန်းကို ကျွန်ုပ်တို့တွေ့ရသည်။ (ရောမ ၃:၂၈၊ ကဘ) ယင်းက မစုံလင်သော်လည်း မိမိတို့အပြစ်များကို ယေဟောဝါ၏ခွင့်လွှတ်ခြင်းခံရသော လူသားများကို ရည်ညွှန်းသည်။

၉ ထိုအသုံးအနှုန်းကို ကောင်းကင်ဆိုင်ရာမျှော်လင့်ခြင်းရှိကြသည့် ဘိသိက်ခံခရစ်ယာန်များနှင့်ပတ်သက်၍ ပိုမိုထင်ရှားစွာအသုံးပြုထားသည်။ ရောမ ၅:၁ (ကဘ) တွင် တမန်တော်ပေါလု ဤသို့ပြောသည်– “ယခုငါတို့သည် ယုံကြည်ခြင်း၏ရလဒ်ကြောင့် ဖြောင့်မတ်ကြောင်းကြေညာခံရရာ ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နှင့်ငြိမ်သက်မှုကို ခံစားကြစို့။” ဘိသိက်ခံခရစ်ယာန်အားလုံးသည် သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ကြောင်းကြေညာခံရကြသည်။ မည်သည်ကို ယုံကြည်ခြင်းနည်း။ ရောမကျမ်းစာစောင်တွင် ပေါလုတစ်စိတ်တစ်ဒေသရှင်းပြသည့်အရဆိုလျှင် ယေရှုခရစ်ကိုယုံကြည်ခြင်းဖြစ်သည်။ (ရောမ ၁၀:၄၊ ၉၊ ၁၀) ယေရှုသည် စုံလင်သောလူသားအနေဖြင့် သေဆုံးရပြီးနောက် သေခြင်းမှရှင်ပြန်ထမြောက်ခံရကာ ကျွန်ုပ်တို့အတွက် မိမိ၏လူသားအသက်တာ၏တန်ဖိုးကို ပေးဆက်ရန် ကောင်းကင်သို့တက်ကြွတော်မူခဲ့သည်။ (ဟေဗြဲ ၇:၂၆၊ ၂၇; ၉:၁၁၊ ၁၂) ယေဟောဝါသည် ထိုပူဇော်သကာကို လက်ခံတော်မူသောအခါ ယေရှုခရစ်သည် လူသားမျိုးနွယ်ကို အပြစ်နှင့်သေခြင်း၏ကျွန်အဖြစ်မှ ဝယ်ယူခဲ့သည်။ ဤအစီအစဉ်၌ ယုံကြည်ခြင်းတင်ပြသူများသည် ယင်းမှ ကြီးစွာသောအကျိုးကို ခံစားကြရသည်။ (၁ ကောရိန္သု ၁၅:၄၅) ယင်းအပေါ်အခြေခံလျက် သစ္စာရှိသူယောက်ျားမိန်းမတို့သည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရန်သူဖြစ်သော သေခြင်းတရား၏ သုတ်သင်ခံရခြင်းမရှိသည့်အသက်တာကို အမွေခံရမည့်မျှော်လင့်ချက် ရရှိကြသည်။—ယောဟန် ၃:၁၆။

၁၀၊ ၁၁။ (က) သစ္စာရှိသောဘိသိက်ခံခရစ်ယာန်များအတွက် မည်သည့်ရှင်ပြန်ထမြောက်ခြင်းရှိသနည်း။ (ခ) ခရစ်ယာန်ခေတ်မတိုင်မီက ဝတ်ပြုသူများအတွက် မည်သည့်ရှင်ပြန်ထမြောက်ခြင်းမျိုး မျှော်လင့်ချက်ရှိသနည်း။

၁၀ ယေရှု၏ရွေးဖိုးပူဇော်သကာ၏ အကျိုးကျေးဇူးအားဖြင့် သစ္စာရှိဘိသိက်ခံများသည် ဖြောင့်မတ်ကြောင်းကြေညာခံရကြပြီး ကိုယ်တော်နည်းတူ မသေနိုင်သောနာမ်ဝိညာဉ်သတ္တဝါများအဖြစ် ရှင်ပြန်ထမြောက်ခံရမည့် ခိုင်မာသောမျှော်လင့်ချက်ကို ရရှိကြသည်။ (ဗျာဒိတ် ၂:၁၀) သူတို့၏ရှင်ပြန်ထမြောက်ခြင်းကို ဗျာဒိတ် ၂၀:၆ တွင် ဤသို့ပြောထားသည်– “ပထမထမြောက်ခြင်းကိုဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ်လျက် ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။” ယင်းသည် ကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ယင်းကို “ပထမထမြောက်ခြင်း” ဟုခေါ်ထားကြောင်း သတိပြုပါ၊ ယင်းက နောက်ထပ်ထမြောက်ခြင်းရှိဦးမည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

၁၁ ယေဟောဝါဘုရားသခင်အား ခိုင်မြဲသည့်ယုံကြည်ခြင်းတင်ပြခဲ့ကြသော ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်သစ္စာရှိကျေးကျွန်များကို ပေါလုက ဟေဗြဲကျမ်းအခန်းကြီး ၁၁ တွင် တသီတတန်းကြီးဖော်ပြထားသည်။ ဤသူများသည်လည်း အနာဂတ်ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့ကြသည်။ ထိုအခန်းကြီး၏ အခန်းငယ် ၃၅ တွင် ဣသရေလအချိန်အတွင်းဖြစ်ပျက်သည့် ထူးဆန်းအံ့ဩဖွယ်ကောင်းသော ရှင်ပြန်ထမြောက်ခြင်းများအကြောင်းကို ပေါလုဤသို့ပြောဆိုခဲ့သည်– “မိန်းမတို့သည်လည်း သေခြင်းမှထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည် သာ၍မြတ်သောထမြောက်ခြင်းသို့ ရောက်လိုသောငှာ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံကြ၏။” ရှေးအချိန်က ထိုသစ္စာရှိသက်သေများသည် ဧလိယနှင့် ဧလိရှဲတို့နှင့်ပတ်သက်ခဲ့သည့် ရှင်ပြန်ထမြောက်ခြင်းထက် သာ၍ကောင်းသည့်ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်နိုင်ခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၂; ၄ ဓမ္မရာဇဝင် ၄:၃၂-၃၇; ၁၃:၂၀၊ ၂၁) သူတို့၏မျှော်လင့်ချက်မှာ ဘုရားသခင့်ကျေးကျွန်များသည် မိမိတို့၏ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းဆဲခြင်းမခံရတော့သည့်ကမ္ဘာ၊ မိန်းမများသည် မိမိတို့ချစ်မြတ်နိုးရသူများကို သေခြင်းအားဖြင့် မဆုံးရှုံးရတော့သည့်ကမ္ဘာတွင် ရှင်ပြန်ထမြောက်ခံရခြင်းဖြစ်သည်။ မှန်ပါသည်၊ သူတို့သည် ကျွန်ုပ်တို့မျှော်လင့်သည့်ကမ္ဘာသစ်တွင်ပင် သေခြင်းမှထမြောက်လာကြရန် မျှော်လင့်ခဲ့ကြသည်။ (ဟေရှာယ ၆၅:၁၇-၂၅) ယေဟောဝါသည် ထိုကမ္ဘာသစ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ထင်ရှားဖော်ပြသလောက် သူတို့အားမဖော်ပြခဲ့ချေ။ သို့သော် ယင်းလာမည်ကိုသူတို့သိကြပြီး ယင်းတွင်သူတို့ပါဝင်လိုကြသည်။

မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်ခြင်း

၁၂။ ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိသူများသည် ဖြောင့်မတ်ကြောင်းကြေညာခံရကြသလော။ ရှင်းပြပါ။

၁၂ ထိုကမ္ဘာသစ်တွင် ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိယောက်ျားမိန်းမများ၏ ရှင်ပြန်ထမြောက်ခြင်းကို ဖြောင့်မတ်သူများရှင်ပြန်ထမြောက်ခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ကျွန်ုပ်တို့ယူဆနိုင်သလော။ အထောက်အထားများအရ ယူဆနိုင်ပါသည်၊ အကြောင်းမှာ သမ္မာကျမ်းစာက သူတို့ကိုဖြောင့်မတ်သည်ဟု ဖော်ပြထားသောကြောင့်ဖြစ်သည်။ ဥပမာ၊ တပည့်တော်ယာကုပ်က ဖြောင့်မတ်ကြောင်းကြေညာခံရသော ရှေးခေတ်ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို တင်ပြထားသည်။ ယောက်ျားမှာ ဟေဗြဲမျိုးနွယ်၏ဘိုးဘေးဖြစ်သူ အာဗြဟံဖြစ်သည်။ သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “‘အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူသည်’ ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း ‘ဘုရားသခင်၏အဆွေ’ ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရ၏။” မိန်းမမှာ ယေဟောဝါအပေါ် ယုံကြည်ခြင်းတင်ပြသော ဣသရေလလူမျိုးမဟုတ်သည့် ရာခပ်ဆိုသူဖြစ်သည်။ သူမသည် “ဖြောင့်မတ်ကြောင်းကြေညာခံရ” ပြီး ဟေဗြဲလူမျိုးအဝင်ဖြစ်လာသည်။ (ယာကုပ် ၂:၂၃-၂၅) သို့ဖြင့် ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်များအပေါ် ခိုင်ခံ့မြဲမြံသည့်ယုံကြည်ခြင်းကို တင်ပြခဲ့ကြပြီး သေသည်အထိသစ္စာစောင့်သိခဲ့ကြသော ရှေးယောက်ျားမိန်းမများသည် သူတို့၏ယုံကြည်ခြင်းကိုအခြေပြု၍ ဖြောင့်မတ်ကြောင်း ယေဟောဝါ၏ကြေညာခြင်းခံရကြပြီး သူတို့သည် ‘ဖြောင့်မတ်သောသူတို့၏ထမြောက်ခြင်း’ တွင် မလွဲဧကန်ပါဝင်ကြရမည်။

၁၃၊ ၁၄။ (က) မြေကြီးမျှော်လင့်ချက်ရှိခရစ်ယာန်များသည် ဖြောင့်မတ်ကြောင်းကြေညာခံရနိုင်သည်ဟု မည်သို့အားဖြင့် ကျွန်ုပ်တို့သိရသနည်း။ (ခ) ယင်းက သူတို့အတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။

၁၃ သို့သော် ယနေ့ မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး မြေကြီးမျှော်လင့်ချက်ရှိကာ ဤဆုံးခန်းကာလအတွင်း သစ္စာရှိစွာသေဆုံးသွားကြသော သိုးကဲ့သို့သူများကော မည်သို့နည်း။ သူတို့သည် ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်ကြမည်လော။ ပါဝင်မည်မှာသေချာသည်။ ထိုသို့သစ္စာရှိသူ လူအုပ်ကြီးတစ်အုပ်ကို တမန်တော်ယောဟန်၏ရူပါရုံတွင် တွေ့ရသည်။ ယင်းတို့ကို သူမည်သို့ဖော်ပြကြောင်း သတိပြုပါ– “ထိုနောက်မှငါကြည့်လျှင် အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်းတို့ [လူအုပ်ကြီး၊ ကဘ] သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။ သူတို့ကလည်း ‘ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း’ ဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ၏။”—ဗျာဒိတ် ၇:၉၊ ၁၀။

၁၄ နူးညံ့သိမ်မွေ့သော ထိုသူများသည် မိမိတို့၏ကယ်တင်ခြင်းကို အခိုင်အမာစိတ်ချကြပြီး ယင်းသည် ယေဟောဝါနှင့် “သိုးသငယ်” ယေရှုတို့ကြောင့်ဖြစ်ကြောင်း ယူမှတ်ကြသည်။ ထို့အပြင် သူတို့အားလုံး ဖြူသောဝတ်လုံကိုဝတ်ဆင်လျက် ယေဟောဝါရှေ့နှင့် သိုးသငယ်ရှေ့တွင် ရပ်နေကြသည်။ အဘယ်ကြောင့် ဖြူသောဝတ်လုံကို ဝတ်ဆင်ထားကြသနည်း။ ကောင်းကင်သတ္တဝါက ယောဟန်အား ဤသို့ပြောသည်– “ဤသူတို့သည် . . . မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။” (ဗျာဒိတ် ၇:၁၄) သမ္မာကျမ်းစာတွင် ဖြူခြင်းသည် သန့်စင်ခြင်း၊ ဖြောင့်မတ်ခြင်းတို့၏ အထိမ်းအမှတ်ဖြစ်သည်။ (ဆာလံ ၅၁:၇; ဒံယေလ ၁၂:၁၀; ဗျာဒိတ် ၁၉:၈) လူအုပ်ကြီးသည် ဖြူသောဝတ်လုံများဝတ်ထားသည်ကို မြင်ရသည်ဟူသောအချက်က ယေဟောဝါသည် သူတို့အား ဖြောင့်မတ်သည်ဟုယူမှတ်ကြောင်းကို ဆိုလိုသည်။ ယင်းမည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ ပုံဆောင်သဘောအရ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်၏အသွေးနှင့် လျှော်ထားသောကြောင့်ဖြစ်သည်။ သူတို့သည် ယေရှုခရစ်၏ သွန်းလောင်းသောအသွေးတော်ကို ယုံကြည်ကြောင်းတင်ပြကြပြီး ယင်းကြောင့် ကြီးစွာသောဒုက္ခကိုကပ်ကျော်ရန်အတွက် ဘုရားသခင်၏မိတ်ဆွေများအဖြစ် ဖြောင့်မတ်ကြောင်းကြေညာခံရကြသည်။ ထို့ကြောင့် ကြီးစွာသောဒုက္ခမတိုင်မီ သေဆုံးကြရသော “လူအုပ်ကြီး” အဝင်ဖြစ်သည့် ဆက်ကပ်အပ်နှံထားသော မည်သည့်သစ္စာရှိခရစ်ယာန်မဆို ဖြောင့်မတ်သူတို့၏ မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်နိုင်ကြောင်း စိတ်ချနိုင်ကြသည်။

၁၅။ ဖြောင့်မတ်သူကော မဖြောင့်မတ်သူပါ ရှင်ပြန်ထမြောက်ကြမည်ဖြစ်ရာ ဖြောင့်မတ်သူတို့ထမြောက်ခြင်း၏ ကောင်းကျိုးကားအဘယ်နည်း။

၁၅ ထိုထမြောက်ခြင်းကို ဗျာဒိတ်အခန်းကြီး ၂၀၊ အခန်းငယ် ၁၃ တွင် ဤသို့ဖော်ပြထားသည်– “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။” သို့နှင့် ယေဟောဝါ၏ အနှစ်တစ်ထောင်တရားစီရင်ရာနေ့ကြီးတွင် ဘုရားသခင်အောက်မေ့သောသူတို့—ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူနှစ်ရပ်စလုံး ရှင်ပြန်ထမြောက်ခြင်းခံရကြမည်။ (တမန်တော် ၁၇:၃၁) ဖြောင့်မတ်သောသူများအတွက် မည်မျှသာ၍ကောင်းလိုက်မည်ဖြစ်ခြင်း! သူတို့သည် ယုံကြည်သည့်အသက်တာဖြင့် နေခဲ့ပြီးဖြစ်သည်။ သူတို့သည် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိနှင့်ပြီးဖြစ်၍ ကိုယ်တော့်ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေခြင်းအပေါ် ယုံကြည်စိတ်ချထားကြသည်။ ခရစ်ယာန်ခေတ်မတိုင်မီက ဖြောင့်မတ်သောသက်သေများသည် သေခြင်းမှထမြောက်ပြီး မျိုးနွယ်တော်နှင့်ပတ်သက်သည့် ယေဟောဝါ၏ကတိတော်များ မည်သို့ပြည့်စုံလာသည်ကိုလေ့လာရန် စိတ်အားထက်သန်ကြမည်။ (၁ ပေတရု ၁:၁၀-၁၂) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါက ဖြောင့်မတ်သည်ဟုကြေညာသော အခြားသိုးအဝင်ဖြစ်သူများသည် သင်္ချိုင်းများမှထွက်လာကြပြီး ဤအစီအစဉ်စနစ်အတွင်း သူတို့သတင်းကောင်းကြေညာစဉ်က ပြောဆိုခဲ့ကြသည့်ပရဒိသုကမ္ဘာကို တွေ့မြင်ရန် စိတ်စောနေကြမည်။ မည်မျှရွှင်လန်းဖွယ်ကောင်းမည့် အခါသမယပါတကား!

၁၆။ ကျွန်ုပ်တို့ခေတ်တွင် သေဆုံးသူများအတွက် တရားစီရင်ရာနေ့ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာပြောနိုင်သနည်း။

၁၆ စာတန့်အစီအစဉ်စနစ်၏ ဤနောက်ဆုံးကာလတွင် သစ္စာရှိစွာသေဆုံးခဲ့ကြသူများသည် ထိုအနှစ်တစ်ထောင်တရားစီရင်ရာနေ့၏ မည်သည့်အချိန်တွင် ထမြောက်ကြမည်နည်း။ ယင်းကို သမ္မာကျမ်းစာမပြောထားပါ။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် သေဆုံးကြသော ဖြောင့်မတ်သည်ဟုယူမှတ်ခံရသူများသည် အာမဂေဒုန်ကပ်ကျော်သူများနှင့်အတူ စောစောပိုင်းလူမျိုးဆက်များ ပြန်လည်ထမြောက်လာခြင်းကို ကြိုဆိုသည့်လုပ်ငန်းတွင်ပါဝင်နိုင်ရန်အတွက် ဦးစွာထမြောက်ခံရမည်ဟူသည့်အချက်သည် ဆင်ခြင်တုံတရားနှင့်မညီညွတ်ပေလော။ အမှန်ပင်ညီညွတ်ပါသည်တကား!

နှစ်သိမ့်မှုပေးသောမျှော်လင့်ချက်

၁၇၊ ၁၈။ (က) ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က မည်သည့်နှစ်သိမ့်မှုကိုပေးသနည်း။ (ခ) ယေဟောဝါအကြောင်း အဘယ်အရာကိုကြေညာရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရသနည်း။

၁၇ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က ယနေ့ခရစ်ယာန်အားလုံးတို့အား ခွန်အားနှင့် နှစ်သိမ့်မှုကိုပေးသည်။ ကျွန်ုပ်တို့ဆက်၍သစ္စာတည်ကြည်ပါက မည်သည့်တင်ကြိုမမြင်ရသောဖြစ်ရပ် သို့မဟုတ် မည်သည့်ရန်သူကမျှ ကျွန်ုပ်တို့၏ဆုလာဘ်ကို လုယူနိုင်မည်မဟုတ်ပါ! ဥပမာအနေနှင့် ၁၉၉၂ နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၇၇ တွင် မိမိတို့၏ယုံကြည်ခြင်းကို အလျှော့ပေးမည့်အစား သေခြင်းကိုရင်ဆိုင်ခဲ့ကြသော အီသီယိုးပီးယားရှိ ရဲရဲတောက်ခရစ်ယာန်တို့၏ ရုပ်ပုံများပါရှိသည်။ ရုပ်ပုံအညွှန်းစာက ဤသို့ဆိုသည်– “ရှင်ပြန်ထမြောက်ခြင်းတွင် တွေ့မြင်ရန် ကျွန်ုပ်တို့မျှော်လင့်သောမျက်နှာများ။” သေသည့်တိုင်အောင် အလားတူယုံကြည်ခြင်းကို တင်ပြခဲ့ကြသော ဤသူများနှင့် အခြားသူများကို သိခွင့်ရခြင်းကား ထူးမြတ်သည့်အခွင့်အရေးကြီးပါတကား!

၁၈ အိုမင်းမှုကြောင့် သို့မဟုတ် နာမကျန်းဖြစ်မှုကြောင့် ကြီးစွာသောဒုက္ခကိုမကျော်နိုင်သော်လည်း အဆုံးအထိ ယုံကြည်ခြင်းခိုင်မြဲသည့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများနှင့် မိတ်ဆွေများကော မည်သို့နည်း။ သူတို့သည် သစ္စာတည်ကြည်လျှင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့်အညီ ထူးကဲကောင်းမွန်သည့်အနာဂတ် ရှိထားကြသည်။ ကျွန်ုပ်တို့လည်း ယေရှု၏ရွေးဖိုးပူဇော်သကာအပေါ် ရဲရင့်စွာဖြင့် ယုံကြည်မှုကိုတင်ပြလျှင် ထူးကဲကောင်းမွန်သည့်အနာဂတ်ကို ရရှိကြမည်။ အဘယ်ကြောင့်နည်း။ ပေါလုကဲ့သို့ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်” ကို ကျွန်ုပ်တို့မျှော်လင့်ကြသောကြောင့်ဖြစ်သည်။ ဤမျှော်လင့်ချက်အတွက် ယေဟောဝါအား ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ကြပါသည်။ ယင်းက ကျွန်ုပ်တို့အား ဆာလံဆရာ၏ဤစကားများကို သံယောင်လိုက်စေသည်အမှန်– “[ဘုရားသခင်၏] ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။”—ဆာလံ ၉၆:၃၊ ၄။

သင်ရှင်းပြနိုင်သလော

◻ မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်ခြင်း၌ ကျွန်ုပ်တို့၏မျှော်လင့်ချက် ခိုင်မြဲစေရန် မည်သည့်ကျမ်းချက်များက အကူအညီပေးသနည်း။

◻ ခရစ်ယာန်များသည် ယခုမည်သည့်အခြေခံအားဖြင့် ဖြောင့်မတ်ကြောင်းကြေညာခံရကြသနည်း။

◻ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ကျွန်ုပ်တို့အား ရဲစွမ်းသတ္တိနှင့် ပြတ်သားသောဆုံးဖြတ်ချက်ကို မည်သို့ပေးသနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ပေါလုနည်းတူ ဘိသိက်ခံခရစ်ယာန်များသည် ကောင်းကင်ဆိုင်ရာရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ