ယုံကြည်သူများကိုကယ်တင်ခြင်းငှာ “မိုက်မဲရာ” ကိုယေဟောဝါအသုံးပြု
“ဘုရားသခင့်ပညာတော်နှင့်အညီ ဤလောကသည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိဘဲနေကြသဖြင့် မိုက်မဲရာယူမှတ်သောဟောပြောခြင်းဖြင့် ယုံကြည်သူများကိုကယ်တင်ခြင်းငှာ အလိုရှိတော်မူ၏။”—၁ ကောရိန္သု ၁:၂၁၊ ကဘ။
၁။ “မိုက်မဲရာ” ကို ယေဟောဝါအဘယ်သဘောဖြင့်အသုံးပြုမည်နည်း။ လောကသည် မိမိဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိကြကြောင်း မည်သို့သိနိုင်သနည်း။
ဘာပြောလိုက်ပါလိမ့်။ မိုက်မဲရာကို ယေဟောဝါအသုံးပြုပါမည်လော။ အမှန်သော်ကား မသုံးပါ။ သို့သော်လောကီသားများရှေ့မှောက်၌ မိုက်မဲဟန်ရှိရာကို ကိုယ်တော်အသုံးပြုနိုင်၍ ထိုသို့လည်းအသုံးပြုတော်မူ၏။ ကိုယ်တော်ကိုသိကျွမ်း၍ချစ်မြတ်နိုးသူများအား ကယ်တင်ခြင်းငှာ ထိုသို့ပြုတော်မူသည်။ လောကီပညာဖြင့် ဤလောကသည် ဘုရားကိုမသိနိုင်ကြပါ။ ယေရှုခရစ် ဤသို့ဆုတောင်းခဲ့စဉ် ယင်းအချက်ကိုဖော်ပြသည်။ “တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိ။”—ယောဟန် ၁၇:၂၅။
၂။ ယေဟောဝါ၏နည်းလမ်းတော်များနှင့် လောက၏နည်းလမ်းများသည် အဘယ်နည်းဖြင့်ယှဉ်ပြိုင်နေဟန်တူသနည်း။ သို့သော်ဖြစ်ရပ်မှန်တို့ကား အဘယ်နည်း။
၂ ယေဟောဝါ၏နည်းလမ်းတော်များသည် လောကနှင့်မတူကြောင်း ယေရှု၏စကားများကတင်ပြပါသည်။ အပေါ်ယံကြည့်မည်ဆိုလျှင် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ဤလောက၏ရည်ရွယ်ချက်များ ယှဉ်ပြိုင်နေဟန်တူသည်။ ဤလောက၏ရည်မှန်းချက်ပန်းတိုင်များကို ဘုရားသခင်ကောင်းချီးပေးနေဟန်ရှိမည်။ ဥပမာ၊ ကမ္ဘာသားများအတွက် ငြိမ်းချမ်းသာယာတိုးတက်ကြီးပွားစေမည့် ဖြောင့်မတ်သောအစိုးရကို ဘုရားသခင်တည်ထောင်မည်ဟု သမ္မာကျမ်းစာဖော်ပြထားသည်။ (ဟေရှာယ ၉:၆၊ ၇။ မဿဲ ၆:၁၀) ထိုနည်းတူ ကမ္ဘာ့စနစ်သစ်ဟုအမည်ခံသော ကောင်းသောအုပ်ချုပ်မှုအားဖြင့် လူသားတို့အား ငြိမ်းချမ်းမှု၊ တိုးတက်ကြီးပွားမှုရှိစေမည်ဟု ဤလောကကြွေးကြော်နေပါသည်။ သို့သော်ဘုရားသခင့်ရည်ရွယ်တော်မူချက်များနှင့် ဤလောက၏ရည်ရွယ်ချက်များ မတူပါ။ ယေဟောဝါ၏ရည်ရွယ်ချက်မှာ စကြဝဠာ၏အလုံးစုံပိုင်သအုပ်စိုးခွင့်ရှိသူအဖြစ် ကိုယ်တော်တိုင်ကို သင်္ကာယနကင်းရှင်းစေရန်ဖြစ်သည်။ ယင်းအမှုဖြစ်မြောက်အောင်မြင်ရန် ကမ္ဘာ့အစိုးရရှိရှိသမျှကို ကောင်းကင်အစိုးရတစ်ခုဖြင့် ရှင်းလင်းသုတ်သင်မည်ဖြစ်သည်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၄:၁၁။ ၁၂:၁၀) ထိုကြောင့် ဤလောကနှင့်တူညီချက် ဘုရားသခင်၌လုံးဝမရှိပါ။ (ယောဟန် ၁၈:၃၆။ ၁ ယောဟန် ၂:၁၅-၁၇) ယင်းကြောင့် “ဘုရားသခင်၏ပညာတော်” နှင့် “လောကီသားတို့၏ပညာ” ဟူ၍ ပညာနှစ်ခုအကြောင်းသမ္မာကျမ်းစာပြောဆိုရခြင်းဖြစ်သည်။—၁ ကောရိန္သု ၁:၂၀၊ ၂၁။
လောကီပညာ၏အရင်းခံချွတ်ယွင်းချက်
၃။ လောကီပညာသည် စွဲလမ်းစရာဖြစ်ကောင်းဖြစ်သော်လည်း လူတို့ကတိထားရာကမ္ဘာ့စနစ်သစ်သည် အဘယ်ကြောင့်ရောင့်ရဲတင်းတိမ်မှုမပေးနိုင်သနည်း။
၃ ဘုရားသခင်၏ပညာတော်အားဖြင့် လမ်းပြမခံရသူများအတွက် လောကီပညာသည် စွဲလမ်းစရာဖြစ်ပေမည်။ အထင်အမြင်ကြီးစရာဖြစ်သည့် လောကီပညာရပ်မြောက်မြားစွာရှိပါသည်။ လူ့ဉာဏ်ကြီးရှင်များဟုများသောအားဖြင့်ယူမှတ်ခံရသူတို့၏ အဆင့်မြင့်ပညာကိုသွန်သင်ပေးသည့်ကျောင်းပေါင်း အမြောက်အမြားရှိပါသည်။ ကျယ်ပြန့်သောပညာဗဟုသုတပေးသည့်စာကြည့်တိုက်များတွင် ရာစုနှစ်များတစ်လျှောက် လူသားတို့ကြုံတွေ့သိရှိစုဆောင်းခဲ့သောအသိဉာဏ်ပညာ အပြည့်အစုံရှိပါသည်။ မည်သို့ဆိုစေကာမူ လောကီမင်းများအဆိုတင်သွင်းထားသည့် ကမ္ဘာ့စနစ်သစ်သည် မစုံလင်၍ အပြစ်ငြိစွန်းသည့်သေမျိုးသာဖြစ်သည့်လူသား၏ အုပ်ချုပ်မှုသာဖြစ်နိုင်မည်။ သို့ဖြစ်၍ အဆိုပါစနစ်သည် မစုံလင်သဖြင့် လွန်လေပြီးသောအမှားအယွင်းတို့ကို ထပ်မံပြုလုပ်ကြမည်ဖြစ်ကာ လောကီသားတို့၏လိုအင်ဆန္ဒအပေါင်းကို ရောင့်ရဲတင်းတိမ်စေနိုင်လိမ့်မည်မဟုတ်ပါ။—ရောမ ၃:၁၀-၁၂။ ၅:၁၂။
၄။ အဆိုတင်သွင်းထားသည့် ကမ္ဘာ့စနစ်သစ်သည် ချို့တဲ့မည်သာမက အဘယ်အရာ၏လွှမ်းမိုးမှုကိုခံရသနည်း။ ရလဒ်ကား အဘယ်နည်း။
၄ ထိုကြောင့်အဆိုတင်သွင်းထားသည့် ကမ္ဘာ့စနစ်သစ်သည် ချို့တဲ့မည်သာမက စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးများ၏လွှမ်းမိုးမှုကိုလည်းခံရဦးမည်။ စာတန်သည် လူတို့၏ဉာဏ်မျက်စိကိုကွယ်စေသဖြင့် “ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသောဧဝံဂေလိတရား” ကိုသူတို့လက်မခံ၊ မယုံနိုင်ကြချေ။ (၂ ကောရိန္သု ၄:၃၊ ၄။ ဧဖက် ၆:၁၂) ယင်းကြောင့်လည်း ဤလောကသည် ချောက်ချားမှုတစ်ခုပြီးတစ်ခု ကြုံတွေ့နေရလေသည်။ ဘုရားသခင့်အကူအညီမပါ၊ အလိုတော်ကိုဥပေက္ခာပြုကာ မိမိဖာသာအုပ်စိုးရန်ကြိုးစားအားထုတ်ရာတွင် ဘေးဥပါဒ်ကြုံရလျက်သာရှိမည်။ (ယေရမိ ၁၀:၂၃။ ယာကုပ် ၃:၁၅၊ ၁၆) ယင်းကြောင့် တမန်တော်ပေါလုပြောသည့်အတိုင်းပင် “လောကီသားတို့သည် မိမိတို့ပညာအားဖြင့်ဘုရားသခင်ကိုမသိဘဲနေကြ” ၏။—၁ ကောရိန္သု ၁:၂၁။
၅။ လောကီပညာ၏အရင်းခံချွတ်ယွင်းချက်ကားအဘယ်နည်း။
၅ သို့ဖြစ်လျှင် ကမ္ဘာ့စနစ်သစ်စီမံကိန်းအပါအဝင် လောကီပညာ၏အရင်းခံချွတ်ယွင်းချက်ကားအဘယ်နည်း။ ယင်းကား ဘယ်သောအခါမျှ လုံးဝဥပေက္ခာမပြုနိုင်သည့် ယေဟောဝါဘုရားသခင်၏ အလုံးစုံပိုင်သအုပ်စိုးခွင့်ကို လောကလျစ်လျူရှုထားခြင်းဖြစ်သည်။ မြင့်မြတ်သောအုပ်စိုးပိုင်သခွင့်ကို ဤလောကသည် မောက်မာစွာဖြင့်အသိအမှတ်မပြုလိုပါ။ မိမိတို့၏အကြံအစည်ထဲမှ ယေဟောဝါကိုတမင်တကာပယ်ထုတ်ထားကြပြီး ကိုယ်ပိုင်အစွမ်းအစနှင့်ကြံဆမှုများကို အားထားကြသည်။ (ဒံယေလ ၄:၃၁-၃၄။ ယောဟန် ၁၈:၃၇ နှိုင်းယှဉ်။) “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်” ကြောင်းသမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ (သု၊ ၉:၁၀။ ဆာလံ ၁၁၁:၁၀) သို့နှင့်ပင် ဉာဏ်ပညာ၏ဤအခြေခံလိုအပ်ချက်ကိုပင် လောကမသိထားသေးချေ။ ထိုကြောင့် ဘုရားသခင့်ကျောထောက်နောက်ခံမှုမရရှိလျှင် မည်သို့အောင်မြင်နိုင်ပါမည်နည်း။—ဆာလံ ၁၂၇:၁။
ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်း—မိုက်မဲရာလော၊ သို့မဟုတ် လက်တွေ့ကျသလော
၆၊ ၇။ (က) ဘုရားသခင့်ပညာတော်၏လမ်းပြမှုကိုခံယူသူများသည် အဘယ်အကြောင်းဟောပြောနေကြသနည်း။ သူတို့အား လောကက မည်သို့ယူမှတ်သနည်း။ (ခ) ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် မည်သူ၏ပညာနှင့်အညီ ဟောပြောသနည်း။ အဘယ်ရလဒ်ရသနည်း။
၆ တစ်ဖက်ကကြည့်ပြန်လျှင် ဘုရားသခင်ကိုသိကျွမ်းသူများသည် ဘုရားသခင်၏ပညာတော်ကိုတင်ပြကြကာ ယင်း၏လမ်းပြမှုကိုလက်ခံလိုကြသည်။ ယေရှုကြိုတင်ဟောခဲ့သကဲ့သို့ပင် “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကို . . . လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌” သူတို့ပြောဟောနေကြသည်။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့ကမ္ဘာသည် အဓိကရုဏ်း၊ ညစ်ညမ်းမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ဒုက္ခဆင်းရဲတို့နှင့်ပြည့်နှက်နေသည့်အခါ ဤသို့ဟောပြောခြင်းအမှုသည် ယခုလက်တွေ့ကျပါသလော။ လောကီပညာရှင်များအဖို့ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းသည် မိုက်မဲရာသက်သက်၊ လက်တွေ့မကျလှပုံရှိသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူတို့အား နိုင်ငံတော်၏တိုးတက်မှုကို တားဆီးနှောင့်ယှက်သူများဖြစ်သည်ဟု သူတို့ယူမှတ်ကြသည်။ ဤအယူအဆကို လောကီသားတို့၏ပညာနှင့်အညီဟောပြော၍ ဘုရားသခင့်ကမ္ဘာသစ်နှင့် ခရစ်တော်၏အဓိကသွန်သင်ချက်ဖြစ်သည့် ယင်း၏နိုင်ငံတော်အစိုးရအကြောင်း သိသင့်သိအပ်ရာကို လူတို့အားအသိမပေးသည့် ခရစ်ယာန်ဘောင်ဓမ္မဆရာများလည်းထောက်ခံပါသည်။—မဿဲ ၄:၁၇။ မာကု ၁:၁၄၊ ၁၅။
၇ သမိုင်းဆရာအိပ်ချ်၊ ဂျီ၊ ဝဲလ်စ်သည် ခရစ်ယာန်ဘောင်ဓမ္မဆရာများ၏ ဤပျက်ကွက်မှုကို သတိပြုစေသည်။ သူဤသို့ရေးမှတ်ခဲ့သည်။ “ကောင်းကင်နိုင်ငံတော်ဟု ယေရှုခေါ်ဝေါ်ခဲ့သောသွန်သင်ချက်ကို ကိုယ်တော်အထူးတလည်အသားပေးဖော်ပြလျက်နှင့် ခရစ်ယာန်ချာ့ချ်အများစု၏လုပ်ထုံးသွန်သင်ချက်တို့တွင်မူ အမှုမထားအရေးမပေးခြင်းသည် အလွန်ထူးခြားလှ၏။” အမှန်ဆိုလျှင် ဤလူမျိုးဆက်မှလူတို့သည် အသက်ရလိုလျှင် တည်ထောင်လျက်ရှိသောဘုရားသခင့်နိုင်ငံတော်အကြောင်း ဦးစွာကြားသိရကြမည်။ ဤသို့ကြားသိနိုင်ရန် ယင်းနှင့်စပ်လျဉ်းသောသတင်းကောင်းကို ဟောပြောသူရှိရလိမ့်မည်။—ရောမ ၁၀:၁၄၊ ၁၅။
၈။ ဘုရားသခင့်သတင်းကောင်းကိုဟောပြောခြင်းသည် ယနေ့အဘယ်ကြောင့်လက်တွေ့အကျဆုံးအလုပ်ဖြစ်သနည်း။ အဘယ်လမ်းစဉ်မူကား တည်မြဲလိမ့်မည်မဟုတ်သနည်း။
၈ ထိုကြောင့်ဘုရားသခင့်သတင်းကောင်းကိုဟောပြောခြင်းသည် ယနေ့လက်တွေ့အကျဆုံးအလုပ်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းကား၊ ‘ခဲယဉ်းဆိုးယုတ်သောအချိန်ဖြစ်သည့်’ ဤနောက်ဆုံးကာလတွင် ဘုရားသခင့်နိုင်ငံတော်သတင်းသည် လူတို့အားစိတ်ရွှင်လန်းစေသည့် စစ်မှန်သောမျှော်လင့်ချက်ပေးသည်။ (၂ တိမောသေ ၃:၁-၅။ ရောမ ၁၂:၁၂။ တိတု ၂:၁၃) ဤကမ္ဘာပေါ် လူ့အသက်တိုတောင်း၍ မသေချာမရေရာသော်လည်း ဘုရားသခင့်ကမ္ဘာသစ်တွင်ရရှိမည့်အသက်မူကား ထာဝရဖြစ်လိမ့်မည်။ တစ်ကြိမ်တည်းတွင် ပေါများခြင်း၊ ရွှင်လန်းခြင်းနှင့်ငြိမ်သက်ခြင်းကို ဤကမ္ဘာမြေပေါ်ခံစားရလိမ့်မည်။ (ဆာလံ ၃၇:၃၊ ၄၊ ၁၁) ယေရှုခရစ်ပြောသည်အတိုင်းပင် “လူသည် စကြဝဠာကိုအကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” ဘုရားသခင့်ကမ္ဘာသစ်တွင်အသက်ရှင်ခွင့်ကိုဆုံးရှုံးမည်ဆိုလျှင် ပျောက်ကွယ်သွားမည့်ဤကမ္ဘာသည် မည်သည့်အကျိုးရှိမည်နည်း။ ဤကဲ့သို့သောသူ၏စည်းစိမ်ခံမှုသည် အချည်းနှီးဖြစ်၍လျှပ်တပြက်သာဖြစ်သည်။—မဿဲ ၁၆:၂၆။ ဒေသနာ ၁:၁၄။ မာကု ၁၀:၂၉၊ ၃၀။
၉။ (က) ယေရှု၏တပည့်နောက်လိုက်ဖြစ်ရန် ဖိတ်ကြားခံရသူတစ်ဦး အချိန်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သောအခါ သူ့အား ယေရှုမည်သို့အကြံပေးခဲ့သနည်း။ (ခ) ယေရှု၏အဖြေသည် ကျွန်ုပ်တို့အား မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
၉ ယေရှု၏တပည့်နောက်လိုက်ဖြစ်ရန် ဖိတ်ကြားခံရသူတစ်ဦးက “အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍သင်္ဂြိုဟ်ရသောအခွင့်ကိုပေးတော်မူပါ” ဟုပြောခဲ့သည်။ ယေရှုအဘယ်အကြံပေးခဲ့သနည်း။ မိဘနှစ်ပါးမသေမချင်း အရေးတကာ့အရေးအကြီးဆုံးအလုပ်ကို မလုပ်ဘဲနေရန် ထိုသူကြံစည်နေကြောင်းသိသဖြင့် ယေရှုက “လူသေတို့သည် မိမိလူသေတို့ကိုသင်္ဂြိုဟ်ပါလေစေ။ သင်မူကား သွား၍ဘုရားသခင့်နိုင်ငံတော်၏အကြောင်းကိုဟောပြောလော့” ဟုဖြေဆိုသည်။ (လုကာ ၉:၅၉၊ ၆၀) ခရစ်တော်၏စကားကိုနားထောင်ခြင်းအားဖြင့် ပညာရှိကြောင်းတင်ပြသူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကိုဟောပြောရန်တာဝန်မကျေပွန်ဘဲမနေနိုင်ပါ။ ဤလောကနှင့် ယင်း၏အစိုးရမင်းများပျက်စီးရမည့်အကြောင်း မြင့်မြတ်သောအသိပညာက သူတို့အားသိနားလည်စေသည်။ (၁ ကောရိန္သု ၂:၆။ ၁ ယောဟန် ၂:၁၇) လူသားအတွက် တစ်ခုတည်းသောမျှော်လင့်ချက်သည် ဘုရားကိုယ်တော်တိုင်ဝင်ရောက်စွက်ဖက်၍ အုပ်စိုးမှဖြစ်မည်အကြောင်း ကိုယ်တော်ရှင်သာ အလုံးစုံကိုပိုင်သအုပ်စိုးခွင့်ရှိကြောင်းထောက်ခံသူများသိကြသည်။ (ဇာခရိ ၉:၁၀) ထိုကြောင့်လောကီပညာရှိသူတို့သည် ဘုရားသခင့်နိုင်ငံတော်ကိုမကိုးစား၊ ကောင်းကင်အစိုးရကိုမလိုလားကြသော်လည်း မြင့်မြတ်သောဉာဏ်ပညာ၏လမ်းပြမှုကိုခံသူများသည် လူလူချင်းတို့အား စစ်မှန်သောအကျိုးပြုသည့်အမှုတည်းဟူသော ယေဟောဝါ၏ကတိတော်တည်ရာကမ္ဘာသစ်တွင် ထာဝရအသက်ရရေးအတွက် ပြင်ဆင်ပေးလျက်နေကြသည်။—ယောဟန် ၃:၁၆။ ၂ ပေတရု ၃:၁၃။
“ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ . . . မိုက်သောတရား”
၁၀။ (က) တာရှုမြို့သားရှောလုသည် ဘာသာဝင်သူဖြစ်လာစဉ်က အဘယ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သနည်း။ ယင်းကို သူမည်သို့ယူမှတ်သနည်း။ (ခ) ရှေးခေတ်ဂရိလူတို့သည် အဘယ်အတွက်နာမည်ကျော်ကြားသနည်း။ ဘုရားသခင်မူကား သူတို့၏ဉာဏ်ပညာကို မည်သို့ယူမှတ်သနည်း။
၁၀ ယေရှုခရစ်၏တမန်တော်ပေါလုဖြစ်လာသူ၊ တာရှုမြို့သားရှောလုသည် ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ရှောလုအား ယေရှုခရစ်သည် ဘာသာဝင်သူဖြစ်စေခဲ့စဉ်က ကိုယ်တော်သည် ဤမိုက်မဲသောအလုပ်ကိုလုပ်ကိုင်ရန် သူ့အားတာဝန်ပေးခဲ့မည်ဟုယူဆခြင်းသည် ယုတ္တိတန်ပါသလော။ ပေါလုထိုသို့မယူမှတ်ခဲ့ပါ။ (ဖိလိပ္ပိ ၂:၁၆) ထိုစဉ်က ဂရိများသည် ကမ္ဘာ့ပညာအရှိဆုံးသူများဟု ယူမှတ်ခံခဲ့ရသည်။ သူတို့၏အတွေးအခေါ်ပညာရှင်များနှင့်ပညာရှိတို့၌ ဝင့်ကြွားကြသည်။ ဂရိဘာသာစကားကိုပေါလုပြောဆိုနိုင်ခဲ့သော်လည်း ဂရိအတွေးအခေါ်နှင့်ပညာကို သူမဆည်းပူးခဲ့ပါ။ အဘယ်ကြောင့်နည်း။ ဤလောကီပညာသည် ဘုရားသခင့်ရှေ့မှောက်၌ မိုက်မဲရာသာဖြစ်သောကြောင့်တည်း။aပေါလုမူကား မြင့်မြတ်သောပညာကိုဆည်းပူးခဲ့၍ ယင်းက သူ့အား သတင်းကောင်းကိုတစ်အိမ်မှတစ်အိမ်ဟောပြောရန် လှုံ့ဆော်ပေးခဲ့သည်။ ခေတ်ကာလတစ်လျှောက် အကြီးမြတ်ဆုံးသောဟောပြောသွန်သင်သူ ယေရှုခရစ်သည် ပုံသက်သေချမှတ်ထားခဲ့၍ ထပ်တူအလုပ်ကိုလုပ်ကိုင်ရန် သူ့အားသွန်သင်ပေးခဲ့ပါသည်။—လုကာ ၄:၄၃။ တမန်တော် ၂၀:၂၀၊ ၂၁။ ၂၆:၁၅-၂၀။ ၁ ကောရိန္သု ၉:၁၆။
၁၁။ အချုပ်အနေနှင့် မိမိ၏ဟောပြောခြင်းနှင့် လောကဉာဏ်ပညာအကြောင်း ပေါလုဘာပြောသနည်း။
၁၁ မိမိ၏ဟောပြောခြင်းတာဝန်နှင့်ပတ်သက်၍ ပေါလုဤသို့ဆိုသည်။ “ခရစ်တော်သည်ငါ့ကို . . . ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုဟောစေခြင်းငှာစေလွှတ်တော်မူ၏။ သို့သော်လည်း ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုအချည်းနှီးမဖြစ်စေခြင်းငှာ နှုတ်ပညာကို အခွင့်မပေးဘဲနေတော်မူ၏။ အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရား [ယေရှု၏ရွေးဘိုးပူဇော်သက္ကာ] သည်မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ရောက်သောသူတို့၌ ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ ကျမ်းစာလာသည်ကား၊ ‘ပညာရှိတို့၏ပညာကိုငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ဉာဏ်ကိုလည်း ငါပယ်မည်’ ဟုလာသတည်း။ [အတွေးအခေါ်ပညာရှင်ကဲ့သို့သော] ပညာရှိကားအဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကိုဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ပညာတော်စီရင်သည်နှင့်အညီ လောကီသားတို့သည် မိမိတို့ပညာအားဖြင့်ဘုရားသခင်ကိုမသိဘဲနေကြသောအခါ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော်မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။”—၁ ကောရိန္သု ၁:၁၇-၂၁။
၁၂။ “မိုက်မဲရာယူမှတ်သောဟောပြောခြင်း” အားဖြင့် အဘယ်အမှုကိုယေဟောဝါပြီးမြောက်စေတော်မူသနည်း။ “အထက်မှသက်ရောက်သောပညာ” ကိုလိုလားသူများ မည်သို့တုံ့ပြန်ကြမည်နည်း။
၁၂ မဖြစ်နိုင်ရာဟုထင်မှတ်ရသော်လည်း မိုက်မဲသူများဟုလောကယူမှတ်သူတို့ကိုပင် တရားဟောပြောသူများအဖြစ် ယေဟောဝါအသုံးပြုတော်မူသည်။ ဤဓမ္မအမှုဆောင်တို့၏မိုက်မဲခြင်းအားဖြင့်ပင် ယုံကြည်သူများကို ဘုရားသခင်ကယ်တင်တော်မူသည်။ ဤ “မိုက်မဲရာ” ကိုဟောပြောသူများသည် မိမိတို့ကိုယ်ကိုမချီးမြှောက်နိုင်ရန်၊ ကြားနာသူများကမိမိတို့ကိုသတင်းကောင်းကြားပြောသူများအား မချီးမြှောက်ရန် ယေဟောဝါစီရင်ထားတော်မူသည်။ ဤသို့ဖြစ်ရခြင်းကား၊ “ဘုရားသခင့်ရှေ့၌ အဘယ်သူမျှဝါကြွားစရာအကြောင်းမရှိ” သောကြောင့်တည်း။ (၁ ကောရိန္သု ၁:၂၈-၃၁၊ ၃:၆၊ ၇) ဟောပြောသူသည် အရေးကြီးကဏ္ဍကိုဆောင်ရွက်သည်မှန်၏။ သို့သော် ဟောပြောရန်သူတာဝန်ရထားသည့်တရားက ယုံကြည်သူ၏ကယ်တင်ခြင်းကို စွမ်းဆောင်ပေးပါသည်။ “အထက်မှသက်ရောက်သောပညာ” ကိုအလိုရှိသူတို့သည် ဟောပြောသူမှာ မိုက်မဲ၍နိမ့်ကျသူဖြစ်ဟန်ရှိသည့်အတွက်၊ ညှဉ်းဆဲခံရသည့်အတွက်၊ တစ်အိမ်မှတစ်အိမ်သွားသည့်အတွက် သူ၏တရားကိုအထင်သေးမည်မဟုတ်ပါ။ ထိုသို့ပြုမည့်အစား နှိမ့်ချသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူအား ယေဟောဝါတာဝန်ခန့်အပ်ထားသည့်ဟောပြောသူ၊ ဘုရားသခင့်နာမတော်ကိုအမှီပြု၍လာသူအဖြစ် ရိုသေလေးစားလိမ့်မည်။ နှုတ်အားဖြင့်သော်လည်ကောင်း၊ ပုံနှိပ်စာတမ်းများအားဖြင့်သော်လည်းကောင်း ဟောပြောသူလာပါးသည့်သတင်းတရားကို အရေးကြီးသည်ဟုယူမှတ်လိမ့်မည်။—ယာကုပ် ၃:၁၇။ ၁ သက်သာလောနိတ် ၂:၁၃။
၁၃။ (က) လက်ဝါးကပ်တိုင်မှာအသေခံတော်မူသော ခရစ်တော်၏အကြောင်းဟောပြောခြင်းကို ဂျူးနှင့်ဂရိတို့ မည်သို့ယူမှတ်သနည်း။ (ခ) ယေရှု၏တပည့်နောက်လိုက်များအဖြစ် ခေါ်တော်မူခြင်းခံရသူတို့၌ အဘယ်လူတန်းစားများ အများအပြားမပါဝင်သနည်း။ အဘယ်ကြောင့်နည်း။
၁၃ ဘုရားသခင့်စီရင်တော်မူချက်များအကြောင်း ပေါလုဤသို့ဆက်ပြောသည်။ “ယုဒလူတို့သည် နိမိတ်လက္ခဏာကိုတောင်းခံကြ၏။ ဂရိတို့သည် ဉာဏ်ပညာကိုရှာဖွေကြ၏။ ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာအသေခံတော်မူသော ခရစ်တော်၏အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍လဲစရာအကြောင်းဖြစ်၏။ တစ်ပါးအမျိုးသားတို့အတွက် အဓိပ္ပာယ်မရှိသည့်အရာဖြစ်၏။ သို့သော်လည်း ယုဒလူ ဖြစ်စေ၊ ဂရိလူဖြစ်စေ ခေါ်တော်မူသောသူတို့၌ ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်သည်။ ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရသောအရာသည် လူတို့၏ဉာဏ်ပညာရှိမှုထက်သာ၍ထက်မြက်၏။ ဘုရားသခင်၏အားနွဲ့မှုဟုထင်ရသောအရာသည် လူတို့၏စွမ်းသန်မှုထက်သာ၍အားကြီး၏။ ညီအစ်ကိုတို့၊ သင်တို့ကိုခေါ်တော်မူခြင်းအကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိအများမပါ။ အကြီးအကဲဖြစ်သူအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူအများမပါ။ ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေခြင်းငှာ လောကတွင်မိုက်မဲမှုဟုယူဆခံရသူတို့ကို ရွေးကောက်တော်မူ၏။ အားကြီးသူတို့ကို အရှက်ရစေခြင်းငှာ လောက၌အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။”—၁ ကောရိန္သု ၁:၂၂-၂၇၊ ကဘ။ ဟေရှာယ ၅၅:၈၊ ၉ နှိုင်းယှဉ်။
၁၄။ (က) ခန့်အပ်လွှာများပြရန် ယေဟောဝါသက်သေများတောင်းဆိုခံရသည့်အခါ ဘာကိုညွှန်ပြကြသနည်း။ (ခ) ဂရိများစိတ်ကြိုက် လောကပညာကိုထုတ်ဖော်ပြခြင်းအမှု ပေါလုအဘယ်ကြောင့်မပြုခဲ့သနည်း။
၁၄ ယေရှုကမ္ဘာပေါ်ရှိစဉ်က ကောင်းကင်မှနိမိတ်ပြပေးရန် ဂျူးများတောင်းဆိုခဲ့သည်။ (မဿဲ ၁၂:၃၈၊ ၃၉၊ ၁၆:၁) သို့သော် အဘယ်နိမိတ်ကိုမျှ ယေရှုမပြခဲ့ပါ။ ထိုနည်းတူစွာ ယေဟောဝါသက်သေများသည် နိမိတ်လက္ခဏာနှင့်တူသော ခန့်အပ်လွှာများကို ယနေ့မပြကြပါ။ ယင်းအစား ဟေရှာယ ၆၁:၁၊ ၂။ မာကု ၁၃:၁၀ နှင့် ဗျာဒိတ် ၂၂:၁၇ အစရှိသောကျမ်းချက်များပါ သတင်းကောင်းဟောပြောရန်တာဝန်ကို သူတို့ညွှန်ပြကြပါသည်။ ရှေးခေတ်ဂရိများသည် အသိဉာဏ်ပညာရရန် ဤလောက၏အဆင့်မြင့်ပညာရပ်များကို ဆည်းပူးခဲ့ကြပါသည်။ ပေါလုမှာမူ လောကပညာ တတ်မြောက်သူတစ်ဦးဖြစ်သော်လည်း ယင်းကိုဖော်ပြခြင်းဖြင့် ဂရိများစိတ်ကြိုက်မလိုက်လျောခဲ့ပါ။ (တမန်တော် ၂၂:၃) စံပြဂရိစာဖြင့်ပြောဆိုရေးသားမည့်အစား သာမန်လူများ ပြောဆိုသည့်ဂရိကို အသုံးပြုခဲ့ပါသည်။ ကောရိန္သုမြို့သားတို့အား ပေါလုဤသို့ပြောခဲ့သည်။ “ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့ရောက်လာသောအခါ ဘုရားသခင်၏သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အားပြသ၍ ရောက်လာသည်မဟုတ်။ . . . သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့်မတည်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်တည်စေခြင်းငှာ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သောဖြားယောင်းသောစကားနှင့်တကွရှိသည်မဟုတ်။”—၁ ကောရိန္သု ၂:၁-၅။
၁၅။ သတင်းကောင်းကို ကဲ့ရဲ့သူများအား ပေတရုသည်ဘာကိုသတိရစေသနည်း။ လက်ရှိအခြေအနေသည် နောဧခေတ်နှင့် မည်သို့တူညီသနည်း။
၁၅ ဤနောက်ဆုံးကာလတွင် လာလတ္တံ့သော ဘုရားသခင့်ကမ္ဘာသစ်နှင့် ရောက်လုဆဲလောက၏အဆုံးတို့နှင့်ပတ်သက်သောသတင်းကောင်းကို ကဲ့ရဲ့သူများ သတိရသင့်သည်ကား နောဧခေတ်သားများ “ရေနှင့်လွှမ်းမြှုပ်၍ဖျက်ဆီး” ခံခဲ့ရကြောင်း တမန်တော်ပေတရုပြောခဲ့သည့်အကြောင်းဖြစ်သည်။ (၂ ပေတရု ၃:၃-၇) ထိုကမ္ဘာဖျက်ရေလွှမ်းမိုးဘေးကို နောဧရင်ဆိုင်ရတော့မည့်အချိန်တွင် သူဘာလုပ်သနည်း။ သူ့အား သင်္ဘောဆောက်သူအဖြစ်သာ လူအများသတိရကြသည်။ သို့သော်ရှေးလောကဓာတ်ကို ဘုရားသခင်ရေလွှမ်းမိုးခဲ့စဉ်က “ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့်လူခုနစ်ယောက်တို့ကို စောင့်မတော်မူ” ခဲ့ကြောင်းပေတရုပြောပြသည်။ (၂ ပေတရု ၂:၅) သူတို့၏လောကပညာအားဖြင့် ရေလွှမ်းမမိုးမီက ထိုဘုရားတရားမဲ့သူများသည် နောဧဟောပြောသည့်စကားများကိုကဲ့ရဲ့ပြီး သူ့အားမိုက်မဲသူ၊ ယုတ္တိမရှိ လက်တွေ့မကျသူဟု ခေါ်ဆိုခဲ့မည်အမှန်။ ကျွန်ုပ်တို့ခေတ်ကို ယေရှုကနောဧခေတ်နှင့်နှိုင်းယှဉ်တင်ပြထားသည့်အတွက် ယနေ့ခရစ်ယာန်များလည်း ထပ်တူအခြေအနေမျိုးကိုရင်ဆိုင်နေကြရသည်။ သို့ရာတွင်ကဲ့ရဲ့ရှုတ်ချသူများရှိသော်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် အလွန်အရေးကြီးပါသည်။ နောဧ၏ဟောပြောခြင်းကဲ့သို့ပင် ဟောပြောသူနှင့် တရားနာသူတို့အတွက် ကယ်တင်ခြင်းဖြစ်ပေသည်။—မဿဲ ၂၄:၃၇-၃၉။ ၁ တိမောသေ ၄:၁၆။
‘ပညာရှိခြင်းငှာ ဉာဏ်မဲ့သူများဖြစ်ခြင်း’
၁၆။ အာမဂေဒုန်တွင် လောကပညာသည် မည်သို့ဖြစ်သွားမည်နည်း။ ဘုရားသခင့်ကမ္ဘာသစ်ထဲသို့ မည်သူများကပ်ကျော်မည်နည်း။
၁၆ မကြာမီ အာမဂေဒုန်၌ “ပညာရှိတို့၏ဉာဏ်ပညာ” ကိုယေဟောဝါဘုရားသခင်ပပျောက်စေမည်။ မိမိတို့၏ကမ္ဘာသစ်အစီအစဉ်သည် လူ့လောကအခြေအနေကို သာ၍ကောင်းစေမည်ဟု ဟောပြောကြေညာထားသော “အသိပညာရှင်တို့၏အသိပညာကိုလည်း ပယ်ရှား” လိမ့်မည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲ” သည်ဤလောက၏မှားသောအကြောင်းပြချက်များ၊ လောကီအတွေးအခေါ်ပညာရပ်နှင့် လောကဉာဏ်ပညာရှိရှိသမျှတို့ကို လောင်ကျွမ်းပစ်တော်မူမည်။ (၁ ကောရိန္သု ၁:၁၉၊ ကဘ။ ဗျာဒိတ် ၁၆:၁၄-၁၆) ထိုစစ်ပွဲကိုကပ်ကျော်၍ ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်ရမည့်သူများမှာ မိုက်မဲရာဟု ဤလောကခေါ်ဆိုသည့် ယေဟောဝါ၏ဘုန်းကျက်သရေရှိ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြားနာသူများသာဖြစ်မည်။
၁၇။ ယေဟောဝါသက်သေများသည် မည်သို့ ‘မိုက်မဲသူများ’ ဖြစ်လာကြပြီနည်း။ ဘုရားသခင်၏သတင်းကောင်းဟောပြောသူများသည် ဘာကိုပြုလုပ်ရန် စိတ်ဆုံးဖြတ်ထားကြပြီနည်း။
၁၇ ဝိညာဉ်တော်၏လမ်းပြမှုကိုခံယူသော ယေဟောဝါသက်သေများသည် မိုက်မဲရာဟု ဤလောကခေါ်ဝေါ်သည့်တရားကို ဟောပြောရန် မရှက်မကြောက်ကြပါ။ လောကပညာရှိများဖြစ်ရန် ကြိုးစားကြမည့်အစား ‘မိုက်မဲသူ’ များဖြစ်လာကြပြီ။ မည်သို့အားဖြင့်နည်း။ ပေါလုပြောသည်အတိုင်းပင် ပညာရှိဖြစ်ရန် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့်ဖြစ်သည်။ “သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုကိုယ်ကိုထင်၏၊ ထိုသူသည် ပညာရှိအဖြစ်သို့ရောက်လိုသောအငှာ လူမိုက်ဖြစ်ပါစေ။” (၁ ကောရိန္သု ၃:၁၈-၂၀) မိမိတို့ဟောပြောသောသတင်းတရားသည် အသက်ပေးနိုင်ကြောင်းကို ယေဟောဝါ၏ သတင်းကောင်းဟောပြောသူများ သိထားကြသဖြင့် ဤလောကနှင့် ယင်း၏ဉာဏ်ပညာပျက်စီးရမည့် အာမဂေဒုန်အထိ အဆက်မပြတ်ဟောပြောသွားကြပါမည်။ များမကြာမီ ယေဟောဝါရှင်သည် ကိုယ်တော်တိုင်၏ အလုံးစုံပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေပြီး “မိုက်မဲရာယူမှတ်သောဟောပြောခြင်း” ကိုယခုယုံကြည်လက်ခံကျင့်ကြံသူအပေါင်းအား ထာဝရအသက်ရရှိစေတော်မူလိမ့်မည်။
သင့်အဖြေများကား အဘယ်နည်း
▫ ဉာဏ်ပညာနှစ်မျိုးနှစ်စားကား အဘယ်နည်း။
▫ လောကီပညာ၏အရင်းခံချွတ်ယွင်းချက်ကား အဘယ်နည်း။
▫ သတင်းကောင်းဟောပြောခြင်းသည် လက်တွေ့အကျဆုံးအလုပ် အဘယ်ကြောင့်ဖြစ်သနည်း။
▫ များမကြာမီ လောကပညာရှိရှိသမျှသည် မည်သို့ဖြစ်သွားမည်နည်း။
▫ ဉာဏ်ပညာမဲ့မှုဟု ဤလောကခေါ်ဝေါ်သည့်တရားကို ယေဟောဝါသက်သေများဟောပြောရန် အဘယ်ကြောင့်မရှက်သနည်း။
[အောက်ခြေမှတ်ချက်များ]
a ရှေးခေတ်ဂရိနိုင်ငံ၏ အတွေးအခေါ်ဆိုင်ရာအချေတင်ပြောဆိုမှုများနှင့် ပညာရှိတို့၏စူးစမ်းစစ်ဆေးချက်များစွာရှိလျက်နှင့် သူတို့၌ စစ်မှန်သောမျှော်လင့်ချက်အတွက် အဘယ်အခြေခံမျှမရှိကြောင်း သူတို့အရေးအသားများကဖော်ပြပါသည်။ ပါမောက္ခဂျေ၊ အာရ်၊ အက်စ်၊ စတဲရက်နှင့် ဆယ်မြူအဲလ် အန်ဂပ်စ်တို့က ဤသို့တင်ပြသည်။ “လူ့ဘဝ၏ဝမ်းနည်းစရာများ၊ မေတ္တာကွယ်ပျောက်မှု၊ မျှော်လင့်ချက်ပျက်ပြယ်ခြင်း၊ သေခြင်း၏ခက်ထန်ကြမ်းတမ်းမှုကို ထိုစာပေများတွင် အများအပြားတွေ့ရှိရသည်။”—Funk and Wagnalls New “Standard” Bible Dictionary, 1936, page 313.
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဂရိလူတို့သည် လောကဉာဏ်ပညာကိုဆည်းပူးကြ၍ ပေါလု၏ဟောပြောခြင်းကို မိုက်မဲရာအဖြစ် ယူမှတ်လေ့ရှိသည်