တိုးတက်၍ ပြောင်းသာလဲသာရှိသော အမှုတော်ဆောင်များဖြစ်လာခြင်း
“အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ [ငါသည်] ခပ်သိမ်းသောသူတို့၌ခပ်သိမ်းသောအရာဖြစ်၏။”—၁ ကောရိန္သု ၉:၂၂။
၁၊ ၂။ (က) တမန်တော်ပေါလုသည် အဘယ်နည်းများဖြင့် ထိရောက်မှုရှိသော အမှုတော်ဆောင်သူတစ်ဦးဖြစ်ခဲ့သနည်း။ (ခ) မိမိ၏တာဝန်ကို ပေါလုမည်သို့သဘောထားခဲ့သနည်း။
သူသည် အသိပညာနှံ့စပ်သူများနှင့်ဖြစ်စေ၊ တဲရှင်ချုပ်သူများနှင့်ဖြစ်စေ အလိုက်အထိုက်ဆက်ဆံတတ်သည်။ ရောမလူကြီးလူကောင်းများကိုဖြစ်စေ၊ ဖြုဂိပြည်မှလယ်သမားများကိုဖြစ်စေ နားဝင်အောင်ပြောတတ်သည်။ သူ၏အရေးအသားများသည် အတွေးအခေါ်သစ်ကို လက်ခံတတ်သော ဂရိများကိုလည်းကောင်း၊ ရှေးရိုးစွဲဂျူးများကိုလည်းကောင်း လှုံ့ဆော်မှုပေးခဲ့သည်။ သူ၏ကျိုးကြောင်းဆင်ခြင်မှုမှာ ငြင်း၍မရအောင်ပိုင်နိုင်သကဲ့သို့ ဆွဲဆောင်နိုင်စွမ်းကလည်း ကောင်းလှသည်။ ခရစ်တော်ကို လူတို့ယုံကြည်လာစေရန် အများလက်ခံသည့်အကြောင်းကို သူရှာဖွေတတ်သည်။—တမန်တော် ၂၀:၂၁။
၂ ထိုသူမှာ အမှန်တကယ် ထိရောက်မှုရှိပြီး တိုးတက်သောအမှုတော်ဆောင်တစ်ဦးဖြစ်သူ တမန်တော်ပေါလုပင်ဖြစ်သည်။ (၁ တိမောသေ ၁:၁၂) “တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း [ခရစ်တော်]၏နာမကို ပို့ဆောင်” ရန် သူ့ကို ယေရှုတာဝန်ပေးခဲ့သည်။ (တမန်တော် ၉:၁၅) ဤတာဝန်ကို သူမည်သို့သဘောထားခဲ့သနည်း။ ‘အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။ ဧဝံဂေလိတရားကို သင်တို့နှင့်အတူဝေမျှခြင်းအလိုငှာ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏’ ဟုသူအလေးအနက်ပြောခဲ့သည်။ (၁ ကောရိန္သု ၉:၁၉-၂၃) ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် ထောက်ကူသော ပေါလု၏ပုံနမူနာမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
ပြောင်းလဲလာသူတစ်ဦး ခက်ခဲသောတာဝန်ကိုကျေပွန်
၃။ ဘာသာမပြောင်းမီ ပေါလုသည် ခရစ်ယာန်များအပေါ် မည်သို့သဘောထားခဲ့သနည်း။
၃ ပေါလုသည် စိတ်ရှည်၍ စာနာထောက်ထားတတ်သူ၊ ထိုတာဝန်နှင့် ထိုက်တန်သူတစ်ဦး အမြဲတစေဖြစ်ခဲ့သလော။ မဖြစ်ခဲ့ပါ။ ဘာသာရေးတစ်ယူသန်စိတ်ကြောင့် ရှောလု (ပေါလု) သည် ခရစ်တော်၏နောက်လိုက်များကို အပြင်းအထန်နှိပ်စက်ညှဉ်းပန်းခဲ့သည်။ လုလင်ပျိုဘဝတွင် သတေဖန်အား ကွပ်မျက်ခြင်းကို သူထောက်ခံခဲ့သည်။ ထို့နောက် ပေါလုသည် ခရစ်ယာန်များကို ရက်ရက်စက်စက် လိုက်လံဖမ်းဆီးခဲ့သည်။ (တမန်တော် ၇:၅၈; ၈:၁၊ ၃; ၁ တိမောသေ ၁:၁၃) သူသည် ‘သခင်ဘုရား၏တပည့်တို့တစ်ဖက်၌ ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းပြစွာအသက်ရှူ’ ခဲ့သည်။ ယုံကြည်သူများကို ယေရုရှလင်မြို့တွင် လိုက်လံရှာဖွေရုံနှင့် မကျေနပ်သဖြင့် သူ၏အမုန်းစစ်ဆင်ရေးကို မြောက်ဘက်ရှိ ဒမာသက်မြို့တိုင်အောင် ဖြန့်ကျက်ခဲ့သည်။—တမန်တော် ၉:၁၊ ၂။
၄။ ပေါလုသည် သူ၏တာဝန်ကိုကျေပွန်ရန် အဘယ်ပြုပြင်ပြောင်းလဲမှုပြုခဲ့ရသနည်း။
၄ ခရစ်ယာန်ဘာသာကို ပေါလုခါးခါးသီးသီးမုန်းရသည့်အကြောင်းရင်းမှာ ယင်းဘာသာသစ်က ဂျူးဘာသာကို မလိုလားအပ်သော တိုင်းတစ်ပါးအယူဝါဒများ သွတ်သွင်း၍ ဖျက်ဆီးမည်ဟု သူယုံကြည်ထားသောကြောင့်ဖြစ်နိုင်သည်။ အမှန်မှာ ပေါလုသည် “သီးသန့်နေသူ” ဟုအဓိပ္ပာယ်ရသော ဖာရိရှဲတစ်ဦးဖြစ်ခဲ့သည်။ (တမန်တော် ၂၃:၆) တစ်ပါးအမျိုးသား လူအပေါင်းတို့အား ခရစ်တော်အကြောင်းဟောပြောရန် သူ့ကို ဘုရားသခင်ခန့်အပ်ကြောင်း သိလိုက်ရသောအခါ ပေါလုအလွန်ထိတ်လန့်သွားမည်ကို စဉ်းစားကြည့်ပါ။ (တမန်တော် ၂၂:၁၄၊ ၁၅; ၂၆:၁၆-၁၈) ဖာရိရှဲများသည် အပြစ်သားများဟု သူတို့ယူမှတ်ထားသူတို့နှင့် အတူတကွအစာစားခြင်းပင် မပြုကြချေ။ (လုကာ ၇:၃၆-၃၉) သူ၏ရှုမြင်ပုံကို ပြန်လည်သုံးသပ်ပြီး ယင်းကို လူမျိုးအပေါင်း ကယ်တင်ခြင်းရဖို့ဟူသော ဘုရားသခင့်အလိုတော်နှင့်ညီစေရန် သူ့ဘက်မှ အတော်ပင်ကြိုးပမ်းယူရမည်မှာ သေချာသည်။—ဂလာတိ ၁:၁၃-၁၇။
၅။ ခရစ်ယာန်ဓမ္မအမှုတွင် ပေါလုကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
၅ ကျွန်ုပ်တို့လည်း အလားတူပြုကောင်းပြုရပေမည်။ အပြည်ပြည်ဆိုင်ရာ ဘာသာစကားမျိုးစုံပြောသောလယ်ကွင်းတွင် လူအမျိုးမျိုးနှင့် ကျွန်ုပ်တို့တွေ့ဆုံသောအခါ မိမိတို့သဘောထားကို ဂရုတစိုက်စစ်ဆေးကြည့်ပြီး မည်သည့်ဘက်လိုက်မှုမျိုးကိုမဆို ဖယ်ရှားပစ်ဖို့လိုသည်။ (ဧဖက် ၄:၂၂-၂၄) ကျွန်ုပ်တို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လူမှုရေးနှင့် ပညာရေးနောက်ခံတို့ဖြင့် ကျွန်ုပ်တို့ ပုံသွင်းခံထားရသည်။ ယင်းကြောင့် ဘက်လိုက်၍ တရားသေဆန်သော အမြင်များ၊ စိတ်သဘောထားများ ကျွန်ုပ်တို့၌ ရှိနေနိုင်သည်။ သိုးကဲ့သို့သောသူများကို ရှာဖွေပြီး ကူညီပေးရာ၌ အောင်မြင်မှုရရန် အဆိုပါစိတ်ထားများကို ကျွန်ုပ်တို့နှိမ်နင်းပစ်ရမည်။ (ရောမ ၁၅:၇) ထိုအတိုင်း ပေါလုပြုခဲ့သည်။ ခရစ်ယာန်ဓမ္မအမှုကိုတိုးချဲ့ရာ၌ ကြုံရသည့်အခက်အခဲကို သူခံယူခဲ့သည်။ မေတ္တာ၏လှုံ့ဆော်မှုကြောင့် သူ့မှာ တုပထိုက်သော သွန်သင်ခြင်းစွမ်းရည်များ တိုးတက်လာသည်။ “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်” ၏ခရစ်ယာန်ဓမ္မအမှုကို လေ့လာကြည့်သော် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် သူသည် အရေးစိုက်တတ်သူ၊ ပြောင်းသာလဲသာရှိပြီး လုပ်ရည်ကြံရည်ရှိသူဖြစ်ကြောင်း သိရှိရသည်။a—ရောမ ၁၁:၁၃။
တိုးတက်သောအမှုတော်ဆောင်တစ်ဦး၏ လှုပ်ရှားဆောင်ရွက်မှု
၆။ ပေါလုသည် သူ့ပရိသတ်၏နောက်ခံကို မည်သို့အရေးစိုက်ခဲ့သနည်း၊ အဘယ်အကျိုးဖြစ်ထွန်းခဲ့သနည်း။
၆ ပေါလုသည် သူ့ပရိသတ်၏ ယုံကြည်ချက်များနှင့် သူတို့၏နောက်ခံကို အရေးစိုက်ခဲ့သည်။ အဂြိပ္ပမင်း ၂ နှင့် စကားပြောဆိုရာတွင် ရှင်ဘုရင်သည် “ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကိုလေ့ကျက်” သူတစ်ဦးဖြစ်ကြောင်း ပေါလုအသိအမှတ်ပြုခဲ့သည်။ ထို့နောက် သူသိရှိထားသော အဂြိပ္ပမင်း၏ယုံကြည်ချက်များကို ကျွမ်းကျင်စွာအသုံးပြုပြီး မင်းကြီးကောင်းစွာနားလည်ထားသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ပေါလု၏သုံးသပ်တင်ပြချက်သည် အလွန်ရှင်းလင်းပြီး ကျိုးကြောင်းခိုင်လုံလှသောကြောင့် အဂြိပ္ပက “သင်သည်ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည်ခရစ်ယာန်ဖြစ်လုပြီ” ဟုဆိုရသည့်အထိပင်ဖြစ်သည်။—တမန်တော် ၂၆:၂၊ ၃၊ ၂၇၊ ၂၈။
၇။ လုတ္တရမြို့ရှိလူအုပ်ကို ဟောပြောရာတွင် ပြောင်းသာလဲသာရှိကြောင်း ပေါလုမည်သို့တင်ပြခဲ့သနည်း။
၇ ပေါလုသည် ပြောင်းသာလဲသာလည်း ရှိသည်။ သူနှင့် ဗာနဗတို့သည် မိမိတို့အား ဝတ်ပြုကိုးကွယ်ခြင်းမပြုဖို့ လုတ္တရမြို့ရှိလူအုပ်ကို ကြိုးစားဖျောင်းဖျရာတွင် သူ၏ချဉ်းကပ်ပုံမှာ တစ်နည်းဖြစ်ကြောင်း သတိပြုပါ။ လုကောနိစကားပြောသူတို့သည် ပညာနည်း၍ အခြားသူများထက် ပို၍အယူသီးကြသည်ဟု အဆိုရှိ၏။ တမန်တော် ၁၄:၁၄-၁၈ အရ ပေါလုသည် စစ်မှန်သောဘုရားသခင်၏ သာလွန်ကြီးမြတ်မှု အထောက်အထားအဖြစ် ဖန်ဆင်းခြင်းဆုကျေးဇူးများကို ထောက်ပြခဲ့သည်။ လိုက်နာရန်လွယ်ကူသော အကြောင်းပြချက်ဖြစ်ရာ ပေါလုနှင့် ဗာနဗတို့အား “ယဇ်ပူဇော်ခြင်းကိုမပြုရမည်အကြောင်း” လူအစုအဝေးကို “မြစ်တား” နိုင်ခဲ့ပုံရသည်။
၈။ ပေါလုသည် တစ်ခါတစ်ရံ ခိုင်မာသောယူဆချက်များရှိသော်လည်း ပြောင်းသာလဲသာရှိကြောင်း အဘယ်နည်းများဖြင့် တင်ပြခဲ့သနည်း။
၈ ပေါလုသည် မစုံလင်သူဖြစ်ပြီး တစ်ခါတစ်ရံ ကိစ္စရပ်အချို့တွင် ခိုင်မာသောယူဆချက်ရှိသည်မှာ မှန်ပါသည်။ ဥပမာ၊ အာနနိအမည်ရှိဂျူးတစ်ဦးက သူ့ကို အရှက်တကွဲဖြစ်အောင် မတရားသဖြင့် ထိုးနှက်သောအခါ ထိုသူကို သူနှုတ်လှံထိုးလိုက်သည်။ သို့သော် ယဇ်ပုရောဟိတ်မင်းကို မသိဘဲ နင့်နင့်သီးသီးပြောမိပြီဟု သိလိုက်ရသောအခါ သူချက်ချင်း ဝန်ချတောင်းပန်ခဲ့သည်။ (တမန်တော် ၂၃:၁-၅) အာသင်မြို့သို့ သူရောက်ခါစတွင် ‘ထိုမြို့သည် အရုပ်တို့နှင့်အပြည့်ရှိသည်ကိုမြင်လျှင် စိတ်အနှောင့်အယှက်ဖြစ်’ ခဲ့သည်။ သို့သော် အာရေတောင်ပေါ် ဟောပြောချိန်တွင် ထိုစိတ်အနှောင့်အယှက်ဖြစ်မှုကို မဖော်ပြခဲ့ပါ။ ယင်းအစား “ငါတို့မသိသောဘုရားသခင်အဖို့” ဟူ၍အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုနှင့် သူတို့၏လင်္ကာတစ်ပုဒ်ကို ကိုးကားဖော်ပြကာ အများလက်ခံသည့်အကြောင်းကို အခြေပြုပြီး အာသင်မြို့သားများနှင့် စကားပြောခဲ့သည်။—တမန်တော် ၁၇:၁၆-၂၈။
၉။ လူပရိသတ်အမျိုးမျိုးနှင့် ဆက်ဆံရာတွင် ပေါလုသည် လုပ်ရည်ကြံရည်ရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။
၉ လူအမျိုးမျိုးနှင့်ဆက်ဆံရာတွင် မှတ်သားလောက်ဖွယ် လုပ်ရည်ကြံရည်ရှိကြောင်း ပေါလုတင်ပြခဲ့သည်။ လူတို့၏စဉ်းစားတွေးခေါ်ပုံကို လွှမ်းမိုးပုံသွင်းသော ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ကို သူထည့်တွက်သည်။ ရောမမြို့ရှိခရစ်ယာန်များထံ စာရေးသောအခါ ထိုသူတို့သည် ထိုခေတ်မှ ဩဇာအကြီးဆုံးမြို့တော်တွင် နေထိုင်ကြကြောင်း သူကောင်းကောင်းသိထားသည်။ ထိုမြို့ရှိခရစ်ယာန်များထံ ပေါလုရေးသောစာ၏ အဓိကအချက်တစ်ချက်မှာ အာဒံ့အပြစ်၏အဖျက်သြဇာကို ယေရှု၏ရွေးနုတ်နိုင်စွမ်းက အောင်ပွဲခံခြင်းအကြောင်းဖြစ်သည်။ သူတို့၏နှလုံးကို ထိမိလှုပ်ရှားစေမည့် စကားလုံးအသုံးအနှုန်းဖြင့် ရောမမြို့နှင့် ထိုမြို့ဝန်းကျင်ရှိ ခရစ်ယာန်များကို ပေါလုပြောခဲ့သည်။—ရောမ ၁:၂-၄; ၅:၁၄၊ ၁၅။
၁၀၊ ၁၁။ ပေါလုသည် သူ့ပရိသတ်ကိုလိုက်၍ မည်သို့သောပုံဥပမာများကို ပေးသနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)
၁၀ ပေါလုသည် သမ္မာကျမ်းစာပါ နက်နဲသောအမှန်တရားများကို ပရိသတ်အား မည်သို့ရှင်းပြခဲ့သနည်း။ တမန်တော်သည် သမ္မာကျမ်းစာပါ ရှုပ်ထွေးသောအကြောင်းအရာများကို ရှင်းလင်းစေဖို့ ရိုးရှင်း၍ နားလည်လွယ်သော ပုံဥပမာများကိုသုံးရာ၌ အလွန်ကျွမ်းကျင်သည်။ သာဓကအနေနှင့် ရောမမြို့ရှိလူတို့သည် ရောမအင်ပါယာ၏ကျွန်စနစ်ကို နောကျေပြီးသားဖြစ်ကြောင်း ပေါလုသိထားသည်။ အမှန်မှာ သူစာရေးလိုက်သူအများမှာ ကျွန်များဖြစ်ဖွယ်ရှိ၏။ ထို့ကြောင့် ပေါလုသည် အပြစ်တရား၏ကျွန်ခံမည်လော သို့မဟုတ် ဖြောင့်မတ်ခြင်းတရား၏ကျွန်ခံမည်လောဟူသည့် လူတစ်ဦး၏ရွေးချယ်မှုအကြောင်း ထိရောက်သော သူ၏အကြောင်းပြချက်ကို ထောက်ခံရန် ကျွန်ဘဝကို သာဓကပြခဲ့သည်။—ရောမ ၆:၁၆-၂၀။
၁၁ “ရောမလူမျိုးတွင် သခင်တစ်ဦးသည် သူ၏ကျွန်ကို အပြီးအပိုင်လွတ်လပ်ခွင့်ပေးနိုင်သည် သို့မဟုတ် ကျွန်တစ်ဦးသည် သူ၏လွတ်လပ်မှုကို သခင်ထံမှ ပြန်ဝယ်ယူနိုင်သည်။ ဘုရားကျွန်အဖြစ် လွှဲအပ်ခံရပါကလည်း လွတ်မြောက်နိုင်သည်” ဟု အကိုးအကားစာအုပ်တစ်အုပ်ကဆို၏။ လွတ်မြောက်သွားသောကျွန်သည် သူ၏သခင်ထံတွင် လခစားပြန်လုပ်နိုင်သည့် ထုံးစံရှိသည်။ အပြစ်တရား၏ကျွန်ဖြစ်မည်လော ဖြောင့်မတ်ခြင်းတရား၏ကျွန်ဖြစ်မည်လောဟူသော လူတစ်ဦး၏ရွေးချယ်မှုအကြောင်း ရေးသားသောအခါ အဆိုပါထုံးစံကို ပေါလုရည်ညွှန်းခြင်းဖြစ်နိုင်သည်။ ရောမမြို့ရှိခရစ်ယာန်များသည် အပြစ်တရားလက်မှလွတ်ပြီး ယခု ဘုရားသခင့်ပိုင်ဆိုင်ရာများဖြစ်နေသည်။ ဘုရားသခင့်အမှုတော်ဆောင်ရန် လွတ်လပ်နေကြပြီဖြစ်သော်လည်း သူတို့အလိုရှိပါက သခင်ဟောင်းဖြစ်သော အပြစ်တရား၏စေစားမှုကို ခံလိုကခံနိုင်ဆဲဖြစ်သည်။ ရိုးရှင်းပြီး အကျွမ်းတဝင်ရှိသည့် အဆိုပါပုံဥပမာက ‘ငါဘယ်သူ့ကျွန်ဖြစ်နေသလဲ’ ဟု မိမိတို့ကိုယ်ကိုဆန်းစစ်ရန် ရောမမြို့ရှိခရစ်ယာန်များအား လှုံ့ဆော်ပေးခဲ့ပေမည်။b
ပေါလု၏ပုံနမူနာမှ သင်ယူခြင်း
၁၂၊ ၁၃။ (က)ယနေ့ လူအမျိုးမျိုးပါဝင်သောပရိသတ်၏ နှလုံးကိုထိမိဖို့ အဘယ်ကြိုးပမ်းအားထုတ်မှု လိုအပ်သနည်း။ (ခ) နောက်ခံအသီးသီးမှ လူတို့ကိုဟောပြောရာတွင် အဘယ်ထိရောက်သည့်နည်းကို သင်တွေ့ရှိထားသနည်း။
၁၂ လူအမျိုးမျိုးပါဝင်သောပရိသတ်၏ နှလုံးကိုထိမိဖို့ဆိုလျှင် ကျွန်ုပ်တို့သည် ပေါလုကဲ့သို့ အရေးစိုက်တတ်သူ၊ ပြောင်းသာလဲသာရှိပြီး လုပ်ရည်ကြံရည်ရှိသူများ ဖြစ်ကြရမည်။ နားထောင်သူများ သတင်းကောင်းကို နားလည်သဘောပေါက်စေရန် သူတို့ကို ဝတ်ကျေတန်းကျေတွေ့ဆုံပြီး သတင်းတရားပြောပြ သို့မဟုတ် ကျမ်းစာစာပေဝေငှရုံထက်မက ကျွန်ုပ်တို့ပြုလိုကြသည်။ ထိုသို့ပြုရုံမက သူတို့၏လိုအပ်ချက်များနှင့် စိုးရိမ်ပူပန်မှုများ၊ သူတို့၏ကြိုက်နှစ်သက်ရာနှင့် မနှစ်သက်ရာများ၊ သူတို့၏ကြောက်ရွံ့မှုများနှင့် အစွဲအလမ်းများကို သိမြင်ရန် ကြိုးစားသင့်သည်။ ထိုသို့ပြုရန် ထောက်ထားမှုနှင့် ကြိုးပမ်းအားထုတ်မှု များစွာလိုအပ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် ထိုသို့ အားကြိုးမာန်တက်ပြုနေကြပါသည်။ ဥပမာ ဟန်ဂေရီနိုင်ငံမှ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးက ဤသို့သတင်းပို့သည်– “ညီအစ်ကိုများသည် လူမျိုးခြားတို့၏ဓလေ့ထုံးစံများနှင့် ဘဝပုံစံများကို လေးစားမှုပြကြသည်။ ဒေသခံထုံးစံများနှင့်အညီ သူတို့ပြုပြင်နေထိုင်လာရန် မမျှော်လင့်ကြပါ။” အခြားနေရာတွင်ရှိသော သက်သေခံများလည်း ထိုအတိုင်းဖြစ်ရန် ကြိုးပမ်းကြပါသည်။
၁၃ အရှေ့ဖျားဒေသရှိ နိုင်ငံတစ်နိုင်ငံတွင် လူအများစုသည် ကျန်းမာရေး၊ သားသမီးလေ့ကျင့်သင်ကြားရေးနှင့် ပညာရေးတို့ကို စိတ်ဝင်စားကြသည်။ ထိုနိုင်ငံမှ ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် ဆိုးရွားလာသောကမ္ဘာ့အခြေအနေများ သို့မဟုတ် ရှုပ်ထွေးသောလူမှုရေးပြဿနာများစသည့်အကြောင်း ဆွေးနွေးမည့်အစား ဖော်ပြပါအကြောင်းအရာများကို အလေးပေးပြောကြသည်။ အလားတူ၊ မိမိတို့၏ရပ်ကွက်တစ်ခုသည် အကျင့်ပျက်မှု၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရာဇဝတ်မှုတို့ကို ပိုစိတ်ဝင်စားကြောင်း အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးတစ်မြို့မှ ကြေညာသူများ သတိပြုမိကြသည်။ ထိုအကြောင်းအရာများဖြင့် ကျမ်းစာဆွေးနွေးမှုများ အစပြုရာတွင် အောင်မြင်ကြသည်။ ထိရောက်သောကျမ်းစာသွန်သူများသည် မည်သည့်အကြောင်းအရာကို ရွေးချယ်ပြောပါစေ ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်း၏ လတ်တလောအကျိုးကျေးဇူးနှင့် ဘုရားသခင်ကမ်းလှမ်းထားသည့် တောက်ပသောအနာဂတ်မျှော်လင့်ချက်များအကြောင်းတို့ကို အလေးပေးကာ အပြုသဘောရှိပြီး အားပေးတတ်သူများဖြစ်နေရန် သေချာစေကြသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ၅၂:၇။
၁၄။ လူတို့၏လိုအပ်ချက်များ၊ အခြေအနေများနှင့်အညီ ကျွန်ုပ်တို့ပြုပြင်ပြောင်းလဲနိုင်သောနည်းများကို ဖော်ပြပါ။
၁၄ အလွန်အမင်းကွာခြားလှသည့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ဘာသာရေးနောက်ခံအမျိုးမျိုးရှိကြသောကြောင့် အမှုဆောင်ရာတွင် ကျွန်ုပ်တို့၏ချဉ်းကပ်ပုံကိုပြောင်းလဲခြင်းကလည်း အထောက်အကူပြုသည်။ ဖန်ဆင်းရှင်ကိုယုံသော်လည်း သမ္မာကျမ်းစာမယုံသူကို ချဉ်းကပ်ပုံနှင့် ဘုရားသခင်မရှိဟုယူဆသူကို ချဉ်းကပ်ပုံတို့ တူကြမည်မဟုတ်ပေ။ ဘာသာရေးစာပေအားလုံး ဘာသာဆွယ်သည့်ကိရိယာဖြစ်သည်ဟု ယူဆသူတစ်ဦးနှင့် ကျမ်းစာသွန်သင်ချက်များကို လက်ခံသူတစ်ဦးအား ကျွန်ုပ်တို့တင်ပြပြောဆိုပုံတို့ တူကြမည်မဟုတ်ပါ။ ပညာအဆင့်အတန်းအသီးသီးမှလူတို့နှင့် ပြောဆိုဆက်ဆံရာတွင်လည်း ပြောင်းသာလဲသာရှိဖို့ လိုသည်။ ကျွမ်းကျင်သောသွန်သင်သူများသည် လတ်တလောအခြေအနေနှင့် သင့်လျော်မည့် သုံးသပ်တင်ပြချက်နှင့် ပုံဥပမာများကို အသုံးပြုပါလိမ့်မည်။—၁ ယောဟန် ၅:၂၀။
အမှုတော်ဆောင်အသစ်များအတွက် အကူအညီ
၁၅၊ ၁၆။ အမှုတော်ဆောင်အသစ်များကို လေ့ကျင့်ပေးရန် အဘယ်ကြောင့်လိုအပ်နေသနည်း။
၁၅ ပေါလုသည် သူကိုယ်တိုင်၏သွန်သင်နည်းများ တိုးတက်ဖို့ကိုသာ စိတ်ဝင်စားသူမဟုတ်ပါ။ တိမောသေနှင့် တိတုတို့ကဲ့သို့သော မျိုးဆက်သစ်လူငယ်များကို ထိရောက်မှုရှိသော အမှုတော်ဆောင်များဖြစ်လာစေရန် လေ့ကျင့်ပေးပြီး အသင့်ပြင်ပေးဖို့လိုအပ်ကြောင်း သူသိမြင်ခဲ့သည်။ (၂ တိမောသေ ၂:၂; ၃:၁၀၊ ၁၄; တိတု ၁:၄) အလားတူ ယနေ့လည်း လေ့ကျင့်မှုပေးခြင်းနှင့် လေ့ကျင့်မှုခံယူခြင်းတို့ အရေးတကြီးလိုအပ်လျက်ရှိသည်။
၁၆ ၁၉၁၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၅,၀၀၀ ခန့်ရှိသည်။ ယနေ့ အပတ်စဉ်အပတ်တိုင်း နှစ်ခြင်းခံသူလူသစ် ၅,၀၀၀ ခန့်ရှိနေပြီ။ (ဟေရှာယ ၅၄:၂၊ ၃; တမန်တော် ၁၁:၂၁) လူသစ်များသည် ခရစ်ယာန်အသင်းတော်နှင့် စတင်ပူးပေါင်းလာပြီး ခရစ်ယာန်ဓမ္မအမှု၌ ကျွန်ုပ်တို့နှင့်အတူပါဝင်လိုသောအခါ လေ့ကျင့်မှုနှင့် လမ်းညွှန်မှုလိုအပ်ကြသည်။ (ဂလာတိ ၆:၆) တပည့်များကို သွန်သင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းဆိုင်ရာ သခင်ယေရှု၏နည်းလမ်းများကို အသုံးချရန် အရေးကြီးပါသည်။c
၁၇၊ ၁၈။ လယ်ကွင်းဓမ္မအမှုတွင် မိမိကိုယ်ကိုစိတ်ချမှုရှိဖို့ လူသစ်များကို မည်သို့ကူညီပေးနိုင်သနည်း။
၁၇ ယေရှုသည် လူအုပ်တစ်အုပ်ကိုတွေ့သည်နှင့် စဟောတော့ဟု တမန်တော်များကို ပြောရုံပြောခြင်းမပြုခဲ့ပါ။ ဦးဆုံး ဟောပြောခြင်းလုပ်ငန်း လိုအပ်ကြောင်း အလေးပေးဖော်ပြပြီး ထိုလုပ်ငန်းအတွက် ဆုတောင်းကြရန် တိုက်တွန်းခဲ့သည်။ ထို့နောက် အခြေခံကျသည့် လိုအပ်ချက်သုံးခုဖြစ်သော တွဲဖက်၊ ခန့်အပ်ခံရပ်ကွက်နှင့် သတင်းတရားတို့ကို ပြင်ဆင်ပေးခဲ့သည်။ (မဿဲ ၉:၃၅-၃၈; ၁၀:၅-၇; မာကု ၆:၇; လုကာ ၉:၂၊ ၆) ကျွန်ုပ်တို့လည်း အလားတူပြုနိုင်သည်။ ကျွန်ုပ်တို့၏သားသမီးကိုဖြစ်စေ၊ သင်သားအသစ်ကိုဖြစ်စေ သို့မဟုတ် ဟောပြောခြင်းလုပ်ငန်းတွင် မပါဝင်သည်မှာ အတန်ကြာပြီဖြစ်သောသူတစ်ဦးကိုဖြစ်စေ၊ ကူညီပေးနေရသည်ဆိုလျှင် ထိုနည်းအတိုင်း ကြိုးစားလေ့ကျင့်ပေးခြင်းသည် သင့်လျော်ပေသည်။
၁၈ လူသစ်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရား တင်ဆက်ရာတွင် မိမိကိုယ်ကိုစိတ်ချမှုရှိရန် အကူအညီအတော်အတန်လိုအပ်ကြသည်။ ရိုးရှင်း၍ စိတ်ဝင်စားဖွယ်ကောင်းသော တင်ဆက်မှုတစ်ခုကို သူတို့နှင့်အတူ ကြိုတင်ပြင်ဆင်၊ လေ့ကျင့်နိုင်မည်လော။ လယ်ကွင်း၌ ပထမအိမ်အနည်းငယ်တွင် သင်၏ဟောပြောပုံမှ သင်ယူစေပါ။ “ငါ့ကိုကြည့်၍ ငါပြုသည်အတိုင်းပြုကြ” ဟု သူ့လူများကို ပြောခဲ့သော ဂိဒေါင်ကို သင်တုပနိုင်သည်။ (တရားသူကြီး ၇:၁၇) ထို့နောက် လူသစ်အား ပါဝင်ဟောပြောခွင့်ပေးပါ။ သူတို့၏အားထုတ်မှုကို လှိုက်လှိုက်လှဲလှဲချီးမွမ်းကာ တိုးတက်ဖို့လိုသည့်နေရာတွင် တိုတုတ်သောအကြံပြုချက်များပေးပါ။
၁၉။ ‘သင်၏ခရစ်ယာန်ဓမ္မအမှုကို အပြည့်အဝကျေပွန်’ ဖို့ ကြိုးစားနေစဉ် သင့်စိတ်ပိုင်းဖြတ်ချက်ကား အဘယ်နည်း။
၁၉ ‘ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို အပြည့်အဝကျေပွန်စေ’ ဖို့ လူတို့ကိုချဉ်းကပ်ရာ၌ ပို၍ပြောင်းသာလဲသာရှိသူဖြစ်လာရန် ကျွန်ုပ်တို့စိတ်ဆုံးဖြတ်ထားကြပြီး အမှုတော်ဆောင်အသစ်များကိုလည်း ထိုနည်းအတိုင်း လေ့ကျင့်ပေးလိုကြပါသည်။ ကယ်တင်ခြင်းရစေသည့် ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ဝေမျှပေးရန်ဟူသည့်ပန်းတိုင် အရေးကြီးကြောင်း သုံးသပ်ကြည့်သည့်အခါ ကျွန်ုပ်တို့သည် “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” ဖို့ အစွမ်းကုန်ကြိုးစားထိုက်သည်ဟု ယုံကြည်ကြသည်။—၂ တိမောသေ ၄:၅; ၁ ကောရိန္သု ၉:၂၂။
[အောက်ခြေမှတ်ချက်များ]
a ခရစ်ယာန်ဓမ္မအမှုတွင် အဆိုပါအရည်အသွေးများ ပေါလုတင်ပြခဲ့သည့် ပုံနမူနာများအကြောင်း တမန်တော် ၁၃:၉၊ ၁၆-၄၂; ၁၇:၂-၄; ၁၈:၁-၄; ၁၉:၁၁-၂၀; ၂၀:၃၄; ရောမ ၁၀:၁၁-၁၅; ၂ ကောရိန္သု ၆:၁၁-၁၃ တွင် သုံးသပ်ကြည့်ပါ။
b အလားတူ၊ ဘုရားသခင်နှင့် ဝိညာဉ်တော်ဖွား “သား” များ၏ ဆက်ဆံရေးအသစ်အကြောင်း ရှင်းပြရာတွင် ရောမအင်ပါယာရှိ စာဖတ်ပရိသတ်များ အတော်ပင်ရင်းနှီးကျွမ်းဝင်သည့် ဥပဒေဆိုင်ရာအယူအဆတစ်ခုကို ပေါလုအသုံးပြုခဲ့သည်။ (ရောမ ၈:၁၄-၁၇) “မွေးစားခြင်းသည် အခြေခံအားဖြင့် ရောမထုံးစံတစ်ခုဖြစ်ပြီး ရောမမိသားစုဆိုင်ရာ အစီအစဉ်များနှင့် အတော်ပင်ဆက်နွှယ်သည်” ဟု ရောမမြို့ရှိစိန့်ပေါလ်ဟူသောစာအုပ်ကဆို၏။
c ယခုအခါ ယေဟောဝါသက်သေများ၏ အသင်းတော်အားလုံးတွင် အခြားသူများကို ရှေ့ဆောင်များထောက်ကူသည့်အစီအစဉ်ရှိသည်။ ယင်းအစီအစဉ်တွင် အချိန်ပြည့်အမှုတော်ဆောင်များသည် မိမိတို့၏ အတွေ့အကြုံများကိုသုံးပြီး အတွေ့အကြုံနည်းသည့် ကြေညာသူများကို လေ့ကျင့်ပေးကြသည်။
သင်မှတ်မိသလော
• ခရစ်ယာန်ဓမ္မအမှုတွင် ပေါလုကို အဘယ်နည်းများဖြင့် တုပနိုင်သနည်း။
• ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်ပုံကို မည်သို့ပြောင်းလဲရန် လိုကောင်းလိုမည်နည်း။
• ကျွန်ုပ်တို့၏သတင်းတရားကို မည်သို့အပြုသဘောရှိစေနိုင်သနည်း။
• အမှုတော်ဆောင်အသစ်များ ယုံကြည်စိတ်ချမှုရှိလာစေရန် အဘယ်အရာလိုအပ်သနည်း။
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
တမန်တော်ပေါလုသည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် အရေးစိုက်တတ်သူ၊ ပြောင်းသာလဲသာရှိပြီး လုပ်ရည်ကြံရည်ရှိသူဖြစ်
[စာမျက်နှာ ၃၁ ပါ အကျဉ်းဖော်ပြချက်]
ယေရှုသည် တပည့်များအတွက် အခြေခံကျသော လိုအပ်ချက်သုံးခုဖြစ်သည့် တွဲဖက်၊ ခန့်အပ်ခံရပ်ကွက်နှင့် သတင်းတရားတို့ကို ပြင်ဆင်ပေး
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံများ]
ပေါလုသည် ပြောင်းသာလဲသာရှိခြင်းဖြင့် ပရိသတ်အမျိုးမျိုးကို ထိမိအောင်ဟောပြောနိုင်ခဲ့
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ထိရောက်မှုရှိသောအမှုတော်ဆောင်များသည် နားထောင်သူတို့၏ယဉ်ကျေးမှုနောက်ခံကို ထည့်စဉ်းစားပေး
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
တိုးတက်သောအမှုတော်ဆောင်များသည် လူသစ်များကို အမှုဆောင်လုပ်ငန်းအတွက် ကူညီပြင်ဆင်ပေး