“ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့”
ကောရိန္သုပထမစောင်မှ ပေါ်လွင်ချက်များ
ယေဟောဝါဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ကိုယ်တော်အား “နံဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း” ဝတ်ပြုသူအားလုံး အထူးအရေးယူဂရုစိုက်ရမည်ဖြစ်သည်။ (ယောဟန် ၄:၂၃၊ ၂၄) သို့ဖြစ်၍ ရှေးကောရိန္သုမြို့ရှိခရစ်ယာန်ချင်းတို့အား တမန်တော်ပေါလုက “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” ဟုမှာကြားခဲ့သည်။ (၁ ကောရိန္သု ၁၀:၃၁) ယင်းသို့ပြုရန် မှောက်မှားသည့်ဘာသာ၌နစ်မြုပ်နေသော ဤရုပ်ဝါဒဆန်၊ သီလပျက်ပြားသောလောကတွင် တွေ့ကြုံရသည့် ပြဿနာများကိုဖြေရှင်းရန် ယေဟောဝါ၏နည်းလမ်းတော်များကို ကျွန်ုပ်တို့လက်ခံကြရမည်။
ကောရိန္သုခရစ်ယာန်များသည် မှောက်မှားသောဘာသာနှင့်ပြည့်လျှံနေပြီး စာရိတ္တပျက်ပြား၊ ကြွယ်ဝချမ်းသာသောမြို့တော်တွင်နေထိုင်ကြသောကြောင့် သူတို့ပြဿနာများကိုဖြေရှင်းနိုင်ရန် ဘုရားသခင့်ထံတော်မှအကူအညီလိုအပ်နေသည်။ တိုက်ကြီးအဝင်ဂရိနိုင်ငံနှင့် ပီလိုပွန်နေစော့စ်အကြား ကျွန်းဆက်ပေါ်ရှိ ကောရိန္သုမြို့သည် ရောမနိုင်ငံအာခါယပြည်၏မြို့တော်ဖြစ်ပြီး လူဦးရေမှာ ၄၀၀၀၀၀ ခန့်ရှိသည်။ ထိုမြို့တွင် စီအီး ၅၀ ခန့်၌ အသင်းတော်တစ်ခုပေါလုတည်ထောင်ခဲ့သည်။ —တမန်တော် ၁၈:၁-၁၁။
ကောရိန္သုမြို့သားများသည် အိမ်ထောင်ပြုခြင်းနှင့် ရုပ်တုရှေ့ပူဇော်ထားသောအစာနှင့်ပတ်သက်၍ ပေါလုအားစာဖြင့်မေးမြန်းထားသည်။ (၇:၁) သူတို့အလယ်တွင် ကြီးလေးသောအပြစ်ရှိနေသည့်အပြင်၊ သင်းကွဲနေကြသဖြင့် ပေါလုအထူးဝမ်းနည်းနေသည်။ သခင့်ညစာစားပွဲကို သင့်လျော်စွာကျင်းပနည်းနှင့်ပတ်သက်၍ အကြံပေးချက်လိုအပ်နေသည်။ ဖောက်ပြန်စရာအကြောင်းရှိနေ၍ မေတ္တာထားခြင်းနှင့်ပတ်သက်ပြီး အသင်းတော်သည်ဆုံးမခံထိုက်နေသည်။ ဤအကြောင်းများကြောင့် သူ၏မှုတ်သွင်းခံပထမစာစောင်ကို ကောရိန္သုမြို့သားများထံ စီအီး ၅၅ ခုနှစ်ခန့်တွင် ဧဖက်မြို့မှ ပေါလုရေးခဲ့ရခြင်းဖြစ်သည်။ သို့သော် ၄င်းမှကျွန်ုပ်တို့လည်း အကျိုးရရှိနိုင်သည်။
စည်းလုံးမှုနှင့် သီလစင်ကြယ်မှု အရေးကြီး
ကျွန်ုပ်တို့သည် “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ပါက ကောရိန္သုအသင်းတော် ကြုံတွေ့ခဲ့ရသည့် ပြဿနာများအနက်တစ်ခုဖြစ်သော အသင်းတော်အတွင်းသင်းခွဲလိုသူနောက် ကျွန်ုပ်တို့လိုက်ပါသွားမည်မဟုတ်ပါ။ (၁:၁–၄:၂၁) “စကားတစ်ညီတစ်ညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိ” ကြရန် သူတို့အားပေါလုမှာကြားခဲ့သည်။ ဤသြဝါဒကိုလိုက်နာကျင့်သုံးပြီး ဝိညာဏအရည်အချင်းများကိုမွေးမြူပေးမည်ဆိုလျှင် စည်းလုံးမှုအမှန်ရှိပေမည်။ မည်သည့်အပြစ်သား၌မျှ ဝါကြွားနေမည့်အစား ‘ကျွန်ုပ်တို့စိုက်ပျိုးပြီးရေလောင်းပေး’ သော်လည်း ဝိညာဉ်ရေးအရ ‘ဘုရားသခင်သာကြီးပွားစေ’ ကြောင်း သတိရသင့်သည်။ ကောရိန္သုမြို့ရှိ ကြွားဝါသူတို့သည် သူတစ်ပါးလက်မှ မခံမယူထားသည့်အရာ တစ်စုံတစ်ခုမျှမရှိပါ။ ထိုကြောင့် ယုံကြည်သူချင်းတို့ထက် မိမိသာသည်ဟု ကိုယ့်ကိုယ်ကို မည်သည့်အခါမျှမထင်မမှတ်သင့်ပေ။ ဤကဲ့သို့နှိမ့်ချသောသဘောထားသည် စည်းလုံးမှုပျိုးထောင်ပေးရန် အထောက်အကူဖြစ်ပေမည်။
စည်းလုံးမှုရှိလိုလျှင် ခန့်အပ်ခံအကြီးအကဲများသည် အသင်းတော်ကိုဝိညာဉ်ရေးအရသန့်ရှင်းစေရမည်။ (၅:၁–၆:၂၀) “အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်” သောကြောင့် နောင်တမယူသောမတရားမေထုန်ပြုသူများ၊ လောဘလွန်ကျူးသူများ၊ ရုပ်တုကိုးကွယ်သူများ၊ ဆဲရေးကဲ့ရဲ့သူများ၊ သေရည်သေရက်၌ယစ်မူးသောသူများ၊ အနိုင်အထက်လုယူသူများကို နှင်ထုတ်ပစ်ရမည်။ ဘုရားသခင့်ဗိမာန်တော်ကို ညစ်ညူးစေသည့် သီလမစင်ကြယ်မှုကို ယေဟောဝါ၏လူမျိုးတွင် သည်းမခံနိုင်ပါ။ ထိုသို့ပြုမည့်အစား ဘုရားသခင့်ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စများကိုပြုရကြမည်။
သူတစ်ပါးကိုထောက်ထားစာနာပါ
“ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” ရန် အိမ်ထောင်ပြုခြင်းနှင့် တစ်ကိုယ်ရေတစ်ကာယနေခြင်းဆိုင်ရာ ပေါလု၏သြဝါဒကိုကျင့်သုံးရန်လိုသည်။ (၇:၁-၄၀) အိမ်ထောင်သည်များသည် စာနာထောက်ထားစွာသံဝါသပြုရကြမည်ဖြစ်သည်။ အိမ်ထောင်သည်ခရစ်ယာန်တစ်ဦးသည် မယုံကြည်သောအိမ်ထောင်ဖက်နှင့် မကွဲကွာစေရ။ ထိုသို့အတူနေခြင်းအားဖြင့် ထိုသူအား ကယ်တင်ခြင်းရစေကောင်းရစေနိုင်သည်။ သို့သော်လည်း အိမ်ထောင်သည်ဘဝသည် စိုးရိမ်ပူပန်မှုတိုးများလာစေသည်။ သူတစ်ပါးကိုဝိညာဉ်ရေးဖက် အကျိုးပြုလိုသူသည် သခင့်အမှုတော်ကို စိတ်ရှုပ်ထွေးခြင်းမရှိဆောင်ရွက်နိုင်ရန် တစ်ကိုယ်ရေတစ်ကာယဘဝကား အကူအညီဖြစ်စေနိုင်သည်။
သို့သော် အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေတစ်ကာယနေသူပင်ဖြစ်စေ သူတစ်ပါး၏ဝိညာဏအကျိုးကို ထောက်ထားစာနာခြင်းသည် ခရစ်ယာန်အားလုံး၏တာဝန်ဖြစ်သည်။ (၈:၁–၁၀:၃၃) သို့ဖြစ်၍ ရုပ်တုရှေ့ပူဇော်ထားသောအစာများကိုစားခြင်းဖြင့် သူတစ်ပါးကိုထိမိမလဲစေရန် ကောရိန္သုမြို့သားများ မှာကြားခံရသည်။ သတင်းကောင်းလက်ခံရာတွင်မှ အတားအဆီးမဖြစ်စေရန် ကာယအကူအညီယူပိုင်ခွင့်ကိုပင် ပေါလုမယူဘဲနေခဲ့သည်။ ထို့ပြင် “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ” သည်။ တောအရပ်၌ပြစ်မှားခဲ့သော ဣသရေလလူမျိုးတို့၏တွေ့ကြုံမှုများကို နှလုံးပိုက်ကြုံးခြင်းဖြင့် ရုပ်တုကိုးကွယ်ခြင်းနှင့် မှားယွင်းခြင်းကိုရှောင်ကြဉ်ကြရန် အကူအညီရစေသည်။ ထိုထက်ကား “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” ခြင်းဖြင့် တစ်ဦးတစ်ယောက်ကိုမျှထိမိ၍လဲစေမည့်အကျင့်များကိုရှောင်ကြဉ်ရန် အကူအညီရရှိပေမည်။
လေးစားမှုတင်ပြကာ အမြဲအစီအစဉ်တကျရှိနေပါ
“ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိုပြု” ရန် ထိုက်သင့်လျော်ကန်သောလေးစားမှုပြဖို့လိုပေသည်။ (၁၁:၁-၃၄) ပထမရာစုခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ဆုတောင်းချိန်၊ သို့မဟုတ် အသင်းတော်၌ပရောဖက်ပြုချိန်တွင် ခေါင်းကိုအုပ်ထားခြင်းဖြင့် ဦးစီးမှုအစီအစဉ်ကိုလေးစားကြောင်းတင်ပြသည်။ ယနေ့လည်း ဘုရားတရားကြည်ညိုသောအမျိုးသမီးများသည် ထပ်တူလေးစားမှုပြကြသည်။ ၄င်းပြင် ပဲ့ပြင်ခံရသည့် ကောရိန္သုအသင်းသားများ၏လမ်းစဉ်ကိုရှောင်ကြဉ်ကာ ကျွန်ုပ်တို့အားလုံး သခင်၏ညစာစားပွဲကိုလေးစားတန်ဖိုးထားရကြမည်။
“ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ရန်စည်းဝေးများကို အစီအစဉ်တကျကျင်းပရမည်။ (၁၂:၁–၁၄:၄၀) ရှေးခရစ်ယာန်များစည်းဝေးချိန်တွင် ဘာသာစကားအမျိုးမျိုးဖြင့် စကားပြောဆိုနိုင်ခြင်းဆုကျေးဇူးကို ပေးတော်မူသောအရှင်၊ ယင်း၏ရည်ရွယ်ချက်ကို လေးစားတန်ဖိုးထားကာ အသုံးပြုကြဖို့ဖြစ်သည်။ ယနေ့ ဤဆုကျေးဇူးများမရှိတော့သော်လည်း ၄င်းထက်ထူးကဲသော ချစ်ခြင်းမေတ္တာကိုတင်ပြခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသည်။ ကျွန်ုပ်တို့စည်းဝေးပွဲများသည် စည်းစနစ်တကျဖွဲ့စည်းထားသဖြင့်လည်းကောင်း၊ ပေါလု၏သြဝါဒဖြစ်သည့် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” ဟူသည့်အတိုင်း လေးစားစွာလိုက်နာကြသောကြောင့် ယေဟောဝါဘုန်းတော်ကိုထင်ရှားစေသည်။
“ဘုရားသခင့်ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ခြင်းတွင် သမ္မာကျမ်းစာမူဝါဒကိုလေးစားရန်နှင့် ဝိညာဉ်ရေးဘက်ခိုင်ခံ့မြဲမြံစွာရပ်တည်ခြင်းတို့ပါဝင်သည်။ (၁၅:၁–၁၆:၂၄) ဂရိအတွေးအခေါ်၏သြဇာလွှမ်းမိုးမှုကြောင့် ကောရိန္သုအသင်းတော်ရှိ အချို့က “သေသောသူတို့သည် ထမြောက်ခြင်းမရှိ” ဟုဆိုကြသည်။ (တမန်တော် ၁၇:၁၈၊ ၃၂ နှင့်နှိုင်းယှဉ်ပါ။) ဖောက်ပြန်သူတို့၏အယူအဆဖြစ်သည့် နောက်နောင်ရှင်ပြန်ထမြောက်ခြင်းသည်မရှိဘဲ အသက်ရှင်သောခရစ်ယာန်များသည် အထိမ်းအမှတ်ဖြင့် ဝိညာဏထမြောက်ခြင်းခံရပြီးပြီဟု သူတို့ယူဆခဲ့ကောင်းယူဆခဲ့မည်။ (၂ တိမောသေ ၂:၁၆-၁၈) ယေရှု၏ထမြောက်ခြင်းကိုကိုးကားပြခြင်းဖြင့် စစ်မှန်သောမျှော်လင့်ချက်ကို ပေါလုထောက်ခံခဲ့သည်။ ဘိသိက်ခံခရစ်ယာန်များသည် မပျက်စီးနိုင်သော ကောင်းကင်အသက်တာကိုရခြင်းငှာ သေရကြမည်အကြောင်းကိုလည်း ဤနည်းဖြင့်တင်ပြခဲ့သည်။ သူ၏သြဝါဒသည် ဖောက်ပြန်ခြင်းကိုရှောင်ကြဉ်ကာ “ယုံကြည်ခြင်း၌တည်” မြဲရန် များစွာအထောက်အကူပြုသည်။
ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ အရာခပ်သိမ်းကိုအမြဲပြုလော့
ကောရိန္သုပထမစောင်ပါ ပေါလု၏သြဝါဒသည် စီအီးပထမရာစုတွင် အကျိုးရှိခဲ့သည်နည်းတူ ယနေ့လည်းအကျိုးများစွာရှိသည်။ ယင်းကား သန့်ရှင်းသောလူမျိုးများအဖြစ် မျက်မှောက်ခေတ်ယေဟောဝါသက်သေများ ဘုရားသခင်ကိုစည်းလုံးစွာဝတ်ပြုရန် တိုက်တွန်းပေးသည်။ တမန်တော်၏စကားများသည် သူတစ်ပါးကိုထောက်ထားစာနာပြီး ထိုက်သင့်လျော်ကန်စွာလေးစားမှုပြရန် ကျွန်ုပ်တို့အားတိုက်တွန်းပေးသင့်သည်။ ပေါလုပြောဆိုခဲ့သောစကားများသည် ဖောက်ပြန်ခြင်းကို ကျွန်ုပ်တို့ငြင်းပယ်တိုက်လှန်ကာ စစ်မှန်သောယုံကြည်ခြင်းဘက်မြဲမြံရန် ခွန်အားရှိစေသည်။
ယေဟောဝါ၏သစ္စာရှိကျေးကျွန်တိုင်း၏ စိတ်စေတနာပါဆန္ဒမှာ ကိုယ်တော်ကိုကောင်းချီးပေးရန်၊ နိုင်ငံတော်သတင်းကြေညာရန်နှင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ဘုန်းထင်ရှားစေရန်ဖြစ်သည်ကားအမှန်။ (ဆာလံ ၁၄၅:၁၊ ၂၊ ၁၀-၁၃) အမှန်မှာ ကောရိန္သုအသင်းတော်ထံ ပေါလု၏ပထမစာစောင်သည် “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ရန် များစွာအကူအညီပေးပါသည်။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မုချသေရမည်။ ကောရိန္သုစာစောင်များတွင် အားကစားကွင်း၌သေခြင်းအကြောင်း တစ်ကြိမ်ထက်မက ပေါလုညွှန်းခဲ့သည်။ ဥပမာ၊ သူဤသို့ရေးသားခဲ့သည်။ “သတ်ဖို့ရာထားသောသူကဲ့သို့ အခြားသောသူများနောက်၌ တမန်တော်တည်းဟူသောငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟုငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့်ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။” (၁ ကောရိန္သု ၄:၉) ဤတွင် ပေါလုသည် (တိရစ္ဆာန်များကိုတိုက်ခိုက်ရသူ) နှင့် ဂလဲဒီအေတာသူရဲကောင်း (လူလူချင်းတိုက်ခိုက်သူ) သတ်ပွဲများကို ဆိုလိုနေမည်ဖြစ်သည်။ အချို့တို့သည် အခကြေးငွေယူ၍တိုက်ခိုက်ခဲ့ကြသော်လည်း ရာဇဝတ်သားများမှာမူ မတိုက်မနေသတ်ဖြတ်ခဲ့ရကြသည်။ အစအဦး၌ ဓားလက်နက်များကိုင်ဆောင်ခွင့်ရှိကြသော်လည်း နောင်တွင် အဝတ်မပါခုခံကာကွယ်မှုလက်နက်ကင်းမဲ့ပြီး ဧကန်မုချအသတ်ခံရကြလေသည်။
(“လောကီသားများ” သာမက) “ကောင်းကင်တမန်များ” နှင့် “လူသား” တို့ရှေ့ပွဲဝင်သူများအဖြစ် တမန်တော်များသည် ဤကဲ့သို့သောသွေးထွက်သံယိုမြင်ကွင်းမျိုးတွင် သေရမည့်သူတို့နှင့်တူလှသည်။ ‘ဧဖက်မြို့၌ သားရဲတို့နှင့် ပေါလုတိုက်’ ခဲ့သည်ဟုဆိုသည်။ သို့သော်အချို့က ရောမပြည်သားတစ်ဦးအနေနှင့် ဤအဖြစ်မျိုးကိုမကြုံနိုင်ဟုဆိုကြရာ သားရဲကဲ့သို့သောသူများကို သူရည်စူးနေခြင်းဖြစ်သည်ဟုဆိုကြသည်။ (၁ ကောရိန္သု ၁၅:၃၂) သို့နှင့်ပင် (ဧဖက်မြို့ရှိ) အာရှိပြည်တွင်သူခံရသည့် “ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟုထင်ရ” ခြင်းမှ ဘုရားသခင်ကယ်လွှတ်ခဲ့ကြောင်း ပေါလုပြောဆိုခဲ့ရာ လူတို့၏အတိုက်အခံထက် အားကစားကွင်း၌ သားရဲများနှင့်ကြုံတွေ့ခဲ့ရသောဘေးဖြစ်စရာအကြောင်းရှိပေသည်။—၂ ကောရိန္သု ၁:၈–၁၀; ၁၁:၂၃။ တမန်တော် ၁၉:၂၃–၄၁။
[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဆုလာဘ်ကိုမျက်ခြည်မပြတ်ထား။ အရေးကြီးသောအချက်များကို ရှင်းပြရာတွင် ရှေးဂရိအားကစားပွဲများမှ အခြင်းအရာအချို့ကို ပေါလုအသုံးပြုခဲ့သည်။ (၁ ကောရိန္သု ၉:၂၄–၂၇) ကောရိန္သုမြို့အနီး ၂ နှစ်တစ်ကြိမ်ကျင်းပသော ကျွန်းဆက်ပွဲတွင် ပြေးပွဲ၊ လက်ဝှေ့ပွဲနှင့်အခြားပြိုင်ပွဲများပါဝင်သည်။ ပြိုင်ပွဲများအတွက်ပြင်ဆင်ရာတွင် ကိုယ့်ကိုယ်ကိုချုပ်တည်းရကြသည်။ အဆီမပါသည့်အသားကိုစား၍ ဆယ်လလုံးလုံး စပျစ်ရည်မသောက်ဘဲနေရကြသည်။ အောင်နိုင်သူများအားပေးသည့် ညှိုးနွမ်းပျက်စီးနိုင်သောထင်းရှူးသို့မဟုတ်နွယ်ပင်ပန်းဦးရစ်အစား ဘိသိက်ခံခရစ်ယာန်တစ်ဦးသည် မပျက်စီးနိုင်သောအသက်ဆုသရဖူကို ရရှိရန်ကြိုးစားအားထုတ်ကြသည်။ ထိုဆုလာဘ်ကိုရနိုင်ရန် ၄င်းကိုမျက်ခြည်မပြတ်စေဘဲ ချုပ်တည်းမှုရှိရမည်။ ထာဝရအသက်ရလိုသော ယေဟောဝါသက်သေများအတွက် ထပ်တူကျင့်စဉ်မူများ သက်ဆိုင်ပါသည်။