ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁၅ စာ. ၁၅-၂၀
  • ယေဟောဝါ၏လမ်းစဉ်၌ ဆက်၍လျှောက်လှမ်းနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏လမ်းစဉ်၌ ဆက်၍လျှောက်လှမ်းနေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ကိုးစားမှုနှင့် သစ္စာစောင့်သိရန်လိုအပ်မှု
  • ဘုရားသခင့်လမ်းစဉ်၌ လျှောက်လှမ်းရာတွင် အကူအညီ
  • အဓိဋ္ဌာန်ပြုချက်
  • “ဘုရားသခင်သည် ငါတို့ဘက်၌ရှိ”
  • ဘုရားသခင်နှင့်အတူ သင်လျှောက်လှမ်းမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ကနဦးခြေလှမ်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • မျက်မြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁၅ စာ. ၁၅-၂၀

ယေဟောဝါ၏လမ်းစဉ်၌ ဆက်၍လျှောက်လှမ်းနေ

“ထာဝရဘုရားကိုမျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။” —ဆာလံ ၃၇:၃၄။

၁၊ ၂။ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းခြင်းတွင် ဘုရင်ဒါဝိဒ်အတွက် အဘယ်အရာပါဝင်ခဲ့သနည်း၊ ယင်းက ယနေ့ ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုသနည်း။

“ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏။” (ဆာလံ ၁၄၃:၈) ယနေ့ခရစ်ယာန်များသည် ဘုရင်ဒါဝိဒ်၏ ထိုစကားများကို နှလုံးအကြွင်းမဲ့ပဲ့တင်ထပ်ကြသည်။ သူတို့သည် အရိုးခံစိတ်ဖြင့် ယေဟောဝါနှစ်သက်ရာကိုပြုလိုကြပြီး ကိုယ်တော့်လမ်းစဉ်၌ လျှောက်လှမ်းလိုကြသည်။ ထိုတွင် အဘယ်အရာပါဝင်သနည်း။ ဒါဝိဒ်အတွက် ဘုရားသခင့်ပညတ်ကို စောင့်ထိန်းခြင်းဟုဆိုလိုခဲ့၏။ ထိုတွင် တစ်ပါးအမျိုးသားများနှင့် မိတ်သဟာယဖွဲ့မည့်အစား ယေဟောဝါအားယုံကြည်ကိုးစားခြင်းပါဝင်သည်။ မှန်ပါသည်၊ အိမ်နီးချင်းနိုင်ငံများမှလူတို့၏ဘုရားများကိုမဟုတ်ဘဲ ကိုယ်တော်ကိုသစ္စာရှိစွာဝတ်ပြုခြင်းကိုဆိုလိုသည်။ ခရစ်ယာန်များအတွက်မူ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းခြင်းတွင် ထိုထက်မကပါဝင်သည်။

၂ တစ်ချက်အနေနှင့် ယနေ့ ယေဟောဝါ၏လမ်းစဉ်၌လျှောက်လှမ်းခြင်းသည် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ခြင်းကျင့်သုံးခြင်း၊ ကိုယ်တော်သည် ‘လမ်းခရီး၊ အမှန်တရားနှင့်အသက်’ ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကိုဆိုလိုသည်။ (ယောဟန် ၃:၁၆; ၁၄:၆; ဟေဗြဲ ၅:၉) အထူးသဖြင့် ယေရှု၏ဘိသိက်ခံညီတော်များနှင့် အချင်းချင်းအပေါ် မေတ္တာပြခြင်းပါဝင်သည့် “ခရစ်တော်၏တရား” ကိုကျင့်ခြင်းကိုလည်းဆိုလိုသည်။ (ဂလာတိ ၆:၂; မဿဲ ၂၅:၃၄-၄၀) ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းသူတို့သည် ကိုယ်တော့်မူများနှင့် မိန့်မှာချက်များကိုနှစ်သက်ကြ၏။ (ဆာလံ ၁၁၉:၉၇; သု. ၄:၅၊ ၆) ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ရသည့်အခွင့်ထူးကို သူတို့တန်ဖိုးထားကြသည်။ (ကောလောသဲ ၄:၁၇; ၂ တိမောသေ ၄:၅) ဆုတောင်းခြင်းသည် သူတို့အသက်တာ၏ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်၏။ (ရောမ ၁၂:၁၂) ထို့အပြင် သူတို့သည် ‘ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့စေ့စေ့မြေ့မြေ့ကျင့်ဆောင်ရန် သတိပြု’ ကြ၏။ (ဧဖက် ၅:၁၅) ယာယီစည်းစိမ်များ သို့မဟုတ် တရားမဝင်သောသွေးသားအပျော်အပါးများအတွက် ဝိညာဉ်ရေးစည်းစိမ်များကို သူတို့အမှန်ပင်မစွန့်လွှတ်ကြချေ။ (မဿဲ ၆:၁၉၊ ၂၀; ၁ ယောဟန် ၂:၁၅-၁၇) ထို့အပြင် ယေဟောဝါအားသစ္စာစောင့်သိခြင်းနှင့် ယုံကြည်ကိုးစားခြင်းတို့ မရှိမဖြစ်လိုအပ်သည်။ (၂ ကောရိန္သု ၁:၉; ၁၀:၅; ဧဖက် ၄:၂၄) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏အခြေအနေသည် ရှေးဣသရေလနိုင်ငံ၏အခြေအနေနှင့် အတော်ဆင်တူသောကြောင့်ဖြစ်သည်။

ယုံကြည်ကိုးစားမှုနှင့် သစ္စာစောင့်သိရန်လိုအပ်မှု

၃။ သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်းနှင့် ကိုးစားခြင်းတို့သည် ယေဟောဝါ၏လမ်းစဉ်၌ ကျွန်ုပ်တို့ဆက်လျှောက်လှမ်းနေရန် အဘယ်ကြောင့်အကူအညီဖြစ်မည်နည်း။

၃ ဣသရေလနိုင်ငံသည် ရုပ်ပုံ . . . များဝတ်ပြုရာတွင် ပျော်ပွဲရွှင်ပွဲများကို စည်းမဲ့ကမ်းမဲ့ကျင်းပလေ့ရှိသည့် မဖော်ရွေသောအိမ်နီးချင်းနိုင်ငံများဖြင့်ဝန်းရံထားသည့် နိုင်ငံငယ်တစ်ခုဖြစ်ခဲ့သည်။ (၁ ရာဇဝင်ချုပ် ၁၆:၂၆) ဣသရေလနိုင်ငံသည်သာ တစ်ဆူတည်းသောစစ်မှန်သည့် မျက်မြင်မရ ယေဟောဝါဘုရားသခင်အား ဝတ်ပြုခဲ့ကာ မြင့်မားသောကျင့်ဝတ်စံနှုန်းများကိုထိန်းသိမ်းရန် ကိုယ်တော်တောင်းဆိုခဲ့သည်။ (တရားဟောရာ ၆:၄) အလားတူ ယနေ့ သန်းအနည်းငယ်သာ ယေဟောဝါကိုကိုးကွယ်ကြပြီး သူတို့၏စံနှုန်းများ၊ ဘာသာရေးအမြင်များနှင့် အလွန်ခြားနားသော သန်းခြောက်ထောင်ခန့်ရှိသူများ၏လောကတွင် ကျွန်ုပ်တို့နေထိုင်ကြသည်။ ကျွန်ုပ်တို့သည် ထိုသန်းအနည်းငယ်တွင်ပါဝင်သူများဖြစ်ကြသည်ဆိုလျှင် မှားယွင်းသည့်နည်းဖြင့် ဩဇာလွှမ်းမိုးမခံရရန် သတိပြုနေကြရမည်။ မည်သို့နည်း။ ယေဟောဝါဘုရားသခင်အား သစ္စာစောင့်သိခြင်း၊ ကိုယ်တော့်ကိုယုံကြည်ခြင်းနှင့် ကိုယ်တော်သည် မိမိကတိတော်များကိုပြည့်စုံစေမည်ဟု အခိုင်အမာယုံကြည်ကိုးစားခြင်းတို့က ကူညီပေးပါလိမ့်မည်။ (ဟေဗြဲ ၁၁:၆) ယင်းက ဤလောကမျှော်လင့်အားထားရာများကို ယုံကြည်စိတ်ချမနေရန် ကာကွယ်ပေးပါလိမ့်မည်။—သု. ၂၀:၂၂; ၁ တိမောသေ ၆:၁၇။

၄။ တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် “ဉာဏ်အလင်းကွယ်” နေသနည်း။

၄ ခရစ်ယာန်များသည် ဤလောကနှင့်မည်မျှခြားနားရမည်ကို တမန်တော်ပေါလုက ဤသို့ရေးသားဖော်ပြခဲ့သည်– “ထိုကြောင့် ကြွင်းသောတစ်ပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တစ်ဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့်ငါမှာလိုက်၏။ ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။” (ဧဖက် ၄:၁၇-၁၈) ယေရှုသည် “မှန်သောအလင်း” ဖြစ်၏။ (ယောဟန် ၁:၉) ကိုယ်တော်ကိုငြင်းပယ်သူ သို့မဟုတ် ကိုယ်တော်ကိုယုံကြည်သည်ဟုဆိုသော်လည်း “ခရစ်တော်၏တရား” ကိုမနာခံသူမှန်သမျှသည် “ဉာဏ်အလင်းကွယ်” နေကြသည်။ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းနေဖို့ဝေးစွ၊ သူတို့သည် “ဘုရားသခင်၏အသက်နှင့်ကွာရှင်းလျက်ရှိ” ကြ၏။ လောကအမြင်အရ ပညာရှိဟု သူတို့ယူဆကြမည်ဖြစ်သော်လည်း အသက်ရစေသောတစ်ခုတည်းသောအသိပညာဖြစ်သည့် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ဆိုင်သောအသိပညာကိုကား ‘မသိ’ ကြချေ။—ယောဟန် ၁၇:၃; ၁ ကောရိန္သု ၃:၁၉။

၅။ လောကတွင် အမှန်တရားအလင်းထွန်းလင်းနေသော်လည်း လူအများ အဘယ်ကြောင့် မတုံ့ပြန်ကြသနည်း။

၅ သို့တိုင် အမှန်တရားအလင်းသည် ဤလောက၌ထွန်းလင်းနေ၏! (ဆာလံ ၄၃:၃; ဖိလိပ္ပိ ၂:၁၅၊ ၁၆) “ပညာသည် ပြင်မှာကြွေးကြော်၍ လမ်းခရီးတို့၌ မိမိစကားသံကိုလွှင့်တတ်၏။” (သု. ၁:၂၀) လွန်ခဲ့သောနှစ်အတွင်း ယေဟောဝါသက်သေများသည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အကြောင်းကို နာရီသန်းတစ်ထောင်ကျော်သုံးကာ အိမ်နီးချင်းများကိုပြောပြခဲ့ကြသည်။ ထောင်ပေါင်းများစွာ တုံ့ပြန်ခဲ့၏။ သို့သော် အခြားသူများစွာ တုံ့ပြန်မှုမရှိခဲ့ကြခြင်းကို ကျွန်ုပ်တို့အံ့သြသင့်ပါသလော။ မအံ့သြသင့်ပါ။ သူတို့၏ ‘စိတ်နှလုံးမိုက်မဲခြင်း’ အကြောင်း ပေါလုပြောခဲ့သည်။ လူအချို့သည် တစ်ကိုယ်ကောင်းဆန်မှု သို့မဟုတ် ငွေကိုတပ်မက်မှုကြောင့် တုံ့ပြန်မှုမဲ့သောနှလုံးများရှိကြသည်။ အခြားသူများသည် ယနေ့ နေရာအနှံ့ခေတ်ထနေသည့် ဗာဗုလုန်ဘာသာ သို့မဟုတ် လောကအသွင်အပြင်၏သြဇာလွှမ်းမိုးမှုခံနေကြရသည်။ ခက်ထန်သည့်ဘဝအတွေ့အကြုံများက လူများစွာကို ဘုရားသခင်ထံမှဦးလှည့်သွားစေခဲ့ပြီ။ အခြားသူများမှာမူ ယေဟောဝါ၏မြင့်မားသည့်ကျင့်ဝတ်စံနှုန်းများကို ပြည့်မီရန်ငြင်းဆန်ကြသည်။ (ယောဟန် ၃:၂၀) ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းနေသူတစ်ဦး၏နှလုံးသည် အဆိုပါကဏ္ဍများတွင် အကဲမဆတ်ဖြစ်သွားနိုင်ပါသလော။

၆၊ ၇။ ဣသရေလလူများသည် ယေဟောဝါအားကိုးကွယ်ဝတ်ပြုကြသော်လည်း အဘယ်အချိန်အခါများတွင် ဖောက်ပြန်ခဲ့ကြသနည်း၊ အဘယ်ကြောင့်နည်း။

၆ ပေါလုဖော်ပြခဲ့သကဲ့သို့ ရှေးဣသရေလနိုင်ငံတွင် ထိုသို့ဖြစ်ပျက်ခဲ့သည်။ သူ ဤသို့ရေးသားခဲ့သည်– “ထိုသူတို့သည် မကောင်းသောအရာကိုတပ်မက်သကဲ့သို့ ငါတို့သည်မတပ်မက်စေခြင်းငှာ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ပုံသက်သေဖြစ်ကြ၏။ ‘လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာထကြ၏’ ဟုကျမ်းစာလာသည်အတိုင်း ထိုသူအချို့တို့သည် ရုပ်[ပုံ]ကိုကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသောမေထုန်အမှုကိုပြု၍ တစ်နေ့ခြင်းတွင် လူနှစ်သောင်းသုံးထောင်လဲ၍သေသကဲ့သို့မပြုဘဲ မတရားသောမေထုန်ကိုရှောင်ကြကုန်အံ့။”—၁ ကောရိန္သု ၁၀:၆-၈။

၇ ဣသရေလလူတို့သည် သိနာတောင်ခြေတွင် ရွှေနွားရုပ်ကိုးကွယ်ခဲ့စဉ်အခါသမယကို ပေါလုဦးဆုံးကိုးကားသည်။ (ထွက်မြောက်ရာ ၃၂:၅၊ ၆) ယင်းသည် လွန်ခဲ့သည့်အပတ်အနည်းငယ်ကပင် သူတို့နာခံရန်သဘောတူခဲ့ပြီးဖြစ်သည့် ဘုရားသခင့်မိန့်မှာချက်ကို တိုက်ရိုက်မနာခံခြင်းဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၄-၆; ၂၄:၃) ထို့နောက် ဣသရေလလူမျိုးသည် မောဘသမီးတို့နှင့်အတူ ဗာလကိုဦးချခဲ့ကြသည့်အချိန်ကို ပေါလုကိုးကားပြန်သည်။ (တောလည်ရာ ၂၅:၁-၉) နွားရုပ်ကိုးကွယ်ခြင်း၏အမှတ်အသားတစ်ခုသည် “ကခုန်မြူးထူး” စိတ်အလိုလိုက်လွန်းခြင်းဖြစ်၏။a ဗာလဝတ်ပြုရေးသည် ဗြောင်ကျကျလိင်အကျင့်ယိုယွင်းခြင်းနှင့်တွဲဖက်နေ၏။ (ဗျာဒိတ် ၂:၁၄) ဣသရေလလူများသည် အဘယ်ကြောင့် ဤအပြစ်များကိုကျူးလွန်ခဲ့ကြသနည်း။ အကြောင်းမှာ သူတို့သည် မိမိတို့၏နှလုံးအား ရုပ်ပုံကိုးကွယ်ခြင်း သို့မဟုတ် ယင်းနှင့်တွဲဖက်နေသော စည်းမဲ့ကမ်းမဲ့ပြုမူသည့်ဓလေ့များဖြစ်သည့် “မကောင်းသောအရာကိုတပ်မက်” လာစေရန်ခွင့်ပြုခဲ့ကြသောကြောင့်ဖြစ်သည်။

၈။ ဣသရေလနိုင်ငံ၏တွေ့ကြုံမှုများမှ အဘယ်သင်ခန်းစာရနိုင်သနည်း။

၈ ဤဖြစ်ရပ်များမှ ကျွန်ုပ်တို့သင်ယူသင့်သည်ဟု ပေါလုကဖော်ပြခဲ့၏။ အဘယ်အရာကိုသင်ယူရမည်နည်း။ ခရစ်ယာန်တစ်ဦးသည် ရွှေနွားရုပ် သို့မဟုတ် ရှေးခေတ်မောဘဘုရားကိုဦးချလိမ့်မည်ဟု တွေးနိုင်စရာမရှိချေ။ သို့သော် အကျင့်ယိုယွင်းခြင်း သို့မဟုတ် အတားအဆီးမဲ့စိတ်အလိုလိုက်ခြင်းနှင့်ပတ်သက်၍ကော။ ဤအရာများသည် ယနေ့ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေရာ ကျွန်ုပ်တို့သည် ယင်းဆန္ဒကိုကြီးထွားခွင့်ပြုလိုက်မည်ဆိုလျှင် ယင်းသည် ကျွန်ုပ်တို့နှင့်ယေဟောဝါစပ်ကြား စိမ်းကားလာစေပါလိမ့်မည်။ ရလဒ်မှာ ရုပ်ပုံကိုးကွယ်သည့်နှယ်—ဘုရားသခင်ထံမှစိမ်းကားခြင်းဖြစ်ပါလိမ့်မည်။ (ကောလောသဲ ၃:၅; ဖိလိပ္ပိ ၃:၁၉ နှိုင်းယှဉ်။) မှန်ပါသည်၊ ထိုဖြစ်ရပ်များကို ဆွေးနွေးရာတွင် ယုံကြည်သူချင်းတို့ကို ဤသို့တိုက်တွန်း၍ နိဂုံးချုပ်ခဲ့သည်– “ရုပ်[ပုံ]ကို ကိုးကွယ်ခြင်းအမှုကိုကြဉ်ရှောင်ကြလော့။”—၁ ကောရိန္သု ၁၀:၁၄။

ဘုရားသခင့်လမ်းစဉ်၌ လျှောက်လှမ်းရာတွင် အကူအညီ

၉။ (က) ယေဟောဝါ၏လမ်းစဉ်၌ဆက်လျှောက်လှမ်းရန် အဘယ်အကူအညီကို ကျွန်ုပ်တို့ရရှိကြသနည်း။ (ခ) ‘ကျွန်ုပ်တို့နောက်မှစကားသံ’ ကိုကြားရသည့်နည်းတစ်နည်းကား အဘယ်နည်း။

၉ ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းစဉ်၌ ဆက်လျှောက်လှမ်းနေရန်စိတ်ပိုင်းဖြတ်ထားလျှင် အကူအညီမရဘဲမနေပါ။ ဟေရှာယက ဤသို့ပရောဖက်ပြုထားသည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့’ ဟုသင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” (ဟေရှာယ ၃၀:၂၁) ‘ကျွန်ုပ်တို့နောက်မှစကားသံကို ကိုယ်နားနှင့်’ မည်သို့ ‘ကြား’ ရသနည်း။ ယနေ့ ဘုရားသခင်ထံမှ ပကတိအသံ သို့မဟုတ် ကိုယ်ပိုင်သတင်းတစ်ခုကို မည်သူမျှမကြားရသည်မှာ မှန်ပါသည်။ ကြားရသော “စကားသံ” သည်ထပ်တူနည်းဖြင့် ကျွန်ုပ်တို့အားလုံးထံရောက်ရှိလာ၏။ ဦးဆုံးအနေနှင့် ဘုရားသခင့်အတွေးအခေါ်များ၊ လူသားများနှင့် ကိုယ်တော်ဆက်ဆံမှုမှတ်တမ်းပါဝင်သည့် မှုတ်သွင်းခံသမ္မာကျမ်းစာမှတစ်ဆင့် ထိုစကားသံလာ၏။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏အသက်နှင့်ကွာရှင်းလျက်ရှိ” သည့်ရင်းမြစ်များမှ ဝါဒဖြန့်မှုကိုနေ့စဉ်ရင်ဆိုင်နေကြရာ ဝိညာဉ်ရေးကျန်းမာမှုအတွက် ကျမ်းစာကိုမှန်မှန်ဖတ်ရှုကာ ဆင်ခြင်သုံးသပ်ရန်လိုသည်။ ဤသို့ပြုခြင်းက “အချည်းနှီးသောအရာတို့ကို” ရှောင်ကြဉ်ဖို့နှင့် “စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ အသင့်ပြင်ဆင်သောသူဖြစ်” လာဖို့အကူအညီရပါလိမ့်မည်။ (တမန်တော် ၁၄:၁၄၊ ၁၅; ၂ တိမောသေ ၃:၁၆၊ ၁၇) ယင်းသို့ပြုခြင်းသည် ကျွန်ုပ်တို့ကို ခွန်အားရှိစေ၍ ခိုင်ခံ့စေမည်ဖြစ်ပြီး “အကြံထမြောက်၍အောင်မြင်” စေပါလိမ့်မည်။ (ယောရှု ၁:၇၊ ၈) ထို့ကြောင့် ယေဟောဝါ၏နှုတ်မြွက်စကားတော်က ဤသို့တိုက်တွန်းသည်– “ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ငါဆုံးမခြင်းကိုမပယ်ကြနှင့်။ နားထောင်၍ပညာရှိကြလော့။”—သု. ၈:၃၂၊ ၃၃။

၁၀။ ‘ကျွန်ုပ်တို့နောက်မှစကားသံ’ ကိုကြားရသည့် ဒုတိယနည်းကားအဘယ်နည်း။

၁၀ ‘ကျွန်ုပ်တို့နောက်မှစကားသံ’ ကို ‘အချိန်တန်အစာ’ ပြင်ဆင်ပေးသည့် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မှတစ်ဆင့်လည်းကြားရ၏။ (မဿဲ ၂၄:၄၅-၄၇) ဤအစာကိုပြင်ဆင်ပေးသည့်နည်းတစ်နည်းမှာ ကျမ်းစာအခြေပြုစာပေများပုံနှိပ်ထုတ်ဝေခြင်းဖြင့်ဖြစ်ပြီး မကြာမီနှစ်များအတွင်း အလျှံပယ်ပြင်ဆင်ပေးခဲ့ပြီ။ ဥပမာ၊ ကင်းမျှော်စင်မဂ္ဂဇင်းအားဖြင့် ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ပိုမိုသဘောပေါက်နားလည်လာခဲ့ပြီ။ ဤဂျာနယ်ထဲတွင် ကျွန်ုပ်တို့သည် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဥပေက္ခာပြုသူတိုးများနေလင့်ကစား စွဲစွဲမြဲမြဲပြုလုပ်ကြရန် အားပေးထားသည်၊ အန္တရာယ်များကိုရှောင်ကြဉ်ရန် ကူညီပေးခြင်းခံခဲ့ရပြီ၊ ကောင်းသောခရစ်ယာန်အရည်အသွေးများကို တိုးပွားစေဖို့တိုက်တွန်းခံခဲ့ကြရပြီ။ ယင်းအချိန်တန်အစာကို ကျွန်ုပ်တို့တကယ်တန်ဖိုးထားကြပါသည်တကား!

၁၁။ ‘ကျွန်ုပ်တို့နောက်မှစကားသံ’ ကိုကြားနိုင်သည့် တတိယနည်းကိုရှင်းပြပါ။

၁၁ သစ္စာနှင့်သတိပညာရှိသောကျွန်သည် ကျွန်ုပ်တို့၏ပုံမှန်ကျင်းပသော အစည်းအဝေးများအားဖြင့်လည်း အစာပြင်ဆင်ပေးသည်။ ဤတွင် ဒေသဆိုင်ရာအသင်းတော်အစည်းအဝေးများ၊ တိုက်နယ်အစည်းအဝေးများနှင့် သာ၍ကြီးမားသောနှစ်စဉ်ကျင်းပသည့်စည်းဝေးကြီးများပါဝင်သည်။ အဆိုပါစုဝေးမှုများကို တန်ဖိုးမထားသည့် အဘယ်သစ္စာရှိခရစ်ယာန်ရှိပါမည်နည်း။ ယင်းတို့သည် ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းရာတွင် ကျွန်ုပ်တို့အားထောက်မသည့် မရှိမဖြစ်လိုအပ်သောအကူအညီဖြစ်သည်။ လူအများသည် ယုံကြည်ခြင်းမတူသူတို့နှင့်တွဲဖက်၍ လုပ်ငန်းခွင် သို့မဟုတ် ကျောင်း၌ အချိန်များစွာကုန်လွန်ကြရသည်ဖြစ်ရာ ခရစ်ယာန်ပေါင်းသင်းမှုကို မှန်မှန်ပြုလုပ်ခြင်းသည် ပကတိအသက်ကယ်ခြင်းဖြစ်သည်။ အစည်းအဝေးများသည် ‘မေတ္တာစိတ်ရှိစေရန်နှင့် ကောင်းသောအကျင့်ကိုကျင့်စေရန် အချင်းချင်းတိုက်တွန်းနှိုးဆော်ရန်’ အခွင့်ကောင်းကိုပေးသည်။ (ဟေဗြဲ ၁၀:၂၄) ညီအစ်ကိုများကို ကျွန်ုပ်တို့ချစ်ကြပြီး သူတို့နှင့်ပေါင်းသင်းခြင်းကို နှစ်သက်ကြ၏။—ဆာလံ ၁၃၃:၁။

၁၂။ ယေဟောဝါသက်သေများသည် အဘယ်စိတ်ပိုင်းဖြတ်ချက်ရှိကြသနည်း။ ယင်းကို မကြာမီက မည်သို့ဖော်ပြခဲ့ကြသနည်း။

၁၂ ယင်းဝိညာဉ်အစာကြောင့် ခွန်အားရှိနေကြရာ ယနေ့ခြောက်သန်းနီးပါးသောသူတို့သည် ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းနေကြပြီး သန်းနှင့်ချီသောအခြားသူများသည် ထိုအတိုင်းမည်သို့ပြုရမည်ကိုသိရှိရန် ကျမ်းစာလေ့လာနေကြသည်။ ကမ္ဘာ့လူဦးရေသန်းထောင်ပေါင်းများစွာနှင့်ယှဉ်လိုက်လျှင် သူတို့အရေအတွက်နည်းလှသောကြောင့် စိတ်ပျက်အားနည်းသွားခဲ့ကြပါသလော။ လုံးဝစိတ်မပျက်ပါ! ‘သူတို့နောက်မှစကားသံ’ ကိုဆက်နာခံရန်စိတ်ပိုင်းဖြတ်ကြကာ ယေဟောဝါ၏အလိုတော်ကို သစ္စာရှိစွာလုပ်ဆောင်နေကြသည်။ ဤစိတ်ပိုင်းဖြတ်ချက်ကို လူအများရှေ့ ပြသသည့်အနေနှင့် ၁၉၉၈/၉၉ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများအတွင်း ကိုယ်စားလှယ်များသည် သူတို့၏ရပ်တည်မှုအဓိဋ္ဌာန်ကို လှိုက်လှိုက်လှဲလှဲဖော်ပြခဲ့ကြသည်။ ထိုအဓိဋ္ဌာန်ပြုချက်ကို အောက်တွင်ဆက်ဖော်ပြထားပါသည်။

အဓိဋ္ဌာန်ပြုချက်

၁၃၊ ၁၄။ လောကအခြေအနေနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၌ အဘယ်လက်တွေ့ကျသောအမြင်ရှိကြသနည်း။

၁၃ “‘ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်’ ခရိုင်စည်းဝေးတွင်စုဝေးလာကြသော ကျွန်ုပ်တို့ ယေဟောဝါသက်သေများအနေဖြင့် ဘုရားသခင့်လမ်းစဉ်သည် အသက်တာ၏အကောင်းဆုံးသောလမ်းဖြစ်ကြောင်း နှလုံးအကြွင်းမဲ့သဘောတူကြသည်။ သို့ရာတွင် ယနေ့ လူသားထုအများစုသည် ဤအတိုင်းလက်မခံကြကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ လူ့ဘောင်အဖွဲ့အစည်းသည် အကောင်းဆုံးဘဝလမ်းစဉ်ကို တည်ဆောက်ချမှတ်နိုင်ဖို့ များပြားလှသောအယူအဆများ၊ အတွေးအခေါ်များနှင့် ဘာသာရေးသဘောတရားများကို စမ်းသပ်ကြည့်ခဲ့ကြသည်။ လူ့သမိုင်းနှင့် ယနေ့ ကမ္ဘာ့အခြေအနေကို ရိုးသားစွာကြည့်ရှုကြသော် ယေရမိ ၁၀:၂၃ တွင်မှတ်တမ်းတင်ထားသော “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ်” ဟူသည့် ဘုရားသခင့်ကြေညာချက်သည် မှန်ကန်ကြောင်း ထောက်ခံနေပါသည်။

၁၄ “ထိုစကားမှန်ကန်ကြောင်း ထောက်ခံသည့် နောက်ထပ်သာဓကများကို ကျွန်ုပ်တို့နေ့စဉ်တွေ့မြင်နေကြရပါသည်။ များသောအားဖြင့် လူ့ဘောင်အဖွဲ့အစည်းသည် ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်ကို ဥပေက္ခာပြု၏။ လူတို့သည် သူတို့၏အမြင်တွင် မှန်သည်ဟုယူဆသောအရာများကို လိုက်စားကြသည်။ ရလဒ်များ—မိသားစုဘဝပြိုကွဲကာ အအုပ်အထိန်းမရှိဘဲ ကလေးများကိုပစ်ထားခြင်း; ရုပ်ပစ္စည်းကို ပဓာနထားကာ အကြီးအကျယ်လိုက်စားခြင်းဖြင့် အချည်းနှီးဖြစ်ပြီး စိတ်ပျက်အားလျော့မှု၌ လမ်းဆုံးခြင်း; မိုက်မဲသော ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုကြောင့် မရေမတွက်နိုင်သောသူများ အသက်ဆုံးရခြင်း; လူမျိုးစုပဋိပက္ခနှင့် စစ်ပွဲများက လူ့အသက်ပေါင်းများစွာကို ခြွေယူခြင်း; ပျံ့နှံ့နေသော အကျင့်ပျက်ပြားမှုက လိင်ဆက်ဆံခြင်းဖြင့် ကူးစက်ရောဂါများ တိုးပွားစေခြင်း—သည် ဝမ်းနည်းစရာပင်။ ဤအရာတို့သည် ပျော်ရွှင်မှု၊ ငြိမ်သက်မှုနှင့် လုံခြုံမှုရှိရန်ရှာခြင်း၏ခလုတ်တံသင်းဖြစ်သည့် ရှုပ်ထွေးသောပြဿနာအမြောက်အမြားမှ အနည်းအကျဉ်းသာဖြစ်သည်။

၁၅၊ ၁၆။ ဘုရားသခင့်နှစ်သက်ရာဘဝလမ်းစဉ်နှင့်စပ်လျဉ်း၍ အဘယ်စိတ်ပိုင်းဖြတ်ချက်ကို အဓိဋ္ဌာန်ပြုချက်တွင် ဖော်ပြခဲ့ကြသနည်း။

၁၅ “လူသားထု၏ ဝမ်းနည်းဖွယ်ကြမ္မာနှင့် အာမဂေဒုန်ခေါ် ‘[အဆုံးမရှိ]တန်ခိုးရှင် ဘုရားသခင်၏စစ်ပွဲနေ့ရက်’ နီးကပ်မှုကိုထောက်ရှုသော် (ဗျာဒိတ် ၁၆:၁၄၊ ၁၅) ယေဟောဝါသက်သေများအနေဖြင့် ကျွန်ုပ်တို့သည် ဤသို့အဓိဋ္ဌာန်ပြုပါသည်–

၁၆ “ပထမ– ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ယေဟောဝါဘုရားသခင်ထံ ခြွင်းချက်မရှိဆက်ကပ်အပ်နှံထားကြပြီဖြစ်ရာ ကိုယ်တော်ပိုင်ဆိုင်ရာအဖြစ် မိမိတို့ကိုယ်ကို ရှုမြင်ကြသည်၊ ထို့ပြင် ကိုယ်တော့်သားတော် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါ၏ရွေးနုတ်ဖိုးပြင်ဆင်ပေးချက်အပေါ် မယိမ်းယိုင်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့ထိန်းသိမ်းထားကြပါမည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်သက်သေများအဖြစ် အမှုဆောင်ကြကာ ယေရှုခရစ်၏အုပ်ချုပ်ရေးဖြင့် ဖော်ပြထားသည့် ကိုယ်တော့်ပိုင်သအုပ်စိုးမှုအာဏာကို လက်အောက်ခံကြလျက် ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်အတိုင်းလျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားကြသည်။

၁၇၊ ၁၈။ အကျင့်စံနှုန်းများ၊ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းနှင့်စပ်လျဉ်း၍ အဘယ်အနေအထားကို ယေဟောဝါသက်သေများ ဆက်လက်ထိန်းသိမ်းကြမည်နည်း။

၁၇ “ဒုတိယ– ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ မြင့်မားသောကျင့်ဝတ်နှင့် ဝိညာဉ်ရေးစံနှုန်းများကို ဆက်၍လိုက်နာကြပါမည်။ လူမျိုးတို့လျှပ်ပေါ်သောစိတ်နှင့်လျှောက်လှမ်းသည့်နည်းတူ မလျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားကြသည်။ (ဧဖက် ၄:၁၇-၁၉) ယေဟောဝါ၏ရှေ့မှောက်တွင် သန့်ရှင်းနေရန်နှင့် ဤလောကအညစ်အကြေးနှင့်ကင်းစင်နေရန် ကျွန်ုပ်တို့အဓိဋ္ဌာန်ပြုပါသည်။—ယာကုပ် ၁:၂၇။

၁၈ “တတိယ– ကမ္ဘာချီ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဖြစ် ကျွန်ုပ်တို့၏ကျမ်းဆိုင်ရာရပ်တည်မှုကို စွဲကိုင်ထားကြပါမည်။ လူမျိုး၊ နိုင်ငံ၊ သို့မဟုတ် လူမျိုးစုမုန်းတီးခြင်း သို့မဟုတ် ကွဲပြားမှုတွင် ကျွန်ုပ်တို့ကျော့မိမခံဘဲ တိုင်းနိုင်ငံများအလယ်တွင် ခရစ်ယာန်ကြားနေမှုကို ထိန်းသိမ်းကြပါမည်။

၁၉၊ ၂၀။ (က) ခရစ်ယာန်မိဘများသည် အဘယ်အရာကိုလုပ်ဆောင်ကြမည်နည်း။ (ခ) စစ်မှန်သောခရစ်ယာန်အားလုံးသည် ခရစ်တော်၏တပည့်များအဖြစ် မိမိတို့ကိုယ်ကို မည်သို့ဆက်၍ခွဲခြားသိမြင်စေကြမည်နည်း။

၁၉ “စတုတ္ထ– မိဘများဖြစ်ကြသည့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကလေးများအား ဘုရားသခင့်နည်းလမ်းတော်ကို စွဲမှတ်စေကြပါမည်။ ကျမ်းစာကိုမှန်မှန်ဖတ်ရှုခြင်း၊ မိသားစုသင်အံမှုနှင့် ခရစ်ယာန်အသင်းတော်တွင်လည်းကောင်း၊ လယ်ကွင်းဓမ္မအမှုတွင်လည်းကောင်း စိုးလ်အကြွင်းမဲ့လုပ်ဆောင်ခြင်းပါဝင်သည့် ခရစ်ယာန်အသက်ရှင်နေထိုင်ပုံတွင် ကျွန်ုပ်တို့ ပုံသက်သေကောင်းတင်ပြကြပါမည်။

၂၀ “ပဉ္စမ– ကျွန်ုပ်တို့အားလုံးသည် ဖန်ဆင်းရှင်၏ထင်ရှားသော ဘုရားသခင်ရေးရာအရည်အသွေးများကိုမွေးမြူရန် ကြိုးစားကြမည်ဖြစ်ပြီး ယေရှုနည်းတူ ကိုယ်တော့်ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကိုတုပရန် ကြိုးစားအားထုတ်ကြပါမည်။ (ဧဖက် ၅:၁) ကျွန်ုပ်တို့၏အရေးကိစ္စအားလုံးကို မေတ္တာဖြင့်ပြုမူဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုကြပါသည်၊ သို့ဖြင့် မိမိတို့ကိုယ်ကို ခရစ်တော်၏တပည့်များအဖြစ် ခွဲခြားသိမြင်စေကြပါမည်။—ယောဟန် ၁၃:၃၅။

၂၁-၂၃။ ယေဟောဝါသက်သေများသည် အဘယ်အရာကိုဆက်လုပ်ဆောင်ကြမည်နည်း၊ သူတို့သည် အဘယ်အရာကိုယုံကြည်စိတ်ချကြသနည်း။

၂၁ “ဆဋ္ဌမ– ကျွန်ုပ်တို့သည် လက်မလျှော့ဘဲ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်ပြီး ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်ကို သင်ကြားပေးကာ အသင်းတော်အစည်းအဝေးများတွင် ထပ်ဆင့်လေ့ကျင့်မှုရရှိရန် သူတို့ကို အားပေးကြပါမည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅။

၂၂ “သတ္တမ– တစ်ဦးစီသော်လည်းကောင်း၊ ဘာသာရေးအဖွဲ့အစည်းလိုက်သော်လည်းကောင်း ဘုရားသခင့်အလိုတော်ကို ကျွန်ုပ်တို့၏အသက်တာတွင် ဆက်၍ရှေးဦးထားကြပါမည်။ လမ်းညွှန်အဖြစ် ကိုယ်တော့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကိုအသုံးပြုကာ လက်ဝဲလက်ယာသို့မရွေ့လျော့ဘဲ ဘုရားသခင့်လမ်းစဉ်သည် လောကနည်းလမ်းများထက်သာလွန်ကြောင်း အတည်ပြုထောက်ခံကြပါမည်။ ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်ကို—ခိုင်မာစွာနှင့် သစ္စာရှိရှိ၊ ယခုကော ထာဝရပါ—လိုက်စားရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ထားကြပါသည်!

၂၃ “ဘုရားသခင့်အလိုတော်ဆောင်သောသူသည် ထာဝရတည်ရှိမည်ဟူသော ယေဟောဝါ၏မေတ္တာပါကတိတော်ကို အပြည့်အဝယုံကြည်စိတ်ချကြသောကြောင့် ဤအဓိဋ္ဌာန်ကို ကျွန်ုပ်တို့ပြုကြသည်။ ဤသို့အဓိဋ္ဌာန်ပြုကြခြင်းသည် ကျမ်းစာမူများ၊ ဆုံးမစကားနှင့် သတိပေးနှိုးဆော်ချက်တို့နှင့်အညီ အသက်ရှင်ခြင်းသည် ယနေ့ ဘဝအသက်တာအတွက် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်းနှင့် စစ်မှန်သောအသက်ကိုစွဲကိုင်နိုင်ရန် အနာဂတ်အတွက် အုတ်မြစ်ကောင်းချပေးကြောင်းကို ယုံကြည်စိတ်ချကြသောကြောင့်ဖြစ်သည်။ (၁ တိမောသေ ၆:၁၉; ၂ တိမောသေ ၄:၇ခ၊ ၈) ထို့ထက်ကား ယေဟောဝါဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့ အစွမ်းရှိသမျှနှင့်ချစ်ကြသောကြောင့် ဤအဓိဋ္ဌာန်ကိုပြုကြခြင်းဖြစ်သည်!

၂၄၊ ၂၅။ အဆိုပြုသည့်အဓိဋ္ဌာန်ပြုချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းသူတို့၏စိတ်ပိုင်းဖြတ်ချက်ကား အဘယ်နည်း။

၂၄ “ဤခရိုင်စည်းဝေးကြီးကို တက်ရောက်ကြသူအားလုံးသည် ဤအဓိဋ္ဌာန်ပြုချက်ကို သဘောတူပါက ကျေးဇူးပြု၍ တူပါတယ် ဟုပြောကြပါ!”

၂၅ ကမ္ဘာတစ်ဝန်းရှိ ရာနှင့်ချီသောအားကစားကွင်းများ၊ ခန်းမများသည် တက်ရောက်သူအားလုံး၏ မိုးချုန်းသံပမာ “တူပါတယ်” ဟုတုံ့ပြန်သံဖြင့် ဟိန်းထွက်ခဲ့သည်! ယေဟောဝါသက်သေများသည် ယေဟောဝါ၏လမ်းစဉ်၌ ဆက်လျှောက်လှမ်းကြမည်မှာ သံသယရှိစရာမလိုချေ။ သူတို့သည် ယေဟောဝါအား အကြွင်းမဲ့ယုံကြည်ကိုးစားပြီး ကိုယ်တော်သည် မိမိကတိတော်များကိုပြည့်စုံစေမည်ဖြစ်ကြောင်း ယုံကြည်ကြ၏။ မည်သို့ပင်ဖြစ်စေ ကိုယ်တော်အားဆက်သစ္စာစောင့်သိကြသည်။ ထို့အပြင် သူတို့သည် ကိုယ်တော့်အလိုတော်ကိုဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။

“ဘုရားသခင်သည် ငါတို့ဘက်၌ရှိ”

၂၆။ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းသူတို့၏ပျော်ရွှင်ဖွယ်အခြေအနေကား အဘယ်နည်း။

၂၆ ယေဟောဝါသက်သေများသည် ဆာလံဆရာ၏ဤတိုက်တွန်းချက်ကို သတိရကြသည်– “ထာဝရဘုရားကိုမျှော်လင့်လျက် လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်။” (ဆာလံ ၃၇:၃၄) သူတို့သည် ပေါလု၏ဤအားပေးစကားကို မမေ့ကြပါ– “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း။ မိမိသားတော်ရင်းကိုမနှမြောဘဲ ငါတို့ရှိသမျှအဖို့အလိုငှာ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။” (ရောမ ၈:၃၁၊ ၃၂) မှန်ပါသည်၊ ယေဟောဝါ၏လမ်းစဉ်၌ ကျွန်ုပ်တို့လျှောက်လှမ်းနေမည်ဆိုလျှင် ကိုယ်တော်သည် “ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာပေးသနားတော်မူ” လိမ့်မည်။ (၁ တိမောသေ ၆:၁၇) ကျွန်ုပ်တို့ချစ်ရသည့် ညီအစ်ကိုညီအစ်မများနှင့်ဘေးချင်းယှဉ်လျက် ယေဟောဝါ၏လမ်းစဉ်၌ ကျွန်ုပ်တို့ယခုလျှောက်လှမ်းခြင်းထက် ကောင်းသည့်နေရာရှိပါဦးမည်လော။ ကျွန်ုပ်တို့ဘေးတွင် ယေဟောဝါရှိလျက် ထိုတွင်ဆက်နေပြီး ကိုယ်တော်သတ်မှတ်သည့်အချိန်တွင် ကိုယ်တော့်ကတိတော်များ တစ်ခုမကျန်ပြည့်စုံလာခြင်းကို မြင်ရမည်ဖြစ်ကြောင်း အကြွင်းမဲ့ယုံကြည်စိတ်ချလျက် အဆုံးတိုင်ခံရပ်ဖို့ရန် စိတ်ပိုင်းဖြတ်ထားကြစို့လေ။—တိတု ၁:၂။

[အောက်ခြေမှတ်ချက်များ]

a ဤတွင် “ကခုန်မြူးထူးခြင်း” ဟုပြန်ဆိုထားသောဂရိစကားလုံးကိုကိုးကားကာ အနက်ဖွင့်သူတစ်ဦးက ယင်းသည် အယူမှားသောပွဲတော်များတွင်တွေ့ရသည့် အကများကိုရည်ညွှန်းသည်ဟုဆိုပြီး ဤသို့ထပ်ဆင့်သည်– “ထိုအကများစွာသည် တရားလွန်စည်းမဲ့ကမ်းမဲ့ရာဂစိတ်ကိုလှုံ့ဆော်ဖို့ တိုက်ရိုက်ရည်ရွယ်ခဲ့ကြောင်း လူအများသိရှိထားကြသည်။”

သင်မှတ်မိသလော

◻ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းရန် ခရစ်ယာန်တစ်ဦးသည် အဘယ်အရာတောင်းဆိုခံရသနည်း။

◻ ကျွန်ုပ်တို့သည် ယေဟောဝါ၌ ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကိုပျိုးထောင်ရန် အဘယ်ကြောင့်လိုသနည်း။

◻ ယေဟောဝါ၏လမ်းစဉ်၌ ကျွန်ုပ်တို့လျှောက်လှမ်းနေစဉ် အဘယ်အကူအညီရရှိကြသနည်း။

◻ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးများတွင် ပြုခဲ့ကြသည့် အဓိဋ္ဌာန်မှ ပေါ်လွင်ချက်အချို့ကိုဖော်ပြပါ။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အရေးကြီးသောအဓိဋ္ဌာန်ပြုချက်တစ်ခုကို “ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်” ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများတွင် ပြုခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ