ကောင်းချီးများ သို့မဟုတ် ကျိန်ခြင်းများ—ယနေ့ ကျွန်ုပ်တို့အတွက် ပုံသက်သေများ
“ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင်ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။”—၁ ကောရိန္သု ၁၀:၁၁။
၁။ ကိရိယာတစ်ခုကို စစ်ဆေးမှု ပြုသကဲ့သို့ပင် ကျွန်ုပ်တို့သည် အဘယ်အရာကို စစ်ဆေးမှုပြုသင့်ကြသနည်း။
မမြင်ရသော သုတ်ဆေး၏အောက်တွင် သံချေးသည် သံဖြင့်ပြုလုပ်ထားသည့် ကိရိယာတစ်ခုကို စတင်၍စားသွားနိုင်၏။ ၎င်းသည် သံချေးကို မျက်နှာပြင်ပေါ်၌မမြင်ရမီ အချိန်တစ်ချိန်၌ ဖြစ်ပေမည်။ ထိုနည်းတူပင် လူတစ်ဦး၏နှလုံးထဲတွင်ရှိသော သဘောထားနှင့် ဆန္ဒများသည် ဆိုးရွားသည့်အကျိုးရလဒ်များ ဖြစ်ပေါ်မလာမီ သို့မဟုတ် အခြားသူများပင် သတိထားမိသည့်အထိဖြစ်မလာမီ ကြာမြင့်စွာအချိန်ကပင် စတင်၍ယိုယွင်းလာနိုင်သည်။ ကျွန်ုပ်တို့သည် ကိရိယာတစ်ခုကို သံချေးစားနေ၊ မနေ ပညာရှိစွာဖြင့် သေသေချာချာစစ်ဆေးမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏နှလုံးကို သေသေချာချာစစ်ဆေးပြီး အချိန်မီပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်သမာဓိကို ကာကွယ်ထိန်းသိမ်းနိုင်ပေမည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းချီးများကို ရရှိနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ကျိန်ခြင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အချို့တို့က ရှေးဣသရေလလူမျိုးတို့အပေါ် ကြေညာခဲ့သော ကောင်းချီးများနှင့် ကျိန်ခြင်းများသည် ဤအစီအစဉ်စနစ်၏ဆုံးခန်းနှင့် ရင်ဆိုင်နေရသူများအတွက် အဓိပ္ပာယ်မရှိဟု ထင်မှတ်ကြပေမည်။ (ယောရှု ၈:၃၄၊ ၃၅; မဿဲ ၁၃:၄၉၊ ၅၀; ၂၄:၃) သို့သော် ထိုသို့မဟုတ်ပါ။ ၁ ကောရိန္သု အခန်းကြီး ၁၀ တွင် ဖော်ပြထားသကဲ့သို့ ဣသရေလလူမျိုးအပါအဝင်ဖြစ်သော သတိပေးပုံသက်သေများမှ ကျွန်ုပ်တို့ အကျိုးကြီးမားစွာ ရှိနိုင်ပေသည်။
၂။ ဣသရေလလူများ၏ တောတွင်းတွေ့ ကြုံမှုများနှင့်ပတ်သက်၍ ၁ ကောရိန္သု ၁၀:၅၊ ၆ က ဘာပြောဆိုထားသနည်း။
၂ မောရှေလက်အောက်တွင်ရှိသော ဣသရေလလူမျိုးများနှင့် ခရစ်တော်လက်အောက်တွင်ရှိသော ခရစ်ယာန်များကို တမန်တော်ပေါလုက နှိုင်းယှဉ်ပြထားသည်။ (၁ ကောရိန္သု ၁၀:၁-၄) ဣသရေလလူမျိုးသည် ကတိထားရာပြည်ကို ဝင်စားနိုင်ခဲ့ကြသော်လည်း “ထိုသူတို့တွင် များစွာသောသူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကျေပျက်စီးခြင်းသို့ရောက်ကြ၏။” ထို့ကြောင့်ပေါလုက “ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏” ဟု ခရစ်ယာန်ချင်းတို့ကို ပြောပြခဲ့သည်။ (၁ ကောရိန္သု ၁၀:၅၊ ၆) စိတ်နှလုံးထဲ၌ အလိုဆန္ဒများကြီးထွားလျက်ရှိရာ ပေါလုကိုးကားထားသည့် သတိပေးပုံသက်သေများကို ကျွန်ုပ်တို့အရေးတယူဂရုစိုက်ဖို့လိုအပ်ပေသည်။
အရုပ်ကိုးကွယ်ခြင်းဆိုင်ရာ သတိပေးချက်
၃။ ဣသရေလလူများသည် ရွှေနွားရုပ်နှင့်ပတ်သက်၍ မည်သို့အပြစ်ကျူးလွန်ခဲ့ကြသနည်း။
၃ ပေါလု၏ပထမဦးဆုံးသတိပေးချက်မှာ “‘လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏’ ဟု ကျမ်းစာလာသည်အတိုင်း ထိုသူအချို့တို့သည် [အရုပ်] ကိုကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်” ဟူ၍ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၇၊ ၈) ဤသတိပေးပုံသက်သေမှာ ဣသရေလလူမျိုးများသည် အီဂျစ်လူမျိုးတို့၏လမ်းစဉ်အတိုင်းပြန်လိုက်ပြီး ရွှေနွားရုပ်ကိုလုပ်ကြခြင်းနှင့်ဆိုင်သောပုံသက်သေဖြစ်သည်။ (ထွက်မြောက်ရာ အခန်းကြီး ၃၂) “[ဘုရားသခင်၏ကိုယ်စားလှယ်တော်ဖြစ်သော မောရှေ] ၏စကားကို ငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍ စိတ်နှလုံးဖြင့် အိဂျစ်ပြည်သို့လှည့်ပြန်ပြီးလျှင် ‘ငါတို့ရှေ့ ကသွားရသော ဘုရားများကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အိဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်မသိ’ ဟု အာရုန်အားပြောဆိုကြ၏။ ထိုနေ့ရက်ကာလ၌ နွားသငယ်ကိုလုပ်၍ ထို [အရုပ်] အား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့်လုပ်သောအရာ၌ပင် ပျော်မွေ့ ကြ၏” ဟူ၍ တပည့်တော် သတေဖန်ပြောဆိုခဲ့စဉ်က အရင်းခံပြဿနာကို ညွှန်ပြခဲ့သည်။ (တမန်တော် ၇:၃၉-၄၁၊ သမ္မာ) ဇွတ်တရွတ်နိုင်သော ဣသရေလလူမျိုးများသည် အရုပ်ကိုးကွယ်ခြင်းသို့ ရောက်သွားစေသော လွဲမှားသည့်အလိုဆန္ဒများကို “စိတ်နှလုံး” ထဲ၌ သိုထားခဲ့ကြကြောင်း သတိပြုပါ။ သူတို့သည် “နွားသငယ်ကိုလုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်” ကြ၏။ ထို့အပြင် သူတို့သည် “မိမိတို့လက်နှင့်လုပ်သောအရာ၌ပင် ပျော်မွေ့ ကြ၏။” ထိုတွင် တေးသီချင်းများ သီဆိုကြ၊ ကကြခုန်ကြ၊ စားကြသောက်ကြသည်။ ရှင်းနေသည်မှာ အရုပ်ကိုးကွယ်ခြင်းသည် ဆွဲဆောင်မှုရှိပြီး ဖျော်ဖြေမှုကို ပေးခြင်းပင်ဖြစ်သည်။
၄၊ ၅။ အရုပ်ကိုးကွယ်မှုဆိုင်ရာ အဘယ်အကျင့်အကြံများကို ကျွန်ုပ်တို့ ရှောင်ရှားရန်လိုအပ်သနည်း။
၄ အီဂျစ်နိုင်ငံက ရှေးပြေးပုံဆောင်သော စာတန့်လောကသည် ဖျော်ဖြေမှုကို ဝတ်ပြုကိုးကွယ်လုမတတ်ပင်။ (၁ ယောဟန် ၅:၁၉; ဗျာဒိတ် ၁၁:၈) ၎င်းသည် သရုပ်ဆောင်များ၊ အဆိုတော်များ၊ ကျော်ကြားသောအားကစားသမားများအပြင် သူတို့၏အက၊ သူတို့၏အဆို၊ ပျော်သလိုသာနေဟူသော သူတို့၏အယူအဆများကို ကိုးကွယ်ကြသည်။ များစွာသောသူတို့သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သည်ဟု ဆိုလျက်နှင့် မိမိကိုယ်ကို ဖျော်ဖြေမှု၌ စုံးစုံးနှစ်မြုပ်နေစေရန် သွေးဆောင်ခံရကြသည်။ ခရစ်ယာန်တစ်ဦးသည် အပြစ်ပြုမှုအတွက် ဆုံးမခံရမည်ဖြစ်သော်လည်း သူ၏ဝိညာဉ်ရေးအားနည်းနေသည့်အခြေအနေက အရုပ်ကိုးကွယ်မှုအနားသို့ရောက်သွားစေမည့် အရက်အလွန်အကျွံသောက်သုံးခြင်း၊ ကခုန်ခြင်းနှင့် တစ်နည်းနည်းဖြင့် ပျော်စရာအချိန်များကို ရှာဖွေခြင်းသို့ ပြန်ရောက်သွားစေနိုင်လေ့ရှိသည်။ (ထွက်မြောက်ရာ ၃၂:၅၊ ၆၊ ၁၇၊ ၁၈) အချို့သောဖျော်ဖြေမှုတို့သည် ကောင်းကျိုးပေးပြီး ပျော်ရွှင်ဖွယ်ဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင်ရှိသော အချို့လောကတေးဂီတ၊ အက၊ ရုပ်ရှင်များနှင့် ဗီဒီယိုများသည် မကောင်းသော ဇာတိအလိုဆန္ဒများကို ဖြည့်ဆည်းပေးသည်။
၅ စစ်မှန်သောခရစ်ယာန်များသည် အရုပ်ကိုးကွယ်ခြင်းကို လက်လျော့အရှုံးမပေးချေ။ (၂ ကောရိန္သု ၆:၁၆; ၁ ယောဟန် ၅:၂၁) လောကလမ်းစဉ်အတိုင်း ပျော်ရွှင်ဖွယ်အချိန်များကို ရှာဖွေခြင်းတွင် စုံးစုံးနှစ်မြုပ်နေခြင်းအားဖြင့် အန္တရာယ်ရှိသည့် ဖျော်ဖြေမှုကိုကိုးကွယ်ခြင်း၌စွဲမသွားရန် ကျွန်ုပ်တို့ယောက်စီယောက်တိုင်းသတိထားကြစို့။ လောကသြဇာကို ကျွန်ုပ်တို့လက်အောက်ခံကြမည်ဆိုပါက ထိခိုက်နစ်နာမှုဖြစ်စေနိုင်သည့် အလိုဆန္ဒနှင့် သဘောထားများသည် စိတ်နှလုံးထဲသို့ မသိမသာ ဝင်ရောက်လာနိုင်သည်။ မပြုပြင်ပါက နောက်ဆုံးတွင် စာတန့်စနစ်၏ “တော၌သေကျေပျက်စီးခြင်း” အကျိုးသာရရှိစေနိုင်သည်။
၆။ ဖျော်ဖြေမှုနှင့်ပတ်သက်၍ အဘယ်အပြုသဘောထားပါသော လုပ်ဆောင်မှုကို ကျွန်ုပ်တို့လုပ်ဆောင်ရန် လိုအပ်သနည်း။
၆ အမှန်သော် ရွှေနွားရုပ်ကိစ္စဖြစ်ပျက်သောအချိန်၌ရှိခဲ့သည့် မောရှေနည်းတူ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် “ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့လာစေ!” ဟု ပြောဆိုနေလေသည်။ စစ်မှန်သောဝတ်ပြုမှုအတွက် ခိုင်မြဲစွာရပ်တည်ကြောင်း တိကျပြတ်သားစွာ လုပ်ဆောင်ခြင်းဖြင့်တင်ပြပါက အသက်ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ မောရှေ၏အနွယ်ဖြစ်သော လေဝိအနွယ်သည် ယုတ်ညံ့သောသြဇာလွှမ်းမိုးမှုများကို ချက်ချင်းရှင်းပစ်ခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ; ထွက်မြောက်ရာ ၃၂:၂၆-၂၈) ထို့ကြောင့် ဖျော်ဖြေမှု၊ တေးဂီတ၊ ဗီဒီယိုများနှင့် ထိုကဲ့သို့သောအရာများအတွက် သင်၏ရွေးချယ်မှုကို အသေအချာဆင်ခြင်သုံးသပ်ပါလေ။ ၎င်းသည် တစ်နည်းနည်းဖြင့် ယိုယွင်းမှုရှိပါက ယေဟောဝါဘက်မှ ရပ်တည်ပါ။ ဆုတောင်း၍ ဘုရားသခင်အားမှီခိုခြင်းဖြင့် ဖျော်ဖြေရေး၊ တေးဂီတနှင့်ပတ်သက်သော သင်၏ရွေးချယ်မှုကို ပြောင်းလဲမှုများပြုလုပ်ကာ ရွှေနွားရုပ်ကို မောရှေဖျက်ဆီးခဲ့သကဲ့သို့ပင် ဝိညာဉ်ရေးအရ အန္တရာယ်ရှိသောပစ္စည်းများကို ဖျက်ဆီးပစ်ပါ။—ထွက်မြောက်ရာ ၃၂:၂၀; တရားဟောရာ ၉:၂၁။
၇။ ပုံဆောင်နှလုံးကို ကျွန်ုပ်တို့ မည်သို့ကာကွယ်နိုင်မည်နည်း။
၇ နှလုံး လှိုက်စားမှုကို ကျွန်ုပ်တို့မည်သို့တိုက်လှန်နိုင်မည်နည်း။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ဇွဲနပဲရှိရှိဖြင့်လေ့လာပြီး ၎င်း၏အမှန်တရားများကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲသို့ စိမ့်ဝင်စေခြင်းအားဖြင့်ဖြစ်သည်။ (ရောမ ၁၂:၁၊ ၂) ခရစ်ယာန်စည်းဝေးများကို ကျွန်ုပ်တို့မှန်မှန်တက်ရောက်ရမည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) တုံ့ ပြန်မှုကင်းမဲ့သော စည်းဝေးတက်ရောက်ခြင်းသည် သံချေးတက်နေသောနေရာအပေါ် ဆေးသုတ်လိုက်ခြင်းနှင့်သာ တူသွားနိုင်သည်။ ၎င်းသည် ကျွန်ုပ်တို့ကို ခဏသာတောက်ပစေသော်လည်း အရင်းခံပြဿနာကို မဖြေရှင်းပေးချေ။ သို့အစား ကြိုတင်ပြင်ဆင်ခြင်း၊ တွေးတောဆင်ခြင်ခြင်းပြုကာ အစည်းအဝေးများ၌ တက်တက်ကြွကြွပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးထဲ၌ တဝဲလည်လည်ဖြစ်နေနိုင်သော လှိုက်စားစေတတ်သည့်အရာများကို ထိထိရောက်ရောက်ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။ ၎င်းက ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့အား ကူညီပေးလိမ့်မည်ဖြစ်ပြီး ယုံကြည်ခြင်းစမ်းသပ်မှုများကို ခံရပ်နိုင်ရန် ကျွန်ုပ်တို့အား ခွန်အားရှိစေကာ “စေ့စပ်စုံလင်” မှု ရှိလာစေပေမည်။—ယာကုပ် ၁:၃၊ ၄; သု. ၁၅:၂၈။
မတရားမေထုန်ဆိုင်ရာ သတိပေးချက်
၈-၁၀။ (က) ၁ ကောရိန္သု ၁၀:၈ ၌ အဘယ်သတိပေးပုံသက်သေကို ကိုးကားထားသနည်း။ (ခ) မဿဲ ၅:၂၇၊ ၂၈ တွင် တွေ့ရသော ယေရှု၏စကားများကို အကျိုးရှိရှိ မည်သို့လိုက်လျှောက်နိုင်မည်နည်း။
၈ ပေါလုပေးသော နောက်ထပ်ပုံသက်သေတွင် “ထိုသူအချို့တို့သည် မတရားသောမေထုန်အမှုကိုပြု၍ တစ်နေ့ချင်းတွင် လူနှစ်သောင်းသုံးထောင်လဲ၍သေသကဲ့သို့မပြုဘဲ၊ မတရားသောမေထုန်ကို ရှောင်ကြကုန်အံ့” ဟု ကျွန်ုပ်တို့ကို ဩဝါဒပေးထားသည်။a (၁ ကောရိန္သု ၁၀:၈) ဣသရေလလူတို့သည် မှောက်မှားသောဘုရားများကို ဦးချဝတ်ပြု၍ “မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ” သောအချိန်ကို တမန်တော်က ရည်ညွှန်းနေခြင်းဖြစ်သည်။ (တောလည်ရာ ၂၅:၁-၉) လိင်ဆိုင်ရာ စာရိတ္တဖောက်ပြားမှုသည် သေစေနိုင်၏! စာရိတ္တဖောက်ပြားသော အတွေးအခေါ်နှင့် အလိုဆန္ဒများကို အဆက်မပြတ်ဝင်ရောက်ခွင့် ပြုထားခြင်းသည် နှလုံးကို “သံချေးတက်စေ” ခွင့်ပြုလိုက်သည်နှင့်တူပေသည်။ ယေရှုက “‘သူ့မယားကို မပြစ်မှားရ’ ဟူသောရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟု ဖော်ပြသည်။—မဿဲ ၅:၂၇၊ ၂၈။
၉ ‘ကိလေသာစိတ်နှင့် အမျိုးသမီးတစ်ဦးကို ကြည့်ရှုခြင်း’ ၏ အကျိုးဆက်များကို သက်သေသာဓကပြရသော် နောဧခေတ် ရေလွှမ်းမိုးခြင်းမတိုင်မီက နာခံမှုမရှိသောကောင်းကင်တမန်များ၏ ယုတ်ညံ့သောတွေးခေါ်မှု၏အကျိုးပင်ဖြစ်သည်။ (ကမ္ဘာဦး ၆:၁၊ ၂) ဒါဝိဒ်မင်း၏ဘဝအသက်တာ၌ ဒုက္ခအရောက်စေဆုံးသော အဖြစ်အပျက်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို မသင့်လျော်စွာ ဆက်၍ကြည့်ရှုနေခြင်းမှ ဖြစ်ပေါ်လာကြောင်း အမှတ်ရပါ။ (၂ ဓမ္မရာဇဝင် ၁၁:၁-၄) ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်လျက် သစ္စာရှိအိမ်ထောင်သည်အမျိုးသား ယောဘသည် ‘အပျိုကို ကြည့်ရှုတပ်မက်ခြင်းမရှိရန် မျက်စိနှင့် ပဋိညာဉ်ဖွဲ့ဆိုခဲ့’ သောကြောင့် စာရိတ္တယိုယွင်းမှုကို ရှောင်ရှားခဲ့ပြီး သစ္စာရှိသောပုဂ္ဂိုလ်ဖြစ်ကြောင်း သက်သေထူခဲ့သည်။ (ယောဘ ၃၁:၁-၃၊ ၆-၁၁) မျက်စိသည် နှလုံး၏ ပြတင်းပေါက်အဖြစ် ခိုင်းနှိုင်းနိုင်ပေသည်။ ထို့ ပြင် ယိုယွင်းသောနှလုံးအတွင်းမှ ဆိုးညစ်သောအရာများ ထွက်လာခြင်းဖြစ်သည်။—မာကု ၇:၂၀-၂၃။
၁၀ ယေရှု၏စကားကို ကျွန်ုပ်တို့လိုက်လျှောက်ကြမည်ဆိုလျှင် ခရစ်ယာန်ချင်းတစ်ဦး၊ အလုပ်ဖော်တစ်ဦး သို့မဟုတ် အခြားသူတစ်ဦးဦးနှင့်ပတ်သက်၍ အကျင့်သိက္ခာဖောက်ပြန်သည့် အတွေးအခေါ်များကို နှလုံးပိုက်ထားခြင်း သို့မဟုတ် အပြာရုပ်ရှင်များကိုကြည့်ခြင်းဖြင့် မှားယွင်းသောအတွေးအခေါ်များကို ဇက်ပုံပေးမည်မဟုတ်ချေ။ သံချေးစားနေသည့်နေရာကို တိုက်ချွတ်လိုက်ရုံဖြင့် သတ္တုပေါ်မှ သံချေးကို မဖယ်ရှားပစ်နိုင်ပါ။ ထို့ကြောင့် အကျင့်စာရိတ္တဖောက်ပြားသော အတွေးနှင့် စိတ်ဓာတ်များကို အရေးမကြီးသယောင် ပေါ့ပေါ့တန်တန်သာ ဖယ်ရှားပစ်လိုက်ခြင်းမပြုပါနှင့်။ အကျင့်စာရိတ္တပျက်ပြားမှုအပေါ် တိမ်းညွတ်ခြင်းမှ သင့်ကိုသင် ထိထိရောက်ရောက်ဖယ်ရှားပစ်ပါ။ (မဿဲ ၅:၂၉၊ ၃၀ နှိုင်းယှဉ်။) ပေါလုက “မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ . . . လောဘလွန်ကျူးခြင်းတည်းဟူသော မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် ငြင်းဆန်သောသူတို့အပေါ်၌ သင့်ရောက်ပေ၏” ဟု ယုံကြည်သူချင်းတို့ကို တိုက်တွန်းခဲ့သည်။ မှန်ပါသည်၊ လိင်ဆိုင်ရာစာရိတ္တယိုယွင်းခြင်းကဲ့သို့သော အရာများအတွက် ကျိန်ခြင်းအဖြစ် “ဘုရားသခင်၏အမျက်တော်သည် . . . သင့်ရောက်” လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအရာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအစိတ်အပိုင်းဝင်များကို “သေစေ” ကြရမည်။—ကောလောသဲ ၃:၅၊ ၆။
ပုန်ကန်ပြစ်တင်မှုများဆိုင်ရာ သတိပေးချက်
၁၁၊ ၁၂။ (က) ၁ ကောရိန္သု ၁၀:၉ တွင် အဘယ်သတိပေးချက်ကို ပေးထားပြီး အဘယ်အဖြစ်အပျက်ကို ကိုးကားထားသနည်း။ (ခ) ပေါလု၏သတိပေးချက်က ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
၁၁ ထပ်ဆင့်၍ ပေါလုက “ထိုသူအချို့သည် စုံစမ်းခြင်းကိုပြု၍ မြွေဖြင့်ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ထာဝရဘုရားကို အစုံအစမ်းမပြုဘဲနေကြကုန်အံ့” ဟု သတိပေးခဲ့သည်။ (၁ ကောရိန္သု ၁၀:၉၊ သမ္မာ) ဧဒုံပြည် နယ်နိမိတ်အနီးတွင်ရှိသောတောထဲ၌ ခရီးနှင်နေစဉ် ဣသရေလလူတို့က “‘သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှာ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာ [အံ့ဖွယ်နည်းဖြင့် ပြင်ပေးထားသော မန္နမုန့်] ကိုလည်း ငါတို့သည် အလွန်ရွံရှာ၏’ ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။” (တောလည်ရာ ၂၁:၄၊ ၅) စဉ်းစားကြည့်ပါ! ထိုဣသရေလလူတို့သည် “ဘုရားသခင် . . . ကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ” ပြီး ကိုယ်တော့်ပြင်ဆင်ပေးမှုများကို ပေါ့ပျက်သည်ဟု ခေါ်ဆိုကြသည်တကား!
၁၂ ဣသရေလလူတို့သည် အပြစ်တင်မြည်တမ်းကြခြင်းအားဖြင့် ယေဟောဝါ၏စိတ်ရှည်မှုကို စမ်းသပ်ခဲ့ကြသည်။ သူတို့အကြားသို့ အဆိပ်ပြင်းသောမြွေများကို ယေဟောဝါစေလွှတ်၍ အပြစ်ပေးခဲ့ရာ များစွာသောသူတို့သည် မြွေကိုက်၍ သေဆုံးသွားခဲ့ကြသည်။ ထိုလူမျိုး နောင်တရ၍ မောရှေက သူတို့အကျိုးအတွက် ကြားဝင်ဖျန်ဖြေပေးပြီးနောက်မှသာ ဘေးဒုက္ခကြီး ချုပ်ငြိမ်းသွားခဲ့လေသည်။ (တောလည်ရာ ၂၁:၆-၉) အထူးသဖြင့် ဘုရားသခင်နှင့် ကိုယ်တော့်သီအိုကရက်တစ်အစီအစဉ်ကို ပုန်ကန်၊ အပြစ်တင်လိုသည့်စိတ်မရှိရန် ဤအဖြစ်အပျက်က ကျွန်ုပ်တို့အတွက် သတိပေးချက်ဖြစ်သင့်သည်မှာ ရှင်းလှပါသည်။
မြည်တမ်းမှုဆိုင်ရာ သတိပေးချက်
၁၃။ ၁ ကောရိန္သု ၁၀:၁၀ ၌ အဘယ်အမှုကို သတိပေးထားသနည်း။ ပေါလု၏စိတ်ထဲ၌ အဘယ်ပုန်ကန်မှုကို သတိရနေမည်နည်း။
၁၃ တောတွင်း၌ရောက်နေသော ဣသရေလလူမျိုးများပါဝင်ပတ်သက်သည့် နောက်ဆုံးပုံသက်သေကို ကိုးကားရာတွင် ပေါလုက “ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍ ဖျက်ဆီးသောသူ၏လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကို မပြုကြနှင့်” ဟု ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၀:၁၀) ကောရ၊ ဒါသန်၊ အဘိရံနှင့် သူတို့၏အပေါင်းအပါများသည် သီအိုကရက်တစ်မဆန်စွာပြုမူ၍ မောရှေနှင့် အာရုန်တို့၏အခွင့်အာဏာကို စိန်ခေါ်ခဲ့သောအခါက ပုန်ကန်မှုဖြစ်ပွားခဲ့သည်။ (တောလည်ရာ ၁၆:၁-၃) ပုန်ကန်သူများကို ဖျက်ဆီးပြီးနောက် ဣသရေလလူမျိုးများသည် စတင်မြည်တမ်းလာကြသည်။ အကြောင်းမှာ ပုန်ကန်သူများကို ဖျက်ဆီးခြင်းသည် တရားမျှတမှုမရှိဟု သူတို့ စတင်ဆင်ခြင်လာကြသောကြောင့်ဖြစ်သည်။ “နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က ‘သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီ’ ဟုဆိုလျက် မောရှေနှင့် အာရုန်တို့ကို အပြစ်တင်၍မြည်တမ်းကြ၏” ဟု တောလည်ရာ ၁၆:၄၁ က ဖော်ပြသည်။ ထိုအချိန်က တရားစီရင်ပုံကို ပြစ်တင်ဝေဖန်ကြသည့်အကျိုးအတွက် ဣသရေလလူမျိုး ၁၄,၇၀၀ တို့သည် ဘုရားသခင်ကျရောက်စေသော ကပ်ဘေးအားဖြင့် သေဆုံးခဲ့ကြသည်။—တောလည်ရာ ၁၆:၄၉။
၁၄၊ ၁၅။ (က) ခရစ်ယာန်အသင်းတော်အတွင်းသို့ မသိမသာဝင်ရောက်လာကြသော “အဓမ္မလူတို့” ၏အပြစ်များအနက် တစ်ခုကား အဘယ်နည်း။ (ခ) ကောရပါဝင်ပတ်သက်သော အဖြစ်အပျက်မှ အဘယ်အရာကို သင်ယူနိုင်သနည်း။
၁၄ စီ.အီး. ပထမရာစုတွင် ခရစ်ယာန်အသင်းတော်အတွင်းသို့ မသိမသာဝင်ရောက်လာကြသော “အဓမ္မလူတို့” သည် မှောက်မှားသော သွန်သင်သူများအပြင် မြည်တမ်းသူများလည်း ဖြစ်ကြကြောင်း တင်ပြခဲ့ကြသည်။ ထိုသူတို့သည် “အာဏာစက်ကိုပယ်လျက်” ထိုအချိန်က အသင်းတော်၏ ဝိညာဉ်ရေးရာကိုကြီးကြပ်ရန် ခန့်အပ်ထားသော ဘိသိက်ခံများဖြစ်ကြသည့် “ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။” ဘုရားတရားမဲ့သော အယူဖောက်ပြန်သူများနှင့်ပတ်သက်၍လည်း တပည့်တော်ယုဒက “ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်းကျင့်တတ်သောသူ . . . ဖြစ်ကြ၏” ဟု ပြောဆိုခဲ့သည်။ (ယုဒ ၃၊ ၄၊ ၈၊ ၁၆) ယနေ့ အချို့သောသူတို့သည် သူတို့၏နှလုံးထဲ၌ ဝိညာဉ်ရေးအရ လှိုက်စားတတ်သောသဘောထားကို ခွင့်ပြုကြသောကြောင့် မြည်တမ်းသူများဖြစ်လာကြသည်။ အသင်းတော်တွင် ကြီးကြပ်ရသောရာထူးရှိသူတို့၏မစုံလင်မှုများအပေါ် အာရုံစိုက်ကြပြီး သူတို့ကို ပြစ်တင်မြည်တမ်းကြလေ့ရှိသည်။ သူတို့၏မြည်တမ်းမှုနှင့် အပြစ်တင်မှုသည် ‘သစ္စာရှိကျေးကျွန်’ ၏ စာပေစာတမ်းများကိုပင် အပြစ်ရှာသည့်အထိပင် ဖြစ်လာနိုင်သည်။
၁၅ ကျမ်းစာနှင့်ပတ်သက်သော အကြောင်းအရာများကို စိတ်ရိုးမှန်နှင့် မေးခွန်းထုတ်ခြင်းသည် သင့်လျော်ပါ၏။ သို့သော် ရင်းနှီးသောမိတ်ဆွေအသိုင်းအဝိုင်းအကြားတွင် ပြစ်တင်ဝေဖန်ပြောဆိုမှုများပြုခြင်းဖြင့် မကောင်းသည့်သဘောထားကို ကြီးထွားစေမည်ဆိုလျှင်ကော အသို့နည်း။ ‘ဒါဟာ ဘယ်မှာ နိဂုံးချုပ်မှာလဲ။ မြည်တမ်းတာကို ရပ်တန်းက ရပ်ပြီး ဉာဏ်ပညာအတွက် နှိမ့်ချစွာ ဆုတောင်းတာ ပိုမကောင်းဘူလား’ ဟု မိမိကိုယ်ကိုမိမိမေးမြန်းခြင်းသည် ကောင်းပေလိမ့်မည်။ (ယာကုပ် ၁:၅-၈; ယုဒ ၁၇-၂၁) မောရှေနှင့် အာရုန်တို့၏အခွင့်အာဏာကို ပုန်ကန်ခဲ့သော ကောရနှင့် သူ့ကို ထောက်ခံသူများသည် သူတို့၏စိတ်ရင်းကို ဆင်ခြင်သုံးသပ်ခဲ့ခြင်းမရှိဘဲ သူတို့၏ယူဆချက်သည် ကျိုးကြောင်းဆီလျော်သည်ဟု ယုံကြည်စိတ်ချလွန်းခဲ့ကြသည်။ သို့သော်လည်း သူတို့သည် လုံးလုံးမှားယွင်းနေခဲ့သည်။ ကောရနှင့် အခြားပုန်ကန်သူတို့ကို သုတ်သင်ပစ်ခြင်းနှင့်ပတ်သက်၍ မြည်တမ်းခဲ့ကြသော ဣသရေလလူများသည်လည်း မှားယွင်းနေသည်။ ကျွန်ုပ်တို့၏စိတ်ရင်းကို ဆင်ခြင်သုံးသပ်ပြီး မြည်တမ်းခြင်း သို့မဟုတ် အပြစ်တင်ခြင်းကို ဖယ်ရှားကာ ကျွန်ုပ်တို့ကို ပြုပြင်ပေးရန် ယေဟောဝါအား ခွင့်ပြုခြင်းတို့ကိုပြုဖို့ ထိုပုံသက်သေများက ကျွန်ုပ်တို့ကို လှုံ့ဆော်မှုဖြစ်စေခြင်းသည် မည်မျှပညာရှိရာကျလှပါသည်တကား!—ဆာလံ ၁၇:၁-၃။
သင်ခန်းစာယူကာ ကောင်းချီးများ၌ မွေ့လျော်ပါ
၁၆။ ၁ ကောရိန္သု ၁၀:၁၁၊ ၁၂ ပါ အားပေးတိုက်တွန်းမှု၏အကြောင်းရင်းကား အဘယ်နည်း။
၁၆ “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။ ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာသတိပြုစေ” ဟု အားပေးတိုက်တွန်းကာ ဘုရားသခင်၏မှုတ်သွင်းမှုအောက်၌ သတိပေးသတင်းစကားများကို ပေါလုနိဂုံးချုပ်လိုက်၏။ (၁ ကောရိန္သု ၁၀:၁၁၊ ၁၂) ခရစ်ယာန်အသင်းတော်တွင် ကျွန်ုပ်တို့၏အနေအထားကို ပေါ့ပေါ့တန်တန်သဘောမထားကြစို့နှင့်။
၁၇။ ကျွန်ုပ်တို့၏နှလုံးထဲ၌ မကောင်းသောစိတ်ထားတစ်ရပ်ရှိနေသည်ကို သတိပြုမိပါက ကျွန်ုပ်တို့ ဘာလုပ်သင့်သနည်း။
၁၇ သံသည် သံချေးတက်တတ်သည်နည်းတူ အပြစ်သားအာဒံ၏ သားစဉ်မြေးဆက်များဖြစ်ကြသော ကျွန်ုပ်တို့သည် မကောင်းမှုပြုလိုသော စိတ်ဓာတ်ကို အမွေခံထားရကြသည်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂) ထို့ကြောင့် ကျွန်ုပ်တို့၏နှလုံးထဲ၌ မကောင်းသောစိတ်ထားတစ်ရပ်ရှိသည်ကို သတိပြုမိသော် စိတ်ဓာတ်မကျသင့်ပေ။ သို့အစား ကျွန်ုပ်တို့ ပြတ်ပြတ်သားသားလုပ်ဆောင်ကြပါစို့။ သံကို စွတ်စိုသောလေထု သို့မဟုတ် စားတတ်လောင်တတ်သောနေရာတွင် ထားပါက လျင်မြန်စွာလှိုက်စားသွားပေမည်။ ကျွန်ုပ်တို့သည် ယုတ်ညံ့သော ဖျော်ဖြေမှုများ၊ နှံ့ပြားလျက်ရှိသည့် စာရိတ္တဖောက်ပြားမှုများ၊ မကောင်းသည့် စိတ်သဘောများနှင့်ပြည့်နေသည့် စာတန့်လောက၏ ‘လေ’ တွင် ကိုယ်ကိုအကာအကွယ်မဲ့ထားခြင်းကို ရှောင်ကြဉ်သင့်သည်။—ဧဖက် ၂:၁၊ ၂။
၁၈။ လူသားတို့၏အမှားပြုလိုသောစိတ်ဓာတ်များနှင့်ပတ်သက်၍ ယေဟောဝါ ဘာပြုလုပ်ပေးထားသနည်း။
၁၈ ကျွန်ုပ်တို့ အမွေခံထားရသော အမှားပြုလိုသည့်စိတ်ဓာတ်ကို တိုက်လှန်နိုင်သည့် နည်းတစ်နည်းကို လူသားများအတွက် ယေဟောဝါပြင်ဆင်ထားပေး၏။ သားတော်အပေါ်၌ ယုံကြည်မှုတင်ပြသူများ ထာဝရအသက်ရစေရန်အလို့ငှာ ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ပေးသနားတော်မူခဲ့သည်။ (ယောဟန် ၃:၁၆) ယေရှု၏ခြေတော်ရာကို အနီးကပ်လိုက်လျှောက်ပြီး ခရစ်တော်ကဲ့သို့သော အရည်အသွေးကိုတင်ပြကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် အခြားသူများအတွက် ကောင်းချီးတစ်ရပ်ဖြစ်ပါလိမ့်မည်။ (၁ ပေတရု ၂:၂၁) ကျိန်ခြင်းကို မဟုတ်ဘဲ ဘုရားပေးကောင်းချီးများကိုလည်း ကျွန်ုပ်တို့ရရှိမည်ဖြစ်သည်။
၁၉။ ကျမ်းစာဆိုင်ရာပုံသက်သေများကို ဆင်ခြင်သုံးသပ်ခြင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။
၁၉ ယနေ့ကျွန်ုပ်တို့သည် ရှေးဣသရေလလူမျိုးကဲ့သို့ အမှားပြုရန်လွယ်ကူသော်လည်း ကျွန်ုပ်တို့ကို လမ်းညွှန်မှုပေးရန် ဘုရားသခင်၏နှုတ်ကပါဌ်တော် အပြည့်အစုံရှိ၏။ လူသားများနှင့် ယေဟောဝါပြုမူဆက်ဆံပုံများအပြင် ‘ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်သော’ ယေရှု၌ ထင်ဟပ်သော ကိုယ်တော်၏အရည်အသွေးများကို ၎င်းမှတ်တမ်းများမှ လေ့လာနိုင်သည်။ (ဟေဗြဲ ၁:၁-၃; ယောဟန် ၁၄:၉၊ ၁၀) ဆုတောင်းခြင်းနှင့် ကျမ်းစာကို ဇွဲနပဲရှိရှိလေ့လာခြင်းမှတစ်ဆင့် “ခရစ်တော်၏စိတ်” ကို ကျွန်ုပ်တို့ရရှိနိုင်သည်။ (၁ ကောရိန္သု ၂:၁၆) ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော စုံစမ်းခြင်းများနှင့် အခြားစမ်းသပ်မှုများကို ရင်ဆိုင်ရချိန်တွင် ကျမ်းစာဆိုင်ရာရှေးပုံနမူနာများနှင့် အထူးသဖြင့် ယေရှုခရစ်၏ သာလွန်ထူးကဲသော ပုံနမူနာကို ဆင်ခြင်သုံးသပ်ခြင်းမှ အကျိုးရယူနိုင်သည်။ ထိုသို့ ကျွန်ုပ်တို့ပြုလုပ်ပါက ဘုရားသခင်၏ကျိန်ခြင်းနှင့်ဆိုင်သော အဆုံးသတ်လုပ်ဆောင်မှုကို ကျွန်ုပ်တို့ကြုံတွေ့ရမည်မဟုတ်ချေ။ သို့အစား ယေဟောဝါ၏မျက်နှာသာတော်ကို ယနေ့အချိန်နှင့် ကိုယ်တော်၏ကောင်းချီးများကို ထာဝစဉ် မွေ့လျော်ခံစားသွားရမည်ဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
သင်မည်သို့ဖြေဆိုမည်နည်း
◻ အရုပ်ကိုးကွယ်သူများ ဖြစ်မလာကြရန် ပေါလု၏သြဝါဒကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်မည်နည်း။
◻ မတရားမေထုန်အမှုနှင့်ပတ်သက်၍ တမန်တော်၏သတိပေးထားချက်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့ ဘာလုပ်ဆောင်နိုင်သနည်း။
◻ မြည်တမ်းခြင်းနှင့် အပြစ်တင်ခြင်းကို အဘယ်ကြောင့် ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သနည်း။
◻ ကျိန်ခြင်းကိုမဟုတ်ဘဲ ဘုရားပေးကောင်းချီးများကို ကျွန်ုပ်တို့ မည်သို့ရရှိနိုင်မည်နည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဘုရားပေးကောင်းချီးများကို ကျွန်ုပ်တို့ရရှိလိုပါက အရုပ်ကိုးကွယ်မှုကို ရှောင်ကြဉ်ရမည်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သံချေးများကို ဖယ်ရှားပစ်ရန်လိုအပ်သကဲ့သို့ပင် ကျွန်ုပ်တို့၏နှလုံးထဲမှ မသင့်လျော်သောအလိုဆန္ဒများကို ဖယ်ရှားပစ်ရန် ပြတ်ပြတ်သားသား လုပ်ဆောင်ကြစို့