လင်းယုန်ကဲ့သို့သော အတောင်များဖြင့် ပျံတက်ခြင်း
နဇီချွေးတပ်စခန်းများ၌ စိတ်ပျက်အားလျော့ခြင်း၊ နာကြည်းကြေကွဲခြင်း၊ လက်စားချေလိုခြင်းတို့ဖြင့် ငါးနှစ်တာ ခံရပ်ပြီးနောက်တွင် လူတစ်ဦး မည်သို့ခံစားရမည်နည်း။
ထိုကဲ့သို့သောလူတစ်ဦးက “ကျွန်တော့်အသက်တာမှာ ကျွန်တော်မျှော်လင့်နိုင်တာထက်တောင် ပိုပြီးကြွယ်ဝနေပါသေးတယ်” ဟူ၍ ရေးသားခဲ့ခြင်းကို တွေ့ မြင်ရခြင်းသည် ဆန်းနေ၏။ အဘယ်ကြောင့် သူဤသို့ယူမှတ်ခံစားခဲ့ရသနည်း။ “အမြင့်ဆုံးသောအရှင်ရဲ့အတောင်တော်အောက်မှာ ကျွန်တော်ခိုလှုံခဲ့တယ်။ ပြီးတော့ ‘ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား အားအသစ်ရရှိကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ အတောင်များကို ပေါက်စေကြလိမ့်မည်။ . . . ခရီးသွားသောအခါ မမောရကြ’ လို့ ဆိုထားတဲ့ ဟေရှာယရဲ့ပရောဖက်ပြုချက်စကားတွေပြည့်စုံတာကို ကျွန်တော်ကြုံတွေ့ခံစားခဲ့ရတယ်” ဟူ၍ သူရှင်းပြသည်။—ဟေရှာယ ၄၀:၃၁၊ သမ္မာ။
ခန္ဓာကိုယ်တွင် စိတ်ကူး၍ရနိုင်သမျှ ကြောက်မက်ဖွယ်အကောင်းဆုံးသော ပြုမူဆက်ဆံမှုဖြင့် ထိုးနှက်ခံခဲ့ရသည့် ဤခရစ်ယာန်အမျိုးသား၌ နာဇီ၏ရက်စက်ကြမ်းကြုတ်မှုက အနိုင်ယူ၍မရနိုင်သော၊ ပုံဆောင်သဘောအားဖြင့် အထက်သို့ပျံတက်စေသော စိတ်ဓာတ်တစ်ရပ်ရှိပေသည်။ ဒါဝိဒ်နည်းတူ၊ သူသည် ဘုရားသခင်၏ “အတောင်တော်” ရိပ်အောက်၌ ခိုလှုံခဲ့လေသည်။ (ဆာလံ ၅၇:၁) ပရောဖက်ဟေရှာယ အသုံးပြုခဲ့သော ဥပမာကိုအခြေခံ၍ ဤခရစ်ယာန်သည် သူ၏ဝိညာဏခွန်အားကို ကောင်းကင်ထက်သို့ မြင့်သည်ထက်မြင့်အောင် ပျံတက်သွားသော လင်းယုန်၏ခွန်အားနှင့် ခိုင်းနှိုင်းခဲ့သည်။
ပြဿနာများကြောင့် သင်ညွတ်ကျသွားသည်ဟု ခံစားရဖူးသလော။ အသင်လည်း အမြင့်ဆုံးသောဘုရားသခင်၏အတောင်တော်အောက်တွင် ခိုလှုံပြီး ‘လင်းယုန်ကဲ့သို့ အတောင်များဖြင့် ပျံတက်’ လိုမည်မှာ မလွဲပေ။ ၎င်းကို မည်သို့ရရှိနိုင်ကြောင်းသိရှိနားလည်ဖို့ရန်အလို့ငှာ ကျမ်းစာထဲ၌ ပုံဆောင်သဘောအရ မကြာခဏအသုံးပြုထားသော လင်းယုန်၏အကြောင်းအချို့ကို သိရှိထားခြင်းက အကူအညီဖြစ်စေပါလိမ့်မည်။
လင်းယုန်အောင်လံအောက်ဝယ်
လင်းယုန်၏စွမ်းရည်နှင့် ခန့်ညားထည်ဝါသောပျံသန်းမှုတို့ကြောင့် ရှေးလူမျိုးတို့သည် ကျေးငှက်အားလုံးတို့အထဲတွင် ၎င်းကို အားကျနှစ်သက်မှုအရှိဆုံးဖြစ်ဖွယ်ရှိသည်။ ဗာဗုလုန်၊ ပါးရှားနှင့် ရောမတို့၏စစ်တပ်များအပါအဝင် ရှေးအချိန်က စစ်တပ်မြောက်မြားစွာတို့သည် လင်းယုန်အောင်လံအောက်၌ စစ်ချီခဲ့ကြသည်။ မဟာကုရု၏စစ်တပ်သည် ယင်းတို့အနက်မှ တစ်တပ်ဖြစ်ပေသည်။ ဤပါးရှားဘုရင်သည် ဗာဗုလုန်အင်ပါယာကို ချေဖျက်ပစ်မည့် အရှေ့အရပ်မှလာသော ငှက်ရဲတစ်ကောင်နှင့်တူလိမ့်မည်ဟု သမ္မာကျမ်းစာက ပရောဖက်ပြုခဲ့သည်။ (ဟေရှာယ ၄၅:၁; ၄၆:၁၁) ဤပရောဖက်ပြုချက်ကို ရေးသားခဲ့ပြီးနောက် နှစ်ပေါင်းနှစ်ရာအကြာတွင် စစ်အောင်လံ၌ လင်းယုန်များပါသော ကုရု၏စစ်တပ်သည် လင်းယုန်တစ်ကောင်က သူ၏သားကောင်ကို ထိုးသုတ်သွားသကဲ့သို့ ဗာဗုလုန်မြို့ကို ထိုးနှက်တိုက်ခိုက်ခဲ့သည်။
မကြာသေးမီအချိန်က ရှားလမိန်းနှင့် နပိုလီယန်ကဲ့သို့သော စစ်သူကြီးများ၊ အမေရိကန်နှင့် ဂျာမနီကဲ့သို့သော နိုင်ငံများသည်လည်း ၎င်းတို့၏အမှတ်သင်္ကေတအဖြစ် လင်းယုန်ကို ရွေးချယ်ခဲ့ကြသည်။ ဣသရေလနိုင်ငံသားများသည် လင်းယုန်ရုပ် သို့မဟုတ် အခြားမည်သည့်သတ္တဝါ၏အရုပ်ကိုမျှ ကိုးကွယ်ခြင်းမပြုရန် မိန့်မှာထားခြင်းခံရ၏။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) သို့သော် ကျမ်းရေးသူများသည် မိမိတို့၏သတင်းစကားများကို ရှင်းလင်းပြရန်အတွက် လင်းယုန်၏ဓလေ့စရိုက်များကို ကိုးကားဖော်ပြကြသည်။ ထို့ကြောင့် ကျမ်းစာတွင် ဖော်ပြအခံရဆုံးသော ငှက်ဖြစ်သည့် လင်းယုန်ကို ဉာဏ်ပညာ၊ ဘုရားသခင်၏ကာကွယ်စောင့်မမှုနှင့် လျင်မြန်သွက်လက်မှုကဲ့သို့သောအရာများကို အမှတ်သင်္ကေတပြုရန် အသုံးပြုခြင်းဖြစ်သည်။
လင်းယုန်၏မျက်လုံး
လင်းယုန်၏ ထက်မြက်သောအမြင်စွမ်းအားသည် ပြောစမှတ်ဖြစ်လေ့ရှိသည်။ ရွှေလင်းယုန်မျိုးသည် ဆယ်ပေါင်ထက်ပိုမလေးသော်လည်း ၎င်း၏မျက်လုံးသည် လူ့မျက်လုံးထက်ကြီးပြီး မြင်နိုင်စွမ်းအား ပို၍ထက်မြက်သည်။ လင်းယုန်၏ မိမိအစာရှာဖွေနိုင်စွမ်းကို ယောဘအား ယေဟောဝါကိုယ်တော်တိုင် ဖော်ပြခဲ့ပြီး “မျက်စိသည် အဝေးကပင် မြင်တတ်၏” ဟု မိန့်တော်မူခဲ့၏။ (ယောဘ ၃၉:၂၇၊ ၂၉၊ သမ္မာ) “တစ်ခါက လင်းယုန်တစ်ကောင်သည် သုံးမိုင်အကွာအဝေးတွင်ရှိသော ရေကန်တစ်ကန်ထဲ၌ ငါးသေတစ်ကောင် ပေါလောပေါ်နေသည်ကို တွေ့ရှိလိုက်ရာ ထိုနေရာသို့အတိအကျပင် ထောင့်ဖြတ်ဒိုင်ဗင်ထိုးချလိုက်သည်။ လင်းယုန်သည် အလွန်ဝေးကွာသောနေရာတွင်ရှိသည့် အရာဝတ္ထုကို လူတစ်ဦးထက်ပင်တွေ့ မြင်နိုင်စွမ်းရှိသည်သာမကဘဲ သုံးမိုင်ဒိုင်ဗင်ထိုးလိုက်သည့်တစ်လျှောက်လုံး ထိုငါးကို အဆက်မပြတ်အာရုံစူးစိုက်ကြည့်နေခဲ့သည်” ဟု အဲလစ် ပါမဲလေက All the Birds of the Bible ဟူသည့် သူမ၏စာအုပ်ထဲတွင် ဖော်ပြခဲ့သည်။
လင်းယုန်၏ထက်မြက်သောအမြင်စွမ်းအားကြောင့် ၎င်းသည် ယေဟောဝါ၏အဓိကအရည်အချင်းများမှ တစ်ခုဖြစ်သော ဉာဏ်ပညာအတွက် ဆီလျော်သည့်အမှတ်သင်္ကေတတစ်ခုဖြစ်ပေသည်။ (ယေဇကျေလ ၁:၁၀; ဗျာဒိတ် ၄:၇ နှိုင်းယှဉ်။) အဘယ်ကြောင့်နည်း။ ဉာဏ်ပညာ၌ ကျွန်ုပ်တို့ပြုလေသမျှသောလုပ်ဆောင်မှု၏ အကျိုးရလဒ်ကို ကြိုမြင်ခြင်းပါဝင်သည်။ (သု. ၂၂:၃) အလှမ်းကွာဝေးသောနေရာကို မြင်စွမ်းနိုင်သည့် လင်းယုန်သည် မုန်တိုင်းဖြစ်နိုင်ချေကို ကြိုသိပြီး ကျောက်ပေါ်တွင် အိမ်ကိုဆောက်လုပ်ခဲ့သော ယေရှု၏ပုံဥပမာပါ ပညာရှိကဲ့သို့ပင် အန္တရာယ်ကို အဝေးမှတွေ့ မြင်နိုင်ကာ ကြိုတင်ကာကွယ်မှုကို ပြုလုပ်နိုင်ပေသည်။ (မဿဲ ၇:၂၄၊ ၂၅) စိတ်ဝင်စားစရာမှာ စပိန်ဘာသာစကား၌ တစ်စုံတစ်ဦးကို လင်းယုန်အဖြစ် ဖော်ပြခြင်းသည် သူ့ ၌ ထိုးထွင်းသိမြင်နိုင်သည့်ဉာဏ် သို့မဟုတ် ပိုင်းခြားတတ်သည့်ဉာဏ်ရှိသည်ဟု အဓိပ္ပာယ်ရခြင်းဖြစ်လေသည်။
လင်းယုန်တစ်ကောင်ကို အနီးကပ်ကြည့်ရှုခွင့်ရရှိခဲ့ပါက ၎င်း၏မျက်လုံးအသုံးပြုပုံကို သတိထားကြည့်ပါ။ ၎င်းသည် သင့်ကို အမှုမဲ့အမှတ်မဲ့ကြည့်ရုံကြည့်လိုက်သည်မဟုတ်; ယင်းအစား သင်၏ပုံပန်းသဏ္ဌာန်အသေးစိတ်ကို စိစိစစ်စစ်ကြည့်ရှုနေဟန်ရှိပေမည်။ ထို့နည်းတူ ပညာရှိသောသူသည် သူ၏ပင်ကိုအသိ သို့မဟုတ် သူ၏ခံစားချက်ကို ယုံကြည်ကိုးစားမည့်အစား ဆုံးဖြတ်ချက်တစ်ခုကိုမချမီ ကိစ္စရပ်ကို ဂရုတစိုက် ပိုင်းခြားစိစစ်ပေမည်။ (သု. ၂၈:၂၆) လင်းယုန်၏ထက်မြက်သောအမြင်စွမ်းအားသည် ဘုရားသခင်၏ဉာဏ်ပညာအရည်အသွေး၏ ဆီလျော်သောအမှတ်သင်္ကေတတစ်ခုဖြစ်သည်နှင့်အမျှ ၎င်း၏တင့်တယ်ခမ်းနားသောပျံသန်းမှုကိုလည်း ကျမ်းရေးသူများက ပုံဆောင်သဘောအဖြစ် အသုံးပြုကြသည်။
‘လေ၌ လင်းယုန်သွားရာလမ်း’
‘လေ၌ လင်းယုန်သွားရာလမ်း’ သည် ၎င်း၏အမြန်နှုန်းနှင့် အလွန်သက်သောင့်သက်သာရှိစွာ ပျံသန်းပုံတို့သည် စိတ်စွဲမှတ်စရာဖြစ်ကာ ပျံသန်းသည့်လမ်းကြောင်း သတ်သတ်မှတ်မှတ်မရှိ၊ ခြေရာကျန်ရစ်ခဲ့ခြင်းလည်းမရှိပေ။ (သု. ၃၀:၁၉) “ငါတို့ကိုလိုက်၍ရှာသောသူတို့သည် မိုးကောင်းကင်ရွှေလင်းတ [“လင်းယုန်၊” ကဘ] ထက် သာ၍လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာ လိုက်ရှာကြ၏” ဟု ဗာဗုလုန်စစ်သားများအကြောင်း သရုပ်ဖော်ထားသော ယေရမိမြည်တမ်းစကား ၄:၁၉ တွင် လင်းယုန်၏လျင်မြန်သွက်လက်မှုကို ဖော်ပြထားသည်။ လင်းယုန်တစ်ကောင်သည် အပေါ်၌ ဝဲပျံနေစဉ် ၎င်း၏သားကောင်ကို ရှာတွေ့သွားသောအခါ တောင်ပံများကို ထောင့်မှန်ချိုးချိုး၍ တည့်တည့်မတ်မတ်ဒိုင်ဗင်ထိုးချလိုက်သည်။ အချို့သောသတင်းများအရ ထိုအချိန်အတွင်း၌ တစ်နာရီ မိုင် ၈၀ နှုန်းအထိ အရှိန်ရနိုင်သည်ဟူ၏။ ကျမ်းစာက လင်းယုန်ကို အထူးသဖြင့် စစ်တပ်နှင့်စပ်လျဉ်း၍ လျင်မြန်မှု၏ကြောင်းတူသံကွဲ စကားလုံးတစ်ခုအဖြစ် အသုံးပြုခြင်းမှာ အံ့ဩစရာမဟုတ်ပါ။—၂ ဓမ္မရာဇဝင် ၁:၂၃; ယေရမိ ၄:၁၃; ၄၉:၂၂။
အခြားတစ်ဖက်တွင်မူ ဟေရှာယက လင်းယုန်၏သက်သောင့်သက်သာရှိသော ပျံသန်းမှုကို ကိုးကားသည်။ “ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား အားအသစ်ရရှိကြလိမ့်မည်။ ရွှေလင်းတ [“လင်းယုန်၊” ကဘ] ကဲ့သို့ အတောင်များကို ပေါက်စေကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” (ဟေရှာယ ၄၀:၃၁၊ သမ္မာ) လင်းယုန်၏ ပေါ့ပါးသွက်လက်စွာပျံသန်းနိုင်ခြင်း၏ လျှို့ဝှက်ချက်ကား အဘယ်နည်း။ လင်းယုန်သည် အထက်သို့တက်နေသော လေနွေးစီးကြောင်းကို အသုံးပြုသောကြောင့် အပေါ်သို့ပျံတက်ရာတွင် အားထုတ်မှုအနည်းငယ်သာ လိုအပ်ခြင်းဖြစ်ပေသည်။ လေနွေးစီးကြောင်းကို မမြင်နိုင်သော်လည်း လင်းယုန်သည် ယင်းတို့ကို ရှာဖွေရာတွင် အလွန်ကျွမ်းကျင်၏။ လေနွေးစီးကြောင်းကို ရသည်နှင့်တစ်ပြိုင်နက် လင်းယုန်သည် ၎င်း၏အတောင်များနှင့် အမြီးကို ဖြန့်ကားကာ ၎င်းကို မြင့်သည်ထက်မြင့်အောင်သယ်ဆောင်သွားသော လေနွေးစီးကြောင်းအတွင်း၌ ဝဲပျံနေလိုက်သည်။ ကျေနပ်လောက်သောအမြင့်သို့ ရောက်သောအခါ အထက်သို့တက်နေသော နောက်လေနွေးစီးကြောင်းတစ်ခုဆီသို့ ညင်သာစွာလေဟုန်စီးဆင်းသွားပြီး အစီအစဉ်အတိုင်း ပြုပြန်သည်။ ဤနည်းအားဖြင့် လင်းယုန်သည် ခွန်အားအနည်းငယ်သာ အသုံးပြု၍ ကောင်းကင်၌ နာရီပေါင်းမြောက်မြားစွာနေနိုင်ခြင်းဖြစ်သည်။
ဣသရေလနိုင်ငံတွင်၊ အထူးသဖြင့် ပင်လယ်နီကမ်းခြေတွင်ရှိသော ဧဇယုန်ဂါဗာအရပ်မှ မြောက်ဘက်ဒေသတွင်ရှိသည့် ဒန်အရပ်အထိ တစ်ဆက်တည်းဖြစ်သော ရစ်ဖ်တောင်ကြားဒေသတွင် လင်းယုန်များကို တွေ့နေကျ မြင်နေကျဖြစ်သည်။ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည့် နွေဦးရာသီနှင့် ဆောင်းဦးရာသီအချိန်များအတောအတွင်း အထူးသဖြင့်များပြားပေသည်။ အချို့သောနှစ်များတွင် အကောင်ရေ ၁၀၀,၀၀၀ နီးပါးခန့်ရှိသည်။ နံနက်နေခြည်က လေကို နွေးထွေးစေသောအခါ ရာနှင့်ချီသောငှက်ရဲများ ရစ်ဖ်တောင်ကြားဒေသကို နယ်နိမိတ်ကန့်သတ်ပေးထားသော ကျောက်ဆောင်ကမ်းပါးများအပေါ်တွင် ပျံသန်းနေကြသည်ကို တွေ့ မြင်နိုင်သည်။
လင်းယုန်၏ သက်သောင့်သက်သာရှိစွာ ပျံသန်းပုံသည် ကျွန်ုပ်တို့၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ရန် ယေဟောဝါ၏ခွန်အားက ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် စိတ်ဓာတ်ရေးကို မည်သို့ မြှင့်တင်ပေးနိုင်ကြောင်းနှင့်ပတ်သက်သည့် တင့်တယ်လှသောပုံခိုင်းချက်တစ်ရပ်ဖြစ်ပေသည်။ လင်းယုန်သည် ထိုမျှမြင့်သောအမြင့်သို့ မိမိ၏ကိုယ်ပိုင်ခွန်အားဖြင့် ပျံတက်နိုင်မည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့၏ကိုယ်ပိုင်အရည်အသွေးအပေါ် အားကိုးမည်ဆိုလျှင် ကျွန်ုပ်တို့ရင်ဆိုင်ဖြေရှင်းနိုင်မည်မဟုတ်ပါ။ “ငါကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော အရှင်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏” ဟု တမန်တော်ပေါလုက ရှင်းလင်းပြ၏။ (ဖိလိပ္ပိ ၄:၁၃၊ သမ္မာ) လင်းယုန်သည် မမြင်ရသော အထက်သို့တက်နေသည့် လေနွေးစီးကြောင်းကို အမြဲရှာဖွေနေသကဲ့သို့ ကျွန်ုပ်တို့သည် ပြင်းပြထက်သန်သော ဆုတောင်းချက်များအားဖြင့် ယေဟောဝါ၏မမြင်ရသော တက်ကြွလှုပ်ရှားသည့်စွမ်းအားကို “ဆက်သာတောင်းနေ” ကြပေသည်။—လုကာ ၁၁:၉၊ ၁၃၊ ကဘ။
ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းကြသော လင်းယုန်များသည် အခြားငှက်ရဲတို့ကိုကြည့်၍ အထက်သို့တက်သော လေနွေးစီးကြောင်းကို ရှာဖွေကြလေ့ရှိသည်။ သဘာဝပညာရှင် ဒီ. အာ. မက်ကဲန်တပ်ရှ်က တစ်ကြိမ်၌ အကောင်ရေ ၂၅၀ ရှိသော လင်းယုန်နှင့် လင်းတငှက်များသည် အထက်သို့တက်နေသော လေနွေးစီးကြောင်းတစ်ခုတည်း၌ ဝဲပျံတက်သွားကြသည်ကို တွေ့ရသည်ဟု ဖော်ပြသည်။ ထို့နည်းတူ ယနေ့ခေတ်ရှိ ခရစ်ယာန်များသည်လည်း ဘုရားရေးရာ၌မွေ့လျော်သော အခြားကျေးကျွန်များ၏ သစ္စာရှိပုံသက်သေကို အတုယူခြင်းအားဖြင့် ယေဟောဝါ၏ခွန်အားပေါ်တွင် မှီခိုအားထားကြရန် သင်ယူနိုင်လေသည်။—၁ ကောရိန္သု ၁၁:၁ နှိုင်းယှဉ်။
လင်းယုန်၏တောင်ပံရိပ်အောက်ဝယ်
လင်းယုန်တစ်ကောင်၏အသက်တာ၌ အန္တရာယ်အရှိဆုံးသောအချိန်သည် အပျံသင်ခါစအချိန်ဖြစ်သည်။ ဤကြိုးပမ်းမှု၌ သေဆုံးခဲ့သောလင်းယုန်များမှာလည်း မနည်းပေ။ အတွေ့အကြုံနုနယ်သေးသော ဣသရေလလူမျိုးအတွက်လည်း အီဂျစ်ပြည်မှထွက်ခွာလာခဲ့ချိန်၌ အန္တရာယ်ရှိနေသည်။ ထို့ကြောင့် “ငါသည် အိဂျစ်လူတို့အပေါ်၌အဘယ်သို့ပြုခဲ့ကြောင်း၊ သင်တို့ကို ရွှေလင်းတ [“လင်းယုန်၊” ကဘ] အတောင်ဖြင့်ချီပင့်၍ ငါရှိရာသို့ဆောင်ယူခဲ့ကြောင်းကို သင်တို့ သိမြင်ရကြပြီ” ဟူ၍ ဣသရေလလူမျိုးများကို ပြောကြားခဲ့သည့် ယေဟောဝါ၏စကားတော်သည် အလွန်လျောက်ပတ်လှပေသည်။ (ထွက်မြောက်ရာ ၁၉:၄၊ သမ္မာ) ငှက်ငယ်လေးသည် သူ၏ဗွေဆော်ဦးပျံသန်းရန် ကြိုးစားမှု၌ ထိခိုက်မှုမရှိစေခြင်းငှာ လင်းယုန်ငှက်များသည် ငှက်ငယ်လေးကို ခဏတာကျောပေါ်၌တင်၍ သယ်သွားသည့်မှတ်တမ်းများရှိပေသည်။ “ထိုအချိန်က [ကျမ်းစာဆိုင်ရာ] တင်စားသုံးနှုန်းချက်သည် စိတ်ကူးယဉ်ပျံသန်းမှုမျှသာမဟုတ်ဘဲ ဖြစ်ရပ်မှန်ပေါ် အခြေခံထားခြင်းဖြစ်သည်” ဟု ဂျီ. အာ. ဒရိုက်ဗာက ထိုမှတ်တမ်းများနှင့်ပတ်သက်၍ Palestine Exploration Quarterly ၌ သုံးသပ်ဝေဖန်ထားသည်။
လင်းယုန်များသည် အခြားနည်းများဖြင့်လည်း စံထားအပ်သောမိဘများဖြစ်လေသည်။ ၎င်းတို့သည် ငှက်ပေါက်စများကို အစာများ ပုံမှန်ကျွေးမွေးသည်သာမကဘဲ အသိုက်သို့ လင်းယုန်ငှက်ထီးယူဆောင်လာသော အသားကို လင်းယုန်ငှက်ကလေးများ မျိုချနိုင်ရန် မိခင်ငှက်မများက နုပ်နုပ်စဉ်းပေးသည်။ သူတို့၏အသိုက်များကို ကျောက်ဆောင်ကမ်းပါးများ သို့မဟုတ် မြင့်မားသောသစ်ပင်များပေါ်တွင် ဆောက်လုပ်လေ့ရှိသောကြောင့် ငှက်ငယ်လေးများသည် သဘာဝအင်အားစုနှင့် ထိတွေ့နေရလေသည်။ (ယောဘ ၃၉:၂၇၊ ၂၈) ကျမ်းစာနယ်မြေ၌ ဖြစ်လေ့ရှိသော ပူလောင်သည့်နေမင်းသည် မိဘများ၏ဂရုစိုက်မှုကြောင့်သာမဟုတ်လျှင် ငှက်ငယ်လေးများကို သေဆုံးစေနိုင်၏။ လင်းယုန်ငှက်ကြီးများသည် ၎င်းတို့၏နုနယ်သေးသောငှက်ပေါက်စကလေးများကို အပူကာပေးရန်အတွက် တစ်ခါတစ်ရံ တစ်ကြိမ်တည်း၌နာရီပေါင်းများစွာကြာအောင် တောင်ပံများကို ဖြန့်ကာပေးထားတတ်သည်။
ထို့ကြောင့် လင်းယုန်၏တောင်ပံများကို ဘုရားသခင့်ကာကွယ်စောင့်မမှု၏အမှတ်သင်္ကေတအဖြစ် ကျမ်းစာထဲ၌ သုံးထားခြင်းသည် အလွန်ဆီလျော်လှပေသည်။ “ထာဝရဘုရား၏အဖို့ကား လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာဖြစ်သတည်း။ လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍ လွတ်လပ်သောတောလွင်ပြင်၌ ယာကုပ်ကိုတွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။ ရွှေလင်းတ [“လင်းယုန်၊” ကဘ] သည်အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာလှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ယာကုပ်ကို ဆောင်သွားတော်မူ၏” ဟူ၍ တောတွင်းခရီးရှည်နှင်ချိန်အတွင်း၌ ဣသရေလလူမျိုးများကို ယေဟောဝါ မည်သို့ကာကွယ်စောင့်မတော်မူခဲ့ကြောင်း တရားဟောရာ ၃၂:၉-၁၂ က ဖော်ပြသည်။ ယေဟောဝါအပေါ်၌ ကျွန်ုပ်တို့ယုံကြည်ကိုးစားမည်ဆိုလျှင် ကျွန်ုပ်တို့အား ထပ်တူမေတ္တာပါသောကာကွယ်စောင့်မမှုကို ပေးပါလိမ့်မည်။
လွတ်မြောက်ရာလမ်း
တစ်ခါတစ်ရံ ပြဿနာများနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသောအခါ အခက်အခဲအားလုံးတို့မှ အဝေးသို့ထွက်ပြေးသွားလိုကြပေမည်။ ထိုအတိုင်းပင် ဒါဝိဒ်ခံစားခဲ့ရ၏။ (ဆာလံ ၅၅:၆၊ ၇ နှိုင်းယှဉ်။) ဤစနစ်ကြီး၌ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဒုက္ခဝေဒနာများကို ကျွန်ုပ်တို့ရင်ဆိုင်ရသောအခါ ကူညီထောက်မမည်ဟု ယေဟောဝါကတိပေးထားသော်လည်း ကွင်းလုံးကျွတ်လွတ်မြောက်မှုကို ကိုယ်တော်မပေးပါ။ “လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဟူသည့် ကျမ်းစာအာမခံချက် ကျွန်ုပ်တို့ရထားကြသည်။—၁ ကောရိန္သု ၁၀:၁၃။
“ထွက်မြောက်သောလမ်း” သို့မဟုတ် “လွတ်မြောက်ရာလမ်း” (ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း) တွင် ယေဟောဝါကို ယုံကြည်ကိုးစားတတ်ရန် သင်ယူခြင်းပါဝင်သည်။ ၎င်းမှာ ဤဆောင်းပါး၏အစပိုင်းတွင် ကိုးကားထားသော မှတ်ချက်များကိုပေးခဲ့သူ၊ မက်စ် လစ်ဘ်စတား ရှာဖွေတွေ့ရှိခဲ့သည့်အရာပင်ဖြစ်သည်။ ချွေးတပ်စခန်းအတွင်း၌ နေခဲ့ရသည့်နှစ်များအတောအတွင်း ယေဟောဝါကို သူသိရှိလာပြီး မှီခိုအားထားတတ်လာသည်။ မက်စ် ရှာဖွေတွေ့ရှိခဲ့သကဲ့သို့ပင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ကိုယ်တော်၏နှုတ်ကပါဌ်တော်၊ ကိုယ်တော်၏ဝိညာဉ်တော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းတော်မှတစ်ဆင့် ခွန်အားပေးတော်မူသည်။ စခန်းများအတွင်း၌ပင် သက်သေခံများသည် ယုံကြည်သူချင်းတို့ကို ရှာဖွေကြပြီး ဝိညာဏကူညီမှုများကိုပေးကာ ကျမ်းစာဆိုင်ရာယူဆချက်များနှင့် ရရှိသမျှသော ကျမ်းစာပေများကို မျှဝေပေးကမ်းကြသည်။ သစ္စာရှိသော အသက်ရှင်ကျန်ရစ်သူများ အကြိမ်ကြိမ်သက်သေတင်ပြခဲ့ကြသည့်အတိုင်း ယေဟောဝါသည် သူတို့ကို တည်ကြည်ခိုင်ခံ့စေခဲ့သည်။ “အကူအညီအတွက် ယေဟောဝါထံမှ ကျွန်တော်အမြဲတောင်းလျှောက်နေခဲ့တယ်။ ကိုယ်တော်ရဲ့ဝိညာဉ်တော်က ကျွန်တော့်ကို ကူညီထောက်မခဲ့တယ်” ဟူ၍ မက်စ်က ရှင်းပြလေသည်။
ညှဉ်းပန်းနှိပ်စက်မှုနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသည့်အခါတိုင်း ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အဆက်မပြတ်တောင်းလျှောက်လျှင် ဝိညာဉ်တော်ကို ထို့နည်းတူအားထားနိုင်ပါသည်။ (မဿဲ ၇:၇-၁၁) ကျွန်ုပ်တို့၏ပြဿနာများကြောင့် နွံနစ်နေမည့်အစား ဤ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ၏ လှုံ့ဆော်အားပေးမှုအားဖြင့် ကျွန်ုပ်တို့ပျံတက်ကြမည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း ဆက်လက်လျှောက်လှမ်းနေပြီး မောပန်းကြလိမ့်မည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် လင်းယုန်ကဲ့သို့သော အတောင်များဖြင့် ပျံတက်ကြမည်ဖြစ်သတည်း။—၂ ကောရိန္သု ၄:၇; ဟေရှာယ ၄၀:၃၁။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
၎င်းသည် သင့်ကို အမှုမဲ့အမှတ်မဲ့ ကြည့်ရုံကြည့်လိုက်သည်မဟုတ်
[Picture Credit Line on page 9]
Foto: Cortesía de GREFA
[Picture Credit Line on page 10]
Foto: Cortesía de Zoo de Madrid