ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁၅ စာ. ၁၄-၁၉
  • မေတ္တာသည် မလျောက်ပတ်သော မနာလိုခြင်းကို အနိုင်ယူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာသည် မလျောက်ပတ်သော မနာလိုခြင်းကို အနိုင်ယူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်များအချင်းချင်းမနာလိုမှု
  • အသင်းတော်တွင်
  • သင့်မိသားစုတွင်
  • မနာလိုမှုကိုနိုင်နင်းခြင်းပုံနမူနာများ
  • အထင်ရှားဆုံးပုံနမူနာများ
  • သင်၏မနာလိုခြင်းကိုနိုင်နင်းလေ
  • မနာလိုခြင်းနှင့်ပတ်သက်၍ သင်သိအပ်သောအရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါ၏စင်ကြယ်သော ဝတ်ပြုရေးအတွက် မနာလိုဖြစ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယောသပ်ဟာ မနာလိုမှုရဲ့သားကောင် ဖြစ်ခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁၅ စာ. ၁၄-၁၉

မေတ္တာသည် မလျောက်ပတ်သော မနာလိုခြင်းကို အနိုင်ယူ

“မေတ္တာသည် မနာလိုခြင်းမရှိ။”—၁ ကောရိန္သု ၁၃:၄၊ ကဘ။

၁၊ ၂။ (က) ယေရှုသည် မိမိ၏တပည့်တော်များကို မေတ္တာနှင့်ပတ်သက်၍ ဘာပြောခဲ့သနည်း။ (ခ) မေတ္တာလည်းရှိရမည်၊ မနာလိုလည်းဖြစ်ရမည်ဟူသည် ဖြစ်နိုင်သလော။ အဘယ်ကြောင့်ထိုသို့ဖြေသနည်း။

မေတ္တာသည် ခရစ်ယာန်စစ်များ၏ ထင်ရှားသောအမှတ်လက္ခဏာတစ်ခုဖြစ်သည်။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုယေရှုမိန့်တော်မူသည်။ (ယောဟန် ၁၃:၃၅) မေတ္တာသည် ခရစ်ယာန်ဆက်ဆံရေးကို မည်သို့အကျိုးသက်ရောက်သင့်ကြောင်း ရှင်းပြရန် တမန်တော်ပေါလုမှုတ်သွင်းခံရသည်။ အခြားအရာများနှင့်အတူ “မေတ္တာသည် မနာလိုခြင်းမရှိ” ဟုလည်း သူရေးခဲ့သည်။—၁ ကောရိန္သု ၁၃:၄၊ ကဘ။

၂ ထိုစကားများကို ပေါလုရေးသားစဉ်က မလျောက်ပတ်သောမနာလိုမှုကို သူရည်ညွှန်းနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက ထိုအသင်းတော်ကို ဤသို့ပြောစရာအကြောင်းမရှိချေ– “ငါသည် ဘုရားရေးရာမနာလိုမှုဖြင့် သင်တို့အတွက် မနာလိုဖြစ်သည်။” (၂ ကောရိန္သု ၁၁:၂၊ ကဘ) အသင်းတော်တွင်းရှိ ဖောက်ပြန်ယိုယွင်းသောသြဇာရှိသူများကြောင့် သူ၏ “ဘုရားရေးရာမနာလိုမှု” နှိုးဆွခြင်းခံရသည်။ ယင်းက မေတ္တာသြဝါဒများစွာပါသော မှုတ်သွင်းခံဒုတိယစာကို ကောရိန္သုခရစ်ယာန်များထံ ရေးသားရန် ပေါလုကိုလှုံ့ဆော်ခဲ့သည်။—၂ ကောရိန္သု ၁၁:၃-၅။

ခရစ်ယာန်များအချင်းချင်းမနာလိုမှု

၃။ ကောရိန္သုခရစ်ယာန်များတွင် မနာလိုခြင်းပါဝင်သောပြဿနာ မည်သို့ပေါ်ပေါက်လာသနည်း။

၃ ကောရိန္သုအသင်းသားများထံရေးသော သူ၏ပထမစာတွင် ဤခရစ်ယာန်လူသစ်များအချင်းချင်း သင့်တင့်ခြင်းကိုဟန့်တားသော ပြဿနာတစ်ခုကို ကိုင်တွယ်ခဲ့ရသည်။ သူတို့သည် လူအချို့ကိုချီးမြှောက်ကာ “မာနစိတ်ထောင်လွှားသည်နှင့် တစ်ယောက်ကိုမှီဝဲ၍ တစ်ယောက်ကို ငြင်းဆန်” ကြသည်။ ယင်းက အသင်းတော်တွင် ကွဲပြားမှုကိုဖြစ်စေပြီး တစ်ယောက်စီက “ငါသည် ပေါလုတပည့်ဖြစ်၏၊” “ငါသည် အာပေါလုတပည့်ဖြစ်၏၊” “ငါသည် ကေဖတပည့်ဖြစ်၏၊” စသည်ဖြင့် ပြောဆိုလာကြသည်။ (၁ ကောရိန္သု ၁:၁၂; ၄:၆) သန့်ရှင်းသောဝိညာဉ်တော်၏ညွှန်ကြားမှုအားဖြင့် တမန်တော်ပေါလုသည် ပြဿနာ၏ဇာစ်မြစ်ကိုဖော်ထုတ်နိုင်ခဲ့သည်။ ကောရိန္သုအသင်းသားများသည် “ဝိညာဏလူ” ကဲ့သို့မဟုတ်ဘဲ ဇာတိစိတ်သဘောရှိသူများကဲ့သို့ ကျင့်ကြံကြသည်။ ထို့ကြောင့် ပေါလုဤသို့ရေးသည်– “ယခုပင်လည်း ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။”—၁ ကောရိန္သု ၃:၁-၃။

၄။ မိမိ၏ညီအစ်ကိုများသည် တစ်ဦးကိုတစ်ဦးအမြင်မှန်ရှိလာရန် အကူအညီပေးဖို့ မည်သည့်ဥပမာကို ပေါလုအသုံးပြုသနည်း။ ယင်းမှ မည်သည့်သင်ခန်းစာကို ကျွန်ုပ်တို့ရရှိသနည်း။

၄ အသင်းတော်ရှိ လူအမျိုးမျိုးတို့တွင် ပင်ကိုအစွမ်းအစနှင့် ကျွမ်းကျင်မှုကိုယ်စီရှိခြင်းနှင့်ပတ်သက်၍ မှန်ကန်သည့်သဘောထားကို ကောရိန္သုအသင်းသားများ ကောင်းစွာနားလည်ရန် ပေါလုကူညီပေးသည်။ သူဤသို့မေးသည်– “အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတစ်ပါးလက်မှမခံမယူဘဲ အလိုအလျောက်ရသောအရာတစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှခံယူသည်မှန်လျှင် မခံယူသကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။” (၁ ကောရိန္သု ၄:၇) အသင်းတော်အဝင်ဖြစ်သူများသည် လူ့ကိုယ်ခန္ဓာတွင်ရှိသည့် လက်၊ မျက်စိနှင့် နားတို့ကဲ့သို့သော ခြားနားသည့်ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့်တူကြောင်း ၁ ကောရိန္သုအခန်းကြီး ၁၂ တွင် ပေါလုရှင်းပြထားသည်။ ဘုရားသခင်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အချင်းချင်းဂရုစိုက်သည့်ပုံစံဖြင့် ပြုလုပ်ထားကြောင်း သူထောက်ပြခဲ့သည်။ ဤသို့လည်း ပေါလုရေးသေးသည်– “အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကိုခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။” (၁ ကောရိန္သု ၁၂:၂၆) ယနေ့ ဘုရားသခင့်ကျေးကျွန်အားလုံးတို့သည် အချင်းချင်းဆက်ဆံရေးတွင် ဤမူကိုကျင့်သုံးသင့်သည်။ ဘုရားသခင့်အမှုတော်ဆောင်ခြင်းတွင် သူတစ်ပါးရရှိသည့်တာဝန် သို့မဟုတ် အောင်မြင်မှုများကြောင့် ထိုသူကို မနာလိုဖြစ်မည့်အစား သူနှင့်အတူဝမ်းမြောက်သင့်သည်။

၅။ ယာကုပ် ၄:၅ တွင် မည်သည့်အရာထင်ရှားသနည်း။ ဤနှုတ်ကပါဌ်တော်၏မှန်ကန်မှုကို ကျမ်းစာကမည်သို့ပေါ်လွင်စေသနည်း။

၅ အပြောထက်အလုပ်သာ၍ခက်သည်ကိုတော့ မငြင်းနိုင်ပါ။ အပြစ်ရှိသောလူသားအားလုံးတွင် ‘ငြူစူသောသဘော’ ရှိကြောင်း ကျမ်းရေးသူယာကုပ်က ကျွန်ုပ်တို့ကိုသတိပေးသည်။ (ယာကုပ် ၄:၅) ပထမဦးဆုံးသောလူ့သေခြင်းသည် ကာဣနက သူ၏မလျောက်ပတ်သောမနာလိုစိတ်နောက်သို့ လိုက်သောကြောင့်ဖြစ်သည်။ ဖိလိတ္တိလူတို့သည် ဣဇာက်ကိုနှိပ်စက်ရခြင်းမှာ သူ၏တိုးပွားလာသော ချမ်းသာကြွယ်ဝမှုကြောင့်ဖြစ်သည်။ ရာခေလသည် အမဖြစ်သူသားဖွားနိုင်သည့်အစွမ်းကြောင့် မနာလိုဖြစ်သည်။ ယာကုပ်၏သားများသည် သူတို့၏ညီယောသပ် မျက်နှာသာရခြင်းကို မနာလိုဖြစ်ကြသည်။ မိရိအံသည် ဣသရေလလူမျိုးမဟုတ်သော ယောင်းမဖြစ်သူကို မနာလိုဖြစ်သည်။ ကောရ၊ ဒါသန်နှင့် အဘိရံတို့သည် ငြူစူသောစိတ်ဖြင့် မောရှေနှင့်အာရုန်တို့ကို လျှို့ဝှက်စွာမကောင်းကြံကြသည်။ ဘုရင်ရှောလုသည် ဒါဝိဒ်၏စစ်မှုရေးရာအောင်မြင်မှုကို မနာလိုဖြစ်သည်။ ယေရှု၏တပည့်တော်များသည် မိမိတို့ထဲတွင် မည်သူကအကြီးမြတ်ဆုံးဖြစ်သည်ကို ကြိမ်ဖန်တလဲငြင်းခုံရခြင်းအကြောင်းမှာ မနာလိုမှုကြောင့်ဖြစ်ကြောင်း မငြင်းနိုင်ပေ။ အကြောင်းမှာ မစုံလင်သောမည်သည့်လူသားတစ်စုံတစ်ယောက်မျှ အပြစ်ရှိသည့် ‘ငြူစူသောသဘော’ နှင့် လုံးလုံးမကင်းကြချေ။—ကမ္ဘာဦး ၄:၄-၈; ၂၆:၁၄; ၃၀:၁; ၃၇:၁၁; တောလည်ရာ ၁၂:၁၊ ၂; ၁၆:၁-၃; ဆာလံ ၁၀၆:၁၆; ၁ ဓမ္မရာဇဝင် ၁၈:၇-၉; မဿဲ ၂၀:၂၁၊ ၂၄; မာကု ၉:၃၃၊ ၃၄; လုကာ ၂၂:၂၄။

အသင်းတော်တွင်

၆။ ငြူစူလိုသည့်သဘောကို အကြီးအကဲများမည်သို့ထိန်းချုပ်နိုင်သနည်း။

၆ ခရစ်ယာန်အားလုံးသည် ငြူစူခြင်းနှင့် မလျောက်ပတ်သောမနာလိုခြင်းကို သတိပြုသင့်သည်။ ဤတွင် ဘုရားသခင့်လူများ၏အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ရန် ခန့်အပ်ခံထားရသော အကြီးအကဲအဖွဲ့များပါဝင်သည်။ အကြီးအကဲတစ်ဦးသည် နှိမ့်ချသောစိတ်ရှိလျှင် သူသည် အပြိုင်အဆိုင်သဘောဖြင့် အခြားသူများထက်သာအောင် ကြိုးစားမည်မဟုတ်ချေ။ အခြားတစ်ဖက်တွင် အကြီးအကဲတစ်ဦးသည် စည်းရုံးရေး သို့မဟုတ် လူထုဟောပြောချက်ပေးခြင်းကဲ့သို့သော အရည်အချင်းများတွင် ထင်ပေါ်ပါက အခြားသူများသည် ယင်းအတွက်ဝမ်းသာကြပြီး ယင်းသည် အသင်းတော်အတွက် ကောင်းချီးတစ်ရပ်ဖြစ်သည်ဟု ယူမှတ်ကြမည်။ (ရောမ ၁၂:၁၅၊ ၁၆) ညီအစ်ကိုတစ်ဦးသည် ကောင်းစွာတိုးတက်နေပြီး မိမိ၏အသက်တာတွင် ဘုရားသခင်၏ဝိညာဉ်တော်အသီးများကို တိုးတက်သီးပွင့်နေကြောင်း သက်သေထူပေမည်။ အကြီးအကဲများသည် ထိုသူ၏အရည်အချင်းများကိုစဉ်းစားရာတွင် သူ၏သေးသေးသောသောမှားယွင်းမှုအချို့ကို ပုံကြီးချဲ့ကာ ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲအဖြစ်မထောက်ခံရန် ဆုံးဖြတ်ခြင်းကိုမပြုဖို့ သတိပြုရမည်။ ယင်းသို့ပြုခြင်းသည် မေတ္တာနှင့် အကျိုးသင့်အကြောင်းသင့်သဘောကင်းမဲ့ကြောင်း တင်ပြရာရောက်သည်။

၇။ ခရစ်ယာန်တစ်ဦးသည် သီအိုကရက်တစ်တာဝန်တစ်ခုကိုရသောအခါ မည်သည့်ပြဿနာပေါ်ပေါက်တတ်သနည်း။

၇ တစ်စုံတစ်ယောက်သည် သီအိုကရက်တစ်တာဝန်တစ်ခု သို့မဟုတ် ဝိညာဏကောင်းချီးတစ်ခုကို လက်ခံရရှိပါက အသင်းတော်ရှိအခြားသူများသည် သူ့ကိုမငြူစူမိရန် သတိပြုရမည်။ ဥပမာ၊ အရည်အချင်းရှိသောညီအစ်မတစ်ဦးသည် ခရစ်ယာန်အစည်းအဝေးများတွင် အခြားသူတို့ထက်ပို၍ သရုပ်ပြတွင် အသုံးပြုခံရခွင့်ရပေမည်။ ယင်းက အချို့ညီအစ်မများအတွက် မနာလိုစရာဖြစ်ပေမည်။ ဖိလိပ္ပိအသင်းတော်တွင် ဧဝေါဒိနှင့် သုန္တုတ်တို့အကြား အလားတူပြဿနာဖြစ်ခဲ့ဖွယ်ရှိသည်။ ထိုကဲ့သို့သော မျက်မှောက်ခေတ်အမျိုးသမီးများသည် နှိမ့်ချမှုရှိရန်နှင့် “သခင်ဘုရား၌ သဘောတညီတညွတ်တည်းရှိ” ရန် အကြီးအကဲများ၏ ကြင်နာသည့်အားပေးမှုကို လိုအပ်သည်။—ဖိလိပ္ပိ ၂:၂၊ ၃; ၄:၂၊ ၃။

၈။ မနာလိုခြင်းသည် အပြစ်ရှိသောမည်သည့်လုပ်ရပ်ကို ဖြစ်စေနိုင်သနည်း။

၈ ယခုအခါ အသင်းတော်တွင် အခွင့်ထူးများဖြင့် ကောင်းချီးခံစားရသူတစ်ဦး၏ အတိတ်ကအမှားအယွင်းကို ခရစ်ယာန်တစ်ဦးသိကောင်းသိမည်။ (ယာကုပ် ၃:၂) မနာလိုစိတ်ဖြင့် အခြားသူများကို ထိုအကြောင်းလိုက်ဖောက်သည်ချကာ ထိုသူရရှိသည့်တာဝန်ကို စောဒကတက်ရန် သွေးဆောင်မှုဖြစ်နိုင်သည်။ ယင်းသည် “ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်” သောမေတ္တာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ (၁ ပေတရု ၄:၈) မနာလိုသောစကားသည် အသင်းတော်၏ငြိမ်သက်ခြင်းကို ပြိုကွဲပျက်စီးစေနိုင်သည်။ “သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း [“မနာလိုခြင်း၊” ကဘ]၊ ရန်တွေ့ခြင်းရှိလျှင် သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။ ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏” ဟု တပည့်တော်ယာကုပ်က သတိပေးသည်။—ယာကုပ် ၃:၁၄၊ ၁၅။

သင့်မိသားစုတွင်

၉။ အိမ်ထောင်ဖက်များသည် မနာလိုသည့်ခံစားချက်များကို မည်သို့ထိန်းချုပ်နိုင်ကြသနည်း။

၉ အိမ်ထောင်များစွာတို့တွင် အောင်မြင်မှုမရှိရခြင်းမှာ မလျောက်ပတ်သောမနာလိုခြင်းကြောင့်ဖြစ်သည်။ အိမ်ထောင်ဖက်ကို ယုံကြည်စိတ်ချမှုမရှိခြင်းသည် မေတ္တာမဲ့ရာကျသည်။ (၁ ကောရိန္သု ၁၃:၇) အခြားတစ်ဖက်တွင် အိမ်ထောင်ဖက်တစ်ဦးသည် မိမိအိမ်ထောင်ဖက်၏ မနာလိုစိတ်ခံစားချက်ကို သိမြင်ရန် အကဲမဆတ်ဖြစ်နေနိုင်သည်။ ဥပမာ၊ မိမိ၏ခင်ပွန်းသည်က အခြားသောလိင်ခြားသူတစ်ဦးကို အာရုံစိုက်ခြင်းကြောင့် ဇနီးသည်တစ်ဦးမနာလိုဖြစ်ပေမည်။ သို့မဟုတ် ဇနီးသည်တစ်ဦးက ဆင်းရဲနွမ်းပါးသော မိမိ၏ဆွေမျိုးသားချင်းတစ်ဦးကို ဂရုစိုက်ခြင်းတွင် ပေးသည့်အချိန်အတိုင်းအတာကြောင့် ခင်ပွန်းသည်က မနာလိုဖြစ်နိုင်သည်။ အိမ်ထောင်ဖက်တို့သည် ထိုခံစားချက်များကြောင့် ကြိတ်မနိုင်ခဲမရဖြစ်ခါ နှုတ်ကဘာမျှမပြောဘဲ ပြဿနာကိုပို၍ရှုပ်ထွေးစေသည့်နည်းများဖြင့် မိမိတို့၏အလိုမကျမှုကိုတင်ပြကြသည်။ မနာလိုဖြစ်သောအိမ်ထောင်ဖက်သည် ယင်းသို့ပြုမည့်အစား ပြောဆိုဆက်သွယ်မှုပြုကာ သူ သို့မဟုတ် သူမ၏ခံစားချက်များနှင့်ပတ်သက်၍ ရိုးသားရန်လိုသည်။ တစ်ဖက်တွင် အခြားအိမ်ထောင်ဖက်ကလည်း နားလည်မှုတင်ပြကာ သူ သို့မဟုတ် သူမ၏မေတ္တာကို စိတ်ချသေချာစေရန် ပြုဖို့လိုအပ်သည်။ (ဧဖက် ၅:၂၈၊ ၂၉) နှစ်ဦးလုံးတို့သည် မနာလိုသည့်ခံစားချက်များ တိုးပွားစေသည့်အခြေအနေများကို ရှောင်ခြင်းအားဖြင့် ယင်းတို့ကိုလျော့ပါးစေနိုင်သည်။ ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးသည် ဘုရားသခင့်သိုးတော်စု၏သိုးထိန်းတာဝန်ကို ထမ်းဆောင်နိုင်ရန် အသင်းတော်ရှိလိင်ခြားသူများကို အကန့်အသတ်ရှိသော၊ လျောက်ပတ်သော အာရုံစိုက်ခြင်းပြုရကြောင်း သူ၏ဇနီးသည်ဖြစ်သူနားလည်ရန် အကူအညီပေးရသည့်အခါရှိပေမည်။ (ဟေရှာယ ၃၂:၂) အကြီးအကဲတစ်ဦးသည် မနာလိုဖြစ်ရန် ခိုင်လုံသည့်အကြောင်းတစ်စုံတစ်ခုမျှ မပေါ်ပေါက်ရန် သတိပြုသင့်သည်။ ယင်းသို့ပြုရာတွင် မျှတမှုရှိခြင်း၊ မိမိ၏အိမ်ထောင်ဆက်ဆံရေးခိုင်မြဲစေရန် အချိန်ကိုအသုံးပြုခြင်း လိုအပ်သည်။—၁ တိမောသေ ၃:၅; ၅:၁၊ ၂။

၁၀။ ကလေးများသည် မနာလိုသည့်ခံစားချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် မိဘများက မည်သို့အကူအညီပေးနိုင်သနည်း။

၁၀ မလျောက်ပတ်သောမနာလိုခြင်းနှင့်ပတ်သက်သည့် အတွေးအမြင်ကို ကလေးများကောင်းစွာသဘောပေါက်ရန်လည်း မိဘများကအကူအညီပေးဖို့လိုသည်။ ကလေးများသည် ခိုက်ရန်ဖြစ်စေသော ခွန်းကြီးခွန်းငယ်ပြောဆိုခြင်းများတွင် ပါဝင်ကြလေ့ရှိသည်။ မနာလိုမှုသည် အကြောင်းရင်းမြစ်ဖြစ်လေ့ရှိသည်။ ကလေးတစ်ဦးစီ၏လိုအပ်ချက်များသည် ထူးခြားသည်။ ကလေးအားလုံးကို တစ်ပုံစံတည်းဆက်ဆံသွား၍မရချေ။ ထို့အပြင် ကလေးတစ်ဦးစီသည် ခြားနားသည့်အားသာချက်နှင့် အားနည်းချက်များ ကိုယ်စီရှိကြကြောင်းကို သူတို့နားလည်ရန်လိုအပ်သည်။ ကလေးတစ်ယောက်သည် အခြားတစ်ယောက်လုပ်သကဲ့သို့လုပ်ရန် အမြဲတိုက်တွန်းခံရပါက ယင်းသည် တစ်ဦးကို မနာလိုခြင်း၊ ကျန်တစ်ဦးအတွက် ဘဝင်မြင့်ခြင်းကို ပျိုးထောင်ပေးနိုင်သည်။ ထို့ကြောင့် ကလေးများသည် မိမိတို့၏တိုးတက်မှုကို တစ်ယောက်နှင့်တစ်ယောက် နှိုင်းယှဉ်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ပုံနမူနာများကိုသုံးသပ်ခြင်းဖြင့် တိုင်းတာရန် မိဘများကလေ့ကျင့်ပေးသင့်သည်။ သမ္မာကျမ်းစာဤသို့ပြောသည်– “အချည်းနှီးသောကျော်ဇောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။” (ဂလာတိ ၅:၂၆; ၆:၄) အရေးအကြီးဆုံးကား မိဘများသည် ပုံမှန်ကျမ်းစာသင်အံမှုအားဖြင့် မိမိတို့၏ကလေးများကို အကူအညီပေးကာ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသော ကောင်းသည့်ပုံနမူနာ၊ မကောင်းသည့်ပုံနမူနာများကို ပေါ်လွင်ထင်ရှားစေသင့်သည်။—၂ တိမောသေ ၃:၁၅။

မနာလိုမှုကိုနိုင်နင်းခြင်းပုံနမူနာများ

၁၁။ မောရှေသည် မနာလိုခြင်းကိုကိုင်တွယ်ရာတွင် ပုံနမူနာကောင်းမည်သို့ဖြစ်သနည်း။

၁၁ အာဏာမက်သော ဤလောကီခေါင်းဆောင်များနှင့်မတူဘဲ “မောရှေသည် မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ၏။” (တောလည်ရာ ၁၂:၃) ဣသရေလလူမျိုးကို ဦးဆောင်ရခြင်းသည် မောရှေအတွက် တစ်ယောက်တည်းထမ်းဆောင်ရန် ခက်ခဲလာသောအခါ ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်ကို အခြားဣသရေလလူ ၇၀ အပေါ်သက်ရောက်စေပြီး မောရှေကိုကူညီရန် အစွမ်းသတ္တိကိုပေးတော်မူသည်။ ထိုသူတို့ထဲမှ နှစ်ယောက်သည် ပရောဖက်ကဲ့သို့ကျင့်ကြံလာကြသောအခါ ယင်းသည် မောရှေ၏ဦးဆောင်မှုအောက်မှ မတော်မလျော်သွေဖည်နေကြခြင်းဖြစ်သည်ဟု ယောရှုယူမှတ်သည်။ ယောရှုက သူတို့ကိုတားဆီးလိုသော်လည်း မောရှေကသူ့ကို နှိမ့်ချစွာကျိုးကြောင်းဆင်ခြင်ပြသည်– “သင်သည် ငါ့အတွက် [မနာလို] သောစိတ်ရှိသလော။ ထာဝရဘုရား၏လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာတင်တော်မူပါစေသော။” (တောလည်ရာ ၁၁:၂၉) မှန်ပါသည်၊ အခြားသူများသည် လုပ်ငန်းတော်အခွင့်ထူးကို ခံစားကြရသောအခါ မောရှေပျော်ရွှင်သည်။ မနာလိုစိတ်ဖြင့် မိမိ၏ဂုဏ်အသရေကိုလိုလားခြင်းမရှိခဲ့ချေ။

၁၂။ မနာလိုသည့်ခံစားချက်များကို ရှောင်နိုင်ရန် မည်သည့်အရာက ယောနသန်ကိုဖြစ်စေသနည်း။

၁၂ ပေါ်ပေါက်လာနိုင်သည့် မလျောက်ပတ်သောမနာလိုသည့်ခံစားချက်များကို မေတ္တာကအနိုင်ရပုံနှင့်ပတ်သက်၍ ကောင်းသောပုံနမူနာကို ဣသရေလဘုရင်ရှောလု၏သားဖြစ်သူ ယောနသန်ကတင်ပြသည်။ ယောနသန်သည် သူ့ခမည်းတော်၏နန်းရိုက်ရာကို အမွေခံရမည့်သူဖြစ်သော်လည်း ယေဟောဝါသည် ယေရှဲ၏သားဒါဝိဒ်ကို နောက်မင်းအဖြစ် ရွေးချယ်ခဲ့သည်။ ယောနသန်၏နေရာတွင် ဒါဝိဒ်ကို မနာလိုရန်အကြောင်းများစွာရှိကာ သူ့ကိုပြိုင်ဘက်တစ်ဦးအဖြစ် သဘောထားနိုင်သည်။ သို့သော် ဒါဝိဒ်ကိုချစ်သည့်မေတ္တာက ထိုခံစားချက်၏အစဉ်လွှမ်းမိုးခံရခြင်းမှ ယောနသန်ကိုကာကွယ်ခဲ့သည်။ ယောနသန်သေဆုံးခြင်းကို ဒါဝိဒ်သိသွားသောအခါ ဤသို့သူပြောနိုင်ခဲ့သည်– “ငါ့ညီယောနသန်၊ သင့်ကြောင့်ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍ ငါ့ကိုချစ်သောမေတ္တာသည် အံ့သြဖွယ်သောမေတ္တာ၊ မိန်းမကိုချစ်တတ်သောမေတ္တာထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။”—၂ ဓမ္မရာဇဝင် ၁:၂၆။

အထင်ရှားဆုံးပုံနမူနာများ

၁၃။ မနာလိုခြင်းကိစ္စတွင် အကောင်းဆုံးပုံနမူနာရှင်ကား မည်သူနည်း၊ အဘယ်ကြောင့်နည်း။

၁၃ ယေဟောဝါဘုရားသခင်သည် လျောက်ပတ်သောမနာလိုခြင်းကိုပင် နိုင်နင်းအုပ်စိုးနိုင်သော အထင်ရှားဆုံးပုံနမူနာရှင်ဖြစ်သည်။ ထိုခံစားချက်များကို စုံလင်သောထိန်းချုပ်မှုအောက်တွင် ထားသည်။ ဘုရားရေးရာမနာလိုမှုကို အားကြီးစွာတင်ပြသော မည်သည့်တင်ပြမှုမဆို ဘုရားသခင်၏မေတ္တာတော်၊ တရားမျှတခြင်း၊ ဉာဏ်ပညာတို့နှင့် အစဉ်သဖြင့်ညီညွတ်သည်။—ဟေရှာယ ၄၂:၁၃၊ ၁၄။

၁၄။ ယေရှုသည် စာတန်နှင့်ဆန့်ကျင်လျက် မည်သည့်ပုံနမူနာကို ချမှတ်သနည်း။

၁၄ မနာလိုမှုကို နိုင်နင်းအုပ်စိုးကြောင်းတင်ပြသော ဒုတိယပုံနမူနာရှင်မှာ ဘုရားသခင်၏အချစ်ဆုံးသားတော် ယေရှုခရစ်ဖြစ်သည်။ ယေရှုသည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူလျက်ပင် ဘုရားသခင်နှင့်ဂုဏ်ရည်တူခြင်းကို လက်မလွှတ်ရာဟုမထင်မှတ်” သူဖြစ်သည်။ (ဖိလိပ္ပိ ၂:၆၊ သမ္မာ) စာတန်မာရ်နတ်ဖြစ်လာသည့် ထင်ပေါ်ကျော်ကြားလိုသော ကောင်းကင်တမန်၏ လမ်းစဉ်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပါသည်တကား! စာတန်သည် “ဗာဗုလုန်ဘုရင်” နည်းတူ ယေဟောဝါကိုဆန့်ကျင်သည့်အနေနှင့် မိမိကိုယ်ကို ပြိုင်ဘက်ဘုရားတစ်ဆူဖြစ်စေခြင်းအားဖြင့် “အမြင့်ဆုံးသောဘုရားကဲ့သို့” မနာလိုစွာဖြစ်လိုသည့်ဆန္ဒရှိသည်။ (ဟေရှာယ ၁၄:၄၊ ၁၄; ၂ ကောရိန္သု ၄:၄) ယေရှုပင်လျှင် မိမိကို “ညွတ်ပျပ်ကိုးကွယ်” ရန် စာတန်ကြိုးစားသည်။ (မဿဲ ၄:၉) သို့သော် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို လက်အောက်ခံသည့် နှိမ့်ချသောလမ်းစဉ်မှ ယေရှုကို မည်သည့်အရာကမျှ လွဲဖည်မသွားစေနိုင်ပါ။ စာတန်နှင့်ဆန့်ကျင်လျက် ယေရှုသည် “မိမိအသရေတော်ကိုစွန့်၍ ကျွန်၏သဏ္ဌာန်ကိုဆောင်လျက် လူကဲ့သို့သောအဖြစ်ကို ခံယူတော်မူ၏။ ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင်ပင် နားထောင်၍ ကိုယ်ကိုနှိမ့်ချတော်မူ၏။” ယေရှုသည် ခမည်းတော်၏ဥပဒေသများ တော်တည့်မှန်ကန်မှုကို ထောက်ခံကာ စာတန်၏ မာနထောင်လွှားခြင်းနှင့် မနာလိုခြင်းလမ်းစဉ်ကို လုံးလုံးဆန့်ကျင်တော်မူခဲ့သည်။ ယေရှု၏သစ္စာစောင့်သိမှုကြောင့် “ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတိုင်းသည် ယေရှု၏နာမတော်အားဖြင့် ဒူးထောက်၍ ခမည်းတော်ဘုရား၏ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလိုငှာ ယေရှုခရစ်သည် အရှင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံရကြမည်အကြောင်းတည်း။”—ဖိလိပ္ပိ ၂:၇-၁၁၊ သမ္မာ။

သင်၏မနာလိုခြင်းကိုနိုင်နင်းလေ

၁၅။ ကျွန်ုပ်တို့သည် မနာလိုသည့်ခံစားချက်များကို ထိန်းချုပ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၅ ဘုရားသခင်၊ ခရစ်တော်တို့နှင့်မတူဘဲ ခရစ်ယာန်များသည် မစုံလင်ကြပါ။ အပြစ်များသောကြောင့် တစ်ခါတစ်ရံ အပြစ်ရှိသည့်မနာလိုခြင်းနှင့်အညီ ကျင့်ကြံကြပေမည်။ ယုံကြည်ချင်းတူသူတစ်ဦး၏ သေးသေးမွှားမွှားချွတ်ချော်မှု သို့မဟုတ် မှားယွင်းမှုဟုထင်ရသည့်အရာကြောင့် သူ့ကိုပြစ်တင်ဝေဖန်ရန် မနာလိုစိတ်က ကျွန်ုပ်တို့ကိုလှုံ့ဆော်ခွင့်ပြုမည့်အစား ဤမှုတ်သွင်းခံစကားများကို တွေးတောဆင်ခြင်ရန် အရေးကြီးသည်– “လွန်ကျူးစွာမဖြောင့်မတ်နှင့်။ လွန်ကျူးစွာပညာမရှိနှင့်။ အဘယ်ကြောင့်ကိုယ်အကျိုးကိုဖျက်ချင်သနည်း။”—ဒေသနာ ၇:၁၆။

၁၆။ ဤမဂ္ဂဇင်း၏ ရှေးကျသောလထုတ်တစ်စောင်က မနာလိုခြင်းနှင့်ပတ်သက်၍ မည်သည့်အကြံဉာဏ်ကောင်းပေးသနည်း။

၁၆ မနာလိုခြင်းနှင့်ပတ်သက်၍ ၁၉၁၁ ခု၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် (လိပ်) တွင် ဤသို့သတိပေးထားသည်– “ကျွန်ုပ်တို့သည် သခင်၏အရေးကိစ္စအတွက် အလွန်ဇွဲရှိရမည်၊ အလွန်မနာလိုစိတ်ရှိရမည်ဖြစ်သော်လည်း ယင်းသည် လျှို့ဝှက်ထားရမည့်ကိစ္စမဟုတ်ကြောင်း သေချာပေါက်သိရမည်; ကျွန်ုပ်တို့သည် ‘စပ်စုသူများ’ ဟုတ်မဟုတ် စဉ်းစားဆင်ခြင်သင့်သည်။ ယင်းသည် အကြီးအကဲများကိုင်တွယ်ရန် သင့်လျော်သည့်အရာဟုတ်မဟုတ်၊ အကြီးအကဲများထံ ကျွန်ုပ်တို့သွားရန်တာဝန်ရှိမရှိတို့ကိုလည်း စဉ်းစားသင့်သည်။ ကျွန်ုပ်တို့အားလုံးသည် သခင့်အရေးကိစ္စနှင့် သခင့်လုပ်ငန်းတော်အတွက် အလွန်ကြီးမားသည့်မနာလိုခြင်းရှိသင့်သော်လည်း ယင်းသည် မလိုမုန်းတီးသည့်မနာလိုမှုမျိုးမဖြစ်ရန် လွန်စွာသတိထားသင့်သည် . . . တစ်နည်းပြောရလျှင် သူတစ်ပါးကိုမနာလိုခြင်းမဟုတ်ဘဲ သူတစ်ပါးအတွက် မနာလိုခြင်း၊ သူ၏ကောင်းကျိုးချမ်းသာအတွက် မနာလိုခြင်းဖြစ်ကြောင်း အလွန်သေချာစေရမည်။”—၁ ပေတရု ၄:၁၅။

၁၇။ မနာလိုမှုကြောင့် အပြစ်ရှိသည့်လုပ်ရပ်ကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။

၁၇ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် မာန၊ မနာလိုခြင်းနှင့် ငြူစူခြင်းတို့ကို မည်သို့ရှောင်နိုင်ကြသနည်း။ အဖြေကား ဘုရားသခင်၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏အသက်တာတွင် လွတ်လပ်စွာစီးဆင်းခွင့်ပြုခြင်းအပေါ် မူတည်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝိညာဉ်တော်နှင့် ယင်း၏အသီးများကို ကောင်းစွာသီးပွင့်နိုင်ရန်အတွက် အကူအညီကို ဆုတောင်းသင့်သည်။ (လုကာ ၁၁:၁၃) ဆုတောင်းခြင်းဖြင့်စတင်ကာ ဘုရားသခင်၏ဝိညာဉ်တော်နှင့် ကောင်းချီးများသွန်းလောင်းခြင်းခံရသော ခရစ်ယာန်အစည်းအဝေးများကို ကျွန်ုပ်တို့တက်ရောက်ရန်လိုအပ်သည်။ ထို့အပြင် ဘုရားသခင်၏ဝိညာဉ်တော်ဖြင့်မှုတ်သွင်းထားသော သမ္မာကျမ်းစာကို လေ့လာရန်လိုအပ်သည်။ (၂ တိမောသေ ၃:၁၆) ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် ပြီးမြောက်သော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းတွင် ကျွန်ုပ်တို့ပါဝင်ရန်လိုအပ်သည်။ (တမန်တော် ၁:၈) ဆိုးဝါးသည့်အမှုနှင့်ကြုံတွေ့ရသော ခရစ်ယာန်ချင်းတို့ကို အကူအညီပေးခြင်းသည် ဘုရားသခင့်ဝိညာဉ်တော်၏ ကောင်းသောသြဇာဘက်သို့ တိမ်းညွှတ်သည့်နည်းတစ်ခုဖြစ်သည်။ (ဟေရှာယ ၅၇:၁၅; ၁ ယောဟန် ၃:၁၅-၁၇) ဤခရစ်ယာန်တာဝန်အားလုံးကို ဇွဲရှိရှိဖြင့်လုပ်ဆောင်ခြင်းသည် အပြစ်မကင်းသောမနာလိုသည့်အကျင့်အကြံများမှ ကျွန်ုပ်တို့ကိုကာကွယ်ရန် အကူအညီဖြစ်စေမည်။ အကြောင်းမှာ ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဤသို့ဖော်ပြသည်– “ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။”—ဂလာတိ ၅:၁၆။

၁၈။ မလျောက်ပတ်သော မနာလိုသည့်ခံစားချက်များကို ကျွန်ုပ်တို့အမြဲတွန်းလှန်ရန် အဘယ်ကြောင့်မလိုအပ်သနည်း။

၁၈ ဘုရားသခင်၏ဝိညာဉ်တော်အသီးများတွင် မေတ္တာသည် ပထမဆုံးပါဝင်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) မေတ္တာကိုကျင့်သုံးခြင်းက အပြစ်ပြုလိုသည့်သဘောများကို ထိန်းချုပ်ရန် ယခုကျွန်ုပ်တို့ကိုအကူအညီပေးမည်။ သို့သော် အနာဂတ်တွင် မည်သို့ဖြစ်မည်နည်း။ သန်းနှင့်ချီသော ယေဟောဝါ၏ကျေးကျွန်များသည် လာမည့်မြေကြီးပရဒိသုတွင် အသက်ရရန် မျှော်လင့်ချက်ရှိကြသည်။ ထိုတွင် လူ့စုံလင်မှုအဖြစ်သို့ မြှင့်တင်ခံရရန် သူတို့မျှော်လင့်နိုင်သည်။ ထိုကမ္ဘာသစ်တွင် မေတ္တာလွှမ်းမိုးပြီး မည်သူတစ်ဦးတစ်ယောက်မျှ မလျောက်ပတ်သည့်မနာလိုခြင်း၏လက်သို့ သက်ဆင်းကြတော့မည်မဟုတ်ချေ။ အကြောင်းမှာ “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်” ဖြစ်သောကြောင့်တည်း။—ရောမ ၈:၂၁။

စဉ်းစားဆင်ခြင်ရန်အချက်များ

◻ မနာလိုခြင်းကိုဆန့်ကျင်ရန် အကူအညီဖြစ်စေသော မည်သည့်ဥပမာကို ပေါလုအသုံးပြုသနည်း။

◻ မနာလိုခြင်းသည် အသင်းတော်တစ်ခု၏ငြိမ်သက်မှုကို မည်သို့ပြိုကွဲပျက်စီးစေနိုင်သနည်း။

◻ မနာလိုခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကလေးများကို မိဘများကမည်သို့လေ့ကျင့်ပေးနိုင်သနည်း။

◻ မနာလိုမှုကြောင့် အပြစ်ရှိသည့်လုပ်ရပ်ကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မနာလိုခြင်းက အသင်းတော်တစ်ခု၏ငြိမ်သက်မှုကို ပြိုကွဲပျက်စီးစေရန် ခွင့်မပြုပါနှင့်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မိဘများသည် ကလေးများအား မနာလိုခြင်းကို ရင်ဆိုင်ဖြေရှင်းတတ်ရန် လေ့ကျင့်ပေးနိုင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ