ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၉/၁ စာ. ၁၉-၂၁
  • ဝါကြွားခြင်းကို သတိပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝါကြွားခြင်းကို သတိပြု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆက်ဆံရေးများအပေါ် သက်ရောက်သည့်အာနိသင်
  • အားနည်းချက်ကို အခြေခံ၍ ဝါကြွားခြင်း ဖြစ်ပေါ်လာ
  • “ဒါပေမဲ့ ဟုတ်တိုင်းမှန်ရာကိုး!”
  • အောင်မြင်မှုရှိဖို့ရန် လိုအပ်သည်
  • ကျိုးနွံခြင်း၏ အကျိုး
  • သင်၏အားသာချက်ကိုသင်၏အားနည်းချက်မဖြစ်လာပါစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • စမ်းသပ်မှု ကြုံရချိန်မှာ ကျိုးနွံမှုကို ထိန်းသိမ်းထားနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • “ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျိုးနွံခြင်း—ငြိမ်သက်ခြင်းကို တိုးပွားစေသော အရည်အချင်း တစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၉/၁ စာ. ၁၉-၂၁

ဝါကြွားခြင်းကို သတိပြု

ယနေ့ လူအများသည် ဝါကြွားခြင်းကို ဂုဏ်ရည်တစ်ခုအဖြစ် ရှုမြင်ကြသည်။ မိမိ၏အစွမ်းအစများ၊ ကျွမ်းကျင်ရာများနှင့် အောင်မြင်မှုများကို မော်ကြွားခြင်းသည် ယခုခေတ်ထလာပြီ။ ပြီးမြောက်အောင်မြင်ဖို့ရန် ကြွားလုံးထုတ်စရာလိုသည်ဟု အချို့က ယူမှတ်သည်။ အခြားသူတို့ကမူ ဝါကြွားခြင်းအားဖြင့် ကိုယ့်သိက္ခာကိုယ် တိုးပွားစေသည်ဟု ယူဆသည်။ တိုင်းမ်စ်မဂ္ဂဇင်းက ဤသို့သတိပြုထားသည်– “စံတင်ရာ ကျိုးနွံစိတ်သည် ခေတ်မကုန်သေးသည့်တိုင် ရှေးဆန်နေပုံပေါက်နေပါပြီ။” စာရေးသူ ဂျိုဒီ ဂေးလင်းက ဤသို့ကောက်ချက်ချသည်– “မရှက်မကြောက်ဘဲ ကြွားလုံးထုတ်ခြင်းသည် . . . နောက်ဆုံးပေါ်ဖက်ရှင်ဖြစ်နေရခြင်းကား ဝမ်းနည်းစရာပင်ဖြစ်သည်။ မိတ်ဆွေသူငယ်ချင်း သို့မဟုတ် အသိအကျွမ်းတစ်ဦးတစ်ယောက်နှင့် စကားစမြည်ပြောဆိုတိုင်း သင်္ကြန်အမြောက်ပစ်ခြင်းသည် ဒွန်တွဲလိုက်ပါလာနေသည်။”

စံပြပုံစံရှင်များသည် စံနှုန်းချမှတ်ခဲ့ကြပြီ။ လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦး၏ ဤစကားများကို သင်ကြားဖူးခဲ့ပေမည်– “လူ့သမိုင်း ဒီအချိန်အခါမှာ ငါဟာ မတော်တဆနဲ့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးသူဖြစ်လာတာ မဟုတ်ဘူး။” ဘီးတယ်လ်တေးဂီတအဖွဲ့ဝင်တစ်ဦး၏ ဤစကားသည်လည်း ကျော်ကြားသည်– “ယေရှုခရစ်ထက် ငါတို့ ပိုရေပန်းစားနေပြီ။” ပရိယာယ်မပါဘဲ ဤစကားများကို သူတို့ရိုးရိုးတန်းတန်းပြောဆိုခဲ့ကြသည်ဟု အချို့က ယူမှတ်ကြသည်မှန်သော်လည်း အခြားသူများကမူ သူတို့အား အတုယူထိုက်သော စံပြပုံစံရှင်များအဖြစ် ကိုယ့်ကိုယ်ကိုထောက်ခံပြောဆိုကြခြင်းဖြစ်သည်ဟု သဘောထားနေကြပါသည်။

ဝါကြွားခြင်းကို အနှံ့အပြားတွေ့ရှိနေကြရခြင်းက ဤမေးခွန်းကို ပေါ်ထွက်စေသည်– မိမိ၏အစွမ်းအစနှင့် အရည်အချင်းများကို ကြွားလုံးထုတ်ပြောဆိုခြင်းသည် ကောင်းကျိုးပြုပါသလော။ အမှန်မှာ မိမိ၏အောင်မြင်မှုများ၌ ဂုဏ်ယူခြင်း၊ ချစ်ခင်ရင်းနှီးသူ ဆွေမျိုးဉာတိတို့အား ၎င်းတို့ကိုဖော်ပြခြင်းသည် သဘာဝပင်ဖြစ်သည်။ သို့သော် “နဂါးမှန်းသိအောင် အမောက်ထောင်ပြ” ဆိုရိုးစကားအတိုင်း ဂုဏ်ဖော်တတ်သူများကော။ ထို့အပြင် ပွင့်လင်းစွာ မဝါကြွားသော်လည်း မိမိတို့၏ အားသန်ရာများနှင့် အောင်မြင်မှုများကို လူသိရှင်ကြား ဖြစ်လာစေရန် ပရိယာယ်ဆင်သူများကော။ ဤကဲ့သို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခြင်းသည် ကောင်းကျိုးပြုပါသလော။ အချို့အဆိုပြုသည့်အတိုင်း လိုအပ်ပင် လိုအပ်ပါသလော။

ဆက်ဆံရေးများအပေါ် သက်ရောက်သည့်အာနိသင်

အခြားသူများ၏ ဝါကြွားခြင်းက သင့်အပေါ်သက်ရောက်သည့်အာနိသင်ကို ဆင်ခြင်ကြည့်ပါ။ ဥပမာ၊ အောက်ပါစကားများကို သင်မည်သို့ တုံ့ပြန်မည်နည်း။

“ငါမရေးဖူးတဲ့စာအုပ်တွေဟာ သူများရေးတဲ့ စာအုပ်တွေထက် ပိုကောင်းတယ်။”—နာမည်ကျော် စာရေးဆရာတစ်ဦး။

“ကမ္ဘာကိုဖန်ဆင်းချိန်က ငါသာရှိခဲ့ရင် စကြဝဠာကြီး ပိုစည်းစနစ်ကျရအောင် ငါအကြံပေးခဲ့မှာပဲ။”—အလယ်ခေတ်မှ ရှင်ဘုရင်တစ်ပါး။

“ဘုရားမရှိနိုင်ဘူး။ ရှိမယ်ဆိုရင် ငါကိုယ်တော်မြတ် ဘုရားမဖြစ်တာကို ငါမယုံနိုင်ဘူး။”—၁၉ ရာစုနှစ်မှ အတွေးအခေါ်ပညာရှင်။

ဤသူတို့၏စကားများက သူတို့အား ချစ်ခင်တွယ်တာစရာကောင်းသောသူများ ဖြစ်စေသလော။ သူတို့နှင့် ပေါင်းသင်းလိုမည်လော။ အလိုရှိမည်မဟုတ်ပါ။ များသောအားဖြင့်ဆိုလျှင် အမှန်အတိုင်းဖြစ်စေ၊ နောက်ပြောင်၍ပင်ဖြစ်စေ ဝါကြွားခြင်းအားဖြင့် သူတစ်ပါးအား သက်သောင့်သက်သာမရှိစေပါ။ စိတ်အနှောင့်အယှက်ပေးသည့်အပြင် မနာလိုစိတ်ကိုပင် နှိုးဆွစေတတ်သည်။ ဤအတိုင်းပင် ဆာလံဆရာ အာသပ် ခံစားခဲ့ရကြောင်း သူဝန်ခံသည်– “ဝါကြွားသူများကို ငါငြူစူမိပြီ။” (ဆာလံ ၇၃:၃၊ ကဘ) မိမိကြောင့် မိမိ၏အပေါင်းအဖော်တို့၌ မကောင်းသောစိတ်နေစိတ်ထားများ ပေါ်ပေါက်စေလိုသူ ကျွန်ုပ်တို့၌ တစ်ယောက်မျှရှိမည်မဟုတ်ပါ! ကောရိန္သုပထမစာစောင် ၁၃:၄ ကဤသို့ဆိုသည်– “မေတ္တာသည် . . . ဝါကြွားခြင်းမရှိ။” ဘုရားရေးရာချစ်ခြင်းနှင့် သူတစ်ပါး၏ခံစားချက်ကို အကင်းပါးစွာ သိမြင်ခြင်းတို့က မိမိ၌ရှိသည်ဟု ထင်မှတ်သော တတ်ကျွမ်းမှုများနှင့် အရည်အချင်းများကို ကြွားလုံးထုတ် ပြောဆိုစေမည်မဟုတ်ပါ။

ကိုယ့်ကိုယ်ကိုချုပ်တည်းပြီး ကျိုးနွံစွာ စကားပြောဆိုတတ်သောသူသည် မိမိ၏အပေါင်းအဖော်များအား သက်သောင့်သက်သာရှိစေပြီး သူတို့ကိုယ်ကို သူတို့နှစ်မြို့စေမည်။ ဤအရည်အချင်းသည် အလွန်တန်ဖိုးရှိသည်။ ဗြိတိသျှနိုင်ငံ့ခေါင်းဆောင် လောဒ် ချက်စတာဖီးလ်ဒ်သည် သားဖြစ်သူအား “ဖြစ်နိုင်လျှင် သူတစ်ပါးထက် ပညာရှိပါ; သို့သော် ထိုသို့ဖြစ်ကြောင်းကို သူတို့အား မပြောပါနှင့်” ဟုအကြံပေးခဲ့စဉ်က ယင်းကိုဆိုလိုနေခြင်းဖြစ်မည်။

လူတို့တွင် ပါရမီတစ်မျိုးစီရှိကြသည်။ တစ်ဦးတစ်ယောက်အတွက် လွယ်ကူသောအရာသည် အခြားတစ်ဦးအတွက် ခဲရာခဲဆစ် ဖြစ်ပေမည်။ မိမိစွမ်းဆောင်နိုင်သောနေရာများတွင် မစွမ်းဆောင်နိုင်သူအား စာနာမှုပြနိုင်ရန် ချစ်ခြင်းမေတ္တာက အထောက်အကူပြုလိမ့်မည်။ အမှန်မှာ ထိုသူ၌ အခြားပါရမီများ ရှိနိုင်သည်။ တမန်တော်ပေါလုက ဤသို့မှာကြားသည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍ မထင်ဘဲ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာ ထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏။”—ရောမ ၁၂:၃။

အားနည်းချက်ကို အခြေခံ၍ ဝါကြွားခြင်း ဖြစ်ပေါ်လာ

လေလုံးထွားသူများအလယ်တွင် သိမ်ဖျင်းသည်ဟု အချို့သူများခံစားရ၍ သူတို့ကို ရှောင်ဖယ်မည်မှန်သော်လည်း အခြားသူများမူကား တစ်မျိုးတုံ့ပြန်တတ်သည်။ ဝါကြွားသူတို့မှာ လုံခြုံမှုမရှိဟု ယူမှတ်သည်။ ကိုယ့်ဂုဏ်ကိုယ်ဖော်သူသည် အမှန်မှာ သူတစ်ပါးအမြင်တွင်အထင်သေးစရာဖြစ်နေသောကြောင့်ဖြစ်ကြောင်း စာရေးဆရာ ဖရန့်ခ် ထြီပက်က ဤသို့ရှင်းပြသည်– “များသောအားဖြင့် သနားစရာဖြစ်သည့် ကိုယ်ပိုင်အားနည်းချက်တချို့၏ လက္ခဏာသည် ဝါကြွားခြင်းဖြစ်သည့်အတွင်းသဘောကို လူတိုင်းသိရှိထားသည်။” ကြွားလုံးထုတ်သူ၏ မျက်နှာဖုံးကို ထိုးထွင်း၍ များစွာသောသူတို့ တွေ့မြင်တတ်ကြသည်ဖြစ်သောကြောင့် မိမိကိုယ်ကိုချီးကျူးခြင်းလေလုံး မကြီးထွားစေခြင်းသည် ပညာပိုရှိမည်မဟုတ်ပေလော။

“ဒါပေမဲ့ ဟုတ်တိုင်းမှန်ရာကိုး!”

ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်းကို အချို့သူများက ဤကဲ့သို့ဆင်ခြေတက်တတ်သည်။ တစ်စုံတစ်ရာသောအမှုတွင် မိမိသည် တကယ်တတ်ကျွမ်းနေသည့်အတွက် မတတ်သကဲ့သို့ နေခြင်းသည် ဟန်ဆောင်ရာကျမည်ဟု အချို့ယူမှတ်ကြသည်။

သို့သော် သူတို့သည် တကယ်ဝါကြွားနိုင်ပါသလော။ ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည် ကိုယ့်အထင်အမြင်သာ ဖြစ်တတ်သည်။ မိမိ၏ထူးခြားသော အစွမ်းအစအဖြစ် မိမိထင်မြင်နေသည့်အရာသည် သူတစ်ပါးအတွက် မထူးခြားသော ပုံမှန်ကိစ္စမျှ ဖြစ်နေပေမည်။ မိမိ၏အရည်အချင်းကို မဖြစ်မနေမော်ကြွားခြင်းကိုယ်နှိုက်က အမှန်မှာ အားသန်ရာမဟုတ်၊ မကြေညာလျှင် ထင်ရှားမည့်အရာမဟုတ်ဟု ယူမှတ်စရာအကြောင်းပင်ရှိသည်။ ကိုယ့်ကိုယ်ကိုလှည့်စားခြင်းသို့တိမ်းညွတ်တတ်သော လူ့သဘောကို ကျမ်းစာက ဤသို့အသိအမှတ်ပြုထားပါသည်– “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။”—၁ ကောရိန္သု ၁၀:၁၂။

ပင်ကိုယ်စွမ်းရည်တစ်ခုခုရှိ၍ အထူးကျွမ်းကျင်ဦးတော့ ဝါကြွားသင့်သလော။ မဝါကြွားသင့်ပါ။ အကြောင်းမူကား ကြွားလုံးထုတ်ခြင်းသည် လူသားကို အမွှမ်းတင်ရာရောက်သည်။ အမှန်မှာ ကျွန်ုပ်တို့တွင်ရှိသော မည်သည့်ပင်ကိုယ်စွမ်းရည်မဆိုသည် ဘုရားသခင်ထံတော်မှ ရရှိလာသည်။ ကိုယ်တော်ကို ဂုဏ်တင်သင့်ပါသည်။ မွေးရာပါ အရည်အချင်းတစ်ခုခုအတွက် ကျွန်ုပ်တို့အဘယ်ကြောင့် ချီးမွမ်းခံသင့်သနည်း။ (၁ ကောရိန္သု ၄:၇) ထို့ပြင် ကျွန်ုပ်တို့မှာ အားသန်ချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိပါသည်။ မိမိ၏အမှားများ၊ အပြစ်အနာအဆာများကို ဖော်ပြရန်ရိုးသားမှုကတောင်းဆိုပါသလော။ အနည်းငယ်သော ဝါကြွားတတ်သူများ ထိုသို့ယူမှတ်ပုံပေါက်သည်။ ဟေရုဒ်အဂြိပ္ပ ၁ သည် တကယ်ပင် အဟောအပြောတော်သူဖြစ်ပေမည်။ သို့သော် ကျိုးနွံနှိမ့်ချသောသဘော သူ၌မရှိသည့်အတွက် အသေဆိုးနှင့် အနိစ္စရောက်ခဲ့ရသည်။ မိမိကိုယ်ကိုအထင်ကြီးခြင်းသည် ဘုရားသခင်ရှေ့သော်လည်းကောင်း၊ လူအမြောက်အမြားရှေ့သော်လည်းကောင်း မနှစ်မြို့ဖွယ်ရာဖြစ်ကြောင်းကို ထိုရှုမကောင်းမြင်မကောင်း အဖြစ်အပျက်က ပေါ်လွင်ထင်ရှားစေသည်။—တမန်တော် ၁၂:၂၁-၂၃။

ပင်ကိုယ်စွမ်းရည်များနှင့် အားသန်ရာများကို ကိုယ်တိုင်ကြေညာစရာမလိုဘဲလျက် အလိုလိုပေါ်လွင်ထင်ရှားလာတတ်သည်။ အခြားသူများသည် တစ်ဦးတစ်ယောက်၏ အရည်အချင်းများ သို့မဟုတ် အောင်မြင်မှုများကို အလိုအလျောက်အသိအမှတ်ပြု၍ ချီးမွမ်းသည့်အခါ ချီးကျူးခံရသူသည် ကျက်သရေပိုရှိပါသည်။ သု. ၂၇:၂ ကပညာရှိစွာ ဤသို့ဆိုသည်– “ကိုယ်တိုင် ကိုယ်ကို မချီးမွမ်းဘဲ သူတစ်ပါး ချီးမွမ်းပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကို မချီးမွမ်းဘဲ ကိုယ်နှင့်မဆိုင်သောသူတစ်ပါး ချီးမွမ်းပါလေစေ။”

အောင်မြင်မှုရှိဖို့ရန် လိုအပ်သည်

အပြိုင်အဆိုင်လောကကြီးတွင် အောင်မြင်မှုရှိရန် ကိုယ့်ကိုယ်ကို စိတ်ချလက်ချ ထောက်ခံဖို့လိုသည်ဟု အချို့ယူမှတ်ကြသည်။ အသံပြု၍ မိမိ၏အားသန်ရာများကို ကြေညာမပေးလျှင် မထင်ပေါ်၊ တန်ဖိုးထားခံရမည်မဟုတ်မှာကို သူတို့စိုးရိမ်ကြသည်။ သူတို့၏ပူပန်မှုသည် ဗိုဂ်မဂ္ဂဇင်းမှ ဤအဆိုအတိုင်းပင်ဖြစ်သည်– “ကျိုးနွံစိတ်သည် ဂုဏ်ရည်တစ်ရပ်ဖြစ်သည်ဟု တစ်ချိန်က ကျွန်ုပ်တို့သွန်သင်ပေးခံခဲ့ရသော်လည်း နှုတ်နည်းခြင်းဖြင့် တစ်ပန်းရှုံးလိမ့်မည်ဟု ယခုသင်ယူနေကြရသည်။”

ဤလောကစံနှုန်းအတိုင်း တိုးတက်လိုသူများအတွက် ထိုပူပန်နေစရာသည် ခိုင်လုံနေပေမည်။ သို့သော် ခရစ်ယာန်တစ်ဦး၏ အခြေအနေမူကား အလွန်ကွာခြားလှသည်။ ဘုရားသခင်သည် ဝင့်ဝါသူများကိုမဟုတ်ဘဲ နှိမ့်ချသူများကို နှစ်သက်တော်မူ၍ သူတို့၏အရည်အချင်းများကို အသုံးပြုရန်ရွေးချယ်တော်မူကြောင်း ခရစ်ယာန်တစ်ဦး ကောင်းစွာသိထားသည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် ကိုယ်ရည်သွေးသောနည်းဗျူဟာသုံးစရာမလိုပါ။ မှန်ပါသည်၊ ကိုယ့်ကိုယ်ကိုစိတ်ချလွန်းသောသူသည် အခိုင်အမာ ပြုလုပ်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကျင်လည်စွာ ကိုင်တွယ်ခြင်းအားဖြင့် ခေတ္တခဏ ဂုဏ်တက်နိုင်သည်။ သို့သော်လည်း အချိန်တန်လျှင် သူသည် ဖော်ထုတ်ခံရပြီး မာန်လျှော့ရလိမ့်မည်။ အရှက်တကွဲပင် ဆက်ဆံခံရပေမည်။ ယေရှုခရစ် မိန့်တော်မူသည့်အတိုင်းပင် ဖြစ်သည်– “အကြင်သူသည် မိမိကို ချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။”—မဿဲ ၂၃:၁၂; သု. ၈:၁၃; လုကာ ၉:၄၈။

ကျိုးနွံခြင်း၏ အကျိုး

ရာ့လ်ဖ် ဝါလ်ဒို အီမာစင်က ဤသို့ရေးခဲ့သည်– “ကျွန်တော်တွေ့ဆုံသူတိုင်းသည် ကျွန်တော်ထက်တစ်နည်းမဟုတ်တစ်နည်း သာလွန်သူချည်းသာဖြစ်သည်။။ သူတို့ထံမှ ကျွန်တော်သင်ယူစရာများစွာ တွေ့ရှိရသည်။” သူ၏စကားသည် တမန်တော်ပေါလုအား ဘုရားသခင်မိန့်တော်မူစေသည့် မှုတ်သွင်းခံသြဝါဒစကားနှင့် တူပါသည်။ ခရစ်ယာန်များအနေနှင့် “ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြု . . . သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ” ရမည်ဖြစ်သည်။ (ဖိလိပ္ပိ ၂:၃) မည်သူကိုမဆို ဤကျိုးနွံသောစိတ်ထားက သူတစ်ပါးထံမှ သင်ယူစရာများကို သင်ယူရန် အနေအထားမျိုး၌ ရှိစေသည်။

ထို့ကြောင့် သင့်အားသန်ရာသည် သင့်ပျော့ညံ့ရာ မဖြစ်လာစေဖို့အတွက် သတိပြုပါ။ လေလုံးထွားခြင်းကြောင့် သင့်အရည်အချင်းများနှင့် သင့်အောင်မြင်မှုများ၏ဂုဏ်ကို မယုတ်လျော့စေပါနှင့်။ သင်၏ပင်ကိုယ်အစွမ်းသတ္တိတွင် ကျိုးနွံခြင်းအရည်အသွေးကို ထပ်လောင်းဖြည့်သွင်းပေးပါ။ ဤအရည်အချင်းက သင့်အား ပိုမိုလေးစားခံထိုက်သူ ဖြစ်စေပါလိမ့်မည်။ ယင်းကြောင့်လည်း လူလူချင်းဆက်ဆံမှု ပို၍ပြေပြစ်ပြီး ယေဟောဝါဘုရားသခင်၏ မျက်နှာသာတော်ကိုလည်း ခံစားစေပါလိမ့်မည်။—မိက္ခာ ၆:၈; ၂ ကောရိန္သု ၁၀:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ