အန္တရာယ်ပြု အတင်းအဖျင်းပြောဆိုခြင်းကို မည်သို့ချေဖျက်နိုင်
“အိုယေဟောဝါ၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။”—ဆာလံ ၁၄၁:၃။
၁။ ကျွန်ုပ်တို့၏ဘုရားပေးဦးနှောက်သည် အဘယ်စွမ်းအင်ရှိသနည်း။
ယေဟောဝါသည် ကျွန်ုပ်တို့ကိုဦးနှောက်ပေးထားသည်။ ယင်းသည် အလွန်အံ့ဖွယ်ရာကောင်းလှသည်။ The Incredible Machine ဟူသောစာအုပ်က ဤသို့ဆိုသည်။ “ကျွန်ုပ်တို့စိတ်ကူးထဲ၌သာရှိသေးသည့် တကယ့်ကိုခေတ်မီပြီးအဆင့်မြင့်သောကွန်ပြူတာများပင်လျှင် လူ့ဦးနှောက်၏အတိုင်းမသိရှုပ်ထွေးပွေလီ၊ ပြုပြင်ပြောင်းလဲနိုင်မှုနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် အကြမ်းသဘောမျှသာရှိသည်။ . . . အချိန်အခါမရွေး သင့်ဦးနှောက်တွင်းပြိုးပြက်သောအချက်ပြချက် သန်းပေါင်းများစွာသည် အတိုင်းအတာမသိ အလွန်များပြားလှသောအချက်အလက်အကြောင်းအရာများ သယ်ဆောင်ထားသည်။ သင့်ကိုယ်တွင်းနှင့်ပြင်ပဆိုင်ရာ ဝန်းကျင်အခြေအနေများအကြောင်း အသိပေးသည်။ . . . အခြားအချက်ပြချက်များ ပြိုးပြက်လှုပ်ရှားပြီး အကြောင်းခြင်းရာတို့ကို ပိုင်းခြားဝေဖန်နေစဉ် ယင်းတို့သည် ခံစားချက်များ၊ မှတ်မိရာများ၊ စဉ်းစားချက်များ၊ သို့မဟုတ် အကြံအစည်များကိုဖြစ်ပေါ်လာစေ၍ ဆုံးဖြတ်ချက်ချစေသည်။ ချက်ချင်းလက်ငင်းပင် သင့်ဦးနှောက်မှ အချက်ပြချက်တို့သည် သင့်ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ခိုင်းစေလိုက်၏။ . . . တစ်ချိန်တည်းတွင် သင့်ဦးနှောက်သည် ရှူသွင်းရှူထုတ်နိုင်စွမ်း၊ သွေးလေလည်ပတ်မှု၊ သင့်အပူချိန်နှင့် သင်သတိမထားမိသော အခြားအခြားလိုအပ်သောလှုပ်ရှားမှုများကို သတိပေးအချက်ပြနေပါသည်။”—စာမျက်နှာ ၃၂၆။
၂။ ယခုအဘယ်မေးခွန်းကို သုံးသပ်သင့်သနည်း။
၂ ဘုရားသခင်ထံမှရရှိထားသည့် ဤမျှအံ့ဖွယ်ရာကောင်းသောဆုကျေးဇူးကို အမှိုက်ပုံးကဲ့သို့ မည်သည့်အခါမျှအသုံးမပြုသင့်ပေ။ သို့ဖြင့်၊ အန္တရာယ်ပြုသောအတင်းအဖျင်းကိုနားထောင်မည်၊ တစ်ဆင့်ပြန်ပြောမည်ဆိုလျှင် ဦးနှောက်ကိုအလွဲသုံးစားပြုရာရောက်စေနိုင်သည်။ ဤကဲ့သို့သောစကားမျိုးကို ကိုယ်တိုင်ရှောင်ကြဉ်ပြီး ယင်းကိုမပြောဆိုကြရန် အခြားသူများကိုလည်း မည်သို့ကူညီပေးနိုင်သနည်း။
သင့်ဘုရားပေးဉာဏ်ကို တန်ဖိုးထား
၃။ ခရစ်ယာန်စစ်ဆိုလျှင် အန္တရာယ်ပြုသောစကားမျိုးကို အဘယ်ကြောင့်ပြောဆိုမည်မဟုတ်သနည်း။
၃ ဘုရားပေးဉာဏ်ကိုတန်ဖိုးထားမည်ဆိုလျှင် အန္တရာယ်ပြုသော အတင်းအဖျင်းပြောဆိုခြင်းကိုနားထောင်မည်မဟုတ်။ ယင်းကိုတစ်ဆင့်ပြန်ပြောမည်လည်းမဟုတ်။ ယေဟောဝါ၏ဝိညာဉ်တော်သည် ဤကဲ့သို့သောအကြံအစည်မျိုးဖြင့် ဦးနှောက်ကိုဖြည့်ပေးရန် လှုံ့ဆော်မည်မဟုတ်။ သူတစ်ထူးအားထိခိုက်နစ်နာစရာများကိုပြောဆိုရန်လည်း လျှာကိုအသုံးပြုစေမည်မဟုတ်။ ဘုရားသခင့်နှုတ်ကပတ်တော် ဤသို့ဆိုသည်။ “ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်” စေ။ (ဟေရှာယ ၅၅:၇)လူဆိုး၏စိတ်သည် မကောင်းသောအကြံအစည်များနှင့်သာပြည့်နေသည်ဖြစ်၍ ဖြောင့်မတ်သောသူကို ဂုဏ်အသရေဖျက်ရန် လျင်မြန်ပေသည်။ သို့သော် ဘုရားပေးဉာဏ်ကိုတန်ဖိုးထားသူများ၏နှုတ်မှ ထိုသို့သောစကားများထွက်လိမ့်မည်ဟု မမျှော်လင့်နိုင်ရာ။
၄။ ကျွန်ုပ်တို့ဦးနှောက်နှင့် စကားပြောဆိုနိုင်စွမ်းကိုတန်ဖိုးထားလေးစားမည်ဆိုလျှင် ကျွန်ုပ်တို့စိတ်နှင့်လျှာကို မည်သို့အသုံးပြုမည်နည်း။
၄ လျော်ကန်စွာတန်ဖိုးထားတတ်သောစိတ်သည် ကျွန်ုပ်တို့စိတ်နှလုံးနှင့်လျှာကို ဇာတိပကတိသဘော၊ ထိန်းချုပ်မှုမရှိ ပြုမူခြင်းကိုရှောင်ကြဉ်စေမည်။ ၄င်းအစား ကျွန်ုပ်တို့တွေးတောကြံစည်၊ ပြောဆိုလေသမျှသည် မြင့်မြတ်လိမ့်မည်။ ကျွန်ုပ်တို့အကြံအစည်များထက်မြင့်သော အကြံအစည်များပိုင်ရှင်ကို ဆုတောင်းအားထားခြင်းဖြင့် အန္တရာယ်ပြုစေတတ်သော အတင်းအဖျင်းပြောဆိုခြင်းကို ရှောင်ကြဉ်နိုင်သည်။ တမန်တော်ပေါလု ဤသို့ဆုံးမထားသည်။ “[မုသားမဟုတ်၊ ဂုဏ်အသရေပျက်စေရာမဟုတ်သည့်] သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ [သဘောထားမသေးသိမ်] လျောက်ပတ်သောအကျင့်၊ [ဆိုးရွားပြီး အန္တရာယ်ပြုစေတတ်ရာမဟုတ်] ဖြောင့်မတ်သောအကျင့်၊ [ကောက်ကျစ်သောဂုဏ်အသရေဖျက်ခြင်း သို့မဟုတ် မသင်္ကာမှုများမရှိ] စင်ကြယ်သောအကျင့်၊ [ရွံမုန်းစရာ၊ သေးသိမ်စရာမဟုတ်] သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ [နှိမ်ပြီးပြောခြင်းမဟုတ်] ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ [အဆိုးမဟုတ်] ပါရမီတစ်ပါးပါး၊ [အပြစ်ဆိုစရာမရှိ] ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သောအကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။”—ဖိလိပ္ပိ ၄:၈။
၅။ ပေါလုနှင့်ပတ်သက်၍ ယုံကြည်သူချင်းတို့သည် ဘာကိုမြင်တွေ့ကြားနာခဲ့ဖူးသနည်း။
၅ ပေါလုဤသို့ထပ်ဆင့်သေးသည်။ “သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၄:၉) ပေါလုနှင့်စပ်လျဉ်း၍ အခြားသူတို့ မည်သည့်အရာတွေ့မြင်ကြားနာခဲ့ဖူးသနည်း။ စင်ကြယ်ပြီး ဝိညာဉ်ရေးအရ တည်ဆောက်မှုဖြစ်စေသောအရာများသာဖြစ်သည်။ လုဒိ သို့မဟုတ် တိမောသေအကြောင်း နောက်ဆုံးသတင်းကိုသာကြားပြောသည်မဟုတ်။ ယေရုရှလင်မြို့ရှိ အသက်ကြီးသူတို့အကြောင်း မဟုတ်မမှန်စကားများကို ပေါလုနားထောင်လိမ့်မည်မဟုတ်သည်ကား သေချာသည်။ ယင်းတို့ကိုလည်း သူတစ်ဆင့်ပြောဆိုမည်မဟုတ်ပါ။aပေါလုသည် ဘုရားပေးဉာဏ်ကိုတန်ဖိုးထားစိတ်ရှိသောကြောင့် အန္တရာယ်ပြု အတင်းအဖျင်းပြောဆိုခြင်းကိုရှောင်နိုင်ခဲ့ခြင်းဖြစ်မည်။ ယေဟောဝါရှင်ပေးသနားတော်မူသည့် စိတ်နှလုံးနှင့်လျှာကို တကယ်တန်ဖိုးထားမည်ဆိုလျှင် သူ၏ပုံသက်သေကို ကျွန်ုပ်တို့အတုယူကြမည်။
ဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို လေးမြတ်ခြင်း
၆၊ ၇။ (က) မနှိမ်နင်းနိုင်သည့်လျှာ၏ အကျိုးဖျက်မှုကို ယာကုပ်မည်သို့တင်ပြသနည်း။ (ခ) ဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို လေးမြတ်မည်ဆိုလျှင် ဘာဖြစ်မည်မဟုတ်သနည်း။
၆ ဘုရားသခင်နှင့် ကိုယ်တော်၏မြင့်မြတ်သောနှုတ်ကပတ်တော်ကို လှိုက်လှဲစွာလေးမြတ်ခြင်းဖြင့် အန္တရာယ်ပြု အတင်းအဖျင်းပြောဆိုခြင်းကိုချေဖျက်ပစ်ရန် အကူအညီဖြစ်စေမည်။ ဤသို့သောလေးမြတ်မှုကြောင့် လျှာကိုအနိုင်ယူရန်ဆုံးမခဲ့သော ယာကုပ်၏သြဝါဒကို လိုက်နာဖို့လှုံ့ဆော်တိုက်တွန်းခံရမည်။ (ယာကုပ် ၃:၂-၁၂) ဇက်ကြိုးဖြင့်မြင်းတစ်ကောင်လုံးကိုထိန်းနိုင်သကဲ့သို့ လျှာကိုထိန်းချုပ်နိုင်လျှင် ကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်မည်ဖြစ်သည်။ မီးစကလေးအားဖြင့် တောမီးလောင်နိုင်သကဲ့သို့ လျှာသည်သေးငယ်သော်လည်း အသက်စက်ယန္တရားကိုမီးတောက်လောင်စေနိုင်သော မီးစဖြစ်နိုင်သည်။ လူသည် သားယဉ်သားရဲ၊ လေသတ္တဝါ၊ တွားတတ်သောသတ္တဝါနှင့် ရေသတ္တဝါကိုနှိမ်နင်းနိုင်သော်လည်း “လျှာကိုမူကား မည်သူမျှမနှိမ်နင်းနိုင်” ဟုယာကုပ်ပြောသည်။ သို့ဖြစ်စေကာမူ အန္တရာယ်ပြုသောအတင်းအဖျင်းပြောဆိုခြင်းကို ချေဖျက်ရန် မကြိုးစားဘဲနေဖို့အတွက် ယင်းကခိုင်လုံသောဆင်ခြေမဟုတ်ပါ။
၇ နှုတ်တစ်ခုတည်းမှ ဩဘာပေးခြင်းနှင့်ကျိန်ဆဲခြင်းကို လျှာသည်ထွက်စေတတ်သည်ဟူ၍လည်း ယာကုပ်ဆိုပါသေးသည်။ ယင်းကမသင့်လျော်ပါ။ အကြောင်းမူကား၊ စမ်းရေပေါက်တစ်ပေါက်တည်းမှ ရေချို၊ ရေခါးမထွက်တတ်ပါ။ သဖန်းပင်သည် သံလွင်သီးကိုလည်းကောင်း၊ ရေငံမှလည်း ရေချိုကိုလည်းကောင်းမရနိုင်ပါ။ ခရစ်ယာန်များမစုံလင်သည့်ကာလပတ်လုံး လျှာကိုအပြည့်အဝနှိမ်နင်းနိုင်မည်မဟုတ်သည်ကား အမှန်။ ယင်းကြောင့် နောင်တယူဝမ်းနည်းသော ပြစ်မှားမိသူတို့ကို ကြင်နာသက်ညှာစိတ်ရှိသင့်သည်။ တစ်ချိန်တည်း အန္တရာယ်ပြု အတင်းအဖျင်းပြောဆိုခြင်းကို မသိကျိုးကျွံလွှတ်မထားနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ကိုယ်တော်၏နှုတ်ကပတ်တော်ကို အမှန်တကယ်လေးမြတ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်မှအတတ်နိုင်ဆုံး ဤမျှအဆိပ်ပြင်းလှသည့် လျှာကိုအလွဲသုံးစားပြုခြင်း ဆက်ဖြစ်ပေါ်စေမည်မဟုတ်တော့ပါ။
ဆုတောင်းခြင်းသည် မည်သို့ကူညီနိုင်
၈။ ဆုတောင်းခြင်းသည် အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုကို ဖျောက်ဖျက်ရန် မည်သို့အကူအညီပေးမည်နည်း။
၈ ထိခိုက်နစ်နာစေသော အတင်းအဖျင်းပြောဆိုခြင်းကိုနားထောင်ရန်နှင့်၊ ၄င်းနောက် တစ်ဆင့်ပျံ့နှံ့သွားစေရန် သွေးဆောင်ခံရခြင်းသည် အလွန်ပြင်းထန်နိုင်သည်။ ထိုကြောင့် လွန်ခဲ့သောအချိန်က ဤသွေးဆောင်မှုကိုအညံ့ခံခဲ့မိလျှင် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကိုမက အကူအညီကိုပါ တောင်းဆိုရန် မသင့်ပေလော။ “အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေနှင့်” ဟုဆုတောင်းကြရန် ယေရှုသွန်သင်ပေးခဲ့ပြီ။ (မဿဲ ၆:၁၃) ဤမျှသွေးဆောင်နိုင်သည့် ယုတ်မာသောစကားများနောက် မလိုက်မပါစေရန် ဘုရားသခင်ထံစိတ်ထက်သန်စွာဆုတောင်းသောခရစ်ယာန်များသည် စာတန်၏ဤပရိယာယ်တွင် ကျော့မိလိမ့်မည်မဟုတ်ပါ။ ဂုဏ်အသရေဖျက်သူကြီး၏ထောင်ချောက်မှ သူတို့လွတ်မြောက်ခံရကြမည်။
၉။ တစ်ဦးတစ်ယောက်၏ဂုဏ်အသရေကိုဖျက်ချင်စိတ်ပေါ်လာလျှင် ကျွန်ုပ်တို့မည်သို့ဆုတောင်းသင့်သနည်း။
၉ တစ်ဦးတစ်ယောက်၏ အသရေဖျက်ရန်သွေးဆောင်ခံရလျှင် ဤသို့ဆုတောင်းနိုင်သည်။ “အိုယေဟောဝါ၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။” (ဆာလံ ၁၄၁:၃) အပြစ်သွေးဆောင်ရာသို့လိုက်၍ ရွံမုန်းစရာကောင်းသည့် မုသားသုံးပြီးလူ့အသက်သတ်လိုစိတ်နှင့် ရန်ငြိုးထားအသရေဖျက်သူအဖြစ် မာရ်နတ်ကိုအတုယူခြင်းအားဖြင့် ထာဝရအသက်ရရန်အခွင့်အလမ်းကိုပင် ပျက်စီးစေနိုင်သည်။ (ယောဟန် ၈:၄၄) တမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်။ “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက်မတည်။”—၁ ယောဟန် ၃:၁၅။
မေတ္တာသည် အတင်းအဖျင်းပြောဆိုခြင်းကို ဖျောက်ဖျက်
၁၀။ သူတစ်ပါးအကြောင်း အတင်းအဖျင်းပြောမည့်အစား သူတို့ကိုဘာကြွေးမြီတင်သင့်သနည်း။
၁၀ ကျွန်ုပ်တို့အားလုံး သူတစ်ထူးအပေါ် ကြွေးမြီတင်သူချည်းသာဖြစ်သည်။ သို့သော် အန္တရာယ်ပြု အတင်းအဖျင်းပြောဆိုခြင်းကိုဖြစ်ပွားစေသည့် မုန်းတီးစိတ်ကိုကား ကြွေးမြီမတင်ကြချေ။ “အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှမတင်စေနှင့်” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၁၃:၈) သူတစ်ပါးကိုဆန့်ကျင်ဘက်ပြုပြောဆိုခြင်း၊ နာမည်ကောင်းကိုဖျက်ဆီးခြင်းပြုမည့်အစား ထိုကြွေးမြီကို နေ့စဉ်ဆပ်ပေးနေသင့်သည်။ ယေဟောဝါကိုချစ်ပါသည်ဟုဆိုလျှင် ဝတ်ပြုသူချင်းတစ်ဦး၏ဂုဏ်အသရေကို ဖျက်မည်မဟုတ်။ အကြောင်းမူကား၊ “မိမိမြင်ရသော မိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကိုချစ်နိုင်မည်မဟုတ်ပါ။”—၁ ယောဟန် ၄:၂၀။
၁၁။ အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုနှင့်ပတ်သက်၍ ယေရှု၏ သိုးနှင့်ဆိတ်ဥပမာသည် မည်သို့စဉ်းစားစရာအကြောင်းပေါ်စေသနည်း။
၁၁ သိုးနှင့်ဆိတ်အကြောင်း ယေရှု၏ပုံဥပမာကို သုံးသပ်ကြည့်စို့။ ခရစ်တော်၏ညီတော်များအားပြုလေသမျှသည် ခရစ်တော်ကိုပြုရာပင်ဖြစ်သည်ဟု ဆိတ်ကဲ့သို့သောသူများ ပြောခံခဲ့ရသည်။ ခရစ်တော်အကြောင်းအတင်းအဖျင်းပြောဆိုမည်လော။ သင့်သခင်အရှင်တစ်ဖက် ရှုတ်ချမပြောလိုလျှင် ကိုယ်တော်၏ဘိသိက်ခံညီတော်များအားလည်း ထိုသို့မပြုပါလေနှင့်။ “ထာဝရအပြစ်ဒဏ်ကိုခံရမည့်” ဆိတ်များပြုခဲ့သောအမှားကို မပြုပါနှင့်။ ယေရှု၏ညီတော်များကို သင်ချစ်မြတ်နိုးပါက သူတို့အကြောင်းပြောဆိုလေသမျှအားဖြင့် ချစ်ကြောင်းဖေါ်ပြပါ။—မဿဲ ၂၅:၃၁-၄၆။
၁၂။ သု၊ ၁၆:၂ ၏သဘောတရားကားအဘယ်နည်း။ ယင်းသည် ကျွန်ုပ်တို့၏အကြံအစည်၊ အပြုအမူနှင့် အပြောအဆိုကို မည်သို့ဖြစ်စေသင့်သနည်း။
၁၂ ကျွန်ုပ်တို့အားလုံး အပြစ်သားများဖြစ်ကြ၍ ယေရှု၏ရွေးဖိုးပူဇော်သက္ကာလိုအပ်သူချည်းသာဖြစ်ကြရာ တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့အကြောင်းမကောင်းသတင်းပြောဆိုလိုလျှင် ပြောဆိုစရာမြောက်မြားစွာတွေ့ရှိနိုင်သည်။ (၁ ယောဟန် ၂:၁၊ ၂) မိမိကိုယ်ကို ဟုတ်လှပြီ၊ ကောင်းလှပြီဟု အထင်ရှိနေမည်။ “လူသည်မိမိကျင့်သမျှသောအကျင့်တို့ကို နှစ်သက်တတ်၏။ ယေဟောဝါဘုရားမူကား စိတ်သဘောတို့ကိုချိန်တော်မူ၏။” ဘုရားသခင်၏ချိန်ခွင်များသည် မျက်နှာလိုက်ခြင်း သို့မဟုတ် သမာသမတ်မမျှတမှုကြောင့် တစ်ဖက်စောင်းနင်းဖြစ်မနေပါ။ (သု၊ ၁၆:၂။ တမန်တော် ၁၀:၃၄၊ ၃၅) ကျွန်ုပ်တို့၏စိတ်ထားကို သတိပြုကာ စိတ်ဓာတ်ကိုချိန်ဆရုံမက ကျွန်ုပ်တို့ကိုစဉ်းစားပြုမူပြောဆိုစေသည့် စိတ်လှုပ်ရှားမှုများကိုထည့်တွက်တော်မူသည်။ ထိုကြောင့် မိမိကိုယ်ကိုသန့်ရှင်းသည်၊ သူတစ်ပါးမူကား အညစ်အကြေးစွန်းထင်းသည့်အတွက် အန္တရာယ်ပြုစကားများ ပြောဆိုခံထိုက်သည်ဟူ၍ မှားယွင်းစွာယူမှတ်နေကြောင်း ဘုရားသခင်ကိုစီရင်စေလိုမည်မဟုတ်သည်ကားအမှန်။ ယေဟောဝါရှင်နည်းတူ ကျွန်ုပ်တို့သည် မျက်နှာလိုက်ခြင်းမရှိ၊ သနားကြင်နာချစ်ခင်တတ်သူဖြစ်သင့်သည်။
၁၃။ (က) “မေတ္တာသည် စိတ်ရှည်တတ်၍ ကျေးဇူးပြုတတ်” ခြင်းက အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုကို ဖျောက်ဖျက်ရန် မည်သို့အကူအညီပေးသနည်း။ (ခ) ကျွန်ုပ်တို့မရရှိသောလုပ်ငန်းတော်အခွင့်အရေးကိုရရှိထားသူအကြောင်း မကောင်းသတင်းမပြောမိရန် ဘာကအကူအညီ ဖြစ်စေမည်နည်း။
၁၃ ၁ ကောရိန္သု ၁၃:၄-၈ ပါပေါလု၏စကားကိုကျင့်သုံးခြင်းအားဖြင့် အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုသည့်အကျင့်ကို ဖျောက်ဖျက်ပစ်ရန်အကူအညီရရှိနိုင်သည်။ သူဤသို့ရေးခဲ့သည်။ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။” ယုံကြည်ခြင်းမတူသောအိမ်ထောင်ရှိ ညီအစ်မတစ်ဦးသည် ကျွန်ုပ်တို့ကိုကြည်ဖြူစွာနှုတ်မဆက်မိဘဲဖြစ်မည်။ သို့မဟုတ် ကျန်းမာရေးမညီညွတ်သည့်အတွက် နှေးကွေးနေမည်။ ဤကဲ့သို့သောသူများကို အပြစ်ဆိုအတင်းအဖျင်းပြောဆိုမည့်အစား မေတ္တာအားဖြင့်စိတ်ရှည်မှုပြကာ ကျေးဇူးပြုစေမည်မဟုတ်လော။ “မေတ္တာသည် မနာလိုစိတ်မရှိ။ ကြွားဝါမှုမရှိ။ မာန်မာနမရှိ။” သို့ဖြစ်၍ အခြားခရစ်ယာန်တစ်ဦးသည် မိမိမရရှိသောအခွင့်အရေးတစ်ခုကို ရရှိသည့်အခါ သူ့အားရှုတ်ချပြောဆိုခြင်း၊ ထိုလုပ်ငန်းနှင့်မထိုက်တန်ဟု မပြောဆိုမိရန် မေတ္တာကတားဆီးပါမည်။ မိမိအောင်မြင်မှုများအကြောင်း ပြောဆိုခြင်းအားဖြင့် မိမိလောက်အခွင့်မသာသူတို့အား စိတ်ဓာတ်ကျစေနိုင်သည့် ဝါကြွားခြင်းကိုမပြုစေရန် မေတ္တာသည် တားဆီးပေမည်။
၁၄။ မေတ္တာနှင့်စပ်လျဉ်းသည့် အဘယ်အချက်က သူတစ်ပါးအကြောင်း ပြောဆိုလိုက်သည့်စကားကိုထိခိုက်စေသနည်း။
၁၄ “မေတ္တာသည် မလျောက်ပတ်စွာမကျင့်တတ်။ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်” ဟူ၍လည်း ပေါလုပြောသေးသည်။ ခရစ်ယာန်မပီသသောစကားများပြောဆိုမည့်အစား မေတ္တာအားဖြင့် သူတစ်ပါးကိုချီးမွမ်းပြောဆိုကာ သူတို့အကျိုးကိုစဉ်းစားရန်တိုက်တွန်းခံသင့်သည်။ မေတ္တာရှိလျှင် ဒေါသအမျက်မထွက်၊ တကယ်ဖြစ်စေ၊ အထင်အားဖြင့်ဖြစ်စေ ထိခိုက်နစ်နာသည့်အတွက် သူတစ်ပါးကိုပုတ်ခတ်ပြောဆိုမည်မဟုတ်ပါ။ မေတ္တာသည် “မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိ၊ သမ္မာတရား၌ ဝမ်းမြောက်တတ်” သဖြင့် မတရားမှုများခံရသော ရန်သူများအကြောင်းပင် အန္တရာယ်ပြုအတင်းအဖျင်းစကားများ ပြောဆိုမည်မဟုတ်ပေ။
၁၅။ (က) ‘မေတ္တာသည် ခပ်သိမ်းသောအရာတို့ကို ယုံတတ်၏၊ ခပ်သိမ်းသောအရာတို့ကိုမျှော်လင့်တတ်’ သည့်အတွက် မည်သို့ဖြစ်သင့်သနည်း။ (ခ) သူတစ်ပါးသည် ယေဟောဝါအဖွဲ့အစည်းကိုပြစ်တင်ပြောဆိုသည့်တိုင် မေတ္တာ၏အဘယ်အရည်အချင်းများက အဖွဲ့အစည်းနှင့်ပူးတွဲနေရန် အကူအညီပေးသနည်း။
၁၅ မေတ္တာသည် ဘုရားသခင့်နှုတ်ကပတ်တော်ပါ “ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။” ‘သစ္စာသမာဓိရှိကျေးကျွန်’ အတန်းစားထံမှရရှိသော ဝိညာဏအစာကိုတန်ဖိုးထားစေမည်။ မုသားသုံးသော ယုံကြည်ခြင်းဖောက်ပြန်သူတို့၏ ဂုဏ်အသရေဖျက်စကားများကို နားထောင်နေမည်မဟုတ်ပါ။ (မဿဲ ၂၄:၄၅-၄၇။ ၁ ယောဟန် ၂:၁၈-၂၁) ‘မေတ္တာသည် ခပ်သိမ်းသောအရာကိုသည်းခံတတ်၍၊ ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်သဖြင့်’ ‘ညီအစ်ကိုယောင်ဆောင်သူများ’ ကဘုရားသခင့်အဖွဲ့အစည်း သို့မဟုတ် ၄င်း၏အသင်းဝင်များကိုရှုတ်ချပြစ်တင်ပြောဆိုသည့်တိုင် အဖွဲ့အစည်းကိုသစ္စာရှိရန် အထောက်အကူပြုမည်။—ဂလာတိ ၂:၄။
လေးစားမှုသည် အတင်းအဖျင်းပြောဆိုခြင်းကို ထိန်းချုပ်ပေး
၁၆။ ကောရိန္သုမြို့ရှိ အယောင်ဆောင်ညီအစ်ကိုများကြောင့် ပေါလုအဘယ်အရာများခံခဲ့ရသနည်း။
၁၆ ယုံကြည်သူချင်းတို့ကို လေးစားခြင်းသည်လည်း အန္တရာယ်ပြုသောအတင်းအဖျင်းပြောဆိုခြင်းကို ဖျောက်ဖျက်ပစ်စေသည်။ သူတို့ကို ဘုရားသခင်လက်ခံထားတော်မူသည်ဖြစ်၍ ကျွန်ုပ်တို့သူတို့မကောင်းကြောင်း မပြောဆိုသင့်။ ပေါလုတွေ့ဆုံခဲ့သော “အယောင်အဆောင်ညီအစ်ကိုများ” ကဲ့သို့မဖြစ်ပါစေနှင့်။ ပေါလုကို သူတို့အမှန်ရှုတ်ချပြစ်တင်ပြောဆိုခဲ့ပေမည်။ (၂ ကောရိန္သု ၁၁:၂၆) ယုံကြည်ခြင်းဖောက်ပြန်သူတို့လည်း ပေါလုမကောင်းကြောင်းပြောဆိုခဲ့မည်အမှန်။ (ယုဒ ၃၊ ၄ နှင့်နှိုင်းယှဉ်ပါ။) ကောရိန္သုမြို့တွင် အချို့ဤသို့ဆိုသည်။ “ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကိုပြောသောသူဖြစ်သည် ဟုဆိုတတ်သောသူရှိ၏။” (၂ ကောရိန္သု ၁၀:၁၀) မိမိချစ်ခင်သူများအကြောင်း ထိုသို့ပြောဆိုလေ့မရှိကြချေ။
၁၇။ တမန်တော်ယောဟန်အကြောင်း ဒယောတရပ်သည် မည်သို့ပြောဆိုနေသနည်း။
၁၇ ဒယောတရပ်၏ မကောင်းပြောဆိုခံခဲ့ရသော တမန်တော်ယောဟန်ကိုသတိရပါ။ “အသင်းတော်ထံသို့ မှာစာကိုငါရေး၍ပေးလိုက်လေပြီ။ သို့သော်လည်း အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။ ထိုကြောင့် ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည် ငြူစူသောစကားနှင့် ငါတို့ကိုကဲ့ရဲ့” နေသည်။ (၃ ယောဟန် ၉၊ ၁၀) ဤသို့ကဲ့ရဲ့ငြူစူခြင်းသည် အပြစ်ကြီးလေးပါသည်။ ယနေ့လည်း ထပ်တူစကားများကိုနားထောင်နေမည်၊ သို့မဟုတ်ကိုယ်တိုင် သတင်းဖျန့်နေမည်ဆိုလျှင် ချက်ချင်းပင်ရပ်စဲလိုက်သင့်သည်။
၁၈။ ဒေမေတရိသည်ဒယောတရပ်နှင့်မည်သို့ကွာခြားသနည်း။ ဤခြားနားမှုသည် ကျွန်ုပ်တို့၏အကျင့်အကြံကို မည်သို့ဖြစ်စေနိုင်သနည်း။
၁၈ ဖြောင့်မတ်သူတို့ကို လေးစားရန်တိုက်တွန်းသည့်အနေနှင့် ဂါယုအားယောဟန်ဤသို့ဆိုသည်။ “မကောင်းသောနည်းကိုမလိုက်နှင့်။ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကိုကျင့်သောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအကျင့်ကိုကျင့်သောသူမူကား ဘုရားသခင်ကိုမသိမမြင်ရပြီ။ လူအပေါင်းတို့သည် ဒေမေတရိ၏သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌သက်သေခံကြ၏။ ငါတို့၏သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့သိကြ၏။” (၃ ယောဟန် ၁၊ ၁၁၊ ၁၂) ကျွန်ုပ်တို့တစ်ဦးစီ ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းသင့်သည်။ ငါသည် ငြူစူကဲ့ရဲ့သောဒယောတရပ် သို့မဟုတ်သစ္စာရှိသော ဒေမေတရိလော။ ကျွန်ုပ်တို့ကိုငြူစူကဲ့ရဲ့သူဟု သူတစ်ပါးမယူမှတ်စေရန် ယုံကြည်သူချင်းတို့ကို ကျွန်ုပ်တို့လေးစားခြင်းအားဖြင့် သူတို့အကြောင်း အပြုသဘောမပါသည့်စကားများပြောဆိုမည်မဟုတ်ပါ။
၁၉။ အယောင်အဆောင်ညီအစ်ကိုများသည် စီ၊ တီ၊ ရပ်စဲလ်နာမည်ပျက်အောင် မည်သို့ကြိုးစားခဲ့သနည်း။
၁၉ ပထမရာစု၌သာ အယောင်အဆောင်ညီအစ်ကိုများရှိခဲ့သည်မဟုတ်ပါ။ ၁၈၉၀ ပြည့်နှစ်များအတွင်း ဘုရားသခင့်အဖွဲ့အစည်းနှင့်ပေါင်းသင်းခဲ့သော မသမာသူများသည် ကင်းမျှော်စင်အသင်းကို ချုပ်ကိုင်ရန်ကြိုးစားခဲ့သည်။ အသင်း၏ပထမဥက္ကဌအရာမှ ပြုတ်သွားရန် ချားလ်ဇ်တေဇ်ရပ်စဲလ်ကို ကြိုးစားပြစ်တင်ရှုတ်ချခဲ့သည်။ နှစ်နှစ်ခန့် ဆင်ကြံကြံခဲ့ပြီးနောက် သူတို့၏လုပ်ကြံမှုသည် ၁၈၉၄ ခုနှစ်တွင်ပေါက်ကွဲလေသည်။ ရပ်စဲလ်သည်စီးပွားရေးတွင် မရိုးသားမဖြောင့်မတ်ခဲ့ဟူ၍ မဟုတ်မမှန်စွပ်စွဲပြောဆိုကြသည်။ သူတို့၏ အသေးအဖွဲမျှသာဖြစ်သောစွပ်စွဲချက်တို့က စွပ်စွဲသူတို့၏ရည်ရွယ်ချက်ကို ပေါ်လွင်စေသည်။ ၄င်းကား စီ၊ တီ၊ ရပ်စဲလ်ကို အသရေဖျက်လိုခြင်းဖြစ်သည်။ ဘက်မလိုက် သမာသမတ်သောခရစ်ယာန်များက အကြောင်းစုံကိုစစ်ဆေးစုံစမ်းရာတွင် ရပ်စဲလ်မှန်ကန်ကြောင်း တွေ့ရှိခဲ့ကြသည်။ သို့ဖြစ်၍ “မစ္စတာရပ်စဲလ်နှင့် သူ့လုပ်ငန်းကို ဗူးပေါ်အောင်ဖေါ်ပစ်မည်” ဟူသောအကြံအစည်မအောင်မြင်ခဲ့ပါ။ ထိုကြောင့် ပေါလုနည်းတူ ညီအစ်ကိုရပ်စဲလ်သည် အယောင်အဆောင်ညီအစ်ကိုများ၏တိုက်ခိုက်မှုကိုခံခဲ့ရသည်။ သို့သော် ဤစုံစမ်းခြင်းသည် စာတန်၏ပရိယာယ်သာဖြစ်သည်ဟု သိမြင်လာကြသည်။ ထိုနောက် ဤသို့လုပ်ကြံသူများသည် ခရစ်ယာန်ပေါင်းသင်းမှုကို မခံထိုက်ကြောင်း ဆုံးဖြတ်စီရင်ခံရကြသည်။
မွန်မြတ်သောလုပ်ရပ်များသည် အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုခြင်းကို နစ်မွန်းစေ
၂၀။ ငယ်ရွယ်သောမုဆိုးမအချို့တွင် ပေါလုအဘယ်အမှား မြင်ခဲ့သနည်း။
၂၀ အန္တရာယ်ပြုအတင်းအဖျင်းပြောမှုသည် အလုပ်မရှိပျင်းရိခြင်းနှင့်ဆက်စပ်နေကြောင်း ပေါလုကောင်းစွာသိသည်။ မွန်မြတ်သောအကျင့်များစွာပြုမူခြင်းနှင့်မဆိုင်ပေ။ ငယ်ရွယ်သောမုဆိုးမအချို့သည် “တစ်အိမ်မှတစ်အိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကိုပြော” နေကြသည်ကို ပေါလုလုံးဝမကြိုက်ခဲ့ပါ။ ၄င်းကိုပြုပြင်နည်းကားအဘယ်နည်း။ ကောင်းမြတ်သောလုပ်ငန်းများဖြစ်သည်။ ထိုကြောင့် ပေါလုဤသို့ရေးသားသည်။ “ထိုကြောင့် အသက်အရွယ်နုပျိုသောမုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအားမပေးဘဲနေခြင်းအမှုများကိုပြုစေခြင်းငှာ ငါအလိုရှိ၏။”—၁ တိမောသေ ၅:၁၁-၁၄။
၂၁။ အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုကျော့ကွင်းများကို ရှောင်ကြဉ်ရာတွင် ၁ ကောရိန္သု ၁၅:၅၈ သည် မည်သို့သက်ဆိုင်သနည်း။
၂၁ အမျိုးသမီးများသည် အိမ်ကိုထိန်းသိမ်းခြင်း၊ ဘုရားသခင့်စံချိန်တော်များအတိုင်း သားသမီးများကိုလေ့ကျင့်သွန်သင်ပေး၍ အခြားအကျိုးရှိလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နေမည်ဆိုလျှင် အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုဖြစ်စေနိုင်သည့် အကျိုးမရှိသောစကားများအတွက် အချိန်မရှိသလောက်ဖြစ်ချေမည်။ အမျိုးသားများလည်း ကောင်းမွန်ချီးမွမ်းဖွယ်လုပ်ရပ်များနှင့် အလုပ်များနေမည်ဆိုလျှင် ဤသို့သောစကားမျိုးအတွက် အချိန်ရရှိမည်မဟုတ်ပါ။ “သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ များစွာဆောင်ရွက်ကြလော့။” (၁ ကောရိန္သု ၁၅:၅၈) အထူးသဖြင့် ခရစ်ယာန်ဓမ္မအမှု၊ အသင်းတော်စည်းဝေးများ၊ ဘုရားရေးရာနှင့်ဆိုင်သော အခြားလုပ်ငန်းများ၌ စိတ်ရောကိုယ်ပါ ပါဝင်နေခြင်းအားဖြင့် ကျွန်ုပ်တို့စိတ်နှလုံးသည် ဝိညာဏရေးရာများအပေါ်သာ စိုက်တည်နေသည့်အတွက် အလုပ်မရှိ၊ အချည်းနှီးအတင်းအဖျင်းပြောဆိုကြသူများ၊ သူတစ်ပါးကိစ္စတွင် ဝင်စွက်ဖက်သူများ ဖြစ်လာလိမ့်မည်မဟုတ်ပါ။
၂၂။ ဂုဏ်အသရေဖျက်သူများကို ဘုရားသခင်မည်သို့ယူမှတ်ကြောင်းနှင့်စပ်လျဉ်း၍ သု၊ ၆:၁၆-၁၉ ကဘာပြောသနည်း။
၂၂ ဘုရားရေးရာလုပ်ငန်းများတွင် အလုပ်များနေ၍ သူတစ်ပါးကို ဝိညာဉ်ရေးအရကောင်းချီးပေးလိုလျှင် ကျွန်ုပ်တို့သည် သစ္စာသမာဓိရှိမိတ်ဆွေများဖြစ်လာကြမည်။ သစ္စာဖောက်တတ်သော မကောင်းသတင်းသယ်ဆောင်သူများဖြစ်ကြမည်မဟုတ်ပေ။ (သု၊ ၁၇:၁၇) ထိုနောက် နာမည်ပျက်စေသည့် အတင်းအဖျင်းပြောမှုကိုရှောင်ကြဉ်မည်ဆိုလျှင် မိတ်ဆွေအပေါင်းတို့ထက် အကောင်းဆုံးမိတ်ဆွေ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အဆွေဖြစ်တော်မူမည်။ ကိုယ်တော်ရွံမုန်းသောအရာခုနစ်ခုမှာ “ထောင်လွှားသောမျက်နှာ၊ မုသား၌ကျင်လည်သောလျှာ၊ အပြစ်မရှိသောသူ၏အသက်ကိုသတ်သောလက်၊ မကောင်းသောအကြံကိုကြံစည်သောနှလုံး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေ၊ မုသားစကားကိုပြော၍ မမှန်သောသက်သေ၊ အပေါင်းအဖေါ်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ” ဖြစ်ကြောင်း သတိရကြစို့။ (သု၊ ၆:၁၆-၁၉) အတင်းအဖျင်းပြောဆိုတတ်သူများသည် ပုံကြီးချဲ့ထွင်ရုံမက လှည့်ပတ်လိမ်လည်ပြောဆိုတတ်သည်။ ဂုဏ်အသရေပျက်အောင်ပြောဆိုသူများ၌ မုသားသုံးသောလျှာများရှိပါသည်။ သူတို့စကားသည် မကောင်းသတင်းပို့လိုသူတို့၏ခြေကို လှုပ်ရှားသွားလာစေသည်။ မလွဲမရှောင်ဘဲ အများအားဖြင့် ပြဿနာများဖြစ်ပွားစေသည်။ သို့သော် ဘုရားသခင်ရွံမုန်းသည့်အရာကို ကျွန်ုပ်တို့ရွံမုန်းမည်ဆိုလျှင် ဖြောင့်မတ်သူကိုပျက်စီးနစ်နာစေနိုင်သည့်ပြင် အသရေဖျက်သူ စာတန်မာရ်နတ်ကို အူမြူးစေမည့် အန္တရာယ်ပြုအတင်းအဖျင်းပြောမှုကိုရှောင်ကြဉ်မည်။
၂၃။ ကျွန်ုပ်တို့ပြောဆိုသောစကားနှင့်ပတ်သက်၍ ယေဟောဝါနှလုံးတော်ကို မည်သို့ရွှင်လန်းစေနိုင်သနည်း။
၂၃ ထိုကြောင့် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေကြလော့။ (သု၊ ၂၇:၁၁) ကိုယ်တော်ရွံမုန်းသည့်စကားကို ရှောင်ကြဉ်ကြစို့။ ဂုဏ်အသရေဖျက်သောစကားကို လုံးဝနားမထောင်ဘဲ အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုကို ဖျောက်ဖျက်ပစ်ရန် အတတ်နိုင်ဆုံးကြိုးစားကြစို့။ ကျွန်ုပ်တို့၏သန့်ရှင်းသောဘုရားသခင် ယေဟောဝါအကူအညီတော်ဖြင့် ထိုသို့ပြုရန် ကျွန်ုပ်တို့တတ်နိုင်ကြမည်အမှန်။
[အောက်ခြေမှတ်ချက်များ]
a ယနေ့ပင် အုပ်ချုပ်ရေးအဖွဲ့နှင့် ၄င်း၏ကိုယ်စားလှယ်များ ဘာပြောသည်၊ ဘာလုပ်သည်ဟု (အများအားဖြင့် မှန်ကန်သည့်သတင်းလည်းမဟုတ်ပါ) သတင်းထူးများကို နားထောင်ခြင်း၊ သတင်းဖြန့်ခြင်းကိုမပြုလုပ်သင့်ပါ။
သင်မည်သို့ဖြေဆိုမည်နည်း
▫ သူတစ်ပါးဂုဏ်အသရေဖျက်ခြင်းကိုရှောင်ကြဉ်ရန် ဆုတောင်းခြင်းသည် မည်သို့အကူအညီပေးမည်နည်း။
▫ ၁ ကောရိန္သု ၁၃:၄-၈ ကိုကျင့်သုံးခြင်းအားဖြင့် အန္တရာယ်ပြုအတင်းအဖျင်းပြောဆိုမှုကို ဖျောက်ဖျက်ရန် မည်သို့အကူအညီရရှိမည်နည်း။
▫ ယုံကြည်သူချင်းတို့အကြောင်း အတင်းအဖျင်းပြောချင်စိတ်ပေါ်လာတိုင်း ယင်းကိုချုပ်ထိန်းရန် ကိုယ့်ကိုယ်ကိုလေးစားမှုသည် မည်သို့အကူအညီပေးနိုင်သနည်း။
▫ အန္တရာယ်ပြုသောအတင်းအဖျင်းပြောဆိုမှုကျော့ကွင်းများကိုရှောင်ကြဉ်ရန် ၁ ကောရိန္သု ၁၅:၅၈ သည်အဘယ်သို့သက်ဆိုင်သနည်း။