ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဒီဇင်ဘာ စာ. ၂-၇
  • သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မြင်သက်သေများစွာရဲ့ သက်သေခံချက်
  • အတွေးအခေါ်မှားတွေကို ပေါလု တည့်မတ်ပေး
  • ‘အသက်ရှင်ရမယ့်’ သူတွေ
  • သေချာတဲ့ မျှော်လင့်ချက် ရှိထား
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ‘သေလွန်သောသူတို့သည် ထမြောက်ကြမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ရှင်ပြန်ထမြောက်ခြင်း သင့်ကို အကျိုးပြုသောသွန်သင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဒီဇင်ဘာ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၄၉

သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်

“ရှင်ပြန်ထမြောက်လာမယ့်အကြောင်း . . . ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်။”—တ. ၂၄:၁၅။

သီချင်း ၁၅၁ ကိုယ်တော် ခေါ်မယ်

အကြိုသုံးသပ်ချက်a

၁-၂။ ယေဟောဝါရဲ့ ကျေးကျွန်တွေမှာ ဘယ်အံ့ဖွယ်မျှော်လင့်ချက် ရှိသလဲ။

မျှော်လင့်ချက်ဟာ သိပ်အရေးပါတယ်။ လူတချို့က အိမ်ထောင် အောင်မြင်ဖို့၊ သားသမီးတွေ ကျန်းမာဖို့၊ ရောဂါဝေဒနာ သက်သာပျောက်ကင်းဖို့ မျှော်လင့်ကြတယ်။ ခရစ်ယာန်တွေမှာလည်း အဲဒီလို မျှော်လင့်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီထက် ပိုကောင်းတဲ့ မျှော်လင့်ချက် ရှိတယ်။ ထာဝစဉ် အသက်ရှင်ဖို့၊ ချစ်ရတဲ့ သေဆုံးသူတွေ ပြန်ရှင်လာဖို့ပါပဲ။

၂ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ့်အကြောင်း . . . ကျွန်တော်လည်း ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (တ. ၂၄:၁၅) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ဦးဆုံး ပြောတာ ပေါလု မဟုတ်ဘူး။ ယောဘလည်း ပြောခဲ့တယ်။ မိမိကို ဘုရား သတိရပြီး ပြန်ထမြောက်ပေးမယ်ဆိုတာ ယောဘ ယုံကြည်စိတ်ချတယ်။—ယောဘ ၁၄:၇-၁၀၊ ၁၂-၁၅။

၃။ ကောရိန္သု ပထမစောင် အခန်းကြီး ၁၅ ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနိုင်သလဲ။

၃ “သေလွန်သူတွေ ရှင်ပြန်ထမြောက်ခြင်း” ဟာ ခရစ်ယာန် သွန်သင်ချက်ရဲ့ “အခြေခံအယူဝါဒ” တစ်ခု ဖြစ်တယ်။ (ဟီ. ၆:၁၊ ၂) ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလုရဲ့ ဆွေးနွေးချက်ကို ကောရိန္သု ပထမစောင် အခန်းကြီး ၁၅ မှာ မှတ်တမ်းတင်ထားတယ်။ အဲဒီမှတ်တမ်းက ပထမရာစု ခရစ်ယာန်တွေအတွက် အားပေးမှု ဖြစ်စေခဲ့မှာပဲ။ ကျွန်တော်တို့ကိုလည်း အားရှိစေပြီး မျှော်လင့်ချက် ပိုခိုင်မာစေနိုင်တယ်။

၄။ သေဆုံးသွားတဲ့ ချစ်ရသူတွေ ရှင်ပြန်ထမြောက်လာမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၄ သေဆုံးသွားတဲ့ ချစ်ရသူတွေ ရှင်ပြန်ထမြောက်လာမယ်ဆိုတာ ယေရှုခရစ်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက ယုံကြည်စိတ်ချစေတယ်။ ကောရိန္သုမြို့သားတွေကို ပေါလု ဟောတဲ့ “သတင်းကောင်း” ထဲမှာ အဲဒီအချက် ပါတယ်။ (၁ ကော. ၁၅:၁၊ ၂) ခရစ်ယာန်တစ်ယောက် ရှင်ပြန်ထမြောက်ခြင်းကို မယုံဘူးဆိုရင် သူ့ယုံကြည်ခြင်းဟာ အချည်းနှီးပဲလို့ ပေါလု ပြောတယ်။ (၁ ကော. ၁၅:၁၇) ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းက ခရစ်ယာန် မျှော်လင့်ချက်အတွက် အဓိကကျတယ်။

၅-၆။ ၁ ကောရိန္သု ၁၅:၃၊ ၄ မှာပါတဲ့ စကားတွေက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၅ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလု စရေးတဲ့အခါ အချက်သုံးချက် ဖော်ပြခဲ့တယ်။ (၁) “ခရစ်တော်ဟာ ကျွန်တော်တို့အပြစ်အတွက် အသေခံခဲ့တယ်၊” (၂) ‘သင်္ဂြိုဟ်ခံရတယ်၊’ (၃) “ကျမ်းစာမှာ ပြောထားတဲ့အတိုင်း သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာတယ်။”—၁ ကောရိန္သု ၁၅:၃၊ ၄ ကိုဖတ်ပါ။

၆ ယေရှု သေတာ၊ သင်္ဂြိုဟ်ခံရတာ၊ အသက်ပြန်ရှင်တာ ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ မေရှိယဟာ “သက်ရှိလောကထဲကနေ ပယ်ရှင်း” ခံရမယ်၊ “လူဆိုးတွေနဲ့အတူ သင်္ဂြိုဟ်ခံရ” မယ်လို့ ပရောဖက် ဟေရှာယ ကြိုဟောတယ်။ “လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေး” မယ်လို့လည်း ထပ်ပြောတယ်။ ရွေးဖိုး ပေးခြင်းအားဖြင့် အဲဒီအချက်ကို ယေရှု ပြည့်စုံစေခဲ့တယ်။ (ဟေရှာ. ၅၃:၈၊ ၉၊ ၁၂။ မ. ၂၀:၂၈။ ရော. ၅:၈) ယေရှု သေဆုံး၊ သင်္ဂြိုဟ်ခံရပြီး အသက်ပြန်ရှင်လာလို့သာ ကျွန်တော်တို့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်မယ်၊ ချစ်ရတဲ့ သေလွန်သူတွေနဲ့ ပြန်ဆုံစည်းမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိလာတာ။

မျက်မြင်သက်သေများစွာရဲ့ သက်သေခံချက်

၇-၈။ ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာ ခရစ်ယာန်တွေကို ဘာက ယုံကြည်စိတ်ချစေသလဲ။

၇ ကျွန်တော်တို့ရဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဟာ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် ယေရှု ရှင်ပြန်ထမြောက်ခဲ့ကြောင်း ယုံကြည်စိတ်ချဖို့ လိုတယ်။ ယေရှုကို ယေဟောဝါ အသက်ပြန်ရှင်စေခဲ့ကြောင်း ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၈ ယေရှု အသက်ပြန်ရှင်ခဲ့ကြောင်း ပြောပြတဲ့ မျက်မြင်သက်သေ များစွာ ရှိတယ်။ (၁ ကော. ၁၅:၅-၇) ပေါလု ပြောတဲ့ ဦးဆုံးသက်သေကတော့ ကေဖလို့ ခေါ်တဲ့ တမန်တော် ပေတရု ဖြစ်တယ်။ အသက်ပြန်ရှင်လာတဲ့ ယေရှုကို ပေတရု မြင်တယ်လို့ တပည့်တွေ ပြောတယ်။ (လု. ၂၄:၃၃၊ ၃၄) တမန်တော် “၁၂ ယောက်” လည်း မြင်တယ်။ အဲဒီနောက် “ညီအစ်ကို ၅၀၀ ကျော်ရှေ့ တစ်ပြိုင်နက် ကိုယ်ထင်ပြတယ်။” အဲဒါက မဿဲ ၂၈:၁၆-၂၀ မှာ ဖော်ပြထားတဲ့ ဂါလိလဲနယ်က အစည်းအဝေးမှာ ဖြစ်နိုင်တယ်။ မိမိကို မေရှိယအဖြစ် အစပိုင်းမှာ မယုံတဲ့ မိတူဖကွဲညီ ဖြစ်နိုင်သူ ‘ယာကုပ်ကိုလည်း ကိုယ်ထင်ပြတယ်။’ (ယော. ၇:၅) အသက်ပြန်ရှင်လာတဲ့ ယေရှုကို မြင်ပြီးနောက်မှာတော့ ယာကုပ် ယုံကြည်သွားတယ်။ ဒီစာကို ပေါလု ရေးတဲ့ အေဒီ ၅၅ လောက်မှာ မျက်မြင်သက်သေ များစွာ အသက်ရှင်နေတုန်းပဲ။ ဒါကြောင့် သံသယရှိသူတွေဟာ ယုံကြည်စိတ်ချရတဲ့ မျက်မြင်သက်သေတွေဆီ သွားမေးနိုင်ခဲ့တယ်။

၉။ တမန်တော် ၉:၃-၅ အရ ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာ ပေါလု ဘာကြောင့် ပြောနိုင်သလဲ။

၉ နောက်ပိုင်း၊ ပေါလုကိုပါ ယေရှု ကိုယ်ထင်ပြတယ်။ (၁ ကော. ၁၅:၈) ဒမတ်စကတ်မြို့ကို သွားတဲ့လမ်းမှာ ပေါလု (ရှောလု) ဟာ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုရဲ့ အသံကို ကြားရတယ်။ စိတ်အာရုံမှာ ယေရှုကို မြင်ရတယ်။ (တမန်တော် ၉:၃-၅ ကိုဖတ်ပါ။) ပေါလု ကြုံရတဲ့ အဖြစ်အပျက်က ယေရှု တကယ် ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့ ထပ်ဆင့်အထောက်အထား ဖြစ်တယ်။—တ. ၂၆:၁၂-၁၅။

၁၀။ ယေရှု သေရာကနေ အသက်ပြန်ရှင်ခဲ့တယ်ဆိုတာ ပေါလု ယုံကြည်တဲ့အတွက် ဘာလုပ်သလဲ။

၁၀ ပေါလုဟာ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းခဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ သက်သေခံချက်ကို လူတွေ စိတ်ဝင်စားကြမှာပဲ။ ယေရှု ရှင်ပြန်ထမြောက်ပြီဆိုတာကို ပေါလု ယုံသွားတဲ့အခါ တခြားသူတွေလည်း ယုံကြည်လက်ခံလာအောင် ကြိုးစားဟောပြောတယ်။ ရိုက်နှက်တာ၊ ထောင်ကျတာ၊ သင်္ဘောပျက်တာတွေ ခံရပ်ရင်းနဲ့တောင် အဲဒီအမှန်တရားအကြောင်း ဟောပြောတယ်။ (၁ ကော. ၁၅:၉-၁၁။ ၂ ကော. ၁၁:၂၃-၂၇) အသက်ပေးဖို့တောင် အသင့်ပဲ။ အဲဒီအစောပိုင်း ခရစ်ယာန်တွေရဲ့ သက်သေခံချက်က ယေရှု သေရာကနေ ပြန်ရှင်ခဲ့ကြောင်း၊ အနာဂတ်မှာ ရှင်ပြန်ထမြောက်ခြင်း ရှိမှာ ဖြစ်ကြောင်း ပိုယုံကြည်စိတ်ချစေတယ် မဟုတ်လား။

အတွေးအခေါ်မှားတွေကို ပေါလု တည့်မတ်ပေး

၁၁။ ကောရိန္သုမြို့က ခရစ်ယာန်တချို့မှာ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး အတွေးအခေါ်မှားတွေ ရှိနေတာ ဘာကြောင့် ဖြစ်နိုင်သလဲ။

၁၁ ဂရိမြို့တစ်မြို့ ဖြစ်တဲ့ ကောရိန္သုက ခရစ်ယာန်တချို့မှာ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ အတွေးအခေါ်မှားတွေ ရှိနေတယ်။ “လူသေတွေ ရှင်ပြန်ထမြောက်မှာ မဟုတ်ဘူး” လို့တောင် ပြောနေကြတယ်။ ဘာကြောင့်လဲ။ (၁ ကော. ၁၅:၁၂) ဂရိမြို့ နောက်တစ်မြို့ ဖြစ်တဲ့ အေသင်မြို့က အတွေးအခေါ် ပညာရှင်တွေဟာ ယေရှု ထမြောက်တယ်ဆိုတဲ့ သွန်သင်ချက်ကို လှောင်ပြောင်ကြတယ်။ ကောရိန္သုမြို့သား တချို့လည်း အဲဒီလို တွေးခေါ်လာပုံရတယ်။ (တ. ၁၇:၁၈၊ ၃၁၊ ၃၂) တချို့ကလည်း ထမြောက်ခြင်းကို ပုံဆောင်သဘောအရပဲ ယူဆနေကြတယ်။ လူတွေဟာ အပြစ်သား ဖြစ်တဲ့အတွက် လူသေဘဝမျိုး ရောက်နေပြီး ခရစ်ယာန် ဖြစ်လာချိန်မှာတော့ အပြစ်တွေ ခွင့်လွှတ်ခံရတဲ့အတွက် အသက်ပြန်ရှင်လာတယ်လို့ ယူဆကြတယ်။ ဘာပဲဖြစ်ဖြစ် ရှင်ပြန်ထမြောက်ခြင်းကို မယုံတဲ့အတွက် သူတို့ရဲ့ ယုံကြည်ခြင်းဟာ အချည်းနှီးပဲ။ ဘုရားသခင်သာ ယေရှုကို မထမြောက်ပေးရင် ရွေးဖိုးလည်း မပေးနိုင်တဲ့အတွက် လူအားလုံး အပြစ်သားဘဝမှာ ရှိနေမယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းကို လက်မခံသူတွေမှာ စစ်မှန်တဲ့ မျှော်လင့်ချက် မရှိဘူး။—၁ ကော. ၁၅:၁၃-၁၉။ ဟီ. ၉:၁၂၊ ၁၄။

၁၂။ ၁ ပေတရု ၃:၁၈၊ ၂၂ အရ ယေရှုရဲ့ ထမြောက်ခြင်းဟာ အရင်က ထမြောက်ခြင်းတွေနဲ့ ဘယ်လို ကွာသလဲ။

၁၂ “ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်” လာတယ်ဆိုတာ ပေါလု ကိုယ်တွေ့ သိခဲ့တယ်။ ယေရှုရဲ့ ထမြောက်ခြင်းဟာ အရင်က ထမြောက်ခြင်းတွေထက် ပိုသာလွန်တယ်။ အရင်က ထမြောက်သူတွေဟာ ပြန်သေဆုံးသွားကြလို့ပဲ။ ယေရှုဟာ ‘သေခြင်းမှာ အိပ်ပျော်သွားသူတွေထဲမှာ ဦးဆုံးပဲ’ လို့ ပေါလု ပြောတယ်။ ဘယ်လိုသဘောနဲ့ ဦးဆုံး ဖြစ်သလဲ။ ယေရှုဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ထမြောက်ပြီး ကောင်းကင်တက်တဲ့ လူသားတွေထဲမှာ ဦးဆုံး ဖြစ်လို့ပဲ။—၁ ကော. ၁၅:၂၀။ တ. ၂၆:၂၃။ ၁ ပေတရု ၃:၁၈၊ ၂၂ ကိုဖတ်ပါ။

‘အသက်ရှင်ရမယ့်’ သူတွေ

၁၃။ အာဒံနဲ့ ယေရှုရဲ့ ကွာခြားမှုကို ပေါလု ဘယ်လို နှိုင်းယှဉ်ပြသလဲ။

၁၃ လူတစ်ယောက်ရဲ့ သေခြင်းက လူသန်းပေါင်းများစွာကို ဘယ်လိုနည်းနဲ့ အသက်ရစေနိုင်သလဲ။ ပေါလု ယုတ္တိရှိရှိ အဖြေပေးတယ်။ အာဒံကြောင့် လူတွေ ကြုံနေရတာနဲ့ ခရစ်တော်ကြောင့် လူတွေ ရမယ့် အကျိုးကို နှိုင်းယှဉ်ပြတယ်။ ‘လူတစ်ယောက်ကြောင့် လူတွေ သေဆုံးရတယ်’ လို့ ပေါလု ပြောတယ်။ အာဒံ အပြစ်လုပ်လို့ ကိုယ်တိုင်နဲ့ သားစဉ်မြေးဆက်တွေ သေဆုံးကြရတယ်။ အာဒံရဲ့ မနာခံမှုကြောင့် ရလာတဲ့ ဆိုးကျိုးတွေကို အခုထိ ခံစားနေရတုန်းပဲ။ ဒါပေမဲ့ သားတော်ကို ဘုရား ပြန်ထမြောက်ပေးတဲ့အတွက် ကျွန်တော်တို့မှာ တောက်ပတဲ့ အနာဂတ် ရှိလာတယ်။ “လူတစ်ယောက်ကြောင့် လူသေတွေ ရှင်ပြန်ထမြောက်ရပြီ။ အာဒံကြောင့် လူအားလုံး သေဆုံးရသလို ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်” လို့ ပေါလု ပြောတယ်။—၁ ကော. ၁၅:၂၁၊ ၂၂။

၁၄။ အာဒံ ရှင်ပြန်ထမြောက်မလား။ ရှင်းပြပါ။

၁၄ ‘အာဒံကြောင့် လူအားလုံး သေဆုံးရတယ်’ ဆိုတာ ဘာကို ဆိုလိုသလဲ။ အာဒံဆီက အပြစ်နဲ့ မစုံလင်မှုကို အမွေရလို့ သေဆုံးနေရတဲ့ သားစဉ်မြေးဆက်တွေအကြောင်း ပေါလု ပြောနေတာ။ (ရော. ၅:၁၂) “အသက်ရှင်ရမယ့်” သူတွေထဲမှာ အာဒံ မပါဘူး။ အာဒံဟာ စုံလင်သူ ဖြစ်ပြီး ဘုရားကို စိတ်လိုကိုယ်လျောက် မနာခံခဲ့တာ ဖြစ်လို့ ခရစ်တော်ရဲ့ ရွေးဖိုးကနေ အကျိုး မရဘူး။ အာဒံ ကြုံရတဲ့ နောက်ဆုံးဇာတ်သိမ်းဟာ “ဆိတ်” အဖြစ် စီရင်ခံရမယ့်သူတွေ ကြုံရမယ့် ‘ထာဝရ ဖျက်ဆီးခံရခြင်း’ နဲ့ အတူတူပဲ။—မ. ၂၅:၃၁-၃၃၊ ၄၆။ ဟီ. ၅:၉။

ယေရှု ကောင်းကင်ပေါ် တက်နေ။ ပတ်လည်မှာ အစောပိုင်း ခရစ်ယာန်တချို့ကို ပုံဖော်ထား။

ကောင်းကင်အသက်တာကို ထမြောက်သူတွေထဲမှာ ယေရှုဟာ ဦးဆုံးပဲ (စာပိုဒ် ၁၅-၁၆ ကိုကြည့်ပါ)b

၁၅။ ‘အသက်ရှင်ရမယ့်’ “လူအားလုံး” ထဲမှာ ဘယ်သူတွေ ပါသလဲ။

၁၅ “ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်” လို့ ပေါလု ပြောတယ်။ (၁ ကော. ၁၅:၂၂) ကောင်းကင်ကို ထမြောက်မယ့် ကောရိန္သုမြို့သား ဘိသိက်ခံ ခရစ်ယာန်တွေဆီ ပေါလု စာရေးနေတာ ဖြစ်လို့ ‘ခရစ်တော်ကြောင့် အသက်ရှင်ရမယ့်’ “လူအားလုံး” ထဲမှာ သူတို့ ပါတယ်။ အဲဒီခရစ်ယာန်တွေဟာ “ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေဖို့ ဘုရားသခင် သီးသန့်ဖယ်ထားသူတွေ၊ သန့်ရှင်းသူတွေ၊” “ခရစ်တော်ရဲ့ တပည့်အဖြစ် သေခြင်းမှာ အိပ်ပျော်သွား” သူတွေ ဖြစ်တယ်လို့ ပေါလု ပြောတယ်။ (၁ ကော. ၁:၂။ ၁၅:၁၈။ ၂ ကော. ၅:၁၇) ‘ခရစ်တော်လို သေဆုံးတယ်ဆိုရင် ခရစ်တော်လို ရှင်ပြန်ထမြောက်လာမယ်’ လို့လည်း နောက်ကျမ်းတစ်စောင်မှာ ပေါလု ရေးတယ်။ (ရော. ၆:၃-၅) ယေရှုဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ထမြောက်ပြီး ကောင်းကင်ကို တက်သွားတယ်။ ဒါကြောင့် “ခရစ်တော်ရဲ့ တပည့်” ဖြစ်တဲ့ ဘိသိက်ခံ ခရစ်ယာန် အားလုံးလည်း ယေရှုလိုပဲ ကောင်းကင်အသက်တာကို ထမြောက်မှာ ဖြစ်တယ်။

၁၆။ ယေရှုဟာ “ဦးဆုံး” ဖြစ်တယ်လို့ ပေါလု ပြောတာ ဘာကို ဆိုလိုသလဲ။

၁၆ ခရစ်တော်ဟာ ‘သေခြင်းမှာ အိပ်ပျော်သွားသူတွေထဲမှာ ဦးဆုံးပဲ’ လို့ ပေါလု ပြောတယ်။ လာဇရုတို့လို တခြားသူတွေ မြေကြီးပေါ် အသက်ပြန်ရှင်လာပေမဲ့ ယေရှုဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ထမြောက်ပြီး ထာဝရအသက် ရသူတွေထဲမှာ ဦးဆုံး ဖြစ်တယ်။ ဘုရားဆီ အစ္စရေးတွေ ဆက်သတဲ့ သီးဦးသီးဖျားနဲ့ ယေရှုကို နှိုင်းယှဉ်နိုင်တယ်။ ယေရှုဟာ “ဦးဆုံး” ဖြစ်တယ်လို့ ပေါလု ပြောတဲ့အတွက် တခြားသူတွေလည်း ကောင်းကင်အသက်တာကို ဆက်ထမြောက်မယ်ဆိုတာ ထင်ရှားတယ်။ “ခရစ်တော်ရဲ့ တပည့်” ဖြစ်တဲ့ တမန်တော်တွေနဲ့ တခြားသူတွေဟာ အချိန်တန်တဲ့အခါ ယေရှုလိုပဲ ကောင်းကင်အသက်တာကို ထမြောက်ကြပါလိမ့်မယ်။

၁၇။ “ခရစ်တော်ရဲ့ တပည့်” တွေ ကောင်းကင်ဆုကျေးဇူး ဘယ်အချိန်မှာ ရမလဲ။

၁၇ ကောရိန္သု အသင်းတော်ဆီ ပေါလု စာရေးချိန်မှာ “ခရစ်တော်ရဲ့ တပည့်” တွေ ကောင်းကင်ကို မထမြောက်ကြသေးဘူး။ “သူတို့ အစဉ်လိုက် ထမြောက်လိမ့်မယ်။ ခရစ်တော်ဟာ ဦးဆုံး ထမြောက်ခဲ့တယ်၊ အဲဒီနောက် ခရစ်တော် ပိုင်ဆိုင်သူတွေဟာ ခရစ်တော် ရောက်ရှိနေချိန်အတွင်း ရှင်ပြန်ထမြောက်လိမ့်မယ်” လို့ ပေါလု ပြောတာ အနာဂတ်မှာ ဖြစ်မယ့်အရာအကြောင်း ပြောနေတာ။ (၁ ကော. ၁၅:၂၃။ ၁ သက်. ၄:၁၅၊ ၁၆) ဒီနေ့ ကျွန်တော်တို့ဟာ ကြိုဟောထားတဲ့ ခရစ်တော် “ရောက်ရှိနေချိန်” အတွင်း အသက်ရှင်နေရတယ်။ သေဆုံးသွားတဲ့ တမန်တော်တွေနဲ့ တခြား ဘိသိက်ခံ ခရစ်ယာန်တွေဟာ ကောင်းကင်ဆုကျေးဇူး ရဖို့၊ “ခရစ်တော်လို ရှင်ပြန်ထမြောက်လာ” ဖို့ အဲဒီရောက်ရှိချိန်အထိ စောင့်ခဲ့ကြရတယ်။

သေချာတဲ့ မျှော်လင့်ချက် ရှိထား

၁၈။ (က) ကောင်းကင်ဆိုင်ရာ ထမြောက်ခြင်းပြီးနောက် ထမြောက်ခြင်း နောက်တစ်မျိုး ရှိမယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) ၁ ကောရိန္သု ၁၅:၂၄-၂၆ အရ ဘာတွေ ဖြစ်မလဲ။

၁၈ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတဲ့ သစ္စာရှိ ခရစ်ယာန်အားလုံးအတွက် ဘာမျှော်လင့်ချက် ရှိသလဲ။ သူတို့မှာလည်း ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ရှိပါတယ်။ ကောင်းကင်သွားမယ့် ပေါလုနဲ့ တခြားသူတွေဟာ “အစောပိုင်း ရှင်ပြန်ထမြောက်ခြင်း” မှာ ပါဝင်တယ်လို့ ကျမ်းစာ ပြောတယ်။ (ဖိ. ၃:၁၁) ထမြောက်ခြင်း နောက်တစ်မျိုး ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ ဒါက မိမိအနာဂတ်နဲ့ပတ်သက်ပြီး ယောဘ ပြောခဲ့တာနဲ့လည်း ကိုက်ညီတယ်။ (ယောဘ ၁၄:၁၅) “ခရစ်တော် ပိုင်ဆိုင်သူတွေဟာ” အစိုးရရှိသမျှ၊ အခွင့်အာဏာနဲ့ တန်ခိုးရှိသမျှကို ယေရှုခရစ် ဖျက်ဆီးချိန်မှာ ယေရှုနဲ့အတူ ကောင်းကင်မှာ ရှိနေကြပါလိမ့်မယ်။ “နောက်ဆုံးရန်သူ ဖြစ်တဲ့ သေခြင်း” တောင် ဖျက်ဆီးခံရလိမ့်မယ်။ ကောင်းကင်ကို ထမြောက်သွားသူတွေ ဘယ်တော့မှ သေတော့မှာ မဟုတ်ဘူး။ ဒါဆိုရင် တခြားသူတွေကော။—၁ ကောရိန္သု ၁၅:၂၄-၂၆ ကိုဖတ်ပါ။

၁၉။ မြေကြီးမျှော်လင့်ချက် ရှိသူတွေ ဘာမျှော်လင့်နိုင်သလဲ။

၁၉ မြေကြီးမျှော်လင့်ချက် ရှိသူတွေ ဘာမျှော်လင့်နိုင်သလဲ။ ‘ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ့်အကြောင်း ကျွန်တော် မျှော်လင့်ပါတယ်’ ဆိုတဲ့ ပေါလုရဲ့ စကားတွေကနေ သူတို့ မျှော်လင့်ချက် ရရှိနိုင်တယ်။ (တ. ၂၄:၁၅) မဖြောင့်မတ်သူ တစ်ယောက်မှ ကောင်းကင်ကို မဝင်နိုင်ဘူး။ ဒါကြောင့် အဲဒီစကားတွေဟာ အနာဂတ် မြေကြီးဆိုင်ရာ ထမြောက်ခြင်းအကြောင်း ဆိုလိုနေတာ ဖြစ်တယ်။

သက်ကြီး မုဆိုးဖို ညီအစ်ကို အမှုဆောင် သွားဖို့ အိမ်က ထွက်နေ။ စားပွဲပေါ်မှာ ဇနီးဓာတ်ပုံနဲ့ မင်္ဂလာဆောင်တဲ့နေ့က ဓာတ်ပုံကို ထောင်ထား။

ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းက အနာဂတ်ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်ဖို့ ကူညီပေး (စာပိုဒ် ၂၀ ကိုကြည့်ပါ)c

၂၀။ မျှော်လင့်ချက်က ဘယ်လို အားရှိစေသလဲ။

၂၀ ‘ရှင်ပြန်ထမြောက်ခြင်း’ ရှိမှာ သေချာပါတယ်။ မြေကြီးပေါ် ထမြောက်လာသူတွေဟာ ထာဝစဉ် အသက်ရှင်ဖို့ အလားအလာ ရရှိကြမယ်။ အဲဒီကတိကို သင် ယုံကြည်စိတ်ချနိုင်ပါတယ်။ သေဆုံးသွားတဲ့ ချစ်ရသူတွေအတွက်လည်း စိတ်အေးစရာပါပဲ။ ခရစ်တော်နဲ့ တခြားသူတွေ “ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုး” ချိန်အတွင်း သူတို့ ရှင်ပြန်ထမြောက်လာလိမ့်မယ်။ (ဗျာ. ၂၀:၆) သင်လည်း အနှစ်တစ်ထောင် မစခင် သေဆုံးသွားရင် ရှင်ပြန်ထမြောက်လာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ အဲဒီ “မျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။” (ရော. ၅:၅) အဲဒီမျှော်လင့်ချက်က လောလောဆယ် ကျွန်တော်တို့ကို အားရှိစေပြီး ပျော်ရွှင်စွာ ဘုရားအမှုဆောင်ဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ကောရိန္သု ပထမစောင် အခန်းကြီး ၁၅ ကနေ ထပ်သိစရာတွေ ရှိသေးတယ်။ အဲဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေရှု ရှင်ပြန်ထမြောက်ခဲ့ကြောင်း ဘယ်အချက်က သက်သေပြသလဲ။

  • ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့ အချက်က ကျွန်တော်တို့အတွက် ဘာကြောင့် အရေးကြီးသလဲ။

  • ကောရိန္သု ပထမစောင် အခန်းကြီး ၁၅ က ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကို ဘယ်လို ခိုင်မာစေသလဲ။

သီချင်း ၁၄၇ ထာဝရအသက် ကတိတော်

a ကောရိန္သု ပထမစောင် အခန်းကြီး ၁၅ မှာ ရှင်ပြန်ထမြောက်ခြင်းအကြောင်း အလေးပေးပြောထားတယ်။ ကျွန်တော်တို့အတွက် အဲဒီသွန်သင်ချက် ဘာကြောင့် အရေးပါသလဲ။ ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ အဲဒီမေးခွန်းတွေ၊ ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်တဲ့ တခြား အရေးကြီးမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ပုံအညွှန်း– ယေရှုဟာ ကောင်းကင်တက်သွားသူတွေထဲမှာ ဦးဆုံးပဲ။ (တ. ၁:၉) ယေရှုလို ကောင်းကင်ကို ထမြောက်မယ့်သူတွေထဲမှာ သောမ၊ ယာကုပ်၊ လုဒိ၊ ယောဟန်၊ မာရိ၊ ပေါလုတို့ ပါဝင်တယ်။

c ပုံအညွှန်း– အတူအမှုဆောင်ခဲ့တဲ့ ချစ်ဇနီး သေဆုံးသွားပေမဲ့ ပြန်ထမြောက်လာမယ်ဆိုတာ ညီအစ်ကိုတစ်ယောက် ယုံကြည်စိတ်ချပြီး ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ