မျက်နှာဖုံးဆောင်းပါး– ယေရှုအသက်ပြန်ရှင်လာခြင်းက သင့်အတွက်အကျိုးရှိ
ယေရှု တကယ် အသက်ပြန်ရှင်လာခဲ့သလား
လွန်ခဲ့တဲ့ အနှစ် ၂,၅၀၀ မှာ အသက်ရှင်ခဲ့တဲ့ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်က သူ့ခေတ်အခါမှာရှိတဲ့ အီဂျစ်လူတွေနဲ့ပတ်သက်ပြီး ဖြစ်ရပ်တစ်ခုကို ဒီလိုဖော်ပြခဲ့တယ်– “လူချမ်းသာတွေရဲ့ စားသောက်ပွဲတွေမှာ ညစာစားလို့ပြီးသွားရင် လူတစ်ယောက်က အခေါင်းတစ်ခေါင်း သယ်လာတယ်။ တစ်ပေခွဲ ဒါမှမဟုတ် သုံးပေလောက်ရှိတဲ့ အဲဒီအခေါင်းထဲမှာ တကယ့်လူသေအလောင်းနဲ့ ချွတ်စွပ်တူအောင် ထုလုပ်ပြီး ဆေးခြယ်ထားတဲ့ သစ်သားပန်းပုရုပ် ထည့်ထားတယ်။ အဲဒါကို စားသောက်ပွဲမှာရှိတဲ့ လူတစ်ယောက်ချင်းစီ သူ လိုက်ပြတယ်။ ပြီးတော့ ‘စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ပါးကြပါ။ ဒါပေမဲ့ ဒီအရုပ်ကိုလည်း ကြည့်ထားကြ။ မင်းတို့ သေသွားတဲ့အခါ ဒီအရုပ်လိုပဲ ဖြစ်သွားမယ်’ လို့ သူပြောတယ်။”
အသက်ရှင်ခြင်း၊ သေခြင်းနဲ့ပတ်သက်တဲ့ အထက်ပါ သဘောထားမျိုးက အီဂျစ်လူတွေအတွက် အဆန်းမဟုတ်ဘူး။ ကနေ့ခေတ်မှာလည်း “စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ပါးကြ” ဆိုတဲ့ သဘောထားက ရိုးနေပါပြီ။ လူ့ဘဝက သေခြင်းမှာ နိဂုံးချုပ်သွားပြီဆိုရင် အသက်ရှင်နေတုန်း ပျော်ပျော်ကြီး နေလိုက်တာက ပိုမကောင်းဘူးလား။ ဘာဖြစ်လို့ မှန်တာတွေကို ကြိုးစားပြီး လုပ်နေရမှာလဲ။ လက်ရှိအချိန်အတွက်ပဲ အသက်ရှင်တာက ပိုမကောင်းဘူးလား။ အဲဒီလိုပါပဲ၊ လူသေတွေ အသက်ပြန်ရှင်လာမယ်ဆိုတာကို မယုံကြည်တဲ့သူတွေရဲ့ သဘောထားကို တမန်တော်ပေါလုလည်း ဒီလိုဖော်ပြခဲ့တယ်– “လူသေတို့၏ ထမြောက်ခြင်းမရှိလျှင် ‘စားလျက်၊ သောက်လျက် နေကြစို့၊ အကြောင်းမူကား နက်ဖြန် သေကြရမည်။’”—၁ ကောရိန္သု ၁၅:၃၂။
လူသေတွေ ဘယ်တော့မှ အသက်ပြန်မရှင်လာတော့ဘူးလို့ ပေါလု မယူဆခဲ့ပါဘူး။ လူသေတွေဟာ ဘယ်တော့မှ မသေနိုင်တဲ့ အလားအလာနဲ့ အသက်ပြန်ရှင်လာကြမယ်ဆိုတာကို သူ လက်ခံယုံကြည်ထားတယ်။ အဲဒီယုံကြည်ချက်က ခရစ်တော်ယေရှု အသက်ပြန်ရှင်လာခြင်း (ရှင်ပြန်ထမြောက်ခြင်း)a ဆိုတဲ့ မငြင်းနိုင်တဲ့ အမှန်တရား၊ အလွန်အရေးပါတဲ့ ဖြစ်ရပ်တစ်ခုအပေါ် အခြေခံတယ်။ တကယ်ဆိုရင် ယေရှု ရှင်ပြန်ထမြောက်ခြင်းက အစောပိုင်းတပည့်တွေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေတဲ့ အကြီးမားဆုံးဖြစ်ရပ်တစ်ခုဖြစ်တယ်။
ဒါပေမဲ့ ယေရှု အသက်ပြန်ရှင်လာခြင်းက ကျွန်ုပ်တို့အတွက် ဘာအကျိုးရှိမလဲ။ ယေရှု တကယ် အသက်ပြန်ရှင်လာခဲ့တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ပေါလု စာရေးတုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကျိုးကြောင်းဆင်ခြင်ခဲ့တယ်ဆိုတာကို သုံးသပ်ကြည့်ကြစို့။
ခရစ်တော် အသက်ပြန်မရှင်ခဲ့ရင်ကော
ရှေးခေတ် ကောရိန္သုမြို့က ခရစ်ယာန်တချို့ဟာ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေကြပါတယ်။ တချို့ဆိုရင် ရှင်ပြန်ထမြောက်ခြင်းကို လုံးဝအယုံအကြည်မရှိဘူး။ ရှင်ပြန်ထမြောက်ခြင်းက အမှန်တကယ် မဟုတ်ဘူးဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကောရိန္သုမြို့က ခရစ်ယာန်တွေဆီကို ရေးခဲ့တဲ့ ပေါလုရဲ့ ပထမစာစောင်ထဲမှာ တွေ့ရပါတယ်။ သူဒီလိုရေးခဲ့တယ်– “လူသေတို့ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူမည်မဟုတ်။ ခရစ်တော်သည် ထမြောက်ခြင်းမခံရလျှင် ငါတို့၏ဟောပြောခြင်းသည် အမှန်ပင် အချည်းနှီးဖြစ်၏။ ငါတို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။ ထို့ပြင် . . . ငါတို့သည် ဘုရားသခင်အကြောင်း မဟုတ်မမှန် သက်သေခံသူများ ဖြစ်ကြလေပြီ။ . . . သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၏။ သင်တို့သည် အပြစ်၌ရှိကြဆဲဖြစ်၏။ ထို့ပြင် ခရစ်တော်၏တပည့်များအဖြစ် သေခြင်း၌ အိပ်ပျော်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”—၁ ကောရိန္သု ၁၅:၁၃–၁၈။
“ညီအစ်ကိုငါးရာကျော်တို့ရှေ့ တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ . . . ထို့နောက် ယာကုပ်ထံသို့လည်းကောင်း၊ ထို့နောက် တမန်တော်အပေါင်းတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။ နောက်ဆုံး၌ အချိန်မတန်ဘဲ မွေးဖွားလာသူကဲ့သို့ဖြစ်သော ငါ့ကိုလည်း ကိုယ်ကိုထင်ရှားပြတော်မူ၏။”—၁ ကောရိန္သု ၁၅:၆-၈။
လူသေတွေ ရှင်ပြန်ထမြောက်ခြင်း မရှိဘူးဆိုရင် ခရစ်တော်လည်းပဲ ထမြောက်မှာ မဟုတ်ဘူးဆိုတဲ့ လုံးဝငြင်းလို့မရနိုင်တဲ့ အချက်တွေနဲ့ ပေါလု အစချီ ဖော်ပြခဲ့ပါတယ်။ ခရစ်တော် အသက်ပြန်မရှင်လာဘူးဆိုရင် အကျိုးဆက်က ဘာဖြစ်သွားမလဲ။ သတင်းကောင်းဟောပြောခြင်းက အချည်းနှီးဖြစ်သွားပြီး လိမ်လည်မှုကြီး ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ခရစ်တော် အသက်ပြန်ရှင်လာခြင်းက ခရစ်ယာန်ယုံကြည်ချက်ရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၊ နာမတော်၊ နိုင်ငံတော်၊ ကယ်တင်ခြင်းစတဲ့ သမ္မာကျမ်းစာ အခြေခံသွန်သင်ချက်တချို့နဲ့လည်း ဆက်စပ်နေပါတယ်။ ရှင်ပြန်ထမြောက်ခြင်း မရှိခဲ့ဘူးဆိုရင် ပေါလုနဲ့ တခြားတမန်တော်တွေ ဟောခဲ့တဲ့သတင်းက အကျိုးမရှိ၊ အနှစ်သာရမဲ့သွားပါလိမ့်မယ်။
တခြားအကျိုးဆက်တွေလည်း ရှိပါသေးတယ်။ ခရစ်တော် အသက်ပြန်မရှင်ခဲ့ဘူးဆိုရင် ခရစ်ယာန်ယုံကြည်ချက်တွေဟာ အချည်းနှီးဖြစ်သွားပြီး မုသာအပေါ် အခြေပြုထားရာ ရောက်သွားပါလိမ့်မယ်။ ပေါလုနဲ့ တခြားသူတွေဟာ ယေရှု ရှင်ပြန်ထမြောက်ခြင်းအပြင် ယေရှုကို အသက်ပြန်ရှင်စေခဲ့တဲ့ ယေဟောဝါဘုရားသခင်အကြောင်းကိုပါ မဟုတ်မမှန် ပြောဆိုရာကျသွားပါလိမ့်မယ်။ ဒါ့အပြင် ခရစ်တော်ဟာ “ငါတို့အပြစ်အတွက် အသေခံ” ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်က မှားသွားပါလိမ့်မယ်။ ကယ်တင်ရှင်ဖြစ်တဲ့ ယေရှုဟာ သေခြင်းကနေ သူ့ကိုယ်သူ မကယ်တင်နိုင်ဘူးဆိုရင် တခြားသူတွေကို ဘယ်လိုလုပ် ကယ်တင်နိုင်တော့မလဲ။ (၁ ကောရိန္သု ၁၅:၃) သေဆုံးသွားတဲ့ ခရစ်ယာန်တွေရော ယုံကြည်ချက်ကြောင့် အသတ်ခံလိုက်ရတဲ့ ခရစ်ယာန်တွေပါ သူတို့ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ မှားယွင်းတဲ့မျှော်လင့်ချက်နဲ့ ဆုံးပါးသွားကြတယ်ဆိုပြီး အဓိပ္ပာယ်သက်ရောက်သွားပါလိမ့်မယ်။
ပေါလု ဒီလိုကောက်ချက်ချခဲ့တယ်– “ငါတို့သည် ဤအသက်တာတွင်သာ ခရစ်တော်ကို မျှော်လင့်သည်မှန်လျှင် လူခပ်သိမ်းတို့တွင် သနားစရာအကောင်းဆုံး ဖြစ်ကြလိမ့်မည်။” (၁ ကောရိန္သု ၁၅:၁၉) ရှင်ပြန်ထမြောက်ခြင်း ဖြစ်ကိုဖြစ်လာမယ်ဆိုတာကို ပေါလု ယုံကြည်ထားတဲ့အတွက် တခြားခရစ်ယာန်တွေလိုပဲ ဆုံးရှုံးမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အခက်အခဲတွေအပြင် သေဘေးနဲ့တောင် ရင်ဆိုင်ခဲ့တယ်။ ရှင်ပြန်ထမြောက်ခြင်းက လိမ်လည်မှုပဲဆိုရင် သူရင်ဆိုင်ခဲ့တာတွေဟာ အလကားဖြစ်သွားပါလိမ့်မယ်။
သင် ဘာကြောင့် ယုံကြည်သင့်
ခရစ်ယာန်တွေ ယုံကြည်ထားရာက လိမ်လည်မှုအပေါ် အခြေခံထားတယ်လို့ ပေါလု မယူဆခဲ့ဘူး။ ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာကို သူသိထားပြီး အဲဒီအထောက်အထားတွေကို ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ခုလိုဖော်ပြခဲ့တယ်– “ခရစ်တော်သည် ကျမ်းစာဆိုသည့်အတိုင်း ငါတို့အပြစ်အတွက် အသေခံတော်မူကြောင်း၊ ကိုယ်တော်သည် သင်္ဂြိုဟ်ခံရပြီးမှ ကျမ်းစာဆိုသည့်အတိုင်း သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူကြောင်း ဖြစ်၏။ ကိုယ်တော်သည် ကေဖထံသို့လည်းကောင်း၊ ထို့နောက် တစ်ဆယ့်နှစ်ပါးတို့ထံသို့လည်းကောင်း ကိုယ်ကို ထင်ရှားပြတော်မူ၏။”b အဲဒီနောက် ပေါလု ဒီလိုဆက်ဖော်ပြတယ်– “ထို့နောက် ညီအစ်ကိုငါးရာကျော်တို့ရှေ့ တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူတို့တွင် အများစုသည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့မူကား သေခြင်း၌ အိပ်ပျော်ကြလေပြီ။ ထို့နောက် ယာကုပ်ထံသို့လည်းကောင်း၊ ထို့နောက် တမန်တော်အပေါင်းတို့ထံသို့လည်းကောင်း ကိုယ်ကို ထင်ရှားပြတော်မူ၏။ နောက်ဆုံး၌ အချိန်မတန်ဘဲ မွေးဖွားလာသူကဲ့သို့ဖြစ်သော ငါ့ကိုလည်း ကိုယ်ကိုထင်ရှားပြတော်မူ၏။”—၁ ကောရိန္သု ၁၅:၃–၈။
ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တွေအတွက် အသေခံခဲ့တယ်။ ပြီးတော့ သင်္ဂြိုဟ်ခံရပြီး ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာကို ပေါလု ယုံကြည်စိတ်ချမှုရှိရှိနဲ့ ဖော်ပြခဲ့တယ်။ ဘာကြောင့် သူ အဲဒီလောက် ယုံကြည်စိတ်ချခဲ့တာလဲ။ အကြောင်းရင်းတစ်ခုက မျက်မြင်သက်သေ အတော်များများရဲ့ ပြောဆိုချက်ကြောင့် ဖြစ်ပါတယ်။ ရှင်ပြန်ထမြောက်ခဲ့တဲ့ ယေရှုဟာ တစ်ဦးချင်းစီရှေ့ (ပေါလုအပါအဝင်)၊ လူအနည်းငယ်ရှေ့နဲ့ လူ ၅၀၀ ကျော်ရှိတဲ့အုပ်စုရှေ့မှာ ကိုယ်ကိုထင်ရှားပြခဲ့တယ်။ သူတို့ထဲက အတော်များများဟာ ယေရှု အသက်ပြန်ရှင်လာပြီဆိုတဲ့ သတင်းကို ကြားတဲ့အခါ သံသယမဝင်ခဲ့ဘူး။ (လုကာ ၂၄:၁-၁၁) မျက်မြင်သက်သေအများစုဟာ ပေါလုခေတ်မှာ အသက်ရှင်နေကြတုန်းပါပဲ။ ယေရှု ကိုယ်ထင်ရှားပြခဲ့တာ ဟုတ်မဟုတ်ဆိုတာ သူတို့ကို မေးကြည့်နိုင်ပါတယ်။ (၁ ကောရိန္သု ၁၅:၆) မျက်မြင်သက်သေ တစ်ယောက်၊ နှစ်ယောက်ပဲဆိုရင် အဲဒီကိစ္စကို အတည်ပြုဖို့ သက်သေ မလုံလောက်ဘူး၊ ဒါပေမဲ့ မျက်မြင်သက်သေ ၅၀၀ ကျော်ရဲ့ သက်သေထွက်ဆိုချက်ကိုတော့ ငြင်းလို့မရပါဘူး။
ယေရှုရဲ့ သေခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့က “ကျမ်းစာဆိုသည့်အတိုင်း” ဖြစ်တယ်လို့ ပေါလု နှစ်ကြိမ် ဖော်ပြခဲ့တာကို သတိပြုပါ။ မေရှိယနဲ့ပတ်သက်တဲ့ ဟေဗြဲကျမ်းစာစောင်တွေထဲက ပရောဖက်ပြုချက်တွေ ပြည့်စုံလာခဲ့တယ်။ ဒါကြောင့် ယေရှုဟာ ကတိထားရာ မေရှိယဖြစ်တယ်ဆိုတာကို အဲဒီဖြစ်ရပ်တွေက သက်သေထူတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေအပြင် သမ္မာကျမ်းစာ အထောက်အထားတွေရှိပေမဲ့လည်း ယေရှု အသက်ပြန်ရှင်ခဲ့တယ်ဆိုတာကို သံသယဝင်တဲ့သူတွေ ရှိနေတုန်းပါပဲ။ ယေရှုရဲ့ သက်မဲ့ခန္ဓာကိုယ်ကို သူ့ရဲ့တပည့်တွေက ခိုးယူသွားပြီးတဲ့နောက် ယေရှု ရှင်ပြန်ထမြောက်ပြီဆိုပြီး ပြောကြတာဖြစ်တယ်လို့ တချို့ကဆိုတယ်။ ဒါပေမဲ့ တပည့်တွေဟာ သင်္ချိုင်းဂူဝမှာ စောင့်ကြပ်နေတဲ့ ရောမအစောင့်တွေကို ကျော်ဖြတ်ဖို့ အစွမ်းခွန်အားလည်းမရှိသလို ဩဇာအာဏာလည်း မရှိပါဘူး။ ရှင်ပြန်ထမြောက်ပြီးတဲ့နောက် ကိုယ်ထင်ရှားပြတာတွေက စိတ်ထဲမှာ မြင်ယောင်တာတွေပဲဖြစ်တယ်လို့ တချို့က ဆိုကြတယ်။ အဲဒီအယူအဆနဲ့ ဆန့်ကျင်တာကတော့ ကိုယ်ထင်ရှားပြမှုတွေဟာ မတူညီတဲ့အချိန်တွေမှာ လူအတော်များများရှေ့မှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။
ရှင်ပြန်ထမြောက်ခြင်းဟာ တပည့်တွေ လုပ်ဇာတ်ခင်းထားတဲ့ လိမ်လည်မှုကြီးတစ်ခု ဖြစ်တယ်လို့ တချို့က စွပ်စွဲနေတုန်းပါပဲ။ ဒါပေမဲ့ အဲဒီလိုလိမ်လည်တာက ဘာအကျိုးရှိမှာလဲ။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း သက်သေခံတဲ့အတွက် တပည့်တွေဟာ ပြောင်လှောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ ကွပ်မျက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရတယ်။ လိမ်လည်မှုကြီးကို ထောက်ခံဖို့ သူတို့ ဘာကြောင့် အဲဒီလောက် အရဲစွန့်ကြတာလဲ။ ဒါ့အပြင် သူတို့ဟာ ဂျေရုဆလင်မြို့မှာ သူတို့ကိုဖမ်းဖို့ အသင့်စောင့်နေတဲ့ ဆန့်ကျင်သူတွေရဲ့ရှေ့မှာ အရင်ဆုံး သက်သေခံခဲ့ကြတယ်။
တပည့်တွေဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ သူတို့ရဲ့သခင်ဖြစ်တဲ့ ယေရှုအကြောင်း သက်သေခံဖို့ သူတို့ကို ရဲစွမ်းသတ္တိပေးခဲ့တာက ရှင်ပြန်ထမြောက်ခြင်းပါပဲ။ ရှင်ပြန်ထမြောက်ခြင်းက ခရစ်ယာန်ယုံကြည်ချက်ရဲ့ အဓိက သော့ချက်ဖြစ်တယ်။ အစောပိုင်းခရစ်ယာန်တွေဟာ အသတ်ခံခဲ့ရတဲ့ သူတို့ရဲ့ဆရာ ယေရှုအကြောင်း သက်သေခံဖို့လောက်နဲ့ အသက်စွန့်ခဲ့ကြတာ မဟုတ်ပါဘူး။ ယေရှု အသက်ပြန်ရှင်လာပြီဆိုတဲ့အကြောင်း ပြောဆိုဖို့အတွက် အသက်စွန့်ခဲ့ကြတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုဟာ ခရစ်တော်၊ ဘုရားသခင့်သားတော်ဖြစ်ပြီး သူတို့ကို ထောက်မကူညီပေးခဲ့တဲ့ အသက်ရှင်တဲ့ အစွမ်းတန်ခိုးရှင်ဖြစ်တယ်ဆိုတာကို ကိုယ်တော် အသက်ပြန်ရှင်လာခြင်းက သက်သေထူလို့ပါပဲ။ ယေရှု ရှင်ပြန်ထမြောက်ခြင်းက တပည့်တွေလည်းပဲ သေရာကနေ အသက်ပြန်ရှင်လာကြမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်။ ယေရှု အသက်ပြန်မရှင်ခဲ့ဘူးဆိုရင် ခရစ်ယာန်ဘာသာလည်း ရှိမှာမဟုတ်တဲ့အပြင် ယေရှုအကြောင်းကိုလည်း ကျွန်ုပ်တို့ ဘယ်တော့မှ သိရမှာမဟုတ်ပါဘူး။
ဒါဆိုရင် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းက ကနေ့ ကျွန်ုပ်တို့အတွက်ကော ဘာအကျိုးရှိသလဲ။
a သမ္မာကျမ်းစာမှာ “ရှင်ပြန်ထမြောက်ခြင်း” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က “တစ်ဖန် မတ်တတ်ရပ်ခြင်း” ဖြစ်တယ်။ သေလွန်သူဟာ သူ့ရဲ့ နဂိုဥပဓိရုပ်၊ ပင်ကိုအရည်အသွေး၊ မှတ်ဉာဏ်အတိုင်း အသက်ပြန်ရှင်လာမှာဖြစ်တယ်။
b ယုဒရှကာရုတ် သေပြီးတဲ့နောက် အချိန်အတန်ကြာတဲ့အထိ တမန်တော် ၁၁ ပါးပဲ ရှိပါတယ်။ ဒါပေမဲ့ သူတို့ကို “တမန်တော် ၁၂ ပါး” လို့ ခြုံပြီး ခေါ်လေ့ရှိတယ်။ ယေရှု နောက်တစ်ကြိမ် ကိုယ်ကိုထင်ရှားပြတဲ့အခါ သောမကလွဲရင် ကျန်တဲ့ တမန်တော် ၁၀ ပါးရှိနေပါတယ်။—ယောဟန် ၂၀:၂၄။