ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇူလိုင် စာ. ၂-၇
  • တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ သင် ပါဝင်နိုင်မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ သင် ပါဝင်နိုင်မလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟောပြောဖို့၊ သွန်သင်ဖို့ ယေရှု မိန့်မှာ
  • တပည့်ဖြစ်စေဖို့ မေတ္တာက လှုံ့ဆော်ပေး
  • တခြားအခက်အခဲတွေကို ကျော်လွှားခြင်း
  • တပည့်ဖြစ်စေခြင်း လုပ်ငန်းရဲ့ ပျော်ရွှင်မှု
  • တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပျော်မွေ့လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘သွားပြီး တပည့်ဖြစ်လာအောင် သွန်သင်ပေးကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • သွားပြီး တပည့်ဖြစ်စေကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • “သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇူလိုင် စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၂၆

တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ သင် ပါဝင်နိုင်မလား

“ဘုရားသခင်ဟာ ခင်ဗျားတို့ကို . . . လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။”—ဖိ. ၂:၁၃။

သီချင်း ၆၄ ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ

အကြိုသုံးသပ်ချက်a

၁။ သင့်အတွက် ယေဟောဝါ ဘာလုပ်ပေးထားသလဲ။

သင် ယေဟောဝါသက်သေ ဘယ်လို ဖြစ်လာသလဲ။ မိဘ၊ အလုပ်ဖော်၊ အတန်းဖော်ဆီက ဒါမှမဟုတ် တစ်အိမ်တက်ဆင်း လုပ်ငန်းကတစ်ဆင့် “သတင်းကောင်း” စကြားတာ ဖြစ်နိုင်တယ်။ (မာ. ၁၃:၁၀) တစ်ယောက်ယောက်က အချိန်နဲ့ ခွန်အား များစွာ စိုက်ထုတ်ပြီး ကျမ်းစာသင်ပေးတယ်။ သင် ယေဟောဝါကို ချစ်လာတယ်။ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာလည်း သိလာတယ်။ အမှန်တရားထဲ ယေဟောဝါ ဆွဲဆောင်လို့ အခု ယေရှုခရစ်ရဲ့ တပည့် ဖြစ်နေပြီး ထာဝရအသက် မျှော်လင့်ချက် ရှိလာတယ်။ (ယော. ၆:၄၄) သင့်ကို အမှန်တရား သင်ပေးဖို့ တစ်ယောက်ယောက်ကို ယေဟောဝါ လှုံ့ဆော်ပေးလို့၊ ကျေးကျွန်တစ်ယောက်အဖြစ် လက်ခံပေးလို့ သင် ကျေးဇူးတင်နေမှာ သေချာတယ်။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။

၂ ကျွန်တော်တို့ အမှန်တရား သိလာပြီ ဖြစ်လို့ အသက်လမ်းပေါ် ရောက်အောင် တခြားသူတွေကို ကူညီပေးခွင့် ရထားတယ်။ တစ်အိမ်တက်ဆင်း သွားရတာ အဆင်ပြေပေမဲ့ ကျမ်းစာသင်အံမှု ကမ်းလှမ်းဖို့၊ စလုပ်ဖို့ ခက်နေနိုင်တယ်။ သင် အဲဒီလို ခံစားနေရသလား။ ဒါဆိုရင် ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တချို့က အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ဖို့ ဘာက လှုံ့ဆော်ပေးကြောင်း၊ ကျမ်းစာသင်အံမှု လုပ်ဖို့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်ကြောင်း ဆွေးနွေးကြပါမယ်။ ဦးဆုံး၊ ဟောပြောသူလောက်သာ မဟုတ်ဘဲ သွန်သင်သူ ဖြစ်ဖို့ ဘာကြောင့် အရေးကြီးကြောင်း သုံးသပ်ကြည့်ကြစို့။

ဟောပြောဖို့၊ သွန်သင်ဖို့ ယေရှု မိန့်မှာ

၃။ ကျွန်တော်တို့ ဘာကြောင့် ဟောပြောကြသလဲ။

၃ ယေရှု မြေကြီးပေါ် ရှိတုန်း နောက်လိုက်တွေကို တာဝန် နှစ်ခု ပေးတယ်။ ပထမ၊ နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်။ ဘယ်လို ဟောရမယ်ဆိုတာ ကိုယ်တိုင် ပြခဲ့တယ်။ (မ. ၁၀:၇။ လု. ၈:၁) သတင်းတရားကို လူတွေ လက်ခံတဲ့အခါ၊ လက်မခံတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ တပည့်တွေကို အသင့်ပြင်ပေးတယ်။ (လု. ၉:၂-၅) “လူမျိုးအားလုံး” ကို သက်သေခံရမယ်ဆိုပြီး လုပ်ငန်း ကျယ်ပြန့်မှုအကြောင်းလည်း ကြိုဟောခဲ့တယ်။ (မ. ၂၄:၁၄။ တ. ၁:၈) လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ တပည့်တွေကတော့ ဘုရားနိုင်ငံတော်အကြောင်း၊ နိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ဆက်ပြောရမယ်။

၄။ မဿဲ ၂၈:၁၈-၂၀ အရ နိုင်ငံတော်အကြောင်း ဟောပြောတဲ့အပြင် ဘာလုပ်ရဦးမလဲ။

၄ ယေရှု ပေးတဲ့ ဒုတိယ တာဝန်က ဘာလဲ။ မိမိ မိန့်မှာထားသမျှကို လိုက်နာနိုင်အောင် သွန်သင်ပေးဖို့ပဲ။ တချို့ ထင်နေသလို ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းဟာ ပထမရာစု ခရစ်ယာန်တွေအတွက်ပဲလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ခေတ်၊ “လောကစနစ် နိဂုံးပိုင်းအထိ” ဆက်လုပ်သွားရမယ်လို့ ယေရှု မိန့်မှာတယ်။ (မဿဲ ၂၈:၁၈-၂၀ ကို ဖတ်ပါ။) တပည့် ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ရှားပြတုန်း အဲဒီလို မိန့်မှာခဲ့တာ ဖြစ်နိုင်တယ်။ (၁ ကော. ၁၅:၆) ယေဟောဝါအကြောင်း တခြားသူတွေ သိလာအောင် ကူညီပေးရာမှာ တပည့်အားလုံး ပါဝင်သင့်ကြောင်း ယောဟန်ကို ပေးတဲ့ စိတ်အာရုံမှာ ယေရှု ပြောခဲ့တယ်။—ဗျာ. ၂၂:၁၇။

၅။ ၁ ကောရိန္သု ၃:၆-၉ အရ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်း ဆက်စပ်မှုကို ပေါလု ဘယ်လို ဖော်ပြသလဲ။

၅ တမန်တော် ပေါလုက တပည့်ဖြစ်စေခြင်း လုပ်ငန်းကို အပင်စိုက်တာနဲ့ နှိုင်းယှဉ်ခဲ့တယ်။ စိုက်ပျိုးသူဟာ မျိုးစေ့ ကြဲရုံထက်မက ပိုလုပ်ဆောင်ရမယ်။ “ကျွန်တော်က စိုက်ပျိုးတယ်။ အာပေါလုက ရေလောင်းတယ်။ . . . ခင်ဗျားတို့ဟာ ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်းပါ” လို့ ကောရိန္သုအသင်းတော်ကို ပေါလု ပြောတယ်။ (၁ ကောရိန္သု ၃:၆-၉ ကို ဖတ်ပါ။) “ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်း” ထဲက လုပ်သားတွေအနေနဲ့ ကျွန်တော်တို့ဟာ မျိုးစေ့ ကြဲရုံသာ မဟုတ်ဘဲ ရေလောင်းရမယ်။ အပင်ကြီးထွားမှုကို ပုံမှန် စစ်ဆေးရမယ်။ (ယော. ၄:၃၅) တစ်ချိန်တည်းမှာ အပင်ကို ကြီးထွားစေသူဟာ ဘုရားသခင် ဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုရမယ်။

၆။ သွန်သင်ပေးခြင်းမှာ ဘာတွေ ပါဝင်သလဲ။

၆ “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ကျွန်တော်တို့ ရှာဖွေနေတယ်။ (တ. ၁၃:၄၈) သူတို့ တပည့် ဖြစ်လာဖို့ဆိုရင် ကျမ်းစာထဲက အချက်တွေကို (၁) နားလည်ဖို့၊ (၂) လက်ခံဖို့၊ (၃) လက်တွေ့ကျင့်သုံးဖို့ ကူညီပေးရမယ်။ (ယော. ၁၇:၃။ ကော. ၂:၆၊ ၇။ ၁ သက်. ၂:၁၃) အသင်းတော်မှာရှိသူ အားလုံးက သင်သားတွေ အစည်းအဝေး လာတက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းအားဖြင့် မေတ္တာပြနိုင်တယ်။ (ယော. ၁၃:၃၅) ကျမ်းစာသင်ပေးသူကလည်း သင်သားမှာ “အခိုင်အမာ အမြစ်စွဲနေ” တဲ့ ယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေကို စွန့်နိုင်အောင် အချိန်နဲ့ ခွန်အား များစွာ စိုက်ထုတ်ပြီး ကူညီပေးရမယ်။ (၂ ကော. ၁၀:၄၊ ၅) နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ လပေါင်းများစွာ ကြာနိုင်တယ်။ ဒါပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။

တပည့်ဖြစ်စေဖို့ မေတ္တာက လှုံ့ဆော်ပေး

၇။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ဖို့ ဘာက လှုံ့ဆော်ပေးသလဲ။

၇ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ကျွန်တော်တို့ ဘာကြောင့် ပါဝင်ကြသလဲ။ ပထမ၊ ယေဟောဝါကို ချစ်လို့ပဲ။ ဟောပြောဖို့၊ တပည့်ဖြစ်စေဖို့ဆိုတဲ့ မိန့်မှာချက်ကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားတာက ဘုရားကို ချစ်ကြောင်း ဖော်ပြရာ ရောက်တယ်။ (၁ ယော. ၅:၃) ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် သင် တစ်အိမ်တက်ဆင်း ဟောပြောနေပြီ။ အဲဒီလို ဟောဖို့ လွယ်သလား။ လွယ်မှာ မဟုတ်ဘူး။ ဦးဆုံးအကြိမ် စဟောတုန်းက ကြောက်နေမှာ သေချာတယ်။ ဒါပေမဲ့ ယေရှု လုပ်စေချင်တဲ့ အလုပ်မှန်း သိလို့ နာခံခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုလွယ်လာတယ်။ အခု ကျမ်းစာသင်အံမှု ကျင်းပတာကော။ တွေးလိုက်ရုံနဲ့တင် ကြောက်မိသလား။ ကြောက်မိနိုင်တယ်။ ဒါပေမဲ့ ကြောက်စိတ်ကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့၊ ကျမ်းစာသင်အံမှု ကမ်းလှမ်းရဲတဲ့ သတ္တိ ပေးဖို့ ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် သင့်ကို ကူညီပေးပါလိမ့်မယ်။

၈။ မာကု ၆:၃၄ အရ တခြားသူတွေကို သွန်သင်ဖို့ ဘာက လှုံ့ဆော်ပေးသလဲ။

၈ ဒုတိယ၊ လူတွေကို ချစ်တဲ့ မေတ္တာက အမှန်တရား သွန်သင်ပေးဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ တစ်ကြိမ်မှာ ယေရှုနဲ့ တပည့်တွေဟာ ဟောပြောခြင်း လုပ်ငန်းမှာ ပါဝင်ပြီးနောက် သိပ်မောပန်းနေကြတယ်။ အနားယူဖို့ နေရာ ရှာနေတုန်း လူအုပ် တွေ့သွားတယ်။ ယေရှု မောပန်းနေပေမဲ့ သနားစိတ် ယိုဖိတ်လာပြီး “အများကြီး သွန်သင်ပေးတယ်။” (မာကု ၆:၃၄ ကို ဖတ်ပါ။) အဲဒီလို သွန်သင်ပေးတာ လူအုပ်နေရာမှာ ယေရှု ဝင်ခံစားကြည့်လို့ပဲ။ သူတို့ ဘယ်လောက် ဒုက္ခရောက်နေမှန်း၊ မျှော်လင့်ချက် ဘယ်လောက် လိုအပ်နေမှန်း သိပြီး ကူညီပေးချင်တယ်။ ဒီနေ့ခေတ် လူတွေရဲ့ အခြေအနေလည်း အဲဒီလိုပဲ။ သူတို့ရဲ့ အပေါ်ယံကို ကြည့်ပြီး တလွဲ မထင်လိုက်ပါနဲ့။ သူတို့ဟာ သိုးထိန်း မရှိဘဲ လမ်းပျောက်နေတဲ့ သိုးတွေလို ဖြစ်နေကြတယ်။ ဘုရားသခင်ကို မသိလို့ မျှော်လင့်ချက် မဲ့နေကြတယ်ဆိုပြီး တမန်တော် ပေါလု ပြောတယ်။ (ဧ. ၂:၁၂) ‘ပျက်စီးခြင်းကို ပို့ဆောင်တဲ့ လမ်း’ ပေါ် ရောက်နေကြတယ်။ (မ. ၇:၁၃) ဘုရားကို သိဖို့ သိပ်လိုနေတယ်။ သူတို့ကို ချစ်မယ်၊ ထောက်ထားစာနာမယ်ဆိုရင် ကူညီပေးဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ကျမ်းစာသင်အံမှု ကမ်းလှမ်းခြင်းပါပဲ။

၉။ ဖိလိပ္ပိ ၂:၁၃ အရ သင့်ကို ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။

၉ ကျမ်းစာသင်အံမှု လုပ်ဖို့ အချိန် သိပ်လိုမှန်း သိလို့ ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတာ ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်နေတယ်ဆိုရင် ယေဟောဝါကို ကိုယ့်ခံစားချက်တွေ ပြောပြပါ။ သင်အံမှု ရချင်စိတ်၊ လုပ်ချင်စိတ် ရှိလာအောင် ကူညီပေးဖို့ ဆုတောင်းပါ။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) အလိုတော်နဲ့ ညီတဲ့ ဆုတောင်းချက်တွေကို ဘုရား နားထောင်မယ်လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၅:၁၄၊ ၁၅) ဒါကြောင့် တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ချင်စိတ် ရှိလာအောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

တခြားအခက်အခဲတွေကို ကျော်လွှားခြင်း

၁၀-၁၁။ ကျမ်းစာသင်အံမှု လုပ်ဖို့ ဘာကြောင့် တွန့်ဆုတ်နိုင်သလဲ။

၁၀ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ဆန္ဒ ရှိသလောက် ပါဝင်ဖို့ ခက်ရင်တောင် ဒီလုပ်ငန်းကို ကျွန်တော်တို့ အလေးအနက် ထားကြတယ်။ အခက်အခဲတချို့က ဘာတွေလဲ၊ ဘယ်လို ကျော်လွှားနိုင်သလဲဆိုတာ ဆွေးနွေးကြည့်ကြစို့။

၁၁ ကိုယ့်အခြေအနေကြောင့် အကန့်အသတ် ဖြစ်နေတယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ ဥပမာ၊ အသက်ကြီးတာ၊ ကျန်းမာရေး မကောင်းတာ ဖြစ်နိုင်တယ်။ သင့်အခြေအနေ အဲဒီလို ဖြစ်နေတယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကနေ ရတဲ့ သင်ခန်းစာတစ်ခုအကြောင်း စဉ်းစားကြည့်ပါ။ အီလက်ထရောနစ် နည်းစနစ်နဲ့ ထိရောက်တဲ့ ကျမ်းစာသင်အံမှုတွေ ကျင်းပနိုင်ကြောင်း သိခဲ့ရပြီ။ အခုဆို အိမ်မှာ နေရင်းနဲ့ သင်အံမှု လုပ်နိုင်ပြီ။ အကျိုးကျေးဇူး နောက်တစ်ခု ရှိသေးတယ်။ တချို့က ကျမ်းစာလေ့လာချင်ပေမဲ့ ညီအစ်ကိုတွေ အမှုဆောင်ထွက်ချိန်မှာ မအားလပ်ကြဘူး။ မနက်စောစော ဒါမှမဟုတ် ညနက်ပိုင်းမှ အားလပ်တာ ဖြစ်နိုင်တယ်။ အဲဒီအချိန်တွေမှာ သင် ကျမ်းစာသင်ပေးနိုင်မလား။ နိကောဒင်ကို ညအချိန်မှာ ယေရှု သွန်သင်ပေးတယ်။ ညအချိန်ကို နိကောဒင် ပိုနှစ်သက်လို့ပဲ။—ယော. ၃:၁၊ ၂။

၁၂။ ထိထိရောက်ရောက် သွန်သင်နိုင်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု တိုးများလာအောင် ဘယ်အချက်တွေက ကူညီပေးမလဲ။

၁၂ ကျမ်းစာသင်အံမှု လုပ်ဖို့ အရည်အချင်း မရှိဘူးလို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ အသိပညာ ဒါမှမဟုတ် သွန်သင်ခြင်း စွမ်းရည် သိပ်မရှိဘူးလို့ ယူဆနေတာ ဖြစ်နိုင်တယ်။ သင် အဲဒီလို ယူဆနေတယ်ဆိုရင် ယုံကြည်စိတ်ချမှု တိုးများစေနိုင်တဲ့ အချက် သုံးချက်ကို စဉ်းစားကြည့်ပါ။ ပထမ၊ တခြားသူတွေကို သွန်သင်ဖို့ သင် အရည်အချင်း ပြည့်မီတယ်လို့ ယေဟောဝါ ယူဆတယ်။ (၂ ကော. ၃:၅) ဒုတိယ၊ ‘ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှ ပေးအပ်ခံရတဲ့’ ယေရှုက သွန်သင်ဖို့ မိန့်မှာထားတယ်။ (မ. ၂၈:၁၈) တတိယ၊ တခြားသူတွေရဲ့ အကူအညီ ရှိတယ်။ ဖခင် သွန်သင်ပေးတာကို ယေရှု အားကိုးသလို သင်လည်း အားကိုးနိုင်တယ်။ (ယော. ၈:၂၈။ ၁၂:၄၉) သင်အံမှု စဖို့ လယ်ကွင်းအုပ်စု ကြီးကြပ်မှူး၊ အရည်အချင်းရှိ ရှေ့ဆောင်၊ အတွေ့အကြုံရှိ ကြေညာသူတွေဆီ အကူအညီ တောင်းနိုင်တယ်။ သူတို့နဲ့အတူ သင်အံမှု လိုက်သွားမယ်ဆိုရင်လည်း ယုံကြည်စိတ်ချမှု ရှိလာနိုင်တယ်။

၁၃။ နည်းလမ်းသစ်တွေနဲ့အညီ ဘာကြောင့် ပြောင်းလဲရမလဲ။

၁၃ နည်းလမ်းသစ်၊ ကိရိယာသစ်တွေ သုံးဖို့ ခက်နေတာ ဖြစ်နိုင်တယ်။ ကျမ်းစာသင်အံမှု လုပ်ပုံ ပြောင်းလဲလာပြီ။ အခု သင်အံမှုမှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို အဓိက သုံးတော့မယ်။ အရင်ကနဲ့ သင်အံမှု လုပ်ပုံ မတူတော့တဲ့အတွက် သေသေချာချာ ပြင်ဆင်ဖို့ လိုတယ်။ စာပိုဒ် နည်းနည်းပဲ ဖတ်ပြီး ဆွေးနွေးမှုတွေ ပိုများမယ်။ ဗီဒီယို၊ JW Library® စတဲ့ အီလက်ထရောနစ် နည်းစနစ်တွေ ပိုသုံးရမယ်။ အဲဒါတွေ မသုံးတတ်ရင် သုံးတတ်အောင် သင်ပေးဖို့ တစ်ယောက်ယောက်ဆီ အကူအညီ တောင်းပါ။ လုပ်နေကျ ဖြစ်သွားရင်တော့ အဆင်ပြေသွားမှာပါ။ နည်းလမ်းသစ်တွေ သင်ယူဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ယေဟောဝါနဲ့ တခြားသူတွေရဲ့ အကူအညီကြောင့် ပြောင်းလဲရ လွယ်ကူလာပြီး သင်အံမှု လုပ်ရတာ ပိုပျော်လာပါလိမ့်မယ်။ ဒီနည်းသစ်ဟာ “သင်ယူသူအတွက်ရော သင်ပေးသူအတွက်ပါ ပျော်စရာကောင်းတယ်” လို့ ရှေ့ဆောင်တစ်ယောက် ပြောတယ်။

၁၄။ ခက်ခဲတဲ့ ရပ်ကွက်မှာ အမှုဆောင်နေရင် ဘာကို သတိရသင့်သလဲ။ ၁ ကောရိန္သု ၃:၆၊ ၇ က ဘယ်လို အားရှိစေသလဲ။

၁၄ ကျမ်းစာသင်အံမှု စဖို့ ခက်တဲ့ ဒေသမှာ နေထိုင်နေတာ ဖြစ်နိုင်တယ်။ သတင်းကောင်းကို လူတွေ စိတ်မဝင်စားတာ၊ ဆန့်ကျင်တာတောင် ဖြစ်နိုင်တယ်။ အဲဒီလို ဒေသမှာ အပြုသဘောထား ဆက်ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဆိုးယုတ်တဲ့ ဒီလောကမှာ လူတွေရဲ့ အခြေအနေတွေ နေ့ချင်းညချင်း ပြောင်းလဲနိုင်ကြောင်း၊ အစက စိတ်မဝင်စားပေမဲ့ ဘုရားအကူအညီ လိုအပ်မှန်း သိမြင်လာနိုင်ကြောင်း သတိရပါ။ (မ. ၅:၃) စာပေတွေကို အမြဲလိုလို လက်မခံသူတချို့ နောက်ပိုင်းမှာ ကျမ်းစာသင်အံမှု လက်ခံလာတာတွေ ရှိတယ်။ ယေဟောဝါဟာ စပါးရှင် ဖြစ်ကြောင်းလည်း ကျွန်တော်တို့ သိတယ်။ (မ. ၉:၃၈) ကျွန်တော်တို့ကို ဆက်ပြီး စိုက်ပျိုး၊ ရေလောင်းစေချင်ပေမဲ့ ကြီးထွားစေဖို့တော့ ဘုရားပဲ တာဝန်ယူထားတယ်။ (၁ ကော. ၃:၆၊ ၇) လောလောဆယ် ကျမ်းစာသင်အံမှု မလုပ်နိုင်ရင်တောင် ကိုယ် ရတဲ့ ရလဒ်တွေကို မဟုတ်ဘဲ ကိုယ့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမှန်း သိရတာ အားရှိစရာပါပဲ။b

တပည့်ဖြစ်စေခြင်း လုပ်ငန်းရဲ့ ပျော်ရွှင်မှု

ပုံ– လူတစ်ယောက် တပည့်ဖြစ်လာ။ ၁။ အမျိုးသားတစ်ယောက် အလုပ်ကနေ မောမောနဲ့ ပြန်ရောက်ပြီး အိမ်မှာ ထိုင်နေ။ ၂။ ညနေပိုင်း သက်သေခံခြင်းမှာ အဲဒီအမျိုးသားကို မောင်နှံတစ်စုံ ဟောနေ။ ၃။ စဟောတဲ့ ညီအစ်ကိုနဲ့ အဲဒီအမျိုးသား ကျမ်းစာ ဖတ်နေ။ ၄။ အဲဒီအမျိုးသား နှစ်ခြင်းခံနေ။ ၅။ နှစ်ခြင်းခံပြီးခါစ ညီအစ်ကို နောက်အမျိုးသားတစ်ယောက်ကို ဟောနေ။ ၆။ ဇနီးမောင်နှံ၊ ညီအစ်ကိုနဲ့ အဲဒီအမျိုးသား ပရဒိသုမှာ အတူစားသောက်နေ။

ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းက လူတစ်ယောက်ကို တိုးတက်ပြောင်းလဲစေနိုင် (စာပိုဒ် ၁၅-၁၇ ကို ကြည့်ပါ)c

၁၅။ လူတစ်ယောက် ကျမ်းစာသင်အံမှု လက်ခံပြီး သိလာတာကို လက်တွေ့ကျင့်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။

၁၅ လူတစ်ယောက် ကျမ်းစာအမှန်တရားကို လက်ခံပြီး သိလာတာတွေအကြောင်း တခြားသူတွေကို ပြန်ပြောပြတဲ့အခါ ယေဟောဝါ ပျော်ရွှင်တယ်။ (ပညာ. ၂၃:၁၅၊ ၁၆) ဒီနေ့ခေတ်မှာ မိမိလူမျိုး လုပ်ဆောင်နေတာတွေကို မြင်ရတဲ့အခါ ယေဟောဝါ သိပ်ပျော်ရွှင်မှာပဲ။ ဥပမာ၊ ကမ္ဘာ့ကပ်ရောဂါကြား ၂၀၂၀ လုပ်ငန်းတော်နှစ်မှာ ကျွန်တော်တို့ ကျမ်းစာသင်အံမှု ၇,၇၀၅,၇၆၅ ခု ကျင်းပပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ လူ ၂၄၁,၉၉၄ ယောက်ကို ကူညီပေးနိုင်ခဲ့ကြတယ်။ အဲဒီတပည့်သစ်တွေက ကျမ်းစာသင်အံမှုတွေ ပြန်ကျင်းပပြီး တခြားသူတွေ တပည့်ဖြစ်လာအောင် ပြန်ကူညီပေးတယ်။ (လု. ၆:၄၀) တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်တဲ့အခါ ယေဟောဝါ ပျော်ရွှင်မှာ သေချာတယ်။

၁၆။ ဘာပန်းတိုင်ထားသင့်သလဲ။

၁၆ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ ခက်ခဲတဲ့ အလုပ် ဖြစ်ပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ဒီလုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်နိုင်ပါတယ်။ ဘုရားကို ချစ်လာအောင် လူသစ်တွေကို ကူညီပေးနိုင်ပါတယ်။ အနည်းဆုံး ကျမ်းစာသင်အံမှု တစ်ခုလောက် လုပ်ဖို့ ပန်းတိုင်ထားနိုင်မလား။ ဆုံတွေ့သူတိုင်းကို သင့်တော်တဲ့အခါတိုင်း သင်အံမှု ကမ်းလှမ်းကြည့်ဖို့ ကြိုးစားမယ်ဆိုရင် အံ့ဖွယ်ရလဒ်တွေ ရလာမယ်။ သင့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

၁၇။ ကျမ်းစာသင်အံမှု လုပ်တဲ့အခါ ဘယ်လို ခံစားရမလဲ။

၁၇ တခြားသူတွေကို အမှန်တရား ဟောပြော၊ သွန်သင်ရတာ အခွင့်ထူးပါပဲ။ ဒီလုပ်ငန်းက ကျွန်တော်တို့ကို အလွန် ပျော်ရွှင်စေတယ်။ သက်သာလောနိတ်မြို့သားများစွာကို တပည့် ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ တမန်တော် ပေါလုက “သခင်ယေရှု ရောက်ရှိလာတဲ့အခါ သခင့်ရှေ့မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ ရွှင်လန်းမှု၊ ဂုဏ်ယူစရာ သရဖူဆိုလို့ ဘာများရှိလို့လဲ။ ခင်ဗျားတို့ပဲ မဟုတ်လား။ ခင်ဗျားတို့ဟာ တကယ်ပဲ ကျွန်တော်တို့ ဂုဏ်ယူစရာ၊ ရွှင်လန်းစရာပါပဲ” လို့ ပြောခဲ့တယ်။ (၁ သက်. ၂:၁၉၊ ၂၀။ တ. ၁၇:၁-၄) ဒီနေ့ခေတ် လူများစွာလည်း အလားတူ ခံစားနေရတယ်။ နှစ်ခြင်းခံတဲ့အထိ လူများစွာကို ခင်ပွန်းနဲ့အတူ ကူညီပေးခဲ့တဲ့ ညီအစ်မ စတက်ဖနီက “ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ လူတွေကို ကူညီပေးရတာထက် ပိုပျော်ရွှင်စေတာ မရှိတော့ဘူး” လို့ ပြောတယ်။

သင် ဘယ်လို ဖြေမလဲ

  • ကျွန်တော်တို့ ဘာကြောင့် ဟောပြော၊ သွန်သင်ရမလဲ။

  • တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ပါဝင်ဖို့ ဘာက လှုံ့ဆော်ပေးသလဲ။

  • ကျမ်းစာသင်အံမှု ကျင်းပဖို့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ။

သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း

a တခြားသူတွေကို ဟောပြောရုံသာမက ယေရှု မိန့်မှာထားသမျှကို လိုက်နာအောင် သွန်သင်ပေးဖို့ ကျွန်တော်တို့ကို ယေဟောဝါ အခွင့်ထူး ပေးထားတယ်။ တခြားသူတွေကို သွန်သင်ပေးဖို့ ဘာက လှုံ့ဆော်ပေးမလဲ။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ဘယ်အခက်အခဲတွေ ရင်ဆိုင်ရသလဲ။ အဲဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်သလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဖြေပေးပါမယ်။

b တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ဘယ်လို ပါဝင်နိုင်ကြောင်း အသေးစိတ် ဆွေးနွေးမှုကို ၂၀၂၁၊ မတ်လထုတ် ကင်းမျှော်စင် “ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ” ဆောင်းပါးမှာ ကြည့်ပါ။

c ပုံအညွှန်း– ကျမ်းစာသင်အံမှုကြောင့် လူတစ်ယောက်ရဲ့ ဘဝ ပြောင်းလဲလာနိုင်။ ပထမပုံမှာ အဲဒီလူ ဘဝရည်ရွယ်ချက် မဲ့နေပြီး ယေဟောဝါအကြောင်း မသိ။ သက်သေခံတွေနဲ့ တွေ့ပြီး သင်အံမှု လက်ခံ။ သိလာတာတွေကြောင့် နောက်ပိုင်း ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံ။ ကိုယ်တိုင် သွန်သင်ပေးသူ ဖြစ်လာ။ နောက်ဆုံး၊ သူတို့အားလုံး ကမ္ဘာသစ် အသက်တာမှာ ပျော်မွေ့နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ