ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၇/၁ စာ. ၁၃-၁၈
  • ‘သေလွန်သောသူတို့သည် ထမြောက်ကြမည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သေလွန်သောသူတို့သည် ထမြောက်ကြမည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းအပေါ်အလင်းဖြာ
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ခုခံကာကွယ်ခြင်း
  • ရှင်ပြန်ထမြောက်ခြင်း၌ ယုံကြည်ခြင်းအရေးပါ
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ရှင်ပြန်ထမြောက်ခြင်း သင့်ကို အကျိုးပြုသောသွန်သင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှု တကယ် အသက်ပြန်ရှင်လာခဲ့သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၇/၁ စာ. ၁၃-၁၈

‘သေလွန်သောသူတို့သည် ထမြောက်ကြမည်’

“တံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။”—၁ ကောရိန္သု ၁၅:၅၂။

၁၊ ၂။ (က) ပရောဖက်ဟောရှေမှတစ်ဆင့် နှစ်သိမ့်မှုပေးသော အဘယ်ကတိတော်ကိုပေးခဲ့သနည်း။ (ခ) ဘုရားသခင်သည် သေလွန်သူတို့ကို ပြန်ရှင်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

သင်ရင်းနှီးကျွမ်းဝင်သူတစ်ဦး သေဆုံးသွားခြင်းကိုကြုံဖူးသလော။ သို့ဆိုလျှင် သေခြင်းကြောင့်ခံရသည့်နာကျင်မှုကို သင်သိမည်။ သို့ရာတွင် ခရစ်ယာန်များသည် ပရောဖက်ဟောရှေမှတစ်ဆင့် ဘုရားသခင်ပေးတော်မူခဲ့သောကတိတော်မှ နှစ်သိမ့်မှုရယူကြသည်– “သားတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့်ဆိုင်ရာဘေး၊ အိုမရဏာ့နိုင်ငံ၊ သင့်ဆိုင်ရာအန္တရာယ်သည် အဘယ်မှာနည်း။”—ဟောရှေ ၁၃:၁၄၊ သမ။

၂ သေလွန်သူတို့ တစ်ဖန်ပြန်ရှင်သည့်အယူအဆသည် မယုံနိုင်သူများအတွက် အဓိပ္ပာယ်မဲ့ဟန်ရှိ၏။ သို့သော် အဆုံးမဲ့တန်ခိုးရှင်ဘုရားသခင်သည် ထိုအံ့ဖွယ်ရာကို အမှန်ပြုနိုင်သည့်တန်ခိုးရှိတော်မူ၏! တကယ့်အရေးမှာ ယေဟောဝါသည် သေလွန်သူအား ပြန်ရှင်စေရန် တလိုတလားရှိမရှိဖြစ်သည်။ ဖြောင့်မတ်သောသူ ယောဘဤသို့မေးခဲ့သည်– “လူသေလျှင် ရှင်ဦးမည်လော။” ထို့နောက် ဤစိတ်ချစေသောအဖြေကို သူပေးခဲ့သည်– “ကိုယ်တော်ခေါ်တော်မူသောအခါ အကျွန်ုပ်ထူးပါမည်။ လက်တော်ဖြင့်ဖန်ဆင်းရာကို တသတော်မူလိမ့်သတည်း။” (ယောဘ ၁၄:၁၄၊ ၁၅၊ သမ) “တသ” ဟူသောစကားလုံးသည် ပြင်းပြသောတောင့်တခြင်း သို့မဟုတ် ပြင်းပြသောဆန္ဒဟူသည့်သဘောသက်ရောက်သည်။ (ဆာလံ ၈၄:၂ နှိုင်းယှဉ်။) မှန်ပါသည်၊ ယေဟောဝါသည် ရှင်ပြန်ထမြောက်ခြင်းကို စိတ်အားထက်သန်စွာမျှော်လင့်ကာ ကိုယ်တော်၏မှတ်ဉာဏ်၌ အသက်ရှင်လျက်ရှိနေကြသည့် ဆုံးပါးသွားခဲ့သော သစ္စာရှိသူများကို တစ်ဖန်ပြန်တွေ့ဆုံရန် တသတော်မူသည်။—မဿဲ ၂၂:၃၁၊ ၃၂။

ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းအပေါ်အလင်းဖြာ

၃၊ ၄။ (က) ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အပေါ် အဘယ်အလင်းဖြာခဲ့သနည်း။ (ခ) ယေရှုသည် အဘယ်ကြောင့် အသွေးအသားနှင့်မဟုတ်ဘဲ နာမ်ဝိညာဉ်အဖြစ်ထမြောက်ခဲ့သနည်း။

၃ ယောဘကဲ့သို့သော ရှေးသစ္စာရှိအမျိုးသားများသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို တစ်စိတ်တစ်ပိုင်းသာသိခဲ့ကြသည်။ ဤကောင်းမြတ်လှသောမျှော်လင့်ချက်အကြောင်းကို ယေရှုခရစ်က အပြည့်အစုံအလင်းဖြာရှင်းပေးခဲ့သည်။ ကိုယ်တော်သည် မိမိ၏အခန်းကဏ္ဍကို ဤသို့ဖော်ပြခဲ့သည်– “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” (ယောဟန် ၃:၃၆) အဘယ်နေရာ၌ ထိုအသက်တာကိုရမည်နည်း။ ယုံကြည်ခြင်းတင်ပြသူအများစုသည် မြေကြီးပေါ်တွင်ရကြမည်။ (ဆာလံ ၃၇:၁၁) သို့ရာတွင် တပည့်တော်များအား ယေရှုကဤသို့ဆိုခဲ့သည်– “သိုးစုငယ်၊ သင်တို့သည်မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အားနိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။” (လုကာ ၁၂:၃၂) ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်ဆိုင်ရာဖြစ်သည်။ ထို့ကြောင့် “သိုးစုငယ်” သည်နာမ်ဝိညာဉ်သတ္တဝါများအဖြစ် ကောင်းကင်၌ယေရှုနှင့်အတူရှိကြရမည်ဟု ဤကတိတော်ကဆိုလိုနေခြင်းဖြစ်သည်။ (ယောဟန် ၁၄:၂၊ ၃; ၁ ပေတရု ၁:၃၊ ၄) နှစ်ထောင်းအားရဖွယ် အလားအလာပင်တည်း! ဤ “သိုးစုငယ်” သည်အရေအတွက် ၁၄၄,၀၀၀ သာရှိမည်ဖြစ်ကြောင်း တမန်တော်ယောဟန်အား ယေရှုထပ်ဆင့်ဖော်ပြတော်မူခဲ့သည်။—ဗျာဒိတ် ၁၄:၁။

၄ သို့ရာတွင် ၁၄၄,၀၀၀ သည်ကောင်းကင်ဘုန်းကို မည်သို့ဝင်စားမည်နည်း။ ယေရှုသည် “အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေ [“အလင်းဖြာပေး၊” ကဘ] တော်မူပြီ။” ကိုယ်တော်သည် အသွေးတော်အားဖြင့် ကောင်းကင်သို့ပို့ဆောင်သော “အသက်လမ်းသစ်” ကိုအစပြုတော်မူခဲ့၏။ (၂ တိမောသေ ၁:၁၀; ဟေဗြဲ ၁၀:၁၉၊ ၂၀) ဦးဆုံး၊ သမ္မာကျမ်းစာကြိုတင်ဟောထားခဲ့သည့်အတိုင်း ကိုယ်တော်သေဆုံးခဲ့၏။ (ဟေရှာယ ၅၃:၁၂) ထို့နောက်၊ တမန်တော်ပေတရုနောက်ပိုင်းတွင် ကြေညာခဲ့သကဲ့သို့ “ထိုယေရှုကို ဘုရားသခင်ထမြောက်စေတော်မူသည်။” (တမန်တော် ၂:၃၂) သို့သော် ယေရှုသည် လူသားတစ်ဦးအဖြစ် ထမြောက်သည်တော့မဟုတ်။ ကိုယ်တော်ဤသို့ဆိုခဲ့သည်– “ငါပေးသောမုန့်ကား၊ လောကီသားတို့၏အသက်အဖို့အလိုငှာစွန့်သော ငါ၏အသားပေတည်း။” (ယောဟန် ၆:၅၁) ကိုယ်တော့်အသားကိုပြန်ယူခြင်းသည် ထိုပူဇော်သကာကို ပျက်ပြယ်စေပါမည်။ ထို့ကြောင့် ယေရှုသည် “ကိုယ်ခန္ဓာ [“အသား၊” ကဘ] အားဖြင့်အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော် [“နာမ်ဝိညာဉ်၊” ကဘ] အားဖြင့်အသက်ရှင်ခြင်းသို့ရောက်တော်မူသည်။” (၁ ပေတရု ၃:၁၈) ထို့ကြောင့် ယေရှုသည် “သိုးစုငယ်” ကိုဆိုလိုသည့် “ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူး” ကိုရစေခဲ့၏။ (ဟေဗြဲ ၉:၁၂) ကိုယ်တော်သည် အပြစ်သားများအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏စုံလင်သောလူ့အသက်ကို ဘုရားသခင်အား ပေးဆက်ခဲ့ပြီး ၁၄၄,၀၀၀ သည် ယင်းမှဦးဆုံးအကျိုးခံစားခဲ့ကြရသည်။

၅။ အဘယ်မျှော်လင့်ချက်ကို ယေရှု၏ပထမရာစုနောက်တော်လိုက်များအား ကမ်းလှမ်းခဲ့သနည်း။

၅ ယေရှုတစ်ဦးတည်းသာ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်မည်မဟုတ်ချေ။ ပေါလုက ရောမရှိခရစ်ယာန်ချင်းတို့အား သူတို့သည် အဆုံးတိုင်တည်ကြည်ခြင်းအားဖြင့် သူတို့ဘိသိက်ပေးခံရခြင်းကို အတည်ပြုခဲ့ကြလျှင် ဘုရားသခင်၏သားများ၊ ခရစ်တော်နှင့်အတူ အမွေခံများဖြစ်ကြရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့သည်ဘိသိက်ပေးခံခဲ့ရကြောင်း ၎င်းတို့အား ပေါလုပြောခဲ့သည်။ (ရောမ ၈:၁၆၊ ၁၇) ပေါလုဤသို့လည်းရှင်းပြခဲ့သည်– “အသေခံတော်မူခြင်း၏ပုံကိုဆောင်၍ ထိုအရှင်နှင့် ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သည်မှန်လျှင် ထမြောက်တော်မူခြင်း၏ပုံကိုလည်းဆောင်၍ တစ်လုံးတစ်ဝတည်းဖြစ်ကြလိမ့်မည်။”—ရောမ ၆:၅၊ သမ္မာ။

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ခုခံကာကွယ်ခြင်း

၆။ ကောရိန္သုမြို့၌ ရှင်ပြန်ထမြောက်ခြင်းအယူကို အဘယ်ကြောင့်အတိုက်အခံပြုကြပြီး၊ တမန်တော်ပေါလုက မည်သို့တုံ့ပြန်ခဲ့သနည်း။

၆ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ဘာသာ၏ “မူလတရား” တွင်ပါဝင်သည်။ (ဟေဗြဲ ၆:၁၊ ၂၊ သမ) သို့ရာတွင် ကောရိန္သုမြို့၌ ထိုအယူကို အတိုက်အခံပြုနေကြသည်။ အသင်းတော်၌ တချို့သည် ဂရိဒဿနပညာ၏သြဇာလွှမ်းမိုးခံရပြီး “သေသောသူတို့သည်ထမြောက်ခြင်းမရှိ” ဟုပြောဆိုနေကြသည်။ (၁ ကောရိန္သု ၁၅:၁၂) ဤသတင်းသည် တမန်တော်ပေါလုထံ ရောက်သောအခါ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း အထူးသဖြင့် ဘိသိက်ခံခရစ်ယာန်များ၏မျှော်လင့်ချက်အကြောင်းကိုခုခံပြောဆိုခဲ့သည်။ ကောရိန္သုပထမစာစောင် အခန်းကြီး ၁၅ တွင်မှတ်တမ်းတင်ထားသည့် ပေါလု၏စကားများကို သုံးသပ်ကြည့်ကြစို့။ ရှေ့ဆောင်းပါး၌ အကြံပြုထားသကဲ့သို့ အခန်းကြီးတစ်ခုလုံးကို သင်ဖတ်ပြီးပါက အထောက်အကူပြုကြောင်း သင်တွေ့ရှိပါလိမ့်မည်။

၇။ (က) အဘယ်အရေးပါသောအချက်ကို ပေါလုအာရုံစူးစိုက်ခဲ့သနည်း။ (ခ) ရှင်ပြန်ထမြောက်သောယေရှုအား မည်သူမြင်ခဲ့သနည်း။

၇ ကောရိန္သုပထမစာစောင်အခန်းကြီး ၁၅ ၏ဦးဆုံးအခန်းငယ်နှစ်ခုတွင် မိမိ၏အဓိကဆွေးနွေးချက်ကို ပေါလုဤသို့ဖော်ပြသည်– “ညီအစ်ကိုတို့၊ ငါသည် သင်တို့အားဟောပြောဖူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ်သောဧဝံဂေလိတရားကို သင်တို့အား တစ်ဖန် ငါကြားလိုက်၏။ . . . သင်တို့သည် အကျိုးမဲ့မယုံဘဲ . . . ကယ်တင်တော်မူခြင်းသို့ရောက်ရကြ၏။” ကောရိန္သုမြို့သားများသည် သတင်းကောင်းအတွက် အခိုင်အမာမရပ်တည်ကြပါက အမှန်တရားကို သူတို့အချည်းနှီးလက်ခံခဲ့ခြင်းဖြစ်မည်။ ပေါလုဆက်၍ဆိုသည်– “ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အားရှေးဦးစွာပေးအပ်သော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။ ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသောသူတို့သည်မြင်ရကြ၏။ ထိုနောက် ညီအစ်ကိုငါးရာမက၊ တစ်ပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင်အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန်ဖွားသောသူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။”—၁ ကောရိန္သု ၁၅:၃-၈။

၈၊ ၉။ (က) ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းသည် မည်မျှအရေးကြီးသနည်း။ (ခ) ယေရှုသည် “ညီအစ်ကိုငါးရာမက” ရှေ့အဘယ်အချိန်အခါတွင် ထင်ရှားခဲ့သနည်း။

၈ သတင်းကောင်းကိုလက်ခံခဲ့သူများအတွက် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ယုံကြည်ခြင်းသည် စိတ်ကြိုက်ရွေးရသည့်ကိစ္စမဟုတ်ပါ။ “ခရစ်တော်သည် . . . ငါတို့အပြစ်ကြောင့်အသေခံတော်မူ” ပြီးရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်းကိုထောက်ခံမည့် မျက်မြင်သက်သေများစွာရှိ၏။ တစ်ဦးမှာ ကေဖ သို့မဟုတ် ပေတရုဟုလူသိများသူဖြစ်သည်။ ယေရှု သစ္စာဖောက်ဖမ်းဆီးခံရသည့်ည၌ ယေရှုကို ပေတရုငြင်းဆိုခဲ့ပြီးနောက်၊ သူ့ထံယေရှုထင်ရှားခဲ့ခြင်းကြောင့် များစွာစိတ်သက်သာသွားခဲ့ပေမည်။ အုပ်စုတစ်စုအနေဖြင့် တမန်တော် “တစ်ဆယ့်နှစ်ပါး” ထံရှင်ပြန်ထမြောက်ခဲ့သောယေရှု ရောက်လာခဲ့ခြင်းသည်လည်း သူတို့၏ကြောက်စိတ်ကို ဖျောက်ဖျက်စေပြီး ယေရှုရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်းကို ရဲရဲရင့်ရင့်သက်သေခံသူများဖြစ်လာစေရန် အမှန်အကူအညီပေးသည့် အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပေမည်။—ယောဟန် ၂၀:၁၉-၂၃; တမန်တော် ၂:၃၂။

၉ ခရစ်တော်သည် “ညီအစ်ကိုငါးရာမက” သောသာ၍ကြီးသောအုပ်စုတစ်စုရှေ့တွင်လည်း ထင်ရှားခဲ့သည်။ ဂါလိလဲနယ်တွင်သာ ယင်းသို့သော တပည့်တော်အများအပြားရှိခဲ့သည့်အတွက် ယင်းသည် တပည့်ဖြစ်စေရန် ယေရှုအမိန့်ပေးခဲ့သော မဿဲ ၂၈:၁၆-၂၀ တွင်ဖော်ပြထားသည့် အခါသမယဖြစ်ခဲ့ပေမည်။ ဤသူတို့သည် တကယ့်ပိုင်နိုင်စွာ သက်သေခံနိုင်လိုက်ကြမည်ဖြစ်ခြင်း! ကောရိန္သုမြို့သားများထံ ဤပထမစာစောင်ကို ပေါလုရေးသားခဲ့ချိန် စီ.အီး. ၅၅ ၌ အချို့အသက်ရှင်နေကြဆဲဖြစ်သည်။ သို့သော် သေဆုံးသွားခဲ့သူများကို “သေခြင်း၌အိပ်ပျော်နေ” သည်ဟုဆိုထားကြောင်းကိုသတိပြုပါ။ သူတို့သည် ၎င်းတို့၏ကောင်းကင်ဆုကျေးဇူးကိုရယူဖို့ ရှင်ပြန်မထမြောက်ကြသေးချေ။

၁၀။ (က) တပည့်တော်များနှင့် ယေရှုနောက်ဆုံးတွေ့ဆုံခဲ့ခြင်း၏ အကျိုးသက်ရောက်မှုကား အဘယ်နည်း။ (ခ) “အချိန်မတန်ဖွားသောသူဖြစ်သော” ပေါလုရှေ့ ယေရှုမည်သို့ထင်ရှားခဲ့သနည်း။

၁၀ ယေရှုရှင်ပြန်ထမြောက်ကြောင်း ထူးခြားစွာသက်သေခံနိုင်သူ နောက်တစ်ဦးမှာ ယာကုပ်ဖြစ်ကာ ယောသပ်နှင့် ယေရှု၏မိခင်မာရိတို့၏သားဖြစ်သည်။ ရှင်ပြန်ထမြောက်တော်မမူမီ ယာကုပ်သည် ယုံကြည်သူတစ်ဦးမဟုတ်သေးကြောင်းထင်ရှား၏။ (ယောဟန် ၇:၅) သို့သော် ယာကုပ်ထံ ယေရှုထင်ရှားခဲ့ပြီးနောက်၊ သူသည် ယုံကြည်သူတစ်ဦးဖြစ်လာကာ သူ၏အခြားညီအစ်ကိုများအား ဘာသာပြောင်းဝင်လာစေရန် များစွာအကျိုးပြုခဲ့ပေမည်။ (တမန်တော် ၁:၁၃၊ ၁၄) တပည့်တော်များနှင့် ကိုယ်တော်နောက်ဆုံးတွေ့ဆုံခဲ့သော ကောင်းကင်သို့တက်ကြွသွားချိန်တွင် ယေရှုသည် သူတို့ကို “မြေကြီးစွန်းတိုင်အောင် . . . သက်သေ” ဖြစ်ကြဖို့တာဝန်ပေးခဲ့သည်။ (တမန်တော် ၁:၆-၁၁) နောက်ပိုင်းတွင် ကိုယ်တော်သည် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်သူ၊ တာရှုမြို့သားရှောလုထံ ထင်ရှားခဲ့သည်။ (တမန်တော် ၂၂:၆-၈) ယေရှုသည် “အချိန်မတန်ဖွားသောသူကဲ့သို့ဖြစ်သော” ရှောလုထံထင်ရှားခဲ့သည်။ ယင်းသည် ရှောလုအနေနှင့် ထိုရှင်ပြန်ထမြောက်ချိန်မတိုင်မီ ရာစုနှစ်များစွာကပင်ကြို၍ နာမ်ဝိညာဉ်အသက်တာသို့ ရှင်ပြန်ထမြောက်ခဲ့ကာ ဘုန်းရှိသောသခင်ကို မြင်ရဘိသကဲ့သို့ဖြစ်ခဲ့၏။ ဤအတွေ့အကြုံက ခရစ်ယာန်အသင်းတော်အား ဆန့်ကျင်သတ်ဖြတ်နေသည့် ရှောလု၏လုပ်ရပ်ကို ရုတ်တရက်ရပ်တန့်စေခဲ့ပြီး ထူးခြားသောပြောင်းလဲမှုကိုဖြစ်စေခဲ့သည်။ (တမန်တော် ၉:၃-၉၊ ၁၇-၁၉) ရှောလုသည် ခရစ်ယာန်ယုံကြည်ခြင်းကို ဦးဆုံးခုခံကာကွယ်ပေးခဲ့သူများမှတစ်ဦးဖြစ်သည့် တမန်တော်ပေါလုဖြစ်လာခဲ့သည်။—၁ ကောရိန္သု ၁၅:၉၊ ၁၀။

ရှင်ပြန်ထမြောက်ခြင်း၌ ယုံကြည်ခြင်းအရေးပါ

၁၁။ “ထမြောက်ခြင်းမရှိ” ဟုဆိုခြင်းသည် မှားယွင်းကြောင်း ပေါလုမည်သို့ဖော်ထုတ်ခဲ့သနည်း။

၁၁ ထို့ကြောင့်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် အထောက်အထားခိုင်လုံသော ဖြစ်ရပ်မှန်ဖြစ်၏။ “ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည်ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့်ဆိုရသနည်း” ဟုပေါလုက ငြင်းခုံခဲ့သည်။ (၁ ကောရိန္သု ၁၅:၁၂) ထိုသို့သောသူများသည် ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တိုင်သံသယဝင်သည်၊ သို့မဟုတ် မေးခွန်းများရှိကြသည်သာမက ယင်းကိုမယုံကြောင်း ပွင့်လင်းစွာပြောဆိုနေကြသည်။ ထို့ကြောင့် ပေါလုက မှားယွင်းသောသူတို့၏ကျိုးကြောင်းဆင်ခြင်ခြင်းကို ထုတ်ဖော်ခဲ့၏။ ခရစ်တော်သည်ထမြောက်တော်မမူခဲ့လျှင် ခရစ်ယာန်သတင်းတရားသည် မုသာမျှဖြစ်ပြီး၊ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို သက်သေခံခဲ့သူတို့သည် ‘ဘုရားသခင်၏ မမှန်သောသက်သေများ’ ဖြစ်၏ဟုသူဆိုခဲ့သည်။ ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် ဘုရားသခင်အား အဘယ်ရွေးနုတ်ဖိုးမျှမပေးခဲ့; ခရစ်ယာန်များသည် ‘အပြစ်ထဲ၌ရှိနေဆဲပင်ဖြစ်’ ၏။ (၁ ကောရိန္သု ၁၅:၁၃-၁၉; ရောမ ၃:၂၃၊ ၂၄; ဟေဗြဲ ၉:၁၁-၁၄) ထို့ပြင် အချို့အသက်စွန့်ခဲ့သူများအပါအဝင် ‘သေခြင်း၌အိပ်ပျော်နေသော’ ခရစ်ယာန်များသည် စစ်မှန်သောမျှော်လင့်ချက်မရှိဘဲ ဆုံးပါးသွားခဲ့ကြသည်။ ဤအသက်တာသည် ခရစ်ယာန်များ မျှော်လင့်နိုင်သမျှသာဖြစ်မည်ဆိုလျှင် သူတို့သည် အလွန်သနားစဖွယ်ကောင်းလှပေ၏! သူတို့ခံရသည့်ဆင်းရဲခြင်းများသည် အချည်းနှီးသာဖြစ်နေပေမည်။

၁၂။ (က) ခရစ်တော်အား ‘သေခြင်း၌အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး’ ဟုခေါ်ခြင်းဖြင့် အဘယ်သဘောသက်ရောက်သနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းဖြစ်နိုင်ရန် ယေရှုမည်သို့ပြုလုပ်ပေးခဲ့သနည်း။

၁၂ သို့ရာတွင် ထိုသို့မဟုတ်ပါ။ ပေါလုဤသို့ဆက်ဆိုသည်– “ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ” သည်သာမက “[“သေခြင်း၌၊” ကဘ] အိပ်ပျော်သူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူ၏။” (၁ ကောရိန္သု ၁၅:၂၀) ဣသရေလလူမျိုးများသည် သူတို့ရရှိသောအဦးသီးသောအသီးများကို နာခံစွာဖြင့်ပူဇော်ကြသောအခါ၊ ယေဟောဝါသည် သူတို့ကို များစွာရိတ်သိမ်းစေတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၂၂:၂၉၊ ၃၀; ၂၃:၁၉; သု. ၃:၉၊ ၁၀) “အဦးသီးသောအသီး” ဟုခရစ်တော်အားခေါ်ခြင်းဖြင့် သေခြင်းမှကောင်းကင်အသက်တာသို့ ထမြောက်မည့်အခြားသူများရှိမည်ဖြစ်ကြောင်း ပေါလုဖော်ပြနေခြင်းဖြစ်သည်။ “သို့ဖြစ်၍ လူအားဖြင့်သေခြင်းတရားသည်တည်သကဲ့သို့၊ သေသောသူတို့၏ထမြောက်ခြင်းတရားသည် လူအားဖြင့်တည်လျက်ရှိ၏။ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့” ဟုပေါလုဆိုသည်။ (၁ ကောရိန္သု ၁၅:၂၁၊ ၂၂) ယေရှုသည် ရွေးနုတ်ဖိုးအဖြစ် မိမိ၏စုံလင်သောလူ့အသက်ကိုပေးဆက်ခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်းရှိရန် ပြုလုပ်ပေးခဲ့ရာ၊ အပြစ်နှင့်သေခြင်း၏ကျွန်အဖြစ်မှ လူသားလွတ်မြောက်ရာလမ်းကိုဖွင့်ပေးခဲ့သည်။—ဂလာတိ ၁:၄; ၁ ပေတရု ၁:၁၈၊ ၁၉။a

၁၃။ (က) အဘယ်အချိန်၌ ကောင်းကင်ဆိုင်ရာရှင်ပြန်ထမြောက်ခြင်းဖြစ်သနည်း။ (ခ) ဘိသိက်ခံအချို့သည် အဘယ်နည်းဖြင့် ‘သေခြင်း၌အိပ်ပျော်’ ကြခြင်းမရှိသနည်း။

၁၃ ပေါလုဤသို့ဆက်ဆိုသည်– “သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်းလိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီးဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည်ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ရောက်ကြလိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၃) ခရစ်တော်သည် စီ.အီး. ၃၃ တွင်ထမြောက်ခဲ့၏။ သို့ရာတွင် ‘ခရစ်တော်၏တပည့်တော်များဖြစ်သော’ ကိုယ်တော့်ဘိသိက်ခံနောက်တော်လိုက်များမူ ၁၉၁၄ ၌ဖြစ်ပျက်ခဲ့သည်ဟု သမ္မာကျမ်းစာပရောဖက်ပြုချက်ကဖော်ပြသော ခရစ်တော်ဘုရင်အဖြစ်ရောက်ရှိပြီးနောက် တစ်ခဏစောင့်ဆိုင်းကြရမည်။ (၁ သက်သာလောနိတ် ၄:၁၄-၁၆; ဗျာဒိတ် ၁၁:၁၈) ထိုရောက်ရှိခြင်းအတောအတွင်း အသက်ရှင်ကြမည့်သူများနှင့်ပတ်သက်၍ကော အသို့နည်း။ ပေါလုဤသို့ဆိုသည်– “နက်နဲသောအရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တစ်ခဏခြင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။” (၁ ကောရိန္သု ၁၅:၅၁၊ ၅၂) ဘိသိက်ခံများအားလုံးသည် ရှင်ပြန်ထမြောက်ခြင်းကို သင်္ချိုင်းတွင်စောင့်နေရန်မလိုကြောင်း ရှင်းနေပါသည်။ ခရစ်တော်ရောက်ရှိနေချိန်အတွင်း ကွယ်လွန်သူများသည် ချက်ချင်းပြောင်းလဲခဲ့ကြသည်။—ဗျာဒိတ် ၁၄:၁၃။

၁၄။ ဘိသိက်ခံများသည် အဘယ်နည်းဖြင့် “လူသေများဖြစ်ဖို့ရည်ရွယ်လျက် ဗတ္တိဇံခံ” ကြသနည်း။

၁၄ “သို့မဟုတ်လျှင် လူသေများဖြစ်ဖို့ရည်ရွယ်လျက် ဗတ္တိဇံခံသူတို့သည် မည်သို့ပြုကြမည်နည်း။ သေလွန်သူတို့ ရှင်ပြန်ထမြောက်ခြင်းအလျှင်းမရှိက ယင်းသို့ဖြစ်ဖို့ရည်ရွယ်လျက် ဗတ္တိဇံကိုအဘယ်ကြောင့်ခံကြသနည်း။ ငါတို့လည်း အဘယ်ကြောင့် နာရီတိုင်းဘေးကြုံလျက်နေရသနည်း” ဟုပေါလုမေးခဲ့သည်။ (၁ ကောရိန္သု ၁၅:၂၉၊ ၃၀၊ ကဘ) အချို့သောဘာသာပြန်ကျမ်းများဖော်ပြသကဲ့သို့ သေလွန်သူများအတွက် အသက်ရှင်သူများကဗတ္တိဇံခံရသည်ဟု ပေါလုမဆိုလိုပါ။ ဗတ္တိဇံသည် ခရစ်ယာန်တပည့်ဖြစ်ခြင်းနှင့်ဆက်နွှယ်ကာ စိုးလ်အသေများသည် တပည့်တော်များမဖြစ်နိုင်ပါ။ (ယောဟန် ၄:၁) ယင်းအစား ပေါလုသည် မိမိကဲ့သို့ “နာရီတိုင်းဘေးကြုံ” နေသည့် အသက်ရှင်သောခရစ်ယာန်များစွာအကြောင်း ဆွေးနွေးနေခြင်းဖြစ်၏။ ဘိသိက်ခံခရစ်ယာန်များသည် ‘ခရစ်တော်အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံခဲ့ကြသည်။’ (ရောမ ၆:၃) သူတို့ဘိသိက်ပေးခံရကတည်းက သူတို့သည် ခရစ်တော်သေသကဲ့သို့သေရမည့်လမ်းစဉ်ထဲသို့ “ဗတ္တိဇံခံ” နေကြရဘိသကဲ့သို့ဖြစ်၏။ (မာကု ၁၀:၃၅-၄၀) သူတို့သည် ဘုန်းရှိသောကောင်းကင်ထမြောက်ခြင်းမျှော်လင့်ချက်ဖြင့် သေဆုံးကြရမည်ဖြစ်သည်။—၁ ကောရိန္သု ၆:၁၄; ဖိလိပ္ပိ ၃:၁၀၊ ၁၁။

၁၅။ အဘယ်ဘေးများကို ပေါလုတွေ့ကြုံခဲ့မည်ဖြစ်ပြီး၊ ၎င်းတို့ကိုခံရပ်နိုင်ရန် ရှင်ပြန်ထမြောက်ခြင်း၌ယုံကြည်ခြင်းသည် မည်သို့ထောက်ကူခဲ့မည်နည်း။

၁၅ ပေါလုက “ငါသည် နေ့တိုင်းသေခြင်းနှင့်ရင်ဆိုင်ရ၏” ဟုဆိုနိုင်သည်အထိ သူကိုယ်တိုင်ဘေးကြုံရကြောင်း ယခုရှင်းပြသည်။ တချို့က ချဲ့ကားပြောဆိုသည်ဟု သူ့ကိုစွပ်စွဲကြမည်စိုး၍ ပေါလုဤသို့ဆိုသည်– “ငါတို့သခင်ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ ငါဆိုဝံ့၏။” ယေရုရှလင်သမ္မာကျမ်းစာကဤအခန်းငယ်ကို ဤသို့ပြန်ဆိုသည်– “ညီအစ်ကိုတို့၊ ငါသည် သေခြင်းကိုနေ့တိုင်းရင်ဆိုင်ရကြောင်း ကျွန်ုပ်တို့၏သခင်ခရစ်တော်ယေရှု၌ သင်တို့အကြောင်းကြောင့် ဂုဏ်ယူဝင့်ကြွား၍ တိုင်တည်ဝံ့၏။” သူရင်ဆိုင်ခဲ့ရသည့်အန္တရာယ်များ၏ သာဓကတစ်ခုအနေဖြင့် အခန်းငယ် ၃၂ တွင် “ဧဖက်မြို့၌ . . . သားရဲတို့နှင့်တိုက်” ခဲ့ကြောင်းပေါလုဆိုသည်။ ရောမများသည် ရာဇဝတ်သားများကို အားကစားကွင်းများ၌ သားရဲများထံပစ်ချလိုက်ခြင်းဖြင့် ကွပ်မျက်လေ့ရှိသည်။ ပေါလုသည် ပကတိသားရဲများနှင့်တိုက်ခိုက်ခဲ့လျှင် ယေဟောဝါ၏အကူအညီဖြင့်သာ သူလွတ်မြောက်နိုင်ခဲ့မည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မရှိဘဲ ထိုသို့သောဘေးမျိုးကြုံရသည့် အသက်တာလမ်းစဉ်ကိုရွေးချယ်ခြင်းသည် အမှန်ပင်မိုက်မဲရာကျမည်။ အနာဂတ်အသက်တာမျှော်လင့်ချက်မရှိဘဲ ဘုရားသခင့်အမှုဆောင်ခြင်းနှင့်ဒွန်တွဲနေသော အခက်အခဲများနှင့် အနစ်နာခံမှုများကို ခံရပ်ခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ “သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် . . . စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟုပေါလုဆိုသည်။—၁ ကောရိန္သု ၁၅:၃၁၊ ၃၂ ၂ ကောရိန္သု ၁:၈၊ ၉; ၁၁:၂၃-၂၇ ရှု။

၁၆။ (က) “စားကြကုန်အံ့၊ သောက်ကြကုန်အံ့။ နက်ဖြန်သေရကြမည်” ဟူသောစကားသည် အဘယ်မှအရင်းခံသနည်း။ (ခ) ဤသဘောကိုခံယူခြင်း၏အန္တရာယ်များကား အဘယ်နည်း။

၁၆ ပေါလုသည် နာခံမှုမရှိသော ယေရုရှလင်မြို့သူမြို့သားများ၏ ကံကြမ္မာယုံစားသောသဘောထားကို ဖော်ပြသည့် ဟေရှာယ ၂၂:၁၃ ကိုကိုးကားခဲ့ပေမည်။ သို့မဟုတ် တမလွန်ဘဝမျှော်လင့်ချက်မှန်သမျှကို လက်မခံသည့်အပြင်၊ ဘဝတွင် ဇာတိပျော်ပါးမှုသည် အဓိကဖြစ်၏ဟုယူဆကြသော ဧပိကုရုများ၏ယုံကြည်ချက်များကို သူဆိုလိုနေနိုင်သည်။ မည်သို့ဆိုစေကာမူ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့” ဟူသောဒဿနအတွေးသည် ဘုရားတရားမဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ပေါလုဤသို့သတိပေးခဲ့သည်– “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သူတို့နှင့်ပေါင်းသင်းခြင်းသည် အဆိပ်သင့်နိုင်သည်။ ထိုပေါင်းသင်းမှုကြောင့် ကောရိန္သုအသင်းတော်၌ ပေါလုကိုင်တွယ်ခဲ့ရသည့် မတရားမေထုန်ပြုခြင်း၊ ကွဲပြားခြင်း၊ တရားစွဲခြင်းနှင့် သခင့်ညစာစားပွဲကို မလေးမစားပြုခြင်းအစရှိသည့် ပြဿနာများပေါ်ပေါက်ခဲ့ခြင်းဖြစ်ပေမည်။—၁ ကောရိန္သု ၁:၁၁; ၅:၁; ၆:၁; ၁၁:၂၀-၂၂။

၁၇။ (က) ပေါလုသည် ကောရိန္သုမြို့သားများကို အဘယ်တိုက်တွန်းနှိုးဆော်မှုပေးခဲ့သနည်း။ (ခ) အဘယ်မေးခွန်းများ ဖြေဆိုရန်ကျန်သနည်း။

၁၇ ထို့ကြောင့် ကောရိန္သုမြို့သားများကို ဤသို့အပြုသဘောပါပါ ပေါလုတိုက်တွန်းနှိုးဆော်ခဲ့သည်– “တရားသဖြင့်နိုးကြလော့။ [မကောင်းမှု] ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကိုမသိကြ။ ထိုသို့ဆိုသော် သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။” (၁ ကောရိန္သု ၁၅:၃၄) ရှင်ပြန်ထမြောက်ခြင်းအပေါ် အပြုသဘောအမြင်မရှိခြင်းသည် အချို့ကို သောက်ကြူးသည့်အလား ဝိညာဉ်ရေးအရမေ့မြောထိုင်းမှိုင်းစေသည်။ သူတို့သည် နိုးကြားတည်ကြည်ဖို့လိုသည်။ အလားတူပင် ယနေ့ဘိသိက်ခံခရစ်ယာန်များသည် ဝိညာဉ်ရေးအရနိုးကြားပြီး၊ လောက၏သံသယအမြင်များဖြင့် အလွှမ်းမိုးမခံဖို့လိုသည်။ သူတို့သည် ၎င်းတို့၏ကောင်းကင်သို့ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြရမည်။ သို့သော် ကောရိန္သုမြို့သားများအတွက်လည်းကောင်း၊ ယနေ့ကျွန်ုပ်တို့အတွက်ပါ မေးစရာမေးခွန်းများကျန်နေသေး၏။ ဥပမာအနေနှင့် ၁၄၄,၀၀၀ သည်အဘယ်ပုံစံဖြင့်ကောင်းကင်သို့ ထမြောက်ကြမည်နည်း။ သင်္ချိုင်းတွင်ရှိနေကြဆဲဖြစ်သည့် ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်မရှိသူ အခြားသန်းနှင့်ချီသောသူများအတွက်ကော အသို့နည်း။ ထိုသို့သောသူများအတွက် ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ကျွန်ုပ်တို့၏နောက်ဆောင်းပါးတွင် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလု၏ဆွေးနွေးခန်းမှ ကျန်အပိုင်းကို ဆန်းစစ်ကြည့်ကြမည်။

[အောက်ခြေမှတ်ချက်များ]

a ရွေးနုတ်ဖိုးအကြောင်းဆွေးနွေးထားသည့် ၁၉၉၁၊ ဖေဖော်ဝါရီလ ၁၅ ရက်ထုတ်ကင်းမျှော်စင်ရှု။

သင်မှတ်မိသလော

◻ ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းအပေါ် အဘယ်အလင်းဖြာခဲ့သနည်း။

◻ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို သက်သေခံနိုင်သူအချို့ကား မည်သူများနည်း။

◻ ရှင်ပြန်ထမြောက်ခြင်းအယူဝါဒသည် အဘယ်ကြောင့်ဆိုင်ပြိုင်ခံရသနည်း၊ ပေါလု၏တုံ့ပြန်မှုကားအဘယ်နည်း။

◻ ဘိသိက်ခံခရစ်ယာန်များအတွက် ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ခြင်းသည် အဘယ်ကြောင့်အရေးပါသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယာဣရု၏သမီးသည် ရှင်ပြန်ထမြောက်ခြင်း၏အထောက်အထားဖြစ်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်မရှိလျှင် သစ္စာရှိခရစ်ယာန်များ၏အာဇာနည်သေခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ