ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁၅ စာ. ၁၄-၁၉
  • မွန်မြတ်သောအကျင့်ကို သင်ကျင့်ကြံအားထုတ်နေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မွန်မြတ်သောအကျင့်ကို သင်ကျင့်ကြံအားထုတ်နေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မွန်မြတ်သောအကျင့်ကို သူကျင့်ကြံအားထုတ်ခဲ့
  • မွန်မြတ်သောအကျင့်ကို သူတို့ ဆက်လက်ကျင့်ကြံအားထုတ်နေကြ
  • ယခုအချိန်တွင် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်
  • သတိပြုကြ!
  • လေ့လာမှုနှင့် ဆင်ခြင်သုံးသပ်မှုကဏ္ဍ
  • မွန်မြတ်သောအကျင့်နှင့် ပေါင်းသင်းခြင်း
  • မွန်မြတ်သောအကျင့်ကို ဆက်လက်ကျင့်ကြံအားထုတ်ပါလေ
  • ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ မြင့်မြတ်သောအကျင့်သီလကို မည်သို့ဖြည့်စွက်နိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မွန်မြတ်သောအကျင့်ကို ကျွန်ုပ်တို့ပြုစုပျိုးထောင်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မွန်မြတ်သောအကျင့်ကို အဘယ်ကြောင့် ပြုစုပျိုးထောင်ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဒုစရိုက်ပြည့်နှက်သောလောကတွင် မွန်မြတ်သောအကျင့်ကိုထိန်းသိမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁၅ စာ. ၁၄-၁၉

မွန်မြတ်သောအကျင့်ကို သင်ကျင့်ကြံအားထုတ်နေသလော

“မွန်မြတ်သောအကျင့် ရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာ ရှိသမျှတို့ကို ဆက်လက်ဆင်ခြင်သုံးသပ်ကြလော့။”—ဖိလိပ္ပိ ၄:၈၊ ကဘ။

၁။ ဒုစရိုက်ကား အဘယ်နည်း။ ယင်းသည် ယေဟောဝါ၏ ဝတ်ပြုရေးကို အဘယ်ကြောင့်ဖောက်ပြန်ပျက်စီး မသွားစေနိုင်သနည်း။

ဒုစရိုက်သည် ကိုယ်ကျင့်ယုတ်ညံ့မှု သို့မဟုတ် ယိုယွင်းပျက်ပြားမှုဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့နေထိုင်သောလောကထဲ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။ (ဧဖက် ၂:၁-၃) သို့ရာတွင် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏သန့်ရှင်းသောဝတ်ပြုရေးကို ဖောက်ပြန်ပျက်စီးစေမည်မဟုတ်ပါ။ ခရစ်ယာန်စာပေများ၊ အစည်းအဝေးများ၊ စည်းဝေးများနှင့် စည်းဝေးကြီးများက မဖြောင့်မတ်သောအကျင့်နှင့်ပတ်သက်၍ အခန့်သင့်သတိပေးချက်များကို ပေးသည်။ ဘုရားသခင့်မျက်မှောက်တော်တွင် “ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်” ကြရန် ကျမ်းစာမှအကူအညီကို ရရှိကြသည်။ (ရောမ ၁၂:၉) ထို့ကြောင့် ယေဟောဝါသက်သေများသည် အဖွဲ့အစည်းလိုက် သန့်ရှင်းစင်ကြယ်၊ မွန်မြတ်ဖို့ ကြိုးစားနေကြ၏။ ကျွန်ုပ်တို့တစ်ဦးချင်းစီကော၊ အသို့နည်း။ သင်သည် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်နေပါသလော။

၂။ မွန်မြတ်သောအကျင့်ကား အဘယ်နည်း။ မွန်မြတ်သောအကျင့်၌ စွဲလမ်းနေရန် အဘယ်ကြောင့်ကြိုးစားဖို့လိုပါသနည်း။

၂ မွန်မြတ်သောအကျင့်ဟူသည် ကိုယ်ကျင့်အထူးကောင်းမွန်ခြင်း၊ ကောင်းမြတ်ခြင်း၊ ဖြောင့်မှန်သောအပြုအမူနှင့် အတွေးအခေါ်တို့ဖြစ်သည်။ ယင်းသည် အားအင်၊ ဆန္ဒကင်းမဲ့သည့် အရည်အသွေးမဟုတ်၊ ပြတ်သား၊ တက်ကြွသောအရည်အသွေးဖြစ်သည်။ မွန်မြတ်သောအကျင့်တွင် အပြစ်ကိုရှောင်ရှားခြင်းထက်မကပါဝင်၏; ကောင်းမွန်သည့်အရာကို ကျင့်ကြံအားထုတ်ခြင်းဖြစ်သည်။ (၁ တိမောသေ ၆:၁၁) တမန်တော်ပေတရုက ခရစ်ယာန်ချင်းတို့အား “ယုံကြည်ခြင်း၌သီလ [“မွန်မြတ်သောအကျင့်၊” ကဘ] ကို . . . ထပ်ဆင့်ကြလော့” ဟုမှာကြားသည်။ မည်သို့အားဖြင့်နည်း။ “[ဘုရားသခင်၏တန်ဖိုးဖြတ်မရသော ကတိတော်များကို] [“တုံ့ပြန်ကာ၊” ကဘ] အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်” ခြင်းအားဖြင့်ဖြစ်သည်။ (၂ ပေတရု ၁:၅-၇) ကျွန်ုပ်တို့၏ အပြစ်ရှိသဘောတရားကြောင့် မွန်မြတ်သောအကျင့်ကိုစွဲလမ်းနေရန် တကယ်ကြိုးစားဖို့လိုပါသည်။ သို့တိုင် ကြီးမားသောအတားအဆီးများကို ရင်ဆိုင်ရလျက်ပင် ရှေးခေတ်ဘုရားသခင်ကိုကြောက်ရွံ့ကြည်ညိုသူများသည် ထိုသို့ပြုခဲ့ကြပြီ။

မွန်မြတ်သောအကျင့်ကို သူကျင့်ကြံအားထုတ်ခဲ့

၃။ ဘုရင်အာခတ်သည် အဘယ်ဆိုးသွမ်းသောအမှုများကို ပြုခဲ့သနည်း။

၃ ကျမ်းစာတွင် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်သူများစွာအကြောင်းပါသည်။ ဥပမာ၊ မွန်မြတ်သောအကျင့်ကို မြတ်နိုးသူ ဟေဇကိကို သုံးသပ်ကြည့်ပါ။ သူ၏ဖခင် ယုဒဘုရင်အာခတ်သည် မောလုပ်ဘုရားကို ကိုးကွယ်ခဲ့ကြောင်းသိရသည်။ “အာခတ်သည် အသက်နှစ်ဆယ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ဆယ့်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုမပြု၊ ဣသရေလရှင်ဘုရင်တို့လိုက်သောလမ်းသို့လိုက်၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ်ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။ မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။” (၄ ဓမ္မရာဇဝင် ၁၆:၁-၄) ‘မီးဖြင့်ပူဇော်ခြင်း’ သည်လူယဇ်ကောင် ပူဇော်ခြင်းမဟုတ်ဘဲ စင်ကြယ်ခြင်းထုံးတမ်းစဉ်လာ တစ်မျိုးမျိုးကို ရည်ညွှန်းသည်ဟု အချို့ကအဆိုပြုသည်။ သို့ရာတွင် ဂျောန်ဒေး၏ မောလုပ်—ဓမ္မဟောင်းကျမ်းပါ လူယဇ်ကောင်တို့၏ဘုရားစာအုပ်၌ ဤသို့တင်ပြထားသည်– “ခါနနိလောကတွင် . . . လူယဇ်ကောင်ပူဇော်ခဲ့ကြောင်း ရှေးခေတ်ဂရိနှင့်ရောမစာပေ၊ ပျူနစ် [ကာသေဂ်ျမြို့မှ] အရင်းခံသတင်းများအပြင် ရှေးဟောင်းသုတေသနဆိုင်ရာသာဓကများက သက်သေထူသည်။ ယင်းကြောင့် [လူယဇ်ကောင်ပူဇော်ခြင်းကို] ဓမ္မဟောင်းကျမ်း၏ တစေ့တစောင်းဖော်ပြချက်များအပေါ် သံသယရှိစရာမလိုပါ။” ထို့ပြင် အာခတ်သည် “မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏” ဟု ၂ ရာဇဝင်ချုပ် ၂၈:၃ ၌အတိအလင်းဖော်ပြထားပါသည်။ (တရားဟောရာ ၁၂:၃၁; ဆာလံ ၁၀၆:၃၇၊ ၃၈ နှိုင်းယှဉ်။) အလွန်ဆိုးရွားလှလေခြင်း!

၄။ ဟေဇကိသည် ဒုစရိုက်ပြည့်နှက်နေသောဝန်းကျင်တွင် မည်သို့စခန်းသွားခဲ့သနည်း။

၄ ဟေဇကိသည် ဤဒုစရိုက်ပြည့်နှက်နေသောဝန်းကျင်တွင် မည်သို့စခန်းသွားခဲ့သနည်း။ ဆာလံ ၁၁၉ သည်စိတ်ဝင်စားစရာဖြစ်၏။ အကြောင်းမှာဟေဇကိသည် မင်းသားဘဝကတည်းက ယင်းကို ရေးသားခဲ့သည်ဟု အချို့ကယူမှတ်ကြသောကြောင့်ဖြစ်သည်။ (ဆာလံ ၁၁၉:၄၆၊ ၉၉၊ ၁၀၀) ထို့ကြောင့် သူ၏အခြေအနေကို ဤစကားများက တင်ပြပေမည်– “မင်းတို့သည် အကျွန်ုပ်တစ်ဖက်၌ ထိုင်၍ပြောကြပါ၏။ ကိုယ်တော်၏ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။ အကျွန်ုပ်ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည် ယိုလျက်ရှိပါ၏။” (ဆာလံ ၁၁၉:၂၃၊ ၂၈) ဟေဇကိသည် မှောက်မှားသောဘာသာ ကိုးကွယ်သူတို့နှင့် ဝန်းရံထားခံရရာ နန်းတွင်းသားတို့၏ ကဲ့ရဲ့ခြင်းကိုခံရသဖြင့် အိပ်မပျော်ခြင်း ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ သို့တိုင် မွန်မြတ်သောအကျင့်ကို သူကျင့်ကြံအားထုတ်ခဲ့ရာ အတန်ကြာလေသော် ဘုရင်ဖြစ်လာပြီး “ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ . . . ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို” သူခိုလှုံခဲ့သည်။—၄ ဓမ္မရာဇဝင် ၁၈:၁-၅။

မွန်မြတ်သောအကျင့်ကို သူတို့ ဆက်လက်ကျင့်ကြံအားထုတ်နေကြ

၅။ ဒံယေလနှင့် သူ၏မိတ်ဆွေသုံးဦးသည် အဘယ်စမ်းသပ်ခြင်းများကို ရင်ဆိုင်ခဲ့ကြရသနည်း။

၅ မွန်မြတ်သောအကျင့် ကျင့်ရာတွင် ပုံသက်သေကောင်းသူများမှာ ဒံယေလနှင့် သူ၏ဟေဗြဲမိတ်ဆွေသုံးဦးဖြစ်သည့် ဟာနနိ၊ မိရှေလ၊ အာဇရိတို့ပါဝင်သည်။ ဤသူတို့သည် သူတို့၏နေရင်းနိုင်ငံမှ ဗာဗုလုန်သို့ ပြည်နှင်ခံခဲ့ကြရသူများဖြစ်သည်။ ဤလူငယ်လေးဦးအား ဗေလတရှာဇာ၊ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါဟူသည့် ဗာဗုလုန်အမည်များပေးခဲ့သည်။ ဘုရားသခင်၏ပညတ်တော်တားမြစ်သော အစာများပါဝင်သည့် ဘုရင်၏ “ပွဲတော်မှကြွင်းသောအစာ” တို့ကို သူတို့အားစားသုံးစေခဲ့သည်။ ထို့ပြင် “ခါလဒဲဘာသာအတတ်ကိုသင်” ယူစေရန် သုံးနှစ်သင်တန်းတက်ခဲ့ကြရသည်။ ထိုတွင် ဘာသာခြားစကားကို သင်ယူရုံထက်မက ပါဝင်ပေမည်။ အကြောင်းမှာ ဤတွင် “ခါလဒဲ” ဟူသောအခေါ်အဝေါ်သည် ပညာရှိအတန်းအစားကို ရည်ညွှန်းနေပုံရှိ၏။ သို့ဖြင့် ဤဟေဗြဲလူငယ်များသည် ယိုယွင်းပျက်ပြားသော ဗာဗုလုန်သွန်သင်မှုကို ခံယူခဲ့ကြရပါသည်။—ဒံယေလ ၁:၁-၇။

၆။ ဒံယေလသည် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၆ ဒံယေလနှင့် သူ၏အဖော်သုံးဦးသည် အကြီးအကျယ်ပုံစံသွင်း ခံခဲ့ကြရသော်လည်း ဒုစရိုက်အစား မွန်မြတ်သောအကျင့်ကိုကျင့်ရန် ရွေးချယ်ကြပါသည်။ “ဒံယေလသည် ကုရုမင်းကြီးနန်းစံ ပထမနှစ်တိုင်အောင် ရှိနေသတည်း” ဟုဒံယေလ ၁:၂၁ ကဆိုသည်။ မှန်ပါ၏၊ ဒံယေလသည် တန်ခိုးကြီးသောဘုရင်အသီးသီးတို့၏ လက်ထက်များတစ်လျှောက် အသက် ၈၀ ကျော်တိုင်အောင် မွန်မြတ်သောအကျင့်ကို မြတ်နိုးသူတစ်ဦးအဖြစ် “ရှိနေသတည်း။” သူသည် အဂတိလိုက်စားသော မင်းအရာရှိများ၏ ကောက်ကျစ်သောအကြံအစည်များနှင့် ဗာဗုလုန်ဘာသာ၏ လိင်ဆိုင်ရာဒုစရိုက်ကို ရင်ဆိုင်ခဲ့ရလျက်ပင် ဘုရားသခင်အပေါ် သစ္စာမပျက်ပါ။ ဒံယေလသည် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ခဲ့ပါသည်။

၇။ ဒံယေလနှင့် သူ၏မိတ်ဆွေသုံးဦးတို့ လိုက်လျှောက်ခဲ့သောလမ်းစဉ်မှ အဘယ်သင်ခန်းစာယူနိုင်သနည်း။

၇ ဘုရားသခင်အားကြောက်ရွံ့သောဒံယေလနှင့် သူ၏မိတ်ဆွေတို့မှ သင်ခန်းစာများစွာယူနိုင်ပါသည်။ သူတို့သည် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ကြပြီး ဗာဗုလုန်ယဉ်ကျေးမှုထဲတွင်နစ်မွန်းသွားရမည့်အဖြစ်ကို ငြင်းပယ်ကြ၏။ ဗာဗုလုန်အမည်များ ပေးခံရကြသော်လည်း ယေဟောဝါ၏ကျေးကျွန်များဖြစ်ကြောင်း အမြဲအသိအမှတ်ပြုခံခဲ့ကြရသည်။ နောင်နှစ်ပေါင်း ၇၀ အကြာတွင် ဗာဗုလုန်ရှင်ဘုရင်သည် ဒံယေလ၏ဟေဗြဲအမည်ကိုတပ်ပြီး သူနှင့်စကားပြောဆိုခဲ့ပါသည်တကား! (ဒံယေလ ၅:၁၃) ဒံယေလသည် သူ၏ရှည်သောအသက်တာတစ်လျှောက် အသေးအမွှားကိစ္စများတွင်ပင် လိုက်လျောအလျှော့မပေးခဲ့ပေ။ သူသည် လူငယ်ဖြစ်စဉ်က ‘ပွဲတော်မှ ကြွင်းသောအစားအသောက်နှင့် . . . မိမိကိုယ်ကို မညစ်ညူးစေရန် စိတ်ပိုင်းဖြတ်’ ထားသည်။ (ဒံယေလ ၁:၈) ဒံယေလနှင့် သူ၏မိတ်ဆွေတို့၏ ဤအလျှော့မပေးသော ရပ်တည်ချက်ကြောင့် နောက်ပိုင်းတွင် သူတို့ရင်ဆိုင်ခဲ့ကြရသည့် သေရေးရှင်ရေး အကျပ်အတည်းများကို သူတို့ကျော်လွှားနိုင်ကြရန် ခံနိုင်ရည်ရှိခဲ့ကြခြင်းဖြစ်မည်မလွဲပေ။—ဒံယေလ၊ အခန်းကြီး ၃ နှင့် ၆။

ယခုအချိန်တွင် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်

၈။ ခရစ်ယာန်လူငယ်များသည် စာတန့်ဆိုးသွမ်းသောလောက၏ပုံသွင်းမှုကို မည်သို့ငြင်းဆန်နိုင်ကြမည်နည်း။

၈ ဒံယေလနှင့် သူ၏မိတ်ဆွေသုံးဦးနည်းတူ ယနေ့ ဘုရားသခင်၏လူများသည် စာတန့်ဆိုးသွမ်းသောလောက၏ ပုံသွင်းမှုကိုမခံကြပါ။ (၁ ယောဟန် ၅:၁၉) သင်သည် ခရစ်ယာန်လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင် သက်တူရွယ်တူတို့က သူတို့၏ လွန်ကဲသောဝတ်စားဆင်ယင်မှုနှင့် တေးဂီတကိုတုပရန် သင့်ကို ဖိအားပေးတိုက်တွန်းနေပေမည်။ သို့သော်လည်း အခိုက်အတန့်ခေတ်စားရာ သို့မဟုတ် ဖက်ရှင်တိုင်းကို လိုက်တုနေမည့်အစား မားမားမတ်မတ်ရပ်တည်ပြီး “ဤအစီအစဉ်စနစ်၏ ပုံသွင်းခြင်းကို” မခံပါနှင့်။ (ရောမ ၁၂:၂၊ ကဘ) “ဘုရားတရားမဲ့ခြင်းနှင့် လောကီတပ်မက်ခြင်းတို့ကို ငြင်းပယ်၍ သမာသတိ၊ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းများအားဖြင့် နေထိုင်” ပါ။ (တိတု ၂:၁၁၊ ၁၂၊ ကဘ) အရေးကြီးသည်ကား သင့်သက်တူရွယ်တူတို့၏သဘောကျနှစ်သက်မှုကိုရရန်မဟုတ်ဘဲ ယေဟောဝါ၏မျက်နှာသာတော်ရရန်ဖြစ်ပါသည်။—သု. ၁၂:၂။

၉။ ခရစ်ယာန်များသည် စီးပွားရေးလောကတွင် အဘယ်ဖိစီးမှုများ ကြုံတွေ့ကြရမည်နည်း။ သူတို့သည် မည်သို့ကျင့်ကြံပြုမူသင့်သနည်း။

၉ ခရစ်ယာန်လူကြီးများလည်း ဖိစီးမှုများကြုံတွေ့ကြရပြီး မွန်မြတ်သောအကျင့်ကို မြတ်နိုးကြရမည်။ စီးပွားရေးလုပ်သူ ခရစ်ယာန်များသည် သံသယဖြစ်ဖွယ်ရှိသော နည်းလမ်းများကို အသုံးပြုရန်၊ သို့မဟုတ် အစိုးရစည်းမျဉ်းများနှင့် အခွန်ဥပဒေများကို ဥပေက္ခာပြုရန် သွေးဆောင်ခံရကြပေမည်။ စီးပွားရေးပြိုင်ဘက်များ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များသည် မည်သို့ပင်ပြုမူကြစေကာမူ “အရာရာကိုရိုးဖြောင့်စွာ ငါတို့ကျင့်ကြံပြုမူလို” ကြပါသည်။ (ဟေဗြဲ ၁၃:၁၈၊ ကဘ) ကျွန်ုပ်တို့သည် အလုပ်ရှင်များ၊ အလုပ်သမားများ၊ ဖောက်သည်များ၊ လောကီအစိုးရများနှင့် ရိုးဖြောင့်မှန်ကန်၊ တရားမျှတစွာဆက်ဆံရန် ကျမ်းစာက တောင်းဆိုထားပါသည်။ (တရားဟောရာ ၂၅:၁၃-၁၆; မဿဲ ၅:၃၇; ရောမ ၁၃:၁; ၁ တိမောသေ ၅:၁၈; တိတု ၂:၉၊ ၁၀) ကျွန်ုပ်တို့၏စီးပွားရေးလုပ်ငန်းများတွင်လည်း စည်းစနစ်ကျနရန် ကြိုးစားကြစို့။ စာရင်းဇယားများကို တိတိကျကျထားရှိခြင်း၊ သဘောတူညီချက်များကို အသေအချာစာချုပ် ချုပ်ထားခြင်းဖြင့် များသောအားဖြင့် အထင်လွဲမှားမှုများမဖြစ်ပေါ်စေရန် တားဆီးပေးနိုင်ပါသည်။

သတိပြုကြ!

၁၀။ ကျွန်ုပ်တို့ရွေးချယ်သောတေးဂီတနှင့်ပတ်သက်၍ ‘သတိပြုရန်’ အဘယ်ကြောင့်လိုသနည်း။

၁၀ ဘုရားသခင့်မျက်မှောက်တော်တွင် မွန်မြတ်သောအကျင့်ကိုမြတ်နိုးသူ ဖြစ်မြဲဖြစ်နေခြင်းနှင့်ပတ်သက်၍ အခြားကဏ္ဍတစ်ခုကို ဆာလံ ၁၁၉:၉ ကဖော်ပြသည်။ ဆာလံဆရာက “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပါဌ်တော်အတိုင်း သတိပြုရမည်” ဟုသီဆိုခဲ့သည်။ စာတန်၏ အထိရောက်ဆုံးလက်နက်တစ်ခုကား စိတ်လှုပ်ရှားမှုကိုနှိုးဆွပေးနိုင်စွမ်းရှိသော တေးဂီတဖြစ်သည်။ ဝမ်းနည်းစရာမှာ ခရစ်ယာန်အချို့သည် တေးဂီတနှင့်စပ်လျဉ်း၍ ‘သတိမပြု’ ခဲ့ကြသောကြောင့် လွန်ကဲသောဂီတပုံစံဖြစ်သည့် ရက်ပ်နှင့်ဟဲဗီးမယ်တဲလ်တို့ကို ကြိုက်နှစ်သက်လာနေကြပါသည်။ အချို့က ဤကဲ့သို့သောတေးဂီတသည် မိမိတို့ကိုဥပဒ်မပေးပါ၊ စာသားကို သူတို့ဂရုပင်မစိုက်ကြပါဟု ဆင်ခြေပေးကြပေမည်။ အခြားသူများကြပြန်လျှင် ပြင်းထန်သောစည်းဝါးရိုက်ချက် သို့မဟုတ် ကျယ်လောင်သောဂီတာသံများကို ကြိုက်နှစ်သက်၍သာဖြစ်သည်ဟုဆိုကြ၏။ သို့သော် ခရစ်ယာန်များအတွက်ပြဿနာမှာ ကြိုက်နှစ်သက်စရာ ဖြစ်မဖြစ်ဟူသောအချက် မဟုတ်ပါ။ သူတို့သတိပြုရမည်မှာ “သခင်ဘုရား နှစ်သက်တော်မူသောအရာ” ဖြစ်မဖြစ်ဟူသောအချက်သာဖြစ်သည်။ (ဧဖက် ၅:၁၀) ဟဲဗီးမယ်တဲလ်နှင့် ရက်ပ်တေးဂီတတို့သည် များသောအားဖြင့် ဘုရားတရားစော်ကားမှု၊ မတရားမေထုန်၌မှီဝဲခြင်းနှင့် စာတန်ဝါဒa အစရှိသည့်ဒုစရိုက်အမှုများ၊ ဘုရားသခင့်လူမျိုးအလယ်တွင် အမှန်မရှိအပ်သောအရာများကို မြှောက်ထိုးပင့်ကော်ပြုနေပါသည်။ (ဧဖက် ၅:၃) လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိကိုယ်ကို ဤမေးခွန်းမေးပြီး ဆင်ခြင်သုံးသပ်သင့်ပေသည်၊ အကျွန်ုပ်ရွေးချယ်သော တေးဂီတက အကျွန်ုပ်သည် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်နေကြောင်းဖော်ပြသလော၊ သို့မဟုတ် ဒုစရိုက်ကို ကျင့်ကြံအားထုတ်နေကြောင်းဖော်ပြသလော။

၁၁။ ရုပ်မြင်သံကြားအစီအစဉ်များ၊ ဗီဒီယိုများ၊ ရုပ်ရှင်များနှင့်ပတ်သက်၍ ခရစ်ယာန်တစ်ဦးသည် မည်သို့သတိပြုနိုင်သနည်း။

၁၁ ရုပ်မြင်သံကြားအစီအစဉ်များ၊ ဗီဒီယိုများနှင့် ရုပ်ရှင်မြောက်မြားစွာတို့သည် ဒုစရိုက်ကို မြှောက်ထိုးပင့်ကော်ပြုသည်။ စိတ်ဓာတ်ကျန်းမာရေး အထင်ကရပါရဂူတစ်ဦး၏အဆိုအရ ယနေ့တင်ဆက်ပြသသော ရုပ်ရှင်အများသည် ‘ဇိမ်ခံပျော်ပါးရေးပဓာနဝါဒ၊ လိင်မှုရေးရာ၊ အဓမ္မမှု၊ လောဘနှင့် အတ္တသဘော’ မတရားမှု၊ တက်မက်မှုနှင့် တစ်ကိုယ်ကောင်းသဘော တို့ကို အသားပေး၏ဟုဆိုသည်။ ထို့ကြောင့် သတိရှိခြင်းတွင် ကျွန်ုပ်တို့ကြည့်ရှုမည့်အရာများကို ရွေးချယ်စိစစ်ခြင်းပါဝင်သည်။ ဆာလံဆရာက “အနတ္တကိုပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ” ဟုဆုတောင်းခဲ့သည်။ (ဆာလံ ၁၁၉:၃၇) ဂျိုးဇက်ဖ်ဟူသော ခရစ်ယာန်လူငယ်တစ်ဦးသည် ဤမူကိုလက်တွေ့ကျင့်သုံးခဲ့ပါသည်။ ရုပ်ရှင်တစ်ခုသည် သံဝါသပြုခြင်းနှင့် မတရားမှုကို ကွင်းကွင်းကွက်ကွက်စတင်ဖော်ပြသည်နှင့် ရုံထဲမှသူထွက်ခွာသွားပါသည်။ ယင်းသို့ပြုခြင်းကို သူရှက်ခဲ့သလော။ “လုံးဝမရှက်ပါဘူး။ ယေဟောဝါကို ကျွန်တော်အရင်ဆုံးသတိရပြီး စိတ်တော်နဲ့တွေ့ချင်တယ်” ဟုဂျိုးဇက်ဖ်ပြောပါသည်။

လေ့လာမှုနှင့် ဆင်ခြင်သုံးသပ်မှုကဏ္ဍ

၁၂။ မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်နိုင်ရန်အလို့ငှာ ကိုယ်ပိုင်လေ့လာမှုနှင့် ဆင်ခြင်သုံးသပ်မှုရှိရန် အဘယ်ကြောင့်လိုအပ်သနည်း။

၁၂ အဆိုးကိုရှောင်ကြဉ်ရုံဖြင့် မလုံလောက်ပါ။ မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ခြင်းတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၌ မှတ်တမ်းတင်ထားသော ကောင်းမွန်ရာများ၏ ဖြောင့်မတ်သောမူများကို လက်တွေ့ကျင့်သုံးနိုင်ရန် ယင်းတို့ကို လေ့လာသုံးသပ်ဆင်ခြင်ခြင်းပါဝင်သည်။ “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟုဆာလံဆရာက ကြွေးကြော်ခဲ့သည်။ (ဆာလံ ၁၁၉:၉၇) သင့်ပတ်စဉ်အစီအစဉ်တွင် သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာအုပ်စာတမ်းများကို ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း ပါဝင်ပါသလော။ မှန်သည်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အပတ်တကုတ်လေ့လာခြင်းနှင့် ယင်းကိုစိတ်အားထက်သန်စွာ ဆင်ခြင်သုံးသပ်ခြင်းပြုလုပ်ဖို့အတွက် အချိန်ပေးခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်ပါသည်။ သို့သော် များသောအားဖြင့် အခြားလုပ်ငန်းရပ်များမှ အချိန်ကိုရွေးနုတ်ဝယ်ယူနိုင်ပါသည်။ (ဧဖက် ၅:၁၅၊ ၁၆) ဆုတောင်းခြင်း၊ လေ့လာခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းတို့ပြုလုပ်ဖို့အတွက် နံနက်စောစောပိုင်းအချိန်သည် သင့်အဖို့ အကောင်းဆုံးအချိန်ဖြစ်ကောင်းဖြစ်ပေမည်။—ဆာလံ ၁၁၉:၁၄၇ နှိုင်းယှဉ်။

၁၃၊ ၁၄။ (က) ဆင်ခြင်သုံးသပ်ခြင်းသည် အဘယ်ကြောင့်တန်ဖိုးဖြတ်မရပါသနည်း။ (ခ) အဘယ်ကျမ်းချက်များကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် လိင်မှုဖောက်ပြားခြင်းကို ရွံမုန်းရန် အကူအညီရရှိနိုင်မည်နည်း။

၁၃ ဆင်ခြင်သုံးသပ်ခြင်းသည် တန်ဖိုးဖြတ်မရပါ၊ ယင်းက တတ်သိထားရာကို မှတ်မိစေရန် အကူအညီပေးသောကြောင့်ဖြစ်သည်။ ထိုထက်အရေးကြီးသည်ကား ဘုရားရေးရာအမြင်မျိုးရှိစေရန် အထောက်အကူပြုနိုင်ခြင်းဖြစ်သည်။ ဥပမာ၊ မတရားမေထုန်၌မှီဝဲခြင်းကို ဘုရားသခင်တားမြစ်သည်ဟု သိရှိထားခြင်းနှင့် ‘ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာပြီး ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်’ ခြင်းသည် တခြားစီဖြစ်ပါသည်။ (ရောမ ၁၂:၉) “ထိုကြောင့် မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကိုသေစေကြလော့” ဟုတိုက်တွန်းသည့် ကောလောသဲ ၃:၅ ကဲ့သို့သော အဓိကကျမ်းချက်များကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် လိင်မှုဖောက်ပြားခြင်းအပေါ် ယေဟောဝါ၏စိတ်တော်ကို ကိုယ်တိုင်ခံစားနိုင်ပါမည်။ မိမိကိုယ်ကို ဤသို့မေးပါ– ‘မည်ကဲ့သို့သော ကိလေသာပူပန်ခြင်းမျိုးကို အကျွန်ုပ်သေစေရမည်နည်း။ ညစ်ညူးသောတပ်မက်ခြင်းကို နှိုးဆွပေးနိုင်မည့် အဘယ်အရာကို အကျွန်ုပ်ရှောင်ကြဉ်ရမည်နည်း။ လိင်ခြားသူနှင့် အကျွန်ုပ်ဆက်ဆံပုံကို ပြုပြင်ပြောင်းလဲစရာလိုပါသလော။’—၁ တိမောသေ ၅:၁၊ ၂ နှိုင်းယှဉ်။

၁၄ မည်သူမျှ “လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာ” မတရားသောမေထုန်၌မှီဝဲခြင်းကို ကြဉ်ရှောင်ပြီး ချုပ်တည်းခြင်းရှိကြရမည်ဟု ခရစ်ယာန်များကို ပေါလုတိုက်တွန်းခဲ့သည်။ (၁ သက်သာလောနိတ် ၄:၃-၇) မိမိကိုယ်ကို ဤသို့မေးပါ– ‘မတရားသောမေထုန်၌မှီဝဲခြင်းသည် အဘယ်ကြောင့်ဥပဒ်ပေးသနည်း။ ဤကိစ္စတွင် အပြစ်ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ အခြားသူကိုလည်းကောင်း မည်သို့အကျိုးပျက်စေသနည်း။ အကျွန်ုပ်သည် ဝိညာဉ်ရေး၊ စိတ်လှုပ်ရှားမှုနှင့် ကာယရေးဘက်တွင် မည်သို့ထိခိုက်ခံရမည်နည်း။ ဘုရားသခင်၏ပညတ်ဥပဒေကိုကျူးလွန်ပြီး နောင်တမယူသော အသင်းတော်ရှိသူများကော အသို့နည်း။ သူတို့၏အခြေအနေသည် မည်သို့ဖြစ်နေပြီနည်း။’ ထိုသို့သောအကျင့်များအကြောင်း ကျမ်းစာ၏ဖော်ပြချက်တို့ကို နှလုံးပိုက်ကျုံးခြင်းဖြင့် ဘုရားသခင့်မျက်မှောက်တော်တွင် ဆိုးရွားသည့်အမှုကို ကျွန်ုပ်တို့မုန်းတီးစိတ် ပြင်းထန်လာပါမည်။ (ထွက်မြောက်ရာ ၂၀:၁၄; ၁ ကောရိန္သု ၅:၁၁-၁၃; ၆:၉၊ ၁၀; ဂလာတိ ၅:၁၉-၂၁; ဗျာဒိတ် ၂၁:၈) မတရားမေထုန်၌မှီဝဲသောသူသည် “လူကို . . . မဟုတ်၊ . . . ဘုရားသခင်ကိုငြင်းပယ်၏” ဟုပေါလုဆိုသည်။ (၁ သက်သာလောနိတ် ၄:၈) အဘယ်စစ်မှန်သောခရစ်ယာန်သည် သူ၏ကောင်းကင်ခမည်းတော်ကို ငြင်းပယ်ပါမည်နည်း။

မွန်မြတ်သောအကျင့်နှင့် ပေါင်းသင်းခြင်း

၁၅။ မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရာတွင် ပေါင်းသင်းခြင်းသည် အဘယ်ကဏ္ဍမှပါဝင်သနည်း။

၁၅ မွန်မြတ်သောအကျင့် ဆက်လက်ကျင့်ကြံနေနိုင်ရန် အခြားအထောက်အကူတစ်ခုကား ကောင်းသောပေါင်းသင်းမှုဖြစ်သည်။ ဆာလံဆရာက “ကိုယ်တော်ကိုကြောက်ရွံ့သောသူ၊ ပေးတော်မူသောသြဝါဒကို နားထောင်သောသူ ရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဖော်တတ်ပါ၏” ဟုသီဆိုခဲ့သည်။ (ဆာလံ ၁၁၉:၆၃) ခရစ်ယာန်အစည်းအဝေးများတွင် ကျွန်ုပ်တို့ရရှိနိုင်သော ကောင်းသည့်ပေါင်းသင်းမှု လိုအပ်ပါသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့သည်သူတစ်ပါးနှင့်မရောနှောလျှင် တစ်ကိုယ်ကောင်းဆန်ဆန်တွေးတောလာတတ်ပြီးဒုစရိုက်သည် ကျွန်ုပ်တို့ကို အလွယ်တကူအုပ်မိသွားနိုင်ပေသည်။(သု. ၁၈:၁) သို့သော် ရင်းနှီးခင်မင်သော ခရစ်ယာန်ပေါင်းသင်းမှုသည် မြင့်မြတ်ရာကို အဆက်မပြတ်မြတ်နိုးရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်ကို မြဲမြံစေနိုင်သည်။ တစ်ကြိမ်တည်းတွင် မကောင်းသောအပေါင်းအသင်းများကို သတိပြုရပါမည်။ အိမ်နီးချင်း၊လုပ်ဖော်ကိုင်ဖက်နှင့် ကျောင်းနေဖက်တို့နှင့် ဖော်ရွေပျူငှာစွာနေနိုင်ပါ၏။သို့သော် ပညာရှိစွာဖြင့် သွားလာနေမည်ဆိုလျှင် မွန်မြတ်သောခရစ်ယာန်အကျင့်ကို ကျင့်ကြံအားထုတ်မနေသူတို့နှင့် ရင်းနှီးခင်မင်လွန်းခြင်းကို ရှောင်ကြဉ်ပါမည်။—ကောလောသဲ ၄:၅ နှိုင်းယှဉ်။

၁၆။ ၁ ကောရိန္သု ၁၅:၃၃ ကိုလက်တွေ့ကျင့်သုံးခြင်းက ယနေ့မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရန် မည်သို့အထောက်အကူပြုနိုင်မည်နည်း။

၁၆ ပေါလုက “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟုရေးသားခဲ့သည်။ ဤသို့ဆိုခြင်းအားဖြင့် ယုံကြည်သူများသည် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာသွန်သင်ချက်ကို ငြင်းပယ်သူ ခရစ်ယာန်အမည်ခံများနှင့် ပေါင်းသင်းနေလျှင် ယုံကြည်ခြင်း ကင်းမဲ့သွားနိုင်ကြောင်း သတိပေးနေခြင်းဖြစ်သည်။ ပေါလု၏သတိပေးချက် နောက်ဝယ်ရှိမူသည် အသင်းတော်အတွင်းနှင့်အပြင်မှ အပေါင်းအသင်းနှစ်ရပ်စလုံးနှင့် သက်ဆိုင်နေပါသည်။ (၁ ကောရိန္သု ၁၅:၁၂၊ ၃၃) ကိုယ်ရေးကိုယ်တာသဘောထား မတိုက်ဆိုင်ကာမျှဖြင့် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများကို ရှောင်ကြဉ်မည်မဟုတ်ပါ။ (မဿဲ ၇:၄၊ ၅; ရောမ ၁၄:၁-၁၂) မည်သို့ဆိုစေကာမူ အသင်းတော်တွင် အချို့သူများသည် သံသယရှိစေသော အပြုအမူကိုပြုမည်၊ သို့မဟုတ် နာကြည်းသောသဘော၊ ညည်းညူသောစိတ် တင်ပြနေကြမည်ဆိုလျှင် သတိပြုရန်လိုပါသည်။ (၂ တိမောသေ ၂:၂၀-၂၂) “အချင်းချင်းအားရသက်သာခြင်း” ပေးမည့်သူများနှင့် တရင်းတနှီးနေခြင်းသည် ပညာရှိရာရောက်သည်။ (ရောမ ၁:၁၁၊ ၁၂) ဤသို့ပြုခြင်းကား မြင့်မြတ်သောလမ်းစဉ်ကို မီအောင်လိုက်ပြီး “အသက်ရှင်ခြင်းလမ်း” ပေါ်ဆက်လက်တည်ရှိနေရန် အထောက်အကူဖြစ်စေသည်။—ဆာလံ ၁၆:၁၁။

မွန်မြတ်သောအကျင့်ကို ဆက်လက်ကျင့်ကြံအားထုတ်ပါလေ

၁၇။ တောလည်ရာအခန်းကြီး ၂၅ အရ ဣသရေလလူများအပေါ် အဘယ်ဘေးဒုက္ခဆိုက်ရောက်ခဲ့သနည်း။ ယင်းက ကျွန်ုပ်တို့အတွက် အဘယ်သင်ခန်းစာပေးသနည်း။

၁၇ ကတိထားရာပြည်ကို ဣသရေလလူများ မသိမ်းပိုက်မီ အချိန်တိုကလေးတွင် သူတို့အနက် ထောင်ပေါင်းများစွာသောသူတို့သည် ဒုစရိုက်ပြုရန် ရွေးချယ်ခဲ့ကြရာ ဘေးဒုက္ခကြုံတွေ့ခဲ့ကြရသည်။ (တောလည်ရာ၊ အခန်းကြီး ၂၅) ယနေ့ ယေဟောဝါ၏လူများသည် ဖြောင့်မတ်သော ကမ္ဘာသစ်၏တံခါးဝတွင် ရောက်ရှိနေကြပေပြီ။ ဤလောက၏ ဒုစရိုက်များကို ဆက်လက်ငြင်းပယ်သူများသည် ၎င်းအထဲ ဝင်ခွင့်ရသောဆုကျေးဇူးကို ခံစားရပါလိမ့်မည်။ မစုံလင်သူများအနေနှင့် မှားယွင်းသော စိတ်ဆန္ဒများရှိနိုင်ကြသည်မှန်သော်လည်း ဘုရားသခင်သည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်၏ ဖြောင့်မတ်သောပို့ဆောင်မှုနောက်သို့လိုက်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ (ဂလာတိ ၅:၁၆; ၁ သက်သာလောနိတ် ၄:၃၊ ၄) ထို့ကြောင့် ဣသရေလလူမျိုးအား ယောရှုပေးခဲ့သော ဤဆုံးမစကားကို လိုက်နာကြစို့– “ထာဝရဘုရားကိုကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။” (ယောရှု ၂၄:၁၄) ယေဟောဝါ၏စိတ်တော်နှင့် မတွေ့မည်ကို စိုးရိမ်ကြောက်ရွံ့ခြင်းက မြင့်မြတ်သောလမ်းစဉ်ကို မီအောင်လိုက်ရန် အကူအညီပေးပါလိမ့်မည်။

၁၈။ ခရစ်ယာန်အားလုံးသည် ဒုစရိုက်၊ မွန်မြတ်သောအကျင့်တို့နှင့်ပတ်သက်၍ အဘယ်ဆုံးဖြတ်ချက်ချသင့်သနည်း။

၁၈ ဘုရားသခင်၏အလိုတော်နှင့် တွေ့လိုသောဆန္ဒ ပြင်းပြမည်ဆိုလျှင် ပေါလု၏ ဤဆုံးမစကားကိုလိုက်နာရန် စိတ်ဆုံးဖြတ်ပါ– “မှန်ကန်သောအရာများ ရှိသမျှ၊ အလေးအနက်ထားရသောအရာများ ရှိသမျှ၊ ဖြောင့်မတ်သောအရာများ ရှိသမျှ၊ စင်ကြယ်သောအရာများ ရှိသမျှ၊ ချစ်ဖွယ်သောအရာများ ရှိသမျှ၊ အသရေရှိသောအရာများ ရှိသမျှ၊ မွန်မြတ်သောအရာများ ရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာ ရှိသမျှတို့ကို ဆက်လက်ဆင်ခြင်သုံးသပ်ကြလော့။” ယင်းသို့ပြုလုပ်မည်ဆိုလျှင် ရလဒ်ကား အဘယ်နည်း။ ပေါလုက “ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်” ဟုဆိုသည်။ (ဖိလိပ္ပိ ၄:၈၊ ၉၊ ကဘ) မှန်ပါသည်၊ ယေဟောဝါ၏အကူအညီဖြင့် ဒုစရိုက်ကိုငြင်းပယ်ပြီး မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်နိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၉၃၊ ဧပြီ ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၄ နှင့် ၁၉၉၃၊ ဖေဖော်ဝါရီ ၈၊ ဖေဖော်ဝါရီ ၂၂၊ မတ် ၂၂ နှင့် ၁၉၉၆၊ နိုဝင်ဘာ ၂၂ နိုးလော့! (လိပ်) မဂ္ဂဇင်းများပါ “လူငယ်များအမေး . . . ” အခန်းဆက်ဆောင်းပါးများကိုရှု။

ပြန်လည်စစ်ဆေးရန်အချက်များ

◻ မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရန် အဘယ်အရာလိုအပ်သနည်း။

◻ အဘယ်အခြေအနေများအောက်တွင် ဟေဇကိ၊ ဒံယေလနှင့် ဟေဗြဲလူသုံးဦးတို့သည် မွန်မြတ်သောအကျင့်ကို ဆက်လက်ထိန်းသိမ်းခဲ့ကြသနည်း။

◻ စာတန်၏ပရိယာယ်များကို ငြင်းဆန်ရာတွင် ကျွန်ုပ်တို့သည် ဒံယေလနှင့် မည်သို့တူနိုင်သနည်း။

◻ ခရစ်ယာန်များသည် ဖျော်ဖြေမှုနှင့်ပတ်သက်၍ အဘယ်ကြောင့် သတိပြုကြရမည်နည်း။

◻ မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရာတွင် လေ့လာမှု၊ ဆင်ခြင်သုံးသပ်မှုနှင့် ပေါင်းသင်းမှုတို့က အဘယ်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မောလုပ်ဘုရားကိုကိုးကွယ်သူများ ဝိုင်းရံနေသော်လည်း လူငယ်ဟေဇကိသည် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် ဖျော်ဖြေမှုနှင့်ပတ်သက်လာလျှင် သတိပြုကြရမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ