ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၇/၁ စာ. ၁၉-၂၄
  • “သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်ခန္ဓာမျိုးနည်း
  • မြေကြီးဆိုင်ရာထမြောက်ခြင်းလော
  • မည်သူပြန်လာမည်နည်း
  • အစီအစဉ်တကျရှင်ပြန်ထမြောက်ခြင်း
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “လူသေတွေ ဘယ်လို အသက်ပြန်ရှင်လာမှာလဲ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ရှင်ပြန်ထမြောက်ခြင်း​— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၇/၁ စာ. ၁၉-၂၄

“သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့”

“နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။”—၁ ကောရိန္သု ၁၅:၂၆။

၁၊ ၂။ (က) တမန်တော်ပေါလုသည် သေလွန်သူများအတွက် အဘယ်မျှော်လင့်ချက်ကမ်းလှမ်းခဲ့သနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းအကြောင်း အဘယ်မေးခွန်းကို ပေါလုမေးခဲ့သနည်း။

“ခန္ဓာကိုယ်ရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရအသက် . . . ရမည်ကို အကျွန်ုပ်ယုံကြည်ပါသည်။” တမန်တော်များ၏အယူဝါဒတွင် ထိုသို့ဆိုသည်။ ကက်သလစ်များနှင့် ပရိုတက်စတင့်များက သူတို့၏ယုံကြည်ချက်များသည် တမန်တော်များယုံကြည်ခဲ့ဖူးသမျှထက် ဂရိအတွေးအခေါ်နှင့် ပို၍နီးစပ်ကြောင်းကို မသိကြဘဲလျက် တာဝန်သိတတ်စွာရွတ်ဆိုကြသည်။ သို့ရာတွင် တမန်တော်ပေါလုသည် ဂရိအတွေးအခေါ်ကိုငြင်းပယ်ပြီး မသေနိုင်သောစိုးလ်ရှိကြောင်းကို မယုံကြည်ခဲ့ပါ။ သို့တိုင်၊ သူသည် အနာဂတ်အသက်တာရှိကြောင်းကို အခိုင်အမာယုံကြည်ပြီး မှုတ်သွင်းခံရခြင်းအားဖြင့် ဤသို့ရေးသားခဲ့သည်– “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၆) ယင်းသည် သေနေကြရသောလူသားများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၂ အဖြေအတွက် ၁ ကောရိန္သုအခန်းကြီး ၁၅ တွင်မှတ်တမ်းတင်ထားသော ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလု၏ဆွေးနွေးချက်ကို ပြန်ဖတ်ကြည့်ကြစို့။ အဖွင့်အခန်းငယ်များတွင် ပေါလုက ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်အယူဝါဒ၏ အရေးပါသောအပိုင်းတစ်ခုအဖြစ် သက်သေထူခဲ့ကြောင်း သင်မှတ်မိပါလိမ့်မည်။ ယခု သူသည် သတ်သတ်မှတ်မှတ်မေးခွန်းတစ်ခုကို မေး၏– “‘သေလွန်သောသူတို့သည် မည်သို့ထမြောက်ကြမည်နည်း။ အဘယ်ခန္ဓာမျိုးဖြင့် သူတို့ထမြောက်လာကြမည်နည်း’ ဟုတစ်စုံတစ်ယောက်သောသူသည် မေးလိမ့်မည်။”—၁ ကောရိန္သု ၁၅:၃၅။

အဘယ်ခန္ဓာမျိုးနည်း

၃။ ရှင်ပြန်ထမြောက်ခြင်းကို အချို့အဘယ်ကြောင့်ငြင်းပယ်ခဲ့ကြသနည်း။

၃ ဤမေးခွန်းကိုမေးရာတွင် ပေါလုသည် ပလေတို၏အတွေးအခေါ်လွှမ်းမိုးမှုကိုတိုက်ဖျက်ရန် ရည်ရွယ်ခဲ့ပေမည်။ ခန္ဓာကိုယ်သေသည့်အခါ ဆက်ရှင်သည့် မသေနိုင်သောစိုးလ် လူ၌ရှိကြောင်း ပလေတိုကသွန်သင်ခဲ့သည်။ ဤအယူအဆနှင့်ကြီးပြင်းလာသူတို့အတွက် ခရစ်ယာန်သွန်သင်ချက်သည် လိုအပ်ပုံမရှိတော့ပေ။ သေပြီးနောက် စိုးလ်သည် ဆက်အသက်ရှင်နေမည်ဆိုလျှင် ရှင်ပြန်ထမြောက်စရာ အဘယ်အကြောင်းရှိသနည်း။ ထို့အပြင်၊ ရှင်ပြန်ထမြောက်ခြင်းသည် ဆင်ခြင်တုံတရားနှင့်မညီဟန်ရှိ၏။ ခန္ဓာကိုယ်သည် မြေမှုန့်ဖြစ်သွားပြီဖြစ်ရာ မည်သို့ရှင်ပြန်ထမြောက်နိုင်မည်နည်း။ တချို့သောခရစ်ယာန်များ၏အတိုက်အခံပြုမှုသည် “ခန္ဓာကိုယ်ဒြပ်ပစ္စည်းများ ပြန်လည်ပေါင်းစပ်ဖြစ်တည်ရန် မဖြစ်နိုင်ဟူသည့် အတွေးအခေါ်အပေါ်” အခြေခံနိုင်သည်ဟု ကျမ်းစာဆရာ ဟင်းရစ်ခ်မီယာကဆိုသည်။

၄၊ ၅။ (က) ယုံကြည်ခြင်းမဲ့သူများ၏ ကန့်ကွက်ချက်များသည် အဘယ်ကြောင့်အဆင်အခြင်ကင်းမဲ့သနည်း။ (ခ) ပေါလု၏ “အစေ့သက်သက်” ဥပမာကိုရှင်းပြပါ။ (ဂ) ဘုရားသခင်သည် ရှင်ပြန်ထမြောက်သောဘိသိက်ခံများအား အဘယ်ခန္ဓာကိုယ်များပေးတော်မူသနည်း။

၄ သူတို့၏အဆင်အခြင်ကင်းမဲ့မှုကို ပေါလုဤသို့ဖော်ပြသည်– “အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။ ထိုမှတစ်ပါး မျိုးစေ့ကိုစိုက်သောအခါ၊ နောက်ဖြစ်လတ္တံ့သောကိုယ်ကိုမစိုက်။ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကိုစိုက်တတ်၏။ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကိုပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။” (၁ ကောရိန္သု ၁၅:၃၆-၃၈) မြေကြီးပေါ်ရှိစဉ်က လူတို့၌ရှိခဲ့သောခန္ဓာကိုယ်များကို ဘုရားသခင်ထမြောက်စေမည်မဟုတ်ပါ။ ယင်းအစား အသွင်ပြောင်းလဲပါလိမ့်မည်။

၅ ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို မျိုးစေ့အညှောက်ထွက်ခြင်းနှင့်နှိုင်းယှဉ်ထားသည်။ ဂျုံမျိုးစေ့ငယ်တစ်စေ့သည် ယင်းမှပေါက်လာမည့်အပင်နှင့် လုံးဝမတူပါ။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဆိုသည်– “မျိုးစေ့တစ်စေ့သည် အညှောက်စထွက်သောအခါ ယင်းသည် ရေများစွာကိုစုပ်ယူ၏။ ရေသည် မျိုးစေ့အတွင်း၌ ဓာတုအပြောင်းအလဲများစွာကို ဖြစ်စေ၏။ ယင်းက မျိုးစေ့၏အတွင်းတစ်သျှူးများကိုလည်း ကြီးထွားစေပြီး မျိုးစေ့အခွံမှထိုးထွက်လာစေ၏။” တစ်နည်းအားဖြင့် အစေ့တစ်စေ့အဖြစ် မျိုးစေ့ပျက်ပြီး အပင်ပေါက်ဖြစ်လာသည်။ ဘုရားသခင်သည် မျိုးစေ့၏ကြီးထွားမှုကိုထိန်းကွပ်သည့် သိပ္ပံနိယာမများကို ချမှတ်ထားခြင်းဖြင့် “ကိုယ်ကိုပေးတော်မူ၏။” မျိုးစေ့တစ်စေ့စီသည်လည်း ယင်း၏အမျိုးလိုက် ကိုယ်ကိုရ၏။ (ကမ္ဘာဦး ၁:၁၁) အလားတူစွာ ဘိသိက်ခံခရစ်ယာန်များသည် လူသားများအဖြစ်ဦးဆုံးသေကြ၏။ ထို့နောက် ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် အသစ်သောခန္ဓာများဖြင့် အသက်ပြန်ရှင်စေတော်မူ၏။ ဖိလိပ္ပိမြို့သားများအား ပေါလုဆိုခဲ့သကဲ့သို့ “ယေရှုခရစ်သည် . . . ယုတ်ညံ့သောငါတို့၏ကိုယ်ခန္ဓာကိုပင် ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ်စေခြင်းငှာ အသစ်ပြင်ဆင်တော်မူလတ္တံ့။” (ဖိလိပ္ပိ ၃:၂၀၊ ၂၁; ၂ ကောရိန္သု ၅:၁၊ ၂) သူတို့သည် နာမ်ဝိညာဉ်ခန္ဓာဖြင့်ရှင်ပြန်ထမြောက်ခဲ့ကြပြီး နာမ်ဝိညာဉ်ဘောင်တွင် နေထိုင်ကြသည်။—၁ ယောဟန် ၃:၂။

၆။ ဘုရားသခင်သည် ရှင်ပြန်ထမြောက်လာသူများကို သင့်လျော်သောနာမ်ဝိညာဉ်ခန္ဓာကိုယ်များပေးနိုင်ကြောင်း ယုံကြည်ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းညီညွတ်သနည်း။

၆ ယင်းသည် ယုံကြည်ရန်အလွန်ခက်သလော။ မခက်ပါ။ တိရစ္ဆာန်များသည် ခန္ဓာကိုယ်အမျိုးမျိုးရှိသည်ဟု ပေါလုဆင်ခြင်၏။ ထို့အပြင်၊ ကောင်းကင်တမန်များနှင့် အသွေးအသားရှိလူသားများမတူကြောင်းကို သူဤသို့နှိုင်းယှဉ်ပြသည်– “ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။” သက်မဲ့ဖန်ဆင်းရာများတွင်လည်း အကြီးအကျယ်ကွဲပြားမှုများရှိသည်။ ကြယ်ပြာများ၊ ကြယ်နီကြီးများနှင့် အဖြူရောင်ကြယ်သိမ်များစသည့် အာကာသအကောင်အထည်များကို သိပ္ပံပညာမတွေ့ရှိမီကြာမြင့်စွာကတည်းကပင် ပေါလုက “ကြယ်တို့၏ဂုဏ်အသရေတစ်မျိုး အသီးသီးရှိကြ၏” ဟုဆိုခဲ့သည်။ ယင်းကိုထောက်ရှု၍ ရှင်ပြန်ထမြောက်သည့်ဘိသိက်ခံများအတွက် သင့်လျော်သောနာမ်ဝိညာဉ်ခန္ဓာကိုယ်များကို ဘုရားသခင်ပေးနိုင်စရာအကြောင်းမရှိပေလော။—၁ ကောရိန္သု ၁၅:၃၉-၄၁။

၇။ မပုပ်နိုင်သောအဖြစ်ဟူသည် အဘယ်နည်း။ မသေနိုင်သောအဖြစ်ကား အဘယ်နည်း။

၇ ထို့နောက်ပေါလုက ဤသို့ဆိုသည်– “ထိုနည်းတူ သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ၊ ပုပ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌တည်၏။” (၁ ကောရိန္သု ၁၅:၄၂) လူ့ခန္ဓာကိုယ်သည် စုံလင်သည့်တိုင် ပုပ်ပျက်နိုင်၏။ ယင်းကို သတ်နိုင်၏။ သာဓကအနေဖြင့်၊ ရှင်ပြန်ထမြောက်သောယေရှုသည် “နောက်တစ်ဖန်ပုပ်စပ်ခြင်းသို့မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်” ရှိသည်ဟုပေါလုဆိုခဲ့သည်။ (တမန်တော် ၁၃:၃၄) ကိုယ်တော်သည် စုံလင်သောလူ့ခန္ဓာကိုယ်ဖြစ်သည့်တိုင် ပုပ်ပျက်နိုင်သည့်အဖြစ်သို့ ဘယ်တော့မျှပြန်သွားတော့မည်မဟုတ်ချေ။ ဘိသိက်ခံများအား ဘုရားသခင်ပေးသည့်ကိုယ်ခန္ဓာများသည် မပုပ်ပျက်နိုင်—မသေနိုင် သို့မဟုတ် မပျက်စီးနိုင်—သော ခန္ဓာကိုယ်များဖြစ်သည်။ ပေါလု ဤသို့ဆက်ဆိုသည်– “စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့်ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။ စိုက်သောအခါ ဇာတိပကတိကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။” (၁ ကောရိန္သု ၁၅:၄၃၊ ၄၄) ထို့အပြင်၊ ပေါလု ဤသို့ဆိုသည်– “ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ဝင်စားရမည်။” မသေနိုင်သောအဖြစ်ဟုဆိုရာတွင် အဆုံးမရှိ၊ မပျက်စီးနိုင်သောအသက်တာကိုဆိုလိုသည်။ (၁ ကောရိန္သု ၁၅:၅၃; ဟေဗြဲ ၇:၁၆) ဤနည်းဖြင့်၊ ရှင်ပြန်ထမြောက်သူများသည် ၎င်းတို့အား ရှင်ပြန်ထမြောက်ခွင့်ရရှိစေသူ ‘ကောင်းကင်သားယေရှု၏ပုံသဏ္ဌာန်’ ကိုဆောင်ကြသည်။—၁ ကောရိန္သု ၁၅:၄၅-၄၉။

၈။ (က) ရှင်ပြန်ထမြောက်လာသူများသည် သူတို့မြေကြီးပေါ်အသက်ရှင်စဉ်က ထပ်တူပုဂ္ဂိုလ်များဖြစ်ကြောင်း မည်သို့သိနိုင်သနည်း။ (ခ) ရှင်ပြန်ထမြောက်သောအခါ အဘယ်ပရောဖက်ပြုချက်များပြည့်စုံသနည်း။

၈ ဤသို့ပြောင်းလဲလင့်ကစား ရှင်ပြန်ထမြောက်လာသူများသည် သူတို့မသေမီက ပုဂ္ဂိုလ်များပင်ဖြစ်ကြသည်။ သူတို့သည် ထပ်တူမှတ်ဉာဏ်များနှင့် ထပ်တူမြင့်မားသော ခရစ်ယာန်အရည်အသွေးများနှင့် ထမြောက်လာကြပါလိမ့်မည်။ (မာလခိ ၃:၃; ဗျာဒိတ် ၂၁:၁၀၊ ၁၈) ဤကိစ္စတွင် သူတို့သည် ယေရှုခရစ်နှင့်တူကြ၏။ ကိုယ်တော်သည် နာမ်ဝိညာဉ်အဖြစ်မှ လူ့ပုံသဏ္ဌာန်သို့ ပြောင်းလဲခဲ့၏။ ထို့နောက် ကိုယ်တော်သေဆုံးပြီး နာမ်ဝိညာဉ်အဖြစ် ရှင်ပြန်ထမြောက်ခဲ့သည်။ သို့တိုင် “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) ဘိသိက်ခံများသည် နှစ်ထောင်းအားရဖွယ်အခွင့်ထူးရရှိထားကြသည်တကား! ပေါလု ဤသို့ဆိုသည်– “ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့လည်းကောင်း ဝင်စားသောအခါ ‘သေခြင်းသည် ထာဝရအမျိုခံရလေပြီ’ ဟုကျမ်းစကားပြည့်စုံလိမ့်မည်။ ‘အိုသေခြင်း၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း။ အိုသေခြင်း သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။’”—၁ ကောရိန္သု ၁၅:၅၄၊ ၅၅၊ ကဘ; ဟေရှာယ ၂၅:၈; ဟောရှေ ၁၃:၁၄။

မြေကြီးဆိုင်ရာထမြောက်ခြင်းလော

၉၊ ၁၀။ (က) ၁ ကောရိန္သု ၁၅:၂၄ ၏ထက်အောက်စကားအရ “ကမ္ဘာကုန်” ခြင်းသည် အဘယ်အရာဖြစ်ပြီး၊ ယင်းနှင့်ဆက်စပ်၍ အဘယ်အမှုများဖြစ်ပျက်မည်နည်း။ (ခ) သေခြင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရန် အဘယ်အမှုများဖြစ်ပျက်ရမည်နည်း။

၉ ကောင်းကင်တွင် မသေနိုင်သောနာမ်ဝိညာဉ်အသက်တာ မျှော်လင့်ချက်မရှိသူ သန်းပေါင်းများစွာတို့အတွက် တစ်စုံတစ်ရာသောအနာဂတ်ရှိပါသလော။ အမှန်ပင်ရှိ၏! ခရစ်တော်ရောက်ရှိခြင်းအတွင်း ကောင်းကင်ဆိုင်ရာရှင်ပြန်ထမြောက်ခြင်းရှိကြောင်း ရှင်းပြပြီးနောက် နောက်ဆက်တွဲဖြစ်ရပ်များကို ပေါလုက ဤသို့အကြမ်းဖျင်းဆိုသည်– “ထိုအခါ ခရစ်တော်သည် အထွတ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကိုပယ်ရှင်း၍ မိမိနိုင်ငံကိုဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။”—၁ ကောရိန္သု ၁၅:၂၃၊ ၂၄။

၁၀ “ကမ္ဘာကုန်” သည်ဆိုသောအချိန်သည် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးမှုအဆုံးကိုဆိုလိုသည်၊ ယေရှုသည် နှိမ့်ချစွာနှင့်သစ္စာရှိစွာ နိုင်ငံတော်ကို မိမိ၏ဘုရားသခင်၊ ခမည်းတော်ထံအပ်နှင်းမည့်အချိန်ဖြစ်၏။ (ဗျာဒိတ် ၂၀:၄) ထိုအခါတွင် “ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေ” ရန်ဘုရားသခင်၏ရည်ရွယ်တော်မူချက်သည် ပြည့်စုံပြီးဖြစ်မည်။ (ဧဖက် ၁:၉၊ ၁၀) သို့သော် ပထမဦးဆုံး ခရစ်တော်သည် ပိုင်သအုပ်စိုးရှင်ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သည့် “အထွတ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကိုပယ်ရှင်း” နှင့်ပြီးဖြစ်မည်။ ယင်းသည် အာမဂေဒုန်၌ ဖျက်ဆီးခြင်းထက်ပို၍ပါဝင်၏။ (ဗျာဒိတ် ၁၆:၁၆; ၁၉:၁၁-၂၁) ပေါလု ဤသို့ဆိုသည်– “ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၅၊ ၂၆) မှန်ပါသည်၊ အာဒံ၏အပြစ်နှင့်သေခြင်းလက္ခဏာအားလုံးသည် ပယ်ရှင်းခံရပြီးဖြစ်မည်။ ယင်းကြောင့် လူသေတို့ကို အသက်ပြန်ရှင်စေခြင်းအားဖြင့် “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများ” ကိုဗလာကျင်းဖြစ်စေပြီးဖြစ်မည်။—ယောဟန် ၅:၂၈။

၁၁။ (က) ဘုရားသခင်သည် သေလွန်သောစိုးလ်များကို ပြန်ဖန်ဆင်းနိုင်ကြောင်း မည်သို့သိရသနည်း။ (ခ) မြေကြီးသို့ထမြောက်လာမည့်သူများသည် မည်ကဲ့သို့သောခန္ဓာကိုယ်များ ရရှိကြမည်နည်း။

၁၁ ယင်းကား လူသားစိုးလ်များကို ပြန်ဖန်ဆင်းခြင်းကိုဆိုလို၏။ မဖြစ်နိုင်ပေလော။ ဖြစ်နိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင်တတ်နိုင်တော်မူကြောင်းကို ဆာလံ ၁၀၄:၂၉၊ ၃၀ ကဤသို့အာမခံထားသည်– “သူတို့အသက်ကိုရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ တစ်ဖန် ဝိညာဉ်တော်ကိုလွှတ်၍၊ သူတို့ကိုဖန်ဆင်းတော်မူ . . . ၏။” ရှင်ပြန်ထမြောက်လာသူများသည် ၎င်းတို့မသေမီကပုဂ္ဂိုလ်များပင်ဖြစ်ကြသော်လည်း သူတို့မှာ ယခင်ခန္ဓာကိုယ်များရှိရန် မလိုအပ်ချေ။ ကောင်းကင်သို့ ထမြောက်သူများနည်းတူ ဘုရားသခင်နှစ်သက်သလို သူတို့ကိုခန္ဓာကိုယ်ပေးတော်မူမည်။ သူတို့၏ခန္ဓာကိုယ်အသစ်များသည် ကာယကျန်းမာမှုရှိပြီး ၎င်းတို့၏ချစ်မြတ်နိုးရသူများ မှတ်မိနိုင်ရန် သူတို့၏မူလခန္ဓာကိုယ်နှင့်အတော်ဆင်တူမည်မှာ ယုံမှားဖွယ်မရှိချေ။

၁၂။ မြေကြီးဆိုင်ရာထမြောက်ခြင်းသည် အဘယ်အချိန်၌ ဖြစ်မည်နည်း။

၁၂ အဘယ်အချိန်တွင် မြေကြီးဆိုင်ရာထမြောက်ခြင်းဖြစ်မည်နည်း။ မာသက သူမ၏သေလွန်သူမောင် လာဇရုနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်– “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်။” (ယောဟန် ၁၁:၂၄) သူမမည်သို့သိခဲ့သနည်း။ ရှင်ပြန်ထမြောက်ခြင်းကို ဖာရိရှဲများယုံကြည်ခဲ့ကြသော်လည်း ဇဒ္ဒုကဲများမယုံကြည်ကြသောကြောင့် ယင်းသည် သူမ၏ခေတ်၌ အငြင်းပွားစရာအကြောင်းတစ်ခုဖြစ်ခဲ့သည်။ (တမန်တော် ၂၃:၈) သို့တိုင်၊ မာသသည် ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်ခဲ့ကြသည့် ခရစ်ယာန်ခေတ်မတိုင်မီက သက်သေခံများအကြောင်း သိရှိခဲ့မည်ဖြစ်သည်။ (ဟေဗြဲ ၁၁:၃၅) ထို့ပြင် နောက်ဆုံးသောကာလ၌ ရှင်ပြန်ထမြောက်ခြင်းရှိလိမ့်မည်ဖြစ်ကြောင်း ဒံယေလ ၁၂:၁၃ မှသူမပိုင်းခြားသိမြင်ခဲ့မည်ဖြစ်သည်။ ယေရှုကိုယ်တော်တိုင်ထံမှပင် ယင်းအကြောင်းကို သူမသိရှိခဲ့မည်ဖြစ်သည်။ (ယောဟန် ၆:၃၉) ထို “နောက်ဆုံးသောနေ့” နှင့်ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် တစ်ပြိုင်တည်းဖြစ်သည်။ (ဗျာဒိတ် ၂၀:၆) ဤထူးမြတ်သောဖြစ်ရပ်စတင်သည့် ထို “နေ့” အတွင်းဖြစ်ပေါ်မည့် စိတ်လှုပ်ရှားမှုကို မြင်ယောင်ကြည့်ပါ!—လုကာ ၂၄:၄၁ နှိုင်းယှဉ်။

မည်သူပြန်လာမည်နည်း

၁၃။ ဗျာဒိတ် ၂၀:၁၂-၁၄ တွင်ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အဘယ်အဆင်းအာရုံကိုဖော်ပြထားသနည်း။

၁၃ ဗျာဒိတ် ၂၀:၁၂-၁၄ တွင် ယောဟန်၏အဆင်းအာရုံ၌ မြေကြီးဆိုင်ရာထမြောက်ခြင်းကို ဤသို့မှတ်တမ်းတင်ထားသည်– “သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာ [“သေခြင်း၊” ကဘ] နှင့်မရဏာနိုင်ငံ [“ဟေးဒီးစ်၊” ကဘ] သည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။”

၁၄။ ရှင်ပြန်ထမြောက်လာမည့်သူတို့တွင် မည်သူများပါဝင်မည်နည်း။

၁၄ ရှင်ပြန်ထမြောက်ခြင်းတွင် အသက်ရှင်ခဲ့သမျှသော ထင်ရှားသူနှင့်မထင်ရှားသူ “အကြီးအငယ်တို့” ထမြောက်မည်ဖြစ်သည်။ ထိုသူတို့တွင် ကလေးများပင် ပါဝင်ကြမည်တကား! (ယေရမိ ၃၁:၁၅၊ ၁၆) တမန်တော် ၂၄:၁၅ တွင်အခြားအရေးကြီးသောအချက်တစ်ခုကို ဖော်ပြထားသည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” “ဖြောင့်မတ်သောသူ” တို့တွင် ထင်ရှားသူများမှာ အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ စာရာနှင့် ရာခပ်စသည့် ရှေးသစ္စာရှိအမျိုးသား၊ အမျိုးသမီးများဖြစ်ကြပါလိမ့်မည်။ (ဟေဗြဲ ၁၁:၁-၄၀) ထိုသို့သောသူများနှင့် စကားပြောဆိုကာ ကျမ်းစာမှ လွန်လေပြီးသောဖြစ်ရပ်များ၏ မျက်မြင်သက်သေများထံမှ အသေးစိတ်အချက်အလက်များကို ရရှိနိုင်မည်ကို မြင်ယောင်ကြည့်လေ! “ဖြောင့်မတ်သောသူ” တို့တွင် များမကြာမီနှစ်များက သေဆုံးသွားခဲ့သည့် ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်မရှိသော ဘုရားသခင်ကိုကြောက်ရွံ့သူ ထောင်ပေါင်းများစွာတို့လည်း ပါဝင်ကြပါလိမ့်မည်။ ဤသူများတွင်ပါဝင်မည့် သင့်မိသားစုမှတစ်ဦး သို့မဟုတ် ချစ်မြတ်နိုးရသူတစ်ဦးရှိသလော။ သူတို့နှင့် တစ်ဖန်ပြန်တွေ့ဆုံနိုင်ကြောင်းသိရခြင်းသည် တကယ်နှစ်သိမ့်မှုရစေသည်တကား! သို့သော် ပြန်ထမြောက်လာကြမည့် “မဖြောင့်မတ်သောသူ” များကား မည်သူများနည်း။ သူတို့တွင် ကျမ်းစာသမ္မာတရားကို သင်ယူလိုက်လျှောက်ဖို့ အခွင့်အရေးမရဘဲ သေဆုံးခဲ့သည့် သန်းနှင့်ချီ၊ သန်းထောင်နှင့်ချီသောသူများပါဝင်သည်။

၁၅။ ပြန်ထလာသူများသည် “စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ” ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၅ ပြန်ထလာသူများသည် “မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကို” မည်သို့ခံရကြမည်နည်း။ ဤစာစောင်များသည် ၎င်းတို့၏အတိတ်မှအကျင့်များ၏မှတ်တမ်းမဟုတ်ပါ။ သူတို့သေသောအခါ သူတို့ဘဝတစ်လျှောက်ကျူးလွန်ခဲ့သည့်အပြစ်လက်မှလွတ်ပြီးဖြစ်၏။ (ရောမ ၆:၇၊ ၂၃) သို့ရာတွင် ရှင်ပြန်ထမြောက်သောလူသားများသည် အာဒံ၏အပြစ်အောက်ရှိနေကြဆဲဖြစ်မည်။ ထို့ကြောင့် ယေရှုခရစ်၏ယဇ်ပူဇော်သကာမှ အကျိုးအပြည့်အဝခံစားနိုင်ရန်အတွက် လူတိုင်းလိုက်လျှောက်ရမည့် မြင့်မြတ်သောလမ်းညွှန်ချက်များကို ဤစာစောင်များက ပြဋ္ဌာန်းမည်ဖြစ်သည်။ အာဒံ့အပြစ်မှနောက်ဆုံးကျန်သည့်လက္ခဏာကို ရှင်းပစ်သည်နှင့် “သေမင်းသည် ဆုံးရှုံးခြင်းသို့” လုံးလုံးလျားလျား “ရောက်ရလတ္တံ့။” အနှစ်တစ်ထောင်ကုန်သည့်အခါ ဘုရားသခင်သည် လူတိုင်းအတွက် “အလုံးစုံဖြစ်တော်မူမည်။” (၁ ကောရိန္သု ၁၅:၂၈) ထိုအခါ လူသည် ကြားဝင်ပေးရသောယဇ်ပုရောဟိတ်မင်းကြီး သို့မဟုတ် ရွေးနုတ်ရှင်၏အကူအညီလိုတော့မည်မဟုတ်ပါ။ လူသားအားလုံးသည် မူလက အာဒံမွေ့လျော်ခဲ့သည့် စုံလင်သောအဖြစ်သို့ ပြန်ရောက်မည်ဖြစ်သည်။

အစီအစဉ်တကျရှင်ပြန်ထမြောက်ခြင်း

၁၆။ (က) ရှင်ပြန်ထမြောက်ခြင်းသည် အစီအစဉ်တကျဖြစ်မည်ဟု ယုံကြည်ရန် အဘယ်ကြောင့်ကျိုးကြောင်းညီညွတ်သနည်း။ (ခ) ဦးဆုံးထမြောက်လာမည့်သူတို့တွင် မည်သူများပါဝင်မည်နည်း။

၁၆ ကောင်းကင်ဆိုင်ရာရှင်ပြန်ထမြောက်ခြင်းသည် အစီအစဉ်တကျဖြင့် “လူအသီးအသီးတို့သည် မိမိတို့အလှည့်အတိုင်းလိုက်ရကြ” သောကြောင့် မြေကြီးဆိုင်ရာထမြောက်ခြင်းသည် ဝရုန်းသုန်းကားဖြင့် လူဦးရေပေါက်ကွဲလိမ့်မည်မဟုတ်ကြောင်း ထင်ရှားသည်။ (၁ ကောရိန္သု ၁၅:၂၃) ရှင်ပြန်ထမြောက်ခါစလူသစ်များကို စောင့်ရှောက်ပြုစုရမည်ကားအမှန်။ (လုကာ ၈:၅၅ နှိုင်းယှဉ်။) သူတို့သည် ကာယရေးထောက်မမှုနှင့်—ပို၍အရေးကြီးသည်ကား—ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့၏ အသက်ပေးသောအသိပညာကိုရယူရာတွင် ဝိညာဉ်ရေးထောက်မမှုလိုသည်။ (ယောဟန် ၁၇:၃) အားလုံးတစ်ပြိုင်တည်း ပြန်ရှင်လာကြမည်ဆိုလျှင် သူတို့ကို လုံလောက်စွာ ပြုစုကူညီပေးနိုင်မည်မဟုတ်ချေ။ တဖြည်းဖြည်းနှင့် တစ်စုပြီးတစ်စုထမြောက်လာမည်ဟု ယူဆဖို့အကြောင်းရှိ၏။ စာတန့်စနစ်ဆုံးခန်းမတိုင်မီလေးတွင် သေဆုံးသွားခဲ့သော သစ္စာရှိခရစ်ယာန်များသည် ပထမဆုံးထမြောက်လာမည့်သူများတွင် ပါဝင်ကြမည့်ဟန်ရှိသည်။ “မင်းညီမင်းသားများ” အဖြစ်အမှုထမ်းမည့် ရှေးသစ္စာရှိအမျိုးသားများသည် စောစောထမြောက်လာမည်ဟူ၍လည်း မျှော်လင့်နိုင်သည်။—ဆာလံ ၄၅:၁၆၊ ကဘ။

၁၇။ ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာမဖော်ပြသော အချို့ကိစ္စများကားအဘယ်နည်း။ ထိုကိစ္စများကို ခရစ်ယာန်များသည် အဘယ်ကြောင့်မပူပန်သင့်သနည်း။

၁၇ သို့သော်ငြားလည်း ဤသို့သောကိစ္စများတွင် ကျွန်ုပ်တို့တစ်ယူသန်မဖြစ်သင့်ပေ။ ကိစ္စများစွာကို သမ္မာကျမ်းစာကမဖော်ပြပါ။ တစ်ဦးစီသည် မည်သို့၊ မည်သည့်အခါ သို့မဟုတ် မည်သည့်နေရာတွင် ထမြောက်မည်အကြောင်း အသေးစိတ်ဖော်ပြမထားပါ။ ထမြောက်လာမည့်သူများသည် မည်သို့နေထိုင်စားသောက်ဝတ်ဆင်ကြမည်ကို ပြောမထားပါ။ ရှင်ပြန်ထမြောက်လာမည့် ကလေးများကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ ကျွန်ုပ်တို့၏မိတ်ဆွေများ၊ ချစ်မြတ်နိုးရသူများနှင့်ပတ်သက်မည့် အခြေအနေအချို့ကို ယေဟောဝါမည်သို့ဆောင်ရွက်မည် အစရှိသည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့အသေအချာမဆိုနိုင်ပါ။ မှန်ပါသည်၊ ထိုအကြောင်းများသည် စဉ်းစားစရာဖြစ်၏; သို့သော် ယခုမဖြေဆိုနိုင်သေးသော မေးခွန်းများကိုဖြေဆိုရန် ကြိုးစားနေခြင်းသည် ပညာမဲ့ရာရောက်ပေမည်။ ကျွန်ုပ်တို့အာရုံစူးစိုက်ရမည်ကား ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိဆောင်ရွက်ပြီး ထာဝရအသက်ရရှိရန်ဖြစ်သည်။ ဘိသိက်ခံခရစ်ယာန်များသည် ဘုန်းထင်ရှားသော ကောင်းကင်ဆိုင်ရာထမြောက်ခြင်းကို မျှော်လင့်ကြ၏။ (၂ ပေတရု ၁:၁၀၊ ၁၁) “အခြားသိုး” သည် ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးနယ်ပယ်တွင် ထာဝရအသက်ရရှိရန် မျှော်လင့်ကြ၏။ (ယောဟန် ၁၀:၁၆; မဿဲ ၂၅:၃၃၊ ၃၄) မသိရှိရသေးသော ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များစွာနှင့်ပတ်သက်၍မူ ယေဟောဝါ၌သာကိုးစားသည်။ “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ” နိုင်တော်မူသောသူ၏လက်တော်၌ ကျွန်ုပ်တို့၏အနာဂတ်ပျော်ရွှင်မှုသည် ရှိနေသည်။—ဆာလံ ၁၄၅:၁၆; ယေရမိ ၁၇:၇။

၁၈။ (က) အဘယ်အောင်ပွဲကို ပေါလုပေါ်လွင်စေသနည်း။ (ခ) ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အဘယ်ကြောင့်ယုံကြည်စိတ်ချသနည်း။

၁၈ ပေါလုသည် သူ၏အချေအတင်စကားကို ဤသို့အာမေဍိတ်ပြုနိဂုံးချုပ်ခဲ့သည်– “ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား!” (၁ ကောရိန္သု ၁၅:၅၇) မှန်ပါသည်၊ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် အာဒံ၏သေခြင်းကို အောင်ပွဲခံခဲ့ပြီဖြစ်ရာ ဘိသိက်ခံများနှင့် “အခြားသိုး” များပါ ပါဝင်အောင်ပွဲခံကြသည်။ ယနေ့အသက်ရှင်ကြသော “အခြားသိုး” များသည် ဤလူမျိုးဆက်အတွက် ထူးခြားသောမျှော်လင့်ချက်ရှိသည်မှာ မှန်ပါသည်။ အရေအတွက်တိုးပွားလျက်ရှိသော “လူအုပ်ကြီး” အဝင်အဖြစ် သူတို့သည် လာမည့် “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်ကာ ဘယ်တော့မျှရုပ်ပိုင်းသေခြင်းကိုမတွေ့ကြရတော့ချေ! (ဗျာဒိတ် ၇:၉၊ ၁၄) သို့ရာတွင် “ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်းဖြစ်တတ်” သောကြောင့်ဖြစ်စေ၊ စာတန့်ကိုယ်စားလှယ်များ၏လက်ချက်ကြောင့်ဖြစ်စေ သေဆုံးသွားသူများပင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်တွင် ယုံကြည်စိတ်ချနိုင်ပါသည်။—ဒေသနာ ၉:၁၁။

၁၉။ ယနေ့ခရစ်ယာန်အားလုံးသည် အဘယ်တိုက်တွန်းချက်ကိုလိုက်လျှောက်သင့်သနည်း။

၁၉ ထို့ကြောင့် သေခြင်းနစ်မွန်းဆုံးရှုံးမည့် ဘုန်းထင်ရှားသောထိုနေ့ရက်ကို စိတ်အားထက်သန်စွာ ကျွန်ုပ်တို့စောင့်နေကြပါသည်။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ယေဟောဝါ၏ကတိတော်တွင် ကျွန်ုပ်တို့၏မယိမ်းမယိုင်သောကိုးစားခြင်းက ကိစ္စများအပေါ် ယုတ္တိတန်သောအမြင်ရှိစေသည်။ ဤအသက်တာတွင် မည်သို့ပင်ဖြစ်စေကာမူ—ကျွန်ုပ်တို့သေရဦးတော့—ယေဟောဝါကတိထားတော်မူသောဆုကျေးဇူးကို မည်သည့်အရာကမျှ ကျွန်ုပ်တို့ထံမှလုယူမသွားနိုင်ပါ။ ထို့ကြောင့် ကောရိန္သုမြို့သားများကို ပေါလုနောက်ဆုံးပြောခဲ့သော တိုက်တွန်းချက်သည် လွန်ခဲ့သောအနှစ်နှစ်ထောင်ခန့်ကကဲ့သို့ပင် ယနေ့လည်းသက်ဆိုင်လျက်ရှိသည်– “ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၅၈။

သင်ရှင်းပြနိုင်သလော

◻ ရှင်ပြန်ထမြောက်သောအခါ ဘိသိက်ခံများတွင် အဘယ်ခန္ဓာကိုယ်များရှိမည်နည်းဟူသောမေးခွန်းကို ပေါလုမည်သို့ဖြေဆိုခဲ့သနည်း။

◻ မည်သို့နှင့်အဘယ်အချိန်တွင် သေမင်းသည် နောက်ဆုံး၌ ဆုံးရှုံးခြင်းသို့ရောက်မည်နည်း။

◻ မြေကြီးဆိုင်ရာထမြောက်ခြင်းတွင် မည်သူများပါမည်နည်း။

◻ သမ္မာကျမ်းစာမဖော်ပြထားသော ကိစ္စများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အဘယ်သဘောထားရှိသင့်သနည်း။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အကြီးအကျယ်ပြောင်းလဲသွားခြင်းဖြင့် မျိုးစေ့ “ပျက်” သည်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ စာရာနှင့် ရာခပ်စသော ရှေးသစ္စာရှိအမျိုးသား၊ အမျိုးသမီးများသည် ရှင်ပြန်ထမြောက်ကြမည့်သူများတွင်ပါဝင်မည်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်ချိန်သည် အကြီးအကျယ်ရွှင်လန်းအားရချိန် ဖြစ်ပေလိမ့်မည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ