‘သိုးစုငယ် မကြောက်ကြနှင့်’
“သိုးစုငယ်၊ သင်တို့သည်မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာအလိုရှိတော်မူ၏။”—လုကာ ၁၂:၃၂။
၁ ယေရှု၏ဤစကားများအတွက် အခြေခံကားအဘယ်နည်း– “သိုးစုငယ်၊ သင်တို့သည်မကြောက်ကြနှင့်”။
“ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။” (လုကာ ၁၂:၃၁) ယေရှုက ဤစကားကို မိမိတပည့်တော်များအား ပြောသောအခါ မိမိခေတ်မှ ကျွန်ုပ်တို့အချိန်အထိ ခရစ်ယာန်များ၏ သဘောထားကို လမ်းညွှန်ပေးသည့်မူတစ်ခုကို သူဖော်ပြခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်သည် ကျွန်ုပ်တို့အသက်တာတွင် ပထမနေရာတွင် ရှိရမည်။ (မဿဲ ၆:၃၃) သို့သော် လုကာ၏မှတ်တမ်းတွင် ယေရှုက အထူးခရစ်ယာန်အုပ်စုတစ်စုကို နှစ်လို့ဖွယ်ကောင်းပြီး ထပ်မံသေချာစေသော ကတိစကားများကို ဆက်၍ပြောခဲ့သည်။ ကိုယ်တော်ဤသို့မိန့်မြွက်ခဲ့သည်– “သိုးစုငယ် သင်တို့သည်မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။” (လုကာ ၁၂:၃၂) ကောင်းသောသိုးထိန်းအနေနှင့် ယေရှုသည် မိမိ၏လက်ပွန်းတတီးရှိသော တပည့်တော်များအတွက်ရှေ့တွင် မုန်တိုင်းထန်မည့်အချိန်များရှိမည်ဖြစ်ကြောင်း သိတော်မူသည်။ သို့သော် သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို ဆက်၍ရှာနေပါက ကြောက်ရွံ့စရာအကြောင်း မရှိချေ။ ထိုအကြောင်းကိုထောက်၍ ကိုယ်တော်၏စကားများသည် ပြင်းထန်သည့်အမိန့်တစ်ခုမဟုတ်ပါ။ ယင်းအစား ယုံကြည်စိတ်ချမှုနှင့် ရဲစွမ်းသတ္တိကိုဖြစ်ပေါ်စေသော မေတ္တာပါကတိတော်တစ်ခုဖြစ်သည်။
၂။ သိုးစုငယ်ကို မည်သူဖွဲ့စည်းပြီး သူတို့သည် အဘယ့်ကြောင့် အခွင့်ထူးခံစားရကြသနည်း။
၂ ယေရှုသည် မိမိတပည့်တော်မျာကို စကားပြောဆိုကာ “သိုးစုငယ်” ဟုသူတို့ကို ခေါ်ခဲ့သည်။ ယေဟောဝါက သူတို့အား ‘နိုင်ငံကိုပေး’ မည်ဟူ၍လည်း ကိုယ်တော်ပြောသေးသည်။ နောက်ပိုင်းအချိန်တွင် ယေရှုကိုလက်ခံမည်ဖြစ်သည့် ကြီးမားသောလူအုပ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဤအုပ်စုသည် အရေအတွက်အားဖြင့် အမှန်ပင်နည်းပါသည်။ သူတို့ကို ထူးခြားသောအနာဂတ်အတွက် တော်ဝင်အမှုတော်ထမ်းဆောင်ရန် ရွေးချယ်ထားသောကြောင့် အဖိုးထိုက်သူများအဖြစ် ယူမှတ်ခံကြရသည်။ သူတို့၏ဖခင်၊ ကြီးမြတ်သောသိုးထိန်းကြီး ယေဟောဝါက ခရစ်တော်၏မေရှိယနိုင်ငံတော်နှင့်ပတ်သက်၍ ကောင်းကင်အမွေခံရရန်အတွက် သိုးစုငယ်ကို ခေါ်တော်မူခြင်းဖြစ်သည်။
သိုးစုငယ်
၃။ သိုးစုငယ်နှင့်ပတ်သက်၍ ဘုန်းကျက်သရေထွန်းလင်းသော အဘယ်ရူပါရုံကို ယောဟန်တွေ့မြင်ခဲ့သနည်း။
၃ သို့နှင့် ဤကဲ့သို့သော ဝမ်းမြောက်ဖွယ်အခွင့်ကိုရသည့် သိုးစုငယ်တွင် မည်သူများဖွဲ့စည်းပါဝင်သနည်း။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခံရသော ယေရှုခရစ်၏နောက်တော်လိုက်များဖြစ်သည်။ (တမန်တော် ၂: ၁-၄) သူတို့၏လက်ထဲတွင် စောင်းများနှင့် ကောင်းကင်ဆိုင်ရာ သီချင်းဆိုသူများအဖြစ် တွေ့မြင်ကာ တမန်တော်ယောဟန် ဤသို့ရေးခဲ့သည်– “ထိုနောက်မှ ငါကြည့်လျှင် သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌အက္ခရာတင်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။ ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူဖြစ်ကြ၏။ သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။”—ဗျာဒိတ် ၁၄:၁၊ ၄၊ ၅။
၄။ မြေကြီးပေါ်တွင် ယနေ့ သိုးစုငယ်ရရှိထားသော အဆင့်အတန်းကားအဘယ်နည်း။
၄ စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ဘိသိက်ခံရပြီး ဝိညာဉ်တော်အားဖြင့် မွေးဖွားခံရသော ဤသူများသည် ခရစ်တော်၏ မြေကြီးပေါ်ရှိ သံတမန်များအဖြစ် ထမ်းဆောင်ကြသည်။ (၂ ကောရိန္သု ၅:၂၀) ယနေ့သူတို့အထဲမှ အကြွင်းအကျန်သာလျှင် သစ္စာနှင့်သတိပညာရှိသောကျွန် အတန်းအစားအဖြစ် အတူတကွအမှုထမ်းနေကြသည်။ (မဿဲ ၂၄:၄၅; ဗျာဒိတ် ၁၂:၁၇) အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ ယခုသန်းပေါင်းများစွာရှိပြီဖြစ်သော မြေကြီးမျှော်လင့်ချက်ရှိ ခရစ်ယာန် “အခြားသိုး” က သူတို့နှင့်ပူးပေါင်းလာကြသည်။ မြေတစ်ပြင်လုံး သတင်းကောင်းဟောပြောခြင်းတွင် သူတို့က အကူအညီပေးကြသည်။—ယောဟန် ၁၀:၁၆။
၅။ သိုးစုငယ်မှ ကျန်ကြွင်းသူများ၏ သဘောထားကားအဘယ်နည်း၊ သူတို့အဘယ်ကြောင့် ကြောက်ရန်မလိုသနည်း။
၅ မြေကြီးပေါ်တွင်ရှိနေသေးသည့် ဤသိုးစုငယ်အဖွဲ့ဝင်များ၏ သဘောထားကားအဘယ်နည်း။ ‘မလှုပ်နိုင်သောနိုင်ငံ’ ကိုရမည်ကို သိထားကြသောကြောင့် သူတို့သည် မြင့်မြတ်သောလုပ်ငန်းတော်ကို ဘုရားရေးရာကြောက်ရွံ့ခြင်းနှင့် ရိုသေကျိုးနွံခြင်းတို့ဖြင့် ထမ်းဆောင်ကြသည်။ (ဟေဗြဲ ၁၂:၂၈) မိမိတို့၏အမှုဆောင်ခြင်းသည် အတိုင်းအဆမရှိသည့်ရွှင်လန်းမှုကို ဖြစ်စေသော တန်ဖိုးမဖြတ်နိုင်သည့်အခွင့်ထူးတစ်ရပ်ဖြစ်ကြောင်း သူတို့စိတ်နှိမ့်ချစွာ သဘောပေါက်ထားကြသည်။ ဘုရားသခင်နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှုဖော်ပြသောအခါ သူတို့သည် “အလွန်အဖိုးထိုက်သောပုလဲ” ကိုတွေ့ရှိခဲ့ကြကြောင်း ကိုယ်တော်ရည်ညွှန်းခဲ့သည်။ (မဿဲ ၁၃:၄၆) ကြီးစွာသောဒုက္ခချဉ်းကပ်လာသည်နှင့်အမျှ ဘုရားသခင့်ဘိသိက်ခံများသည် ရဲရဲရင့်ရင့်ရပ်တည်ကြသည်။ “ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီး” အတွင်း လူသားလောကအပေါ် ကျရောက်လာမည့်အရာများရှိစေကာမူ သူတို့သည် အနာဂတ်နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောက်လန့်ခြင်းမရှိကြချေ။ (တမန်တော် ၂:၁၉-၂၁) သူတို့ဘာကြောင့်ကြောက်ရမှာနည်း။
အရေအတွက်လျော့နည်း
၆၊ ၇။ (က) မြေကြီးပေါ်တွင် ရှိနေသေးသည့် သိုးစုငယ်၏အရေအတွက်သည် အဘယ့်ကြောင့် သိသိသာသာနည်းရသနည်း။ (ခ) မိမိရရှိခံစားရသည့် မျှော်လင့်ချက်ကို တစ်ဦးစီသည် မည်သို့ရှုမြင်သင့်သနည်း။
၆ မကြာသေးမီနှစ်များတွင် မြေကြီးပေါ်တွင်ရှိနေသေးသည့် သိုးစုငယ်၏အရေအတွက်သည် သိသိသာသာနည်းလာခဲ့ပြီ။ ယင်းသည် ၁၉၉၄ ခု သတိရအောက်မေ့ပွဲမှတ်တမ်းအားဖြင့် ထင်ရှားသည်။ ကမ္ဘာတစ်ခွင်ရှိ ယေဟောဝါလူများ၏ အသင်းတော် ၇၅,၀၀၀ ခန့်တွင် ၈,၆၁၇ ယောက်သာ ပါဝင်စားသုံးခြင်းဖြင့် အကြွင်းအကျန်အတန်းအစားများဟု မိမိတို့ကိုယ်ကိုဖော်ပြခဲ့ကြသည်။ (မဿဲ ၂၆:၂၆-၃၀) တစ်ဖက်တွင်မူ စုစုပေါင်းတက်ရောက်သူမှာ ၁၂,၂၈၈,၉၁၇ ယောက်ဖြစ်သည်။ ဘိသိက်ခံခရစ်ယာန်များသည် ယင်းသို့မျှော်လင့်ရန်ဖြစ်ကြောင်း သိနားလည်ထားကြသည်။ ယေဟောဝါသည် သိုးစုငယ်အဖြစ်ဖန်တီးရန် ကန့်သတ်အရေအတွက်ဖြစ်သော ၁၄၄,၀၀၀ ကိုဖွဲ့စည်းခဲ့ပြီး စီ.အီး. ၃၃၊ ပင်တေကုတ္တပွဲနေ့ကတည်းက ယင်းကို စုသိမ်းခဲ့ပြီ။ သိုးစုငယ်ကို ခေါ်တော်မူခြင်းသည် အရေအတွက်ပြည့်လုသောအခါ အဆုံးသတ်လိမ့်မည်ဖြစ်ပြီး အထူးသဖြင့် ဤကောင်းချီးခံစားရသောသူများ၏ ယေဘုယျစုသိမ်းခြင်းသည် ၁၉၃၅ ခုနှစ်တွင် အဆုံးသတ်ကြောင်း ထင်ရှားသည်။ သို့သော် ဤဆုံးခန်းကာလတွင်ရှိအခြားသိုးများကို ‘အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍အဘယ်သူမျှမရေတွက်နိုင်သည့် လူအုပ်ကြီး’ အဖြစ်သို့ ကြီးထွားလာရန် ပရောဖက်ပြုထားသည်။ ၁၉၃၅ ခုနှစ်ကတည်းက ယေဟောဝါသည် ယေဘုယျစုသိမ်းမှုပြုသူများမှာ မြေကြီးပရဒိသုတွင် ထာဝရအသက်မျှော်လင့်ချက်ရှိသည့် လူအုပ်ကြီးအဝင်ဖြစ်မည့်သူများဖြစ်ကြသည်။—ဗျာဒိတ် ၇:၉; ၁၄: ၁၅၊ ၁၆; ဆာလံ ၃၇:၂၉။
၇ မြေကြီးပေါ်တွင်ရှိနေသေးသည့် သိုးစုငယ်တွင်ပါဝင်သူအများစုတို့သည် ယခုအခါ အသက် ၇၀၊ ၈၀၊ ၉၀ တန်းများဖြစ်နေပေပြီ။ အနည်းငယ်တို့သည် အသက် ၁၀၀ ကျော်ပေပြီ။ မည်သည့်အသက်အရွယ်တွင်ပင် ရှိပါစေ နောက်ဆုံးတွင် သူတို့သည် ကောင်းကင်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ယေရှုခရစ်နှင့်ပေါင်းစည်းပြီး ဘုန်းထင်ရှားသည့်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ အုပ်စိုးကြမည်။ လူအုပ်ကြီးမှာမူ ခရစ်တော်ဘုရင်၏ မြေကြီးဆိုင်ရာလက်အောက်ခံများဖြစ်ကြမည်။ တစ်ယောက်စီသည် ကိုယ်တော်ကိုချစ်မြတ်နိုးသောသူများအတွက် ယေဟောဝါပြင်ဆင်ထားပေးရာ၌ ပျော်ရွှင်ဝမ်းမြောက်ပါစေ။ မည်သည့်မျှော်လင့်ချက်ခံစားဖို့ ရွေးချယ်ရန်မှာ ကျွန်ုပ်တို့မဟုတ်ပါ။ ဆုံးဖြတ်မည့်သူမှာ ယေဟောဝါဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင်ဖြစ်စေ၊ နိုင်ငံတော်အောက် မြေကြီးပရဒိသုတွင်ဖြစ်စေ အုပ်စုနှစ်စုလုံးတို့သည် ပျော်ရွှင်ဖွယ်အနာဂတ်အတွက် မိမိတို့မျှော်လင့်ချက်တွင် ပျော်ရွှင်ဝမ်းမြောက်နေနိုင်သည်။—ယောဟန် ၆:၄၄၊ ၆၅; ဧဖက် ၁:၁၇၊ ၁၈။
၈။ ၁၄၄,၀၀၀ ကိုတံဆိပ်ခတ်ခြင်းသည် မည်မျှပြီးမြောက်နေပြီး ယင်းပြီးဆုံးသောအခါ အဘယ်အရာဖြစ်ပျက်မည်နည်း။
၈ ၁၄၄,၀၀၀ သတ်မှတ်ထားသောသိုးစုငယ်သည် ဘုရားသခင့်ရည်ရွယ်ချက်တွင် ဇာတိဣသရေလများနေရာ၌ အစားထိုးခံရသော “ဘုရားသခင်၏ဣသရေလအမျိုး” ဖြစ်သည်။ (ဂလာတိ ၆:၁၆) ထို့ကြောင့် အကြွင်းအကျန်သည် မြေကြီးပေါ်တွင်ရှိနေသေးသည့် ဘုရားသခင်၏ဝိညာဏဣသရေလလူမျိုးမှ ကျန်ကြွင်းသူများဖြစ်သည်။ ထိုကျန်ကြွင်းသူများသည် ယေဟောဝါ၏ နောက်ဆုံးသဘောကျနှစ်သက်မှုအတွက် တံဆိပ်ခတ်ခြင်းခံရကြသည်။ ရူပါရုံတစ်ခုတွင် ယင်းအဖြစ်အပျက်ကို တမန်တော်ယောဟန် တွေ့မြင်ခဲ့ပြီး သူဤသို့သတင်းပေးခဲ့သည်– “အသက်ရှင်တော်မူသောဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာကတက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍ ‘ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌တံဆိပ်မခတ်မီတိုင်အောင် မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့်’ ဟု ကြီးသောအသံနှင့်ကြွေးကြော်လေ၏။ တံဆိပ်ခတ်ခြင်းကိုခံရသောသူအရေအတွက်ကို ငါကြား၍ [ဝိညာဏ] ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွယ်အထဲက လူတစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။” (ဗျာဒိတ် ၇:၂-၄) ဝိညာဏဣသရေလများအား တံဆိပ်ခတ်သည့်ဤလုပ်ငန်းသည် အတော်ပင်ပြီးမြောက်နေကြောင်းထင်ရှားနေရာ မကြာမီရောက်ရှိလာမည့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ တစ်ခုမှာ ကောင်းကင်တမန်လေးပါးတို့က မြေကြီးပေါ်တွင် ပျက်စီးခြင်းဆိုက်စေမည့် လေးမျက်နှာလေကို လွှတ်လိုက်သောအခါဖြစ်မည့် “ကြီးစွာသောဒုက္ခ” အလွန်နီးကပ်နေရမည်။—ဗျာဒိတ် ၇:၁၄။
၉။ သိုးစုငယ်သည် လူအုပ်ကြီးအရေအတွက် တိုးပွားနေခြင်းကို မည်သို့ရှုမြင်သနည်း။
၉ စုသိမ်းခံထားရသော လူအုပ်ကြီးမှာ အရေအတွက်အားဖြင့် သန်းနှင့်ချီ၍ရှိနေပြီ။ ယင်းက အကြွင်းအကျန်များ၏စိတ်ကို မည်မျှလှိုက်လှဲနွေးထွေးစေပါမည်တကား! သိုးစုငယ်သည် အရေအတွက်အားဖြင့် ဆက်၍လျော့နည်းနေသော်လည်း တိုးချဲ့နေသည့် ဘုရားသခင်၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းနှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် လူအုပ်ကြီးမှ အရည်အချင်းရှိသူများကို သူတို့လေ့ကျင့်ပြင်ဆင်ပေးထားပြီးဖြစ်သည်။ (ဟေရှာယ ၆၁:၅) ယေရှုဖော်ပြသကဲ့သို့ ကြီးစွာသောဒုက္ခကို ကပ်ကျော်မည့်သူများရှိမည်။—မဿဲ ၂၄:၂၂။
‘မကြောက်ကြနှင့်’
၁၀။ (က) အဘယ်တိုက်ခိုက်မှုသည် ဘုရားသခင့်လူမျိုးတော်အပေါ်သို့ စတင်ကျရောက်ရန်ရှိပြီး ယင်းက အဘယ်အရာကို ဖြစ်စေမည်နည်း။ (ခ) ကျွန်ုပ်တို့ယောက်တိုင်းအား အဘယ်မေးခွန်းများကို မေးထားသနည်း။
၁၀ စာတန်နှင့် သူ၏နတ်ဆိုးများသည် မြေကြီးဝန်းကျင်သို့ မောင်းချခံခဲ့ရသည်။ သူနှင့်သူ့အဖွဲ့သားများသည် ယေဟောဝါ၏လူများကို မီးကုန်ယမ်းကုန်တိုက်ခိုက်ဖို့ဖြစ်လာရန် စီမံခံရသည်။ ဤတိုက်ခိုက်မှုကို မာဂေါဂပြည်မှ ဂေါဂ၏တိုက်ခိုက်မှုအဖြစ် ကျမ်းစာတွင်ဖော်ပြထားသည်။ မာရ်နတ်သည် အထူးသဖြင့် မည်သူများကိုတိုက်ခိုက်ရန် အာရုံစိုက်သနည်း။ “မြေကြီးဗဟို၌” ငြိမ်ဝပ်စွာနေသူများဖြစ်သော ဘုရားသခင်၏ ဝိညာဏဣသရေလလူမျိုးတည်းဟူသော သိုးစုငယ်၏ နောက်ဆုံးအဖွဲ့ဝင်များကိုပင် မဟုတ်ပေလော။ (ယေဇကျေလ ၃၈:၁-၁၂၊ သမ္မာ) မှန်ပေသည်၊ သို့သော် စာတန်၏တိုက်ခိုက်မှုက ယေဟောဝါဘုရားသခင်၏အပိုင်းမှ ရင်သပ်ရှုမောဖွယ်တုံ့ပြန်မှုအား အလျင်အမြန်စတင်စေပုံကို သစ္စာရှိဘိသိက်ခံအတန်းအစား၏ အကြွင်းအကျန်များသည် သူတို့၏သစ္စာရှိအပေါင်းအဖော်များဖြစ်သော အခြားသိုးနှင့်အတူ တွေ့မြင်ကြရမည်။ ကိုယ်တော်သည် မိမိလူမျိုးတော်ကို ကြားဝင်ကာကွယ်မည်ဖြစ်ပြီး ယင်းက “ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး” ကို ရုတ်တရက်ဖြစ်စေမည်။ (ယောလ ၂:၃၁) ယနေ့ သစ္စာနှင့်သတိပညာရှိသောကျွန်သည် ယေဟောဝါအားဖြင့်ဖြစ်မည့် အရေးတကြီး အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်သော ဤရောက်ရှိလာမည့် ယေဟောဝါ၏ကြားဝင်လုပ်ဆောင်မှုကို ပြီးမြောက်အောင်ဆောင်ရွက်နေကြသည်။ (မာလခိ ၄:၅; ၁ တိမောသေ ၄:၁၆) သင်သည် ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ထိုလုပ်ငန်းကို တက်တက်ကြွကြွထောက်ခံအားပေးနေသလော။ သင်သည် ကြောက်ရွံ့ခြင်းကင်းသည့် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအဖြစ် ယင်းသို့ ရဲရဲဝံ့ဝံ့ဆက်လုပ်နေမည်လော။
၁၁။ ယနေ့တွင် ရဲစွမ်းသတ္တိရှိသောသဘောထားသည် အဘယ့်ကြောင့်အရေးကြီးသနည်း။
၁၁ လက်ရှိကမ္ဘာ့အခြေအနေအရ ယေရှုက သူတို့အားမိန့်ဆိုခဲ့သည့် ဤစကားများကို လိုက်နာရန် သိုးစုငယ်အတွက် အချိန်သင့်အခါသင့်ဖြစ်လှပါသည်– “သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်”! ယေဟောဝါ၏ ရည်ရွယ်တော်မူချက်များနှင့်အညီ ယခုဖြစ်ပျက်လာသည့် အရာအားလုံးတို့ကိုထောက်၍ ထိုရဲစွမ်းသတ္တိရှိသောသဘောထားမျိုးသည် မရှိမဖြစ်လိုအပ်သည်။ အဆုံးထိတိုင် ခံရပ်သွားရမည်ကို သိုးစုငယ်အဝင်တစ်ဦးချင်းတို့သည် သဘောပေါက်နားလည်ကြသည်။ (လုကာ ၂၁:၁၉) သိုးစုငယ်၏ အရှင်သခင် ယေရှုခရစ်သည် သူ့မြေကြီးအသက်တာကုန်ဆုံးသည်အထိ ခံရပ်ခဲ့ပြီး သစ္စာရှိကြောင်း သက်သေထူခဲ့သည့်နည်းတူ အကြွင်းအကျန်တစ်ဦးစီသည်လည်း ခံရပ်ပြီး သစ္စာရှိကြောင်း သက်သေထူရမည်။—ဟေဗြဲ ၁၂:၁၊ ၂။
၁၂။ ပေါလုသည် ယေရှုကဲ့သို့ ဘိသိက်ခံခရစ်ယာန်များအား မကြောက်ကြရန် မည်သို့တိုက်တွန်းအားပေးခဲ့သနည်း။
၁၂ ဘိသိက်ခံအားလုံးတို့သည် တမန်တော်ပေါလုကဲ့သို့သော အမြင်မျိုးရှိကြရမည်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း လူသိရှင်ကြားကြေညာသူဘိသိက်ခံတစ်ဦးအနေနှင့် သူ၏စကားများသည် မကြောက်ရွံ့ရန် ယေရှုတိုက်တွန်းအားပေးချက်နှင့် မည်သို့သဟဇာတဖြစ်သည်ကို မှတ်သားပါ။ ပေါလုဤသို့ရေးသားခဲ့သည်– “ဒါဝိဒ်အမျိုးဖြစ်သောယေရှုခရစ်သည် ငါဟောသောဧဝံဂေလိတရားအတိုင်း သေခြင်းမှထမြောက်တော်မူသည်ဟု အောက်မေ့လော့။ ထိုတရားကြောင့် ငါသည် လူဆိုးကဲ့သို့ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် ချည်နှောင်ခြင်းနှင့်ကင်းလွတ်၏။ ထို့ကြောင့် ရွေးကောက်တော်မူသောသူတို့သည် ထာဝရဘုရားဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှာ သူတို့အဖို့ အရာရာကို ငါသည်းခံရ၏။ သစ္စာတရားဟူမူကား၊ ထိုသခင်နှင့်အတူသေလျှင် အတူရှင်လိမ့်မည်။ သည်းခံလျှင် ထိုသခင်နှင့်အတူစိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည်ငြင်းပယ်လျှင် ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။ ငါတို့သည် မယုံကြည်သော်လည်း ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကိုငြင်းပယ်တော်မမူနိုင်။”—၂ တိမောသေ ၂:၈-၁၃။
၁၃။ သိုးစုငယ်၏အဖွဲ့ဝင်များသည် အဘယ်နက်ရှိုင်းခိုင်မြဲသည့်ယုံကြည်ခြင်းကို စွဲကိုင်ထားပြီး ယင်းက သူတို့အား အဘယ်အရာကိုလုပ်ရန် လှုံ့ဆော်သနည်း။
၁၃ တမန်တော်ပေါလုနည်းတူ သိုးစုငယ်၏ ကျန်ကြွင်းသောအဖွဲ့ဝင်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ဖော်ပြထားသော အစွမ်းထက်သည့်သတင်းကို ဟောပြောစဉ် ဒုက္ခဆင်းရဲကိုခံရပ်လိုစိတ်ရှိကြသည်။ ကယ်တင်ခြင်းနှင့်လည်းကောင်း၊ သေသည်တိုင်အောင် သစ္စာရှိကြောင်းတင်ပြသွားလျှင် “အသက်သရဖူကို” ပေးအပ်ခြင်းခံရမည့် ဘုရားသခင့်ကတိတော်များကို လက်ဆုပ်လက်ကိုင်ပြုထားသည့်အလျောက် သူတို့၏ယုံကြည်စိတ်ချမှုသည် အခြေခိုင်လျက်ရှိသည်။ (ဗျာဒိတ် ၂:၁၀) ရုတ်ခြည်းရှင်ပြန်ထမြောက်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ကြုံရခြင်းအားဖြင့် သူတို့သည် မင်းများအဖြစ် ခရစ်တော်နှင့်အတူအုပ်ချုပ်ရန် ကိုယ်တော်နှင့်တစ်ပေါင်းတစ်စည်းတည်းဖြစ်ဖို့ ခေါ်ဆောင်ခံရကြမည်။ လောကကိုအောင်နိုင်သူများအဖြစ် သူတို့၏သမာဓိစောင့်သည့်လမ်းစဉ်အတွက် အောင်ပွဲခံမှုပါတကား!—၁ ယောဟန် ၅:၃၊ ၄။
တစ်မူထူးခြားသော မျှော်လင့်ချက်
၁၄၊ ၁၅။ သိုးစုငယ်၏ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် မည်သို့အားဖြင့် တစ်မူထူးခြားပါသနည်း။
၁၄ သိုးစုငယ်ရရှိသည့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် တစ်မူထူးခြားပါသည်။ မည်သည့်နည်းများအားဖြင့်နည်း။ တစ်ခုအနေနှင့် ယင်းသည် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ” တို့၏ ယေဘုယျရှင်ပြန်ထမြောက်ခြင်းရှေ့ကျရမည်။ (တမန်တော် ၂၄:၁၅) အမှန်အားဖြင့် ဘိသိက်ခံများ၏ရှင်ပြန်ထမြောက်ခြင်းသည် ၁ ကောရိန္သု ၁၅:၂၀၊ ၂၃ ပါစကားများက ရှင်းလင်းစွာဖော်ပြထားသည့်အတိုင်း နေရာအဆင့်အလိုက်အရေးပါသည်– “ယခုမူကား ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူပြီ။ သို့ရာတွင် လူအသီးသီးသည် မိမိတို့အလှည့်အတိုင်းလိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီးဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ တပည့်တော်ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ရောက်ကြလိမ့်မည်။” ယေရှုတင်ပြခဲ့သည့် ခံနိုင်ရည်နှင့်ယုံကြည်မှုမျိုးရှိခြင်းအားဖြင့် သိုးစုငယ်သည် မိမိတို့၏မြေကြီးတာဝန်ပြီးဆုံးသောအခါ သူတို့အတွက် မည်သည့်အရာသိုမှီးထားကြောင်း၊ အထူးသဖြင့် မှန်သောသခင်သည် မိမိ၏ဗိမာန်တော်သို့ တရားစီရင်ရန်အတွက် ရောက်ရှိသည့် ၁၉၁၈ ခုနှစ်မှစ၍ သိရှိလာကြသည်။—မာလခိ ၃:၁။
၁၅ ဤရှင်ပြန်ထမြောက်ခြင်းကို တစ်မူထူးခြားသည့်အရာအဖြစ် ယူမှတ်ရမည့် ထပ်ဆင့်အကြောင်းများကို ကျွန်ုပ်တို့အား ပေါလုပေးထားသေးသည်။ ၁ ကောရိန္သု ၁၅:၅၁-၅၃ တွင် မှတ်တမ်းတင်ထားချက်အရ သူ ဤသို့ရေးသားခဲ့သည်– “နက်နဲသောအရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသောတံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ . . . ယခုမျက်မှောက်ပုပ်နိုင်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။” ယင်းသည် ခရစ်တော်ရောက်ရှိချိန်အတွင်း သေလွန်သော သိုးစုငယ်အဖွဲ့ဝင်များနှင့် သက်ဆိုင်သည်။ အချိန်ကြာညောင်းစွာ သေခြင်းတွင်အိပ်ပျော်ရခြင်းမရှိဘဲ သူတို့သည် “တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌” မသေနိုင်သည့်အဖြစ်နှင့် ချီးမြှင့်ခြင်းခံရကြသည်။
၁၆၊ ၁၇။ သူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယနေ့ ဘိသိက်ခံခရစ်ယာန်များသည် မည်သို့အထူးကောင်းချီးခံစားရသနည်း။
၁၆ ဤသိနားလည်မှုအားဖြင့် ဗျာဒိတ် ၁၄:၁၂၊ ၁၃ ပါ တမန်တော်ယောဟန် စကားများကို ကျွန်ုပ်တို့သဘောပေါက်နိုင်သည်။ သူဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာအကြောင်းရှိ၏။ တစ်ဖန်တုံ၊ ကောင်းကင်အသံကား ယခုမှစ၍ သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟုရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍ သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏ဟုမိန့်တော်မူ၏။”
၁၇ သိုးစုငယ်၏အကြွင်းအကျန်များအတွက် မည်မျှတစ်မူထူးခြားသည့်ဆုလာဘ်ကို ပြင်ဆင်ထားပေးပါသည်တကား! သူတို့သည် သေခြင်းတွင်အိပ်ပျော်သည်နှင့် ရှင်ပြန်ထမြောက်ခြင်းသည် လျင်မြန်စွာရောက်ရှိလာမည်။ အကြွင်းအကျန်များသည် နာမ်ဝိညာဉ်လောကတွင် မိမိတို့၏တာဝန်များကို စတင်လုပ်ဆောင်သည်နှင့် မည်မျှထူးခြားသည့်အပြောင်းအလဲဖြစ်မည်တကား!။ ယင်းသို့ သိုးစုငယ်၏ ဘုန်းဝင်စားမှု ဖြစ်နေချိန်နှင့် သမ္မာကျမ်းစာ၏ အဓိကပရောဖက်ပြုချက်များပြည့်စုံမှုပြီးလုခြင်းတို့ကြောင့် သိုးစုငယ်၏ နောက်ဆုံးကျန်ကြွင်းသူအဖွဲ့ဝင်များသည် “မကြောက်ကြ” ရန် အမှန်ပင်လိုအပ်သည်။ သူတို့၏ အကြောက်အရွံ့ကင်းခြင်းက လူအုပ်ကြီးတွင်ပါဝင်သူများအား အားပေးမှုဖြစ်စေကာ သူတို့လည်း ဤကမ္ဘာကြုံဖူးသမျှတွင် အကြီးမားဆုံးဘေးဒုက္ခကာလအတွင်း လွတ်မြောက်မှုကိုမျှော်မှန်းရင်း အလားတူကြောက်ရွံ့ခြင်းကင်းသည့်သဘောထားကို ပြုစုပျိုးထောင်သွားသင့်သည်။
၁၈၊ ၁၉။ (က) ကျွန်ုပ်တို့အသက်ရှင်သောအချိန်သည် အဘယ့်ကြောင့် အရေးတကြီး ဖြစ်သနည်း။ (ခ) ဘိသိက်ခံများကော အခြားသိုးပါ အဘယ့်ကြောင့်မကြောက်ရွံ့သင့်သနည်း။
၁၈ သိုးစုငယ်သည် မိမိတို့၏လုပ်ရပ်များကို ပြန်လည်သုံးသပ်ခြင်းက မိမိတို့နှင့် လူအုပ်ကြီးအတွက် မှန်သောဘုရားသခင်ကို ဆက်၍ကြောက်ရွံ့ရန် ဖြစ်စေသည်။ ကိုယ်တော်အားဖြင့် တရားစီရင်မည့်အချိန်နာရီသည် ရောက်ရှိနေပြီဖြစ်ပြီး ကျန်ကြွင်းသည့် နှစ်သက်ဖွယ်အချိန်သည် အလွန်တန်ဖိုးရှိသည်။ အခြားသူများအတွက် အရေးတယူလုပ်ဆောင်ရန် အချိန်အကန့်အသတ်သာ ကျန်တော့သည်အမှန်။ ကျွန်ုပ်တို့မူ ဘုရားသခင့်ရည်ရွယ်ချက် မအောင်မမြင်ဖြစ်လေမည်လောဟု မစိုးရိမ်ကြပါ။ ယင်းသည် သေချာပေါက်အောင်မြင်မည်ပါတကား!
၁၉ ကောင်းကင်မှ ကြီးသောအသံကို ဤသို့ကြားရပြီဖြစ်သည်– “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူမည်။” (ဗျာဒိတ် ၁၁:၁၅) သေချာသည်မှာ မဟာသိုးထိန်းရှင်ယေဟောဝါသည် မိမိ၏သိုးအားလုံးတို့အား “နာမတော်အဖို့အလို့ငှာ တရားလမ်းထဲ၌သွေးဆောင်တော်မူ၏။” (ဆာလံ ၂၃:၃) သိုးစုငယ်သည် သူတို့၏ကောင်းကင်ဆုကျေးဇူးဆီသို့ မပျက်မကွက် ပို့ဆောင်ခံနေကြရသည်။ အခြားသိုးများလည်း ခရစ်တော်ယေရှု၏အုပ်ချုပ်မှုအောက် ဘုန်းကျက်သရေထွန်းလင်းသည့် ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးပိုင်နက်တွင် ထာဝရအသက်စံစားရန် ကြီးစွာသောဒုက္ခတစ်လျှောက် ဘေးမသီရန်မခကယ်လွှတ်ခံရကြမည်။ ထိုအကြောင်းကြောင့် ယေရှု၏စကားများသည် သိုးစုငယ်ကို ရည်ညွှန်းမိန့်ဆိုခဲ့သော်လည်း မြေကြီးပေါ်တွင်ရှိ ဘုရားသခင့်ကျေးကျွန်အားလုံးသည် ကိုယ်တော်၏ဤစကားကို နားထောင်ရန် အကြောင်းရှိသည်မှာ သေချာပါသည်– “မကြောက်ကြနှင့်။”
သင်ရှင်းပြနိုင်သလော
◻ သိုးစုငယ်၏ကျန်ကြွင်းသောအရေအတွက်သည် လျော့နည်းသွားမည်ကို ကျွန်ုပ်တို့အဘယ့်ကြောင့် မျှော်လင့်သင့်သနည်း။
◻ ယနေ့ဘိသိက်ခံအကြွင်းအကျန်၏ အခြေအနေကား အဘယ်နည်း။
◻ မာဂေါဂပြည်မှ ဂေါဂ၏တိုက်ခိုက်မှု ချဉ်းကပ်လာနေလင့်ကစား ခရစ်ယာန်များသည် အဘယ့်ကြောင့်မကြောက်သင့်သနည်း။
◻ ၁၄၄,၀၀၀ ၏ထမြောက်ခြင်းမျှော်လင့်ချက်သည် အထူးသဖြင့် ယနေ့တွင် အဘယ့်ကြောင့် တစ်မူထူးခြားသနည်း။