ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁ စာ. ၈-၁၃
  • သင့်လုပ်ဆောင်မှုသည် မီးခံနိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်လုပ်ဆောင်မှုသည် မီးခံနိုင်မည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်ကန်သောအုတ်မြစ်ချခြင်း
  • မှန်ကန်သောပစ္စည်းများဖြင့်ဆောက်လုပ်ခြင်း
  • သင့်လုပ်ဆောင်မှုသည် မီးခံမည်လော
  • မည်သူတာဝန်ရှိသနည်း
  • ကျွန်ုပ်တို့သားသမီးများ၌ ခရစ်ယာန်ဥပဓိရုပ်များ တည်ဆောက်ပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါထံချဉ်းကပ်ရန်လူတို့ကိုကူညီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကိုယ်ကိုကယ်တင်ခြင်းငှာ လုပ်ဆောင်နေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁ စာ. ၈-၁၃

သင့်လုပ်ဆောင်မှုသည် မီးခံနိုင်မည်လော

“[တိုက်မြစ်ပေါ်တွင်] အဘယ်သို့ထပ်ဆင့်၍တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။”—၁ ကောရိန္သု ၃:၁၀။

၁။ တပည့်များဖြစ်လာဖို့အလားအလာရှိသူများနှင့်ပတ်သက်၍ သစ္စာရှိခရစ်ယာန်များသည် မည်သို့မျှော်လင့်ကြသနည်း။

ခရစ်ယာန်မောင်နှံတစ်စုံသည် သူတို့၏မွေးစရင်သွေးငယ်လေးကို ငေးကြည့်နေကြ၏။ [ဘုရားသခင့်] နိုင်ငံတော်ကြေညာသူတစ်ဦးသည် ကျမ်းစာသင်သားတစ်ဦး၏ထက်သန်ပြီး စိတ်ဝင်စားသည့်မျက်နှာထားကို မြင်နေရသည်။ စင်မြင့်ပေါ်မှသွန်သင်နေသော ခရစ်ယာန်အကြီးအကဲတစ်ဦးသည် ပရိသတ်ထဲမှစိတ်ဝင်စားခါစလူသစ်တစ်ဦး စိတ်ထက်သန်စွာဖြင့် ကျမ်းချက်များရှာဖွေဖတ်ရှုနေသည်ကို သတိပြုမိသည်။ ယေဟောဝါ၏ ဤသစ္စာရှိကျေးကျွန်များသည် မျှော်လင့်ချက်အပြည့်ရှိကြသည်။ ‘ဤသူသည် ယေဟောဝါအားချစ်မြတ်နိုးပြီး ဝတ်ပြုပါမည်လော၊ သစ္စာတည်ကြည်ပါမည်လော’ ဟုသူတို့မတွေးဘဲမနေနိုင်ချေ။ ထိုသို့အလိုအလျောက်ဖြစ်လာမည်မဟုတ်သည်မှာ အမှန်ပင်။ ကြိုးစားလုပ်ဆောင်ရန်လိုသည်။

၂။ တမန်တော်ပေါလုသည် သွန်သင်ခြင်းလုပ်ငန်း၏အရေးကြီးမှုကို ဟေဗြဲခရစ်ယာန်များအား မည်သို့သတိပေးခဲ့သနည်း။ ယင်းက ကျွန်ုပ်တို့အား အဘယ်ဆန်းစစ်မှုကိုပြုလုပ်ရန် တိုက်တွန်းပေးမည်နည်း။

၂ ကိုယ်တိုင်ပိုင်နိုင်သောဆရာသမားတစ်ဦးဖြစ်သည့် တမန်တော်ပေါလုက “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်” ပြီဟုရေးသားခဲ့စဉ် သွန်သင်ခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၏အရေးကြီးမှုကို ပေါ်လွင်စေခဲ့သည်။ (ဟေဗြဲ ၅:၁၂) သူရေးသားခဲ့သည့်ခရစ်ယာန်များသည် ယုံကြည်သူများဖြစ်နေကြသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အနည်းငယ်သာတိုးတက်ခဲ့ကြသည်။ အခြားသူများကို သွန်သင်ပေးဖို့ဝေးစွ၊ သူတို့သည် အမှန်တရား၏အခြေခံလက္ခဏာများကို သတိပေးခံရဖို့ပင် လိုအပ်နေသည်။ ယနေ့ ကျွန်ုပ်တို့အားလုံးသည် သွန်သင်သူများအဖြစ် ကျွန်ုပ်တို့၏အစွမ်းအစများကို အခါအားလျော်စွာ သုံးသပ်ကြပြီး၊ မည်သို့တိုးတက်နိုင်ကြောင်းစစ်ဆေးသင့်သည်။ သေရေးရှင်ရေးကိစ္စဖြစ်နေသည်။ ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။

၃။ (က) တမန်တော်ပေါလုသည် ခရစ်ယာန်တပည့်တစ်ဦးဖြစ်စေခြင်းလုပ်ငန်းကို အဘယ်အရာနှင့်နှိုင်းယှဉ်ခဲ့သနည်း။ (ခ) ခရစ်ယာန်ဆောက်လုပ်သူများအနေဖြင့် အဘယ်အခွင့်ထူးကြီးကို ကျွန်ုပ်တို့ရရှိထားကြသနည်း။

၃ ကျယ်ပြန့်သောဥပမာတစ်ခုဖြင့် ပေါလုသည် တပည့်ဖြစ်စေခြင်းကို အဆောက်အဦတစ်ခုဆောက်လုပ်ခြင်းနှင့် နှိုင်းယှဉ်ခဲ့သည်။ သူကဤသို့အစပြုပြောဆိုခဲ့သည်– “ငါတို့သည် ဘုရားသခင့်ထံ၌အလုပ်လုပ်သောသူချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်တော်ဖြစ်ကြ၏။ ဘုရားသခင်၏ကျောင်းတော်တိုက်လည်းဖြစ်ကြ၏။” (၁ ကောရိန္သု ၃:၉) ထို့ကြောင့် ကျွန်ုပ်တို့သည် လူနှင့်ဆိုင်သောဆောက်လုပ်ရေးတွင် ပါဝင်နေကြသည်; ခရစ်တော်၏တပည့်များဖြစ်လာစေရန် သူတို့ကိုတည်ဆောက်ပေးနေကြသည်။ ကျွန်ုပ်တို့သည် “အလုံးစုံတို့ကိုတည်ဆောက်သော” အရှင်၏တွဲဖက်လုပ်သားများအဖြစ် လုပ်ဆောင်နေကြသည်။ (ဟေဗြဲ ၃:၄) တကယ့်အခွင့်ထူးတစ်ရပ်ပါတကား! ကောရိန္သုမြို့သားများထံရေးသော ပေါလု၏မှုတ်သွင်းခံသြဝါဒစာသည် ကျွန်ုပ်တို့၏လုပ်ငန်းတွင် ပို၍တတ်ကျွမ်းလာရန် မည်သို့ကူညီပေးနိုင်ကြောင်းသုံးသပ်ကြည့်ကြစို့။ အထူးသဖြင့် ကျွန်ုပ်တို့၏ ‘သွန်သင်ခြင်းပညာ’ ကိုအလေးပေးသွားကြမည်။—၂ တိမောသေ ၄:၂။

မှန်ကန်သောအုတ်မြစ်ချခြင်း

၄။ (က) ခရစ်ယာန်ဆောက်လုပ်ခြင်းလုပ်ငန်းတွင် ပေါလု၏ကဏ္ဍကား အဘယ်နည်း။ (ခ) အုတ်မြစ်ကောင်း၏အရေးကြီးမှုကို ယေရှုနှင့် ကိုယ်တော့်ပရိသတ်တို့သိခဲ့ကြသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၄ အဆောက်အဦတစ်ခုကို တည်တံ့ခိုင်မြဲစေလိုလျှင်အုတ်မြစ်ကောင်းချဖို့လိုသည်။ ထို့ကြောင့် ပေါလုက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသောဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။” (၁ ကောရိန္သု ၃:၁၀) အလားတူဥပမာကိုအသုံးပြုကာ ဆောက်လုပ်သူက ခိုင်မာသည့်အုတ်မြစ်ကိုရွေးချယ်ခဲ့သောကြောင့် မုန်တိုင်းဒဏ်မှလွတ်မြောက်ခဲ့သော အိမ်တစ်လုံးအကြောင်းကို ယေရှုခရစ်ပြောပြခဲ့သည်။ (လုကာ ၆:၄၇-၄၉) ယေရှုသည် အုတ်မြစ်များ၏အရေးကြီးမှုကို ကောင်းစွာသိရှိခဲ့သည်။ မြေကြီးအုတ်မြစ်ကို ယေဟောဝါချစဉ် ကိုယ်တော်ရှိခဲ့သည်။a (သု. ၈:၂၉-၃၁) ယေရှု၏ပရိသတ်လည်း ကောင်းသောအုတ်မြစ်များ၏အရေးပါမှုကို သဘောပေါက်ခဲ့သည်။ ပါလက်စတိုင်းဒေသတွင် တစ်ခါတစ်ရံဖြစ်တတ်သည့် ရုတ်တရက်ရေလွှမ်းမိုးခြင်းနှင့် မြေငလျင်ဒဏ်တို့ကို အခြေခိုင်သောအိမ်များသာခံနိုင်သည်။ သို့သော် ပေါလုသည် အဘယ်အုတ်မြစ်ကိုဆိုလိုနေခြင်းဖြစ်သနည်း။

၅။ ခရစ်ယာန်အသင်းတော်၏အုတ်မြစ်ကား မည်သူနည်း။ ယင်းကို မည်သို့ကြိုတင်ဟောထားသနည်း။

၅ ပေါလုက ဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်တည်းဟူသော ချလျက်ရှိသောတိုက်မြစ်မှတစ်ပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်။” (၁ ကောရိန္သု ၃:၁၁) ယင်းသည် ယေရှုအား အုတ်မြစ်နှင့် ပထမဆုံးအကြိမ်နှိုင်းယှဉ်ထားခြင်းမဟုတ်ချေ။ မှန်ပါသည်၊ ဟေရှာယ ၂၈:၁၆ တွင် ဤသို့တင်ကြိုဟောထားသည်– “အရှင်ထာဝရဘုရားက၊ ‘စုံစမ်းသောအမြစ်ကျောက်တည်းဟူသော မလှုပ်နိုင်အောင်မြဲမြံသောတိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာငါချထား၏။ ထိုကျောက်ကိုအမှီပြုသောသူသည် ပြေးရသောအကြောင်းမရှိ။’” ယေဟောဝါသည် မိမိ၏သားတော်ကို ခရစ်ယာန်အသင်းတော်၏အုတ်မြစ်ဖြစ်လာစေရန် နှစ်ရှည်လများရည်ရွယ်ထားနှင့်ခဲ့ပြီဖြစ်သည်။—ဆာလံ ၁၁၈:၂၂; ဧဖက် ၂:၁၉-၂၂; ၁ ပေတရု ၂:၄-၆။

၆။ ပေါလုသည် ကောရိန္သုခရစ်ယာန်များ၌ ကောင်းသောအုတ်မြစ်ကို မည်သို့ချခဲ့သနည်း။

၆ ခရစ်ယာန်တစ်ဦးစီအတွက် အုတ်မြစ်ကားအဘယ်နည်း။ ပေါလုဆိုခဲ့သကဲ့သို့ စစ်မှန်သောခရစ်ယာန်တစ်ဦးအတွက် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်ချထားသောအုတ်မြစ် ယေရှုခရစ်မှလွဲ၍ အခြားအုတ်မြစ်မရှိပါ။ ပေါလုသည် အဆိုပါအုတ်မြစ်ကို အမှန်ပင်ချခဲ့သည်။ အတွေးအခေါ်ပညာကို အလွန်တန်ဖိုးထားခဲ့ကြသော ကောရိန္သုမြို့တွင် သူသည် လောကပညာဖြင့် လူတို့ကိုစွဲမှတ်စေဖို့ မကြိုးစားခဲ့ချေ။ ယင်းအစား ပေါလုသည် လူမျိုးခြားတို့က အလွန်တရာ “မိုက်မဲခြင်း” ဟုမှတ်ပြီး ပယ်ခဲ့သော “လက်ဝါးကပ်တိုင်မှာအသေခံတော်မူသောခရစ်တော်” အကြောင်းဟောပြောခဲ့သည်။ (၁ ကောရိန္သု ၁:၂၃) ယေရှုသည် ယေဟောဝါ၏ရည်ရွယ်ချက်များတွင် အဓိကပုဂ္ဂိုလ်ဖြစ်သည်ဟု ပေါလုသွန်သင်ခဲ့သည်။—၂ ကောရိန္သု ၁:၂၀; ကောလောသဲ ၂:၂၊ ၃။

၇။ “လိမ္မာသောဗိသုကာ” အဖြစ်မိမိကိုယ်ကို ပေါလုရည်ညွှန်းခြင်းမှ အဘယ်အရာသင်ယူနိုင်သနည်း။

၇ ပေါလုသည် ထိုသွန်သင်ခြင်းကို “လိမ္မာသောဗိသုကာကဲ့သို့” ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဤဖော်ပြချက်သည် မိမိကိုယ်ကိုအထင်ကြီးခြင်းမဟုတ်ပါ။ မိမိအားယေဟောဝါပေးထားသည့် လုပ်ငန်းဖွဲ့စည်းခြင်း သို့မဟုတ် ညွှန်ကြားခြင်းအခွင့်ထူးကို အသိအမှတ်ပြုခြင်းမျှသာဖြစ်သည်။ (၁ ကောရိန္သု ၁၂:၂၈) ယနေ့ကျွန်ုပ်တို့သည် ပထမရာစုခရစ်ယာန်များအားပေးအပ်ခဲ့သော ထူးမြတ်သည့်ဆုကျေးဇူးများမရရှိထားကြသည်မှာ မှန်ပါသည်။ မိမိကိုယ်ကိုအရည်အချင်းပြည့်မီသောသွန်သင်သူများအဖြစ်လည်း ယူမှတ်ကြမည်မဟုတ်ချေ။ သို့သော် အရေးကြီးသောသဘောအရ ကျွန်ုပ်တို့သည် ထိုသို့ဖြစ်ကြ၏။ သုံးသပ်ကြည့်ပါ– ယေဟောဝါသည် ကျွန်ုပ်တို့အတွက် အကူအညီဖြစ်စေရန် သန့်ရှင်းသောဝိညာဉ်တော်ကိုပေးထား၏။ (လုကာ ၁၂:၁၁၊ ၁၂ နှိုင်းယှဉ်။) ထို့အပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏မေတ္တာနှင့် ကိုယ်တော့်နှုတ်မြွက်စကားတော်၏ အခြေခံသွန်သင်ချက်များကိုသိရှိရသော အသိပညာကိုရရှိထားကြသည်။ ဤအရာများသည် အခြားသူများကိုသွန်သင်ပေးရာတွင်အသုံးပြုဖို့ တကယ့်ထူးမြတ်သောဆုကျေးဇူးများဖြစ်၏။ အုတ်မြစ်ကောင်းချရန် ယင်းတို့ကိုအသုံးပြုရန် ဆုံးဖြတ်ချက်ချထားကြစို့။

၈။ တပည့်တော်များဖြစ်လာရန် အလားအလာရှိသူတို့တွင် ကျွန်ုပ်တို့သည် ခရစ်တော်ကိုအုတ်မြစ်အဖြစ် မည်သို့ချကြသနည်း။

၈ ခရစ်တော်အားအုတ်မြစ်အဖြစ်ချကြသောအခါ ကိုယ်တော်ကို နွားစားခွက်ထဲရှိဘာမှမတတ်နိုင်သည့် ကလေးတစ်ဦးအဖြစ်သော်လည်းကောင်း၊ ယေဟောဝါနှင့်တန်းတူရည်တူဖြစ်သည့် သုံးပါးပေါင်းတစ်ဆူ၌ပါဝင်သူတစ်ဦးအဖြစ်လည်းကောင်း ကျွန်ုပ်တို့တင်ပြကြမည်မဟုတ်ပါ။ ကျမ်းစာနှင့်မညီသည့် ထိုအယူအဆများသည် အတုအယောင်ခရစ်ယာန်များ၏အုတ်မြစ်ဖြစ်သည်။ ယင်းအစား ကိုယ်တော်သည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏အကျိုးအတွက် စုံလင်သောအသက်ကိုပေးဆပ်ခဲ့ကြောင်းနှင့် ယနေ့ကိုယ်တော်သည် ယေဟောဝါ၏ဘိသိက်ခံဘုရင်အဖြစ် ကောင်းကင်တွင်အုပ်စိုးနေကြောင်း ကျွန်ုပ်တို့သွန်သင်ပေးကြ၏။ (ရောမ ၅:၈; ဗျာဒိတ် ၁၁:၁၅) ယေရှု၏ခြေရာအတိုင်းလိုက်ပြီး ကိုယ်တော့်အရည်အသွေးများကိုတုပကြရန် လှုံ့ဆော်ပေးဖို့လည်း ကျွန်ုပ်တို့ရှာကြံကြသည်။ (၁ ပေတရု ၂:၂၁) အမှုတော်အတွက်ကိုယ်တော်၏ထက်သန်မှု၊ နိမ့်ကျပြီး ဖိနှိပ်ခံရသူတို့အတွက် ကိုယ်တော်၏ထောက်ထားစာနာမှု၊ ကိုယ်ကိုယ်နှိုက်၏အပြစ်ကြောင့် စိတ်နှလုံးကြေကွဲသူ အပြစ်သားများအပေါ် ကိုယ်တော့်ကရုဏာ၊ စမ်းသပ်မှုများရင်ဆိုင်ရစဉ် ကိုယ်တော်၏မယိမ်းယိုင်သော ရဲစွမ်းသတ္တိတို့အားဖြင့် သူတို့ကိုအလွန်လှုံ့ဆော်ခံရစေလိုသည်။ ယေရှုသည် အမှန်တကယ်ပင် ခန့်ညားထည်ဝါသောအုတ်မြစ်ဖြစ်၏။ သို့သော် ၎င်းနောက် အဘယ်အရာရှိသနည်း။

မှန်ကန်သောပစ္စည်းများဖြင့်ဆောက်လုပ်ခြင်း

၉။ ပေါလုသည် အဓိကအုတ်မြစ်ချသူဖြစ်ခဲ့သော်လည်း သူသွန်သင်ခဲ့သောအမှန်တရားကို လက်ခံသူတို့အတွက် အဘယ်ပူပန်မှုရှိခဲ့သနည်း။

၉ ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍တည်ဆောက်သောသူရှိသမျှ၊ အသီးအသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့်ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။” (၁ ကောရိန္သု ၃:၁၂၊ ၁၃) ပေါလုဆိုလိုသည်ကား အဘယ်နည်း။ နောက်ခံကို သုံးသပ်ကြည့်ပါ။ ပေါလုသည် အဓိကအုတ်မြစ်ချသူတစ်ဦးဖြစ်ခဲ့သည်။ သူ၏သာသနာပြုခရီးစဉ်များတွင် ခရစ်တော်အကြောင်းမကြားဖူးသူများစွာကိုဟောပြောရန် တစ်မြို့မှတစ်မြို့သူလှည့်လည်ခဲ့သည်။ (ရောမ ၁၅:၂၀) သူသွန်သင်ပေးသောအမှန်တရားကို လူတို့လက်ခံကြ၍ အသင်းတော်များဖြစ်ပေါ်လာသည်။ ပေါလုသည် ဤသစ္စာရှိသူများအတွက် စိုးရိမ်ကြောင့်ကြခဲ့သည်။ (၂ ကောရိန္သု ၁၁:၂၈၊ ၂၉) သို့ရာတွင် သူ၏လုပ်ငန်းကြောင့် ခရီးဆက်လှည့်လည်ခဲ့ရသည်။ ထို့ကြောင့် ကောရိန္သုမြို့တွင် ၁၈ လတိုင်နေ၍ အုတ်မြစ်ချခဲ့ပြီးနောက် အခြားမြို့များတွင် ဟောပြောရန်ထွက်ခွာခဲ့သည်။ သို့တိုင် ထိုတွင်သူပြုခဲ့သည့်အလုပ်ကို အခြားသူများသည် မည်သို့ဆက်လုပ်ဆောင်ကြောင်း အလွန်စိတ်ဝင်စားခဲ့သည်။—တမန်တော် ၁၈:၈-၁၁; ၁ ကောရိန္သု ၃:၆။

၁၀၊ ၁၁။ (က) ခြားနားသောဆောက်လုပ်ရေးပစ္စည်းများကို ပေါလုမည်သို့နှိုင်းယှဉ်ပြခဲ့သနည်း။ (ခ) ရှေးကောရိန္သုမြို့တွင် မည်ကဲ့သို့သောအဆောက်အဦများ ရှိနိုင်ခဲ့သနည်း။ (ဂ) အဘယ်အဆောက်အဦမျိုးသည် ပို၍မီးခံနိုင်ပြီး ယင်းကခရစ်ယာန်တပည့်ဖြစ်စေသူများအတွက် အဘယ်ပစ္စည်းပြသင်ခန်းစာပေးသနည်း။

၁၀ ကောရိန္သုမြို့တွင် ပေါလုချခဲ့သောအုတ်မြစ်အပေါ် တည်ဆောက်နေကြသူတချို့သည် ကောင်းစွာအလုပ်မလုပ်ကြပုံရှိသည်။ ယင်းကိုဖော်ထုတ်ရန် ဆောက်လုပ်ရေးပစ္စည်းနှစ်မျိုးကို ပေါလုနှိုင်းယှဉ်ပြခဲ့သည်– တစ်မျိုးမှာ ရွှေ၊ ငွေနှင့် ကျောက်ကောင်းများဖြစ်၏; နောက်တစ်မျိုးမှာ သစ်သား၊ မြက်ပင်နှင့် ကောက်ရိုးတို့ဖြစ်သည်။ အဆောက်အဦတစ်ခုကို ကောင်းသောပစ္စည်းများ၊ တာရှည်ခံပစ္စည်းများ၊ မီးခံပစ္စည်းများဖြင့် ဆောက်လုပ်နိုင်သည်; သို့မဟုတ် တစ်ခါသုံးပစ္စည်းများ၊ ယာယီပစ္စည်းများနှင့် မီးလောင်လွယ်သောပစ္စည်းများကိုသုံးကာ အလျင်စလိုဆောက်လုပ်နိုင်သည်။ ကောရိန္သုမြို့ကဲ့သို့သောမြို့ကြီးတစ်မြို့တွင် ထိုသို့သောအဆောက်အဦနှစ်မျိုးစလုံးရှိမည်မှာ ယုံမှားဖွယ်မရှိချေ။ ထိုတွင် ဈေးကြီးသောကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထား၍ ရွှေငွေတို့ဖြင့်အလှဆင်ထားသည့် ခမ်းနားသောဘုရားကျောင်းကန်ကြီးများရှိခဲ့သည်။b ဤတာရှည်ခံသောအဆောက်အဦများသည် အကြမ်းထည်သစ်ဘောင်များနှင့် ကောက်ရိုးတို့ဖြင့်ဆောက်လုပ်ထားသော အနီးအနားရှိတဲများ၊ တဲကုပ်များ၊ ဈေးတန်းငယ်များနှင့်စာလျှင် အလွန်ခမ်းနားထည်ဝါခဲ့ပေမည်။

၁၁ ဤအဆောက်အဦများသည် မီးတွင်ဘာဖြစ်မည်နည်း။ အဖြေမှာ ပေါလုခေတ်တွင်ရော ကျွန်ုပ်တို့ခေတ်တွင်ပါထင်ရှား၏။ လွန်ခဲ့သော ဘီ.စီ.အီး. ၁၄၆ တွင်ရောမဗိုလ်ချုပ်မမ်မီးယပ်က ကောရိန္သုမြို့ကိုသိမ်းပိုက်ပြီး မီးရှို့ခဲ့သည်။ သစ်သား၊ မြက်ခြောက် သို့မဟုတ် ကောက်ရိုးအဆောက်အဦများစွာသည် လုံးလုံးပျက်စီးသွားခဲ့မည်မှာ မလွဲ။ ရွှေငွေတို့ဖြင့်မွမ်းမံထားသည့် ခိုင်မာသောကျောက်အိမ်များကောအသို့နည်း။ ဤအိမ်များတည်တံ့ခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။ ကောရိန္သုမြို့ရှိ ပေါလု၏သင်သားများသည် အဆိုပါကျောက်အိမ်များကို နေ့စဉ်ဖြတ်သွားခဲ့ကြပေမည်။ ၎င်းတို့၏အနီးအနားရှိ မီးမခံသော အခြားအိမ်များမူကား ဖြိုချခံခဲ့ရသည်မှာ ကြာမြင့်ခဲ့ပေပြီ။ ထို့ကြောင့် ပေါလုသည် လိုရင်းကိုထိထိမိမိဖော်ပြနိုင်ခဲ့သည်တကား! ကျွန်ုပ်တို့သည် သွန်သင်သောအခါ ဆောက်လုပ်သူများအဖြစ် ကိုယ့်ကိုယ်ကိုယူမှတ်ရန်လိုသည်။ အကောင်းဆုံး၊ တာရှည်အခံဆုံးပစ္စည်းများနှင့် ကျွန်ုပ်တို့ဆောက်လုပ်လိုကြ၏။ ဤနည်းဖြင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုသည် ပို၍တည်တံ့နိုင်ပေမည်။ ထိုတာရှည်ခံသောပစ္စည်းများကား အဘယ်အရာများနည်း၊ ယင်းတို့ကိုအသုံးပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။

သင့်လုပ်ဆောင်မှုသည် မီးခံမည်လော

၁၂။ ကောရိန္သုခရစ်ယာန်အချို့သည် အဘယ်နည်းများဖြင့် ဖြစ်ကတတ်ဆန်းဆောက်လုပ်ခဲ့ကြသနည်း။

၁၂ ကောရိန္သုမြို့ရှိခရစ်ယာန်တချို့သည် ကောင်းစွာဆောက်လုပ်မနေကြဟု ပေါလုယူမှတ်ခဲ့သည်မှာ ရှင်းနေသည်။ အဘယ်အရာမှားနေပါသနည်း။ ရှေ့နောက်စကားကဖော်ပြသကဲ့သို့ အသင်းတော်၏စည်းလုံးမှုကိုထိခိုက်စေသည့်အန္တရာယ်ရှိသော စိတ်ဝမ်းကွဲပြားမှု၊ လူ့ကိုယ်ရည်ကိုယ်သွေးကိုချီးမွမ်းမှုကပ်ဆိုက်နေသည်။ အချို့က “ငါသည် ပေါလုတပည့်ဖြစ်၏၊” အခြားသူတို့မူကား “ငါသည် အာပေါလုတပည့်ဖြစ်၏” ဟူ၍ဆိုနေကြသည်။ အချို့သူများသည် မိမိတို့၏ဉာဏ်ပညာကို အလွန်အထင်ကြီးနေကြကြောင်းထင်ရှားသည်။ သို့ဖြင့် ဇာတိအတွေးအခေါ်လက္ခဏာများ၊ ဝိညာဉ်ရေးမရင့်ကျက်မှုနှင့် “ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း” အနှံ့အပြားဖြစ်ပေါ်နေသည်မှာ အံ့ဩစရာမဟုတ်ချေ။ (၁ ကောရိန္သု ၁:၁၂; ၃:၁-၄၊ ၁၈) ဤသဘောထားများသည် အသင်းတော်နှင့် အမှုဆောင်ရာ၌ပေးသည့် သွန်သင်ခြင်းတွင်ထင်ဟပ်ခဲ့မည်မှာ မလွဲပေ။ ထို့ကြောင့် သူတို့၏တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် ဖြစ်ကတတ်ဆန်းဖြစ်ခဲ့ပြီး အပေါစားပစ္စည်းများနှင့်ဆောက်လုပ်သကဲ့သို့ဖြစ်နေ၏။ ယင်းသည် “မီး” ဒဏ်ကိုခံနိုင်လိမ့်မည်မဟုတ်ချေ။ ပေါလုသည် အဘယ်မီးအကြောင်းပြောနေသနည်း။

၁၃။ ပေါလု၏ဥပမာတွင် မီးသည်အဘယ်အရာကိုပုံဆောင်သနည်း။ ခရစ်ယာန်အားလုံး အဘယ်အရာကိုသတိပြုသင့်သနည်း။

၁၃ ကျွန်ုပ်တို့အားလုံး၏ဘဝအသက်တာတွင် လူတိုင်းသည် ယုံကြည်ခြင်းစမ်းသပ်မှုမီးဒဏ်ကို ခံကြရ၏။ (ယောဟန် ၁၅:၂၀; ယာကုပ် ၁:၂၊ ၃) အမှန်တရားကို ကျွန်ုပ်တို့သွန်သင်ပေးသောသူတိုင်းသည် အစစ်ခံရလိမ့်မည်ဟု ယနေ့ကျွန်ုပ်တို့သိဖို့လိုသကဲ့သို့ ကောရိန္သုမြို့ရှိခရစ်ယာန်များလည်းသိဖို့လိုခဲ့ကြသည်။ ကျွန်ုပ်သည် ညံ့ဖျင်းစွာသွန်သင်မည်ဆိုလျှင် ဝမ်းနည်းဖွယ်အကျိုးဆက်များဖြစ်လာနိုင်ပေသည်။ ပေါလုက ဤသို့သတိပေး၏– “ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍တည်ဆောက်သော အကြင်သူ၏အလုပ်သည် မြဲ၏။ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”c—၁ ကောရိန္သု ၃:၁၄၊ ၁၅။

၁၄။ (က) ခရစ်ယာန်တပည့်ဖြစ်စေသူများသည် မည်သို့ “အရှုံးခံ” ခဲ့ကြရသည့်တိုင် မီးမှလွတ်သကဲ့သို့ မည်သို့ကယ်တင်ခြင်းရရှိနိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် ဆုံးရှုံးမှုအန္တရာယ်ကိုမည်သို့နည်းစေနိုင်သနည်း။

၁၄ အလေးအနက်တွေးတောစရာစကားများပါတကား! တပည့်ဖြစ်လာစေရန် မိမိကြိုးစားပမ်းစားကူညီပေးခဲ့သူတစ်ဦးသည် သွေးဆောင်မှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုကိုအလျှော့ပေးပြီး နောက်ဆုံး အမှန်တရားလမ်းစွန့်လိုက်သည်ကိုမြင်ရခြင်းသည် အလွန်နာကျင်ဖွယ်ဖြစ်နိုင်သည်။ ယင်းသို့သောကိစ္စရပ်များတွင် ကျွန်ုပ်တို့ဆုံးရှုံးသည်ဟု ပေါလုပြောဆိုခြင်းက ဆုံးရှုံးမှုကြီးအဖြစ် သူအသိအမှတ်ပြုကြောင်းထင်ရှားသည်။ ထိုသို့တွေ့ကြုံရခြင်းသည် အလွန်နာကျင်စရာဖြစ်သဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ဥစ္စာအားလုံးမီးထဲပါသွားပြီး လူသာလွတ်ခဲ့သူအလား “မီးနှင့်လွတ်” ဘိသကဲ့သို့ဖော်ပြထားသည်။ ကျွန်ုပ်တို့ဘက်မှ ဆုံးရှုံးမှုအန္တရာယ်ကို မည်သို့နည်းစေနိုင်မည်နည်း။ တာရှည်ခံပစ္စည်းများဖြင့် တည်ဆောက်ပါလေ! ကျွန်ုပ်တို့သည် ကျမ်းစာသင်သားများ၏နှလုံးကိုထိမိရန် သွန်သင်ပြီး ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု၊ ယေဟောဝါအားကြောက်ရွံ့ခြင်းနှင့် စစ်မှန်သောယုံကြည်ခြင်းစသည့် အဖိုးမဖြတ်နိုင်သည့် ခရစ်ယာန်အရည်အသွေးများကို တန်ဖိုးထားကြရန်လှုံ့ဆော်ပေးမည်ဆိုလျှင် တာရှည်ခံသော မီးခံပစ္စည်းများဖြင့်ဆောက်လုပ်နေခြင်းဖြစ်သည်။ (ဆာလံ ၁၉:၉၊ ၁၀; သု. ၃:၁၃-၁၅; ၁ ပေတရု ၁:၆၊ ၇) ဤအရည်အသွေးများကိုမွေးမြူသူတို့သည် ဘုရားသခင့်အလိုတော်ကို ဆက်ဆောင်ရွက်ပါလိမ့်မည်; ထာဝစဉ်အသက်ရှင်ခြင်းသည် သူတို့၏သေချာသောမျှော်လင့်ချက်ဖြစ်သည်။ (၁ ယောဟန် ၂:၁၇) သို့သော် ပေါလု၏ဥပမာကို မည်သို့လက်တွေ့အသုံးချနိုင်မည်နည်း။ ဥပမာအချို့ကိုသုံးသပ်ကြည့်ပါ။

၁၅။ ကျမ်းစာသင်သားများနှင့်ပတ်သက်၍ တည်ဆောက်ခြင်းလုပ်ငန်းကို ဖြစ်ကတတ်ဆန်းမပြုလုပ်မိရန် အဘယ်နည်းများဖြင့်သေချာစေနိုင်မည်နည်း။

၁၅ ကျမ်းစာသင်သားများကိုသွန်သင်သောအခါ ကျွန်ုပ်တို့သည် ယေဟောဝါထက် လူကိုဘယ်တော့မျှမချီးမြှောက်သင့်ပေ။ ကျွန်ုပ်တို့၏ပန်းတိုင်သည် ဉာဏ်ပညာ၏ပင်မရင်းမြစ်အဖြစ် ကျွန်ုပ်တို့ကိုရှုမြင်စေရန်မဟုတ်ပါ။ လမ်းညွှန်မှုအတွက် ယေဟောဝါအားဖြစ်စေ၊ ကိုယ်တော်၏နှုတ်မြွက်စကားတော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းကို သူတို့အားမျှော်ကိုးစေလိုကြသည်။ ထိုသို့ဖြစ်စေရန် သူတို့၏မေးခွန်းများကို ကျွန်ုပ်တို့၏ကိုယ်ပိုင်အယူအဆများတင်ပြခြင်းဖြင့် ဖြေဆိုကြမည်မဟုတ်ပါ။ ယင်းအစား သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” စီမံပေးသော စာအုပ်စာတမ်းများကိုအသုံးပြုကာအဖြေရှာယူရန် သွန်သင်ပေးကြမည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) အလားတူအကြောင်းများကြောင့် ကျွန်ုပ်တို့သည် ကျမ်းစာသင်သားများအားမချုပ်ကိုင်မိရန် သတိထားကြရမည်။ အခြားသူများက ကျွန်ုပ်တို့၏သင်သားများကို စိတ်ဝင်စားကြောင်းဖော်ပြသောအခါ မခံမရပ်နိုင်ဖြစ်မည့်အစား သူတို့၏စုံမက်မှုကို “ကျယ်ဝန်း” စေရန်၊ အသင်းတော်ရှိသူ လူများစွာကိုသိကျွမ်းလေးမြတ်နိုင်သမျှကိုသိကျွမ်းလာရန်ကြိုးစားဖို့ အားပေးသင့်သည်။—၂ ကောရိန္သု ၆:၁၂၊ ၁၃။

၁၆။ အကြီးအကဲများသည် မီးခံပစ္စည်းများနှင့် မည်သို့တည်ဆောက်နိုင်မည်နည်း။

၁၆ ခရစ်ယာန်အကြီးအကဲများသည်လည်း တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အရေးပါသောကဏ္ဍမှပါဝင်ကြသည်။ အသင်းတော်ရှေ့ သွန်သင်ပေးရာတွင် မီးခံပစ္စည်းများနှင့်တည်ဆောက်ပေးရန် ရှာကြံကြသည်။ သူတို့၏သွန်သင်ခြင်းစွမ်းရည်၊ အတွေ့အကြုံနှင့် ဥပဓိရုပ်တို့သည် ကွဲပြားခြားနားမည်ဖြစ်သော်လည်း ဤမတူညီမှုများကိုအခွင့်အရေးယူကာ မိမိတို့၏တပည့်နောက်လိုက်များဖြစ်လာစေဖို့ကြိုးစားကြမည်မဟုတ်ပါ။ (တမန်တော် ၂၀:၂၉၊ ၃၀ နှိုင်းယှဉ်။) ကောရိန္သုမြို့၌ရှိသူအချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊ ငါသည် အာပေါလု၏တပည့်ဖြစ်၏’ ဟုအဘယ်ကြောင့်ဆိုခဲ့ကြကြောင်း ကျွန်ုပ်တို့အတိအကျမသိကြပါ။ သို့သော် အဆိုပါသစ္စာရှိအကြီးအကဲတစ်ဦးမျှသည် ထိုသို့သောစိတ်ဝမ်းကွဲမှုကို မြေတောင်မြှောက်ပေးခဲ့ကြမည်မဟုတ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ပေါလုသည် ထိုသို့သောသဘောထားများကြောင့် မြောက်မသွားခဲ့ပါ; ၎င်းတို့ကို သူအားကြိုးမာန်တက်ချေပခဲ့သည်။ (၁ ကောရိန္သု ၃:၅-၇) အလားတူ ယနေ့အကြီးအကဲများသည် “ဘုရားသခင်၏သိုးတော်စု” ကိုထိန်းကျောင်းနေကြောင်း စိတ်စွဲမှတ်ထားကြသည်။ (၁ ပေတရု ၅:၂) အဘယ်လူသားကမျှယင်းကိုမပိုင်ပါ။ ထို့ကြောင့် အကြီးအကဲများသည် သိုးတော်စုကိုဖြစ်စေ၊ အကြီးအကဲအဖွဲ့ကိုဖြစ်စေ လူတစ်ဦးလွှမ်းမိုးရန် အဘယ်စိတ်တိမ်းညွတ်မှုကိုမဆို အခိုင်အမာဆန့်ကျင်ကြသည်။ အကြီးအကဲများသည် အသင်းတော်၏အကျိုးကိုဆောင်ရန်၊ နှလုံးများကိုထိမိရန်နှင့် သိုးများကို စိုးလ်အပြည့်ဖြင့် ယေဟောဝါအမှုတော်ဆောင်စေရန် ကူညီပေးလိုသော နှိမ့်ချသည့်သဘော၏လှုံ့ဆော်မှုခံနေရသ၍ သူတို့သည် မီးခံပစ္စည်းများဖြင့်တည်ဆောက်နေကြသည်။

၁၇။ ခရစ်ယာန်မိဘများသည် မီးခံပစ္စည်းများနှင့် မည်သို့ကြိုးစားတည်ဆောက်ကြသနည်း။

၁၇ ခရစ်ယာန်မိဘများသည်လည်း ဤကိစ္စကို အရေးတကြီးထားကြသည်။ သူတို့၏သားသမီးများကို ထာဝစဉ်အသက်ရှင်စေလိုကြ၍တည်း! ယင်းကြောင့် သူတို့သားသမီးများ၏နှလုံးထဲတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်မှမူများ “စွဲမှတ်နေစေ” ရန်အလွန်ကြိုးစားကြသည်။ (တရားဟောရာ ၆:၆၊ ၇၊ ကဘ) သူတို့သည် အမှန်တရားကို ဥပဒေစုတစ်ခု သို့မဟုတ် အချက်အလက်များထပ်တလဲလဲဖော်ပြခြင်းအဖြစ်မျှမဟုတ်ဘဲ ပြည့်ဝစုံလင်ပြီး အကျိုးဖြစ်ထွန်း၊ ပျော်ရွှင်သောဘဝလမ်းစဉ်တစ်ခုအဖြစ် သားသမီးများအားသိစေလိုကြသည်။ (၁ တိမောသေ ၁:၁၁) ခရစ်တော်၏သစ္စာရှိတပည့်တော်များဖြစ်လာစေရန် သားသမီးများကိုတည်ဆောက်ပေးရာတွင် မေတ္တာရှိသောမိဘများသည် မီးခံပစ္စည်းများကိုအသုံးပြုဖို့ကြိုးစားကြသည်။ သားသမီးများကို စိတ်ရှည်လက်ရှည်ကူညီပေးကြရာတွင် သူတို့၏စိတ်ရှည်စွာလုပ်ဆောင်မှုက ယေဟောဝါရွံမုန်းသောအရည်အချင်းများကိုဖယ်ရှားပစ်စေပြီး ကိုယ်တော်နှစ်သက်သောအရည်အချင်းများကိုပြုစုပျိုးထောင်စေရန် ထောက်ကူပေးကြသည်။—ဂလာတိ ၅:၂၂၊ ၂၃။

မည်သူတာဝန်ရှိသနည်း

၁၈။ တပည့်တစ်ဦးသည် ကျန်းခံ့သောသွန်သင်ခြင်းကိုငြင်းပယ်သောအခါ ထိုသူအားကြိုးစား၍သွန်သင်လေ့ကျင့်ပေးသူခဲ့များ၏အပြစ် အဘယ်ကြောင့်မဟုတ်နိုင်သနည်း။

၁၈ ဤဆွေးနွေးချက်က အရေးကြီးသောမေးခွန်းတစ်ခုကိုပေါ်ပေါက်စေသည်။ ကျွန်ုပ်တို့ကြိုးစား၍ကူညီပေးခဲ့သူတစ်စုံတစ်ယောက်သည် အမှန်တရားလမ်းမှလွဲသွားမည်ဆိုလျှင် ကျွန်ုပ်တို့သည် သွန်သင်သူများအဖြစ်တာဝန်မကျေ၊ အပေါစားပစ္စည်းများနှင့်တည်ဆောက်ခဲ့သည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်ရန် ကြီးမားသောတာဝန်တစ်ခုဖြစ်ကြောင်း ပေါလု၏စကားက အမှန်ပင်သတိရစေပါသည်။ ကျွန်ုပ်တို့အတတ်နိုင်ဆုံး ကောင်းစွာတည်ဆောက်လိုကြသည်။ သို့သော် ကျွန်ုပ်တို့ကူညီပေးခဲ့သူများသည် အမှန်တရားလမ်းမှသွေဖည်သွားသောအခါ ကျွန်ုပ်တို့ကြောင့်ဖြစ်သည့်အတွက် အပြစ်ကြီးသည်ဟုခံစားနေကြရမည်ဟု ဘုရားသခင်၏နှုတ်မြွက်စကားတော်က ဆိုလိုနေခြင်းမဟုတ်ပါ။ ဆောက်လုပ်သူများအဖြစ် ကျွန်ုပ်တို့၏ကဏ္ဍအပြင် အခြားထည့်စဉ်းစားစရာအရာများရှိသေးသည်။ ဥပမာ၊ ဤဆောက်လုပ်ခြင်းလုပ်ငန်းတွင် လုပ်ဆောင်မှုညံ့ဖျင်းခဲ့သူနှင့်ပတ်သက်၍ ပေါလုပြောခဲ့သောစကားကိုသတိပြုပါ– “ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း . . . သူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (၁ ကောရိန္သု ၃:၁၅) နောက်ဆုံး ဤသူသည် ကယ်တင်ခြင်းရပြီး သင်သား၌ရှိစေရန် သူကြိုးစားတည်ဆောက်ပေးခဲ့သော ခရစ်ယာန်ဥပဓိရုပ်သည် မီးကဲ့သို့သောစမ်းသပ်မှုကြောင့် ပုံဆောင်သဘောအရ “ကျွမ်းလောင်” ခဲ့မည်ဆိုလျှင် မည်သို့ကောက်ချက်ချရမည်နည်း။ သင်သားသည် သစ္စာရှိသောလမ်းစဉ်ကိုလိုက်မလိုက် သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အတွက် သူသာတာဝန်ယူရမည်ဟု ယေဟောဝါအဓိကယူမှတ်သည်မှာ သေချာပါသည်။

၁၉။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကိုသုံးသပ်ကြမည်နည်း။

၁၉ ကိုယ်တိုင် သို့မဟုတ် တစ်ယောက်စီ တာဝန်ယူခြင်းကိစ္စသည် အလွန်အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီနှင့်ဆိုင်သည်။ ယင်းကိစ္စကို သမ္မာကျမ်းစာက မည်သို့သတ်သတ်မှတ်မှတ်သွန်သင်သနည်း။ ၎င်းကို နောက်ဆောင်းပါးတွင်သုံးသပ်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ‘မြေကြီးအုတ်မြစ်’ ဟူသည် ကောင်းကင်ကိုယ်ထည်အားလုံးကိုအခိုင်အမာတည်ရှိစေသော သဘာဝစွမ်းအားများကို ဆိုလိုနေခြင်းဖြစ်ပေမည်။ ထို့အပြင် မြေကြီးကိုယ်နှိုက်သည် ဘယ်တော့မျှ “မရွေ့မလှုပ်” ရန် သို့မဟုတ် ပျက်စီးမသွားစေရန် ဖန်ဆင်းခံခဲ့ရသည်။—ဆာလံ ၁၀၄:၅။

b “ကျောက်ကောင်းများ” ဟုပေါလုဆိုရာ၌ စိန်၊ ပတ္တမြားစသည့်ကျောက်မြတ်ရတနာများကိုဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းတို့သည် စကျင်ကျောက်၊ သလင်းကျောက် သို့မဟုတ် လိပ်သည်းကျောက်စသော အဖိုးတန်ဆောက်လုပ်ရေးကျောက်များဖြစ်နိုင်သည်။

c ဆောက်လုပ်သူမဟုတ်၊ ဆောက်လုပ်သူ၏ “အလုပ်” သည်ကယ်တင်ခံရမည်၊ မခံရမည်ကို ပေါလုသံသယရှိစေခဲ့သည်။ ခေတ်သစ်အင်္ဂလိပ်ကျမ်းစာက ဤအခန်းငယ်ကို ဤသို့ပြန်ဆိုသည်– “လူတစ်ဦး၏အိမ်တည်လျှင် သူသည်ဆုချခံရလိမ့်မည်; ကျွမ်းလောင်လျှင် အရှုံးခံရလိမ့်မည်; သို့သော်လည်း၊ ထိုသူသည် မီးဘေးမှလွတ်သကဲ့သို့ အသက်ချမ်းသာရလိမ့်မည်။”

သင်မည်သို့ဖြေဆိုမည်နည်း

◻ စစ်မှန်သောခရစ်ယာန်တစ်ဦး၌ “အုတ်မြစ်” ကားအဘယ်နည်း။ ယင်းကိုမည်သို့ချထားသနည်း။

◻ ခြားနားသောအဆောက်အဦပစ္စည်းအမျိုးအစားများမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်မည်နည်း။

◻ “မီး” သည်အဘယ်အရာကိုပုံဆောင်သနည်း။ ယင်းကြောင့်အချို့မည်သို့ “အရှုံးခံ” ကြရမည်နည်း။

◻ သမ္မာကျမ်းစာသွန်သင်သူများ၊ အကြီးအကဲများနှင့် မိဘများသည် မီးခံပစ္စည်းများနှင့် မည်သို့တည်ဆောက်ကြမည်နည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ရှေးခေတ်ကမြို့များစွာတွင် မီးခံကျောက်အဆောက်အဦများနှင့် ချိနဲ့သောအဆောက်အဦများယှဉ်၍ရှိခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ