ဘုရားသခင်၏ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်မည်လော
‘ငါတို့သည် မှန်ကဲ့သို့ သခင်ဘုရား၏ဘုန်းအသရေတော်ကို’ ရောင်ပြန်ဟပ်ကြ၏။—၂ ကောရိန္သု ၃:၁၈။
၁။ အဘယ်အရာကို မောရှေမြင်ခဲ့ပြီး အဘယ်အရာ ဆက်ဖြစ်ပျက်ခဲ့သနည်း။
ယင်းသည် အဘယ်သူမျှ မကြုံဖူးခဲ့သော အံ့မခန်းဖွယ်အဖြစ်ဆုံး စိတ်အာရုံတစ်ခုဖြစ်၏။ သိနာတောင်ပေါ်တွင် မောရှေတစ်ဦးတည်းရှိစဉ် ထူးခြားသောတောင်းဆိုမှုတစ်ခုကို ပြုလိုက်ရာ အဘယ်သူမျှ မတွေ့ဖူးခဲ့သည့် ယေဟောဝါ၏ဘုန်းတော်ကို သူမြင်ခွင့်ရခဲ့၏။ ယေဟောဝါကို သူ တိုက်ရိုက် မတွေ့ခဲ့ချေ။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်သည် ဘုန်းကျက်သရေနှင့် ပြည့်ဝလွန်းလှရာ ကိုယ်တော်ကိုမြင်ရလျှင် အသက်ရှင်နိုင်သောသူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ယေဟောဝါသည် မောရှေရှေ့ ကြွသွားစဉ် သူ့ကိုကာကွယ်ပေးသည့်အနေနှင့် ကောင်းကင်တမန်တစ်ပါး “လက်” ဖြင့် ဖုံးအုပ်ထားစေ၏။ သည့်နောက် ယေဟောဝါ၏သန့်ရှင်းမြင့်မြတ်သော ဘုန်းတော်အလင်းကို မောရှေအား တွေ့ မြင်စေလေသည်။ ထို့ပြင် ကောင်းကင်တမန်တစ်ပါးအားဖြင့် မောရှေနှင့် ယေဟောဝါစကားပြောဆိုခဲ့၏။ ၎င်းနောက် အဘယ်သို့ဖြစ်ပျက်ခဲ့သည်ကို သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “မောရှေသည် . . . သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ မိမိနှင့် ဘုရားသခင် [“ယေဟောဝါ၊” ကဘ] နှုတ်ဆက်တော်မူသောကြောင့် မိမိမျက်နှာအရေ ထွန်းပ” နေ၏။—ထွက်မြောက်ရာ ၃၃:၁၈–၃၄:၇၊ ၂၉။
၂။ တမန်တော်ပေါလုသည် ခရစ်ယာန်များ ရောင်ပြန်ဟပ်ကြသည့် ဘုန်းတော်အကြောင်း အဘယ်သို့ရေးသားခဲ့သနည်း။
၂ ထိုတောင်ပေါ်တွင် မောရှေနှင့်အတူ သင်ရှိနေသည် ဆိုပါစို့။ အတိုင်းအဆမဲ့တန်ခိုးရှင်၏ တဖိတ်ဖိတ်တောက်ပနေသည့် ဘုန်းတန်ခိုးတော်ကို မြင်လိုက်ရခြင်း၊ ကိုယ်တော်၏စကားတော်ကို ကြားနာလိုက်ရခြင်းသည် မည်မျှပီတိဖြာစရာ ကောင်းလိုက်မည်တကား။ ပညတ်ပဋိညာဉ်၏ ဖျန်ဖြေစေ့စပ်ရေးမှူး မောရှေနှင့်အတူ သိနာတောင်ပေါ်မှ ဆင်းလာရခြင်းသည် အခွင့်ထူးလိုက်မည်ဖြစ်ခြင်း။ သို့သော် စစ်မှန်သောခရစ်ယာန်များသည် တစ်နည်းတစ်လမ်းအားဖြင့် ဘုရားသခင့်ဘုန်းတော်ကို မောရှေရောင်ပြန်ဟပ်ခဲ့သည်ထက်ပင် သာ၍ရောင်ပြန်ဟပ်ကြကြောင်း သင်သိပါသလော။ စဉ်းစားမှုကိုလှုံ့ဆော်ပေးသည့် အဆိုပါအဖြစ်မှန်ကို တမန်တော်ပေါလု ရေးသားခဲ့သည့် စာတစ်စောင်တွင် တွေ့ရှိရ၏။ ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် ယေဟောဝါ၏ဘုန်းတော်ကို ကြေးမုံများကဲ့သို့ ရောင်ပြန်ဟပ်ကြ၏ဟု သူရေးသားခဲ့သည်။ (၂ ကောရိန္သု ၃:၇၊ ၈၊ ၁၈) မြေကြီးမျှော်လင့်ချက်ရှိ ခရစ်ယာန်များသည်လည်း ဘုရားသခင်၏ဘုန်းတော်ကို တစ်နည်းအားဖြင့် ရောင်ပြန်ဟပ်ကြသည်။
ဘုရားသခင့်ဘုန်းတော်ကို ခရစ်ယာန်များ ရောင်ပြန်ဟပ်ကြပုံ
၃။ မောရှေမသိရှိနိုင်ခဲ့သည့် နည်းများဖြင့် ယေဟောဝါအား ကျွန်ုပ်တို့ မည်သို့သိကျွမ်းလာရသနည်း။
၃ ဘုရားသခင့်ဘုန်းတော်ကို ကျွန်ုပ်တို့ မည်သို့ရောင်ပြန်ဟပ်နိုင်ကြသနည်း။ မောရှေကဲ့သို့ ကျွန်ုပ်တို့တစ်ယောက်မျှ ယေဟောဝါအား မြင်ခဲ့ခြင်း၊ အသံတော်ကို ကြားခဲ့ရခြင်းမရှိချေ။ သို့ရာတွင် မောရှေမရခဲ့သည့် နည်းများစွာဖြင့် ယေဟောဝါအား ကျွန်ုပ်တို့သိကျွမ်းလာခဲ့ရ၏။ ယေရှုသည် မောရှေသေဆုံးပြီးနောက် အနှစ် ၁,၅၀၀ နီးပါးကြာမှ မေရှိယအဖြစ် ပေါ်ထွန်းခဲ့သည်။ ထို့ကြောင့် အပြစ်နှင့်သေခြင်းတို့၏ ဖိစီးမှုဒဏ်ခံနေရသော လူသားတို့ကိုကယ်တင်ဖို့ အသေခံခဲ့သည့် ယေရှု၌ ပညတ်တရား မည်သို့ပြည့်စုံလာမည်ကို မောရှေမသိနိုင်ခဲ့ချေ။ (ရောမ ၅:၂၀၊ ၂၁; ဂလာတိ ၃:၁၉) ထို့ပြင် ယေဟောဝါ၏အံ့ချီးဖွယ် ရည်ရွယ်တော်မူချက်ဖြစ်သည့် မေရှိယနိုင်ငံတော်နှင့် ယင်းက ဆောင်ကြဉ်းပေးမည့် မြေကြီးပရဒိသုကို အနည်းအကျဉ်းသာ မောရှေနားလည်ခဲ့ရ၏။ ကျွန်ုပ်တို့မူကား ယေဟောဝါ၏ဘုန်းတော်ကို ပကတိမျက်စိဖြင့်မဟုတ်ဘဲ ကျမ်းစာသွန်သင်ချက်များအပေါ် အခြေပြုထားသည့် ယုံကြည်ခြင်းမျက်စိဖြင့် တွေ့သိကြရသည်။ ထို့ပြင် ယေဟောဝါ၏အသံတော်ကို ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့်မဟုတ်ဘဲ သမ္မာကျမ်းစာ၊ အထူးသဖြင့် ယေရှု၏ဓမ္မအမှုနှင့် သွန်သင်ချက်များကို ထူးကဲပြောင်မြောက်စွာ ဖော်ကျူးထားသည့် ခရစ်ဝင်ကျမ်းများအားဖြင့် ကြားသိခဲ့ရကြ၏။
၄။ (က) ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် ဘုရားသခင့်ဘုန်းတော်ကို မည်သို့ရောင်ပြန်ဟပ်ကြသနည်း။ (ခ) မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် အဘယ်နည်းများဖြင့် ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်နိုင်ကြသနည်း။
၄ ခရစ်ယာန်များသည် ဘုရားသခင့်ဘုန်းတော်ကို မိမိတို့၏မျက်နှာမှ ထွန်းပသည့် ရောင်ခြည်များဖြင့် ရောင်ပြန်မဟပ်ကြသော်လည်း ဘုန်းထွန်းတောက်သော ယေဟောဝါ၏ကိုယ်ရည်ကိုယ်သွေးနှင့် ရည်ရွယ်တော်မူချက်များအကြောင်း သူတစ်ပါးကို ပြောပြကြသည့်အခါ သူတို့မျက်နှာများ ပြုံးရွှင်ကာ တောက်ပနေ၏။ ကျွန်ုပ်တို့ခေတ်ရှိ ဘုရားသခင့်လူမျိုးသည် “တစ်ပါးအမျိုးသားတို့တွင် [ယေဟောဝါ] ၏ဘုန်းကို ဟောပြောကြလိမ့်မည်” ဟု ပရောဖက်ဟေရှာယ ကြိုဟောခဲ့သည်။ (ဟေရှာယ ၆၆:၁၉) ထို့ပြင် ၂ ကောရိန္သု ၄:၁၊ ၂ ကလည်း ဤသို့ဆို၏– “ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍ . . . ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သောအမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏နှုတ် [မြွက်] တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ [အမှန်] တရားကို အတည့်အလင်းဖော်ပြ၍ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏စိတ်ထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။” ပေါလုသည် “ပဋိညာဉ်တရားသစ်၏” အမှုတော်ဆောင်များဖြစ်ကြသည့် ဝိညာဉ်တော်ဖွား ခရစ်ယာန်များကို အထူးရည်ညွှန်းနေခြင်းဖြစ်သည်။ (၂ ကောရိန္သု ၃:၆) သို့သော် သူတို့၏ခရစ်ယာန်ဓမ္မအမှုသည် မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ကြသည့် မရေမတွက်နိုင်အောင် များပြားလှသော လူတို့အပေါ်လည်း အကျိုးသက်ရောက်ခဲ့ပြီ။ အုပ်စုနှစ်စုစလုံး၏ ခရစ်ယာန်ဓမ္မအမှုတွင် ယေဟောဝါ၏ဘုန်းတော်ကို ၎င်းတို့၏သွန်သင်ချက်ဖြင့်သာမက ၎င်းတို့၏လုပ်ရပ်များဖြင့်လည်း ရောင်ပြန်ဟပ်ခြင်းပါဝင်သည်။ အမြင့်မြတ်ဆုံးဘုရားသခင်၏ ဘုန်းတော်ကို ရောင်ပြန်ဟပ်ရမည့်တာဝန် ရထားခြင်းသည် အခွင့်ထူးလိုက်လေခြင်း။
၅။ ကျွန်ုပ်တို့၏ဝိညာဉ်ရေး ကြွယ်ဝမှုက အဘယ်အရာကို သက်သေထူသနည်း။
၅ ယနေ့ ဘုန်းကျက်သရေရှိ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယေရှုကြိုဟောထားသည့်အတိုင်း လောကနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောပြောလျက်ရှိသည်။ (မဿဲ ၂၄:၁၄) အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်အပေါင်းမှ လူတို့သည် သတင်းကောင်းကို စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့ကြကာ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ရန် ၎င်းတို့၏ဘဝအသက်တာကို ပြုပြင်ပြောင်းလဲခဲ့ကြပြီ။ (ရောမ ၁၂:၂; ဗျာ. ၇:၉) အစောပိုင်းခရစ်ယာန်များနည်းတူ သူတို့ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲ မနေနိုင်ကြချေ။ (တမန်တော် ၄:၂၀) လူ့သမိုင်းတွင် တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် လူခြောက်သန်းကျော်သည် ဘုရားသခင့်ဘုန်းတော်ကို ယနေ့ ရောင်ပြန်ဟပ်နေကြ၏။ အသင်လည်း ထိုသူတို့တွင် ပါဝင်သလော။ ယေဟောဝါ၏ကောင်းချီးနှင့် ကာကွယ်မှုကို ဘုရားသခင့်လူမျိုး ရရှိထားကြောင်း သူတို့၏ဝိညာဉ်ရေး ကြွယ်ဝမှုက သက်သေထူသည်။ ကျွန်ုပ်တို့ကို နတ်ဆိုးများ တိုက်ခိုက်နေသည့်ကြားမှ ထိုသို့ဖြစ်နေခြင်းက ကျွန်ုပ်တို့အပေါ် ယေဟောဝါ၏ဝိညာဉ်တော် သက်ရောက်နေကြောင်း သာ၍ပင်ထင်ရှား၏။ ထိုသို့အဘယ်ကြောင့်ဖြစ်ကြောင်း ယခု ကြည့်ကြစို့။
ဘုရားသခင့်လူမျိုးကို နှုတ်ပိတ်၍မရ
၆။ ယေဟောဝါဘက်ရပ်တည်ရန် ယုံကြည်ခြင်းနှင့်သတ္တိ အဘယ်ကြောင့်ရှိဖို့လိုသနည်း။
၆ သင်သည် တရားရုံးတွင် ရက်စက်သည့် ရာဇဝတ်သားတစ်ဖက် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခံရသည် ဆိုပါစို့။ အဆိုပါရာဇဝတ်သား၏ဂိုဏ်းသည် အင်အားကြီးမားသည့်အပြင် သူ၏အပြစ်ကို သင်မဖော်ထုတ်ရန် ရှိရှိသမျှနည်းလမ်း အကုန်ထုတ်သုံးမည်ဖြစ်ကြောင်း သင်သိရှိထား၏။ အဆိုပါရာဇဝတ်သားတစ်ဖက် သင်သက်သေထွက်ဆိုရန် သင့်မှာ သတ္တိရှိဖို့လိုမည့်အပြင် အာဏာပိုင်များက သင့်ကိုကာကွယ်ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချမှု အပြည့်ရှိရပေမည်။ ကျွန်ုပ်တို့သည် ထပ်တူအခြေအနေမျိုးတွင် ရှိနေကြ၏။ ယေဟောဝါနှင့် ကိုယ်တော်၏ ရည်ရွယ်တော်မူချက်များအကြောင်း ကျွန်ုပ်တို့သက်သေခံကြရာတွင် စာတန်တစ်ဖက် သက်သေထွက်ဆိုနေကြ၏၊ သူသည် လူ့အသက်ကိုသတ်သောသူ၊ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြားသော မုသာကောင်ဖြစ်ကြောင်း ဖော်ထုတ်ကြ၏။ (ယောဟန် ၈:၄၄; ဗျာ. ၁၂:၈၊ ၉) ယေဟောဝါဘက်ရပ်တည်ပြီး စာတန်ကိုဆန့်ကျင်နိုင်ဖို့ ကျွန်ုပ်တို့တွင် ယုံကြည်ခြင်းနှင့် သတ္တိပါရှိဖို့လိုသည်။
၇။ စာတန်၏သြဇာ အဘယ်မျှလောက်ကြီးမားသနည်း၊ အဘယ်အရာကို သူကြိုးစားလုပ်ဆောင်နေသနည်း။
၇ ယေဟောဝါသည် အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်သည် စာတန်ထက် အတိုင်းထက်အလွန် သာလွန်ပေသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို တည်ကြည်စွာ ထမ်းဆောင်ကြသည့်အခါ ကျွန်ုပ်တို့အား ကိုယ်တော်ကာကွယ်ပေးနိုင်စွမ်း ရှိရုံမက ကာကွယ်ပေးလိုတော်မူကြောင်း ယုံကြည်စိတ်ချနိုင်ကြ၏။ (၂ ရာဇဝင်ချုပ် ၁၆:၉) သို့ဖြစ်လင့်ကစား စာတန်သည် နတ်ဆိုးများနှင့် ဘုရားသခင်ထံတော်မှ ကင်းကွာနေသည့် လူ့လောကကို စိုးမိုးခြယ်လှယ်နေ၏။ (မဿဲ ၁၂:၂၄၊ ၂၆; ယောဟန် ၁၄:၃၀) မြေကြီးဝန်းကျင်တွင် ခြေချုပ်မိနေသဖြင့် ‘ပြင်းစွာအမျက်’ ထွက်နေသော စာတန်သည် ယေဟောဝါ၏ကျေးကျွန်များကို အပြင်းအထန် အတိုက်အခံပြုကာ သူထိန်းချုပ်ထားသည့် လောကကိုအသုံးပြု၍ သတင်းကောင်းဟောပြောသူ မှန်သမျှ၏နှုတ်ကို ကြိုးစားလိုက်ပိတ်နေ၏။ (ဗျာ. ၁၂:၇-၉၊ ၁၂၊ ၁၇) ယင်းကို သူအဘယ်သို့လုပ်ဆောင်သနည်း။ အနည်းဆုံး နည်းသုံးနည်းဖြင့် လုပ်ဆောင်နေပါသည်။
၈၊ ၉။ စာတန်သည် လွဲမှားသောမေတ္တာကို မည်သို့အသုံးပြုသနည်း၊ ကျွန်ုပ်တို့၏အပေါင်းအသင်းကို အဘယ်ကြောင့် ဂရုတစိုက်ရွေးချယ်သင့်သနည်း။
၈ ကျွန်ုပ်တို့စိတ်ပျံ့လွင့်သွားစေရန် စာတန် ကြိုးစားအသုံးပြုသည့် နည်းတစ်နည်းမှာ စိုးရိမ်ပူပန်မှုများအားဖြင့်ဖြစ်၏။ ဤနောက်ဆုံးကာလတွင် လူတို့သည် ငွေကိုတပ်မက်သူများ၊ ကိုယ့်ကိုယ်ကိုချစ်သောသူများ၊ အပျော်အပါးလိုက်စားသူများဖြစ်ကြကာ ဘုရားသခင်ကို ချစ်မြတ်နိုးသူများ မဟုတ်ကြချေ။ (၂ တိမောသေ ၃:၁-၄) လူအများစုသည် နေ့စဉ်ဘဝ၏ကိစ္စရပ်များတွင် အာရုံနစ်မြုပ်နေကြသဖြင့် ကျွန်ုပ်တို့ယူဆောင်လာသည့် သတင်းကောင်းကို ဂရုမစိုက်အားလောက်အောင် “သတိမဲ့နေကြ” ၏။ သမ္မာကျမ်းစာအမှန်တရားကို သူတို့ လုံးဝစိတ်မဝင်စားကြပါ။ (မဿဲ ၂၄:၃၇-၃၉) အဆိုပါသဘောထားသည် ကူးစက်လွယ်၏၊ ဝိညာဉ်ရေး ထိုင်းမှိုင်းလေးကန်သည့် အခြေအနေသို့ ကျရောက်သွားစေနိုင်၏။ ရုပ်ပစ္စည်းများနှင့် ဘဝ၏ပျော်ပါးရာများကို ကျွန်ုပ်တို့ ချစ်မြတ်နိုးတတ်လာကြမည်ဆိုလျှင် ဘုရားသခင်အားချစ်သည့်မေတ္တာ အေးတိအေးစက် ဖြစ်သွားပေလိမ့်မည်။—မဿဲ ၂၄:၁၂။
၉ ထို့ကြောင့် ခရစ်ယာန်များသည် အပေါင်းအသင်းများကို ဂရုတစိုက် ရွေးချယ်ပေါင်းသင်းကြ၏။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဟု ဘုရင်ရှောလမုန် ရေးသားခဲ့သည်။ (သု. ၁၃:၂၀) ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်သူတို့နှင့် “ပေါင်းဖော်” နိုင်ကြပါစေ။ ယင်းသည် အမှန်ပင် နှစ်သက်ဖွယ်ကောင်းလိုက်လေခြင်း။ အစည်းအဝေးများနှင့် အခြားအချိန်တို့တွင် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများနှင့် အတူတကွစုရုံးကြသည့်အခါ သူတို့၏မေတ္တာ၊ ယုံကြည်ခြင်း၊ ရွှင်လန်းဝမ်းမြောက်မှုနှင့် ဉာဏ်ပညာတို့မှ အားပေးတည်ဆောက်မှုရကြ၏။ အဆိုပါပေါင်းသင်းမှုက ခရစ်ယာန်ဓမ္မအမှုကို စွဲစွဲမြဲမြဲ ထမ်းဆောင်ပါမည်ဟူသော ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို ခိုင်မာစေ၏။
၁၀။ စာတန်သည် ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်သူတို့အား အဘယ်နည်းများဖြင့် ပြောင်လှောင်ခဲ့သနည်း။
၁၀ ဘုရားသခင့်ဘုန်းတော်ကို ခရစ်ယာန်အားလုံး ရောင်ပြန်မဟပ်တော့ရန် စာတန်ကြိုးစားအသုံးပြုသည့် ဒုတိယနည်းလမ်းမှာ ပြောင်လှောင်ခြင်းဖြစ်၏။ ဤနည်းဗျူဟာကို ကျွန်ုပ်တို့မအံ့သြသင့်ပေ။ မြေကြီးပေါ်တွင် ယေရှုဓမ္မအမှုဆောင်စဉ်က ပြက်ရယ်ပြုခံခဲ့ရ၏၊ သရော်ခံခဲ့ရ၏၊ မထီမဲ့မြင်ပြုခံခဲ့ရ၏၊ အစော်ကားခံခဲ့ရပြီး တံတွေးထွေးခြင်းပင် ခံခဲ့ရ၏။ (မာကု ၅:၄၀; လုကာ ၁၆:၁၄; ၁၈:၃၂) အစောပိုင်းခရစ်ယာန်များသည်လည်း လူအများပြောင်လှောင်စရာ ဖြစ်ခဲ့ရ၏။ (တမန်တော် ၂:၁၃; ၁၇:၃၂) မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များသည် အလားတူ မတော်မတရားပြုမှုကို ရင်ဆိုင်ကြရ၏။ တမန်တော်ပေတရုအဆိုအရ သူတို့ကို ပရောဖက်အတုအယောင်များဟူ၍ပင် သတ်မှတ်ကြပေမည်။ “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍၊ ‘သခင်ဘုရားကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ . . . ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်” ဟုပေတရု ကြိုဟောခဲ့သည်။ (၂ ပေတရု ၃:၃၊ ၄) ဘုရားသခင့်လူမျိုးသည် လက်တွေ့မကျသူများဟု ကဲ့ရဲ့ခံခဲ့ရ၏။ သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားစံနှုန်းများသည် ခေတ်နောက်ကျသည်ဟု ရှုမြင်ကြ၏။ ကျွန်ုပ်တို့ဟောပြောကြသည့် သတင်းတရားသည် လူအများစုအတွက် မိုက်သောတရားဖြစ်၏။ (၁ ကောရိန္သု ၁:၁၈၊ ၁၉) ခရစ်ယာန်များဖြစ်ကြသော ကျွန်ုပ်တို့သည် ကျောင်းတွင်၊ အလုပ်ခွင်တွင်၊ တစ်ခါတစ်ရံ မိသားစုအတွင်း၌ပင် ဝိုင်းလှောင်ခံရကြ၏။ သို့ဖြစ်စေကာမူ ဘုရားသခင့်စကားတော်သည် အမှန်တရားဖြစ်ကြောင်း ယေရှု အသိအမှတ်ပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ဟောပြောခြင်းအားဖြင့် ဘုရားသခင့်ဘုန်းတော်ကို စိတ်မပျက်ဘဲ ဆက်၍ရောင်ပြန်ဟပ်ကြသည်။—ယောဟန် ၁၇:၁၇။
၁၁။ ခရစ်ယာန်များ မဟောပြောကြရန် နှိပ်စက်ညှဉ်းပန်းမှုကို စာတန် မည်သို့အသုံးပြုခဲ့သနည်း။
၁၁ ကျွန်ုပ်တို့မဟောမပြောရန် စာတန်ကြိုးစားအသုံးပြုသည့် တတိယနည်းမှာ အတိုက်အခံပြုခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းဖြစ်၏။ မိမိ၏နောက်လိုက်များအား ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “လူများတို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။” (မဿဲ ၂၄:၉) ယေဟောဝါ၏သက်သေများသည် ကမ္ဘာ့ဒေသအသီးသီး၌ အမှန်ပင် ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရပြီ။ ဘုရားသခင်၏အမှုတော်ဆောင်များနှင့် စာတန့်အမှုဆောင်တို့ကြား မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း ရှိလိမ့်မည်ဟု ရှေးအချိန်ကတည်းက ယေဟောဝါ ကြိုတင်မိန့်ကြားခဲ့ကြောင်း ကျွန်ုပ်တို့သိရှိကြ၏။ (ကမ္ဘာဦး ၃:၁၅) ကျွန်ုပ်တို့ စမ်းသပ်ခံရသည့်အခါ တည်ကြည်ကြခြင်းအားဖြင့်လည်း ယေဟောဝါသာ စကြဝဠာကို ပိုင်သအုပ်စိုးထိုက်သည်ဟု ထောက်ခံပြောဆိုကြသည်။ ယင်းကို သိရှိထားခြင်းက အဆိုးရွားဆုံး အခြေအနေများတွင်ပင် ကျွန်ုပ်တို့အား ကြံ့ခိုင်စေပါလိမ့်မည်။ ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ဖို့ ကျွန်ုပ်တို့အခိုင်အမာ စိတ်ဆုံးဖြတ်ထားလျှင် နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ဟောမြဲဟောပါလိမ့်မည်။
၁၂။ စာတန် အတိုက်အခံပြုသည့်ကြား ကျွန်ုပ်တို့ဆက်၍ တည်ကြည်ကြစဉ် အဘယ်ကြောင့် ဝမ်းမြောက်သင့်သနည်း။
၁၂ သင်သည် ကဲ့ရဲ့လှောင်ပြောင်မှုနှင့် အတိုက်အခံပြုမှုကြား ဤလောကနောက်မပါဘဲ တည်ကြည်ကြောင်း ပြပါသလော။ သို့ဆိုလျှင် သင်ဝမ်းမြောက်နိုင်စရာ အကြောင်းရှိ၏။ မိမိနောက်လိုက်တို့ကို ယေရှု ဤသို့အာမခံ၏– ‘ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် ပျော်ရွှင်ကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။’ (မဿဲ ၅:၁၁၊ ၁၂) ယေဟောဝါ၏ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကို သင်ခံစားရကြောင်း သင်၏ခံနိုင်ရည်က သက်သေထူ၏၊ ယင်းကြောင့် ကိုယ်တော်၏ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်နိုင်ခြင်းဖြစ်၏။—၂ ကောရိန္သု ၁၂:၉။
ယေဟောဝါအကူအညီဖြင့် ခံနိုင်ရည်ရှိ
၁၃။ ခရစ်ယာန်ဓမ္မအမှု၌ ကျွန်ုပ်တို့ခံနိုင်ရည်ရှိရသည့် အဓိကအကြောင်းရင်းကား အဘယ်နည်း။
၁၃ ခရစ်ယာန်ဓမ္မအမှု၌ ကျွန်ုပ်တို့ခံနိုင်ရည်ရှိရသည့် အဓိကအကြောင်းရင်းတစ်ရပ်မှာ ယေဟောဝါအား ကျွန်ုပ်တို့ချစ်မြတ်နိုးကြပြီး ကိုယ်တော်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ရန် နှစ်ထောင်းအားရကြ၍ဖြစ်သည်။ မိမိတို့ချစ်မြတ်နိုး၍ ရိုသေလေးစားရသူတို့ကို လူတို့ အတုယူတတ်ကြ၏၊ ကျွန်ုပ်တို့ အတုပထိုက်ဆုံးပုဂ္ဂိုလ်မှာ ယေဟောဝါဘုရားသခင် ဖြစ်ပေသည်။ ကိုယ်တော်သည် မေတ္တာတရားကြီးမားလှသည်ဖြစ်ရာ မိမိ၏သားတော်ကို အမှန်တရားအကြောင်း သက်သေခံရန်နှင့် နာခံမှုရှိသူတို့ကို ကယ်လွှတ်ရန် မြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ (ယောဟန် ၃:၁၆; ၁၈:၃၇) ကျွန်ုပ်တို့သည် ဘုရားသခင်ကဲ့သို့ပင် လူမျိုးအပေါင်းတို့ နောင်တရပြီး ကယ်တင်ခြင်းရစေလိုကြသဖြင့် သူတို့ကို ဟောပြောကြ၏။ (၂ ပေတရု ၃:၉) ဘုရားသခင်အားတုပလိုသော စိတ်ပိုင်းဖြတ်ချက်နှင့်အတူ ဤစိတ်ဆန္ဒက ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်းအားဖြင့် ကိုယ်တော်၏ဘုန်းတော်ကို ကျွန်ုပ်တို့ အမြဲရောင်ပြန်ဟပ်ရန် လှုံ့ဆော်ပေးပါသည်။
၁၄။ ခရစ်ယာန်ဓမ္မအမှုတွင် ခံနိုင်ရည်ရှိရန် ယေဟောဝါ မည်သို့ကူညီပေးသနည်း။
၁၄ သို့သော် ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ခံနိုင်ရည်ရှိခြင်းသည် ယေဟောဝါကြောင့်ဖြစ်၏။ ကိုယ်တော်သည် မိမိ၏ဝိညာဉ်တော်၊ မိမိ၏အဖွဲ့အစည်းနှင့် သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့ကို ထောက်မ၍ ခွန်အားပေးတော်မူ၏။ ယေဟောဝါသည် မိမိ၏ဘုန်းတော်ကို လိုလိုလားလား ရောင်ပြန်ဟပ်ကြသူတို့အား “သည်းခံခြင်း [“ခံနိုင်ရည်၊” ကဘ]” ပေးသနားတော်မူ၏။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကိုယ်တော်ဖြေကြားပေးကာ စမ်းသပ်မှုခံရသည့်အခါ ကိုင်တွယ်ဖြေရှင်းတတ်ရန် ဉာဏ်ပညာပေးတော်မူ၏။ (ရောမ ၁၅:၅၊ ၆; ယာကုပ် ၁:၅) ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့မခံမရပ်နိုင်သည့် မည်သည့်စမ်းသပ်မှုကိုမျှ ခွင့်ပြုတော်မမူချေ။ ယေဟောဝါအား ကျွန်ုပ်တို့ ယုံကြည်ကိုးစားမည်ဆိုလျှင် ကိုယ်တော်၏ဘုန်းတော်ကို ကျွန်ုပ်တို့ဆက်၍ ရောင်ပြန်ဟပ်စေရန် ထွက်မြောက်သောလမ်းကို ကိုယ်တော် စီရင်ပြုပြင်ပေးပါလိမ့်မည်။—၁ ကောရိန္သု ၁၀:၁၃။
၁၅။ ကျွန်ုပ်တို့ကို အဘယ်အရာက ခံနိုင်ရည်ရှိစေသနည်း။
၁၅ ခရစ်ယာန်ဓမ္မအမှုကို ခံနိုင်ရည်ရှိရှိ ဆောင်ရွက်ခြင်းက ကျွန်ုပ်တို့အပေါ် ဘုရားသခင့်ဝိညာဉ်တော်ရှိကြောင်း သက်သေထူသည်။ ဥပမာပေးရလျှင် တစ်စုံတစ်ယောက်က သင့်အား မုန့်တစ်မျိုးကို တစ်အိမ်မှတစ်အိမ် အခမဲ့လိုက်ဝေခိုင်းသည် ဆိုပါစို့။ ကိုယ့်စရိတ်နှင့်ကိုယ်၊ ကိုယ့်အချိန်နှင့်ကိုယ် ပြုလုပ်ရမည်ဖြစ်၏။ ထို့ပြင် သင်၏မုန့်ကို လူနည်းစုကသာ လက်ခံမည်၊ တချို့ဆိုလျှင် သင်ကြိုးစားလိုက်ဝေငှပေးသည်ကို အတိုက်အခံပင် ပြုပေမည်။ အဆိုပါအလုပ်ကို တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် သင်ဆက်၍ လုပ်ဆောင်သွားပါမည်သလော။ ဆက်လုပ်မည်မဟုတ်။ သတင်းကောင်းကိုမူ သင့်ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်စရိတ်ဖြင့် နှစ်အတန်ကြာပင် အားစိုက်၍ ကြေညာခဲ့ပြီးဖြစ်မည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါအား သင်ချစ်၍ ကိုယ်တော်၏ဝိညာဉ်တော်က သင့်ကို ခံနိုင်ရည်ရှိစေရန် ကောင်းချီးပေးခဲ့သောကြောင့် မဟုတ်ပေလော။ မှန်လိုက်လေခြင်း။
မမေ့အပ်သောလုပ်ငန်း
၁၆။ စွဲစွဲမြဲမြဲ အမှုတော်ဆောင်မည်ဆိုလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏စကားကို နားထောင်သူတို့အတွက်ပါ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။
၁၆ ပဋိညာဉ်သစ်ဆိုင်ရာ ဓမ္မအမှုသည် အလွန်ထူးမြတ်သော ဆုကျေးဇူးဖြစ်၏။ (၂ ကောရိန္သု ၄:၇) အခြားသိုးတို့ ကမ္ဘာတစ်ဝန်း ဆောင်ရွက်နေကြသည့် ခရစ်ယာန်ဓမ္မအမှုသည်လည်း အလားတူဖြစ်၏။ ထို့ကြောင့် ခရစ်ယာန်ဓမ္မအမှုကို သင်စွဲစွဲမြဲမြဲ ဆောင်ရွက်သည့်အတွက် တိမောသေထံ ပေါလုရေးသားခဲ့သည့်အတိုင်း “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်” နိုင်ပါလိမ့်မည်။ (၁ တိမောသေ ၄:၁၆) အဘယ်အရာကိုဆိုလိုကြောင်း စဉ်းစားကြည့်ပါ။ သင်ဟောပြောနေသည့် သတင်းကောင်းသည် အခြားသူတို့အား ထာဝစဉ်အသက်ရှင်ခွင့်ပေး၏။ သို့ဖြစ်၍ ဝိညာဉ်ရေးအရ သင်ကူညီပေးနေသူတို့နှင့် ချစ်ခင်ရင်းနှီးလာနိုင်သည်။ သင်ကူညီပေးခဲ့သဖြင့် ဘုရားသခင်အား သိကျွမ်းလာသူတို့နှင့် ပရဒိသုတွင် ထာဝစဉ် အတူနေထိုင်ရခြင်းသည် အလွန်ဝမ်းသာစရာ ကောင်းလိုက်မည်ဖြစ်ခြင်း။ သင့်ကူညီပေးမှုကို သူတို့ ဘယ်သောအခါမျှ မေ့ပျောက်မည်မဟုတ်ပါ။ တကယ် ကျေနပ်အားရစရာပင်။
၁၇။ ကျွန်ုပ်တို့ခေတ်သည် လူ့သမိုင်းတွင် ထူးခြားသောကာလ အဘယ်ကြောင့်ဖြစ်ရသနည်း။
၁၇ သင်သည် လူ့သမိုင်း၏ ထူးခြားသောကာလတွင် အသက်ရှင်နေရ၏။ ဘုရားသခင်ထံမှ ကင်းကွာလျက်ရှိသည့် ဤလောကအလယ်တွင် သတင်းကောင်းကို နောက်တစ်ဖန် ဟောပြောလိမ့်မည်မဟုတ်ချေ။ ထိုသို့သောလောကတွင် နောဧအသက်ရှင်ခဲ့ပြီး ယင်းလောက ကွယ်ပျောက်သွားသည်ကို သူတွေ့ မြင်ခဲ့ရ၏။ ဘုရားသခင့်အလိုတော်အတိုင်း သင်္ဘောဆောက်လိုက်၍ မိမိနှင့် မိမိ၏မိသားစု ကပ်ကျော်ခဲ့သည့်အတွက် သူအလွန် ဝမ်းသာလိုက်မည်ဖြစ်ခြင်း။ (ဟေဗြဲ ၁၁:၇) အသင်လည်း ထိုအတိုင်းပင် ရွှင်လန်းနိုင်ပါသည်။ ဤနောက်ဆုံးကာလတွင် သင်ပြုလုပ်ခဲ့ရာတို့ကို ကမ္ဘာသစ်ရောက်သည့်အခါ ပြန်စဉ်းစားမိလျှင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် သင်အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရှိပြီး ပီတိဖြစ်ပါလိမ့်မည်။
၁၈။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို အဘယ်သို့အာမခံ၍ အားပေးတော်မူသနည်း။
၁၈ သို့ဖြစ်၍ ဘုရားသခင့်ဘုန်းတော်ကို ဆက်ရောင်ပြန်ဟပ်ကြစို့။ ထိုသို့ ကျွန်ုပ်တို့ပြုလုပ်ကြခြင်းသည် ထာဝစဉ် အမှတ်ရစရာ ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့အလုပ်ကို ယေဟောဝါလည်း မေ့ပျောက်မည်မဟုတ်ပါ။ သမ္မာကျမ်းစာက ဤသို့အားပေးထား၏– “သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း ထိုသို့သောလုံ့လဝီရိယကိုထုတ်၍ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည်အလိုရှိကြ၏။”—ဟေဗြဲ ၆:၁၀-၁၂။
သင်ရှင်းပြနိုင်သလော
• ခရစ်ယာန်များသည် ဘုရားသခင့်ဘုန်းတော်ကို မည်သို့ရောင်ပြန်ဟပ်ကြသနည်း။
• ဘုရားသခင့်လူမျိုး မဟောမပြောရန် စာတန်ကြိုးစားအသုံးပြုသည့် နည်းဗျူဟာအချို့ကား အဘယ်နည်း။
• ကျွန်ုပ်တို့အပေါ် ဘုရားသခင့်ဝိညာဉ်တော်ရှိကြောင်း အဘယ်အထောက်အထားရှိသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မောရှေ၏မျက်နှာအရေ ထွန်းပခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် အမှုတော်ဆောင်ခြင်းတွင် ဘုရားသခင့်ဘုန်းတော်ကို ရောင်ပြန်ဟပ်ကြ