အားပေးခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– သတ္တိ သို့မဟုတ် မျှော်လင့်ချက်ပေးသောအရာဖြစ်သည်။ လူတိုင်းအားပေးမှုလိုအပ်သည်။ အားပေးခြင်းဆိုရာ၌ ပုဂ္ဂိုလ်ရေးဆိုင်ရာကူညီမှုပေးဖို့၊ သို့မဟုတ် သူ့ကိုလေးမြတ်ကြောင်းသိစေဖို့ လိုကောင်းလိုမည်။ လူတစ်ဦးအားအခက်အခဲဖြေရှင်းတတ်ရန်ကူညီခြင်း၊ သာ၍ကောင်းသောအနာဂတ်ရှိကြောင်း စိတ်ချယုံကြည်စေမည့် အကြောင်းရင်းများကိုပြောဆိုဆွေးနွေးခြင်းပါဝင်လေ့ရှိသည်။ သမ္မာကျမ်းစာသည် ထိုသို့သောအားပေးမှုအတွက် အကောင်းဆုံးအခြေအမြစ်ကိုပေးထားပေသည်။ အောက်ပါကျမ်းအကိုးအကားများလည်း အခြေအနေအမျိုးမျိုးနှင့်ရင်ဆိုင်ရသောသူများကို အားပေးရာ၌အထောက်အကူပြုနိုင်ပေသည်။ တစ်ခါတစ်ရံ စာနာမှုပြရုံနှင့်များစွာထိရောက်နိုင်သည်။—ရော.၁၂:၁၅။
ဖျားနာမှုကြောင့်ဆင်းရဲနေသူအဖို့
ဗျာ. ၂၁:၄၊ ၅– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည်ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်ဟုမိန့်တော်မူ။ တစ်ဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”
မ. ၉:၃၅– “ယေရှုသည် တရားဇရပ်တို့၌ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကိုဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။” (ယေရှုသည် ကုသခြင်းကို နိုင်ငံတော်ဟောပြောခြင်းနှင့်ဆက်စပ်လျက်ပြုလုပ်ခြင်းဖြင့် မိမိသည် အနှစ်တစ်ထောင်အုပ်စိုးချိန်အတွင်းလူ့အကျိုးကို မည်သို့သယ်ပိုးမည်နှင့်ပတ်သက်၍ တင်ကြိုပြသတော်မူပေသည်။)
၂ ကော. ၄:၁၃၊ ၁၆– “ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် . . . အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူ [ကိုယ်ခန္ဓာ] သည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း အတွင်းလူမူကားတစ်နေ့ထက်တစ်နေ့ [အသစ်] ပြုပြင်ခြင်းခံရ၏။ [သို့မဟုတ်၊ အားသစ်ခွန်သစ်ရ၏။]” (ကျွန်ုပ်တို့ကိုယ်ခန္ဓာယိုယွင်းလျက်ရှိချင်ရှိမည်။ သို့သော် ဘုရားသခင့်ကတိတော်မြတ်များကို ဆက်လက်မှီဝဲသည်နှင့်အမျှ ဝိညာဉ်ရေးဘက်၌အားသစ်လန်းလျက်နေပေသည်။)
လုကာ ၇:၂၀-၂၃ ကိုလည်းရှု။
သေခြင်းကြောင့် မြတ်နိုးသူများနှင့် ကွေကွင်းရသည့်ပုဂ္ဂိုလ်များအဖို့
ဟေရှာ. ၂၅:၈၊ ၉– “သေခြင်းကိုလည်းနစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှမျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ . . . ထိုကာလ၌ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ငါတို့မျှော်လင့်သောထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။”
ယော. ၅:၂၈၊ ၂၉– “ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်းထွက်ရကြလတ္တံ့။”
ယော. ၁၁:၂၅၊ ၂၆– “ယေရှုကလည်း ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလော။”
ဆာ. ၁၄၆:၅၊ ၉– “မိမိဘုရားသခင်ထာဝရဘုရားကိုမျှော်လင့်သောသူသည် မင်္ဂလာရှိ [“ဝမ်းမြောက်၊” ကဘ] ၏။ . . . ထာဝရဘုရားသည် . . . မုဆိုးမနှင့်မိဘမရှိသောသူတို့ကို ထောက်မတော်မူ၏။” (ဘုရားသခင်သည် ပူဆွေးသူတို့အပေါ် ယခုပင်မေတ္တာစေတနာထားတော်မူ၏။)
လုကာ ၇:၁၁-၁၆; ၈:၄၉-၅၆ တို့ကိုလည်းရှု။
ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းကြောင့် နှိပ်စက်ညှဉ်ပန်းခြင်းခံနေရသောသူများအဖို့
ဆာ. ၂၇:၁၀– “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်းထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူမည်။”
၁ ပေ. ၄:၁၆– “ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကားရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းစေ။”
သု. ၂၇:၁၁– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (ဆင်းရဲကြီးစွာရောက်သူမည်သူမျှ ဘုရားသခင်ကိုဆက်လက်ကိုးကွယ်မည်မဟုတ် ဟူသော စာတန့်စွပ်စွဲချက်ကို ကျွန်ုပ်တို့၏သစ္စာတည်ကြည်မှုကချေဖျက်နိုင်ပါလိမ့်မည်။)
မ. ၅:၁၀-၁၂– “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိ [“ဝမ်းမြောက်၊” ကဘ] ကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိ [“ဝမ်းမြောက်၊” ကဘ] ကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌သင်တို့၏အကျိုးသည်ကြီးလှပေ၏။ သင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲပြီ။”
တ. ၅:၄၁၊ ၄၂၊ သက– “တမန်တော်တို့သည် မိမိတို့အားသခင်ယေရှုအတွက် အသရေပျက်ခြင်းကိုခံထိုက်သူများအဖြစ်ဖြင့် ထာဝရဘုရားမှတ်တော်မူသောကြောင့်ဝမ်းမြောက်စွာ ယုဒတရားလွှတ်တော်မှထွက်သွားကြ၏။ နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်း သခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။”
ဖိ. ၁:၂၇-၂၉၊ သက– “သင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင်ကြရန်ပင်ဖြစ်ပေသည်။ . . . သင်တို့သည် ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့အောင်မြင်မည်ဖြစ်ကြောင်းကိုသက်သေပြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အား အောင်ပွဲခံစေတော်မူသောအရှင်ကား ထာဝရဘုရားပင်ဖြစ်တော်မူသောကြောင့်တည်း။ သင်တို့သည် ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့်သာမက ကိုယ်တော်၏အတွက် ဆင်းရဲဒုက္ခခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။”
မတရားမှုကြောင့် စိတ်ဓာတ်ကျဆင်းသူတို့အဖို့
ဆာ. ၃၇:၁၀၊ ၁၁– “ခဏကြာပြီးမှမတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”
ဟေရှာ. ၉:၆၊ ၇၊ သမ္မာ– “ငါတို့အားသူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အာဏာစက်ကိုထမ်းဆောင်လိမ့်မည်။ နာမတော်ကားအံ့ဖွယ်သောတိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရား၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းမင်းဟု ခေါ်ဝေါ်သမုတ်ခြင်းရှိလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်လျက် နိုင်ငံတော်ကို ယခုမှစ၍အစဉ်မပြတ်၊ တရားစောင့်ခြင်းနှင့်ဖြောင့်မတ်ခြင်းဖြင့်စီရင်၍ တည်မြဲစေတော်မူမည်အကြောင်း အာဏာတော်နှင့်ငြိမ်သက်ခြင်းသည် မကုန်မဆုံး၊ နိစ္စအမြဲတိုးတက်လိမ့်မည်။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်သတည်း။”
ဒံ. ၂:၄၄၊ ၄၅– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”
ဟေရှာယ ၃၂:၁၊ နှင့် ၂ ပေတရု ၃:၁၃ တို့ကိုလည်းရှု။
စီးပွားရေးပြဿနာများကြောင့် အကျပ်တွေ့နေရသူများအဖို့
ဟေရှာ. ၆၅:၂၁၊ ၂၂– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကိုစားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့ . . . သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”
ဆာ. ၇၂:၈၊ ၁၆– “[မေရှိယဘုရင်] သည် ပင်လယ်တစ်ပါးမှတစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည်မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။ ပြည်တော်၌များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”
မ. ၆:၃၃– “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့။ နောက်မှထိုအရာများ [ဘဝလိုအပ်ရာရုပ်ပစ္စည်းများ] ကိုထပ်၍ပေးတော်မူလတ္တံ့။”
ရော. ၈:၃၅၊ ၃၆၊ ၃၈၊ ၃၉– “ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။ . . ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့်ငါတို့ကိုကွာစေမည်နည်း။ . . . သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”
ဟေဗြဲ ၁၃:၅၊ ၆ ကိုလည်းရှု။
မိမိချွတ်ယွင်းလစ်ဟင်းချက်များကြောင့် စိတ်ဓာတ်ကျနေသူအဖို့
ဆာ. ၃၄:၁၈၊ သမ– “ထာဝရဘုရားသည် ကြေကွဲသောနှလုံးရှိသူတို့အနီးရှိနေ၍ ကြေမွသောစိတ်ရှိသူတို့ကိုကယ်တော်မူ၏။“
ဆာ. ၁၀၃:၁၃၊ ၁၄၊ သက– “ဖခင်သည် သားသမီးတို့အားသနားကြင်နာသကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့ရိုသေသူတို့အားသနားကြင်နာတော်မူ၏။ ငါတို့သည် မည်ကဲ့သို့လူဖြစ်လာကြောင်းကို ကိုယ်တော်သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကိုအောက်မေ့သတိရတော်မူ၏။”
နေ. ၉:၁၇– “ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ကြွယ်ဝသောဘုရားဖြစ်တော်မူ [၏။]”
၂ ပေ. ၃:၉၊ ၁၅၊ သက– “လူအချို့တို့ထင်မှတ်သကဲ့သို့ ဘုရားသခင်သည် မိမိ၏ကတိတော်ကို အကောင်အထည်ဖော်ရန် နှောင့်နှေးလျက်နေတော်မူသည်မဟုတ်။ သင်တို့တစ်စုံတစ်ယောက်မျှပျက်စီးဆုံးပါးစေရန်အလိုတော်မရှိ။ လူတိုင်းနောင်တရစေရန်အလိုတော်ရှိပေသည်။ ထိုကြောင့် ကိုယ်တော်သည် သင်တို့အားသည်းခံလျက်နေတော်မူပါ၏။ ငါတို့ထာဝရဘုရားသည် စောင့်ဆိုင်းသည်းခံတော်မူသည်မှာ သင်တို့ကယ်တင်ခြင်းခံရရန်အတွက် အခွင့်အရေးပေးခြင်းပင်ဖြစ်ကြောင်း သိမှတ်ကြလော့။”